ဝတ်ပြုရေး ယင်းက အဘယ်ကောင်းမှု ပြုသနည်း
ဝတ်ပြုရေး ယင်းက အဘယ်ကောင်းမှု ပြုသနည်း
“ကျွန်တော်ဟာ ဘာသာတရားကိုင်းရှိုင်းသူမဟုတ်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်!” ယင်းသည် လူအများ၏ထင်မြင်ယူဆချက်တစ်ခု ဖြစ်သည်။ စိတ်ထားကောင်းသူ၊ သနားကြင်နာတတ်သူ၊ တာဝန်သိတတ်သူအများသည် ဝတ်ပြုရေးကို စိတ်မဝင်စားကြချေ။ ဥပမာ၊ အနောက်ဥရောပသားအများစုသည် ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုကြသော်လည်း ချာ့ခ်ျတက်ရောက်သူမှာ အလွန်နည်း၏။ * လက်တင်အမေရိကတွင်ပင် ကက်သလစ်ဘာသာဝင် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်သာ ချာ့ခ်ျမှန်မှန်တက်ရောက်ကြသည်။
သာ၍ကောင်းမွန်သောအသက်တာရရှိရေးသည် ဝတ်ပြုရေးနှင့် မည်သို့မျှသက်ဆိုင်မှုမရှိဟု လူအများခံစားသကဲ့သို့ သင်လည်း ခံစားပေမည်။ သို့သော် သင့်ဘိုးဘွားတို့ခေတ်ဖြစ်သော လွန်ခဲ့သည့်ဆယ်စုနှစ်များက လူအများစုသည် ယနေ့ခေတ်လူတို့ထက် ပို၍ဘာသာတရားကိုင်းရှိုင်းသူများဖြစ်သည်ကိုလည်း သင်သတိပြုမိပေမည်။ ကမ္ဘာတစ်ခွင် ဝတ်ပြုရေးအပေါ်စိတ်ဝင်စားမှု မည်သို့လျော့နည်းလာခဲ့သနည်း။ လူတစ်ဦးသည် ဘာသာတရားကိုင်းရှိုင်းမှုမရှိဘဲ လူကောင်းတစ်ယောက်ဖြစ်နိုင်ပါသလော။ သင့်ကိုအကျိုးပြုနိုင်သည့် ဝတ်ပြုရေးတစ်ခုရှိသလော။
လူအများ ဝတ်ပြုရေးကို ကျောခိုင်းရသည့်အကြောင်း
ခရစ်ယာန်အမည်ခံသူများစွာတို့သည် နာခံမှုရှိရန် ဘုရားသခင်တောင်းဆိုထားသည်ဟု ရာစုနှစ်များစွာကတည်းက ယုံကြည်ခဲ့ကြသည်။ သူတို့သည် ခရစ်ယာန်ဘုန်းကြီးတစ်ပါးကြီးမှူးသည့် ဝတ်ပြုမှုများမှသော်လည်းကောင်း၊ တရားဟောဆရာတစ်ဦးကပေးသော လမ်းညွှန်မှုမှသော်လည်းကောင်း ဘုရားသခင့်မျက်နှာသာရရန် ချာ့ခ်ျတက်ခဲ့ကြသည်။ မှန်ပါသည်၊ ဝတ်ပြုရေးတွင် အရေခြုံမှုများကို လူအများသတိပြုမိလာကြ၏။ အချို့ဓမ္မဆရာများ၏ အကျင့်ယိုယွင်းမှုကို လူတို့သတိပြုမိသကဲ့သို့ စစ်ပွဲတွင် [ခရစ်ယာန်] ဘာသာတရား၏ ပါဝင်ပတ်သက်မှုကိုလည်း လူအများသိကြသည်။ သို့သော် ဘာသာတရားကိုယ်နှိုက်မူ ကောင်းသည်ဟု လူအများယူဆကြသည်။ အခြားသူတို့သည် လျှို့ဝှက်နက်နဲမှု၊ ဓလေ့ထုံးစံနှင့် တေးဂီတတို့ကို ကြိုက်နှစ်သက်ပြီး အချို့ကမူ ကျမ်းစာတွင်မတွေ့ရသော မီးငရဲ၌ ထာဝစဉ်အပြစ်စီရင်ခံရခြင်းသွန်သင်ချက်ကိုပင် ကောင်းသည်ဟု ယူဆခဲ့ကြသည်။ ထို့ပြင် အချို့သောတိုးတက်ဖြစ်ပေါ်မှုများကလည်း ချာ့ခ်ျအပေါ် လူအများ၏ရှုမြင်ပုံကို ပြောင်းလဲစေခဲ့သည်။
ဆင့်ကဲသီအိုရီကို လူအများနှစ်သက်လာကြသည်။ အချို့သူတို့က အသက်သည် ဘုရားသခင်မပါဘဲ အမှတ်တမဲ့ဖြစ်ပေါ်လာခဲ့သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် အသက်၏ပင်ရင်းအမြစ်ဖြစ်သည်ကို ယုံကြည်စိတ်ချလောက်သော သက်သေသာဓကပြရန် ခရစ်ယာန်ဘာသာတရားအများစုက ပျက်ကွက်ခဲ့ကြသည်။ (ဆာလံ ၃၆:၉) ထို့ပြင် နည်းပညာတိုးတက်မှု၊ ဆေးပညာ၏ အံ့မခန်းဖွယ်အောင်မြင်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့သည် လူတို့၏အထင်ကြီးမှုခံရသောကြောင့် မည်သည့်ပြဿနာကိုမဆို သိပ္ပံနည်းဖြင့် ဖြေရှင်းနိုင်မည်ဟု အထင်ရောက်စေခဲ့သည်။ လူမှုရေးသိပ္ပံပညာရှင်များနှင့် စိတ်ပညာရှင်တို့သည် ချာ့ခ်ျများထက် သာ၍ကောင်းသောလမ်းညွှန်မှုကို ပေးနိုင်သည်ဟုလည်း လူတို့ယုံကြည်ခဲ့ကြသည်။ ဘုရားသခင့်စည်းမျဉ်းအတိုင်း အသက်ရှင်ခြင်းသည် အကောင်းဆုံးသောဘဝလမ်းစဉ်ဖြစ်သည်ကို ထင်ရှားစွာတင်ပြရန် ချာ့ခ်ျများပျက်ကွက်ခဲ့ကြသည်။—ယာကုပ် ၁:၂၅။
သို့ဖြစ်သောကြောင့် ချာ့ခ်ျများစွာသည် မိမိတို့၏သတင်းတရားကို ပြောင်းလဲခဲ့သည်။ ခရစ်ယာန်ဘုန်းကြီးများနှင့် တရားဟောဆရာတို့သည် နာခံမှုကို ဘုရားသခင်တောင်းဆိုသည်ဟူ၍ မသွန်သင်တော့ချေ။ ယင်းအစား မည်သည့်အရာမှန်သည်၊ မှားသည်ကို လူတိုင်း မိမိဘာသာဆုံးဖြတ်ရန်ဖြစ်ကြောင်း လူများကို သွန်သင်လာကြသည်။ လူတို့၏ထောက်ခံမှုကိုရဖို့ ကြိုးစားရာတွင် အချို့သောခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက မည်သို့ပင်နေထိုင်ပါစေ ဘုရားသခင့်လက်ခံမှုရရှိနိုင်သည်ဟူ၍ ဆိုခဲ့ကြသည်။ ထိုသို့သောသွန်သင်ချက်က သမ္မာကျမ်းစာကြိုဟောထားသည့်အရာကို ပြန်အမှတ်ရစေ၂ တိမောသေ ၄:၃၊ ခမ။
၏– ‘လူတို့သည် မှန်ကန်သည့်သွန်သင်ချက်ကို နားမထောင်ဘဲ ကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိတို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာများကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လိမ့်မည်။’—ယင်းသို့သောသွန်သင်ချက်က သူတို့ကို ဆွဲဆောင်စေမည့်အစား ချာ့ခ်ျမှထွက်သွားစေ၏။ သူတို့သည် သဘာဝကျကျ ဤသို့စဉ်းစားလာကြသည်– ‘ဖန်ဆင်းနိုင်စွမ်းရှိတဲ့ ဘုရားသခင့်တန်ခိုးတော်၊ စည်းမျဉ်းတွေချမှတ်ပိုင်ခွင့်ရှိတဲ့ ဘုရားသခင့်ဉာဏ်ပညာနဲ့ပတ်သက်လို့ ချာ့ခ်ျက သံသယရှိမယ်ဆိုရင် ချာ့ခ်ျသွားတက်တာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ။ ငါ့ကလေးတွေကို ဝတ်ပြုရေးအကြောင်း ဘာကြောင့်အပင်ပန်းခံပြီး သင်ပေးနေရမှာလဲ။’ ကောင်းမွန်သောဘဝအသက်တာရရှိဖို့ ကြိုးစားနေသူတို့က ဝတ်ပြုရေးသည် မဆီမဆိုင်အပိုသာဖြစ်သည်ဟု ယူဆလာကြသည်။ သူတို့သည် ချာ့ခ်ျများကိုကျောခိုင်းခဲ့ကြပြီး ဝတ်ပြုရေးမှာ သူတို့အတွက် အရေးမကြီးတော့ပေ။ အကျိုးဖြစ်စေသင့်သည့်အရာသည် မဆီမဆိုင်အပိုအဖြစ် မည်သို့ရောက်ရှိသွားရသနည်း။ သမ္မာကျမ်းစာက ယုံကြည်စိတ်ချလောက်သော ရှင်းပြချက်ကို ပေးထားသည်။
ဆိုးသောရည်မှန်းချက်များအတွက် အသုံးခံရသည့်ဝတ်ပြုရေး
အချို့တို့သည် ဆိုးသောရည်မှန်းချက်များအတွက် ခရစ်ယာန်ဘာသာကို အသုံးပြုမည်ဖြစ်ကြောင်း တမန်တော်ပေါလုက အစောပိုင်းခရစ်ယာန်များကို သတိပေးခဲ့သည်။ သူဤသို့ပြောသည်– “ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။” (တမန်တော် ၂၀:၂၉၊ ၃၀) “မှားသောစကားကို ပြောတတ်” သူတစ်ဦးမှာ ရိုမန်ကက်သလစ်ဓမ္မပညာရှင် ဩဂတ်စတင်းဖြစ်သည်။ အခြားသူများယုံကြည်လက်ခံလာရန် သမ္မာကျမ်းစာနှင့် ကျိုးကြောင်းဆင်ခြင်မှု ပြုလုပ်ဖို့ ယေရှုက မိမိနောက်လိုက်များကို သင်ပေးခဲ့သည်။ သို့သော် ဩဂတ်စတင်းက လုကာ ၁၄:၂၃ တွင်မှတ်တမ်းတင်ထားသော “အနိုင်အထက်ခေါ်သွင်းလော့” ဟူသည့်ယေရှု၏စကားကို မလိမ့်တစ်ပတ်ပြုကာ လူတို့ကိုဘာသာပြောင်းစေရာတွင် အင်အားအသုံးပြုခြင်းသည် မှန်ကန်သည်ဟူ၍ အဓိပ္ပာယ်ထွက်စေခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၂၈:၂၃၊ ၂၄) ဩဂတ်စတင်းသည် လူတို့ကိုထိန်းချုပ်ရန် ခရစ်ယာန်ဘာသာရေးကို အသုံးပြုခဲ့သည်။
ပုန်ကန်သောကောင်းကင်တမန်တစ်ပါးဖြစ်သည့် စာတန်သည် ဝတ်ပြုရေးဖောက်ပြန်ယိုယွင်းမှုနှင့် တလွဲအသုံးချမှုတို့နောက်ကွယ်၌ ရှိသူဖြစ်သည်။ သူသည် ခရစ်ယာန်အသင်းတော်များကို ဖျက်ဆီးရန် ပထမရာစုရှိ ခရစ်ယာန်ဘာသာရေးသမားများကို လှုံ့ဆော်ပေးခဲ့သည်။ သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုထားသည်– “ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန်ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သောအမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကိုဟောသော ဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း။”—၂ ကောရိန္သု ၁၁:၁၃-၁၅။
စာတန်သည် ဘုရားသခင့်စံနှုန်းများအစား သူ၏စံနှုန်းများအတိုင်း လူတို့ အသက်ရှင်နေထိုင်လာရန် ခရစ်ယာန်ဖြစ်သယောင်၊ ကိုယ်ကျင့်တရားကောင်းသယောင်၊ အလင်းပေးသယောင်ရှိသော ဝတ်ပြုရေးကို အသုံးပြုနေဆဲဖြစ်သည်။ (လုကာ ၄:၅-၇) ယနေ့ ခရစ်ယာန်ဓမ္မဆရာများသည် ဘွဲ့အမည်များဖြင့် မိမိတို့ကိုယ်ကိုမြှင့်တင်ရန်၊ မိမိတို့သိုးများထံမှ ငွေရရှိရန် ဝတ်ပြုရေးကို အသုံးပြုနေကြောင်း သင်သတိပြုမိပေမည်။
စာတန်သည် လူအများသိနားလည်သည်ထက် ဝတ်ပြုရေးကို ပို၍ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေသည်။ ဝတ်ပြုရေးအစွန်းရောက်သူတချို့ကိုသာ စာတန်အသုံးပြုနေသည်ဟု သင်စဉ်းစားပေမည်။ သို့သော် သမ္မာကျမ်းစာအရ ‘ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြားသူမှာ . . . စာတန်ဖြစ်ပြီး လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ ဟု ဆိုထားသည်။ (ဗျာ. ၁၂:၈; ၁ ယောဟန် ၅:၁၉) မိမိတို့နောက်လိုက်ကြရန် လူတို့ကိုသွေးဆောင်လိုသော ခေါင်းဆောင်များအသုံးပြုသည့် ဝတ်ပြုရေးကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။
“ငါ၌အဘယ်အကျိုးရှိသနည်း”
ခရစ်ယာန်ဘောင်အသင်းအချို့၏ ကျင့်ကြံပြုမူပုံကြောင့် သင်ထိတ်လန့်မည်ဆိုလျှင် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်သည် သူတို့ကို လုံးဝမနှစ်သက်ကြောင်း သိမှတ်ပါ။ ခရစ်ယာန်ဘောင်သည် ဘုရားသခင်နှင့် အပြန်အလှန်သဘောတူညီမှုပြုထားသည်ဟု ဆို၏၊ ရှေးဣသရေလလူမျိုးလည်း ထိုနည်းထပ်တူ ဆိုခဲ့သည်။ သူတို့နှစ်ဦးစလုံး သစ္စာမရှိခဲ့ကြချေ။ ဣသရေလလူမျိုးအား ယေဟောဝါပြစ်တင်ရှုတ်ချသည့်အဖြစ်က ယနေ့ ခရစ်ယာန်ဘောင်ကိုလည်း ကိုယ်တော် ပြစ်တင်ရှုတ်မည်ဖြစ်ကြောင်း ဖော်ပြ၏။ ယေဟောဝါဤသို့မိန့်တော်မူသည်– ‘ဤလူမျိုးသည် ငါ့စကားကိုနားမထောင်၊ ငါ့တရားကိုလည်း ငြင်းပယ်ကြ၏။ ရှေဘပြည်မှလောဗန်သည် . . . ငါ၌အဘယ်အကျိုးရှိသနည်း။ သင်တို့ပူဇော်သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။’ (ယေရမိ ၆:၁၉၊ ၂၀၊ သမ္မာ) ဘုရားသခင်သည် အရေခြုံသမားများပြုလုပ်သည့် ဝတ်ပြုကိုးကွယ်မှုများကို အသိအမှတ်မပြုခဲ့ပေ။ ကိုယ်တော်သည် သူတို့၏ထုံးတမ်းစဉ်လာဝတ်ပြုကိုးကွယ်နည်းများနှင့် ဆုတောင်းချက်များကို စိတ်မဝင်စားခဲ့ချေ။ ဣသရေလလူမျိုးကို ကိုယ်တော်ဤသို့မိန့်ဆို၏– ‘ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။ သင်တို့သည် လက်ဝါးတို့ကိုဖြန့်ကြသောအခါ ငါသည်မျက်စိကိုလွှဲမည်။ များစွာဆုတောင်းကြသောအခါ ငါသည်နားမထောင်။’—ဟေရှာယ ၁:၁၄၊ ၁၅။
မူလက မှားယွင်းသောနတ်ဘုရားများအား ဂုဏ်တင်သည့်ပွဲများကို ခရစ်ယာန်ပွဲအဖြစ်ခံယူပြီး ချာ့ခ်ျများကျင်းပသည်ကို ယေဟောဝါ နှစ်သက်လက်ခံပါသလော။ ခရစ်တော်၏သွန်သင်ချက်များကို ယိုယွင်းစေသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၏ ဆုတောင်းသံများကို ကိုယ်တော်နားညောင်းတော်မူသလော။ ဘုရားသခင်၏ဥပဒေများကို မလိုက်နာသော မည်သည့်ဝတ်ပြုရေးကိုမဆို ကိုယ်တော်လက်ခံပါသလော။ ရှေးဣသရေလလူတို့၏ ပူဇော်သောယဇ်များနှင့်ပတ်သက်၍ ကိုယ်တော်က “ငါ၌အဘယ်အကျိုးရှိသနည်း” ဟု တုံ့ပြန်ခဲ့သကဲ့သို့ ယနေ့ ချာ့ခ်ျများ၏ထုံးတမ်းစဉ်လာဝတ်ပြုနည်းများကိုလည်း ထိုသို့ပင်တုံ့ပြန်မည်ကို သင်ယုံကြည်စိတ်ချနိုင်သည်။
သို့သော် ယေဟောဝါသည် စိတ်ရိုးဖြောင့်သူတို့၏ အမှန်တရားဖြင့်ကိုးကွယ်သောဝတ်ပြုမှုကိုကား လွန်စွာစိတ်ဝင်စားတော်မူ၏။ ဘုရားသခင်ထံမှ သူတို့ရရှိသည့်အရာအားလုံးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြသည့်အခါ ကိုယ်တော်နှစ်သက်လက်ခံတော်မူသည်။ (မာလခိ ၃:၁၆၊ ၁၇) သို့ဖြစ်သောကြောင့် သင်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းမပြုဘဲ လူကောင်းတစ်ယောက် ဖြစ်နိုင်သလော။ လူတစ်ဦးသည် မေတ္တာပြည့်ဝသော သူ၏မိဘများအတွက် မည်သည့်အရာမျှ မလုပ်ပေးဘဲ သူ့ကိုယ်သူ လူကောင်းတစ်ဦးဖြစ်သည်ဟု ယူဆရန် အလွန်ခက်ပေမည်မဟုတ်လော။ ဘုရားသခင်အတွက် မည်သည့်အရာမျှမလုပ်သော လူတစ်ယောက်သည် လူကောင်းဖြစ်နိုင်မည်လော။ အသက်၏ပင်ရင်းအမြစ်ဖြစ်သော စစ်မှန်သည့်ဘုရားသခင်အပေါ် အမှန်တကယ်စိတ်ဝင်စားမှုပြသင့်သည်မှာ ယုတ္တိရှိလှသည်။ နောက်ဆောင်းပါးတွင် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုသည် ဘုရားသခင်ကို ဂုဏ်တင်သည်သာမက ယင်းက ကျွန်ုပ်တို့ကိုပါ မည်သို့အကျိုးပြုသည်ကို သုံးသပ်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 “၁၉၆၀ ပြည့်လွန်နှစ်များသည် . . . နိုင်ငံများစွာတွင် ယေဘုယျအားဖြင့် ဝတ်ပြုရေးဓလေ့ထုံးစံပြိုပျက်ခြင်း၏အစကို အမှတ်သညာပြုသည်။”—The Decline of Christendom in Western Europe 1750-2000.
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ချာ့ခ်ျအသင်းများက ဘုရားသခင်သည် အရာခပ်သိမ်း ဖန်ဆင်းခဲ့ကြောင်း သက်သေသာဓကကို ထောက်ပြခဲ့ပြီလော
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဤမြင်ကွင်းတွင် ဘုရားသခင့်ကိုယ်စားလှယ်တစ်ဦး ပါဝင်သင့်သလော
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဤပွဲမျိုးကို ဘုရားသခင်မည်သို့ ရှုမြင်သနည်း
[Credit Line]
AP Photo/Georgy Abdaladze