မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခြင်းမေတ္တာကြောင့် သာ၍ရဲရင့်ခြင်း

ချစ်ခြင်းမေတ္တာကြောင့် သာ၍ရဲရင့်ခြင်း

ချစ်ခြင်း​မေတ္တာ​ကြောင့် သာ၍​ရဲရင့်ခြင်း

“ဘုရားသခင်​သည် ကြောက်​တတ်သော​စိတ်​သဘောကို ငါ​တို့အား ပေး​တော်​မူ​သည်မဟုတ်။ တန်ခိုး​ပါ​သော​စိတ်၊ ချစ်တတ်​သော​စိတ်၊ ရှင်းလင်း​သော​စိတ်​သဘောကို​ပေး​တော်​မူ​၏။”—၂ တိမောသေ ၁:၇

၁၊ ၂။ (က) မေတ္တာသည် လူတစ်ဦးကို အဘယ်အရာ​ပြုလုပ်​ရန် စေ့ဆော်​ပေး​နိုင်​သနည်း။ (ခ) ယေရှု၏​ရဲရင့်ခြင်း​သည် အဘယ်ကြောင့် ထူးခြား​သနည်း။

ကြင်စဦး​မောင်နှံ​သည် ဩစတြေးလျ​အရှေ့ဘက် ကမ်းရိုးတန်း​မြို့အနီး​တွင် ရေ​အောက်​အသက်ရှူ​ကိရိယာ​ဖြင့် ရေငုပ်​နေကြ​သည်။ ရေပြင်​ပေါ်​ရောက်​ခါနီး​တွင် ငါးမန်း​ဖြူ​ကြီး​တစ်ကောင်​သည် အမျိုးသမီး​ထံ တ​ရှိန်​ထိုး​ကူး​လာ​သည်။ ချက်ချင်း​ဆို​သလို ယောက်ျား​ဖြစ်သူ​သည် သူ၏​ဇနီး​ကို​ဘေး​သို့​တွန်း​လိုက်ပြီး သူ့အစား​အသေခံ​လိုက်​သည်။ “ကျွန်မ​အတွက် သူ​အသက်ပေး​သွားတယ်” ဟု မုဆိုးမ​ဖြစ်သွား​သူ​ဇနီး​က ဈာပန​အခမ်းအနား​တွင် ပြော​ရှာ​သည်။

မှန်ပါသည်။ မေတ္တာက လူ​တို့ကို အလွန်​ရဲရင့်​ရန် စေ့ဆော်​ပေး​နိုင်​သည်။ ယေရှု​ခရစ်​ကိုယ်တိုင် ဤသို့​မိန့်ဆိုခဲ့သည်– “ကိုယ့်​အဆွေ​တို့​အဖို့​အလို​ငှာ ကိုယ်​အသက်ကို​စွန့်​ခြင်း​မေတ္တာ​ထက် သာ၍​မြတ်သော​မေတ္တာသည် အဘယ်သူ​၌​မျှ​မရှိ။” (ယောဟန် ၁၅:၁၃) ယေရှုသည် ထိုစကား​များ​ပြောဆို​ပြီး ၂၄ နာရီ​ပင်မ​ပြည့်မီ လူတစ်ဦး​အတွက်​မဟုတ်ဘဲ လူသားထု​အတွက် မိမိ​အသက်ကို​ပေး​ဆပ်​တော်​မူ​ခဲ့​သည်။ (မဿဲ ၂၀:၂၈) ထို့​ပြင် ယေရှုသည် အရေးကြုံ​၍ ရုတ်တရက် ရဲရင့်စွာ အသက်ပေး​ဆပ်​လိုက်ခြင်း​မဟုတ်။ မိမိသည် ကဲ့ရဲ့​ရှုတ်ချ​ခံရ​မည်၊ မတရား​သဖြင့် သေဒဏ်​စီရင်ခံ​ရပြီး ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် ကွပ်မျက်​ခံရ​မည်​ကို ကြိုတင်​သိရှိ​ထား​တော်​မူ​သည်။ ထို့​ကြောင့် မိမိ၏​တပည့်​များ​ကို ဤသို့​ကြိုတင်​အသိပေးခဲ့​သည်– “ငါ​တို့သည် ယေရုရှလင်​မြို့​သို့ ယခု​သွား​ကြ​၏။ လူသား​သည် ယဇ်ပုရောဟိတ်​အကြီး၊ ကျမ်း​ပြု​ဆရာ​တို့​လက်​သို့​ရောက်​လိမ့်​မည်။ ထို​သူတို့သည် သေ​ပြစ်​ကို​စီရင်၍ တစ်ပါး​အမျိုးသား​တို့​လက်​သို့ အပ်နှံ​ကြလိမ့်မည်။ သူတို့​သည်လည်း လူသား​အား ပြ​က်ယယ်​ပြုခြင်း၊ ရိုက်ပုတ်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း၊ အသေ​သတ်​ခြင်း​ကို​ပြု​ကြလိမ့်မည်။”—မာကု ၁၀:၃၂-၃၄

၃။ အဘယ်အရာ​ကြောင့် ယေရှု အလွန်​ရဲရင့်​ခဲ့​သနည်း။

အဘယ်အရာ​ကြောင့် ယေရှု အလွန်​ရဲရင့်​ခဲ့​သနည်း။ အဓိက​အားဖြင့် ယုံကြည်ခြင်း​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​တို့​ကြောင့်​ဖြစ်သည်။ (ဟေဗြဲ ၅:၇; ၁၂:၂) သို့သော် ဘုရားသခင်​နှင့် လူလူချင်းကို​ချစ်သော​မေတ္တာ​ကြောင့် ယေရှု သာ၍​ရဲရင့်​ခဲ့​သည်။ (၁ ယောဟန် ၃:၁၆) ယုံကြည်ခြင်း​နှင့် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​အပြင် ထိုသို့​သော​မေတ္တာကို ပြုစု​ပျိုးထောင်​ပါ​က ကျွန်ုပ်​တို့​လည်း ယေရှု​ကဲ့သို့ ရဲရင့်​နိုင်​သည်။ (ဧဖက် ၅:၂) ထို​မေတ္တာကို မည်သို့​ပြုစု​ပျိုးထောင်​နိုင်​သနည်း။ ထို​မေတ္တာ​၏​ရင်းမြစ်ကို အသိအမှတ်ပြု​ဖို့​လို​သည်။

“ချစ်ခြင်း​မေတ္တာသည် ဘုရားသခင်​နှင့်​စပ်ဆိုင်”

၄။ ယေဟောဝါ​သည် မေတ္တာ​၏​ရင်းမြစ်​ဖြစ်သည်ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ယေဟောဝါ​သည် မေတ္တာ​၏​ပြယုဂ်​နှင့်​ရင်းမြစ်​ဖြစ်​တော်​မူ​သည်။ “ချစ်သူ​တို့၊ ငါ​တို့သည် အချင်းချင်းချစ်​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား ချစ်ခြင်း​မေတ္တာသည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ ချစ်တတ်​သော​သူ​မည်​သည်​ကား ဘုရားသခင်​ဖြစ်ပွား​စေတော်မူ​သော​သူ​ဖြစ်၏။ ဘုရားသခင်​ကို​သိ​သော​သူလည်း​ဖြစ်၏။ ချစ်ခြင်း​မရှိသော​သူသည် ဘုရားသခင်​ကို​မသိ။ အကြောင်း​မူ​ကား ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ (၁ ယောဟန် ၄:၇၊ ၈) ထို့​ကြောင့် လူတစ်ဦး​သည် တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူး​ပြီး ယင်းကို နာခံမှု​ရှိ​ရှိ လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် ယေဟောဝါ​ထံ​ချဉ်းကပ်​မှ​သာ ဘုရားသခင်​ကဲ့သို့​သော​မေတ္တာ​မျိုး ရှိလာနိုင်​သည်။—ဖိလိပ္ပိ ၁:၉၊ ၁၀; ယာကုပ် ၄:၈; ၁ ယောဟန် ၅:၃

၅၊ ၆။ ယေရှု၏ အစောပိုင်း​နောက်လိုက်​များသည် အဘယ်ကြောင့် ခရစ်တော်​တင်ပြသော​မေတ္တာ​မျိုး ပြုစု​ပျိုးထောင်​နိုင်​ခဲ့​သနည်း။

ယေရှုသည် သစ္စာရှိ​ တမန်​တော် ၁၁ ပါး​နှင့်အတူ နောက်ဆုံး​အကြိမ်​ဆုတောင်း​စဉ် ဘုရားသခင်​ကို​သိရှိခြင်း​နှင့် မေတ္တာ​တိုးများ​လာ​ခြင်း​တို့ ဆက်စပ်​ကြောင်း ဤသို့​ဖော်ပြ​ခဲ့​သည်– “ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်တော်မူ​သော​မေတ္တာသည် သူတို့၌​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌​ရှိစေ​ခြင်း​ငှာ​လည်းကောင်း ကိုယ်တော်​၏​နာမကို အကျွန်ုပ်သည် သူတို့အား​ပြညွှန်​ပါ​ပြီ​ဖြစ်၍ အစဉ်​ပြညွှန်​ပါ​ပြီ။” (ယောဟန် ၁၇:၂၆) ဘုရားသခင့်​နာမတော်​ကို ကိုယ်စား​ပြုသော ပြိုင်စံရှား​ဂုဏ်ရည်တော်​များ​အကြောင်း အပြော​နှင့်​ရော​အလုပ်​ဖြင့်​ပါ ဖော်ပြခြင်း​ဖြင့် မိမိ​နှင့်​ခမည်းတော်​ကြား​ရှိ​မေတ္တာ​မျိုး တပည့်​များ ပြုစု​ပျိုးထောင်​နိုင်​ရန် ကူညီ​ပေး​ခဲ့​သည်။ ထို့​ကြောင့် ယေရှု ဤသို့​ဆိုနိုင်​ခဲ့​ခြင်း​ဖြစ်၏– “ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏။”—ယောဟန် ၁၄:၉၊ ၁၀; ၁၇:၈

ခရစ်တော်​တင်ပြသော ချစ်ခြင်း​မေတ္တာသည် ဘုရားသခင့်​ဝိညာဉ်​တော်​အသီး​ဖြစ်သည်။ (ဂလာတိ ၅:၂၂) အစောပိုင်း​ခရစ်ယာန်​များသည် အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်း​ခံရသော​အခါ ယေရှု၏​သွန်သင်ချက်​များ​ကို မှတ်မိ​ရုံ​သာမက ကျမ်းစာ​၏​အဓိပ္ပာယ်​ကို​ပါ ပို​၍​သိ​နားလည်​လာ​ကြသည်။ ထိုသို့​ထိုးထွင်း​သိမြင်ခြင်း​ကြောင့် ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာ ပို​ခိုင်မာ​လာ​သည်။ (ယောဟန် ၁၄:၂၆; ၁၅:၂၆) ရလဒ်​ကား​အဘယ်နည်း။ အသက်​အန္တရာယ်​ရှိသည့်​ကြား​မှ​ပင် သတင်းကောင်းကို ဇွဲ​အပြည့်​ဖြင့် သတ္တိရှိရှိ​ဟောပြောခဲ့​ကြသည်။—တမန်​တော် ၅:၂၈၊ ၂၉

ရဲရင့်ခြင်း​နှင့်​မေတ္တာကို လက်တွေ့​တင်ပြခြင်း

၇။ ပေါလု​နှင့်​ဗာနဗ​တို့သည် ခရစ်ယာန်​သာသနာပြု​ခရီးတွင် အဘယ်အရာ​ကြုံတွေ့​ခဲ့​ရသနည်း။

တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “ဘုရားသခင်​သည် ကြောက်​တတ်သော​စိတ်​သဘောကို ငါ​တို့အား ပေး​တော်​မူ​သည်မဟုတ်။ တန်ခိုး​ပါ​သော​စိတ်၊ ချစ်တတ်​သော​စိတ်၊ ရှင်းလင်း​သော​စိတ်​သဘောကို​ပေး​တော်​မူ​၏။” (၂ တိမောသေ ၁:၇) ယင်း​မှာ ပေါလု​၏​ကိုယ်တွေ့​ပင်​ဖြစ်၏။ ခရစ်ယာန်​သာသနာပြု​ခရီးတွင် သူနှင့်​ဗာနဗ​တို့ အဘယ်အရာ​ကြုံတွေ့​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ သူတို့သည် အန္တိအုတ်၊ ဣကောနိ၊ လုတ္တရ​အပါအဝင် မြို့များ​စွာ​တွင် ဟောပြောခဲ့​ကြသည်။ မြို့​တိုင်း​တွင် လူ​အချို့ ယုံကြည်သူများ​ဖြစ်လာ​ကြသော်လည်း ဆန့်ကျင်သူ​များလည်း​ရှိသည်။ (တမန်​တော် ၁၃:၂၊ ၁၄၊ ၄၅၊ ၅၀; ၁၄:၁၊) လုတ္တရ​မြို့တွင် လူအုပ်သည် ပေါလု​ကို​ကျောက်ခဲ​နှင့်​ပေါက်​ပြီး သေ​ပြီ​အထင်​နှင့်​ပစ်ထား​ခဲ့​ကြသည်။ သို့သော် ‘တပည့်​တို့သည် ဝိုင်းရံ​၍​နေကြ​စဉ် ပေါလု​သည်​ထ၍ မြို့ထဲ​သို့​ဝင်​ပြန်​၏။ နက်ဖြန်နေ့​၌ ဗာနဗ​နှင့်​တကွ ဒေရဗေ​မြို့​သို့​ထွက်သွား​လေ​၏။’—တမန်​တော် ၁၄:၆၊ ၁၉၊ ၂၀

၈။ ပေါလု​နှင့်​ဗာနဗ​တို့၏​ရဲစွမ်းသတ္တိ​က လူ​တို့ကို နက်နက်ရှိုင်းရှိုင်း​ချစ်​ကြောင်း မည်သို့​ဖော်ပြ​သနည်း။

ထိုသို့​အသက်​အန္တရာယ်​ရှိ​ခြင်း​ကြောင့် ပေါလု​နှင့်​ဗာနဗ​တို့ ကြောက်ရွံ့​ခဲ့​ကြ​သလော။ ဝေးလေစွ! သူတို့သည် ဒေရဗေ​မြို့တွင် ‘လူများ​တို့ကို တပည့်ဖြစ်​စေပြီး​မှ လုတ္တရ​မြို့၊ ဣကောနိ​မြို့၊ အန္တိအုတ်မြို့​တို့ကို အစဉ်​အတိုင်း​လှည့်လည်​၍​ပြန်​ကြ​၏။’ အဘယ်ကြောင့်​နည်း။ ယုံကြည်ခြင်း​တွင်​ခိုင်မြဲ​နေဖို့ လူသစ်များ​ကို အားပေး​ရန်ဖြစ်​သည်။ ‘များပြား​သော​ဆင်းရဲခြင်း​ကို​ခံ​၍ ဘုရားသခင်​၏​နိုင်ငံတော်​သို့​ဝင်​ရ​ကြ​မည်’ ဟု ပေါလု​နှင့်​ဗာနဗ​တို့​ဆို​သည်။ ယေရှု၏ “သိုး​တို့ကို” ချစ်သော​မေတ္တာ အလွန်​နက်ရှိုင်း​သောကြောင့် သူတို့​ရဲရင့်​ခဲ့​သည်​မှာ ရှင်းနေပါသည်။ (တမန်​တော် ၁၄:၂၁-၂၃; ယောဟန် ၂၁:၁၅-၁၇) သူတို့​နှစ်ဦး​သည် အသင်းတော်​အသစ်များ​တွင် အကြီးအကဲ​များ​ခန့်အပ်​ပြီး​နောက် ဆုတောင်းပေး​ပြီး “သင်းဝင်သူ​တို့​ယုံကြည်​သော သခင်​ဘုရား​၏​လက်တော်​သို့ ထို​အသင်းတော်​တို့ကို အပ်နှံ​ကြ​၏။”

၉။ ပေါလု​၏​မေတ္တာကို ဧဖက်​မြို့မှ​အကြီးအကဲ​များ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ပေါလု​သည် အလွန်​ဂရုစိုက်​တတ်​ပြီး ရဲရင့်သူ​ဖြစ်​ရာ အစောပိုင်း​ခရစ်ယာန်​များစွာ သူ့ကို​အလွန်​ချစ်​ကြသည်။ သူသည် ဧဖက်​မြို့တွင် သုံးနှစ်​လုံး​နေထိုင်ခဲ့​ပြီး ဆန့်ကျင်မှု​များစွာ ကြုံ​ခဲ့​ရသည်။ ထို​မြို့မှ​အကြီးအကဲ​များနှင့်​တွေ့ဆုံ​သောအခါ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ (တမန်​တော် ၂၀:၁၇-၃၁) ဘုရားသခင် အပ်နှင်း​ထားသော သိုးတော်စု​ကို​ထိန်းကျောင်း​ရန် အားပေးပြီး​နောက် သူတို့နှင့်​အတူ ဒူးထောက်​ဆုတောင်း​လေ​သည်။ ထို့နောက် “ထို​သူအပေါင်း​တို့သည် အလွန်​ငိုကြွေး​၍ ပေါလု​၏​လည်ပင်း​ကို​ဖက်ယမ်း​လျက် သူ့ကို​နမ်း​ကြ​၏။ နောက်​တစ်ဖန် သူ၏​မျက်နှာကို​မမြင်​ရ​ဟူသော​စကား​ကြောင့် သာ၍​ကြေကွဲ​သော​စိတ်​နှင့် ပေါလု​ကို​သင်္ဘော​သို့ ပို့လိုက်​ကြ​၏။” ထို​ညီအစ်ကို​များ ပေါလု​ကို အလွန်​ချစ်​လှ​သည်​တကား! မှန်ပါသည်။ ဒေသခံ​အကြီးအကဲ​များသည် ပေါလု​နှင့်​သူ၏​အပေါင်းအဖော်​တို့ကို မသွား​စေ​လို​သောကြောင့် သူတို့သည် မခွဲခွာ​ချင်​ဘဲ​ခွဲခွာ​ခဲ့​ရသည်။—တမန်​တော် ၂၀:၃၆–၂၁:၁

၁၀။ မျက်မှောက်ခေတ်​ယေဟောဝါသက်သေ​များသည် အချင်းချင်းချစ်​သည့်​မေတ္တာကို မည်သို့ ရဲရဲရင့်ရင့်​တင်ပြ​ခဲ့​သနည်း။

၁၀ ယနေ့ နယ်လှည့်​ကြီးကြပ်မှူး​များ၊ အသင်းတော်​အကြီးအကဲ​များနှင့် အခြားသူများ​စွာ​သည် ယေဟောဝါ​၏​သိုးတော်စု​အတွက် ရဲရင့်​ခဲ့​ကြသော​ကြောင့် အလွန်​ချစ်​မြတ်နိုး​ခံရ​ကြသည်။ ဥပမာ၊ ပြည်တွင်းစစ်​ဖြစ်ပွား​သော​နိုင်ငံ​များ သို့​မဟုတ် ဟောပြောခြင်း​လုပ်ငန်း​ကို ပိတ်ပင်​ထားသော​နိုင်ငံ​များ​တွင် နယ်လှည့်​ကြီးကြပ်မှူး​များနှင့် သူတို့၏​ဇနီး​များသည် အသက်​အန္တရာယ်​ရှိ​နိုင်​ပြီး လွတ်လပ်ခွင့် ဆုံးရှုံး​နိုင်​သည့်​ကြား​မှ အသင်းတော်များ​ထံ လည်ပတ်​ခဲ့​ကြသည်။ ထို​နည်းတူ သက်သေခံ​များစွာ​သည် သူတို့၏​သက်သေခံချင်း​များ​ကို သစ္စာ​မ​ဖောက်​သောကြောင့် သို့​မဟုတ် မည်သည့်​နေရာ​မှ ဝိညာဉ်​အစာ​ရရှိကြောင်း မပြောပြ​သောကြောင့် ကြမ်းတမ်းသော​အုပ်စိုးရှင်​များနှင့် သူတို့​လက်​ပါး​စေ​များ​၏ နှိပ်စက်မှု​ခံ​ခဲ့​ရသည်။ အခြားသူ​ထောင်ပေါင်း​များစွာမှာ သတင်းကောင်း​ဆက်​ဟောပြောသော​ကြောင့် သို့​မဟုတ် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ယုံကြည်သူချင်း​များနှင့် ဆက်​ပေါင်းသင်း​သောကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ပြီး အသတ်​ပင်​ခံ​ခဲ့​ရသည်။ (တမန်​တော် ၅:၂၈၊ ၂၉; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်​တို့​လည်း ထို​ရဲရင့်​သော​ညီအစ်ကို​ညီအစ်မ​များ​၏ ယုံကြည်ခြင်း​နှင့်​မေတ္တာကို တုပ​နိုင်​ကြ​ပါစေ။—၁ သက်သာလောနိတ် ၁:၆

သင်၏​ချစ်ခြင်း​မေတ္တာ မအေး​စက်​စေ​နှင့်

၁၁။ စာတန်​သည် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို အဘယ်​နည်းများဖြင့် ဝိညာဉ်​ရေး​တိုက်ပွဲ​ဆင်နွှဲ​နေသနည်း။ သူတို့​အဘယ်အရာ​ပြုလုပ်​ရန် လိုအပ်​သနည်း။

၁၁ စာတန် မြေကြီးပေါ်​သို့ ချပစ်​ခံရ​ချိန်​တွင် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​ရန် သူ​ရည်ရွယ်​ခဲ့​သည်။ အကြောင်း​မှာ သူတို့သည် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို​စွဲလမ်း​သော” ကြောင့်​ဖြစ်သည်။ (ဗျာ. ၁၂:၉၊ ၁၇) စာတန်​၏​နည်း​ပရိယာယ်​တစ်ခု​မှာ နှိပ်စက်​ညှဉ်းပန်း​ခြင်း​ဖြစ်သည်။ သို့သော် ယင်းသည် ဘုရားသခင့်​လူများ​ကို ခရစ်ယာန်​မေတ္တာ​နှောင်ကြိုး ပို​ခိုင်မာ​လာ​စေပြီး ပို​ဇွဲရှိ​စေသော​ကြောင့် ဆန့်ကျင်ဘက်​အကျိုး​သက်ရောက်​လေ့​ရှိသည်။ နောက်​နည်း​ပရိယာယ်​တစ်ခု​မှာ အပြစ်ပြု​လို​သော​ဆန္ဒ​ဖြစ်သည်။ ယင်းကို​တွန်းလှန်​ရန် ရဲစွမ်းသတ္တိ​ရှိဖို့လို​သည်။ အကြောင်း​မှာ ယင်းသည် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ‘အလွန်​စဉ်းလဲ​ယိုယွင်းသော​နှလုံး’ အတွင်းရှိ မသင့်​တော်​သော​အလိုဆန္ဒများကို တွန်းလှန်​ရသော အတွင်း​တိုက်ပွဲ​ဖြစ်သော​ကြောင့်​တည်း။—ယေရမိ ၁၇:၉; ယာကုပ် ၁:၁၄၊ ၁၅

၁၂။ ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာ လျော့နည်း​သွားစေရန် ‘လောက​စိတ်ဓာတ်’ ကို စာတန် မည်သို့​အသုံးပြု​သနည်း။

၁၂ စာတန်​၏​လက်နက်​တိုက်​မှ တန်ခိုး​ပါ​သော နောက်​လက်နက်​တစ်ခု​မှာ ‘လောက​စိတ်ဓာတ်’ ဖြစ်​ပြီး ယင်း​၏​သြဇာလွှမ်း​မိုး​မှု သို့​မဟုတ် လှုံ့ဆော်မှု​သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် လုံးဝ​ဆန့်ကျင်​သည်။ (၁ ကောရိန္သု ၂:၁၂) လောက​စိတ်ဓာတ်​သည် “မျက်စိ​တပ်မက်​ခြင်း” ဖြစ်သော လို​ဘ​ကြီးခြင်း​နှင့်​ရုပ်​ဝါဒ​လိုက်စားခြင်း​တို့ကို မြေ​တောင်​မြှောက်​ပေး​သည်။ (၁ ယောဟန် ၂:၁၆; ၁ တိမောသေ ၆:၉၊ ၁၀) ရုပ်ပစ္စည်း​များနှင့်​ငွေကြေး​ကိုယ်နှိုက်​က အန္တရာယ်​မရှိ​သော်လည်း ဘုရားသခင်​ထက် ယင်း​တို့ကို​ချစ်​လာ​ပါ​က စာတန်​အောင်ပွဲ​ဆင်​မည်​ပင်။ လောက​စိတ်ဓာတ်​၏​အစွမ်း သို့​မဟုတ် “တန်ခိုး” သည် အပြစ်ပြု​လို​သော​သွေးသား​ဆန္ဒ​ကို ဆွဲဆောင်​ပြီး လိမ္မာ​ပါးနပ်​သည်၊ အဆက်မပြတ်​သြဇာ​သက်ရောက်​ပြီး လေ​ကဲ့သို့ နေရာတိုင်း​တွင်​ပျံ့နှံ့​နေသည်။ သင့်​နှလုံးကို လောက​စိတ်ဓာတ် မ​ကူးစက်​စေပါ​နှင့်။—ဧဖက် ၂:၂၊ ၃; သု. ၄:၂၃

၁၃။ ကိုယ်ကျင့်တရား​သန့်ရှင်းမှုကို​ထိန်းသိမ်းရာ​တွင် ကျွန်ုပ်​တို့၏​ရဲရင့်မှု မည်သို့​စမ်းသပ်​ခံရ​နိုင်​သနည်း။

၁၃ လောက​၏​ဆိုးညစ်သော​စိတ်ဓာတ်​ကို တွန်းလှန်​ပြီး ကိုယ်ကျင့်တရား​သန့်ရှင်း​နေ​ရန် ရဲရင့်မှု​လို​သည်။ ဥပမာ၊ ညစ်ညမ်း​သော​ပြကွက်​များ ပေါ်လာ​ပါ​က ရုပ်ရှင်​ရုံ​မှ​ထ​ထွက်သွား​ရန်၊ ကွန်ပျူတာ သို့​မဟုတ် တီဗွီ​ကို ပိတ်​လိုက်​ရန် ရဲရင့်​ဖို့​လို​သည်။ အကျိုးမပြုသော ရွယ်တူချင်း​ဖိအား​ကို တွန်းလှန်​ရန်၊ မကောင်းသော​အပေါင်းအသင်း​ကို အဆက်ဖြတ်​ပစ်​ရန် ရဲရင့်​ဖို့​လို​သည်။ ထို​နည်းတူ ကျောင်းနေ​ဖက်၊ အလုပ်ဖော် သို့​မဟုတ် ဆွေမျိုးသားချင်း​များ​၏ ကဲ့ရဲ့​လှောင်ပြောင်​ခံရသော​အခါ ဘုရားသခင့်​ပညတ်​နှင့်​မူများ​အတိုင်း အသက်ရှင်​ရန် ရဲရင့်​ဖို့​လို​သည်။—၁ ကောရိန္သု ၁၅:၃၃; ၁ ယောဟန် ၅:၁၉

၁၄။ လောက​စိတ်ဓာတ် ကူးစက်​ခံ​နေရ​ပါ​က ဘာ​ပြုလုပ်​သင့်​သနည်း။

၁၄ ထို့​ကြောင့် ဘုရားသခင်​နှင့် ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​များ​ကို ချစ်​သည့်​မေတ္တာ​ခိုင်မာ​နေ​ရန် အလွန်​အရေးကြီး​လှ​သည်​တကား! တစ်နည်း​နည်းဖြင့် လောက​စိတ်ဓာတ်​ကူးစက်​နေ,မနေ​သိ​ရန် သင့်​ပန်းတိုင်​များနှင့်​ဘဝ​ပုံစံ​ကို အချိန်​ယူ​ဆန်းစစ်​ပါ။ အကယ်၍ ထိုသို့​ကူးစက်​နေလျှင် သို့​မဟုတ် ကူးစက်​စ​ပြု​နေလျှင်​ပင် ယင်းကို အမြစ်ပါ​မကျန်​ထုတ်ပစ်​နိုင်​သည်​အထိ ရဲစွမ်းသတ္တိ​ရှိဖို့ ယေဟောဝါ​ထံ​ဆုတောင်း​ပါ။ ထိုသို့​စိတ်ရင်းမှန်​ဖြင့်​တောင်း​သည့် အသနားခံချက်များ​ကို ယေဟောဝါ​လျစ်လျူရှု​မည်​မဟုတ်ပေ။ (ဆာလံ ၅၁:၁၇) ထို့​ပြင် ကိုယ်တော့်​ဝိညာဉ်တော်သည် လောက​ဝိညာဉ်​ထက် သာ၍​တန်ခိုး​ကြီး​ပေ​သည်။—၁ ယောဟန် ၄:၄

ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ​ကို ရဲရင့်စွာ​ရင်ဆိုင်​ခြင်း

၁၅၊ ၁၆။ ခရစ်တော်​တင်ပြသော​မေတ္တာ​မျိုး​က ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ​ကို ရင်ဆိုင်​ဖြေရှင်းရန် မည်သို့​ထောက်ကူ​သနည်း။ ဥပမာ​ပေး​ပါ။

၁၅ ယေဟောဝါ​၏​ကျေးကျွန်​များသည် မစုံလင်မှု​၏​ဆိုးကျိုး​များ၊ ဇ​ရာ​ထောင်း​မှု၊ ရောဂါ၊ မသန်စွမ်းမှု၊ စိတ်ဓာတ်ကျ​မှု​နှင့် အခြား​ပြဿနာ​များစွာ ရင်ဆိုင်​နေရ​သည်။ (ရောမ ၈:၂၂) ခရစ်တော်​တင်ပြသော​မေတ္တာ​မျိုး​က ထို​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​ဖြေရှင်း​နိုင်​စေ​သည်။ ဇမ်ဘီယာ​နိုင်ငံ​ရှိ ခရစ်ယာန်​မိသားစုတွင်​ကြီးပြင်း​လာသော နာမ​န်​ဂေါ်လွာ​၏ အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ သူသည် နှစ်နှစ်​သမီး​အရွယ်​တွင် မသန်မစွမ်း​ဖြစ်​ခဲ့​သည်။ “ကျွန်မ​ရဲ့​ပုံပန်း​သွင်ပြင်​ကို လူတွေ​မြင်ရင် လန့်​သွားမှာပဲ​လို့ တွေးမိ​ပြီး အရမ်း​ရှက်​ခဲ့​တယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​က ကိစ္စရပ်​တွေ​ကို တခြား​နည်းနဲ့​ရှုမြင်​နိုင်​ဖို့ ကူညီ​ပေး​ခဲ့​တယ်။ ဒါ​ကြောင့် အရှက်​ကြီး​တဲ့​စိတ်​ကို ကျော်လွှား​နိုင်​ပြီး နှစ်ခြင်း​ခံနိုင်​ခဲ့​တယ်” ဟု​သူ​ပြောပြ​သည်။

၁၆ နာမ​န်​ဂေါ်လွာ​တွင် ဘီးတပ်​ကုလားထိုင်​ရှိသော်လည်း သဲ​ရွှံ့​ထူထပ်​သော​လမ်းပေါ်တွင် လေး​ဖက်​ထောက်​သွား​ရလေ့​ရှိသည်။ သို့သော် တစ်နှစ်​လျှင် အနည်းဆုံး​နှစ်လ အရန်ရှေ့ဆောင်​အဖြစ် ဓမ္မ​အမှု​တွင်​ပါဝင်​သည်။ အိမ်ရှင်​တစ်ဦး​ဆိုလျှင် သူ​သက်သေခံ​စဉ် မျက်ရည်ကျခဲ့​သည်။ အဘယ်ကြောင့်​နည်း။ ညီအစ်မ​၏​ယုံကြည်ခြင်း​နှင့်​ရဲရင့်ခြင်း​ကို အလွန်​စိတ်စွဲ​မှတ်​သွား​၍​ဖြစ်သည်။ ယေဟောဝါ​၏​ကြွယ်ဝသော​ကောင်းချီး​ကြောင့် နာမ​န်​ဂေါ်လွာ​၏​ကျမ်းစာ​သင်အံမှု​ငါး​ခု​မှာ နှစ်ခြင်း​ခံ​ပြီး တစ်ဦး​မှာ အသင်းတော်​အကြီးအကဲ​ပင်​ဖြစ်နေ​ပေ​ပြီ။ “တစ်ခါ​တ​လေ ခြေထောက်​က သိပ်​ကိုက်ခဲ​တာ​ပဲ။ ဒါပေမဲ့ အဲဒါ​ကြောင့် ဘယ်တော့မှ​အလျှော့မပေး​ဘူး” ဟု​သူ​ပြော​သည်။ အဆိုပါ​ညီအစ်မ​သည် ကိုယ်ခန္ဓာ​အားနည်း​သော်လည်း ဘုရားသခင်​နှင့်အိမ်နီးချင်း​ကို​ချစ်သော​မေတ္တာ​ကြောင့် စိတ်​ဝိညာဉ်​မှာ​မူ​အားရှိ​သော ကမ္ဘာ​တစ်ဝန်း​မှ သက်သေခံ​များစွာ​အနက် တစ်ဦး​သာ​ဖြစ်သည်။ ထို​သူအား​လုံး​သည် ယေဟောဝါ​ရှေ့တွင် နှစ်သက်ဖွယ်​ကောင်း​လိုက်​လေ​ခြင်း!—ဟဂ္ဂဲ ၂:၇

၁၇၊ ၁၈။ များစွာသော​သူတို့သည် ဖျားနာ​မှု​နှင့် အခြား​စမ်းသပ်မှု​များ​ကို အဘယ်ကြောင့် ခံရပ်​နိုင်​ကြ​သနည်း။ သင့်​ဒေသ​မှ ဥပမာ​အချို့​ပေး​ပါ။

၁၇ နာတာရှည်​ရောဂါ​က​လည်း စိတ်ပျက်​အားလျော့​စေနိုင်​သည်။ အသင်းတော်​အကြီးအကဲ​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​စာအုပ်ကြီး​သင်တန်း​အုပ်စု​မှာ ညီအစ်မ​တစ်ယောက်​က ဆီး​ချို​ရောဂါ​သည်​ဖြစ်​ပြီး ကျောက်ကပ်​ပျက်စီး​နေပြီ။ နောက်​ညီအစ်မ​တစ်ယောက်​က ကင်ဆာ​ရောဂါ​သည်၊ နှစ်ယောက်​က လေး​ဖက်​နာ​ရောဂါ​သည်၊ တစ်ယောက်​က​တော့ အရေပြား​ရောဂါ​နဲ့ ကြွက်သား​အမျှင်​နာ​ရောဂါ​ရှိတယ်။ တစ်ခါ​တ​လေ သူတို့​စိတ်ဓာတ်ကျ​ကြတယ်။ ဒါပေမဲ့ အရမ်း​နေမကောင်းတဲ့​အခါ ဒါမှ​မဟုတ် ဆေးရုံ​တက်​နေတဲ့​အခါ​က​လွဲလို့ အစည်းအဝေး​မပျက်​ကြဘူး။ သူတို့​အားလုံး လယ်ကွင်း​လုပ်ငန်းမှာလည်း မှန်မှန်​ပါဝင်​ကြတယ်။ အဲဒါ​က “ငါသည်​အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏” ဆို​တဲ့ ပေါလု​ရဲ့​စကား​ကို ပြန်​အမှတ်​ရစေတယ်။ သူတို့ရဲ့​မေတ္တာနဲ့ ရဲစွမ်းသတ္တိကို လေးစား​မိတယ်။ သူတို့ရဲ့​ကျန်းမာ​ရေး​အခြေအနေ​က ဘဝမှာ တကယ်​အရေးကြီးတဲ့​အရာ​ကို ပို​ပြီး​အာရုံစိုက်​စေတယ်။”—၂ ကောရိန္သု ၁၂:၁၀

၁၈ အိုမင်းမစွမ်း​ဖြစ်မှု၊ ဖျားနာ​မှု သို့​မဟုတ် အခြား​ပြဿနာ​တစ်ခုခု​နှင့် သင်​ဆိုင်ပြိုင်​နေရ​ပါ​က စိတ်ဓာတ်ကျ​မှု​၏​သားကောင်​မဖြစ်စေ​ရန် “မခြားမလပ်​ဆုတောင်း” ပါ။ (၁ သက်သာလောနိတ် ၅:၁၄၊ ၁၇) စိတ်အားတက်​ချိန်၊ စိတ်ဓာတ်ကျ​ချိန်​ရှိ​နိုင်​သည်​မှာ မှန်​သော်လည်း စိတ်အားတက်​စေသော ဝိညာဉ်​ရေးရာ​များ၊ အထူးသဖြင့် အဖိုးတန်​နိုင်ငံတော်​မျှော်လင့်ချက်ကို အာရုံစိုက်​နိုင်​ရန်​ကြိုးစား​ပါ။ ညီအစ်မ​တစ်ဦး​က “လယ်ကွင်း​လုပ်ငန်း​က ကျွန်မ​အတွက် ဆေး​စွမ်း​ကောင်း​တစ်လက်​ပဲ” ဟု​ဆို​သည်။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဝေမျှခြင်းက သူ့ကို အပြုသဘော​ရှိစေသည်။

မေတ္တာက အမှား​ပြုသူ​များ​ကို ယေဟောဝါ​ထံ​ပြန်​လှည့်လာ​စေ

၁၉၊ ၂၀။ (က) အပြစ်ပြု​မိ​သူများ ယေဟောဝါ​ထံ​ပြန်လှည့်​လာရန် အဘယ်အရာက ရဲစွမ်းသတ္တိ​ရှိစေ​နိုင်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း သုံးသပ်​မည်​နည်း။

၁၉ ဝိညာဉ်​ရေး​အားနည်း​လာ​သူနှင့် အပြစ်ပြု​မိ​သူများ​အတွက် ယေဟောဝါ​ထံ​ပြန်​လှ​ည်​လာရန် မလွယ်ကူ​ချေ။ သို့သော် သူတို့ အမှန်တကယ်​နောင်တ​ရပြီး ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာ​ပြန်ရှင်​သန်​စေမည်​ဆိုလျှင် လိုအပ်သော​ရဲစွမ်းသတ္တိ ရှိလာ​ပါ​လိမ့်​မည်။ အမေရိကန်​ပြည်ထောင်စု​မှ မာ​ရီယို * ၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ မာ​ရီယို​သည် ခရစ်ယာန်​အသင်းတော်ကို​ကျောခိုင်း​ခဲ့​ပြီး အရက်သမား​နှင့် မူးယစ်​ဆေးစွဲ​သူ​ဖြစ်လာ​သည်။ အနှစ် ၂၀ ကြာသော် ထောင်ကျ​ခဲ့​သည်။ “အဲဒီ​အချိန်​ကျ​မှ အနာဂတ်​အကြောင်း လေးလေးနက်နက်​တွေးမိ​ပြီး ကျမ်းစာ​ပြန်ဖတ်​ခဲ့​တယ်။ ယေဟောဝါ​ရဲ့​အရည်အသွေးတွေ အထူးသဖြင့် ကျွန်တော်​ဆုတောင်း​နေကျ ကိုယ်တော့်​ကရုဏာ​အတွက် ကျေးဇူး​တင်​လေးမြတ်​လာတယ်။ ထောင်​က​လွတ်​လာပြီး​တဲ့​နောက် အပေါင်းအသင်း​ဟောင်း​တွေ​နဲ့ အဆက်ဖြတ်​လိုက်တယ်၊ အစည်းအဝေးတွေ​တက်ပြီး တဖြည်းဖြည်း အရင်​အခြေအနေ​မှန်​ကို​ပြန်​ရောက်​လာတယ်။ ကိုယ်​စိုက်​ခဲ့​တဲ့​အတိုင်း ရိတ်​နေ​ရပေမဲ့ အနည်းဆုံး​တော့ ကျွန်တော့်​မှာ အံ့ဖွယ်​မျှော်လင့်ချက်​ရှိတယ်။ ယေဟောဝါ​ရဲ့ ကရုဏာ​နဲ့​ခွင့်လွှတ်​မှု​အတွက် ကျေးဇူး​တင်​လို့​မဆုံး​ဘူး” ဟု မာ​ရီယို​ပြောပြ​သည်။—ဆာလံ ၁၀၃:၉-၁၃; ၁၃၀:၃၊ ၄; ဂလာတိ ၆:၇၊ ၈

၂၀ မာ​ရီယို​ကဲ့သို့​သော​အခြေအနေ​ရှိ​သူများ ယေဟောဝါ​ထံ​ပြန်လှည့်​လာရန် ခက်ခက်ခဲခဲ​ကြိုးပမ်း​ရမည်​မှာ မှန်ပါသည်။ သို့သော် ကျမ်းစာ​ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း​နှင့် တွေးတော​ဆင်ခြင်ခြင်း​တို့​ဖြင့် သူတို့၏​မေတ္တာကို ပြန်လည်​ရှင်သန်​စေမည်​ဆိုပါ​က လိုအပ်သော​ရဲစွမ်းသတ္တိ​ရှိပြီး စိတ်ပိုင်းဖြတ်​နိုင်​ပါ​လိမ့်​မည်။ မာ​ရီယို​သည် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်​ကြောင့်​လည်း ခွန်အား​ရှိလာ​ခြင်း​ဖြစ်သည်။ မေတ္တာ၊ ယုံကြည်ခြင်း​နှင့် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​တို့​အပြင် မျှော်လင့်ခြင်းသည် ကျွန်ုပ်​တို့၏​အသက်တာ ကောင်းစား​ရန် အစွမ်းထက်​သော​တွန်းအား​ဖြစ်​နိုင်​သည်။ နောက်​ဆောင်းပါး​တွင် အဆိုပါ​အဖိုးတန်​ဝိညာဉ်​ရေး​ဆုကျေးဇူး​အကြောင်း အသေးစိတ်​ဆွေးနွေး​ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 နာမည်​ပြောင်း​ထား​သည်။

သင်​ဖြေဆို​နိုင်​သလော

• မေတ္တာက ယေရှုကို မည်သို့​အလွန်​ရဲရင့်​စေ သနည်း။

• ညီအစ်ကို​များ​ကို​ချစ်​သည့်​မေတ္တာက ပေါလု​နှင့်​ဗာနဗ​ကို မည်သို့​ထူးထူးခြားခြား​ရဲရင့်​စေ သနည်း။

• ခရစ်ယာန်​မေတ္တာကို တိုက်စား​ရန် အဘယ်နည်း​လမ်းများ​ကို စာတန်​အသုံးပြု​သနည်း။

• ယေဟောဝါ​ကို​ချစ်​သည့်​မေတ္တာက အဘယ်​စမ်းသပ်မှု​များ​ကို ရဲစွမ်းသတ္တိ​ရှိ​ရှိ ခံရပ်​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လူ​တို့ကို​ချစ်​သည့် ပေါလု​၏​မေတ္တာက ရဲစွမ်းသတ္တိ အပြည့်​ဖြင့် ဇွဲရှိ​ရှိ​လုပ်ဆောင်​စေ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဘုရားသခင့်​စံနှုန်း​များ​ကို ကိုင်စွဲ​ရန် ရဲစွမ်းသတ္တိ​လိုအပ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

နာမ​န်​ဂေါ်လွာ စူ​တူ​တူ