သမ္မာကျမ်းစာသည် ကန့်သတ်ချုပ်ချယ်လွန်းသလော
သမ္မာကျမ်းစာသည် ကန့်သတ်ချုပ်ချယ်လွန်းသလော
“ကလေးဘဝတုန်းက ကျွန်တော့်ကို ဘယ်သူမှ ကျမ်းစာ စံနှုန်းတွေအကြောင်း မသင်ပေးဘူး။ ဘုရားသခင်အကြောင်းတောင် မသိခဲ့ဘူး” ဟူ၍ ဖင်လန်နိုင်ငံမှလူငယ်တစ်ဦး ပြောပြသည်။ ထိုသို့ကြီးပြင်းလာခြင်းသည် ယနေ့အချိန်တွင် မထူးဆန်းပေ။ သမ္မာကျမ်းစာသည် အလွန်ခေတ်နောက်ကျသောစာအုပ်ဖြစ်ပြီး ယင်း၏အကြံပြုချက်များသည် တင်းကျပ်ချုပ်ချယ်လွန်းသည်ဟု လူများစွာ အထူးသဖြင့် လူငယ်များယူဆကြ၏။ ကျမ်းစာအတိုင်းလိုက်နာလိုသူများကို ကန့်သတ်ချက်များ၊ ပညတ်များနှင့်ဝန်ပိနေသော အဖိနှိပ်ခံပုဂ္ဂိုလ်များဟုယူမှတ်ကြ၏။ ထို့ကြောင့် လူများစွာသည် သမ္မာကျမ်းစာကို စာအုပ်စင်ပေါ်တွင်တင်ထားကြပြီး အခြားနေရာတွင် လမ်းညွှန်မှုရှာခြင်းက ပိုကောင်းမည်ဟုထင်မှတ်ကြသည်။
သမ္မာကျမ်းစာကို ထိုသို့ရှုမြင်ကြခြင်းမှာ အဓိကအားဖြင့် နှစ်ပေါင်းများစွာကတည်းက ခရစ်ယာန်ဘောင်ချာ့ခ်ျများ၏ ဖိနှိပ်မှုကြောင့်ဖြစ်သည်။ ထိုကာလကို သမိုင်းပညာရှင်အချို့က အမှောင်ခေတ်ဟုခေါ်ကြ၏။ ဥပမာ၊ ဥရောပရှိ . . . ချာ့ခ်ျသည် လူတို့၏ဘဝကဏ္ဍအားလုံးနီးပါးကို ကြီးစိုးချုပ်ကိုင်ထားသည်။ ချာ့ခ်ျကိုဖီဆန်ဝံ့သူမှန်သမျှ ညှဉ်းဆဲခံရသည်၊ အသတ်ပင်ခံရကြသည်။ နောက်ပိုင်းပေါ်ပေါက်လာသော ပရိုတက်စတင့်ချာ့ခ်ျများလည်း လူတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချုပ်ချယ်ခဲ့သည်။ ယနေ့တွင် “ကယ်လ်ဗင်နစ်” သို့မဟုတ် “ပြူရီတန်” စသောဝေါဟာရများသည် ထိုအသင်းသားများကိုသာမက ၎င်းတို့၏ရက်စက်သော စည်းမျဉ်းစည်းကမ်းများကိုပါ သတိရစေသည်။ သို့ဖြစ်၍ ကျမ်းစာသွန်သင်ချက်များသည် အမှန်ပင် တင်းကျပ်ချုပ်ချယ်လွန်းသည်ဟု လူတို့တလွဲကောက်ချက်ချရခြင်းမှာ ချာ့ခ်ျ၏ဖိနှိပ်မှုကြောင့်ဖြစ်၏။
မကြာသေးမီရာစုနှစ်များက ချာ့ခ်ျများသည် ဒေသအချို့တွင် လူတို့၏အသက်တာကို အလွန်ကြီးစိုးချုပ်ကိုင်ခြင်းမပြုနိုင်တော့ပေ။ လူတို့သည် မိရိုးဖလာဘာသာရေးယုံကြည်ချက်များကို စွန့်ပယ်လာကြပြီး မိမိတို့ဘာသာ အမှားအမှန်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ယူဆလာကြ၏။ အဘယ်ရလဒ်ဖြစ်ပေါ်ခဲ့သနည်း။ ပြစ်မှုဗေဒနှင့်တရားရေးဆိုင်ရာ လူမှုဗေဒပါမောက္ခ အာတီလက်တီနန် ဤသို့ရှင်းပြ၏– “အခွင့်အာဏာကို လေးစားမှုလျော့နည်းလာတယ်။ လက်ခံနိုင်ဖွယ်၊ လက်မခံနိုင်ဖွယ်နဲ့ပတ်သက်ပြီး လူတွေ ကောင်းကောင်းနားမလည်ကြတော့ဘူး။” ထူးဆန်းသည်မှာ ချာ့ခ်ျခေါင်းဆောင်အချို့ပင် ထိုအတိုင်းတွေးခေါ်လာကြသည်။ “ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ပြဿနာတွေကို သမ္မာကျမ်းစာ ဒါမှမဟုတ် ဘာသာရေးခေါင်းဆောင်တွေ ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ ယူဆချက်ကို ကျွန်တော်လက်မခံဘူး” ဟူ၍ နာမည်ကျော် လူသာရင်ဂိုဏ်းအုပ်တစ်ဦးက ဆိုသည်။
အကန့်အသတ်မဲ့လွတ်လပ်မှုသည် နှစ်သက်စရာလော
အကန့်အသတ်မဲ့လွတ်လပ်မှုသည် အထူးသဖြင့် လူငယ်များအတွက် နှစ်သက်စရာကောင်းပေမည်။ တင်တင်စီးစီးဆက်ဆံခံရခြင်း၊ ဆောင်ရန်ရှောင်ရန်စည်းကမ်းချက်များအတိုင်း နေထိုင်ခြင်းကို လူတို့မနှစ်သက်ကြပေ။ သို့ရာတွင် လူတိုင်း ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ်လုပ်ဆောင်သင့်သလော။ အဖြေရရန် ဥပမာတစ်ခုကို သုံးသပ်ကြည့်ကြစို့။ ယာဉ်စည်းကမ်းဥပဒေမရှိသော မြို့တစ်မြို့ကို မြင်ယောင်ကြည့်ပါ။ ယာဉ်မောင်းလိုင်စင်မလို၊ ယာဉ်မောင်းသင်တန်းတက်ရန်လည်း မလိုပေ။ မူးယစ်သောက်စားထားလျှင်ပင် မိမိတို့စိတ်ကြိုက် မောင်းနှင်နိုင်သည့်အပြင် သတ်မှတ်နှုန်း၊ ယာဉ်ရပ်နားဆိုင်းဘုတ်၊ မီးပွိုင့်၊ တစ်လမ်းမောင်းစနစ်၊ လူကူးမျဉ်းကျားများလည်း မရှိပေ။ ထိုသို့သော “လွတ်လပ်မှု” သည် နှစ်သက်စရာလော။ ဝေးလေစွ! ကစဉ့်ကလျားနှင့် အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်သည်။ ယာဉ်စည်းကမ်းဥပဒေများ
သည် လူတို့၏လွတ်လပ်မှုကို ကန့်သတ်ထားသော်လည်း ယာဉ်မောင်းနှင့် လမ်းသွားလမ်းလာများကို အကာအကွယ်ပေးကြောင်း ကျွန်ုပ်တို့သိထားကြသည်။အလားတူ ကျွန်ုပ်တို့ မည်သို့နေထိုင်သင့်ကြောင်း ယေဟောဝါလမ်းညွှန်ပေးတော်မူသည်။ ယင်းသည် ကျွန်ုပ်တို့အတွက် အကျိုးဖြစ်ထွန်းစေသည်။ ထိုလမ်းညွှန်ချက်များသာမရှိပါက ကျွန်ုပ်တို့သည် အမှားများကြုံပြီးမှ အမှန်ကိုသိရှိလာမည်။ ယင်းက မိမိကိုယ်တိုင်နှင့်အခြားသူတို့ကိုပါ ထိခိုက်နစ်နာစေနိုင်သည်။ ပေါက်လွှတ်ပဲစားအခြေအနေမျိုးသည် မနှစ်မြို့ဖွယ်ဖြစ်ပြီး ယာဉ်စည်းကမ်းဥပဒေမရှိသောမြို့တွင် ယာဉ်မောင်းရသကဲ့သို့ အန္တရာယ်များပေလိမ့်မည်။ အမှန်မှာ၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအချို့ကို ကျွန်ုပ်တို့လိုအပ်ကြောင်း လူအများလက်ခံကြ၏။
“ငါ့ဝန်လည်း ပေါ့၏”
ယာဉ်စည်းကမ်းဥပဒေတွင် စည်းကမ်းချက်၊ ကန့်သတ်ချက်များစွာပါဝင်ပေမည်။ အချို့ဒေသများတွင် ယာဉ်ရပ်နားရမည့်နေရာအတွက်ပင် စည်းကမ်းချက်များစွာရှိသည်။ သို့သော် သမ္မာကျမ်းစာသည် စည်းမျဉ်းစည်းကမ်းများစွာ ချမှတ်မထားပေ။ ယင်းအစား အခြေခံမူများကိုချမှတ်ပေးပြီး ယင်းတို့သည် ဝန်လေးစရာ၊ စိတ်ဖိစီးစရာ မဖြစ်စေပါ။ ယေရှုသည် မိမိနှင့်တစ်ခေတ်တည်းသားများအား ဤနှစ်သက်ဖွယ်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းခဲ့၏– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” (မဿဲ ၁၁:၂၈၊ ၃၀) ယေဟောဝါ၏ “ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကိုပေးတတ်၏” ဟူ၍ ကောရိန္သုအသင်းတော်ရှိ ခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့သည်။—၂ ကောရိန္သု ၃:၁၇။
သို့သော် ယင်းသည် အကန့်အသတ်မဲ့လွတ်လပ်မှုမျိုး မဟုတ်ပေ။ ဘုရားသခင့်တောင်းဆိုချက်များတွင် ရိုးရှင်းသောပညတ်များပါဝင်ကြောင်း ယေရှုထောက်ပြခဲ့သည်။ ဥပမာ၊ မိမိတပည့်များအား ကိုယ်တော်ဤသို့ဆိုခဲ့၏– “ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကိုချစ်သည့်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့။” (ယောဟန် ၁၅:၁၂) ဤပညတ်ကို လူတိုင်းလိုက်လျှောက်ကြပါက ဘဝအခြေအနေမည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်ပါ။ ထို့ကြောင့် ခရစ်ယာန်တို့၏လွတ်လပ်မှုသည် အကန့်အသတ်မဲ့မဟုတ်ချေ။ “လူလွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ ကျင့်နေကြလော့” ဟုတမန်တော်ပေတရုရေးခဲ့သည်။—၁ ပေတရု ၂:၁၆။
ထို့ကြောင့် ခရစ်ယာန်များသည် အသေးစိတ်ပညတ်များဖြင့် ချုပ်နှောင်မခံရသည့်တိုင် အမှားအမှန်နှင့်ပတ်သက်၍ မိမိတို့စိတ်ကြိုက် ထင်ရာစိုင်းမပြုမူကြပါ။ ဘုရားသခင်တစ်ပါးတည်းသာပေးနိုင်သော လမ်းညွှန်ချက်များကို လူသားတို့လိုအပ်သည်။ လူသည် “သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဟူ၍ ကျမ်းစာက ရှင်းရှင်းမိန့်ဆိုသည်။ (ယေရမိ ၁၀:၂၃) ကျွန်ုပ်တို့သည် ဘုရားသခင့်လမ်းညွှန်ချက်များကို လိုက်နာမည်ဆိုလျှင် အကျိုးကြီးစွာခံစားရပေမည်။—ဆာလံ ၁၉:၁၁။
အကျိုးကျေးဇူးတစ်ခုမှာ ပျော်ရွှင်ခြင်းဖြစ်၏။ ဥပမာ၊ အစပိုင်းတွင်ဖော်ပြခဲ့သော လူငယ်သည် သူခိုးနှင့်လူလိမ်တစ်ဦးဖြစ်ပြီး လိင်အကျင့်ယိုယွင်းသူလည်းဖြစ်၏။ ကျမ်းစာ၏မြင့်မားသောစံနှုန်းများကို လေ့လာပြီးနောက် ယင်းနှင့်အညီ ဘဝကိုပြုပြင်ပြောင်းလဲခဲ့သည်။ “ကျမ်းစာစံနှုန်းအားလုံးကို ချက်ချင်းကြီးမကျင့်သုံးနိုင်ပေမဲ့ အဲဒီစံနှုန်းတွေရဲ့တန်ဖိုးကို ကျွန်တော် သဘောပေါက်တယ်။ အရင်တုန်းက မခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး ခံစားနေရပြီ။ ကျမ်းစာစံနှုန်းတွေနဲ့အညီ အသက်ရှင်တာက ဘဝကိုရိုးရှင်းစေတယ်။ ဘဝရည်ရွယ်ချက်ရှိလာပြီး အမှားအမှန်ကိုခွဲခြားသိရှိစေတယ်” ဟုသူပြောပြသည်။
* မိမိဘဝတွင် ကျမ်းစာစံနှုန်းနှင့်အညီနေထိုင်ခဲ့ချိန်နှင့် မနေထိုင်ခဲ့ချိန်ကို နှိုင်းယှဉ်ကာ ဤသို့ပြောခဲ့၏– “ကျမ်းစာနဲ့အညီ အသက်ရှင်နေထိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ပိုလေးစားတတ်လာပြီ။” *
လူသန်းပေါင်းများစွာသည် အလားတူအကျိုးကျေးဇူးခံစားနေကြသည်။ ကျမ်းစာလမ်းညွှန်ချက်သည် လူသားချင်းဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသည်။ အလုပ်အပေါ် မျှတသောအမြင်ရှိစေသည်။ အကျင့်ဆိုးများကို ရှောင်ရှားစေသည်။ ဘဝကို ပို၍ပျော်ရွှင်ချမ်းမြေ့စေသည်။ လူငယ်မားကပ်စ်သည်သင့်ရွေးချယ်မှုကား မည်သို့နည်း
သမ္မာကျမ်းစာသည် ကန့်သတ်ချုပ်ချယ်သောစာအုပ်လော။ မှန်ပါသည်၊ ကျွန်ုပ်တို့ကောင်းကျိုးအတွက် ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်၏။ သို့သော် သမ္မာကျမ်းစာသည် ကန့်သတ်ချုပ်ချယ်လွန်းသလော။ မဟုတ်ပါ။ အကန့်အသတ်မဲ့လွတ်လပ်မှုသည် ပြဿနာများကိုသာ ဖြစ်ပေါ်စေသည်။ ကျမ်းစာစံနှုန်းများမူ ဟန်ချက်ညီပြီး ကျွန်ုပ်တို့ကောင်းကျိုးနှင့် ပျော်ရွှင်မှုကိုသာဖြစ်စေသည်။ မားကပ်စ်က “အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကျမ်းစာအတိုင်းလိုက်နာတာက ပညာရှိရာရောက်တယ်ဆိုတာ သိလာတယ်။ ကျွန်တော့်ဘဝလမ်းစဉ်က တခြားလူတွေနဲ့တော့ မတူပေမဲ့ ဘဝမှာ တန်ဖိုးရှိတဲ့အရာတစ်ခုခု ဆုံးရှုံးနေတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး” ဟူ၍ပြောခဲ့သည်။
သင်သည် ကျမ်းစာစံနှုန်းနှင့်အညီနေထိုင်သောကြောင့် အကျိုးကျေးဇူးများ စတင်ခံစားရသည့်အခါ ဘုရားသခင့်နှုတ်မြွက်တော်ကို ပို၍တန်ဖိုးထားလေးမြတ်လာပေမည်။ ထို့နောက် ကျမ်းစာ၏ပင်ရင်းဖြစ်သော ယေဟောဝါရှင်အား ချစ်မြတ်နိုးတတ်လာမည်၊ ယင်းသည် သာ၍ကြီးမားသောအကျိုးကျေးဇူးပင်တည်း။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။”—၁ ယောဟန် ၅:၃။
ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ပြီး ကောင်းကင်ခမည်းတော်လည်း ဖြစ်တော်မူသည်။ ကျွန်ုပ်တို့အတွက် မည်သည့်အရာအကောင်းဆုံးဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ကျွန်ုပ်တို့ကို ကန့်သတ်ချုပ်ချယ်မည့်အစား ကျွန်ုပ်တို့ကောင်းကျိုးအတွက် လမ်းညွှန်ချက်များကို မေတ္တာပါစွာပေးသနားတော်မူသည်။ ကဗျာဆန်ဆန်အသုံးအနှုန်းဖြင့် ကျွန်ုပ်တို့ကို ယေဟောဝါ ဤသို့တိုက်တွန်း၏– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 13 နာမည်ပြောင်းထားသည်။
^ အပိုဒ်၊ 13 ကျမ်းစာအခြေခံသော ဘဝလမ်းစဉ်နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၊ အခန်း ၁၂ တွင်ရှု။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘုရားသခင့်တောင်းဆိုချက်များက လန်းဆန်းမှုဖြစ်စေသည်ဟု ယေရှုမိန့်ဆိုခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဘုရားသခင့်လမ်းညွှန်ချက်များကိုနာခံ ခြင်းက ပျော်ရွှင်မှုနှင့် ကိုယ့်သိက္ခာကိုယ်လေးစားမှုရရှိစေ