မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းနိုင်သလော

ကျွန်ုပ်တို့ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းနိုင်သလော

ကျွန်ုပ်​တို့ ဘုရားသခင်​ကို အမှန်တကယ် သိကျွမ်း​နိုင်​သလော

“ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကို . . . သိကျွမ်းခြင်း​တည်း။”—ယောဟန် ၁၇:၃

“ဘုရားသခင်​၏​ပညာ​နှင့်​ဉာဏ်တော်​သည် အလွန်​ကျယ်ဝန်း​နက်နဲ​စွ​တကား။ စီရင်တော်မူချက်​တို့ကို အဘယ်သူမျှ​စစ်၍​မကုန်နိုင်။ ကြွတော်မူရာ​လမ်း​တို့ကို လိုက်၍​ရှာ​သော်လည်း မ​တွေ့​မမီ​နိုင်” ဟူ၍​တမန်​တော်​ပေါလု ပြော​ခဲ့​သည်။ (ရောမ ၁၁:၃၃) ထိုစကား​များ​ကို​ထောက်၍ ဘုရားသခင်​၏​ပညာ​နှင့်​ဉာဏ်တော်​ကို သိရှိ​ရန် လူ့​ဉာဏ်​ဖြင့်​မမီ​နိုင်သော​ကြောင့် ကိုယ်တော်​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို သိကျွမ်း​ရန် မဖြစ်​နိုင်​ဟု ကျွန်ုပ်​တို့​ကောက်ချက်​ချ​ရမည်​လော။

အချို့​သော​ဘာသာရေး​အတွေးအခေါ်​သမားများ​က ဘုရားသခင်​ကို သိကျွမ်း​ရန် မဖြစ်​နိုင်​ဟု ယုံကြည်​ကြသည်။ ဘာသာ​တရား​ဆိုင်ရာ​စွယ်စုံ​ကျမ်း [လိပ်] က ဤသို့​ဆို​သည်– “ဘုရားသခင်​ကို လုံးဝ သိကျွမ်း​၍​မရနိုင်။ . . . ဘုရားသခင်​ကို နာမ​ဖြင့်​ဖော်ပြ​၍​သော်လည်း​ကောင်း၊ သတ်​မှတ်၍​သော်လည်း​ကောင်း မရ။ ဘုရားသခင့်​နှင့်​ပတ်သက်သော မည်သည့်​သတ်မှတ်​ဖော်ပြချက်​မဆို​သည် အကန့်အသတ်​သာ​ဖြစ်၏။ . . . ကိုယ်တော်​ကို အသိပညာ​အားဖြင့် မသိကျွမ်း​နိုင်​သကဲ့သို့ သိနိုင်​သည့်​အရာ​လည်း​မဟုတ်ပါ။” *

န​ယူးစ်ဝိခ် [လိပ်] မဂ္ဂဇင်း​ဖော်ပြချက်​အရ၊ လောက​အဖွဲ့အစည်း​များ​ရှိ လူများစွာ​တို့သည် “အသစ်​သော​ယုံကြည်ခြင်း​တစ်မျိုး” ကို ယုံကြည်​လာ​ကြသည်။ ယင်း​မှာ “အမှန်တရား​တစ်ခု​သာ​ရှိပြီး ယင်း​အမှန်တရားမှာ အမှန်တရား​မရှိ​ဟူ၍​ဖြစ်သည်။”

သို့သော် လူအများသည် ဘဝ​ရည်ရွယ်ချက်​နှင့်​ပတ်သက်သော မေးခွန်းများ​၏​အဖြေကို မရရှိ​ကြ​ချေ။ သူတို့သည် ဆင်းရဲ​နွမ်းပါး​မှု၊ ရောဂါ​နှင့် အကြမ်းဖက်မှု​စ​သည့် စိတ်​ကြေကွဲစရာ​ပြဿနာ​များ​ကို တွေ့မြင်​ရ​ကြသည်။ ဘဝ၏​မသေချာ​မရေရာမှု​သည်လည်း သူတို့​အတွက် အလွန်​စိတ်ပျက်​စ​ရာ​ဖြစ်​ပေမည်။ ထိုသို့​ဖြစ်​ရသည့်​အကြောင်းရင်း​နှင့်​ပတ်သက်​၍ အဖြေ​များ​ကို သိ​လို​ကြသော်လည်း မသိ​ရသည့်​အခါ အဖြေ​မ​ရှိ၍​သာ​ဖြစ်​မည်​ဟု ယူမှတ်​ကြ​ပေမည်။ ထို့​ကြောင့် ထိုသို့​သော​သူ​အများ​တို့သည် ဖွဲ့စည်းထား​သော​ဘာသာရေး​မှ မိမိ​သဘောဖြင့် ထွက်သွား​ကြသော်လည်း ဘုရားသခင်​ရှိကြောင်း ယုံကြည်​နေကြ​ဆဲ​ဖြစ်သော​ကြောင့် ကိုယ့်​နည်း​ကိုယ့်​ဟန်​ဖြင့် ဘုရားသခင်​ကို ရှာဖွေ​လာ​ကြသည်။

သမ္မာကျမ်းစာ​အမြင်

သမ္မာကျမ်းစာ​အပေါ် အကောင်းမြင်​သဘောထား​ရှိပြီး ယေရှု​ခရစ်​ကို ဘုရားသခင်​၏​ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် လက်ခံ​လို​ကြ​သူတို့သည် သမ္မာကျမ်းစာ​အမြင်ကို သိရှိ​ရန် စိတ်ဝင်စား​သင့်​သည်။ လမ်း​နှစ်သွယ်​အကြောင်း တစ်ချိန်က ယေရှု​မိန့်ဆိုခဲ့​သည့်​စကား​များ​ကို သင်​သတိရ​ပေမည်။ “ပျက်စီးခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် ကျယ်ဝန်း . . . ၏။ အသက်ရှင်ခြင်း​သို့​ရောက်​သော လမ်း​သည် အလွန်​ကျဉ်း​မြောင်း . . . ၏။” ထို​လမ်း​တစ်လမ်းစီ​တွင် လျှောက်လှမ်း​သူတို့အား ခွဲခြား​သိနိုင်ပုံ​ကို ရှင်းပြ​ကာ ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– ‘ထို​သူတို့၏​အကျင့်ကို​ထောက်​သော် သူတို့၏​သဘောကို သိရ​ကြလိမ့်မည်။’ မည်သည့်​အကျင့်​များ​နည်း။ “သခင်၊ သခင်​ဟု ငါ့ကို​လျှောက်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံတော်​သို့​ဝင်​ရ​လိမ့်​မည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုကို​ဆောင်သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်” ဟု ယေရှု​ရှင်းပြ​ခဲ့​သည့်​အတိုင်း သူတို့၏​အပြော​မဟုတ်ဘဲ သူတို့​လုပ်ရပ်​ဖြစ်သည်။ ဘုရားသခင်​ကို ယုံကြည်ပါ​သည်​ဟု ဆို​ရုံ​နှင့် မလုံလောက်​ပါ။ ဘုရားသခင့်​အလိုတော်ကို ကျွန်ုပ်​တို့​လုပ်ဆောင်​ရမည်။ ဘုရားသခင့်​အလိုတော်နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော​အသိပညာကို ဦးစွာ​သိရ​မည်​မှာ သင့်လျော်​လှ​ပါ​သည်။—မဿဲ ၇:၁၃-၂၃

ဘုရားသခင်​နှင့်​ပတ်သက်​သည့် အသိပညာ​ရရှိရန်​မှာ လူသားတို့​အတွက် ဖြစ်​နိုင်​ကြောင်း ယေရှု ရှင်းလင်းစွာ​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ဘုရားသခင်​ဖော်ပြ​သည့် ဉာဏ်ပညာ​နှင့် အသိပညာကို ကြိုးစား​ဆည်းပူး​လေ့လာ​မှ​သာ ရရှိနိုင်​ကြောင်း ထင်ရှား​သည်။ သို့သော် ထိုသို့​ကြိုးစား​ဆည်းပူး​လေ့လာသူ​တို့ကို ဘုရားသခင့်​ပေး​သည့်​ဆုကျေးဇူး​မှာ ထာဝရ​အသက်​ဖြစ်သော​ကြောင့် ထိုသို့​ကြိုးစား​ရှာဖွေခြင်း​သည် အမှန်ပင်​အကျိုးနပ်​လှ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ထိုသို့​သော​အမြင်မျိုး​ကို . . .၊ တာ​အို​နှင့် . . .စ​သည့် အရှေ့တိုင်း​ဘာသာရေး ထုံးတမ်း​စဉ်​လာ​များ​တွင်​လည်း တွေ့ရ​သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အသက်ရှင်ခြင်း​သို့​ရောက်​သော​လမ်း​သည် အလွန်​ကျဉ်း​မြောင်း​၏​ဟု ယေရှု​မိန့်တော်မူ​ခဲ့