မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့၏အသနားခံချက်များကို ဘုရားသခင်အား ကြားလျှောက်ကြလော့”

“သင်တို့၏အသနားခံချက်များကို ဘုရားသခင်အား ကြားလျှောက်ကြလော့”

“သင်တို့၏​အသနားခံချက်များ​ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့”

“အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်းခြင်း၊ တိုးလျှိုး​အသနားခံခြင်း​အားဖြင့် သင်တို့၏​အသနားခံချက်များ​ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။”—ဖိလိပ္ပိ ၄:၆၊ က​ဘ။

၁။ ကျွန်ုပ်​တို့သည် မည်သူ​နှင့် ဆက်သွယ်​ပြောဆို​ခွင့်​ကို ရရှိ​ထား​ကြ​သနည်း။ ယင်းသည် အဘယ်ကြောင့် အလွန့်အလွန်​ထူးမြတ်​ရသနည်း။

သင်သည် သင့်​နိုင်ငံ​အကြီးအကဲ​နှင့်​တွေ့ဆုံ​ရန် ခွင့်​တောင်း​ပါ​က မည်သည့်​တုံ့ပြန်မှု​ကို သင်​ရရှိ​မည်​နည်း။ သူ၏​အရာရှိ​ထံ​မှ ယဉ်ကျေး​စွာ​ပြန်လည်​တုံ့ပြန်မှု​ကို သင်​ရရှိနိုင်​သော်လည်း သူကိုယ်တိုင်​နှင့် စကားပြော​ဆို​ခွင့်​ရ​ရန်​မှာ မဖြစ်​နိုင်​ပါ။ သို့သော် အကြီးမြတ်ဆုံး​သော​အုပ်စိုးရှင်၊ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ဘုရားသခင်​နှင့်​ပတ်သက်​လျှင် ထိုသို့​မဟုတ်ပါ။ ကျွန်ုပ်​တို့ မည်သည့်​နေရာ၌​ပင်​ရှိပါစေ၊ မည်သည့်​အချိန်ကို ရွေးချယ်​ပါစေ ကိုယ်တော့်​ထံ ချဉ်းကပ်​ခွင့်​ရရှိ​ကြသည်။ နှစ်သက်ဖွယ်​ဆုတောင်းချက်​များသည် ကိုယ်တော့်​ထံ​သို့ အစဉ်​ရောက်ရှိ​တော်​မူ​မည်။ (သု. ၁၅:၂၉) အလွန်​တ​ရာ​ကောင်းမွန်​လှ​သည့်​အချက်​ပင်! ယင်းကို​လေးမြတ်​သောကြောင့် ‘ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​သော​အရှင်’ ဟု​သင့်လျော်​စွာ​ခေါ်ဆို​ထိုက်​သော အရှင်​ထံ မှန်မှန်​ဆုတောင်း​ဖို့ လှုံ့ဆော်​ခံ​သင့်​သည် မဟုတ်လော။—ဆာလံ ၆၅:၂သမ္မာ။

၂။ ဘုရားသခင်​နားညောင်း​တော်​မူ​သော ဆုတောင်းချက်​ဖြစ်​ရန် အဘယ်အရာ လိုအပ်​သနည်း။

သို့ရာတွင် တစ်ဦး​တစ်ယောက်​က ‘အဘယ်​ဆုတောင်းချက်​များ​ကို ဘုရားသခင်​နားညောင်း​သနည်း” ဟု​မေး​ပေမည်။ လက်ခံဖွယ်​ဆုတောင်းချက်​ဖြစ်​ရန် လိုအပ်ချက်​တစ်ခု​ကို သမ္မာကျမ်းစာ​က ဤသို့​ရှင်းပြ​၏– “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့် မ​တွေ့​နိုင်။ အကြောင်း​မူ​ကား ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်။” (ဟေဗြဲ ၁၁:၆) မှန်ပါသည်၊ ရှေ့​ဆောင်းပါး​တွင် ရှင်းပြ​ခဲ့​ပြီး​ဖြစ်သည့်​အတိုင်း ဘုရားသခင်​ထံ ချဉ်းကပ်​ရာ​တွင် အဓိကကျ​သည့်​အရာတစ်ခု​မှာ ယုံကြည်ခြင်း​ဖြစ်သည်။ ဘုရားသခင်​သည် ကိုယ်တော်​ထံ​ချဉ်းကပ်​သူတို့၏ ဆုတောင်းချက်​များ​ကို နားညောင်း​ရန် လိုလိုလားလား​ရှိ​တော်​မူ​၏။ သို့သော် ကိုယ်တော်​ထံ​ချဉ်းကပ်​သူတို့သည် ယုံကြည်ခြင်း​ရှိပြီး စိတ်ရင်းမှန်၊ သဘောထား​မှန်​ဖြင့် ဘုရားသခင်​လက်ခံသည့်​လုပ်ရပ်များ လုပ်ဆောင်​ရမည်​ဖြစ်သည်။

၃။ (က) ရှေးခေတ်​က တည်ကြည်သော​ကျေးကျွန်​များ​၏ ဆုတောင်းချက်​များ​အရ ဆုတောင်းရာ​တွင် အဘယ်အရာ​များ​ကို တောင်းလျှောက်​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​သည် အဘယ်​ပုံစံ​မျိုး​ဖြစ်​နိုင်​သနည်း။

တမန်​တော်​ပေါလု​က သူ့​ခေတ်​ရှိ ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​၏– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်းခြင်း၊ တိုးလျှိုး​အသနားခံခြင်း​အားဖြင့် သင်တို့၏​အသနားခံချက်များ​ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။” (ဖိလိပ္ပိ ၄:၆က​ဘ) သမ္မာကျမ်းစာ​တွင် မိမိတို့၏​စိုးရိမ်​ပူပန်မှု​များ​ကို ဘုရားသခင်​ထံ​ဖွင့်ဟ​ခဲ့​ကြ​သူတို့၏ ပုံ​နမူနာ​များစွာ​ပါရှိ​သည်။ ထို​သူတို့​ထဲ​တွင် ဟန္န၊ ဧလိယ၊ ဟေဇကိ​နှင့် ဒံယေလ​တို့ ပါဝင်​ကြသည်။ (၁ ဓမ္မ​ရာဇဝင် ၂:၁-၁၀; ၃ ဓမ္မ​ရာဇဝင် ၁၈:၃၆၊ ၃၇; ၄ ဓမ္မ​ရာဇဝင် ၁၉:၁၅-၁၉; ဒံယေလ ၉:၃-၂၁) ကျွန်ုပ်​တို့သည် သူတို့၏​ပုံ​နမူနာ​များ​ကို တုပ​သင့်​သည်။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် ပုံစံ​အမျိုးမျိုး​ဖြစ်​နိုင်​ကြောင်း ပေါလု​၏​စကား​များ​၌ ဖော်ပြ​ထား​သည်ကို​လည်း သတိပြုပါ။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အကြောင်း သူ​ဖော်ပြ​ထား​၏။ ၎င်းမှာ ကျွန်ုပ်​တို့အတွက် ဘုရားသခင်​လုပ်ဆောင်ပေး​ရာ​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း​တင်ပြ​သည့် ဆုတောင်းချက်​ဖြစ်သည်။ ယင်း​တွင် ကိုယ်တော်​အား​ချီးမွမ်း​ခြင်း​တို့ ပါဝင်​ပေမည်။ တိုးလျှိုး​အသနားခံခြင်း​မှာ နှိမ့်ချ​ပြီး​စိတ်အား​ထက်သန်​စွာ တောင်းပန်​ခြင်း​ဖြစ်သည်။ အသနားခံခြင်း​သည် သတ်သတ်မှတ်မှတ်​အချက်​ကို တောင်းခံ​ခြင်း​ဖြစ်သည်။ (လုကာ ၁၁:၂၊ ၃) ကျွန်ုပ်​တို့၏ ကောင်းကင်​ခမည်းတော်​သည် ယင်း​တို့​ထဲ​မှ မည်သည့်​နည်း​နှင့်​မဆို ကိုယ်တော်​ထံ​ချဉ်းကပ်​သူတို့ကို ဝမ်းမြောက်​စွာ​လက်ခံ​တော်​မူ​သည်။

၄။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ လိုအပ်ရာ​များ​ကို သိရှိ​တော်​မူ​သည့်​တိုင် အဘယ်ကြောင့် ကိုယ်တော်​ထံ အသနားခံ​ကြ​ဆဲ​ဖြစ်သနည်း။

အချို့​သူတို့က ‘ယေဟောဝါ​သည် ကျွန်ုပ်​တို့​လိုအပ်ရာ​အားလုံး​ကို သိတော်မူ​သည်မဟုတ်​လော’ ဟု​မေး​ပေမည်။ ကိုယ်တော် အမှန်ပင်​သိတော်မူ၏။ (မဿဲ ၆:၈၊ ၃၂) သို့​ဖြစ်​လျှင် အသနားခံခြင်း​ဖြင့်​ချဉ်းကပ်​ရန် ကိုယ်တော် အဘယ်ကြောင့် အလိုရှိ​တော်​မူ​သနည်း။ ဤဥပမာ​ကို သုံးသပ်ကြည့်​ပါ– စ​တိုး​ဆိုင်​ပိုင်ရှင်​တစ်ဦး​သည် သူ၏​ဖောက်သည်​တချို့​အား လက်​ဆောင်ပေး​မည်​ဟု ကမ်း​လှမ်း​ပေမည်။ သို့သော် ဖောက်သည်,သည် လက်ဆောင်​ရယူရန် ပိုင်ရှင်​ထံ​သွားကာ ယင်းကို တောင်းယူ​ရမည်​ဖြစ်သည်။ ထိုသို့​တောင်းယူ​လို​စိတ်​မရှိသူ​သည် ထို​ကမ်းလှမ်းချက်​ကို အမှန်​တန်ဖိုး​မထား​ကြောင်း တင်ပြ​ရာ​ရောက်​ပေမည်။ အလားတူ​ပင်၊ ယေဟောဝါ​ထံ အသနား​မခံ​ချင်​သော​သူသည် ကိုယ်တော်​ပြင်ဆင်​ပေး​ချက်​ကို တန်ဖိုး​မထား​ကြောင်း တင်ပြ​ရာ​ရောက်​ပေမည်။ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​၏– “တောင်း​ကြလော့။ ထိုသို့​တောင်းလျှင် ရ​ကြလိမ့်မည်။” (ယောဟန် ၁၆:၂၄) ထိုသို့​တောင်း​နေခြင်း​အားဖြင့် ဘုရားသခင်​ကို ကိုးစား​ကြောင်း တင်ပြ​ကြသည်။

ဘုရားသခင်​ထံ မည်သို့​ချဉ်းကပ်​သင့်​သနည်း

၅။ ယေရှု၏​နာမ​ဖြင့်​ဆုတောင်း​ရန် အဘယ်ကြောင့်​လို​သနည်း။

မည်သို့​ဆုတောင်း​ရမည်​နှင့်​ပတ်သက်​၍ တိကျသော​စည်းမျဉ်း​များစွာ ယေဟောဝါ မဖော်​ပြ​ထား​ပါ။ သို့​တိုင် သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ဘုရားသခင်​ထံ သင့်လျော်​သော​ချဉ်းကပ်​နည်းကို သင်ယူဖို့​လို​သည်။ ဥပမာ၊ ယေရှုသည် နောက်တော်လိုက်​များ​အား ဤသို့​သင်ပေးခဲ့​သည်– “သင်တို့သည် ငါ​၏​နာမကို​အမှီပြု၍ ခမည်းတော်​မှာ​ဆုတောင်း​သမျှ​တို့ကို ခမည်းတော်​သည် ပေး​တော်​မူ​မည်။” (ယောဟန် ၁၆:၂၃) သို့​ဖြစ်၍ ယေရှုသည် လူသား​အားလုံး ဘုရားသခင်​၏​ကောင်းချီး​ခံစားရ​စေသည့် တစ်ခု​တည်း​သော​လမ်းကြောင်း​ဖြစ်​ကြောင်း အသိအမှတ်ပြု​ကာ ယေရှု၏​နာမ​ဖြင့် ဆုတောင်း​ဖို့​လို​သည်။

၆။ ဆုတောင်း​သည့်​အခါ အဘယ်​ကိုယ်ဟန်​အနေအထား ရှိ​သင့်​သနည်း။

ဆုတောင်း​သည့်​အခါ ကိုယ်ဟန်​အနေအထား မည်သို့​ရှိ​သင့်​သနည်း။ ဆုတောင်းချက်​များ နားညောင်းခံ​ရ​ရန် သမ္မာကျမ်းစာ​တွင် သတ်သတ်မှတ်မှတ် ကိုယ်ဟန်​အနေအထား​နှင့်​ပတ်သက်​၍ ဖော်ပြ​မထား​ပါ။ (၃ ဓမ္မ​ရာဇဝင် ၈:၂၂က​ဘ; နေဟမိ ၈:၆; မာကု ၁၁:၂၅က​ဘ; လုကာ ၂၂:၄၁) အရေးကြီး​သည်​မှာ စိတ်ရင်းမှန်၊ သဘောထား​မှန်​ဖြင့် ဘုရားသခင်​ထံ ဆုတောင်းခြင်း​ဖြစ်သည်။—ယောလ ၂:၁၂၊ ၁၃

၇။ (က) “အာမင်” ၏​အဓိပ္ပာယ်​ကား အဘယ်နည်း။ (ခ) ဆုတောင်း​သည့်​အခါ ယင်းကို တော်လျော်​စွာ မည်သို့​အသုံးပြု​ကြ​သနည်း။

“အာမင်” ဟူ​သည့်​စကားလုံး အသုံးပြုခြင်း​ကော အသို့နည်း။ ယင်းကို ကျွန်ုပ်​တို့၏ ဆုတောင်းချက်၊ အထူးသဖြင့် လူထုရှေ့​ဆုတောင်းချက်​၏ သင့်လျော်​သော​နိဂုံး​ချုပ်​စကားလုံး​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဆာလံ ၇၂:၁၉; ၈၉:၅၂) ဟေဗြဲ​စကားလုံး အာမင် (ʼ​a·​menʹ) သည် “ဧကန်​မုချ” ဟု​အဓိပ္ပာယ်​ရှိသည်။ မက်ကလင်းတော့​ခ်​နှင့် စထရောင်း​တို့၏ စွယ်စုံ​ကျမ်း​အရ ဆုတောင်းချက်​အဆုံး​တွင် “အာမင်” ဟု​ပြော​ခြင်း​အဓိပ္ပာယ်​မှာ “ဖော်ပြ​ခဲ့​သော​စကား​များ​ကို အတည်ပြု​ခြင်း၊ ယင်း​တို့​ပြည့်စုံ​လာရန် ပန်ကြား​တောင်းပန်​ခြင်း” ဖြစ်သည်။ သို့​ဖြစ်၍ နိဂုံး​ချုပ်​တွင် စိတ်ရင်းမှန်​ဖြင့် “အာမင်” ဟု​ပြော​ခြင်း​က ဆုတောင်း​သူသည် ယခု​တောင်းလျှောက်​ခဲ့​ရာ​များနှင့်​ပတ်သက်​၍ မိမိ၏​ထက်သန်​သော​စိတ်​ခံစားချက်​ကို ဖော်ပြခြင်း​ဖြစ်သည်။ ခရစ်ယာန်​တစ်ဦး​သည် အသင်းတော်တွင် ကိုယ်စား​ပြု​ဆုတောင်း​ပြီး ယင်း​စကားလုံး​ဖြင့်​နိဂုံး​ချုပ်​သည့်​အခါ နားထောင်​နေသူတို့​သည် တောင်းလျှောက်​ချက်​များ​ကို လှိုက်လှိုက်လှဲလှဲ​သဘောတူ​ကြောင်း “အာမင်” ကို​စိတ်ထဲ​မှ​ဖြစ်စေ၊ အသံ​ထွက်၍​ဖြစ်စေ ပူးပေါင်း​ဖော်ပြ​နိုင်​ကြသည်။—၁ ကောရိန္သု ၁၄:၁၆

၈။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​အချို့​သည် ယာကုပ် သို့​မဟုတ် အာဗြဟံ​၏​ဆုတောင်းချက်​နှင့် မည်သို့​ဆင်တူ​နိုင်​သနည်း။ ယင်းက ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍ အဘယ်အရာကို​တင်ပြခြင်း ဖြစ်​မည်​နည်း။

တောင်းလျှောက်​ရာ​များ​ကို ကျွန်ုပ်​တို့​မည်မျှ​အလေးထားကြောင်း တင်ပြ​ရန် ဘုရားသခင်​ခွင့်ပြု​သည့် အချိန်​အခါ​များ​ရှိ​ပေမည်။ ကောင်းချီး​ရရှိရန် ကောင်းကင်တမန်​တစ်ပါး​နှင့် တစ်ညလုံး​နပန်းလုံး​ခဲ့​သော ရှေး​ဘိုးဘေး​ယာကုပ်​ကဲ့သို့​ဖြစ်​ဖို့ လို​ပေမည်။ (ကမ္ဘာဦး ၃၂:၂၄-၂၆) သို့​မဟုတ်၊ အချို့​သော​အခြေအနေ​များ​တွင် ကျွန်ုပ်​တို့သည် အာဗြဟံ​ကဲ့သို့ ဖြစ်​ဖို့​လို​ပေမည်။ အာဗြဟံ​သည် လောတ​နှင့် သောဒုံ​မြို့တွင် ရှိ​ကောင်း​ရှိ​နိုင်​သည့် အခြား​ဖြောင့်မတ်​သူတို့​အတွက် ယေဟောဝါ​ထံ အထပ်ထပ်​တောင်းပန်​ခဲ့​သည်။ (ကမ္ဘာဦး ၁၈:၂၂-၃၃) အလားတူ​ပင် ကျွန်ုပ်​တို့​အဖို့ အလွန်​အဖိုးထိုက်​သော​အရာများ​ဖြစ်ပါ​က ယေဟောဝါ​၏ တရား​မျှတ၊ ချစ်ခင်​ကြင်နာ​မှု​တို့​အပေါ်​အခြေခံ​ကာ အသနားခံ​တောင်းပန်​နိုင်​သည်။

အဘယ်အရာ တောင်းလျှောက်​နိုင်​သနည်း

၉။ ဆုတောင်း​သည့်​အခါ အဘယ်အရာကို အဓိက​အလေးထား​သင့်​သနည်း။

ပေါလု​က “အရာရာ၌ . . . သင်တို့၏​အသနားခံချက်များ​ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့” ဟု​ဆို​ထား​၏။ (ဖိလိပ္ပိ ၄:၆က​ဘ) ထို့​ကြောင့် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​တွင် ဘဝ​ကဏ္ဍအသီးသီး​နှင့်​ပတ်သက်​ရာ​များ ပါဝင်​ပေမည်။ သို့သော် ကျွန်ုပ်​တို့​ဆုတောင်းချက်​တွင် အဓိက​အလေးထား​သင့်​သည့်​အရာ​မှာ ယေဟောဝါ​နှင့်​စပ်ဆိုင်​ရာ​များ ဖြစ်​သင့်​သည်။ ယင်း​နှင့်​ပတ်သက်​၍ ဒံယေလ​သည် ပုံသက်သေ​ကောင်း​ပြ​ခဲ့​၏။ ဣသရေလ​လူမျိုး​သည် မိမိတို့​အပြစ်​ကြောင့် ပြစ်ဒဏ်​ခံ​နေရ​သည့်​အခါ ဒံယေလ​က သနား​ကြင်နာ​မှု​တင်ပြ​ပါ​ရန် ယေဟောဝါ​ထံ ဤသို့​အသနားခံ​ခဲ့​၏– “နာမတော်​ဖြင့်​သမုတ်​ခံရ​သည်​နှင့်​အညီ ကိုယ်တော်​အတွက် ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ်၏​ဘုရားသခင်။” (ဒံယေလ ၉:၁၅-၁၉သ​မ) ကျွန်ုပ်​တို့သည် အလားတူ​ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​၏​နာမတော်​သန့်ရှင်း​မြင့်မြတ်​ရေး​နှင့် ကိုယ်တော်​၏​အလိုတော်​ပြည့်စုံ​ရေး​သည် ကျွန်ုပ်​တို့၏ အဓိက​အလေးထား​ရာ​ဖြစ်​ကြောင်း ဖော်ပြ​ပါသလော။

၁၀။ ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ တောင်းလျှောက်​ခြင်း​သည် သင့်လျော်​ကြောင်း မည်သို့​သိရ​သနည်း။

၁၀ ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို တောင်းလျှောက်​ခြင်း​သည်လည်း သင့်လျော်​ပါ​သည်။ ဥပမာ၊ ဆာလံဆရာ​ကဲ့သို့ လေးနက်​သော​ဝိညာဉ်​ရေးရာ​များ​ကို နားလည်​သဘောပေါက်​ရန် ဆုတောင်း​နိုင်သည်။ သူ​ဤသို့ ဆုတောင်း​ခဲ့​၏– “အကျွန်ုပ်​နားလည်စေ​တော်​မူ​ပါ။ တရားတော်​ကို စောင့်ရှောက်​ပါ​မည်။ စိတ်နှလုံး​အကြွင်းမဲ့ စောင့်ရှောက်​ပါ​မည်။” (ဆာလံ ၁၁၉:၃၃၊ ၃၄သမ္မာ; ကောလောသဲ ၁:၉-၁၁) ယေရှုသည် “သေခြင်း​မှ​ကယ်လွှတ်​နိုင်​တော်​မူ​သော​သူကို . . . တိုးလျှိုး​အသနားခံခြင်း​အပါအဝင် အသနားခံ” တော်​မူ​ခဲ့​သည်။ (ဟေဗြဲ ၅:၇က​ဘ) ယင်းက အန္တရာယ် သို့​မဟုတ် စမ်းသပ်မှု​များ​ရင်ဆိုင်​ရချိန်တွင် ခွန်​အားပေးပါ​ရန် တောင်းလျှောက်​ခြင်း​သည် သင့်လျော်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ယေရှုသည် တပည့်​များ​အား စံပြ​ဆုတောင်းချက်​သင်ပေး​ရာ​တွင် အပြစ်​များ​မှ​ခွင့်လွှတ်​ပါ​ရန်​နှင့် နေ့စဉ်​အစာ​ပေး​ပါ​ရန်စ​သည့် ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ ပါဝင်​စေ​ခဲ့​သည်။

၁၁။ စုံစမ်း​နှောင့်ယှက်မှု​ကို လက်လျှော့​အရှုံးမပေး​ရန် ဆုတောင်းခြင်း​က မည်သို့​ထောက်ကူ​နိုင်​သနည်း။

၁၁ ယင်း​စံပြ​ဆုတောင်းချက်​ထဲ​တွင် “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​ဘဲ မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ” ဟူ​သည့်​တောင်းဆိုချက်​ကို ယေရှု​ထည့်သွင်း​ဖော်ပြ​ခဲ့​သည်။ (မဿဲ ၆:၉-၁၃) နောက်ပိုင်း​တွင် ကိုယ်တော် ဤသို့​ညွှန်ကြား​ခဲ့​၏– “စုံစမ်း​နှောင့်ယှက်ခြင်း​နှင့် ကင်းလွတ်​မည်​အကြောင်း ဆုတောင်း​လျက်​စောင့်နေ​ကြလော့။” (မဿဲ ၂၆:၄၁) စုံစမ်း​နှောင့်ယှက်မှု​များ ရင်ဆိုင်​ရချိန်တွင် ဆုတောင်း​ရန်လို​သည်။ အလုပ်​တွင် သို့​မဟုတ် ကျောင်းတွင် ကျမ်းစာ​မူများ​ကို လျစ်လျူရှု​ရန် စမ်းသပ်​ခံရ​နိုင်​သည်။ သက်သေခံ​မဟုတ်​သူများ​က ခရစ်ယာန်​များ​အတွက် မသင့်​လျော်​သော လုပ်ဆောင်မှုများ​တွင်​ပါဝင်​ရန် ကျွန်ုပ်​တို့ကို ဖိတ်ခေါ်​ပေမည်။ ဖြောင့်မတ်​သော​မူများ​ကို ချိုးဖောက်​ရာ​ရောက်​သော​အရာ​ကို လုပ်ဆောင်ဖို့ တောင်းဆို​ခံရ​နိုင်​သည်။ ထို​အချိန်​အခါ​မျိုး​တွင် ဆုတောင်း​ပါ​ဟူ​သည့် ယေရှု၏​ညွှန်ကြားချက်​ကို လိုက်နာသင့်​သည်။ စုံစမ်း​နှောင့်ယှက်မှု​မကြုံမီ​နှင့် ကြုံတွေ့​နေရ​ချိန်​တို့​တွင် အပြစ်​သွေးဆောင်​ရာ​သို့ မကျရောက်​စေရန် ဘုရားသခင်​ထံ ဆုတောင်း​သင့်​သည်။

၁၂။ စိုးရိမ်​ပူပန်မှု​ကို​ဖြစ်စေ​သည့် အဘယ်​အကြောင်းရင်း​များ​က ဆုတောင်း​ရန် လှုံ့ဆော်ပေး​မည်​နည်း။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​အဘယ်အရာ မျှော်လင့်​နိုင်​သနည်း။

၁၂ ယနေ့ ဘုရားသခင့်​ကျေးကျွန်​များ​၏ အသက်တာတွင် ဖိစီးမှုများ​နှင့် စိုးရိမ်​ပူပန်မှု​အမျိုးမျိုး ပေါ်လာ​တတ်​သည်။ ဖျားနာ​မှု​နှင့် စိတ်ဖိစီးမှု​များသည် လူများစွာကို စိုးရိမ်​ပူပန်​စေသည့် အဓိက​အကြောင်းရင်း​များ​ဖြစ်သည်။ ကျွန်ုပ်​တို့​ဝန်းကျင်ရှိ အကြမ်းဖက်မှု​အခြေအနေ​များ​က ဘဝကို​ဖိစီးမှုများ​စေ​သည်။ စီးပွားရေး​ကျပ်တည်း​မှုများ​က အခြေခံလိုအပ်ရာ​များ​ရရှိရန် ပို​၍​ခက်ခဲ​စေ​သည်။ ထို​အရာများ​ကို ယေဟောဝါ​ထံ​ကြားလျှောက်​ကြ​သည့် ကိုယ်တော့်​ကျေးကျွန်​များ​၏​ဆုတောင်းသံ​ကို နားညောင်း​တော်​မူ​ကြောင်း သိရှိ​ရခြင်း​က အလွန်​စိတ်သက်သာ​မှု​ဖြစ်စေ​သည်! ယေဟောဝါ​နှင့်​ပတ်သက်​၍ ဆာလံ ၁၀၂:၁၇ တွင်​ဤသို့​ဆို​၏– ‘ကိုးကွယ်​ရာ​မဲ့​သော​သူတို့ ဆုတောင်းခြင်း​အကြောင်းကို မထီမဲ့မြင်​မပြု၊ သူတို့၏​ဆုတောင်းချက်​ကို မှတ်တော်မူ​လိမ့်​မည်။’

၁၃။ (က) အဘယ်​ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို ဆုတောင်းရာ​တွင် ထည့်​တောင်း​ရန်​သင့်လျော်​သနည်း။ (ခ) ထိုသို့​တောင်းလျှောက်​သည့် ပုံ​နမူနာ​တစ်ခု​ကို ဖော်ပြ​ပါ။

၁၃ မှန်ပါသည်၊ ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​လုပ်ငန်း သို့​မဟုတ် ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိခိုက်​စေသည့် မည်သည့်​အကြောင်းအရာကို​မဆို ထည့်​တောင်းခြင်း​သည် သင့်လျော်​ပါ​သည်။ (၁ ယောဟန် ၅:၁၄) အိမ်ထောင်ရေး သို့​မဟုတ် အလုပ်အကိုင် သို့​မဟုတ် အမှုတော်​ဆောင်ခြင်း​လုပ်ငန်း တိုးချဲ့​ရန်​တို့​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​များ​ချ​မည်​ဆိုလျှင် ဘုရားသခင့်​လမ်းညွှန်မှု​ရ​ရန် ယင်း​အကြောင်း​များ​ကို ပွင့်ပွင့်လင်းလင်း ဖော်ပြ​တောင်းလျှောက်​ပါ။ ဥပမာ၊ ဖိလစ်ပိုင်​မှ အမျိုးသမီးငယ်​တစ်ဦး​သည် အချိန်ပြည့်​အမှုဆောင်​လုပ်ငန်း​တွင် ပါဝင်​လို​ခဲ့​သည်။ သို့ရာတွင် မိမိကိုယ်ကို​ထောက်ပံ့​ရန် အလုပ်အကိုင်​မရှိ​ဖြစ်နေ​သည်။ သူ​ဤသို့​ပြောပြ​၏– “စနေနေ့​တစ်ရက်​မှာ ရှေ့ဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဆီ သတ်သတ်မှတ်မှတ်​ဆုတောင်း​လိုက်တယ်။ အဲ့ဒီ​နေ့မှာပဲ သတင်းကောင်း​ဟောပြောနေ​တုန်း ဆယ်ကျော်သက်​တစ်ဦး​ကို စာအုပ်​တစ်အုပ်​ဝေငှ​လိုက်တယ်။ မမျှော်လင့်​ဘဲ အဲ့ဒီ​မိန်းကလေး​က ‘တနင်္လာ​နေ့​မနက်​ကျ​ရင် ဦးဆုံး ကျွန်မ​ရဲ့​ကျောင်း​ကို​သွားပါ’ လို့​ပြော​တယ်။ ‘ဘာဖြစ်​လို့လဲ’ လို့​မေးလိုက်​တဲ့​အခါ သူက အမြန်ဆုံး​ခန့်​ချင်​တဲ့ အလုပ်​တစ်ခု​ရှိတယ်လို့ ရှင်းပြတယ်။ ကျွန်မ​သွားတော့ ချက်ချင်းပဲ အလုပ်​ရခဲ့တယ်။ မြန်မြန်ဆန်ဆန်​ပဲ ဆုတောင်းချက်​အဖြေ​ရခဲ့တယ်။” ကမ္ဘာ​တစ်ဝန်း​ရှိ သက်သေခံ​များစွာ​တွင်​လည်း အလားတူ​တွေ့ကြုံမှု​များ ရှိကြသည်။ သို့​ဖြစ်၍ သင်၏​လှိုက်လှိုက်လှဲလှဲ​အသနားခံချက်​ကို ဘုရားသခင်​ထံ​ဖော်ပြ​ရန် မတွန့်​ဆုတ်​ပါ​နှင့်!

ကျွန်ုပ်​တို့ အပြစ်ပြု​မိ​လျှင်​ကော အသို့နည်း

၁၄၊ ၁၅။ (က) လူတစ်ဦး​သည် အပြစ်ပြု​မိ​လျှင်​ပင် ဆုတောင်း​ရန် အဘယ်ကြောင့် မတွန့်​ဆုတ်​သင့်​သနည်း။ (ခ) လူတစ်ဦး​သည် ဝိညာဉ်ရေးတွင် ပြန်​ကျန်းမာ​လာရန် ကိုယ်တိုင်​ဆုတောင်း​သည့်​အပြင် နောက်ထပ်​အဘယ်အရာက အထောက်အကူ​ပြု​မည်​နည်း။

၁၄ တစ်စုံ​တစ်ဦး အပြစ်ပြု​မိ​လျှင် ဆုတောင်းခြင်း​က မည်သို့​ထောက်ကူ​နိုင်​သနည်း။ အပြစ်ပြု​မိ​သူ​အချို့​သည် ရှက်ရွံ့မှု​ကြောင့် ဆု​မ​တောင်း​ကြ​ပါ။ သို့သော် ယင်းသည် ပညာရှိ​လမ်းစဉ်​မဟုတ်ပါ။ ဥပမာ– လေယာဉ်မှူး​များသည် မိမိတို့​လမ်းပျောက်​နေကြောင်း သိမည်​ဆိုပါ​က အကူအညီ​ရ​ရန် လေကြောင်း​ထိန်း​သူများ​နှင့် ဆက်သွယ်​နိုင်​သည်။ သို့သော် လမ်းပျောက်​နေသော လေယာဉ်မှူး​သည် မိမိ​လမ်းပျောက်​သွားခြင်း​ကြောင့် ရှက်ရွံ့​ပြီး လေကြောင်း​ထိန်း​သူတို့နှင့်​ဆက်သွယ်​ရန် တွန့်ဆုတ်​မည်​ဆိုလျှင် မည်သို့​ဖြစ်​နိုင်​သနည်း။ ဘေးအန္တရာယ်​နှင့် ကြုံ​ရနိုင်​သည်။ အလားတူ​ပင်၊ အပြစ်ပြု​မိ​သူသည် ဘုရားသခင်​ထံ​ဆုတောင်း​ဖို့ ရှက်ရွံ့​နေ​မည်​ဆိုလျှင် နောက်ထပ်​အန္တရာယ်များ​နှင့် ကြုံ​ရနိုင်​သည်။ အပြစ်ပြု​မိ​၍​ရှက်ရွံ့​ခြင်း​က ယေဟောဝါ​ထံ​ဆုတောင်းခြင်း​ကို မရပ်တန့်​သွား​စေ​သင့်​ပါ။ အမှန်​မှာ၊ ဘုရားသခင်​သည် ကြီး​လေး​သော​အပြစ်ပြု​မိ​သူတို့ကို ကိုယ်တော့်​ထံ​ဆုတောင်း​ရန် ဖိတ်ခေါ်​ထား​တော်​မူ​၏။ ပရောဖက်​ဟေရှာယ​က သူ့​ခေတ်​ရှိ​အပြစ်သား​များ​အား ယေဟောဝါ​သည် “အထူးသဖြင့် အပြစ်ကို​လွှတ်တော်​မူ​လိမ့်​မည်” ဖြစ်သော​ကြောင့် ကိုယ်တော်​ထံ​ဆုတောင်း​ကြ​ရန် တိုက်တွန်း​ခဲ့​သည်။ (ဟေရှာယ ၅၅:၆၊ ၇) မှန်ပါသည်၊ တစ်ဦး​တစ်ယောက်​သည် ‘ယေဟောဝါ​၏​ကျေးဇူးတော်​ကို ခံရ​ရန်’ ဦးဆုံး သူသည် အပြစ်ရှိ​လမ်းစဉ်​ကို​ရပ်​ပြီး စိတ်ရင်းမှန်​နှင့်​နောင်တ​ယူခြင်း​အားဖြင့် ‘ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့ တောင်းပန်’ ဖို့​လို​သည်။—ဆာလံ ၁၁၉:၅၈; ဒံယေလ ၉:၁၃

၁၅ အပြစ်​နှင့်​ပတ်သက်​လျှင် အခြား​အကြောင်းရင်း​ကြောင့်​လည်း ဆုတောင်းခြင်း​သည် အရေးပါ​လာ​သည်။ တပည့်​ဖြစ်သူ​ယာကုပ်​က ဝိညာဉ်​ရေး​အကူအညီ​လိုအပ်​နေ​သူနှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “သင်း​အုပ်​တို့ကို​ခေါ်​၍ သူတို့သည် . . . သူ့​အပေါ်မှာ​ဆုတောင်း​ကြ​စေ။ . . . သခင်​ဘုရား​သည် သူ့ကို​ထမြောက်​စေတော်မူ​မည်။” (ယာကုပ် ၅:၁၄၊ ၁၅) မှန်ပါသည်၊ ထို​သူသည် ယေဟောဝါ​ထံ​ဆုတောင်း​ကာ မိမိ၏​အပြစ်ကို ကိုယ်တိုင်​ဝန်ခံ​သင့်​သည့်​အပြင် မိမိ​အတွက် ဆုတောင်းပေး​ရန် အသက်ကြီးသူ​များ​ကို တောင်းခံ​နိုင်​သည်။ ယင်းက သူ့​အား ဝိညာဉ်ရေးတွင် ပြန်​ကျန်းမာ​လာ​စေရန် အထောက်အကူ​ပြု​မည်။

ဆုတောင်းချက်​များ​၏ အဖြေ

၁၆၊ ၁၇။ (က) ဆုတောင်းချက်​များ​ကို ယေဟောဝါ မည်သို့​ဖြေကြား​တော်​မူ​သနည်း။ (ခ) ဆုတောင်းခြင်း​နှင့် ဟောပြောခြင်း​လုပ်ငန်း​သည် အနီးကပ်​ဆက်နွှယ်မှု​ရှိကြောင်း အဘယ်​အတွေ့အကြုံ​များ​က ဖော်ပြ​သနည်း။

၁၆ ဆုတောင်းချက်​များ​ကို မည်သို့​ဖြေကြား​တော်​မူ​သနည်း။ အချို့​သော​ဆုတောင်းချက်​များသည် မြန်မြန်​နှင့် သိသိသာသာ အဖြေ​ရရှိ​ပေမည်။ (၄ ဓမ္မ​ရာဇဝင် ၂၀:၁-၆) အခြား​ဆုတောင်းချက်​များ​မှာ​မူ အချိန်​အတော်ကြာ​ပြီး ဆုတောင်းချက်​အဖြေကို ခွဲခြား​သိ​ရန် ခက်ခဲ​နိုင်​သည်။ ယေရှု၏​ပုံ​ဥပမာ​ပါ တရားသူကြီး​ထံ အကြိမ်ကြိမ်​သွား​ကာ တောင်းဆို​ခဲ့​သော​မုဆိုးမ​ကဲ့သို့ ဘုရားသခင်​ထံ အကြိမ်ကြိမ်​ဆုတောင်း​ရန် လိုအပ်​ပေမည်။ (လုကာ ၁၈:၁-၈) ကျွန်ုပ်​တို့သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ ဆုတောင်း​သောအခါ “ငါ့ကို​မနှောင့်ယှက်​နှင့်” ဟု ယေဟောဝါ​သည် ဘယ်တော့​မျှ​မိန့်တော်မူ​မည်​မဟုတ်​ကြောင်း စိတ်ချ​နိုင်​သည်။—လုကာ ၁၁:၅-၉

၁၇ ယေဟောဝါ​၏​လူမျိုး​သည် ဆုတောင်းချက်​များ ဖြေကြား​ခံရ​သည့် အတွေ့အကြုံ​များစွာ​ရှိကြသည်။ ယင်းကို လူထု​ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်း​တွင် တွေ့မြင်​ရလေ့​ရှိသည်။ ဥပမာ၊ ဖိလစ်ပိုင်​ရှိ ခရစ်ယာန်​ညီအစ်မ​နှစ်ဦး​သည် နိုင်ငံ​အတွင်းရှိ ဝေးခေါင်​သော​ဒေသ​တစ်ခု​တွင် သမ္မာကျမ်းစာ​စာပေ​များ​ကို ဝေငှ​နေကြ​သည်။ သူတို့သည် အမျိုးသမီး​တစ်ဦး​အား ဝေစာ​ဝေငှ​သည့်​အခါ ထို​အမျိုးသမီး​၏ မျက်လုံးအိမ်​တွင် မျက်ရည်များ​ပြည့်​လာ​သည်။ “ကျွန်မ​ကို သမ္မာကျမ်းစာ​သင်ပေး​မယ့်​သူ တစ်ယောက်ယောက် စေလွှတ်​ပေး​ပါ​လို့ မ​နေ့​ည​တုန်း​က​ပဲ ဘုရားသခင်​ဆီ ကျွန်မ​ဆုတောင်း​ထား​တာ၊ အခု ဒါဟာ ကျွန်မ​ဆုတောင်းချက်​ရဲ့ အဖြေ​ပဲ​ဖြစ်​မယ်” ဟု​ပြော​သည်။ များ​မကြာမီ ထို​အမျိုးသမီး​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အစည်းအဝေး​များ​ကို စတင်​တက်ရောက်​ခဲ့​သည်။ အရှေ့တောင်​အာရှရှိ အခြား​ဒေသ​တစ်ခု​တွင် ခရစ်ယာန်​ညီအစ်ကို​တစ်ဦး​သည် အထူး​လုံခြုံရေး​ချထား​သော လူနေ​အဆောက်အအုံ​တစ်ခု​တွင် ဟောပြောရန် စိုးရွံ့​နေသည်။ သို့သော် ယေဟောဝါ​ထံ​ဆုတောင်း​ကာ ရဲဆေး​တင်​လိုက်ပြီး အဆောက်အအုံ​ထဲ​ဝင်​သွား​သည်။ တိုက်ခန်း​တစ်ခု​ကို တံခါး​ခေါက်​လိုက်​ရာ အမျိုးသမီးငယ်​တစ်ဦး ထွက်​လာ​သည်။ ညီအစ်ကို​က သူ​လာ​ရသည့်​အကြောင်းရင်းကို ရှင်းပြ​လိုက်​သောအခါ ထို​အမျိုးသမီး​သည် စ​ငို​ပါ​တော့​သည်။ ယေဟောဝါသက်သေ​များ​ကို သူ​ရှာနေ​ကြောင်း၊ ရှာတွေ့​ရန်​ဆုတောင်း​ခဲ့​ကြောင်း ပြောပြ​သည်။ ညီအစ်ကို​က ထို​အမျိုးသမီး​အား ယေဟောဝါသက်သေ​တို့၏ ဒေသခံ​အသင်းတော်​နှင့် ဆက်သွယ်​မိ​စေရန် ဝမ်းမြောက်​စွာ အကူအညီ​ပေး​ခဲ့​သည်။

၁၈။ (က) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ အဖြေ​ရရှိ​သည့်​အခါ မည်သို့​တုံ့ပြန်​သင့်​သနည်း။ (ခ) အခါ​အခွင့်​သင့်​တိုင်း ဆုတောင်း​မည်​ဆိုပါ​က အဘယ်အရာကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၈ ဆုတောင်းခြင်း​သည် အလွန်​ကောင်းမွန်​လှ​သော ပြင်ဆင်​ပေး​ချက်​တစ်ခု​အမှန်ပင်​ဖြစ်သည်။ ယေဟောဝါ​သည် နားညောင်း​ရန်​နှင့် အဖြေပေး​ရန် အသင့်ရှိ​တော်​မူ​၏။ (ဟေရှာယ ၃၀:၁၈၊ ၁၉) သို့​တိုင် ကျွန်ုပ်​တို့၏ ဆုတောင်းချက်​များ​ကို ယေဟောဝါ​မည်သို့​ဖြေကြား​ကြောင်း မြင်တတ်​ရန်လို​သည်။ ကျွန်ုပ်​တို့​မျှော်လင့်​ထား​သည့်​နည်း​အတိုင်း အမြဲ​အဖြေ​ရမည်​တော့​မဟုတ်ပါ။ သို့သော် ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​လမ်းညွှန်​ပေး​မှု​ကို တွေ့ရှိ​ရသည့်​အခါ ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​မှု​နှင့် ကိုယ်တော်​အား​ချီးမွမ်း​ခြင်း​ပြု​ရန် ဘယ်တော့​မျှ​မမေ့​သင့်​ပါ။ (၁ သက်သာလောနိတ် ၅:၁၈) ထို့​ပြင် “အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်းခြင်း၊ တိုးလျှိုး​အသနားခံခြင်း​အားဖြင့် သင်တို့၏​အသနားခံချက်များ​ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့” ဟူ​သည့် တမန်​တော်​ပေါလု​၏​သတိပေး​ချက်​ကို အစဉ်​သတိရပါ​လေ။ မှန်ပါသည်၊ ဘုရားသခင်​နှင့်​ပြောဆို​ဆက်သွယ်​ရန် အခွင့်အရေးတိုင်းကို အသုံးပြုပါ။ ထိုသို့​ပြု​မည်​ဆိုလျှင် ဆုတောင်းချက်​အဖြေ​ရရှိ​သူတို့နှင့်​ပတ်သက်​၍ ပေါလု​ဖော်ပြ​ခဲ့​သည့် ဤ​စကား​များ​မှန်ကန်ကြောင်း သင်​တွေ့ကြုံ​ခံစားရ​မည်– “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် . . . သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၆၊ ၇က​ဘ။

သင်​ဖြေဆို​နိုင်​သလော

• ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များသည် အဘယ်​ပုံစံ​ဖြစ်​နိုင်​သနည်း။

• ကျွန်ုပ်​တို့ မည်သို့​ဆုတောင်း​သင့်​သနည်း။

• ဆုတောင်းချက်​များ​တွင် အဘယ်​အကြောင်းအရာများ​ကို ထည့်သွင်း​တောင်းလျှောက်​နိုင်​သနည်း။

• တစ်စုံ​တစ်ဦး​သည် အပြစ်ပြု​မိ​သည့်​အခါ ဆုတောင်းခြင်း​၏​အခန်းကဏ္ဍ​မှာ အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်း​က စုံစမ်း​နှောင့်ယှက်မှု​ကို လက်လျှော့​အရှုံးမပေး​ရန် အထောက်အကူ​ပြု

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဆုတောင်းခြင်း​အားဖြင့် ကျွန်ုပ်​တို့၏ ကျေးဇူး​တင်​မှု၊ စိုးရိမ်​ပူပန်မှု​နှင့် တိုးလျှိုး တောင်းခံမှု​များ​ကို ဘုရားသခင်​ထံ​တင်ပြ​ကြ