လူသားတို့၏ ထာဝရအသက် ရှာပုံတော်
လူသားတို့၏ ထာဝရအသက် ရှာပုံတော်
ရှေးအချိန်ကတည်းက လူတို့သည် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် မျှော်လင့်သည့်အတိုင်း မဖြစ်ခဲ့ပေ။ မည်သူမျှ သေခြင်းတရားကို မအောင်နိုင်ခဲ့ကြချေ။ သို့တိုင် မကြာသေးမီက ဆေးသုတေသနပြုချက်အရ လူ့သက်တမ်း ထူးထူးခြားခြားပိုရှည်လာနိုင်သည်ဟူသော မျှော်လင့်ချက် ပြန်ရှင်သန်လာ၏။ သိပ္ပံလေ့လာမှုနယ်ပယ်အသီးသီးတွင် ရှာဖွေတွေ့ရှိခဲ့ရာကို သုံးသပ်ကြည့်ပါ။
ဇီဝဗေဒပညာရှင်များသည် ဆဲလ်အသစ်ပွားနှုန်းတိုးများစေရန် တယ်လိုမာရေးစ်အင်ဇိုင်း (enzyme telomerase) များကို စမ်းသပ်လေ့လာနေကြသည်။ အိုမင်းပျက်စီးသွားသောဆဲလ်များသည် ဖယ်ရှားခံရ၍ အသစ်အစားထိုးခံရကြောင်း သိပ္ပံပညာရှင်များ သိကြ၏။ အမှန်မှာ လူတစ်ဦး၏သက်တမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းအများစုသည် ဆဲလ်အသစ်များဖြင့် အကြိမ်ပေါင်းများစွာ အစားထိုးခံရသည်။ အသစ်အစားထိုးသောဖြစ်စဉ်ကိုသာ ဆက်ထိန်းထားနိုင်မည်ဆိုပါက “လူ့ခန္ဓာကိုယ်သည် အလွန်ကြာမြင့်စွာ၊ ထာဝစဉ်ပင် မိမိကိုယ်ကိုအသစ်ဆင် ပြုပြင်နိုင်မည်” ဟုသုတေသီများ ယူဆကြသည်။
သုတေသနနယ်ပယ်တွင် အငြင်းပွားစရာဖြစ်သော ပုံတူမျိုးပွားခြင်းကုထုံးသည် ကိုယ်အင်္ဂါအစားထိုးကုသနိုင်ရန် လူနာများနှင့်အထူးသင့်လျော်သည့် အသည်း၊ ကျောက်ကပ်၊ နှလုံးတို့ကို အသစ်ရရှိစေနိုင်ပုံပေါ်သည်။ ထိုသို့သောအင်္ဂါများကို ပုံတူပွားရာတွင် လူနာ၏ပင်မဆဲလ်များကို အသုံးပြုကြသည်။
ဆရာဝန်များသည် ကင်ဆာဆဲလ်များနှင့် သေစေနိုင်သောဗက်တီးရီးယားများအား ရှာဖွေတိုက်ဖျက်နိုင်ရန် ဆဲလ်အရွယ်ရှိ စက်များကို သွေးကြောထဲထည့်သွင်းနိုင်မည်ဟု နာနိုနည်းပညာနယ်ပယ်မှ သုတေသီများ မျှော်လင့်ကြသည်။ ထိုသိပ္ပံနည်းပညာနှင့်အတူ မျိုးရိုးဗီဇကုထုံးများကြောင့် နောက်ဆုံးတွင် လူ့ခန္ဓာကိုယ်သည် မိမိကိုယ်ကို ထာဝစဉ်ထောက်မပေးနိုင်လိမ့်မည်ဟု အချို့ယူဆကြသည်။
ခရိုင်ယိုနစ်နည်းကို ထောက်ခံသူများက သေဆုံးသွားသူတို့၏ ရုပ်ကလာပ်များကို အေးခဲစေကြသည်။ ရည်ရွယ်ချက်မှာ ဆေးပညာတိုးတက်အောင်မြင်မှုများကြောင့် ဆရာဝန်များသည် ရောဂါများကုသနိုင်ပြီး အိုမင်းခြင်း၏ဆိုးကျိုးများကို ပပျောက်စေကာ သေသူကိုပြန်ရှင်လာစေ၍ ပြန်ကျန်းမာလာစေနိုင်မည့်အချိန်အထိ ရုပ်ကလာပ်များကို ထိန်းသိမ်းထားရန်ဖြစ်သည်။ ထိုအယူအဆကို “ရှေးအီဂျစ်လူမျိုးတို့၏ ရုပ်အလောင်းဆေးစိမ်နည်းနှင့်ဆင်တူသော မျက်မှောက်ခေတ်နည်းပညာ” ဟု American Journal of Geriatric Psychiatry (အမေရိကန် သက်ကြီးရွယ်အိုစိတ်ဝေဒနာဆိုင်ရာဂျာနယ်) ကခေါ်ဆိုထားသည်။
ထာဝရအသက်ရှာပုံတော်ဖွင့်ခြင်းက သေခြင်းတရားကို လက်ခံရန် မည်မျှခက်ခဲကြောင်း ဖော်ပြနေသည်။ လူသားတို့ အမှန်ပင် ထာဝစဉ်အသက်ရှင်နိုင်မည်လော။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့ဆိုသနည်း။ နောက်ဆောင်းပါးက အဖြေပေးပါလိမ့်မည်။