မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ထာဝစဉ် အသက်ရှင်နိုင်

သင် ထာဝစဉ် အသက်ရှင်နိုင်

သင် ထာဝစဉ် အသက်ရှင်​နိုင်

ကမ္ဘာ့​ဘာသာ​တရား​များ​မှ ဘာသာဝင်​များစွာ​သည် ထာဝစဉ်​အသက်ရှင်ခြင်း မျှော်လင့်ချက်​အမျိုးမျိုးကို ရင်​ဝယ်​ပိုက်​ထား​ကြသည်။ ဘာသာ​တစ်ခု​နှင့်​တစ်ခု အသေးစိတ်​အချက်အလက်​များ ကွဲပြား​သော်လည်း အခြေခံ​အားဖြင့် တူညီ​သည်။ ယင်း​မှာ သေခြင်း​ကင်း​ပြီး သုခ​ချမ်းသာ​နှင့်​ပြည့်စုံသော​အသက်တာဖြင့် နေထိုင်သွား​ရန်ဖြစ်​၏။ သင်လည်း ထိုသို့​ပင် လိုလား​တောင့်တ​သည် မဟုတ်လော။ ဘာသာ​တရား​များစွာ​သည် အဘယ်ကြောင့် ထိုသို့​တစ်​ပုံစံ​တည်း​ယုံကြည်​ကြ​သနည်း။ ထာဝရ​အသက်​မျှော်လင့်ချက်​သည် အမှန်​ပြည့်ဝ​လာ​မည်​လော။

ဖန်ဆင်း​ရှင်​သည် ပထမ​လူသား​မောင်နှံကို ဖန်ဆင်း​ချိန်​မှ​စ၍ လူတို့၏​စိတ်​တွင် ထာဝစဉ်​အသက်ရှင်​လို​သည့် ပြင်းပြ​သော​ဆန္ဒ​ထည့်သွင်း​ပေး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– ‘[ဘုရားသခင်​သည်] လူ့​စိတ်နှလုံး​ကိုလည်း အဆုံးမဲ့​ကာလ​၌ စွဲလမ်း​စေတော်မူ​ပြီ။’—ဒေ. ၃:၁၁

သို့သော် ထာဝစဉ်​အသက်ရှင်​လို​သည့်​ဆန္ဒ ပြည့်ဝ​နိုင်​ရန် ပထမ​လူသား​မောင်နှံ​သည် ဘုရားသခင်​၌ အမှားအမှန်​ဆုံးဖြတ်​ပိုင်ခွင့်​ရှိကြောင်း လက်ခံရ​မည်။ သို့​ဆိုလျှင် သူတို့သည် ဘုရားသခင်​ပြင်ဆင်​ပေး​ထားသော ဧဒင်ဥယျာဉ်​၌ အဆုံးမဲ့​အသက်တာဖြင့် နေထိုင်​ထိုက်​သည်​ဟု ဘုရားသခင်​သတ်မှတ်​လိမ့်​မည်။—ကမ္ဘာဦး ၂:၈; ၃:၂၂

ထာဝရ​အသက်​ပျောက်ဆုံး

ဘုရားသခင်​သည် ဥယျာဉ်​ထဲ​ရှိ “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်” ၏​အသီးကို​မစား​ရန် အာဒံ​နှင့်​ဧဝ​ကို တားမြစ်​ခဲ့​ပြီး စား​ပါ​က သေရ​မည်​ဖြစ်သည်။ (ကမ္ဘာဦး ၂:၉၊ ၁၇) ထို​အသီးကို မစား​ခြင်း​က ဘုရားသခင့်​အခွင့်အာဏာကို အသိအမှတ်ပြု​ကြောင်း ဖော်ပြ​ရာ​ရောက်မည်။ စားခြင်း​က ဘုရားသခင့်​အခွင့်အာဏာကို ငြင်းပယ်​ကြောင်း ဖော်ပြ​ရာ​ရောက်မည်။ အာဒံ​နှင့်​ဧဝ​သည် ယေဟောဝါ​၏​အမိန့်တော်​များ​ကို မနာခံ​ဘဲ ဘုရားသခင့်​အခွင့်အာဏာကို ဆန့်ကျင်​ပုန်ကန်​သော ဝိညာဉ်​သတ္တဝါ​စာတန်​ဘက် ပါသွား​ခဲ့​ကြသည်။ ရလဒ်​အနေ​ဖြင့် သူတို့သည် ထာဝရ​အသက်​မရ​ထိုက်​ဟု ဘုရားသခင် မှန်ကန်​စွာ​ဆုံးဖြတ်​ခဲ့​သည်။—ကမ္ဘာဦး ၃:၁-၆

အသက်ရှင်ခြင်း​နှင့် သေခြင်း၊ တည်ရှိခြင်း​နှင့် မတည်ရှိခြင်း​ကို ဘုရားသခင်​ကမ်း​လှမ်း​ခဲ့​၏။ မနာခံမှု​၏​ရလဒ်​မှာ သေခြင်း​ဖြစ်​ပြီး သူတို့သည် လုံးဝ​မတည်ရှိ​သည့်​အဖြစ်သို့ ရောက်ရှိ​သွား​သည်။ အာဒံ​နှင့်​ဧဝ​ဖြစ်စေ၊ သူတို့၏​သားမြေး​များ​ဖြစ်စေ ဆန်းကြယ်သော​ဆေးရည်​တစ်မျိုး​ကြောင့် သို့​မဟုတ် မသေ​နိုင်သော​ဝိညာဉ်​စိုးလ်​ကြောင့် ဆက်​အသက်ရှင်​နိုင်​မည်​မဟုတ်ပါ။ *

အာဒံ​၏​ပုန်ကန်မှု​ကြောင့် သူ၏​သားမြေး​အားလုံး ဝေဒနာ​ခံစား​ခဲ့​ရသည်။ ထို​အကျိုးဆက်များ​ကို တမန်​တော်​ပေါလု ဤသို့​ရှင်းပြသည်– “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏။”—ရောမ ၅:၁၂

ထာဝရ​အသက်​ပြန်​ရ

တမန်​တော်​ပေါလု​က အာဒံ့​သားမြေး​များ​၏ အခြေအနေ​ကို ပထမ​ရာစု​မှ​ကျွန်​တစ်ဦး၏ အခြေအနေ​နှင့် နှိုင်းယှဉ်​ပုံဖော်​ခဲ့​သည်။ အမွေခံ​ရသော​အပြစ်​ကြောင့် အာဒံ​နှင့်​ဧဝ​တို့၏ သားသမီး​များသည် “အပြစ်​တရား​၏​ကျွန်” အဖြစ်​မွေး​ဖွားလာ​ကြ​ပြီး သေရ​ကြ​မည်​ဖြစ်သည်။ (ရောမ ၅:၁၂; ၆:၁၆၊ ၁၇) ထိုသို့​သော​ကျွန်ဘဝ​မှ လွတ်မြောက်​စေရန် တရားဝင်​ဖြေရှင်း​နည်းကို ယေဟောဝါ​မစီမံ​ပေး​ပါ​က သူတို့ လွတ်မြောက်​နိုင်​မည်​မဟုတ်ပေ။ ပေါလု​ဤသို့​ရှင်းပြ​၏– “တစ်ယောက်​သော​သူ [အာဒံ] ၏​ပြစ်မှားခြင်း​အားဖြင့် လူအပေါင်း​တို့သည် အပြစ်စီရင်​ခြင်း​နှင့် တွေ့ ကြုံ​ရ​ကြသည်​နည်းတူ တစ်ယောက်​သော​သူ၏​ဖြောင့်မတ်ခြင်း​အားဖြင့် လူအပေါင်း​တို့သည် အသက်​နှင့်ယှဉ်သော​ဖြောင့်မတ်​ရာ​သို့ ရောက်​ခြင်း​အခွင့်​ကို​ရ​ကြ​၏။” ထို “ဖြောင့်မတ်ခြင်း” ကြောင့် ယေရှုသည် “လူအပေါင်း​တို့ကို​ရွေး” ရန် မိမိ၏​စုံလင်သော​လူ့​အသက်ကို ပူဇော်​ခဲ့​သည်။ ရွေးနုတ်ဖိုး​သည် လူသား​တို့ကို “ဒဏ်​ခံစေ” သော “တရား​စီရင်” ချက်​မှ လွတ်မြောက်​ပေး​နိုင်စွမ်း​ရှိကြောင်း ယေဟောဝါ​အသိအမှတ်ပြု​တော်​မူ​သည်။—ရောမ ၅:၁၆၊ ၁၈၊ ၁၉; ၁ တိမောသေ ၂:၅၊ ၆

ထို့​ကြောင့် သိပ္ပံ​ပညာရှင်​များသည် ထာဝရ​အသက်​၏​သော့ချက်​ကို လူ့​မျိုးရိုး​ဗီဇ​သင်္ကေတ​တွင် လုံးဝ​တွေ့ရှိ​မည်​မဟုတ်ပေ။ ယင်းကို အခြား​တစ်​နေရာတွင် တွေ့ရှိ​ရသည်။ သမ္မာကျမ်းစာ​အရ လူ့​သေခြင်း​၏ အခြေခံ​အကြောင်းရင်း​သည် ကိုယ်ကျင့်တရား၊ တရား​မျှတမှု​တို့​နှင့်​ဆိုင်​ပြီး မျိုးရိုး​ဗီဇ​နှင့်​မဆိုင်​ပေ။ ထာဝရ​အသက်​ပြန်​ရရှိစေ​သည့် နည်းလမ်း​ဖြစ်သော ယေရှု၏​ရွေးဖိုး​ပူဇော်​သကာ​သည်လည်း တရား​မျှတသော တောင်းဆိုချက်​တစ်ခု​ဖြစ်သည်။ ရွေးနုတ်ဖိုး​က ဘုရားသခင်​၏​ဖြောင့်မတ်မှု​နှင့် ချစ်ခင်​ကြင်နာ​မှု​တို့ကို​လည်း ဖော်ပြ​သည်။ သို့​ဆိုလျှင် မည်သူ​တို့သည် ရွေးနုတ်ဖိုး​မှ​အကျိုး​ခံစား​ရပြီး ထာဝရ​အသက်​ရရှိ​မည်​နည်း။

မသေ​နိုင်သော​ဆုကျေးဇူး

ယေဟောဝါ​ဘုရားသခင်​သည် “ရှေး​ကမ္ဘာ​အဆက်ဆက်​မှ​စ၍ နောက်​ကမ္ဘာ​အဆက်ဆက်​တိုင်အောင်” တည်ရှိ​တော်​မူ​၏။ ကိုယ်တော်​သည် မသေနိုင်​ပါ။ (ဆာလံ ၉၀:၂) ယေဟောဝါ​သည် မသေ​နိုင်သော​ဆုကျေးဇူး​ကို ယေရှု​ခရစ်​အား ဦးဆုံး​ပေးသနား​ခဲ့​သည်။ တမန်​တော်​ပေါလု ဤသို့​ရှင်းပြ​၏– “ခရစ်တော်​သည် သေခြင်း​မှ​ထမြောက်​သောအခါ သေခြင်းနှင့်​အစဉ်​ကင်းလွတ်​တော်​မူ​၏။ သေခြင်း​တရားသည် နောက်​တစ်ဖန် ကိုယ်တော်​ကို​မ​အုပ်စိုး​ရ။” (ရောမ ၆:၈၊ ၉) ပေါလု​က ရှင်ပြန်ထမြောက်​ပြီး​သော​ယေရှု​နှင့် မြေကြီး​အုပ်စိုးရှင်​များ​၏ ခြားနား​ချက်​ကို နှိုင်းယှဉ်​လျက် ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် မသေ​နိုင်သော​အဖြစ်ကို​ရရှိ​သူ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ယေရှုသည် “ထာဝရ​တည်” မည်​ဖြစ်သည်။ ကိုယ်တော်​၏​အသက်သည် မပျက်စီး​နိုင်သော​အသက်​ဖြစ်၏။—ဟေဗြဲ ၇:၁၅-၁၇၊ ၂၃-၂၅; ၁ တိမောသေ ၆:၁၅၊ ၁၆

ထိုသို့​သော​ဆုကျေးဇူး​ရရှိ​သူ​မှာ ယေရှု​တစ်ဦးတည်း​မဟုတ်ပါ။ ကောင်းကင်​တွင် ဘုရင်​များ​အဖြစ်​အုပ်ချုပ်​ရန် ရွေးချယ်​ခံရ​သူ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များလည်း ယေရှု​ကဲ့သို့​သော ရှင်ပြန်ထမြောက်ခြင်း​မျိုးကို​ရရှိ​ကြသည်။ (ရောမ ၆:၅) တမန်​တော်​ယောဟန်​က ထို​ဆုကျေးဇူး​ကို ၁၄၄,၀၀၀ တို့ ရရှိ​ကြသည်​ဟု​ဖော်ပြ​သည်။ (ဗျာ. ၁၄:၁) သူတို့သည် မသေ​နိုင်သော​အဖြစ်ကိုလည်း ရရှိ​ကြသည်။ သူတို့၏​ထမြောက်ခြင်း​နှင့်​ပတ်သက်​၍ ပေါလု ဤသို့ဆို​၏– “လူ​အသွေးအသား​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​နိုင်။ . . . တံပိုးမှုတ်​ချိန်​ရောက်​သောအခါ သေလွန်​သော​သူတို့သည် မ​ပုပ်​နိုင်သော​အဖြစ်​၌​တည်လျက် ထမြောက်​၍ ငါ​တို့​ရှိသမျှသည် ပြောင်းလဲခြင်း​သို့​ရောက်​ရ​ကြ​မည်။ ယခု​မျက်မှောက်​ပုပ်​တတ်သော​အရာ​သည် မ​ပုပ်​နိုင်သော​အဖြစ်သို့ ဝင်စား​ရမည်။ ယခု​မျက်မှောက်​သေတတ်​သော​အရာ​သည် မသေ​နိုင်သော​အဖြစ်သို့​ဝင်စား​ရမည်။” ထိုသို့​သော​ထမြောက်ခြင်း​ကို ဝင်စား​သူတို့အား သေခြင်း​တရား​က မတားဆီး​နိုင်​ပါ။—၁ ကောရိန္သု ၁၅:၅၀-၅၃; ဗျာ. ၂၀:၆

ဘုရားသခင်​ထံ​မှ ထို​ဖွင့်ပြချက်​သည် အမှန်ပင်​အံ့သြဖွယ်​ဖြစ်၏။ ဝိညာဉ်​သတ္တဝါများ​ဖြစ်သော ကောင်းကင်တမန်​များ​ပင် မသေ​နိုင်သော​အဖြစ်မျိုး​နှင့် ဖန်ဆင်း​မခံရ​ပါ။ စာတန်​၏​ပုန်ကန်မှု​တွင် ပူးပေါင်း​ခဲ့​ကြသော ဝိညာဉ်​သတ္တဝါများ ဖျက်ဆီး​ခံရ​မည်​ဟူသော​အချက်​က ယင်းကို​ဖော်ပြ​သည်။ (မဿဲ ၂၅:၄၁) သို့သော် ယေရှု​နှင့်​တွဲဖက်​အုပ်ချုပ်​သူများ​မူ မသေ​နိုင်သော​ဆုကျေးဇူး​ရရှိ​ထား​ရာ သူတို့၏​သစ္စာရှိ​မှု​ကို ယေဟောဝါ လုံးဝ​ယုံကြည်​စိတ်ချကြောင်း ထင်ရှား​သည်။

ယင်းက သန်း​ထောင်ချီ​ရှိသော လူသားများ​ထဲ​တွင် ၁၄၄,၀၀၀ သာ ထာဝစဉ်​အသက်ရှင်​မည်​ဟု ဆိုလို​သလော။ မဆိုလို​ပါ။ အကြောင်းရင်းကို ကြည့်​ကြ​စို့။

မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်ခြင်း

မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်ခွင့်​ရသော မရေမတွက်​နိုင်​သည့်​လူအုပ်ကြီး​နှင့်​ပတ်သက်​၍ ဗျာ.ကျမ်း​က လှပ​စွာ​ပုံဖော်​ထား​သည်။ သေ​ရာ​မှ ရှင်ပြန်ထမြောက်​လာ​ကြ​သူများ​သည် ပြန်လည်​နုပျို​ကျန်းမာ​လာ​ကာ ထို​လူအုပ်ကြီး​နှင့်အတူ ပူးပေါင်း​ကြသည်။ (ဗျာ. ၇:၉; ၂၀:၁၂၊ ၁၃; ၂၁:၃၊ ၄) “ကျောက်သလင်း​ကဲ့သို့ ကြည်လင်​၍ ဘုရားသခင်​နှင့် သိုးသငယ်​၏​ပလ္လင်တော်​ထဲ​က​ထွက်​သော အသက်ရေ​စီး​ရာ​မြစ်” သို့ သူတို့​ပို့ဆောင်​ခံရ​သည်။ ထို​မြစ်​နှစ်ဖက်​၌ “အသက်​ပင်​ရှိ၏။ . . . အရွက်​သည်လည်း လူအမျိုးမျိုး​တို့၏ အနာ​ရောဂါ​ငြိမ်း​စ​ရာ​ဖို့​ဖြစ်၏။” ယေဟောဝါ​ဘုရားသခင် ဤသို့​ကြင်နာ​စွာ ဖိတ်ခေါ်​လေ​သည်– “ရေငတ်​သော​သူသည် လာပါစေ။ အလိုရှိ​သော​သူသည် အဖိုးကို​မပေး​ဘဲ အသက်ရေ​ကို​ယူပါ​စေ။”—ဗျာ. ၂၂:၁၊ ၂၊ ၁၇

ထို​အပင်များ​နှင့် ရေ​တို့သည် အဂ္ဂိရတ်​ပညာရှင်​များနှင့် စူးစမ်း​ရှာဖွေရေး​သမားများ ရာစုနှစ်များစွာ​ရှာဖွေခဲ့​သော အသက်ရှည်​ဆေး သို့​မဟုတ် နုပျို​ဆေး မဟုတ်ပါ။ ယင်းအစား မူလ​စုံလင်​သည့်​အခြေအနေ​သို့ လူသားများ​ရောက်ရှိ​စေရန် ယေရှု​ခရစ်​မှ​တစ်ဆင့် ဘုရားသခင့်​ပြင်ဆင်​ပေး​ချက်​များ​ကို ပုံဆောင်​သည်။

နာခံမှု​ရှိသော​လူသားများ​ကို ကမ္ဘာ​ပေါ် ထာဝရ​အသက်ပေး​မည်​ဟူသော ဘုရားသခင့်​ရည်ရွယ်ချက်​သည် မပြောင်းလဲ​ခဲ့​ပေ။ ယေဟောဝါ​သည် သစ္စာစောင့်သိ​သောကြောင့် ထို​ရည်ရွယ်ချက် ပြည့်စုံ​လာ​လိမ့်​မည်။ ဆာလံ ၃၇:၂၉ က​ဤသို့​ဆို​၏– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” ထို​ကတိတော်​က မသေ​နိုင်သော​ကောင်းကင်​အသက်တာ ရရှိ​သူတို့နှင့်​အတူ ဤသို့​ကြွေးကြော်​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သည်– ‘အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​၏​အပြု​အမူ​တို့သည် ကောင်းမြတ်​၍​အံ့သြဖွယ်​ဖြစ်​ကြ​ပါ​၏။ လူမျိုး​တို့၏​ဘုရင်၊ ကိုယ်တော်​၏​အကျင့်ဓလေ့​တို့သည် ဖြောင့်မတ်​ဟုတ်မှန်​ကြ​ပါ​၏။ အို ထာဝရ​ဘုရားသခင် ကိုယ်တော်​ကို​မကြောက်ရွံ့​ဘဲ၊ နာမတော်​ကို​မ​ချီးမွမ်း​ဘဲ အဘယ်သူ​နေရ​ပါ​အံ့​နည်း။ ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် သန့်ရှင်း [“သစ္စာစောင့်သိ၊” က​ဘ] တော်​မူ​၏။’—ဗျာ. ၁၅:၃၊ ၄

အဖိုးထိုက်​လှ​သော ထာဝရ​အသက်ဆု​ကျေးဇူး​ကို သင်​ရယူလို​သလော။ သို့​ဆိုလျှင် သင်သည် “လူမျိုး​တို့၏​ဘုရင်” ကို​သစ္စာစောင့်သိ​ပြီး နာခံ​ရမည်။ ယေဟောဝါ​အကြောင်း သင်ယူဖို့​လို​သည်။ ထို့​ပြင် ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ရနိုင်​သောကြောင့် ကိုယ်တော့်​အကြောင်းကိုလည်း သင်ယူ​ရမည်။ အမှားအမှန်​နှင့်​ပတ်သက်​၍ ဘုရားသခင့်​စံနှုန်း​များ​ကို လက်ခံ​လို​သူအား​လုံး​သည် “ထာဝရ​အသက်” ဆုကျေးဇူး​ရရှိကြ​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 မသေ​နိုင်သော​ဝိညာဉ်​စိုးလ် သွန်သင်ချက်​အကြောင်း ဆွေးနွေးချက်​ကို သမ္မာကျမ်းစာ​အမှန်တကယ် သွန်သင်ရာ​မှာ​အဘယ်နည်း စာအုပ်၊ အခန်း ၆ တွင်​ရှု။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကြာရှည်​တည်တံ့​ခဲ့​သော​ဆန္ဒ

ဘီစီ​နှစ်ထောင်​ခန့်​က ရေးခဲ့​သည်​ဟု​ယူဆ​ရသော မက်ဆိုပိုတေးမီးယား​လင်္ကာ​ဖြစ်သည့် ဂီလ်​ဂါ​မဲ့​ရှ်​မော်ကွန်း​တင်​ကဗျာ​တွင် ထာဝစဉ်​နုပျို​သည့်​အသက်တာ​ရ​ရန် သူရဲကောင်း​တစ်ဦး ရှာပုံတော်ဖွင့်​ခဲ့​ကြောင်း​ဖော်ပြ​ထား​သည်။ ရှေး​အီဂျစ်လူ​မျိုး​များသည် ဝိညာဉ်​စိုးလ်​မသေနိုင်​ဟု ယုံကြည်​ကြ​ရာ သေ​သူ၏​ရုပ်ကလာပ်​ကို​ဆေး​စိမ်ထား​ခြင်း​ဖြင့် တစ်နေ့​တွင် ဝိညာဉ်​စိုးလ်​ပြန်ဝင်​လာနိုင်​မည်​ဟု ယုံကြည်​ကြသည်။ သို့​ဖြစ်၍ အီဂျစ်​လူမျိုး​တို့၏ အုတ်ဂူ​အချို့​၌ သေဆုံး​သူ တ​မ​လွန်​ဘဝတွင် အသုံး​လို​မည့်​ပစ္စည်း​များ​ကို ထည့်​ထား​ပေး​ကြသည်။

ဘီစီ​ရှစ်ရာစု​ခန့်​တွင် တရုတ်​အဂ္ဂိရတ်​ပညာရှင်​များ​က ခန္ဓာကိုယ်​မသေနိုင်​ဟု ယုံကြည်ခဲ့​ပုံ​ရပြီး ဆန်းကြယ်သော​ဆေးရည်​များ​ဖြင့် ယင်း​သို့​ပြုလုပ်​နိုင်​သည်​ဟု ဘီစီ​လေး​ရာစု​တွင် ယုံကြည်ခဲ့​ကြသည်။ အလယ်ခေတ်​ဥရောပ​နှင့် အာရဘီအဂ္ဂိရတ်ပညာရှင်များ​က အသက်ရှည်​ဆေး​များ ရှာဖွေကြ​ပြီး ကိုယ်တိုင်​ဖော်စပ်​ခဲ့​ကြသည်။ ထို​ဆေးရည်​အချို့​တွင် စိန်​ဓာတ်​ပါ​သော​ဆား၊ ပြဒါး​နှင့် ကန့်​တို့​ပါဝင်​သည်။ ယင်း​သို့​ဖော်စပ်​ရင်း လူ​မည်မျှ အဆိပ်သင့်​ခဲ့​သည်ကို မသိနိုင်​ပေ။

နုပျို​စေသော​စမ်းရေ​မှ ရေ​ကို​သောက်​သူအား​လုံး ပြန်လည်​နုပျို​လာ​မည်​ဟူ​သည့် ဒဏ္ဍာရီ​များလည်း တစ်ချိန်က​ပျံ့နှံ့​ခဲ့​၏။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ထာဝရ​အသက်သည် ငြီးငွေ့စရာ​လော

ထာဝရ​အသက်သည် ငြီးငွေ့စရာ​ဖြစ်​မည်၊ အဓိပ္ပာယ်မဲ့​သော အလုပ်များ​ကို ထပ်တလဲလဲ​လုပ်ဆောင်ခြင်းဖြင့် မဆုံး​နိုင်​သည့်​အချိန်ကို ဖြုန်းတီး​နေခြင်း​သာ​ဖြစ်​မည်​ဟု အချို့​ကန့်ကွက်​ပြောဆို​ကြသည်။ ထာဝရ​ကာလ​ဟု​ဆို​ရာ​တွင် လူများစွာ​အတွက် ငြီးငွေ့ ဖွယ်​ဖြစ်​ပြီး အဓိပ္ပာယ်မဲ့​သည့် လက်ရှိ​ဘဝ​ပုံစံ​နှင့် အခြေအနေ​များ ထာဝစဉ်​ရှိနေ​မည်​ဟု သူတို့​တွေးထင်​ပုံ​ရသည်။ သို့သော် ဘုရားသခင်​တည်ထောင်​မည့် ပရဒိသု​တွင် လူတို့သည် “များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်” ဟု​ကိုယ်တော်​ကတိပေး​ထား​၏။ (ဆာလံ ၃၇:၁၁) ထိုသို့​သော​အသက်တာ​က ယေဟောဝါ​၏ ဖန်ဆင်း​ခြင်း​လက်ရာများ​အကြောင်း လူသား​တို့ သင်ယူ​ခွင့်​ရစေသည်။ ထို့​ပြင် ယခု​အချိန်တွင် ကျွန်ုပ်​တို့​စိတ်ကူး​သာ​ယ​ဉ်​နိုင်သော စိတ်ဝင်စားဖွယ် ကျွမ်းကျင်​မှုများ၊ လေ့လာမှု​များနှင့် အလုပ်အကိုင်​များ​အတွက် အချိန်ပို​၍​ရရှိ​စေနိုင်​သည်။

အသက်ပိုရှည်​နိုင်​ပုံ​ကို​သုတေသန​ပြုသူ ကဲ​မ်​ဘ​ရ​စ်ခ်ျ တက္ကသိုလ်​မှ မျိုးရိုး​ဗီဇ​ပညာရှင် ဩ​ဘရီ​ဒ​ဂ​ရေး​က ဤသို့​လေ့လာ​တွေ့ရှိ​ခဲ့​၏– “အခု​အချိန်​မှာ​ပညာ​ကောင်းကောင်း​တတ်​ထားပြီး အဲဒါကို​အသုံးချ​သူတွေက ဘယ်တော့မှ​မငြီးငွေ့ ကြဘူး။ သူတို့​လုပ်ချင်တဲ့​အရာ အသစ်အဆန်း​တွေ မရှိတော့ဘူးလို့​လည်း ဘယ်တော့မှ​မတွေး​ကြဘူး။” သို့​တိုင် ဘုရားသခင့်​မှုတ်သွင်းခံကျမ်း​စာ​က “ဘုရားသခင်​စီရင်တော်မူ​သော​အမှုကို အစ​မှ​အဆုံးတိုင်အောင် လူသည် စစ်၍​မကုန်နိုင်” ဟု​ဆို​ထား​ပေ​သည်။—ဒေ. ၃:၁၁