ဘဝပြဿနာများကို ယေဟောဝါရှင်ကူညီဖြေရှင်းပေးခဲ့
ဘဝအတ္ထုပ္ပတ္တိ
ဘဝပြဿနာများကို ယေဟောဝါရှင်ကူညီဖြေရှင်းပေးခဲ့
ဒေးလ်အာဝန် ပြောပြသည်
“ရှစ်ယောက်ဆိုတော်လောက်ပြီ! လေးမြွှာပူးမွေးလို့ နှစ်ဆဗျာများ။” သမီးလေးယောက်ရှိတဲ့ ကျွန်တော့်မိသားစုမှာ လေးမြွှာပူးမွေးတဲ့အကြောင်း ဒေသခံသတင်းစာခေါင်းကြီးပိုင်းက အဲဒီလိုကြေညာတယ်။ ကျွန်တော်လူငယ်ဘဝတုန်းက ကလေးယူဖို့မပြောနဲ့၊ အိမ်ထောင်ပြုဖို့တောင် ရည်ရွယ်ချက်မရှိခဲ့ဘူး။ အခုတော့ ကလေးရှစ်ယောက်အဖေဖြစ်နေပြီ!
ကျွန်တော့်ကို ၁၉၃၄ ခုနှစ်၊ ဩစတြေးလျနိုင်ငံ၊ မာရီဘာမြို့မှာ မွေးဖွားခဲ့တာပါ။ မွေးချင်းသုံးယောက်မှာ ကျွန်တော်က အထွေးဆုံးပေါ့။ နောက်ပိုင်း ကျွန်တော့်မိသားစု ဘရစ္စဘိန်းကိုပြောင်းရွှေ့ ခဲ့ပြီး အဲဒီကမက်သဒစ်ချာ့ခ်ျမှာ အမေက ဆန်းဒေးစကူးလ်ဆရာမ လုပ်တယ်။
၁၉၃၈ ခုနှစ်အစောပိုင်းမှာ ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်က ညီအစ်ကို ဂျိုးဇက်အက်ဖ် ရပ်သဖော့ဒ်ဟာ ဩစတြေးလျနိုင်ငံထဲ ဝင်ခွင့်မရနိုင်တဲ့အကြောင်း ဒေသခံသတင်းစာမှာပါလာတယ်။ သိပ်မကြာဘူး၊ ကျွန်တော်တို့အိမ်ကို သက်သေခံတစ်ယောက် ရောက်လာတဲ့အခါ အမေက “ဘာကြောင့် သူ့ကို ဒီလိုလုပ်ရတာလဲ” လို့ မေးလိုက်တယ်။ “ယေရှုက သူ့နောက်လိုက်တွေ နှိပ်စက်ညှဉ်းဆဲခံရမယ်လို့ မိန့်ဆိုခဲ့တယ်မဟုတ်လား” ဆိုပြီး သက်သေခံကပြန်ဖြေတယ်။ အဲဒီနောက် စစ်မှန်တဲ့ဘာသာနဲ့ မှားယွင်းတဲ့ဘာသာရဲ့ ခြားနားချက်တွေအများကြီးဖော်ပြထားတဲ့ ကုစားခြင်းဆိုတဲ့စာအုပ်ငယ်ကို အမေလက်ခံလိုက်တယ်။ * အဲဒီစာအုပ်ငယ်ကို အမေသဘောကျတာနဲ့ နောက်တနင်္ဂနွေနေ့မှာ သားသမီးတွေကိုခေါ်ပြီး ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးကို သွားတက်ခဲ့တယ်။ အစပိုင်းမှာ အဖေက အပြင်းအထန်ကန့်ကွက်ပေမဲ့ တစ်ခါတလေကျတော့ သူသိချင်တဲ့ ကျမ်းစာမေးခွန်း တွေရေးပြီး ညီအစ်ကိုတစ်ယောက်ကိုပေးဖို့ အမေနဲ့ပါးလိုက်တယ်။ အဲဒီညီအစ်ကိုက ကျမ်းစာအဖြေတွေရေးပြီး အဖေ့ဆီပြန်ပို့ပေးတယ်။
တနင်္ဂနွေတစ်နေ့မှာ အဖေက ကျွန်တော်တို့နဲ့အတူ အစည်းအဝေးလိုက်တက်တယ်။ ရည်ရွယ်ချက်ကတော့ သက်သေခံတွေကို မနှစ်သက်ကြောင်းပြောဖို့ပေါ့။ ဒါပေမဲ့ အသင်းတော်ကိုလာလည်ပတ်တဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ စကားပြောဆိုပြီးနောက်ပိုင်း အဖေစိတ်ပြောင်းသွားတယ်။ ကျွန်တော်တို့အိမ်မှာတောင် ပတ်စဉ်စာအုပ်ကြီးသင်တန်း ကျင်းပခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ဒေသက စိတ်ဝင်စားသူတချို့ လာတက်ကြတယ်။
၁၉၃၈ စက်တင်ဘာလမှာ ကျွန်တော့်မိဘတွေ နှစ်ခြင်းခံတယ်။ ၁၉၄၁၊ ဒီဇင်ဘာလရောက်တော့ နယူးဆောက်ဝေး၊ ဆစ်ဒနီက ဟာဂရေးဗ်ပန်းခြံမှာကျင်းပတဲ့ ပြည်လုံးကျွတ်စည်းဝေးကြီးမှာ ကျွန်တော်တို့မောင်နှမတွေ နှစ်ခြင်းခံတယ်။ ကျွန်တော်ကတော့ ခုနစ်နှစ်သားအရွယ်ပေါ့။ အဲဒီနောက်ပိုင်း မိဘတွေနဲ့အတူ အမှုဆောင်မှန်မှန်ထွက်ခဲ့တယ်။ အဲဒီတုန်းက သက်သေခံတွေက ခရီးဆောင်ဓာတ်စက်တွေကို တစ်အိမ်ပြီးတစ်အိမ်သယ်သွားပြီး အိမ်ရှင်တွေကို ကျမ်းစာဟောပြောချက်တွေ ဖွင့်ပြရတယ်။
ကျွန်တော်မှတ်မှတ်ရရဖြစ်နေတဲ့ သက်သေခံတစ်ဦးကတော့ ဘတ်ဟော်တွန်ပါပဲ။ သူ့ကားအမိုးပေါ်မှာ အသံချဲ့စက်နဲ့ စပီကာကြီးကို တပ်ဆင်ထားတယ်။ ညီအစ်ကိုဘတ်နဲ့အတူ အမှုဆောင်ရတာ အထူးသဖြင့် ကျွန်တော့်လိုလူငယ်အတွက် စိတ်တက်ကြွစရာကောင်းတယ်။ ဥပမာ၊ ကုန်းမြင့်ပေါ်ကနေ ကျမ်းစာဟောပြောချက်တွေကိုဖွင့်ပြတဲ့အခါ ရဲကားက ကျွန်တော်တို့ဆီလာနေတာ တွေ့ရတတ်တယ်။ ဒါနဲ့ ညီအစ်ကိုဘတ်က ဓာတ်စက်ကို ချက်ချင်းပိတ်၊ မိုင်အနည်းငယ်ဝေးတဲ့ နောက်ကုန်းမြင့်တစ်ခုကိုမောင်းသွားပြီး ထပ်ဖွင့်ပြပြန်တယ်။ ညီအစ်ကိုဘတ်နဲ့ သူ့လိုပဲရဲရင့်တဲ့ သစ္စာရှိညီအစ်ကိုတွေကြောင့် ကျွန်တော် ယေဟောဝါကိုယုံကြည်ကိုးစားပြီး ရဲရင့်တတ်လာတယ်။—မဿဲ ၁၀:၁၆။
ကျွန်တော် ၁၂ နှစ်အရွယ်မှာ နေ့တိုင်းကျောင်းဆင်းပြီးတာနဲ့ သက်သေခံထွက်တယ်။ တစ်ခါတော့ အက်ဒ်ဟက်မိသားစုနဲ့ တွေ့ဆုံတယ်။ နောက်တော့ မိဘနှစ်ပါးစလုံးအပြင် ကလေးရှစ်ယောက်နဲ့ မြေးတွေလည်း အမှန်တရားသင်ယူခဲ့ကြတယ်။ ချာတိတ်လေးဖြစ်တဲ့ကျွန်တော်က ဒီမိသားစုကြီး အမှန်တရားသိရှိလာအောင် ကူညီပေးခွင့်ရတဲ့အတွက် ယေဟောဝါကိုသိပ်ကျေးဇူးတင်မိတယ်။—မဿဲ ၂၁:၁၆။
အစောပိုင်း လုပ်ငန်းတော်အခွင့်ထူးများ
ကျွန်တော်အသက် ၁၈ နှစ်မှာ အချိန်ပြည့်ရှေ့ဆောင်ဖြစ်လာပြီး နယူးဆောက်ဝေး၊ မိတ်လန်းမြို့မှာ တာဝန်ကျတယ်။ ၁၉၅၆ ခုနှစ်မှာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီဌာနခွဲရုံးမှာအမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီမှာ အမှုထမ်း ၂၀ လောက်ရှိပြီး သုံးပုံတစ်ပုံက ကောင်းကင်နိုင်ငံတော်မှာ ယေရှုနဲ့အတူအုပ်စိုးဖို့ မျှော်လင့်ချက်ရှိတဲ့ ဝိညာဉ်တော်ဖွားတွေဖြစ်တယ်။ သူတို့နဲ့အတူ အမှုဆောင်ရတာ သိပ်အခွင့်ထူးတာပဲ။—လုကာ ၁၂:၃၂; ဗျာ. ၁:၆; ၅:၁၀။
တစ်ကိုယ်ရေဘဝနဲ့ပဲ အရိုးထုတ်မယ်ဆိုတဲ့ ကျွန်တော်က ရှေ့ဆောင်ညီအစ်မ ဂျူဒီဟဲလ်ဘဂ်နဲ့လည်းတွေ့ရော စိတ်ပြောင်းသွားတယ်။ သူက စည်းဝေးကြီးအတွက် အစီအစဉ်တစ်ခုလုပ်နေတဲ့ကျွန်တော့်ကို ခဏကူညီဖို့ ဌာနခွဲကိုဖိတ်ခေါ်ခံရတဲ့ မိန်းမချောလေးပါ။ ကျွန်တော်နဲ့ဂျူဒီ ချစ်ကြိုက်သွားပြီး နှစ်နှစ်ကြာတော့ လက်ထပ်ခဲ့တယ်။ အဲဒီနောက် ယေဟောဝါသက်သေတွေရဲ့အသင်းတော်ကို ပတ်စဉ်လည်ပတ်အားပေးရတဲ့ တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့စပါဝင်ခဲ့တယ်။
၁၉၆၀ ပြည့်နှစ်မှာ ကျွန်တော်တို့ရဲ့သမီးဦး ကင်မ်မွေးဖွားလာတယ်။ အခုဆိုရင်တော့ ကလေးရရင် တိုက်နယ်လုပ်ငန်းက ရပ်နားရမှာဖြစ်တယ်။ အံ့ဩစရာက အသင်းတော်တွေကို ဆက်လည်ပတ်ဖို့ ဖိတ်ခေါ်ခံရတယ်။ အကြိမ်ကြိမ်ဆုတောင်းပြီးမှ ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်တယ်။ ဒီလိုနဲ့ပဲ ကွင်းစလန်နဲ့မြောက်ပိုင်းဒေသတစ်လျှောက်က အသင်းတော်တွေကိုလည်ပတ်တဲ့အခါ ခုနစ်လသမီးလေးကင်မ်လည်း ကျွန်တော်တို့နဲ့အတူ ဘတ်စကား၊
ရထား၊ လေယာဉ်နဲ့ မိုင် ၈,၀၀၀ ခရီးဆန့်ခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်တို့မှာ ကိုယ်ပိုင်ကားမရှိဘူး။ညီအစ်ကိုညီအစ်မတွေရဲ့အိမ်မှာ အမြဲတည်းရတယ်။ ရာသီဥတုပူအိုက်တဲ့အတွက် အိပ်ခန်းတံခါးအစား ကန့်လန့်ကာတွေပဲသုံးကြတော့ ညရေးညတာ သမီးကင်မ်ငိုတဲ့အခါ ကျွန်တော်တို့ အတော့်ကိုစိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်။ ကလေးငယ်ကိုပြုစုစောင့်ရှောက်ရင်း တိုက်နယ်တာဝန်ထမ်းဆောင်ရတာ အတော်ခက်ခဲမှန်း သဘောပေါက်လာတယ်။ ဒါကြောင့် ဘရစ္စဘိန်းမှာအခြေချပြီး စီးပွားဖြစ်လုပ်ငန်းဖြစ်တဲ့ ဆိုင်းဘုတ်ရေးတဲ့အလုပ် လုပ်ခဲ့တယ်။ ကင်မ်မွေးပြီးနှစ်နှစ်မှာ သမီးလေးပီတီနာ မွေးလာတယ်။
အဖြစ်ဆိုးကို ရင်ဆိုင်ဖြေရှင်းခြင်း
၁၉၇၂ ခုနှစ်၊ သမီးလေးတွေ ၁၂ နှစ်နဲ့ ၁၀ နှစ်အရွယ်စီရှိကြတဲ့အချိန်မှာ ဂျူဒီက ပြန်ရည်ဂလင်းကင်ဆာတစ်မျိုးဖြစ်တဲ့ ဟော့ဂျ်ကင်ရောဂါကြောင့် ဆုံးပါးသွားရှာတယ်။ ကျွန်တော့်မိသားစု ဖြေမဆည်နိုင်အောင် ကြေကွဲခဲ့ရတယ်။ ဒါပေမဲ့ ဂျူဒီဖျားနာချိန်ကနေ ဆုံးသွားချိန်တစ်လျှောက်လုံး သမ္မာကျမ်းစာ၊ သန့်ရှင်းသောဝိညာဉ်တော်၊ ညီအစ်ကိုအသင်းအပင်းတွေကတစ်ဆင့် ကျွန်တော်တို့ကို ယေဟောဝါနှစ်သိမ့်ပေးခဲ့တယ်။ အဖြစ်ဆိုးကြုံရပြီးနောက် အချိန်ကိုက်ရရှိတဲ့ ကင်းမျှော်စင်ကလည်း ခွန်အားရှိစေတယ်။ အဲဒီဆောင်းပါးမှာ ချစ်ရသူဆုံးပါးသွားတာအပါအဝင် ကိုယ်ရေးကိုယ်တာအခက်အခဲတွေကို ဖြေရှင်းနည်းအကြောင်းပါတယ်။ အဲဒီလိုအခက်အခဲတွေက သည်းခံခြင်း၊ ယုံကြည်ခြင်း၊ သမာဓိစောင့်သိခြင်းစတဲ့ အရည်အသွေးကောင်းတွေ ဘယ်လိုနည်းနဲ့ရှိလာစေတယ်ဆိုတာကိုလည်း ရှင်းပြတယ်။ *—ယာကုပ် ၁:၂-၄။
ဂျူဒီမရှိတဲ့နောက်ပိုင်း ကျွန်တော်တို့သားအဖတွေ ပိုပြီးတွယ်တာလာတယ်။ မိခင်တာဝန်ရော ဖခင်တာဝန်ကိုပါ ကျေပွန်နိုင်ဖို့ အတော်ရုန်းကန်ရတာဝန်ခံပါတယ်။ ဒါပေမဲ့ သမီးနှစ်ယောက်က လိမ္မာရေးခြားရှိကြတော့ အတော်လေးအလုပ်သက်သာတယ်။
အိမ်ထောင်သစ်ထူပြီး မိသားစုကြီးဖြစ်လာ
နောက်ပိုင်းကျတော့ ကျွန်တော် အိမ်ထောင်သစ်ထူခဲ့တယ်။ နောက်ဇနီးဖြစ်တဲ့ မေရီနဲ့ကျွန်တော့်မှာ ဆင်တူချက်တွေအများကြီးရှိတယ်။ သူရဲ့ခင်ပွန်းလည်း ဟော့ဂျ်ကင်ရောဂါနဲ့ပဲဆုံးသွားတယ်။ သူ့မှာ ကော်လီးန်နဲ့ဂျနီဖာဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။ ကော်လီးန်က ပီတီနာထက် သုံးနှစ်ငယ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့မိသားစုမှာ အသက် ၁၄ နှစ်၊ ၁၂ နှစ်၊ ၉ နှစ်နဲ့ ၇ နှစ်အရွယ်စီရှိကြတဲ့ သမီးလေးယောက်ရှိလာတယ်။
မိထွေးပထွေးရဲ့ဆုံးမစကားကို ကလေးတွေလက်ခံလာတဲ့အချိန်အထိ ကိုယ့်သမီးအရင်းတွေကို ကိုယ်ဆုံးမမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ကြတယ်။ ကျွန်တော်နဲ့မေရီကတော့ စည်းကမ်းချက်နှစ်ခု သတ်မှတ်တယ်။ တစ်ခုက ကလေးတွေရှေ့မှာ ဘယ်တော့မှ စကားမများကြဖို့၊ နောက်တစ်ခုက ပြဿနာတွေကြုံခဲ့ရင် ဧဖက် ၄:၂၆၊ ၂၇ မှာပါတဲ့ ကျမ်းစာမူအတိုင်းလိုက်နာပြီး ပြေလည်တဲ့အထိ အချိန်ယူဆွေးနွေးကြဖို့ ဖြစ်တယ်။
အားလုံးက မိထွေးပထွေးမိသားစုမှာ နေသားကျလာပေမဲ့ ကျွန်တော်တို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေက ချက်ချင်းလျော့ပါးမသွားပါဘူး။ ဥပမာ၊ တနင်္လာနေ့ညက မေရီ “ငိုရှိုက်တဲ့ည” ဖြစ်လာတယ်။ မိသားစုသင်အံမှုပြီးလို့ သမီးတွေအိပ်ရာဝင်သွားတဲ့အခါ မေရီက သူမျိုသိပ်ထားတဲ့ခံစားချက်တွေကို ရင်ဖွင့်လေ့ရှိတယ်။
မေရီက ကလေးလိုချင်တယ်။ ဝမ်းနည်းစရာက ကိုယ်ဝန်ပျက်ကျသွားတယ်။ နောက်တစ်ကြိမ် မေရီကိုယ်ဝန်ရှိလာတယ်။ တီဗွီဓာတ်မှန်ရိုက်တဲ့အခါ လေးမြွှာပူးလွယ်ထားတာ သိလိုက်
ရတော့ မယုံနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ အခု ကျွန်တော် ၄၇ နှစ်အရွယ်မှာ ကလေးရှစ်ယောက်အဖေဖြစ်တော့မယ်။ ၁၉၈၂၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ ၃၂ ပတ်အရွယ်မှာ လေးမြွှာပူးကိုဗိုက်ခွဲမွေးတယ်။ ကြီးစဉ်ငယ်လိုက်အနေနဲ့ ကလင့်က ၃.၅ ပေါင်၊ စင်ဒီက ၄.၂ ပေါင်၊ ဂျရမီက ၃.၁ ပေါင်၊ ဒန်းနက်တ်က ၃.၈ ပေါင်ဖြစ်တယ်။ တစ်ယောက်မှ ရုပ်ချင်းမဆင်ကြဘူး။မေရီမီးဖွားပြီးတာနဲ့ သူ့ဆရာဝန်က ကျွန်တော့်အနားလာထိုင်တယ်။
“ကလေးတွေကိုပြုစုစောင့်ရှောက်ဖို့ တွေးပူနေသလား” လို့မေးတယ်။
“ဟုတ်တယ်ဗျာ၊ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးဘူး” ဆိုပြီး ကျွန်တော်ပြန်ဖြေတယ်။
သူဆက်ပြောတဲ့စကားကြောင့် ကျွန်တော်အံ့သြမိသလို အားလည်းရှိသွားတယ်။
“ခင်ဗျားရဲ့အသင်းတော်က ခင်ဗျားကိုပစ်မထားပါဘူး။ အခက်အခဲသေးသေးမွှားမွှားကြုံရရင်တောင် ဝိုင်းဝန်းကူညီကြလိမ့်မယ်။”
ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေကြောင့် ကလေးတွေ နှစ်ပတ်အတွင်း ကျန်းကျန်းမာမာနဲ့ ဆေးရုံဆင်းနိုင်ခဲ့တယ်။
လေးမြွှာပူးကိုပြုစုပျိုးထောင်ရန် စိန်ခေါ်ချက်များ
စည်းစနစ်ကျဖို့အတွက် တစ်နေ့တာလုပ်ဆောင်ရမယ့်အရာတွေကို ကျွန်တော်တို့ ဇယားဆွဲတယ်။ သမီးအကြီးလေးယောက်ကလည်း ကလေးတွေကို ကောင်းကောင်းဂရုစိုက်တယ်။ ဆရာဝန်ပြောတဲ့အတိုင်း အခက်အခဲအသေးအဖွဲလေးကြုံရရင်တောင် အသင်းတော်က ဝိုင်းဝန်းကူညီပေးကြတယ်။ မိတ်ဆွေရင်းချာဖြစ်တဲ့ ဂျွန်မက်အာသာက ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ သက်သေခံတွေကိုခေါ်ပြီး ကျွန်တော့်အိမ်ကို တိုးချဲ့ပေးတယ်။ အမြွှာလေးတွေ အိမ်ရောက်လာတဲ့အခါ ညီအစ်မတစ်အုပ်စုက ကူညီကြည့်ရှုပေးခဲ့ကြတယ်။ အဲဒီကြင်နာတဲ့လုပ်ရပ်တွေအားလုံးက ခရစ်ယာန်မေတ္တာကို ဖော်ပြနေတယ်။—၁ ယောဟန် ၃:၁၈။
တစ်နည်းပြောရရင် အမြွှာလေးတွေက “အသင်းတော်ပိုင်ကလေးတွေ” ပါပဲ။ အကူအညီပေးကြတဲ့ မေတ္တာရှိညီအစ်ကိုညီအစ်မတွေကို အမြွှာလေးတွေက ဒီနေ့အထိ မိသားစုလိုသဘောထားတယ်။ မေရီလည်း ဇနီးကောင်းတစ်ယောက်၊ သားသမီးတွေကို ကိုယ်ကျိုးစွန့်စောင့်ရှောက်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး ကျမ်းစာနဲ့အဖွဲ့အစည်းကနေ သင်ယူသိရှိတာတွေကို လက်တွေ့ကျင့်သုံးတယ်။ ဒါတွေက အကောင်းဆုံးအကြံဉာဏ်တွေပဲ။—ဆာလံ ၁:၂၊ ၃; မဿဲ ၂၄:၄၅။
အမြွှာလေးတွေကို ထိန်းရတဲ့တာဝန်နဲ့ လုံးပန်းနေရပေမဲ့ အစည်းအဝေးတက်တာ၊ အမှုဆောင်ထွက်တာတွေက ကျွန်တော်တို့အတွက် အရေးပါနေတုန်းပဲ။ ကောင်းချီးတစ်ခုကတော့ စာနာတတ်တဲ့မောင်နှံနှစ်စုံနဲ့ ကျွန်တော်တို့အိမ်မှာပဲ ကျမ်းစာသင်အံမှုကျင်းပရတာဖြစ်တယ်။ အဲဒါက ကျွန်တော်တို့အတွက် ပိုအဆင်ပြေပေမဲ့ မေရီကတော့ သူသိပ်ပင်ပန်းတဲ့အခါတွေမှာ အိပ်နေတဲ့ကလေးကိုချီထားရင်း ကျမ်းစာသင်နေချိန်အတွင်း ငိုက်သွားတတ်တယ်။ နောက်ပိုင်း အဲဒီမောင်နှံနှစ်စုံစလုံး ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေ ဖြစ်လာကြတယ်။
ငယ်စဉ်ကပင် ဝိညာဉ်ရေးတွင် လေ့ကျင့်ပေး
ကျွန်တော်တို့လင်မယားနဲ့ သမီးအကြီးလေးယောက်က အမြွှာလေးတွေကို လမ်းမလျှောက်တတ်ခင်ကတည်းက အမှုဆောင်ခေါ်သွားတယ်။ သူတို့လမ်းလျှောက်တတ်စအရွယ်မှာ မေရီနဲ့ကျွန်တော်က ကလေးနှစ်ယောက်စီကို ခေါ်သွားတဲ့အတွက် သိပ်မခက်ခဲတော့ဘူး။ သူတို့ကြောင့် ဖော်ရွေတဲ့အိမ်ရှင်တွေနဲ့ စကားစပြောဖြစ်လေ့ရှိတယ်။ တစ်နေ့မှာ၊ မွေးတဲ့နေ့နံတူရင် စရိုက်လည်းတူတယ်လို့ တထစ်ချပြောတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကျွန်တော် ဘာမှအငြင်းအခုံမလုပ်ဘဲ နောက်နေ့ပြန်လာလို့ရမလားဆိုပြီး မေးကြည့်တဲ့အခါ သူသဘောတူတယ်။ နောက်တစ်နေ့ အမြွှာလေးယောက်ကိုခေါ်ပြီး ကျွန်တော်ပြန်သွားတော့ သူအံ့ဩသွားတယ်။ ကျွန်တော်လည်း ကလေးတွေကို ကြီးစဉ်ငယ်လိုက်ထားပြီး ရုပ်ရည်ရော ကိုယ်ရည်ကိုယ်သွေးပါ လုံးဝမတူတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်။ ဒါက သူ့အယူအဆကို ထိုးနှက်
လိုက်သလိုပဲ။ “ဒီအယူအဆကတော့ ခင်ဗျားအတွက် ရယ်စရာဖြစ်နေတယ်။ ကျွန်တော် ထပ်လေ့လာရဦးမယ်” လို့သူပြန်ပြောတယ်။အမြွှာလေးတွေ လမ်းလျှောက်တတ်စအရွယ်မှာ တစ်ယောက်မလိမ္မာလို့ အားလုံးကိုဆုံးမရင် စိတ်ဆိုးတတ်ကြတယ်။ ဒါကြောင့် တစ်ယောက်ချင်းစီ ဆုံးမပေးတယ်။ ဘာပဲဖြစ်ဖြစ် စည်းကမ်းချက်တွေက အားလုံးနဲ့သက်ဆိုင်တယ်ဆိုတာ သူတို့သဘောပေါက်ကြတယ်။ ကျောင်းမှာ သူတို့ရဲ့သိစိတ် အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတွေရင်ဆိုင်ရတဲ့အခါ ကျမ်းစာမူတွေအတိုင်းလိုက်နာပြီး အချင်းချင်း အားပေးကူညီကြတယ်။ အမြွှာလေးယောက်မှာ စင်ဒီက ဒိုင်ခံပြောဆိုပေးတယ်။ အမြွှာလေးယောက်ရဲ့အစွမ်းက ပေါ့သေးသေးမဟုတ်ဘူးဆိုတာ လူတွေသိလာကြတယ်။
ဆယ်ကျော်သက်အရွယ်သားသမီးတွေ ယေဟောဝါအပေါ် ဆက်ပြီးသစ္စာရှိနေဖို့ ကူညီပေးတဲ့အခါ ကြုံနေကျအခက်အခဲတွေတော့ ရှိခဲ့တယ်။ အသင်းတော်ရဲ့ မေတ္တာပါထောက်မမှုနဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့ ဝိညာဉ်အစာအလျှံပယ်သာမရရင် ပိုခက်ခဲမှာသေချာတယ်။ မိသားစုကျမ်းစာသင်အံမှု မှန်မှန်လုပ်နိုင်ဖို့၊ ပွင့်ပွင့်လင်းလင်းဆက်သွယ်ဖို့ ကြိုးစားတယ်။ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ သားသမီးရှစ်ယောက်စလုံး ယေဟောဝါကို ဆက်ဝတ်ပြုတဲ့အတွက် ကြိုးစားရကျိုးနပ်ပါတယ်။
ဇရာအိုကာလကို ရင်ဆိုင်ဖြေရှင်းခြင်း
နှစ်တွေတစ်လျှောက် အသင်းတော်အကြီးအကဲ၊ မြို့ကြီးကြပ်မှူး၊ အရန်တိုက်နယ်ကြီးကြပ်မှူးစတဲ့ ဝိညာဉ်ရေးအခွင့်ထူးအများကြီး ရရှိခဲ့တယ်။ သွေးပြဿနာကြုံနေရတဲ့ သက်သေခံလူနာတွေနဲ့ ဆရာဝန်တွေ ပူးပေါင်းဆောင်ရွက်နိုင်အောင်ကူညီပေးရတဲ့ ဒေသခံဆေးရုံဆက်သွယ်ရေး ကော်မတီဝင်တစ်ဦးအဖြစ်လည်း အမှုဆောင်ခဲ့ရတယ်။ ပြီးတော့ ၃၄ နှစ်အတွင်းမှာ ကျွန်တော့်သမီးခြောက်ယောက်အပါအဝင် မင်္ဂလာပွဲ ၃၅၀ ကို တရားဝင်လက်ထပ်ပေးရတဲ့ အခွင့်ထူးလည်းရရှိခဲ့တယ်။
ပထမဇနီးဂျူဒီနဲ့ လက်ရှိဇနီးမေရီတို့ရဲ့ သစ္စာရှိရှိထောက်မပေးမှုအတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးဘူး။ (သု. ၃၁:၁၀၊ ၃၀) အသင်းတော်အကြီးအကဲဖြစ်တဲ့ ကျွန်တော့်ကို အားပေးကူညီရင်းနဲ့ ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းမှာ သူတို့ပုံသက်သေကောင်းပြကြတယ်။ ဒါ့အပြင် သားသမီးတွေ ဝိညာဉ်ရေးအရည်အသွေးတွေ မွေးမြူနိုင်အောင် ကူညီပေးခဲ့တယ်။
၁၉၉၆ ခုနှစ်မှာ ကျွန်တော် ဦးနှောက်ချို့ယွင်းတဲ့ရောဂါဖြစ်လာတာကြောင့် လက်တွေတဆတ်ဆတ်တုန်လာပြီး ဟန်ချက်ပျက်သွားတယ်။ ဆိုင်းဘုတ်မရေးနိုင်တော့ဘူး။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အရင်လိုမလုပ်ဆောင်နိုင်တော့ပေမဲ့ ပျော်ရွှင်နေတုန်းပဲ။ ရလဒ်ကောင်းအနေနဲ့ သက်ကြီးရွယ်အိုတွေကို ပိုပြီးစာနာတတ်လာတယ်။
နောက်ကြောင်းပြန်တွေးကြည့်တဲ့အခါ အခက်အခဲတွေကြားက ပျော်ရွှင်နိုင်အောင် ကျွန်တော်တို့မိသားစုကို ကူညီပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်မဆုံးဖြစ်မိတယ်။ (ဟေရှာယ ၄၁:၁၀) ကောင်းမွန်ပြီး အထောက်အကူပြုလှတဲ့ ညီအစ်ကိုညီအစ်မတွေကိုလည်း ကျွန်တော်တို့လင်မယားရော ကလေးရှစ်ယောက်ကပါ ကျေးဇူးတင်မိတယ်။ သူတို့အားလုံးက ကျွန်တော်တို့ပြောပြနိုင်တာထက် ပိုလို့တောင်မေတ္တာပြခဲ့ကြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ယေဟောဝါသက်သေများထုတ်ဝေခဲ့ပြီး ယခုမထုတ်ဝေတော့ပါ။
^ အပိုဒ်၊ 17 ၁၉၇၂၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၇၄-၈၀ [လိပ်] ကိုရှု။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
၁၉၄၁ ခုနှစ်မှာ အမေ၊ အစ်ကိုဂါ့သ်၊ အစ်မဒေါန်တို့နဲ့အတူ ဆစ်ဒနီစည်းဝေးကြီးအတွက် ခရီးထွက်ဖို့အဆင်သင့်ဖြစ်နေ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကွင်းစလန်မှာ တိုက်နယ်လှည့်စဉ် ဂျူဒီ၊ သမီးလေးကင်မ်နဲ့အတူ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
လေးမြွှာပူးမွေးပြီးတဲ့နောက် သမီးအကြီးလေးယောက်နဲ့ အသင်းတော်က ဝိုင်းဝန်းဖေးမ