မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ရဲရင့်ခြင်း

ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ရဲရင့်ခြင်း

ယုံကြည်ခြင်း​နှင့် ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​တို့​ကြောင့် ရဲရင့်ခြင်း

“အားယူ၍​ရဲရင့်ခြင်း​ရှိ​လော့။ . . . သင်​နှင့်အတူ ယေဟောဝါ ရှိ​တော်​မူ​သည်။”—ယောရှု ၁:၉၊ က​ဘ။

၁၊ ၂။ (က) လူ့​ရှုထောင့်​မှ​ကြည့်​လျှင် ခါ​နာ​န်​လူ​တို့​အပေါ် ဣ​သ​ရေ​လူတို့၏​အောင်နိုင်ခြေ မည်သို့​ရှိ​သနည်း။ (ခ) အဘယ်​အာမခံချက်ကို ယောရှု​ရရှိခဲ့​သနည်း။

ဘီစီ ၁၄၇၃ တွင် ဣသရေလလူ​မျိုး​များသည် ကတိထားရာပြည်​ထဲ​ဝင်ရန် အသင့်​ဖြစ်နေ​ကြသည်။ ရှေ့တွင်​ရင်ဆိုင်​ရမည့် အခက်အခဲ​များနှင့်​ပတ်သက်​၍ သူတို့ကို မောရှေ ဤသို့​သတိပေး​၏– “သင့်​ထက်​အားကြီး​၍ များပြား​သော​လူမျိုး​တို့ကို​လည်းကောင်း၊ မိုးကောင်းကင်ကို​ထိ​သော​မြို့ရိုး​နှင့် ပြည့်စုံသော​မြို့ကြီး​တို့ကို​လည်းကောင်း၊ ‘အာနက​အမျိုးသား​ရှေ့မှာ အဘယ်သူ​ရပ်​နိုင်​သနည်း’ ဟူသော​စကား​ကို သင်ကြား​၍ သင်​သိ​သော အာနက​အမျိုးသား​တည်း​ဟူသော အလွန်​ကြီး​မြင့်သော​လူမျိုး​ကိုလည်း​ကောင်း တိုက်ယူ​ခြင်း​ငှာ ယခု​ယော်ဒန်​မြစ်​တစ်ဖက်​သို့​ကူး​လု​ပြီ။” (တရားဟောရာ ၉:၁၊ ၂) ထို​ထွားကျိုင်း​လှ​သော​စစ်သူရဲ​များ​ကို အမှန်ပင် လူသိ​များ​ကြသည်။ ထို့​ပြင် ခါ​နာ​န်​လူမျိုး​အချို့​တွင် မြင်းများ၊ ဘီး​တွင်​သံ​ဓားကောက်​များ​ရှိသော မြင်းရထား​များ​အပါအဝင် လက်နက်​အပြည့်အစုံ​ရှိသော​စစ်တပ်​များလည်း​ရှိသည်။—တရားသူကြီး ၄:၁၃

ဣသရေလလူ​တို့​မူ ကျေးကျွန်​များ​ဖြစ်​ခဲ့​ပြီး တော​ထဲ​တွင် အနှစ် ၄၀ နေခဲ့ရ​သည်။ ထို့​ကြောင့် လူ့​ရှုထောင့်​မှ​ကြည့်​လျှင် သူတို့​အောင်နိုင်ခြေ​မရှိပေ။ သို့သော် မောရှေ​တွင် ယုံကြည်ခြင်း​ရှိပြီး ယေဟောဝါ​၏​ဦးဆောင်မှု​ကို သူ “မြင်” ခဲ့​သည်။ (ဟေဗြဲ ၁၁:၂၇) ‘သင်၏​ဘုရားသခင် ယေဟောဝါ​သည် သင့်​ရှေ့မှာ​ကြွ​သဖြင့် . . . သူတို့ကို​ဖျက်ဆီး​၍ သင့်​မျက်မှောက်​၌ နှိမ့်ချ​တော်​မူ​မည်’ ဟု လူ​တို့ကို မောရှေ​ပြော​သည်။ (တရားဟောရာ ၉:၃; ဆာလံ ၃၃:၁၆၊ ၁၇) မောရှေ​သေဆုံး​ပြီး​နောက် ယောရှု​ကို ယေဟောဝါ ထောက်မ​မည်​ဖြစ်​ကြောင်း ဤသို့​အာမခံ​၏– “သင်​နှင့် သင်၌​ပါ​သော ဤ​လူအပေါင်း​တို့သည် ယခု​ထ၍ ယော်ဒန်​မြစ်​တစ်ဖက်​သို့​ကူး​ကြလော့။ ဣသရေလ​အမျိုးသား​တို့အား ငါ​ပေး​သော​ပြည်​ကို ဝင်စား​ကြလော့။ သင့်​အသက်​တည်​သည်​ကာလပတ်လုံး သင့်​ရှေ့မှာ အဘယ်သူမျှ​မခံမရပ်​နိုင်ရာ။ မောရှေ​နှင့်အတူ ငါ​ရှိသကဲ့သို့ သင်​နှင့်အတူ ငါ​ရှိ​လိမ့်​မည်။”—ယောရှု ၁:၂၊

၃။ အဘယ်အရာက ယောရှု​ကို ယုံကြည်ခြင်း​နှင့်​ရဲစွမ်းသတ္တိ ရှိစေခဲ့​သနည်း။

ယေဟောဝါ​၏​ထောက်မမှု​နှင့် လမ်းညွှန်မှု​ရ​ရန် ယောရှု​သည် ဘုရားသခင့်​ပညတ်တရား​ကို ဖတ်ရှု​ဆင်ခြင်​ကာ ယင်း​နှင့်​အညီ​အသက်ရှင်​ရမည်။ ယေဟောဝါ ဤသို့​မိန့်ဆို​တော်​မူ​၏– ‘သို့ပြုလျှင် သင်သည် အကြံ​ထမြောက်​၍​အောင်မြင်​လိမ့်​မည်။ သင့်ကို​ငါ​မှာ​ထား​သည်မဟုတ်​လော။ အားယူ၍​ရဲရင့်ခြင်း​ရှိ​လော့။ မကြောက်​နှင့်၊ စိတ်မပျက်​နှင့်။ သွား​လေ​ရာ​ရာ​၌ သင်၏​ဘုရားသခင်​ယေဟောဝါ​ရှိသည်။’ (ယောရှု ၁:၈၊ ၉) ယောရှု​သည် ဘုရားသခင်​ကို နာခံ​ခဲ့​သောကြောင့် ရဲစွမ်းသတ္တိ​ရှိပြီး အောင်မြင်​ခဲ့​လေ​သည်။ သို့သော် သူ့​ခေတ်​မှ​လူ​အများစုမှာ နာခံမှု​မရှိကြ​ပေ။ ထို့​ကြောင့် မအောင်မြင်​ဘဲ တော​တွင် သေဆုံး​ခဲ့​ကြ​ရသည်။

ယုံကြည်ခြင်း​ကင်းမဲ့​သည့်​လူမျိုး ရဲရင့်ခြင်း​မရှိ

၄၊ ၅။ (က) သူလျှို​ဆယ်ဦး​နှင့် ယောရှု​နှင့်​ကာလက်​တို့၏ စိတ်သဘောထား မည်သို့​ခြားနား​သနည်း။ (ခ) ယုံကြည်ခြင်း​ကင်းမဲ့​သော​လူမျိုး​ကို ယေဟောဝါ မည်သို့​တုံ့ပြန်​သနည်း။

ခါ​နာ​န်​ပြည်​သို့​သွားစဉ် အစောပိုင်း​အနှစ် ၄၀ က မောရှေ​သည် ထို​ပြည်​ကို​စူးစမ်း​ရန် သူလျှို ၁၂ ဦး​ကို စေလွှတ်ခဲ့​သည်။ ဆယ်ဦး​မှာ ကြောက်​ဒူး​တုန်​လျက်​ပြန်လာ​ကြ​၏။ “ငါ​တို့​တွေ့မြင်​သော​ပြည်သား​အပေါင်းတို့သည် အလွန်​အရပ်မြင့်​ကြ​၏။ ကိုယ်​ကြီးသော​လူ​အမျိုးအနွယ်၊ [“နက်​ဖလင်​မှ​ဆင်းသက်​သော၊” က​ဘ] အာနက​အမျိုးအနွယ်​ဖြစ်၍ အလွန်​ကြီးမားသော​သူတို့ကိုလည်း မြင်ခဲ့​ကြပြီ။ သူတို့​ရှေ့မှာ ငါ​တို့သည် ကိုယ်​အထင်​အတိုင်း နှံကောင်​ကဲ့သို့​ဖြစ်​ကြ​၏” ဟု သူတို့​ကြောက်လန့်​တ​ကြား​ပြောဆို​ကြသည်။ အာနက​လူမျိုးများ​သာ​မဟုတ်ဘဲ “ပြည်သား​အပေါင်း” သည် အလွန်​ထွားကျိုင်း​ကြ​သလော။ မဟုတ်ပါ။ အာနက​လူမျိုးများ​သည် ရေလွှမ်းမိုး​ဘေး​မတိုင်မီ​ခေတ်​မှ နက်​ဖလင်​များ​၏ မျိုးဆက်​များ​လော။ လုံးဝ​မဟုတ်ပါ။ သို့​တိုင် သူတို့၏​အကျယ်ချဲ့​ပြောဆိုမှု​ကြောင့် စခန်း​တစ်ခုလုံး ကြောက်လန့်​ကုန်သည်။ လူတို့သည် သူတို့​ကျွန်ခံ​ရာ အီဂျစ်​ပြည်​သို့​ပင် ပြန်သွား​လို​ခဲ့​ကြသည်။—တောလည်ရာ ၁၃:၃၁–၁၄:၄

သူလျှို​နှစ်ဦး​ဖြစ်သော ယောရှု​နှင့်​ကာလက်​မှာ​မူ ကတိထားရာပြည်​ထဲ​ဝင်ရန် စိတ်​ပြင်းပြ​လျက် ဤသို့​ပြော​ခဲ့​သည်– ‘ခါ​နာ​န်​လူမျိုးများ​သည် ငါ​တို့​စားစရာ​ဖို့​ဖြစ်​ကြ​၏။ သူတို့၌ အ​မှီ​တံ​ကဲ​မရှိ။ ထာဝရ​ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ​၏။ သို့​ဖြစ်၍ သူတို့ကို မကြောက်​ကြ​နှင့်။’ (တောလည်ရာ ၁၄:၉) ယောရှု​နှင့်​ကာလက်​တို့သည် မိုက်ရူး​ရဲ​ဆန်​ပြီး အကောင်း​ချည်း​သာ​မြင်​နေကြ​ခြင်း​လော။ လုံးဝ​မဟုတ်ပါ။ ယေဟောဝါ​သည် ကပ်ဘေး​ကြီး​ဆယ်ခု​ဖြင့် အား​ကြီးသော​အီဂျစ်​ပြည်​နှင့် ၎င်း​၏​နတ်​ဘုရား​တို့ကို ရှုတ်ချခဲ့​ကြောင်း အခြားသူ​တို့​နည်းတူ သူတို့​မြင်ခဲ့​ကြသည်။ ထို့နောက် ယေဟောဝါ​သည် ဖာရော​မင်း​နှင့် ဗိုလ်ခြေများ​ကို ပင်လယ်နီ​ထဲ လှဲချ​တော်​မူ​ကြောင်း​လည်း မြင်ခဲ့​ကြသည်။ (ဆာလံ ၁၃၆:၁၅) ထို့​ကြောင့် သူလျှို​ဆယ်ဦး​နှင့် သူတို့​စကား​ကို​နားထောင်သူ​တို့ ကြောက်ရွံ့​ကြ​ခြင်း​မှာ လုံးဝ​ခွင့်​မလွှတ်​နိုင်​စ​ရာ​ပင်။ “သူတို့၌​ငါ​ပြ​ခဲ့​ပြီး​သမျှ​သော နိမိတ်​လက္ခဏာ​တို့ကို​မြင်ရ​သော်လည်း အဘယ်မျှ​ကာလပတ်လုံး ငါ့ကို​မယုံ​ဘဲ​နေကြ​လိမ့်​မည်​နည်း” ဟု အလွန်​စိတ်နာ​လျက် ယေဟောဝါ​ဆို​ခဲ့​သည်။—တောလည်ရာ ၁၄:၁၁

၆။ ရဲရင့်ခြင်း​နှင့်​ယုံကြည်ခြင်း​တို့ မည်သို့​ဆက်စပ်​နေသနည်း။ ယင်းကို မျက်မှောက်ခေတ်တွင် မည်သို့​တွေ့ရ​သနည်း။

လူ​တို့​ကြောက်ရွံ့​ရသည့် အကြောင်းရင်း​မှာ ယုံကြည်ခြင်း​ကင်းမဲ့မှု​ကြောင့်​ဖြစ်​ကြောင်း ယေဟောဝါ​ဖော်ထုတ်​ခဲ့​သည်။ မှန်ပါသည်၊ ယုံကြည်ခြင်း​နှင့်​ရဲစွမ်းသတ္တိ​တို့ အနီးကပ်​ဆက်စပ်​နေသော​ကြောင့် ခရစ်ယာန်​အသင်းတော်​နှင့် ယင်း​၏​ဝိညာဉ်​ရေး​စစ်ပွဲ​အကြောင်း တမန်​တော်​ယောဟန် ဤသို့​ရေးနိုင်​ခဲ့​သည်– “လောကကို​အောင်​ခြင်း​အကြောင်း​မူ​ကား ငါ​တို့၏​ယုံကြည်ခြင်း​ပေ​တည်း။” (၁ ယောဟန် ၅:၄) ယနေ့ ယောရှု​နှင့်​ကာလက်​တို့​ကဲ့သို့​သော ယုံကြည်ခြင်း​မျိုး​ကြောင့် ပျို​ပျို​အို​အို၊ ကျန်းမာ​သူ၊ မကျန်းမာ​သူ ယေဟောဝါသက်သေ​ခြောက်​သန်း​ကျော်​သည် ကမ္ဘာ​တစ်ဝန်း​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောနေကြ​သည်။ မည်သည့်​ရန်သူက​မျှ အင်အားကြီး​ပြီး ရဲရင့်​သော ဤသူတို့ကို နှုတ်ဆိတ်​သွား​စေနိုင်​မည်​မဟုတ်ပါ။—ရောမ ၈:၃၁

မရွေ့လျော့​နှင့်

၇။ “ရွေ့​လျော့” ခြင်း​ဟူသည် အဘယ်နည်း။

ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များ​တွင် တမန်​တော်​ပေါလု​ကဲ့သို့​သော စိတ်ဓာတ်​မျိုး​ရှိကြ​သောကြောင့် သတင်းကောင်းကို ရဲရင့်စွာ​ကြေညာ​နေကြ​သည်။ သူ​ဤသို့​ရေးခဲ့​၏– “ငါ​တို့​မူ​ကား ပျက်စီးခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ​မဟုတ်။ စိတ်​ဝိညာဉ်​သည် ကယ်တင်ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံကြည်​သော​သူ​ဖြစ်​ကြ​၏။” (ဟေဗြဲ ၁၀:၃၉) ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန်​များစွာ ကြောက်ရွံ့​သည့်​အချိန်​များ ရှိခဲ့​ဖူး​သောကြောင့် ပေါလု​ဖော်ပြ​သော “ရွေ့​လျော့” ခြင်း​ဟူသည် အခိုက်အတန့်​ကြောက်ရွံ့​ခြင်း​ကို မဆိုလို​ပေ။ (၁ ဓမ္မ​ရာဇဝင် ၂၁:၁၂; ၃ ဓမ္မ​ရာဇဝင် ၁၉:၁-၄) ယင်းအစား “အမှန်တရားကို​စွဲကိုင်​ထားခြင်း​မှ လျှော့ပေါ့” ရန် “နောက်ဆုတ်​သွားခြင်း” ဖြစ်သည်ဟု ကျမ်းစာ​အဘိဓာန်​တစ်အုပ်​က ရှင်းပြသည်။ ထို့​ပြင် ဘုရားသခင့်​အမှုဆောင်ခြင်း​နှင့်​ပတ်သက်​လာ​လျှင် “ရွေ့​လျော့” ခြင်း​သည် “သင်္ဘော​ရွက်​လိပ်​၍ အရှိန်​လျှော့​လိုက်ခြင်း” ကို​အခြေခံ​သည့် တင်စားချက်​လည်း​ဖြစ်​နိုင်​သည်​ဟု​ဆို​၏။ မှန်ပါသည်၊ ယုံကြည်ခြင်း​ခိုင်မာ​သူတို့သည် ညှဉ်းပန်း​နှိပ်စက်ခြင်း၊ နာမကျန်း​ဖြစ်​ခြင်း သို့​မဟုတ် အခြား​မည်သည့်​ပြဿနာ​များ​ကို​ပင် ကြုံတွေ့​ရ​ပါစေ “အရှိန်​လျှော့” လိုက်​ဖို့ မစဉ်း​စား​ကြ​ပါ။ ယင်းအစား ယေဟောဝါ​သည် မိမိတို့ကို အလွန်​ဂရုစိုက်​ပြီး မိမိတို့၏​ကန့်သတ်ချက်​များ​ကို သိ​ရှိကြောင်း သိထားကြ​သဖြင့် ကိုယ်တော့်​အမှုတော်ကို ဆက်​ဆောင်ရွက်​ကြသည်။ (ဆာလံ ၅၅:၂၂; ၁၀၃:၁၄) သင့်​တွင် ထိုသို့​သော​ယုံကြည်ခြင်း​မျိုး​ရှိသလော။

၈၊ ၉။ (က) ယေဟောဝါ​သည် အစောပိုင်း​ခရစ်ယာန်​များ​၏​ယုံကြည်ခြင်းကို မည်သို့​ခိုင်မာ​စေ​ခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ခိုင်မာ​စေရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

တစ်ချိန်​တွင် တမန်​တော်​များသည် မိမိတို့​တွင် ယုံကြည်ခြင်း​မရှိ​ဟု ခံစားရ​သောကြောင့် “ယုံကြည်ခြင်း​စိတ်​ကို တိုးပွား​စေတော်မူ​ပါ” ဟူ၍ ယေရှု​ထံ တောင်းလျှောက်​ကြသည်။ (လုကာ ၁၇:၅) သူတို့၏​စိတ်ရင်းမှန်​ဖြင့်​တောင်းဆိုမှု​သည် အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ဖြေကြား​ခံ​ခဲ့​ရသည်။ ကြို​ကတိပြု​ထား​သည့်​အတိုင်း တပည့်​များသည် ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​၍ ဘုရားသခင့်​နှုတ်မြွက်တော်​နှင့်​ရည်ရွယ်ချက်ကို ပို​၍​ထိုးထွင်း​သိမြင်​လာ​ကြသည်။ (ယောဟန် ၁၄:၂၆; တမန်​တော် ၂:၁-၄) သူတို့၏​ယုံကြည်ခြင်း​ခိုင်မာ​လာပြီး အတားအဆီး​များ​ကြား​မှ “ကောင်းကင်​အောက်​၌​ရှိသမျှ​သော ဝေနေယျ​သတ္တဝါ​တို့” ထံ သတင်းကောင်း​ရောက်ရှိ​စေသည့် ဟောပြောခြင်း​လုပ်ငန်း​ကို အစပြု​ခဲ့​ကြသည်။—ကောလောသဲ ၁:၂၂; တမန်​တော် ၁:၈; ၂၈:၂၂

ယုံကြည်ခြင်း​ခိုင်မာ​စေရန်​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ဆက်​ပါဝင်​နိုင်​ရန် ကျွန်ုပ်​တို့​လည်း ကျမ်းစာ​ကို​လေ့လာ​ပြီး တွေးတော​ဆင်ခြင်​ကာ သန့်ရှင်းသော​ဝိညာဉ်​တော်​ရဖို့ ဆုတောင်း​ရမည်။ ယောရှု၊ ကာလက်​နှင့် အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့ ကျွန်ုပ်​တို့၏​စိတ်နှလုံး​တွင် ဘုရားသခင့်​အမှန်တရား စွဲထင်​နေပါ​မှ ဝိညာဉ်​ရေး​စစ်ပွဲ​တွင် ရဲစွမ်းသတ္တိ​ရှိ​ရှိ ခံရပ်​စေနိုင်​သည့် ယုံကြည်ခြင်း​ရှိလာ​မည်​ဖြစ်​ပြီး အောင်မြင်​နိုင်​မည်​ဖြစ်သည်။—ရောမ ၁၀:၁၇

ယုံကြည်ခြင်း​ဟူသည် ယုံကြည်​ရုံ​မျှ​မဟုတ်

၁၀။ စစ်မှန်သော​ယုံကြည်ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၀ ရှေး​အချိန်​က သမာဓိ​စောင့်ထိန်း​သူများ တင်ပြ​ခဲ့​သည်​အတိုင်း ရဲစွမ်းသတ္တိနှင့်​ခံနိုင်ရည်​ရှိစေ​သော ယုံကြည်ခြင်း​သည် ဘုရားသခင်​ရှိကြောင်း ယုံကြည်ရုံမျှမက​ပေ။ (ယာကုပ် ၂:၁၉) ယေဟောဝါ​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိရှိ​လာပြီး ကိုယ်တော်​အား အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ဖို့​လို​သည်။ (ဆာလံ ၇၈:၅-၈; သု. ၃:၅၊ ၆) ယင်းက ဘုရားသခင့်​ပညတ်​နှင့်​မူများ​ကို နာခံခြင်း​သည် ကျွန်ုပ်​တို့​အကျိုး​အတွက်သာ​ဖြစ်​ကြောင်း စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ခြင်းကို ဆိုလို​သည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါ​၏​ကတိတော်​အားလုံး ပြည့်စုံ​လာ​မည်​ဖြစ်​ပြီး “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို” အပြည့်အဝ​ယုံကြည်​စိတ်ချ​ခြင်း​လည်း ပါဝင်​သည်။—ဟေဗြဲ ၁၁:၁၊ ၆; ဟေရှာယ ၅၅:၁၁

၁၁။ ယောရှု​နှင့်​ကာလက်​သည် ယုံကြည်ခြင်း​နှင့် ရဲစွမ်းသတ္တိ​ရှိ​ခြင်း​ကြောင့် မည်သို့​ဆုချ​ခံ​ခဲ့​ရသနည်း။

၁၁ ထိုသို့​သော​ယုံကြည်ခြင်း​သည် အသေ​မဟုတ်ပေ။ အမှန်တရားကို အသက်တာတွင် ကျင့်သုံး​ခြင်း၊ ယင်း​၏​အကျိုးကျေးဇူးများ​ကို “မြည်းစမ်း” ခြင်း၊ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ ဖြေကြား​ခံရ​ကြောင်း “သိမှတ်” ခြင်း​အပြင် အသက်တာတွင် နည်း​အမျိုးမျိုးဖြင့် ယေဟောဝါ​၏​လမ်းညွှန်မှုကို ခံစား​ရခြင်း​ကြောင့် ယုံကြည်ခြင်း​တိုးများ​လာ​သည်။ (ဆာလံ ၃၄:၈; ၁ ယောဟန် ၅:၁၄၊ ၁၅) ယောရှု​နှင့်​ကာလက်​တို့သည် ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​ကို မြည်းစမ်း​ခဲ့​သောကြောင့် ယုံကြည်ခြင်း​ခိုင်မာ​လာ​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ (ယောရှု ၂၃:၁၄) ဤ​အချက်များ​ကို သုံးသပ်ကြည့်​ပါ– တော​ထဲ​တွင်​အနှစ် ၄၀ လှည့်လည်​ပြီး​နောက် ဘုရားသခင်​၏​ကတိ​အတိုင်း သူတို့​အသက်ရှင်​ကျန်ရစ်​ခဲ့​သည်။ (တောလည်ရာ ၁၄:၂၇-၃၀; ၃၂:၁၁၊ ၁၂) ခါ​နာ​န်​လူမျိုးများ​ကို အနိုင်ယူ​တိုက်ခိုက်​ခဲ့​သည့်​ခြောက်​နှစ်လုံး သူတို့​တက်တက်ကြွကြွ​ပါဝင်​ခဲ့​ရသည်။ နောက်ဆုံး သက်​ရှည်​ကျန်းမာ​စွာ​နေထိုင်ခဲ့​ရသည့်​အပြင် ကိုယ်ပိုင်​အမွေမြေ​များ​ပင် ရရှိခဲ့သည်။ ယေဟောဝါ​သည် မိမိ​အား သစ္စာရှိ​ရှိ၊ ရဲစွမ်းသတ္တိ​ရှိ​ရှိ ဝတ်ပြုသူ​တို့ကို အမှန်ပင် ကြွယ်ဝ​စွာ​ဆုချ​တော်​မူ​သည်။—ယောရှု ၁၄:၆၊ ၉-၁၄; ၁၉:၄၉၊ ၅၀; ၂၄:၂၉

၁၂။ ယေဟောဝါ​သည် မိမိ “ကတိတော်​ကို” မည်သို့ “ချီးမြှောက်” တော်​မူ​သနည်း။

၁၂ ယောရှု​နှင့်​ကာလက်​တို့​အပေါ်​ပြသ​ခဲ့​သော ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​ခြင်း​က ဆာလံဆရာ​၏ ဤ​စကား​များ​ကို​သတိ​ရစေသည်– “ကတိတော်​ကို သတင်း​တော်​ရှိသမျှ​ထက် ချီးမြှောက်​တော်​မူ​ပြီ။” (ဆာလံ ၁၃၈:၂) ယေဟောဝါ​သည် မိမိ​နာမကို​တိုင်တည်​ပြီး ကတိပြု​သောအခါ မျှော်လင့်​ထား​သည်ထက် ပို​၍​ကောင်းမွန်​စွာ​ပြည့်စုံစေခြင်း​ဖြင့် ထို​ကတိတော်​ကို “ချီးမြှောက်” သည်။ (ဧဖက် ၃:၂၀) မှန်ပါသည်၊ ယေဟောဝါ​သည် မိမိ​၌ “မွေ့လျော်” သူတို့ကို မည်သည့်​အခါ​မျှ စိတ်ပျက်​စေမည်​မဟုတ်ပေ။—ဆာလံ ၃၇:၃၊ ၄

“ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့သော​သူ”

၁၃၊ ၁၄။ ဧနောက်​သည် ယုံကြည်ခြင်း​နှင့်​ရဲစွမ်းသတ္တိ အဘယ်ကြောင့်​လိုအပ်​သနည်း။

၁၃ ခရစ်ယာန်​ခေတ်​မတိုင်မီ​က သက်သေခံ​တစ်ဦး​ဖြစ်သူ ဧနောက်​၏​ပုံသက်သေ​ကို သုံးသပ်ခြင်း​ဖြင့် ယုံကြည်ခြင်း​နှင့်​ရဲစွမ်းသတ္တိ​အကြောင်း များစွာ​သိရှိ​နိုင်​သည်။ မိမိ​ယုံကြည်ခြင်း​နှင့်​ရဲစွမ်းသတ္တိ စမ်းသပ်ခံ​ရ​လိမ့်​မည်​ကို ဧနောက် ပရောဖက်မ​ပြု​မီ​က​ပင် သိရှိ​ပုံ​ရသည်။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင်​ကို​ဝတ်ပြုသူ​နှင့် စာတန်​ကို​ဝတ်ပြုသူ​တို့​စပ်ကြား ရန်ငြိုး​ထား​မုန်းတီးမှု​ရှိ​မည်​ဖြစ်​ကြောင်း ဧဒင်​တွင် ယေဟောဝါ​ဖော်ပြ​ခဲ့​သောကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅) ထို့​ပြင် လူ့​သမိုင်းအစ​ပိုင်း​တွင် ကာဣန​သည် ညီ​အာဗေလ​ကို သတ်ပစ်​ချိန်​၌ ထို​မုန်းတီးမှု​ပေါ်ပေါက်​ခဲ့​ကြောင်း​လည်း သူသိ​ရှိ​ထား​သည်။ အမှန်​မှာ သူတို့၏​ဖခင် အာဒံသည် ဧနောက်​မွေးဖွားပြီး နှစ်ပေါင်း ၃၁၀ နီးပါး အသက်ရှင်ခဲ့​သည်။—ကမ္ဘာဦး ၅:၃-၁၈

၁၄ သို့သော် ဧနောက်​သည် “ဘုရားသခင်​နှင့်အတူ​သွားလာ” ခဲ့​ပြီး ယေဟောဝါ​ကို​ပြစ်မှား​၍​ပြော​သော လူတို့၏ “ကြမ်းတမ်းသော​စကား” များ​ကို ပြစ်တင်​ရှုတ်ချခဲ့​သည်။ (ကမ္ဘာဦး ၅:၂၂; ယုဒ ၁၄၊ ၁၅) ဧနောက်​သည် စစ်မှန်သော​ဝတ်ပြုရေး​ဘက် မားမားမတ်မတ်​ရပ်တည်​သောကြောင့် ရန်သူများ​စွာ​ရှိပြီး သူတို့သည် သူ၏​အသက်ကို​ပင် ရန်ရှာ​ခဲ့​ကြသည်။ ထို့​ကြောင့် ယေဟောဝါ​သည် မိမိ​ပရောဖက်​ကို အသေ​ဆိုး​ဖြင့်​သေရ​ခြင်း​မှ ကယ်တင်​ခဲ့​သည်။ ဧနောက်​သည် “ဘုရားသခင်​၏​စိတ်တော်နှင့် တွေ့သော​သူ​ဖြစ်သည်ဟု” ယေဟောဝါ​မိန့်ဆို​ပြီး​နောက် သူ့ကို ပရောဖက်ပြုချက်​ဆိုင်ရာ အတွေး​နယ်​ထဲ​ခေါ်ဆောင်​သွား​ကာ ထို​အခြေအနေ​မျိုး​တွင်​ပင် အသက်ရှင်ခြင်း​မှ​သေခြင်း​သို့ ကူး “ပြောင်း” စေ​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။—ဟေဗြဲ ၁၁:၅၊ ၁၃; ကမ္ဘာဦး ၅:၂၄

၁၅။ ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များ​အတွက် အဘယ်​ပုံသက်သေ​ကို ဧနောက်​ချမှတ်​ခဲ့​သနည်း။

၁၅ ပေါလု​သည် ဧနောက်​၏​ကူး​ပြောင်း​ခြင်း​အကြောင်း ဖော်ပြ​ပြီး​သည်​နှင့် ယုံကြည်ခြင်း​၏ အရေးကြီးမှုကို အလေးပေး​လျက် ဤသို့​ဆို​သည်– “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့်​မ​တွေ့​နိုင်။” (ဟေဗြဲ ၁၁:၆) မှန်ပါသည်၊ ဧနောက်​တွင် ယုံကြည်ခြင်း​ရှိသောကြောင့် ရဲစွမ်းသတ္တိ​ရှိ​ရှိ​ဖြင့် ဘုရားသခင်​နှင့်​လျှောက်လှမ်း​နိုင်​ခဲ့​ပြီး တရား​မဲ့​လောက​အပေါ် ကိုယ်တော့်​တရား​စီရင်ခြင်း​သတင်းကို ကြေညာ​နိုင်​ခဲ့​သည်။ ဤနည်းဖြင့် ဧနောက်​သည် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ချမှတ်​ခဲ့​သည်။ စစ်မှန်သော​ဝတ်ပြုရေးကို ဆန့်ကျင်​ပြီး ဆိုးသွမ်းမှု​အမျိုးမျိုးနှင့် ပြည့်နှက်​နေသော ယနေ့​လောကတွင် ကျွန်ုပ်​တို့​လည်း ထပ်တူ​လုပ်ငန်း​ကို လုပ်ဆောင်နေ​ကြသည်။—ဆာလံ ၉၂:၇; မဿဲ ၂၄:၁၄; ဗျာ. ၁၂:၁၇

ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ကြောင့် ရဲရင့်ခြင်း

၁၆၊ ၁၇။ ဩဗဒိ​ကား မည်သူ​နည်း။ အဘယ်​အခြေအနေ​မျိုးကို သူ​ရင်ဆိုင်ခဲ့​ရသနည်း။

၁၆ ယုံကြည်ခြင်း​အပြင် ရဲစွမ်းသတ္တိ​ရှိစေ​သည့် နောက်​အရည်အသွေး​တစ်ခု​မှာ ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေခြင်း​ပင်​ဖြစ်သည်။ ဘုရားသခင်​အား​ကြောက်ရွံ့​သော ထူးခြားသည့်​စံနမူနာရှင်​တစ်ဦး​ကို သုံးသပ်ကြည့်​ကြ​စို့။ သူသည် ပရောဖက်​ဧလိယ​နှင့် မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​ကို​အုပ်စိုး​သော ဘုရင်​အာဟပ်ခေတ်​တွင် အသက်ရှင်ခဲ့​သည်။ အာဟပ်​စိုးစံချိန်​တွင် မြောက်ပိုင်း​နိုင်ငံ​သည် ဗာလ​ဝတ်ပြုရေး​ကြောင့် အကြီးအကျယ်​အကျင့်​ယိုယွင်း​နေသည်။ လိင်​ဝတ်ပြုရေးတွင်​ပါဝင်သော​ဗာလ​ပရောဖက် ၄၅၀ နှင့် အာရှရပရောဖက် ၄၀၀ တို့သည် အာဟပ်​၏​မိဖုရား “ယေဇဗေလ​စားပွဲ​၌​စား” ခွင့်​ရ​ကြသည်။—၃ ဓမ္မ​ရာဇဝင် ၁၆:၃၀-၃၃; ၁၈:၁၉

၁၇ ယေဟောဝါ​၏ ရက်စက်​ကြမ်းကြုတ်​သော​ရန်သူ ယေဇဗေလသည် စစ်မှန်သော​ဝတ်ပြုရေးကို နိုင်ငံ​မှ အမြစ်ပါ​မကျန်​နုတ်​ပစ်​ရန် ကြိုးစား​ခဲ့​သည်။ ယေဟောဝါ​၏​ပရောဖက်​အချို့​ကို သတ်ပစ်​ပြီး ဧလိယ​ကို​ပင် ကွပ်မျက်​ရန် ကြိုးစား​ခဲ့​သည်။ သို့သော် ဧလိယ​သည် ဘုရားသခင်​ညွှန်ကြား​သည့်​အတိုင်း ယော်ဒန်​မြစ်​တစ်ဖက်​သို့ ထွက်ပြေး​တိမ်းရှောင်​ခဲ့​ရာ လွတ်မြောက်သွား​လေ​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၁-၃; ၁၈:၁၃) ထို​အချိန်​က မြောက်ပိုင်း​နိုင်ငံ​တွင် စစ်မှန်သော​ဝတ်ပြုရေးကို စွဲကိုင်​ထား​ရန် မည်မျှ​ခက်ခဲ​ကြောင်း သင်​တွေးကြည့်​နိုင်​သလော။ နန်းတော်​တွင် အမှုထမ်း​ရ​ပါ​က ပို​၍​ပင်​ခက်​ပေမည်။ အာဟပ်​၏​နန်းတော်​အုပ် ဩဗဒိ * သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သူ​ဖြစ်​ပြီး ထို​အခြေအနေ​မျိုး ရင်ဆိုင်ခဲ့​ရ၏။—၃ ဓမ္မ​ရာဇဝင် ၁၈:၃

၁၈။ ယေဟောဝါ​အား​ဝတ်ပြုသူ​တစ်ဦး​အနေ​နှင့် ဩဗဒိ​ကို အဘယ်အရာက ထူးခြား​စေ​ခဲ့​သနည်း။

၁၈ ဩဗဒိ​သည် ယေဟောဝါ​အား​ဝတ်ပြုရာ​တွင် လိမ္မာ​ပါးနပ်​ပြီး ပညာသတိ​ရှိခဲ့​မည်​မှာ သေချာ​သည်။ သို့သော် အလျှော့ပေး​လိုက်လျော​ခြင်း မပြု​ခဲ့​ပေ။ ၃ ဓမ္မ​ရာဇဝင် ၁၈:၃ [သမ္မာ] က ဤသို့​ဆို​သည်– ‘ဩဗဒိ​သည် ထာဝရ​ဘုရားသခင်​ကို အလွန်​ကြောက်ရွံ့​ရိုသေ​သော​သူ​ဖြစ်၏။’ ဩဗဒိ​၏​ကြောက်ရွံ့​ခြင်း​မှာ အလွန်​ထူးခြား​သည်။ ထို​ကြောက်ရွံ့​ခြင်း​က သူ့ကို အလွန်​ရဲရင့်​စေ​ခဲ့​ရာ ယေဟောဝါ​၏​ပရောဖက်​များ​ကို ယေဇဗေလ​သတ်ပစ်​ပြီး​သည်​နှင့်​ချက်ချင်း သူ၏​ရဲစွမ်းသတ္တိကို ဖော်ထုတ်​လေ​တော့​သည်။

၁၉။ အဘယ်​လုပ်ရပ်က ဩဗဒိ​၏​ရဲစွမ်းသတ္တိကို ထင်ဟပ်ပြ​သနည်း။

၁၉ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– ‘ယေဇဗေလ​သည် ထာဝရ​ဘုရားသခင်​၏​ပရောဖက်​တို့ကို ပယ်​ဖြတ်​သောအခါ ဩဗဒိ​သည် ပရောဖက်​တစ်​ရာ​ကို မြေတွင်း​ထဲမှာ ငါးဆယ်​စီ​ဝှက်ထား​ပြီး​လျှင် မုန့်​နှင့်​ရေ​ကို​ပေး၍ ကျွေး​လေ​၏။’ (၃ ဓမ္မ​ရာဇဝင် ၁၈:၄) သင်​သိ​သည်​အတိုင်း လူ​တစ်​ရာ​ကို တိတ်​တိတ်​ပုန်း​ကျွေးမွေး​ရခြင်း​မှာ အလွန်​အန္တရာယ်​များသော​တာဝန်ဖြစ်​သည်။ ဩဗဒိ​သည် အာဟပ်၊ ယေဇဗေလ​နှင့် နန်းတော်​သို့​ပုံမှန်​လာသော ၎င်းတို့၏​ပရောဖက် ၈၅၀ တို့ မ​ရိပ်မိ​အောင် ရှောင်​ခဲ့​ရသည်။ ထို့​ပြင် တိုင်းပြည်​ရှိ မင်းသား​မှူးမတ်များ​မှ​အစ လယ်သမားများ​အဆုံး မှားယွင်းသော​ဝတ်ပြုရေးကို လိုက်စားသူ​များလည်း ဘုရင်​နှင့်​မိဖုရား​၏​မျက်နှာသာ​ရဖို့ ဩဗဒိ​ကို​ဖော်ထုတ်​ရန် အခွင့်အရေး​မှန်သမျှကို အသုံးချ​ကြ​မည်​မှာ ယုံမှားဖွယ်​မရှိပေ။ သို့သော် ဩဗဒိ​သည် ထို​အယူမှား​သူများ​ရှေ့မှောက်​တွင်​ပင် ယေဟောဝါ​၏​ပရောဖက်​များ လိုအပ်ရာ​များ​ကို ရဲစွမ်းသတ္တိ​ရှိ​ရှိ ဖြည့်ဆည်း​ပေး​ခဲ့​သည်။ ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​သည် အလွန်​တန်ခိုး​ပါ​လှ​သည်​တကား!

၂၀။ ဘုရားသခင်​အား​ကြောက်ရွံ့​မှု​က ဩဗဒိ​ကို မည်သို့​ထောက်ကူ​ခဲ့​သနည်း။ သူ၏​ပုံသက်သေ​က သင့်ကို မည်သို့​ထောက်ကူ​သနည်း။

၂၀ ဩဗဒိ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​ကြောင့် ရဲရင့်​ခဲ့​သဖြင့် ရန်သူများ​လက်​မှ ယေဟောဝါ​ကာကွယ်​ပေး​တော်​မူ​ခဲ့​သည်။ နယပုံပြင် ၂၉:၂၅ က ဤသို့​ဆို​သည်– ‘လူကို​ကြောက်ရွံ့​ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်၏။ ထာဝရ​ဘုရားသခင်​ကို​ခိုလှုံ​သော​သူ​မူ​ကား လုံခြုံ​လိမ့်​မည်။’ ဩဗဒိ​သည် လူစွမ်းကောင်း​တစ်ဦး​မဟုတ်ပေ။ ဖမ်းဆီး​ကွပ်မျက်​ခံရ​မည်​ကို ကျွန်ုပ်​တို့​ကဲ့သို့​ပင် ကြောက်ရွံ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၈:၇-၉၊ ၁၂) သို့​တိုင် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​ကြောင့် လူကို လုံးဝ​မကြောက်ရွံ့​တော့​ဘဲ ရဲစွမ်းသတ္တိ​ရှိခဲ့​သည်။ ဩဗဒိ​သည် ကျွန်ုပ်​တို့အားလုံး၊ အထူးသဖြင့် လွတ်လပ်မှု​ဆုံးရှုံး​နိုင်​သည့်၊ အသက်​အန္တရာယ်​ရှိ​နိုင်​သည့်​ကြား​မှ ယေဟောဝါ​ကို ဝတ်ပြု​နေ​သူများ​အတွက် ပုံသက်သေ​ကောင်း​ဖြစ်သည်။ (မဿဲ ၂၄:၉) ကျွန်ုပ်​တို့အားလုံး ယေဟောဝါ​ကို “ခန့်ညား​ကြောက်ရွံ့​သော​သဘော” ဖြင့် ဝတ်ပြု​ကိုးကွယ်​နိုင်​ကြ​ပါစေ။—ဟေဗြဲ ၁၂:၂၈

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​ဆွေးနွေး​မည်​နည်း။

၂၁ ယုံကြည်ခြင်း​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​တို့​က​သာ ရဲရင့်​စေ​သည်မဟုတ်​ပါ။ ချစ်ခြင်း​မေတ္တာသည်​လည်း ထို့​ထက်​ပင် ရဲရင့်​စေနိုင်​သည်။ “ဘုရားသခင်​သည် ကြောက်​တတ်သော​စိတ်​သဘောကို ငါ​တို့အား ပေး​တော်​မူ​သည်မဟုတ်။ တန်ခိုး​ပါ​သော​စိတ်၊ ချစ်တတ်​သော​စိတ်၊ ရှင်းလင်း​သော​စိတ်​သဘောကို​ပေး​တော်​မူ​၏” ဟု ပေါလု​ရေးသားခဲ့​၏။ (၂ တိမောသေ ၁:၇) ချစ်ခြင်း​မေတ္တာသည် ဤ​ခဲယဉ်း​သော​ကာလ​အတွင်း ယေဟောဝါ​ကို ရဲစွမ်းသတ္တိ​ရှိ​ရှိ​ဝတ်ပြု​သွား​ရန် မည်သို့​ထောက်ကူ​ပေး​နိုင်​ကြောင်း နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သိရှိ​ရ​ကြ​မည်။—၂ တိမောသေ ၃:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ပရောဖက်​သြဗဒိ မဟုတ်ပေ။

သင်​ဖြေဆို​နိုင်​သလော

• အဘယ်အရာက ယောရှု​နှင့်​ကာလက်​ကို ရဲစွမ်းသတ္တိ​ရှိစေ​သနည်း။

• စစ်မှန်သော​ယုံကြည်ခြင်း​တွင် အဘယ်အရာ ပါဝင်​သနည်း။

• ဘုရားသခင့်​တရား​စီရင်ခြင်း​သတင်း ကြေညာ ရာ​တွင် ဧနောက် အဘယ်ကြောင့် မကြောက်ရွံ့​ခဲ့​သနည်း။

• ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​က မည်သို့ ရဲရင့်​စေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

“အားယူ၍​ရဲရင့်ခြင်း​ရှိ​လော့” ဟု ယောရှု​ကို ယေဟောဝါ​မိန့်ဆိုခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဩဗဒိ​သည် ဘုရားသခင်​၏​ပရောဖက်​များ​ကို ကာကွယ်​စောင့်ရှောက်​ခဲ့

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဧနောက်​သည် ဘုရားသခင့်​နှုတ်မြွက်​စကား​ကို ရဲရင့်စွာ​ကြေညာ​ခဲ့