မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

တရားဟောရာ ၃၁:၂ တွင် မောရှေ​သည် ဣသရေလ​ခေါင်းဆောင်​တစ်ဦး​အဖြစ် “ထွက်​ဝင်​ခြင်း​ငှာ နောက်​တစ်ဖန်​မတတ်နိုင်” ဟု​ဆို​ထား​သော်လည်း ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​တွင် ဣသရေလ​ခေါင်းဆောင်​တစ်ဦး​အဖြစ် လုပ်ဆောင်ခွင့်​မပြု​ဟု အဘယ်ကြောင့်​ဆို​ထား​သနည်း။

မေးခွန်း​တွင်​ပါ​သော ဟေဗြဲ​စကားလုံး​ကို အဓိပ္ပာယ်​နှစ်မျိုး​ပြန်ဆို​နိုင်​သော်လည်း ဘာသာပြန်​ကျမ်း​အချို့​က မောရှေ​သည် အသက်ကြီး​ပြီး အိုမင်းမစွမ်း​ဖြစ်လာ​သောကြောင့် ခေါင်းဆောင်​တာဝန်​ကို မ​ထမ်းဆောင်​နိုင်​တော့​ခြင်း​ဖြစ်သည်ဟု ဖော်ပြ​ကြသည်။ ဥပမာ၊ ခေတ်သုံး​မြန်မာ​သမ္မာကျမ်း​က မောရှေ၏​စကား​ကို ဤသို့​ဖော်ပြ​သည်– “ယခု ငါသည် အသက်​တစ်​ရာ့​နှစ်​ဆယ်​ရှိပြီ​ဖြစ်၍ သင်တို့အား ဆက်လက်​ခေါင်းဆောင်​နိုင်​တော့​မည်​မဟုတ်။” အလားတူ၊ သမာကျမ်း​တွင် ဤသို့​ဆို​၏– “ငါသည် ယနေ့ အသက်​တစ်​ရာ့​နှစ်​ဆယ်​ပြည့်​၍ ချီ​ဝင်​ခြင်း၊ ချီ​ထွက်​ခြင်း​ကို ဆက်လက်​ပြု​နိုင်​တော့​မည်​မဟုတ်။”

သို့သော် တရားဟောရာ ၃၄:၇ က မောရှေ​သည် အသက်ကြီး​ပြီ​ဖြစ်သော်လည်း အိုမင်းမစွမ်း​မဖြစ်သေး​ဟု ဖော်ပြ​သည်။ ထို​တွင်​ဤသို့​ဆို​၏– ‘မောရှေ​သည် ကွယ်လွန်​သောအခါ အသက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ၏။ သူ၏​မျက်စိ​မ​မှု​န်​သေး။ ခွန်အား​လည်း​မ​လျော့​သေး။’ ထို့​ကြောင့် မောရှေ​သည် ဣသရေလ​လူမျိုး​ကို ဦးဆောင်​နိုင်စွမ်း​ရှိသည်။ သို့သော် မောရှေ​ဆက်​ဦးဆောင်ဖို့ ယေဟောဝါ​အလိုတော်​မရှိပေ။ ယင်းကို မောရှေ​ဆက်​ပြော​သော ဤ​စကား​က​ဖော်ပြ​၏– ‘ထာဝရ​ဘုရားသခင်​က​လည်း “သင်သည် ယော်ဒန်​မြစ်ကို​မ​ကူး​ရ” ဟု​မိန့်တော်မူ​ပြီ။’ ယေဟောဝါ​သည် မေရိဘ​အရပ်၌ မိန့်တော်မူသော​စကား​ကို ပြန်​ပြောဆို​နေခြင်း ဖြစ်ပုံရ​သည်။—တောလည်ရာ ၂၀:၉-၁၂

မောရှေ​သည် အသက်ရှည်ရှည်​နေခဲ့ရ​ပြီး ဘဝတွင် ထူးခြားသော​ဖြစ်ရပ်​များ​ကို တွေ့ ကြုံ​ခဲ့​ရသည်။ သူ့​အသက်တာကို သုံး​ပိုင်း​ပိုင်းခြား​နိုင်​သည်။ အီဂျစ်​ပြည်​တွင် အနှစ် ၄၀ နေထိုင်ခဲ့​ပြီး ထို​တွင် “အဲဂုတ္တု​အတတ်ပညာ အလုံးစုံ​တို့ကို​သင်​၍ နှုတ်​သတ္တိ၊ လက်သတ္တိ” ရှိသူ​ဖြစ်သည်။ (တမန်​တော် ၇:၂၀-၂၂) ထို့နောက် မိဒျန်​ပြည်​တွင် အနှစ် ၄၀ နေထိုင်ခဲ့​သည်။ ထို​တွင် ယေဟောဝါ​၏​လူမျိုးတော်ကို ဦးဆောင်​ရန် လိုအပ်​သည့်​ဝိညာဉ်​ရေး​အရည်အသွေးများ​ကို သင်ယူ​ခဲ့​သည်။ နောက်ဆုံး​တွင် ဣသရေလ​လူမျိုး​ကို အနှစ် ၄၀ ဦးဆောင်​အုပ်ချုပ်​ခဲ့​သည်။ သို့သော် ယခု ယော်ဒန်​မြစ်ကို​ဖြတ်​ပြီး ဣသရေလ​လူမျိုး​ကို ကတိထားရာ​ပြည်တော်​ထဲ ဦးဆောင်​ခေါ်သွား​မည့်​သူ​မှာ မောရှေ​မဟုတ်ဘဲ ယောရှု​ဖြစ်သည်ဟု ယေဟောဝါ​ဆုံးဖြတ်​ခဲ့​၏။—တရားဟောရာ ၃၁:၃

ထို့​ကြောင့် ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​က တရားဟောရာ ၃၁:၂ ၏​အဓိပ္ပာယ်​အမှန်​ကို ဖော်​ပြပေး​သည်။ မောရှေ​သည် ကာယ​စွမ်းရည်​မရှိသော​ကြောင့် ဣသရေလ​လူမျိုး၏​ခေါင်းဆောင်​အဖြစ် ဆက်​မ​လုပ်နိုင်​ခြင်း​မဟုတ်ဘဲ ယေဟောဝါ​ခွင့်​မပြု​သောကြောင့် ဆက်​မ​လုပ်နိုင်​ခြင်း​ဖြစ်သည်။