မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အတွက် အကျိုးပြုသော ဝတ်ပြုကိုးကွယ်မှု

သင့်အတွက် အကျိုးပြုသော ဝတ်ပြုကိုးကွယ်မှု

သင့်အတွက် အကျိုးပြုသော ဝတ်ပြု​ကိုးကွယ်​မှု

“အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏” ဟူ၍ ဆာလံဆရာ​အာသပ် ဖော်ပြ​ခဲ့​သည်။ သူသည် သက်သောင့်သက်သာ​ရှိသော​ဘဝ​လိုက်စား​ရန် ဘုရားသခင်​ကို ဂ​ရု​မ​မူ​သူတို့အား တုပခြင်း​သည် ကောင်း​၏​ဟု ခေတ္တ​စဉ်းစားမိ​ခဲ့​သည်။ သို့သော် အာသပ်​သည် ဘုရားသခင်​ထံ​ချဉ်းကပ်​ခြင်း​၏ အကျိုးကျေးဇူးများ​ကို သုံးသပ်​ပြီး​နောက် ယင်းသည် သူ့​အတွက် ကောင်း​သည်​ဟု ကောက်ချက်​ချ​ခဲ့​သည်။ (ဆာလံ ၇၃:၂၊ ၃၊ ၁၂၊ ၂၈) ယနေ့ စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​သည် သင့်အတွက် ကောင်း​သလော။ ယင်းက သင့်ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။

စစ်မှန်သော​ဘုရားသခင်​ကို ကိုးကွယ်​ခြင်း​က ကိုယ့်​ကိုယ်ကို အဓိက​ထား​သည့်​ဘဝ​လမ်းစဉ်​ထက် သာ၍​တန်ဖိုး​ရှိရာ​များ​ပိုင်ဆိုင်​ရန် သင့်ကို ကူညီ​ပေး​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့ကို ‘မေတ္တာတော်​အရှင်​ဘုရားသခင်’ ဖန်ဆင်း​ထား​သည့်​ပုံစံ​ကြောင့် ကျွန်ုပ်​တို့​စိတ်ဝင်စား​ရာ​များ​ကို​သာ လိုက်စား​မည်​ဆိုလျှင်​ပျော်ရွှင်မှု လုံးလုံး​ရှာတွေ့နိုင်​မည်​မဟုတ်ပေ။ (၂ ကောရိန္သု ၁၃:၁၁ခ​မ) “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိသည်” ဟု ယေရှု​မိန့်တော်မူရာ​၌ ကိုယ်တော်​သည် လူ့​သဘောသဘာဝ​နှင့်​ပတ်သက်​၍ အခြေခံ​အမှန်တရားကို ဖော်ပြ​နေခြင်း​ဖြစ်သည်။ (တမန်​တော် ၂၀:၃၅) ယင်းကြောင့်​ပင် ကျွန်ုပ်​တို့သည် မိတ်ဆွေများ၊ မိသားစု​များ​အတွက် တစ်စုံတစ်ရာ​ပြု​လုပ်ပေး​သောအခါ ပျော်ရွှင်​ကြ​ခြင်း​ဖြစ်၏။ သို့သော် အကြီးမားဆုံး​သော​ပျော်ရွှင်မှု​မှာ ဘုရားသခင်​အတွက် တစ်စုံတစ်ရာ​ပြုလုပ်​ပေးခြင်း​မှ ထွက်ပေါ်​လာ​သည်။ ကိုယ်တော်​သည် အခြား​မည်သူ​ထက်​မဆို ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာကို ခံထိုက်သော​ပုဂ္ဂိုလ်​ဖြစ်သည်။ ဘဝ​နောက်ခံ​အသီးသီး​မှ​လာသော သန်းပေါင်း​များစွာသော​သူတို့သည် ဘုရားသခင်​တောင်းဆို​ထား​သည့်​အတိုင်း ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​မှ အလွန်​စိတ်​ကျေနပ်မှု​ရရှိကြောင်း တွေ့ရှိ​ခဲ့​ကြပြီ။—၁ ယောဟန် ၅:၃

ဘဝတွင် ရည်ရွယ်ချက်​တစ်ခု​ရှိစေ

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​ခြင်း​က ဘဝတွင် ရည်ရွယ်ချက်​တစ်ခု​ရှိစေ​သောကြောင့် အကျိုးပြု​၏။ ပျော်ရွှင်မှု​သည် တစ်စုံတစ်ခု​ကို အကျိုးရှိရှိ​အောင်မြင်​ရာ​မှ ထွက်ပေါ်​လာ​သည့်​ခံစားချက်​နှင့် မကြာခဏ​ဆက်စပ်​ထား​သည်ကို သင်​သတိပြုမိ​သလော။ လူအများစု​သည် မိမိတို့​မိသားစု၊ မိတ်ဆွေများ၊ စီးပွားရေး သို့​မဟုတ် ပျော်ရွှင်မှု​နှင့်​ပတ်သက်​၍ ဘဝတွင် ရည်ရွယ်ချက်​တစ်ခုခု ထား​ကြသည်။ ဘဝ၏​မသေချာမှု​များ​ကြောင့် ထို​အရာများ​က သူတို့ကို ကြိမ်ဖန်​များစွာ ပျော်ရွှင်မှု​ဆုံးရှုံး​စေ​ခဲ့​သည်။ (ဒေ. ၉:၁၁) သို့သော် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​သည် ဘဝ၏​အခြား​ကဏ္ဍအသီးသီး​တွင် စိတ်ပျက်​စ​ရာ​များ​ရှိလာ​သည့်​တိုင် ဆက်၍​ကျေနပ်မှု​ဖြစ်စေ​သော သာ၍​မြင့်မား​သည့်​ရည်ရွယ်ချက်​တစ်ခု​ကို ရှာတွေ့​ရန် ကူညီ​ပေး​နိုင်​သည်။

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​ခြင်း​တွင် ယေဟောဝါ​ကို သိကျွမ်းခြင်း​နှင့် ကိုယ်တော့်​အမှုတော်ကို သစ္စာရှိ​စွာ​ထမ်းဆောင်ခြင်း​တို့ ပါဝင်​သည်။ ယင်း​သို့​လုပ်ဆောင်ခြင်းက ဘုရားသခင်​နှင့် အလွန်​နီးကပ်​စေနိုင်​သည်။ (ဒေ. ၁၂:၁၃; ယောဟန် ၄:၂၃; ယာကုပ် ၄:၈) ဘုရားသခင်​သည် သင့်​မိတ်ဆွေ​ဖြစ်လာ​သည်​အထိ ကိုယ်တော့်​အကြောင်း သိကျွမ်း​ရမည်​ဆို​သည်​မှာ စဉ်းစား​ရ​အလွန်​ခက်​ပေမည်။ သို့သော် လူ​တို့​နှင့် ကိုယ်တော်​ဆက်ဆံ​ခဲ့​သည့်​မှတ်တမ်းများ​ကို တွေးတောခြင်း​အားဖြင့်၊ ကိုယ်တော်​ဖန်ဆင်း​ခဲ့​သည့်​အရာ​တို့ကို သုံးသပ်ခြင်း​အားဖြင့် ကိုယ်တော့်​ဥပဓိရုပ်တော်​ဆိုင်ရာ အသွင်အပြင်​များ​ကို အမှန်ပင်​သိကျွမ်း​လာနိုင်​သည်။ (ရောမ ၁:၂၀) ထို့​ပြင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှုခြင်း​အားဖြင့် ကျွန်ုပ်​တို့ အဘယ်ကြောင့် ဤ​နေရာတွင်​ရောက်ရှိ​နေကြောင်း၊ ဆင်းရဲ​ခက်ခဲ​မှုများ​ကို ဘုရားသခင် အဘ​ယ့်​ကြောင့် ခွင့်ပြု​ထား​ကြောင်း၊ မည်သည့်​အချိန်တွင် ယင်း​တို့ကို အဆုံးတိုင်​စေမည်​ဖြစ်​ကြောင်း​နှင့် ထို​ထက်​အရေးကြီး​သည်​ကား ဘုရားသခင့်​ရည်ရွယ်ချက်တွင် အရေးကြီးသော​အဘယ်​အခန်းကဏ္ဍ​၌ သင်​ပါဝင်​နိုင်​ကြောင်း စ​သည်​တို့ကို နားလည်​လာနိုင်​သည်။ (ဟေရှာယ ၄၃:၁၀; ၁ ကောရိန္သု ၃:၉) ထိုသို့​သော​နားလည်မှု​က အသက်ရှင်​ရခြင်း​၏​အကြောင်းရင်း​အသစ်​ကို ပေး​နိုင်​သည်!

ပို​ကောင်း​သူ​တစ်ဦး​ဖြစ်လာ​စေ

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​က သင့်ကို ပို​ကောင်း​သူ​တစ်ယောက် ဖြစ်လာ​စေရန် ကူညီ​ပေး​သောကြောင့် အကျိုးပြု​၏။ စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​ကို ကျင့်သုံး​လာ​သည်​နှင့်​အမျှ သင်သည် အခြား​သူများ​နှင့် ပို​၍​ပျော်ပျော်ရွှင်ရွှင်​ဆက်ဆံ​စေနိုင်​သော အရည်အသွေး​တစ်ခု​ကို ပြုစု​ပျိုးထောင်​နေခြင်း​ဖြစ်သည်။ ဘုရားသခင်​နှင့် ကိုယ်တော့်​သားတော်​တို့​ထံ​မှ ရိုးသား​စွာ​ပြုမူခြင်း၊ ယဉ်ကျေး​စွာ​ပြောဆိုခြင်း​နှင့် အားကိုး​အားထား​နိုင်​လောက်​အောင် အသက်ရှင်​နေထိုင်ခြင်း​တို့ကို သင်ယူ​နေသည်။ (ဧဖက် ၄:၂၀–၅:၅) ထိုသို့ ဘုရားသခင်​ကို ကောင်းစွာ​သိကျွမ်း​လာသော​အခါ ကိုယ်တော်​ကို ချစ်တတ်​လာပြီး ကိုယ်တော့်​ကို တုပ​ရန် လှုံ့ဆော်​ခံရ​လိမ့်​မည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ဘုရားသခင်​၏​ချစ်​သား​ဖြစ်​ကြသည်​နှင့်​အညီ ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့။”—ဧဖက် ၅:၁၊ ၂

ဘုရားသခင့်​မေတ္တာတော်ကို တုပ​နေသူတို့​နှင့် ဝန်းရံ​ခံ​နေရ​ခြင်း​သည် ပျော်ရွှင်စရာ​မဟုတ်ပေ​လော။ ဝမ်းသာစရာ​မှာ၊ စစ်မှန်သော​ဘုရားသခင်​ကို ကိုးကွယ်​ခြင်း​သည် တစ်ဦးတည်း​လုပ်ဆောင်​ရသည့်​အရာ မဟုတ်​ချေ။ ယင်းသည် သင့်ကို မှန်ကန်​ရာ၊ ကောင်းမွန်​ရာ​ကို ချစ်​မြတ်နိုးသူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံမှု​ရရှိ​စေနိုင်​သည်။ မှန်ပါသည်၊ ဖွဲ့စည်းထား​သည့်​ဝတ်ပြုရေး​အကြောင်း တွေး​လိုက်​သည့်​အခါ သင်​စိတ်​မ​သက်​မ​သာ​ဖြစ်​ပေမည်။ သို့သော် ရှေ့​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​သည့်​အတိုင်း ဝတ်ပြုရေး​အများစု​၏ ပြဿနာ​မှာ ယင်း​တို့သည် ဖွဲ့စည်းထားခြင်း​ကြောင့်​မဟုတ်ဘဲ နည်း​မှန်​လမ်းမှန်၊ ရည်ရွယ်ချက်​မှန်​ဖြင့် မ​ဖွဲ့စည်းထား​သောကြောင့်​ဖြစ်သည်။ ဖွဲ့စည်းထား​သည့်​ဝတ်ပြုရေး အမြောက်အမြား​သည် ခရစ်ယာန်​ဘာသာ​နှင့်​မအပ်စပ်​သည့်​ရည်ရွယ်ချက်များ​ကို လုပ်ဆောင်ကြ​သည်။ ဘုရားသခင့်​လူမျိုးတော်ကို မြင့်မြတ်​သော​ရည်ရွယ်ချက်​တစ်ခု​အတွက် ယေဟောဝါ​ကိုယ်တော်တိုင် ဖွဲ့စည်း​ခဲ့​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​ထား​သည်– “ဘုရားသခင်​သည် ရုန်းရင်းခတ်​သော​အမှုကို ပြုစု​တော်​မ​မူ။ . . . အသင့်အတင့်​ငြိမ်ဝပ်ခြင်း​ကို ပြုစု​တော်​မူ​၏။” (၁ ကောရိန္သု ၁၄:၃၃) အခြား​သန်းနှင့်ချီ​သော​သူတို့​ကဲ့သို့ သင်သည် ကောင်းစွာ​ဖွဲ့စည်းထား​သော ခရစ်ယာန်​အုပ်စု​တစ်စု​နှင့် ပေါင်းသင်း​ခြင်း​က သင့်​အမြင်​ပေါ် ကောင်းသော​သြဇာလွှမ်း​မိုး​မှု​ရှိကြောင်း တွေ့ရ​ပေ​လိမ့်​မည်။

အနာဂတ်​အတွက် မျှော်လင့်ချက်

ဘုရားသခင်​သည် စစ်မှန်သော​ကိုးကွယ်​သူများ ဤ​အစီအစဉ်​စနစ်​၏​အဆုံးကို ကပ်ကျော်​ပြီး “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ” မြေကြီး​သစ်​တွင် နေထိုင်​နိုင်​ရန် သူတို့ကို ဖွဲ့စည်းထားခြင်း​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (၂ ပေတရု ၃:၁၃; ဗျာ. ၇:၉-၁၇) ထို့​ကြောင့် သင့်ကို​အကျိုးပြုသော ဝတ်ပြု​ကိုးကွယ်​မှု​က ပျော်ရွှင်မှု​အတွက် မရှိမဖြစ်​လိုအပ်သော​အရာ​ဖြစ်သည့် မျှော်လင့်ချက်ကို​ပေး​သည်။ အချို့​တို့သည် အနာဂတ်​နှင့်​ပတ်သက်သော မိမိတို့၏​မျှော်လင့်ချက်များ​ကို အစိုးရ​တည်မြဲခြင်း၊ စီးပွားရေး​အလားအလာ​ကောင်းခြင်း သို့​မဟုတ် ကျန်းမာ​ရေး​ကောင်း​ရှိ​ခြင်း​နှင့် ကျေနပ်ဖွယ်​အငြိမ်းစား​ဘဝ​တို့​အပေါ် အခြေခံ​ထား​ကြသည်။ သို့သော် ထို​အရာများ​ထဲ​မှ အနည်းငယ်​သာ​လျှင် ပျော်ရွှင်ဖွယ်​အနာဂတ်​ကို မျှော်လင့်​စေရန် ခိုင်လုံ​သော​အကြောင်းရင်း​ပေး​နိုင်​သည်။ တစ်ဖက်​တွင်​မူ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– ‘အသက်ရှင်​တော်​မူ​ထ​သော ဘုရားသခင်​၌ ငါ​တို့သည် ကိုးစား​၏။’—၁ တိမောသေ ၄:၁၀

သင်သည် လုံ့လ​ဝီရိယ​ရှိ​ရှိ ရှာဖွေ​မည်​ဆိုလျှင် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူများကို ရှာတွေ့နိုင်​သည်။ ကွဲပြား​နေသော ယနေ့​လောကတွင် ချစ်ခြင်း​မေတ္တာ​နှင့် စည်းလုံးမှု​က ယေဟောဝါသက်သေ​များ​ကို ထင်ရှား​စွာ ခွဲခြား​ဖော်ပြ​ပေ​သည်။ သူတို့သည် လူမျိုးတိုင်း၊ နောက်ခံ​မျိုးစုံ​နီးပါး​မှ လာ​ကြ​သူများ​ဖြစ်သော်လည်း တစ်ယောက်​နှင့်​တစ်ယောက် ချစ်​ကြ​သည့်​အပြင် ယေဟောဝါ​ကို​ချစ်​သည့်​အတွက် စည်းလုံး​နေကြ​ခြင်း​ဖြစ်သည်။ (ယောဟန် ၁၃:၃၅) သူတို့​တွေ့ကြုံ​ခံစား​နေသည့်​အရာ​ကို သင်​ကိုယ်တိုင်​လက်တွေ့​ခံစား​ရန် သင့်​အား​ဖိတ်ခေါ်ပါ​သည်။ အာသပ် ဤသို့​ရေးသားခဲ့​သည်– “အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏။”—ဆာလံ ၇၃:၂၈

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်သည် ဘုရားသခင့်​မိတ်ဆွေ​ဖြစ်​နိုင်