မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုမျှော်လင့်လျက် ရဲရင့်လော့

ယေဟောဝါကိုမျှော်လင့်လျက် ရဲရင့်လော့

ယေဟောဝါ​ကို​မျှော်လင့်​လျက် ရဲရင့်​လော့

‘ထာဝရ​ဘုရားသခင်​ကို​မျှော်လင့်​လော့။ အားယူ၍ ရဲရင့်​သော​စိတ်နှလုံး​ရှိ​လော့။ ထာဝရ​ဘုရားသခင်​ကို မျှော်လင့်​လျက်​နေလော့။’—ဆာလံ ၂၇:၁၄

၁။ မျှော်လင့်ခြင်းသည် မည်မျှ​အရေးပါ​သနည်း။ ယင်း​အသုံးအနှုန်း​ကို ကျမ်းစာ​တွင် မည်သို့​အသုံးပြု​ထား​သနည်း။

စစ်မှန်သော​မျှော်လင့်ချက်​သည် လင်း​ရောင်ခြည်​နှင့်​တူ​၏။ ယင်းသည် လက်ရှိ​အခက်အခဲ​များ​ကို​ကျော်​၍​ရှုမြင်​စေပြီး အနာဂတ်​ကို ရဲရင့်စွာ၊ ပျော်ရွှင်စွာ ရင်ဆိုင်​နိုင်​စေ​သည်။ ယေဟောဝါ​သာ​လျှင် စစ်မှန်သော​မျှော်လင့်ချက်​၏​ရင်းမြစ်​ဖြစ်​ပြီး မိမိ၏​မှုတ်သွင်းခံ​စကားတော်​အားဖြင့် ယင်းကို​ပေး​ထား​သည်။ (၂ တိမောသေ ၃:၁၆) အမှန်​မှာ “မျှော်လင့်ခြင်း၊” “မျှော်လင့်​ခဲ့​သည်” နှင့် “မျှော်လင့်​နေခြင်း” ဟူသော​စကားလုံး​များသည် သမ္မာကျမ်းစာ​တွင် အကြိမ်ပေါင်း​များစွာ​ပါရှိ​ပြီး ကောင်းသော​အရာ​တစ်ခုခု​ကို ထက်သန်​စွာ၊ ယုံကြည်​စိတ်ချ​စွာ မျှော်လင့်ခြင်း​နှင့် မျှော်လင့်​နေသည့်​အရာ နှစ်ခုစလုံး​ကို ရည်ညွှန်း​သည်။ * ယင်း​မျှော်လင့်ခြင်းသည် အခြေအမြစ်​မရှိသော၊ ပြည့်စုံ​နိုင်​ခြေမ​ရှိသော အလိုဆန္ဒ​မျှ​သာ​မဟုတ်ပါ။

၂။ မျှော်လင့်ခြင်းက ယေရှု၏​အသက်တာကို မည်သို့​အကျိုး​သက်ရောက်​ခဲ့​သနည်း။

ယေရှုသည် စမ်းသပ်မှု​များနှင့် အခက်အခဲ​များ ကြုံ​ရသောအခါ လက်ရှိ​အခြေအနေ​ကို​ကျော်​၍​ရှုမြင်ခဲ့​ပြီး ယေဟောဝါ​အား မျှော်လင့်​ခဲ့​သည်။ “ထို​သခင်သည် မိမိ​ရှေ့၌​ထားသော​ဝမ်းမြောက်ခြင်း​အကြောင်းကြောင့် ရှက်ကြောက်​သော​အရာ​ကို​မ​မှတ်​ဘဲ လက်ဝါးကပ်တိုင်​၌​ခံ​ပြီး​မှ ဘုရားသခင်​၏​ပလ္လင်တော်​လက်ယာဘက်​၌ ထိုင်​နေ​တော်​မူ​၏။” (ဟေဗြဲ ၁၂:၂) ယေရှုသည် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သင်္ကာ​ယန​ကင်းရှင်းရေး​နှင့် ဘုရားသခင့်​နာမတော် သန့်ရှင်း​မြင့်မြတ်​ရေး​တို့ကို​သာ အဓိက​အာရုံစိုက်​သောကြောင့် မည်သည့်​အရာ​ပင်​ကြုံ​ရ​ပါစေ ဘုရားသခင်​ကို​နာခံ​သည့်​လမ်းစဉ်​မှ သွေဖည်​မသွား​ခဲ့​ပါ။

၃။ မျှော်လင့်ခြင်းသည် ဘုရားသခင့်​ကျေးကျွန်​များ​၏ အသက်တာတွင် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​သနည်း။

ဘုရင်​ဒါဝိဒ်​သည် မျှော်လင့်ခြင်း​နှင့်​ရဲရင့်ခြင်း​၏ ဆက်စပ်မှု​ကို ဤသို့​ဖော်ပြ​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​ကို​မျှော်လင့်​လော့။ အားယူ၍ ရဲရင့်​သော​စိတ်နှလုံး​ရှိ​လော့။ ထာဝရ​ဘုရားသခင်​ကို မျှော်လင့်​လျက်​နေလော့။’ (ဆာလံ ၂၇:၁၄) ရဲရင့်​သော​နှလုံးသား​ပိုင်ဆိုင်​လို​ပါ​က ကျွန်ုပ်​တို့၏​မျှော်လင့်ခြင်း​ကို မသေချာ​မရေရာ​ဖြစ်ခွင့်၊ မှု​န်​ဝါး​သွားခွင့်​မပြုရ​ပေ။ ယင်းကို စိတ်​တွင် ရှင်းရှင်းလင်းလင်း​ရှိနေ​စေပြီး လေးမြတ်​တန်ဖိုး​ထား​ရမည်။ သို့ဖြင့် တပည့်​များ​ကို ယေရှု​မိန့်မှာ​ခဲ့​သော​လုပ်ငန်း​၌ ပါဝင်သော​အခါ ကိုယ်တော့်​နည်းတူ ရဲရင့်ခြင်း​နှင့်​ဇွဲ​တင်ပြ​နိုင်​မည်​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) မျှော်လင့်ခြင်းသည် ယုံကြည်ခြင်း​နှင့်​မေတ္တာ​တို့​ကဲ့သို့​ပင် အရေးပါ​ပြီး တည်ကြည်​မြဲမြံ​စေသော အရည်အသွေး​ဖြစ်​ကာ ဘုရားသခင့်​ကျေးကျွန်​များ​၏ အသက်တာတွင် ထင်ရှားသော​လက္ခဏာ​တစ်ခု​ဖြစ်သည်။—၁ ကောရိန္သု ၁၃:၁၃

‘မျှော်လင့်ခြင်း​နှင့်​ကြွယ်ဝ’ နေ​သလော

၄။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့၏​အပေါင်းအပါ “အခြားသိုး” သည် အဘယ်အရာကို ထက်သန်​စွာ စောင့်မျှော်​နေကြ​သနည်း။

ဘုရားသခင့်​လူမျိုး​တွင် အံ့ချီးဖွယ်​အနာဂတ်​ရှိသည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် ခရစ်တော်​နှင့်အတူ ကောင်းကင်​တွင်​အမှုဆောင်ရန် ထက်သန်​စွာ စောင့်မျှော်​လျက်​ရှိသည်။ “အခြားသိုး” များ​မူ “ဘုရားသခင် [မြေကြီးဆိုင်ရာ] သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်လွှတ်​ခြင်း​ချမ်းသာ​ကို​ဝင်စား” ရန် မျှော်လင့်​စောင့်စား​နေကြ​သည်။ (ယောဟန် ၁၀:၁၆; ရောမ ၈:၁၉-၂၁; ဖိလိပ္ပိ ၃:၂၀) ထို “ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ” တွင် အပြစ်​နှင့် ယင်း​၏​ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​မှ လွတ်မြောက်ခြင်း​ပါဝင်​သည်။ “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ” ကို​ပေးသနား​တော်​မူ​ရှင် ယေဟောဝါ​သည် မိမိ​အပေါ်​သစ္စာရှိ​သူများ​အား အကောင်းဆုံး​ဆုကျေးဇူး​ကို​သာ ပေး​မည်​မှာ​သေချာ​သည်။—ယာကုပ် ၁:၁၇; ဟေရှာယ ၂၅:၈

၅။ ကျွန်ုပ်​တို့သည် မည်သို့​အားဖြင့် ‘မျှော်လင့်ခြင်း​နှင့်​ကြွယ်ဝ’ လာ​မည်​နည်း။

ခရစ်ယာန်​မျှော်လင့်ခြင်းသည် ကျွန်ုပ်​တို့၏​အသက်တာတွင် မည်မျှ​အရေးပါ​သင့်​သနည်း။ ရောမ ၁၅:၁၃ တွင် ဤသို့​ဖတ်​ရ၏– ‘သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်ခြင်း​နှင့်​ကြွယ်ဝ​စေခြင်း​ငှာ ယုံကြည်​သော​စိတ်​ရှိ၍ ဝမ်းမြောက်​သက်သာခြင်း​အမျိုးမျိုး​တို့​နှင့် ပြည့်စုံ​မည်​အကြောင်း မျှော်လင့်ခြင်း​၏​အရှင် ဘုရားသခင်​သည် ကယ်မ​သနားတော်မူ​ပါစေ​သော။’ မှန်ပါသည်။ မျှော်လင့်ခြင်းသည် အမှောင်​ထဲ​မှ ဖယောင်းတိုင်​ငယ်​နှင့်​မတူဘဲ တောက်ပ​သော​အရုဏ်ဦး​အလင်းတန်း​ကဲ့သို့ လူတစ်ဦး​၏​ဘဝကို ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ရည်ရွယ်ချက်၊ ရဲစွမ်းသတ္တိ​တို့​နှင့် ကြွယ်ဝ​စေ​သည်။ ဘုရားသခင့်​နှုတ်မြွက်တော်​ကို ယုံကြည်ပြီး သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိသော​အခါ ‘မျှော်လင့်ခြင်း​နှင့်​ကြွယ်ဝ’ ကြောင်း သတိပြုပါ။ ရောမ ၁၅:၄ က ဤသို့​ဆို​သည်– ‘ငါ​တို့သည် ကျမ်းစာ​၌​ပါ​သော သည်းခံခြင်း၊ သက်သာခြင်း​အကြောင်း​များ​ကို​အမှီပြု၍ မျှော်လင့်​ရသော​အခွင့်​ရှိစေ​ခြင်း​ငှာ ကျမ်းစာ​၌ အထက်​က​ရေးထားသမျှ​သည် ငါ​တို့ကို ဆုံးမ​လို​၍ ရေးထား​သတည်း။’ ထို့​ကြောင့် သင့်ကိုယ်​သင် ဤသို့​မေးပါ– ‘ငါ့ရဲ့​မျှော်လင့်ချက် တောက်ပ​နေ​အောင် ကျမ်းစာ​ကို​နေ့တိုင်း​ဖတ်​သလား။ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ရဖို့ မကြာခဏ​ဆုတောင်း​ရဲ့​လား။’—လုကာ ၁၁:၁၃

၆။ မျှော်လင့်ချက်​တောက်ပ​နေ​စေရန် အဘယ်အရာ​များ​ကို သတိ​နှင့်​ရှောင်​ရမည်​နည်း။

ကျွန်ုပ်​တို့၏​စံနမူနာရှင် ယေရှုသည် ဘုရားသခင့်​နှုတ်မြွက်တော်​မှ ခွန်အား​ရရှိခဲ့သည်။ ကိုယ်တော့်​အကြောင်း လေးလေးနက်နက်​တွေးတောခြင်း​ဖြင့် “အားလျော့​စိတ်ပျက်ခြင်း​နှင့်​ကင်းလွတ်” နိုင်​မည်​ဖြစ်သည်။ (ဟေဗြဲ ၁၂:၃) ကျွန်ုပ်​တို့၏​စိတ်​တွင် ဘုရား​ပေး​မျှော်လင့်ချက် မှေးမှိန်​လာ​ပါ​က သို့​မဟုတ် ရုပ်ပစ္စည်း​များ၊ လောက​ပန်းတိုင်​များ​ဘက်​သို့ အာရုံပြောင်း​သွားပါ​က အနှေး​နှင့်​အမြန် ဝိညာဉ်​ရေး​မောပန်း​နွမ်းလျ​လာပြီး ကိုယ်ကျင့်တရား​စံနှုန်း​များ​အတိုင်း​နေထိုင်ရန် ရဲစွမ်းသတ္တိ​ရှိတော့မည်​မဟုတ်ပေ။ နောက်ဆုံး “ယုံကြည်ခြင်း​သင်္ဘော​ပျက်” သွား​နိုင်​သည်။ (၁ တိမောသေ ၁:၁၉) စစ်မှန်သော​မျှော်လင့်ချက်​မှာ​မူ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်မာ​စေ​သည်။

မျှော်လင့်ခြင်း—ယုံကြည်ခြင်း​အတွက် အရေးပါ

၇။ မျှော်လင့်ခြင်းသည် ယုံကြည်ခြင်း​အတွက် မည်သည့်​နည်းဖြင့် အရေးပါ​သနည်း။

သမ္မာကျမ်းစာ​က “ယုံကြည်ခြင်း​သည် မျှော်လင့်​သော​အရာ​တို့ကို မျက်မှောက်ပြု​ခြင်း​ဖြစ်၏။ မမြင်​သေး​သော​အရာ​တို့ကို သိမှတ်​စွဲလမ်းခြင်း​အကြောင်း​ဖြစ်၏” ဟု​ဆို​သည်။ (ဟေဗြဲ ၁၁:၁) ထို့​ကြောင့် မျှော်လင့်ခြင်းသည် ယုံကြည်ခြင်း​အပေါ် ထပ်​ဖြည့်စွက်​ရသော​အရည်အသွေး​တစ်ခု​မျှ​မဟုတ်ဘဲ ယုံကြည်ခြင်း​နှင့်​တစ်​ပေါင်း​တစ်​စည်း​တည်း​ဖြစ်နေ​သော အရေးပါသည့်​အစိတ်အပိုင်း​ဖြစ်သည်။ အာဗြဟံ​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ လူ့​ရှုထောင့်​မှ​ဆိုလျှင် ယေဟောဝါ​သည် သူနှင့်​သူ့​ဇနီး​စာရာ​ကို သား​တစ်ဦး​မွေးဖွား​စေမည်​ဟု ကတိပြု​စဉ်​က သူတို့သည် သားသမီး​ရနိုင်​သည့်​အရွယ်​လွန်​နေပြီ​ဖြစ်သည်။ (ကမ္ဘာဦး ၁၇:၁၅-၁၇) အာဗြဟံ မည်သို့​တုံ့ပြန်​သနည်း။ “မိမိသည် လူမျိုး​အများ​တို့၏​အဘ​ဖြစ်​မည်​ဟု မျှော်လင့်​စ​ရာ​အကြောင်း​မရှိဘဲ​လျက် ယုံကြည်၍​မျှော်လင့်​လေ​၏။” (ရောမ ၄:၁၈) ထို​မျှော်လင့်ချက်​ကြောင့် အာဗြဟံ​သည် သား​တစ်ဦး​ရရှိ​မည်​ဟု အခိုင်အမာ​ယုံကြည်ခဲ့​သည်။ သူ၏​ယုံကြည်ခြင်း​ကြောင့် မျှော်လင့်ခြင်း တောက်ပ​ခိုင်မာ​လာ​သည်။ အာဗြဟံ​နှင့်​စာရာ​သည် နေအိမ်​နှင့်​ဆွေမျိုး​များ​ကို​ပင်​စွန့်ပြီး တိုင်းတစ်ပါး​တွင် တဲ​ဖြင့်​နေထိုင်​သည်​အထိ ရဲစွမ်းသတ္တိ​ရှိခဲ့​သည်။

၈။ သစ္စာရှိ​ရှိ​ခံနိုင်ရည်​တင်ပြခြင်း​သည် မျှော်လင့်ခြင်း​ကို မည်သို့​အားဖြည့်ပေး​သနည်း။

အာဗြဟံ​သည် ယေဟောဝါ​အား နာခံ​ဖို့​ခက်ခဲ​သည့်​အချိန်​များ​တွင်​ပင် အကြွင်းမဲ့​နာခံခြင်း​ဖြင့် သူ၏​မျှော်လင့်ချက်ကို တောက်ပ​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၂၂:၂၊ ၁၂) ထို​နည်းတူ ယေဟောဝါ​၏​လုပ်ငန်း​တွင် နာခံမှု​နှင့်​ခံနိုင်ရည်​ရှိ​ခြင်း​ဖြင့် ကောင်းချီး​ရမည်ကို ယုံကြည်​စိတ်ချ​နိုင်​သည်။ “ခံနိုင်ရည်​သည် ဘုရားသခင်​၏​နှစ်သက်မှု​ကို” ရရှိ​စေပြီး ယင်းက​တစ်ဖန် “မျှော်လင့်ခြင်း” ကို​ပြုစု​တတ်၏။ ထို​မျှော်လင့်ခြင်း​သည် ကျွန်ုပ်​တို့အား “စိတ်ပျက်​စေ​လိမ့်​မည်​မဟုတ်” ဟု​ပေါလု​ရေးသားခဲ့​သည်။ (ရောမ ၅:၄၊ ၅ခ​မ) ထို့​ကြောင့် “သင်တို့​ရှိသမျှသည် . . . ထိုသို့​သော​လုံ့လ​ဝီရိယ​ကို​ထုတ်​၍ အဆုံးတိုင်အောင် ယုံမှား​ခြင်း​နှင့်​ကင်း​သော​မျှော်လင့်ခြင်း​နှင့် ပြည့်စုံစေခြင်း​ငှာ ငါ​တို့သည်​အလိုရှိ​ကြ​၏” ဟု သူ​ရေးခဲ့​သည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို အခြေပြု​သည့် ထိုသို့​သော​အပြုသဘော​သည် မည်သည့်​ခက်ခဲ​မှု​ကို​မဆို ရဲစွမ်းသတ္တိ​ရှိ​ရှိ၊ ပျော်ပျော်​ကြီး​ပင်​ရင်ဆိုင်​နိုင်​စေ​သည်။

“မျှော်လင့်​လျက်​ဝမ်းမြောက်​ကြလော့”

၉။ အဘယ်အရာကို မှန်မှန်​ပြုလုပ်ခြင်း​က “မျှော်လင့်​လျက်​ဝမ်းမြောက်” စေနိုင်​သနည်း။

ဘုရားသခင်​ပေး​သော​မျှော်လင့်ချက်​သည် လောက​ကမ်း​လှမ်း​သည့် မည်သည့်​အရာ​ထက်​မဆို လုံးဝ​သာလွန်​သည်။ ဆာလံ ၃၇:၃၄ က ဤသို့​ဆို​၏– ‘ထာဝရ​ဘုရားသခင်​ကို​မျှော်လင့်​၍ လမ်းတော်​ကို​လျှောက်​သွားလော့။ ပြည်တော်​ကို​အမွေခံ​ရသော​အခွင့်​နှင့် ချီးမြှောက်​တော်​မူ​မည်။ မတရားသော​သူတို့​ဆုံးရှုံး​ခြင်း​ကို သင်သည် ကြည့်မြင်​ရ​လိမ့်​မည်။’ မှန်ပါသည်။ ကျွန်ုပ်​တို့သည် “မျှော်လင့်​လျက် ဝမ်းမြောက်” သင့်​သည်။ (ရောမ ၁၂:၁၂) သို့သော် ထိုသို့​ဝမ်းမြောက်​နိုင်​ရန် မျှော်လင့်ခြင်း​အကြောင်း အဆက်မပြတ်​တွေးတော​နေရ​မည်။ ဘုရား​ပေး​မျှော်လင့်ချက်​အကြောင်း သင်​မှန်မှန်​တွေးတောပါ​သလော။ ကျန်းမာ​ရေး​ကောင်းပြီး သောက​ကင်းဝေး​ကာ သင်​ချစ်​မြတ်နိုး​ရသူ​များနှင့်​အတူ​နေ​ထိုင်၍ ကျေနပ်ဖွယ်​လုပ်ငန်း​ရှိသည့် ပရဒိသု​တွင် သင်​ရှိ​နေသည်​ဟု မြင်ယောင်​ကြည့်​နိုင်​သလော။ ကျွန်ုပ်​တို့၏​စာပေ​စာတမ်း​များ​တွင်​ပါ​သော ပရဒိသု​မြင်ကွင်း​များ​ကို တွေးတောပါ​သလော။ ထိုသို့​တွေးတောခြင်း​သည် ခမ်းနား​လှပသော​ရှုခင်း​ကို​မြင်နိုင်​ရန် ပြတင်းပေါက်​ကို ဆေးကြော​သန့်စင်ခြင်း​နှင့်​တူ​ပေမည်။ မှန်​ကို​မ​ဆေးကြော​ပါ​က ဖုန်​များ​တက်လာ​ပြီး လှပသော​ရှုခင်း​မှာ မသဲကွဲ​တော့​ပေ။ ထို​အခါ အခြား​အရာများ​ဘက်​သို့ အာရုံပြောင်း​သွား​နိုင်​သည်။ ဘယ်​သောအခါ​မျှ ကျွန်ုပ်​တို့​ထိုသို့​မဖြစ်ပါစေ​နှင့်။

၁၀။ ဆုလာဘ်​ကို မျှော်လင့်​နေခြင်း​က ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို အဘယ်ကြောင့် ကောင်းစွာ​ဖော်ပြ​သနည်း။

၁၀ ယေဟောဝါ​ကို​ဝတ်ပြု​ရသည့် အဓိက​အကြောင်းရင်း​မှာ ကိုယ်တော်​ကို​ချစ်၍​ဖြစ်သည်။ (မာကု ၁၂:၃၀) သို့သော် ရရှိ​မည့်​ဆုလာဘ်​ကိုလည်း စိတ်​ထက်သန်​စွာ စောင့်မျှော်​သင့်​သည်။ အမှန်​မှာ၊ ယေဟောဝါ​ကိုယ်တိုင် ကျွန်ုပ်​တို့ကို ထိုသို့​ဖြစ်စေ​လို​သည်။ ဟေဗြဲ ၁၁:၆ က ဤသို့​ဆို​၏– “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့်​မ​တွေ့​နိုင်။ အကြောင်း​မူ​ကား ဘုရားသခင့်​အထံတော်​သို့​ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်။” မိမိကို ဆုကျေးဇူး​ပေးသနား​ရှင်​အဖြစ် ယေဟောဝါ အဘယ်ကြောင့် ရှုမြင်​စေ​လို​တော်​မူ​သနည်း။ အကြောင်း​မှာ ယင်းက ကောင်းကင်​ခမည်းတော်​ကို ကျွန်ုပ်​တို့​ကောင်းစွာ​သိကျွမ်း​ကြောင်း ဖော်ပြ​သောကြောင့်​ဖြစ်သည်။ ကိုယ်တော်​သည် ရက်ရော​ပြီး မိမိ​သားသမီး​များ​ကို ချစ်​မြတ်နိုး​တော်​မူ​သည်။ ကျွန်ုပ်​တို့​တွင် “အနာဂတ်​နှင့် မျှော်လင့်ချက်” သာ​မရှိပါ​က မည်မျှ​စိတ်ညစ်​ပြီး အလွယ်တကူ​စိတ်ဓာတ်ကျ​မည်​ကို စဉ်းစား​ကြည့်​ပါ။—ယေရမိ ၂၉:၁၀-၁၂က​ဘ။

၁၁။ ဘုရားသခင်​ပေး​သော​မျှော်လင့်ချက်​က ပညာရှိ​ဆုံးဖြတ်ချက်​များ​ချရန် မောရှေ​ကို မည်သို့​ထောက်ကူ​သနည်း။

၁၁ ဘုရားသခင်​ပေး​သော မျှော်လင့်ခြင်း​ကို အာရုံစိုက်​ခြင်း​နှင့်​ပတ်သက်သော စံနမူနာရှင်​တစ်ဦး​မှာ မောရှေ​ဖြစ်သည်။ “ဖာရော​ဘုရင်​သမီး​၏​သား” အနေ​နှင့် မောရှေ​တွင် အာဏာ၊ ဂုဏ်​ဓန​ရှိပြီး ယင်း​တို့ကို​စိတ်ကြိုက်​အသုံးပြုနိုင်​သည်။ သူသည် ထို​အရာများ​ကို လိုက်စား​မည်​လော၊ ယေဟောဝါ အမှုဆောင်​မည်​လော။ ယေဟောဝါ​အမှုဆောင်ရန် သူ​ရွေးချယ်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “အနာဂတ်​ကာလ​တွင်​ရရှိ​မည့်​အကျိုးကို အာရုံ​စူးစိုက်​လျက်​နေသော​ကြောင့်” ဖြစ်၏။ (ဟေဗြဲ ၁၁:၂၄-၂၆ခ​မ) မှန်ပါသည်။ မောရှေ​သည် ယေဟောဝါ​ပေး​သော​မျှော်လင့်ခြင်း​ကို​သာ အာရုံစိုက်ခဲ့​သည်​မှာ သေချာ​သည်။

၁၂။ ခရစ်ယာန်​မျှော်လင့်ခြင်းသည် အဘယ်ကြောင့် သံခမောက်​နှင့်​တူ​သနည်း။

၁၂ တမန်​တော်​ပေါလု​သည် မျှော်လင့်ခြင်း​ကို သံခမောက်​နှင့်​နှိုင်းယှဉ်ခဲ့​သည်။ အကြောင်း​မှာ ပုံဆောင်​သံခမောက်​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ကာကွယ်​ပေး​သည်၊ ပညာရှိ​ဆုံးဖြတ်ချက်​များ ချ​စေနိုင်​သည်၊ ဦးစား​ပေး​ရာ​များ​ချမှတ်​စေပြီး သမာဓိ​စောင့်သိ​စေနိုင်​သောကြောင့်​ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၈) သင်၏ ပုံဆောင်​သံခမောက်ကို အချိန်ပြည့်​ဆောင်း​ထား​ပါသလော။ ထိုသို့​ဆောင်း​ထား​ပါ​က မောရှေ​နှင့်​ပေါလု​တို့​ကဲ့သို့ “မ​မြဲ​သော​စည်းစိမ်​ကို​မကိုးစား​ဘဲ ငါ​တို့​ခံစား​ဖို့​ရာ​အလုံးစုံ​တို့ကို ကြွယ်ဝ​စွာ​ပေးသနား​တော်​မူ​သော အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ကိုးစား” ပေ​လိမ့်​မည်။ ခေတ်​ရေစီးကြောင်း​ကို​ဆန်တက်​ပြီး ကိုယ်ကျိုးရှာ​လမ်းစဉ်​များ​ကို ကျောခိုင်း​ရန် ရဲစွမ်းသတ္တိ​လို​သည်​မှာ မှန်ပါသည်။ သို့သော် အားစိုက်ထုတ်​ရကျိုးနပ်​ပါ​သည်။ အမှန်ဆိုလျှင် ယေဟောဝါ​အား မျှော်လင့်​ပြီး​ချစ်​မြတ်နိုးသူ​များ ရရှိ​မည့် “မှန်သော​အသက်” တ​မျှ တန်ဖိုး​မရှိသော​အရာများ​ကို အဘယ်ကြောင့်​လိုက်စား​နေ​မည်​နည်း။—၁ တိမောသေ ၆:၁၇၊ ၁၉

“ငါသည် သင့်ကို​မစွန့်”

၁၃။ ယေဟောဝါ​သည် မိမိ၏​သစ္စာရှိ​ကျေးကျွန်​များ​ကို မည်သို့​အာမခံ​တော်​မူ​သနည်း။

၁၃ ဤ​လောကသည် “ဆင်းရဲခြင်း” ဝေဒနာ​များ​ကို တိုး၍​ခံစား​လာ​ရသော​ကြောင့် လက်ရှိ​အစီအစဉ်​စနစ်​ကို မျှော်လင့်​အားထား​သူများ​သည် သူတို့​ရင်ဆိုင်​နေရ​သော အဖြစ်ဆိုး​များ​ကို လေးလေးနက်နက်​စဉ်းစား​ရမည်။ (မဿဲ ၂၄:၈) သို့သော် ယေဟောဝါ​ကို​မျှော်လင့်​သူများ​မူ မကြောက်ရွံ့​ကြ​ပါ။ သူတို့သည် “လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။” (သု. ၁:၃၃) အကြောင်း​မှာ သူတို့သည် လက်ရှိ​အစီအစဉ်​စနစ်​ကို အားမကိုး​ဘဲ ပေါလု​၏ ဤ​အကြံပြုချက်ကို ဝမ်းမြောက်​ဝမ်းသာ​လိုက်နာ​ကြသော​ကြောင့်​ဖြစ်၏– “သင်တို့၏​ကျင့်ကြံ​ပြုမူခြင်း​သည် ငွေ​ကို​တပ်မက်​ခြင်း​နှင့်​ကင်းလွတ်​၍ ကိုယ်​၌​ရှိသော​ဥစ္စာ​နှင့် ရောင့်ရဲခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား ‘ငါသည်​သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား’ ဟု​ကတိတော်​ရှိ၏။”—ဟေဗြဲ ၁၃:၅

၁၄။ ခရစ်ယာန်​များသည် ရုပ်ပစ္စည်း​လိုအပ်ရာ​များ​အတွက် အဘယ်ကြောင့် အလွန်အမင်း​စိုးရိမ်​စ​ရာ မလို​သနည်း။

၁၄ ထို​ကတိတော်​အရ ကျွန်ုပ်​တို့အား ဘုရားသခင် ဂရုစိုက်​စောင့်ရှောက်​မည်​ကို သံသယ​ဖြစ်စရာ​မလိုပါ။ ဘုရားသခင့်​မေတ္တာပါ​စောင့်ရှောက်မှု​ကို ယေရှုလည်း ဤသို့​အာမခံ​သည်– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ [ဘဝတွင် ရုပ်ပစ္စည်း​လိုအပ်ရာ​များ] ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။ ထို့​ကြောင့် နက်ဖြန်​အဖို့ မစိုးရိမ်​ကြ​နှင့်။ နက်ဖြန်နေ့​သည် မိမိ​အဖို့​စိုးရိမ်​လိမ့်​မည်။” (မဿဲ ၆:၃၃၊ ၃၄) ယေဟောဝါ​၏​နိုင်ငံတော်​အတွက် ဇွဲရှိ​ပြီး တစ်ချိန်တည်း​တွင် ကျွန်ုပ်​တို့၏ ကာယရေး​လိုအပ်ရာ​များ​ကို အပြည့်အဝ​တာဝန်​ယူရ​သည်​မှာ မလွယ်​ကြောင်း ယေဟောဝါ​သိတော်မူ​သည်။ ထို့​ကြောင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို ဂရုစိုက်​စောင့်ရှောက်​နိုင်စွမ်း​ရှိကြောင်း​နှင့် ထိုသို့​ပြု​လုပ်ပေး​လို​ကြောင်း အပြည့်အဝ​ယုံကြည်​စိတ်ချ​ကြပါစို့။—မဿဲ ၆:၂၅-၃၂; ၁၁:၂၈-၃၀

၁၅။ ခရစ်ယာန်​များသည် မျက်စိ​ကို မည်သို့​ရိုးရှင်း​စွာ​ထား​ကြ​သနည်း။

၁၅ ကျွန်ုပ်​တို့၏​မျက်စိ​ကို ရိုးရှင်း​စွာ​ထားခြင်း​ဖြင့် ယေဟောဝါ​ကို မှီခို​အားထား​ကြောင်း တင်ပြ​ကြသည်။ (မဿဲ ၆:၂၂၊ ၂၃) ရိုးရှင်း​သော​မျက်စိသည် ရိုးသား​ဖြောင့်မတ်​ပြီး ရည်ရွယ်ချက်​မှန်​ရှိသည်။ လို​ဘ​မကြီး၊ ကိုယ်ကျိုးရှာ​သော​ရည်မှန်းချက်​လည်း​မရှိပေ။ ရိုးရှင်း​သော​မျက်စိ​ရှိ​ခြင်း​ဟူသည် ဆင်းရဲ​စုတ်ပြတ်​စွာ​နေထိုင်ခြင်း၊ ရုပ်ပိုင်း​လိုအပ်ရာ​များ​ကို တာဝန်​မယူ​ခြင်း​ကို မဆိုလို​ပေ။ ယင်းအစား ယေဟောဝါ​၏​အမှုတော်ကို ပထမ​နေရာတွင်​ထားခြင်း​ဖြင့် “ရှင်းလင်း​သော​စိတ်သဘော” တင်ပြခြင်း​ကို​ဆိုလို​သည်။—၂ တိမောသေ ၁:၇

၁၆။ မျက်စိ​ကို​ရိုးရှင်း​စွာ​ထား​နိုင်​ရန် ယုံကြည်ခြင်း​နှင့်​ရဲရင့်ခြင်း အဘယ်ကြောင့် လိုအပ်​သနည်း။

၁၆ မျက်စိ​ကို​ရိုးရှင်း​စွာ​ထား​ရန် ယုံကြည်ခြင်း​နှင့် ရဲရင့်ခြင်း​လို​သည်။ ဥပမာ၊ အလုပ်ရှင်​တစ်ဦး​သည် ခရစ်ယာန်​အစည်းအဝေး​များ​ရှိသည့်​အချိန်တွင် ပုံမှန်​အလုပ်ဆင်း​ခိုင်းပါ​က သင့်​ဝိညာဉ်​ရေး​ကို ရဲရင့်စွာ ဆက်​ဦးစား​ထား​နေ​မည်​လော။ မိမိ​ကျေးကျွန်​များ​ကို ဂရုစိုက်​စောင့်ရှောက်​ပေး​မည်​ဟူသော ယေဟောဝါ​၏​ကတိတော်​ကို လူတစ်ဦး သံသယ​ဖြစ်နေ​မည်​ဆိုလျှင် သူ့ကို စာတန် ဖိအား​ပို​ပေး​ရုံ​ဖြင့် အစည်းအဝေး​အားလုံး​ကို တက်ရောက်​တော့​မည်​မဟုတ်ပေ။ မှန်ပါသည်၊ ကျွန်ုပ်​တို့​သာ ယုံကြည်ခြင်း​ကင်းမဲ့​ပါ​က စာတန်​သည် ကျွန်ုပ်​တို့ကို ချုပ်ကိုင်​နိုင်​မည်​ဖြစ်​ပြီး ယေဟောဝါ​မဟုတ်ဘဲ သူ​သာ​လျှင် ကျွန်ုပ်​တို့၏​ဦးစားထားရာ​များ​ကို ချမှတ်​ပေး​မည်​ဖြစ်သည်။ ဝမ်းနည်းဖွယ်​ကောင်း​လိုက်​လေ​ခြင်း!—၂ ကောရိန္သု ၁၃:၅

‘ယေဟောဝါ​ကို​မျှော်လင့်​လော့’

၁၇။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​သူတို့သည် ယခု​ပင် မည်သို့​ကောင်းချီး​ခံစားရ​သနည်း။

၁၇ ယေဟောဝါ​ကို ယုံကြည်​မျှော်လင့်​သူတို့သည် မည်သည့်​အခါ​မျှ ရှုံးနိမ့်​မည်​မဟုတ်​ကြောင်း ကျမ်းစာ​က အကြိမ်ကြိမ်​ဖော်ပြ​သည်။ (သု. ၃:၅၊ ၆; ယေရမိ ၁၇:၇) မှန်ပါသည်။ တစ်ခါတစ်ရံ သူတို့သည် ရုပ်ပစ္စည်း​အနည်းငယ်​နှင့် ရောင့်ရဲ​ရမည်​ဖြစ်သော်လည်း ရှေ့တွင်ရရှိ​မည့် ကောင်းချီး​များနှင့်​ယှဉ်​လျှင် ယင်းသည် သေးငယ်သော​ပေး​ဆပ်​မှု​သာ​ဖြစ်သည်ဟု ယူမှတ်​ကြသည်။ သူတို့သည် ယေဟောဝါ​ကို​မျှော်လင့်​ကြောင်း​နှင့် ကိုယ်တော့်​အပေါ် သစ္စာရှိ​သူများ​၏​စိတ်နှလုံး​အလိုရှိ​ရာ​အားလုံး ပြည့်စုံ​မည်​ကို ယုံကြည်​ကြောင်း တင်ပြ​ကြသည်။ (ဆာလံ ၃၇:၄၊ ၃၄) ထို့​ကြောင့် ယခု​အချိန်တွင်​ပင် သူတို့​ပျော်ရွှင်​ကြသည်။ “ဖြောင့်မတ်​သော​သူ၏​မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာ​အကြောင်း​ဖြစ်၏။ ဆိုးသော​သူ၏​မျှော်လင့်ခြင်း​မူ​ကား ပျောက်ပျက်​လိမ့်​မည်။”—သု. ၁၀:၂၈

၁၈၊ ၁၉။ (က) အဘယ်​မေတ္တာပါ​သော​အာမခံချက်ကို ယေဟောဝါ​ပေးသနား​တော်​မူ​သနည်း။ (ခ) ယေဟောဝါ​ကို ကျွန်ုပ်​တို့၏ “လက်ယာဘက်” တွင် မည်သို့​ရှိစေ​နိုင်​သနည်း။

၁၈ ကလေးငယ်​တစ်ဦး​သည် မိမိ​ဖခင်​နှင့်​လက်တွဲ​ပြီး​လျှောက်​သောအခါ လုံခြုံ​သည်​ဟု​ခံစားရ​သည်။ ကောင်းကင်​ခမည်းတော်​နှင့်အတူ လျှောက်လှမ်း​သောအခါ ကျွန်ုပ်​တို့​လည်း အလားတူ​ခံစားရ​သည်။ ‘မစိုးရိမ်​နှင့်။ ငါသည် သင့်​ဘက်မှာ​ရှိ၏။ သင့်ကို​စောင့်မ​မည်။ အကြောင်း​မူ​ကား သင်၏​ဘုရားသခင်​က မစိုးရိမ်​နှင့်။ ငါ​မစ​မည်​ဟု သင့်​အား​ဆို​လျက် သင်၏​လက်ယာလက်​ကို​ကိုင်​မည်’ ဟု ဣ​သ​ရေ​လူ​တို့ကို ယေဟောဝါ မိန့်ဆို​တော်​မူ​သည်။—ဟေရှာယ ၄၁:၁၀၊ ၁၃

၁၉ ယေဟောဝါ​သည် ကျွန်ုပ်​တို့​လက်ကို​ကိုင်ထား​သည်! အလွန်​စိတ်​နွေးထွေး​ဖွယ် မြင်ကွင်း​ပါ​တကား။ ဒါဝိဒ် ဤသို့​ရေးသားခဲ့​သည်– ‘ငါသည် ထာဝရ​ဘုရားသခင်​ကို အစဉ်မပြတ်​မျက်မှောက်ပြု​၏။ အကြောင်း​မူ​ကား ငါ့​လက်ယာဘက်​၌​တည်ရှိ​တော်​မူ​သည်​ဖြစ်၍ ငါသည် လှုပ်ရှားခြင်း​မရှိ​ရ။’ (ဆာလံ ၁၆:၈) ယေဟောဝါ​ကို ကျွန်ုပ်​တို့၏ “လက်ယာဘက်” တွင် မည်သို့​ရှိစေ​နိုင်​သနည်း။ နည်း​နှစ်နည်း​ဖြင့်​ဖြစ်သည်။ ပထမ​နည်း​မှာ ကျွန်ုပ်​တို့၏​ဘဝ​ကဏ္ဍ​တိုင်း​တွင် ကိုယ်တော့်​နှုတ်မြွက်တော်​၏ လမ်းညွှန်မှုကို ခံယူ​ခြင်း​ဖြင့်​ဖြစ်သည်။ ဒုတိယ၊ ကျွန်ုပ်​တို့​ရှေ့တွင် ကိုယ်တော်​ချ​ပေး​ထား​သည့် အံ့ချီးဖွယ်​ဆုကျေးဇူး​ကို အာရုံစိုက်​ခြင်း​ဖြင့်​ဖြစ်သည်။ ဆာလံဆရာ​အာသ ဤသို့​စပ်ဆို​သည်– “အကျွန်ုပ်သည် ကိုယ်တော်​ထံ​မှာ​အစဉ်​ရှိ၍ အကျွန်ုပ်၏​လက်ယာလက်​ကို ဆွဲကိုင်​တော်​မူ​၏။ အကျွန်ုပ်​ကို​ဉာဏ်​ပေး၍ ပဲ့ပြင်​တော်​မူ​မည်။ နောက်​တစ်ဖန် ဘုန်း​အသရေ​၌ သိမ်းယူ​တော်​မူ​မည်။” (ဆာလံ ၇၃:၂၃၊ ၂၄) ထိုသို့​သော​ယုံကြည်​စိတ်ချမှု​ဖြင့် အနာဂတ်​ကို ရင်ဆိုင်​နိုင်​ပါ​သည်။

‘သင်တို့ကို​ရွေးနုတ်သော​အချိန်ကာလ ရောက်လု​နီးပြီ’

၂၀၊ ၂၁။ ယေဟောဝါ​ကို​မျှော်လင့်​သော​သူတို့ကို အဘယ်​အနာဂတ်​စောင့်ကြို​နေသနည်း။

၂၀ နေ့ရက်​တစ်ရက်​ကုန်လွန်​သွား​လေ ယေဟောဝါ​ကို ကျွန်ုပ်​တို့၏​လက်ယာဘက်​တွင် ရှိနေ​စေရန် ပို​၍​အရေးကြီး​လာ​လေ​ဖြစ်သည်။ မကြာမီ အယူမှား​ဘာသာရေး ဖျက်ဆီး​ခံရ​သည်​နှင့် စာတန့်​စနစ်​သည် တစ်ကြိမ်​တစ်ခါမျှ မကြုံဖူး​သော ကြီးစွာ​သော​ဆင်းရဲခြင်း​ကို ရင်ဆိုင်​ရ​ပေ​လိမ့်​မည်။ (မဿဲ ၂၄:၂၁) ယုံကြည်ခြင်း​ကင်းမဲ့​သော လူသားထု​မှာ ကြောက်ရွံ့​နေကြ​မည်။ သို့သော် ထို​ယောက်​ယက်​ခတ်​ချိန်​အတွင်း ယေဟောဝါ​၏​ရဲရင့်​သော​ကျေးကျွန်​များသည် မျှော်လင့်​လျက် ဝမ်းမြောက်​ကြ​ပေ​လိမ့်​မည်။ “ထို​အမှုအရာ​တို့သည် ဖြစ်​စ​ရှိသော​အခါ သင်တို့ကို​ရွေးနုတ်သော​အချိန်ကာလ ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် မျှော်ကြည့်၍​ခေါင်း​ကို​ကြွ​ကြလော့” ဟု ယေရှု​မိန့်ဆို​တော်​မူ​၏။—လုကာ ၂၁:၂၈

၂၁ ထို့​ကြောင့် ဘုရားသခင်​ပေး​သော မျှော်လင့်ခြင်း​တွင် ဝမ်းမြောက်​ကြပါစို့။ စာတန်​၏​စဉ်းလဲ​သော​ဉာဏ်​နီ​ဉာဏ်​နက်​များ​၏ လှည့်စား​ဖြားယောင်းမှု မခံကြ​စို့​နှင့်။ တစ်ချိန်တည်း​တွင် ယုံကြည်ခြင်း၊ ချစ်ခြင်း​နှင့် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​တို့ကို ကြိုးစား​ပြုစု​ပျိုးထောင်​ကြပါစို့။ ထိုသို့​ပြုလုပ်ခြင်း​ဖြင့် အခြေအနေ​တိုင်း​တွင် ယေဟောဝါ​ကို​နာခံ​ရန်​နှင့် စာတန်​ကို​တွန်းလှန်​ရန် ရဲရင့်ခြင်း​ရှိ​မည်​ဖြစ်သည်။ (ယာကုပ် ၄:၇၊ ၈) မှန်ပါသည်။ ‘ထာဝရ​ဘုရားသခင်​ကို ကိုးစား​သော​သူအပေါင်း​တို့၊ အားယူ၍ ရဲရင့်​သော​စိတ်နှလုံး​ရှိကြလော့။’—ဆာလံ ၃၁:၂၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ခရစ်ယာန်​ဂရိ​ကျမ်းစာ​တွင် “မျှော်လင့်ခြင်း” ဟူသော​စကားလုံး​သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​၏ ကောင်းကင်​ဆုကျေးဇူး​ကို​ဆိုလို​သော်လည်း ဤ​ဆောင်းပါး​တွင် မျှော်လင့်ခြင်း​နှင့်​ပတ်သက်သော ယေဘုယျ​အသုံးအနှုန်း​ကို ဆွေးနွေး​ပါ​မည်။

သင်​ဖြေဆို​နိုင်​သလော

• ယေရှုသည် မျှော်လင့်ခြင်း​ကြောင့် မည်သို့​ရဲရင့်​ခဲ့​သနည်း။

• ယုံကြည်ခြင်း​နှင့်​မျှော်လင့်ခြင်းသည် မည်သို့​ဆက်စပ်​နေသနည်း။

• ခရစ်ယာန်​တစ်ဦး ဘဝ​ဦးစားထားရာ​များ​ချမှတ်​ရာ​တွင် ယုံကြည်ခြင်း​နှင့်​မျှော်လင့်ခြင်းက မည်သို့​ရဲစွမ်းသတ္တိ​ရှိစေ​နိုင်​သနည်း။

• ‘ထာဝရ​ဘုရားသခင်​ကို​မျှော်လင့်’ သော​သူတို့သည် အနာဂတ်​ကို အဘယ်ကြောင့် ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် မျှော်ကြည့်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သင်သည် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ ပရဒိသု​တွင်​ရှိ​နေသည်​ဟု မြင်ယောင်​ကြည့်​နိုင်​ပါသလော