စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်ယာဉ်မောင်းတစ်ဦးကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး အခြားသူများသေဆုံးသွားခဲ့လျှင် အသင်းတော်၌ မည်သည့်တာဝန်ရှိသနည်း။
အသင်းတော်သည် သွေးပြစ်ကျူးလွန်မှုအတွက် ဘုံလူစုတာဝန်ကို ရှောင်ရှားဖို့လိုသောကြောင့် သွေးပြစ်ကင်း,မကင်း သေချာသုံးသပ်ဖို့လိုပါသည်။ (တရားဟောရာ ၂၁:၁-၉; ၂၂:၈) ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် သို့မဟုတ် အစိုးရပြဋ္ဌာန်းသော ယာဉ်စည်းကမ်းဥပဒေများကို တမင်ချိုးဖောက်မှုကြောင့် သေဆုံးမှုဖြစ်ပွားသည်ဆိုလျှင် သူသည် သွေးပြစ်ကျူးလွန်ရာ ရောက်ပေမည်။ (မာကု ၁၂:၁၄) သို့သော် အခြားသုံးသပ်စရာအချက်များ ရှိပါသေးသည်။
ဣသရေလနိုင်ငံရှိ ခိုလှုံရာမြို့များသို့ပြေးသော လူသတ်သမားတစ်ဦးသည် အမှုစစ်ဆေးခံရ၏။ သူသည် အမှတ်တမဲ့ လူသတ်မိလျှင် လက်စားချေသူ၏လက်မှလွတ်ရန် ခိုလှုံရာမြို့တွင်နေခွင့်ရသည်။ (တောလည်ရာ ၃၅:၆-၂၅) ထို့ကြောင့် ခရစ်ယာန်တစ်ဦးကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးဦးသေဆုံးသွားခဲ့လျှင် အကြီးအကဲများအနေဖြင့် သူသည် သွေးပြစ်ကျူးလွန်မှုရှိ,မရှိ စုံစမ်းစစ်ဆေးသင့်သည်။ သို့သော် အသင်းတော်၏လုပ်ဆောင်မှုသည် အာဏာပိုင်များ သို့မဟုတ် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် လုံးလုံးမမူတည်ပါ။
သာဓကအနေဖြင့် သူသည် ယာဉ်စည်းကမ်းဥပဒေများကို ချိုးဖောက်သောကြောင့် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ပေမည်။ သို့သော် ထိုအမှုကို စုံစမ်းစစ်ဆေးသော အကြီးအကဲများကမူ သူသည် သေဆုံးမှုဖြစ်ပွားသော အခြေအနေများကို လုံးဝမထိန်းချုပ်နိုင်သောကြောင့် သွေးပြစ်မသင့်ဟု ဆုံးဖြတ်ပေမည်။ တစ်ဖက်တွင် တရားရုံးက အမှုကိုပလပ်လိုက်သည့်တိုင် အကြီးအကဲများကမူ သူသည် သွေးပြစ်သင့်သည်ဟု ဆုံးဖြတ်ပေမည်။
အမှုကို စုံစမ်းစစ်ဆေးသော အကြီးအကဲများ၏ ဆုံးဖြတ်ချက်သည် သမ္မာကျမ်းစာပေါ် အခြေပြုသင့်သည်။ ထို့ပြင် ခြေမြစ်ခိုင်လုံသော အချက်များဖြစ်သည့် ယာဉ်မောင်း၏ဝန်ခံချက် သို့မဟုတ် ယုံကြည်စိတ်ချရသည့် မျက်မြင်သက်သေနှစ်ဦး/သုံးဦး၏ ထွက်ဆိုချက်တို့အပေါ် အခြေပြုသင့်သည်။ (တရားဟောရာ ၁၇:၆; မဿဲ ၁၈:၁၅၊ ၁၆) သွေးပြစ်ကျူးလွန်သည်ဆိုပါက တရားရေးကော်မတီဖွဲ့သင့်သည်။ သွေးပြစ်ကျူးလွန်သူသည် နောင်တရသည်ဟု ကော်မတီက ဆုံးဖြတ်လျှင် သူ့ကို ကျမ်းစာနှင့်အညီ ဆုံးမပဲ့ပြင်မည်ဖြစ်ပြီး အသင်းတော်တာဝန်များကို ကန့်သတ်မည်ဖြစ်သည်။ သူသည် အကြီးအကဲ၊ ဓမ္မအမှုထမ်းအဖြစ် အမှုထမ်းခွင့်ရမည်မဟုတ်ချေ။ အခြားကန့်သတ်ချက်များလည်း ရှိဦးမည်ဖြစ်သည်။ ထို့ပြင် သူ့ပေါ့ဆမှုကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး သေကြေပျက်စီးခဲ့ရသဖြင့် ဘုရားသခင်ရှေ့တွင် စာရင်းရှင်းရမည်။—ဂလာတိ ၆:၅၊ ၇။
ယာဉ်တိုက်မှုဖြစ်ချိန်တွင် ရာသီဥတုဆိုးရွားနေသည်ဆိုပါစို့။ ယာဉ်မောင်းသည် အလွန်သတိရှိနေသင့်သည်။ သူအိပ်ငိုက်နေသည်ဆိုလျှင် ကားရပ်ပြီး ခဏအနားယူသင့်သည်။ သို့မဟုတ် အခြားတစ်ဦးကို မောင်းခိုင်းသင့်သည်။
သတ်မှတ်နှုန်းထက်ပို၍ အရှိန်ပြင်းပြင်း မောင်းနေသည်ဆိုပါစို့။ ထိုသို့မောင်းနှင်သူ ခရစ်ယာန်တိုင်းသည် “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေး” ရန် ပျက်ကွက်နေခြင်းဖြစ်သည်။ ထို့ပြင် ယင်းသည် သေဆုံးမှုများဖြစ်စေနိုင်သောကြောင့် အသက်၏မြင့်မြတ်မှုကို တန်ဖိုးမထားရာရောက်သည်။ (မဿဲ ၂၂:၂၁) ထိုသို့သောကိစ္စတွင် ထပ်ဆင့်သုံးသပ်ဖို့လိုသည်။ အကြီးအကဲတစ်ဦးသည် အစိုးရ၏ ယာဉ်စည်းကမ်းဥပဒေများကို ဂရုမစိုက်၊ တမင်ချိုးဖောက်နေလျှင် သိုးတော်စုရှေ့ မည်သို့သော ပုံသက်သေကိုပြနေခြင်း ဖြစ်မည်နည်း။—၁ ပေတရု ၅:၃။
ခရစ်ယာန်များသည် ချိန်းဆိုမှုပြုရာတွင် အခြားသူများ သတ်မှတ်နှုန်းထက် ပိုမောင်းရသောအခြေအနေမျိုးရောက်အောင် အချိန်မသတ်မှတ်သင့်ပေ။ သို့သော် အများအားဖြင့် ကားမောင်းချိန် လုံလောက်စွာရနိုင်ရန် စောစောထွက်နိုင်သည် သို့မဟုတ် အချိန်ဇယားပြောင်းနိုင်သည်။ ထိုသို့လုပ်ဆောင်ပါက သတ်မှတ်နှုန်းထက် ပိုမောင်းမိမည်မဟုတ်သည့်အပြင် “အစိုးရသောမင်းအာဏာစက်” ချမှတ်ထားသည့် ယာဉ်စည်းကမ်းကို လိုက်နာနိုင်မည်ဖြစ်သည်။ (ရောမ ၁၃:၁၊ ၅) ယင်းက ယာဉ်မောင်းဖြစ်သူကို သွေးပြစ်သင့်စေသော သေကြေမှုများမှ ကာကွယ်ပေးမည်။ ထို့ပြင် ပုံသက်သေကောင်း ချမှတ်နိုင်မည်ဖြစ်ပြီး ကိုယ်ကိုကိုယ်သိစိတ် ကြည်လင်နေမည်ဖြစ်သည်။—၁ ပေတရု ၃:၁၆။