မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်း နှစ်ခြင်း၏ရှေ့ပြေးပုံရိပ်လော

ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်း နှစ်ခြင်း၏ရှေ့ပြေးပုံရိပ်လော

ဂျူး​တို့၏​ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း နှစ်ခြင်း​၏​ရှေ့ပြေး​ပုံရိပ်​လော

နှစ်ခြင်း​ဆရာ​ယောဟန်​သည် ‘နောင်တ​နှင့်​စပ်ဆိုင်​သော​နှစ်ခြင်း​တရား’ ကို ဟောပြောခဲ့​သည်။ ယေရှုလည်း မိမိ​နောက်လိုက်​များ​အား လူ​တို့ကို တပည့်ဖြစ်​စေပြီး နှစ်ခြင်း​ပေး​ကြ​ရန် မိန့်တော်မူ​ခဲ့​သည်။—မာကု ၁:၄; မဿဲ ၂၈:၁၉

ခရစ်ယာန်​နှစ်ခြင်း​သည် ရေ​တွင်​စုံး​စုံး​နစ်​မြုပ်​ခြင်း​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​၏။ စာအုပ်​တစ်အုပ် (Jesus and His World) တွင် ဤသို့​ဆို​၏– “အတိတ်​တွင်​ဖြစ်စေ၊ ယခု​အခါ​တွင်​ဖြစ်စေ ထိုသို့​သော​ဘာသာရေး​ထုံးတမ်း​စဉ်​လာ​များ​ကို နိုင်ငံ​အသီးသီး​ရှိ ဘာသာ​အမြောက်အမြား​တွင် တွေ့​နိုင်​သည်။” “ခရစ်ယာန်​နှစ်ခြင်း​၏​ဇာစ်​မြစ်​မှာ . . . ယုဒ​ဘာသာ​တွင် တွေ့ရ​သည်” ဟူ၍ ထို​စာအုပ်​က အခိုင်အမာ​ဆို​ထား​သည်။ ထို​အဆိုကို ယုံကြည်​လက်ခံရန် မည်မျှ​ခြေမြစ်​ခိုင်လုံ​မှု​ရှိ​သနည်း။

ဂျူး​တို့၏​ထုံးတမ်း​စဉ်​လာ​ရေချိုးကန်​များ

ယေရုရှလင်​မြို့ ဝတ်ပြုရာ​အိမ်တော်​ရှိရာ​တောင်​အနီး တူးဖော်​နေကြ​သော ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ဘီစီ​ပထမ​ရာစု​နှင့် အေဒီ​ပထမ​ရာစု​အချိန်​က ဘာသာရေး​ထုံးတမ်း​စဉ်​လာ​အရ အသုံးပြု​ခဲ့​သော​ရေချိုးကန် ၁၀၀ နီးပါး​ကို တွေ့ရှိ​ခဲ့​ကြသည်။ အေဒီ​ဒုတိယ သို့​မဟုတ် တတိယ​ရာစု​အချိန်​မှ​ဖြစ်သော တရား​ဇရပ်​တစ်ခု​ရှိ ကမ္ပည်း​စာ​တွင် ထို​ကန်​များ​မှာ “ယင်း​တို့ကို အသုံးပြု​လို​သော​ဧည့်သည်​များ” အတွက် ဖြစ်သည်ဟု ဖော်ပြ​ထား​သည်။ အခြား​ရေချိုးကန်​များ​ကို​မူ ယေရုရှလင်​မြို့တွင်း​၌ တွေ့ရ​ပြီး လူကုံထံ​များနှင့် ယဇ်ပုရောဟိတ်​မိသားစု​များ ပိုင်ဆိုင်​သည့်​ကန်​များ​ဖြစ်သည်။ အိမ်တိုင်း​နီးပါး​တွင် မိမိတို့​ကိုယ်ပိုင်​အသုံးပြု​သော ထုံးတမ်း​စဉ်​လာ​ရေချိုးကန်​ရှိကြသည်။

ယင်း​ကန်​များသည် ကျောက်​ကို​ထွင်းထား​သော သို့​မဟုတ် မြေကြီး​တွင်​တူး​ထားသော ထောင့်မှန်​စတုဂံပုံ​ကန်​များ​ဖြစ်​ပြီး အတွင်း​ပတ်လည်​ကို အုတ် သို့​မဟုတ် ကျောက်ပြား​ဖြင့် ခံ​ထား​သည်။ ရေ​မ​စိမ့်​စေရန် အင်္ဂတေ​ကိုင်ထား​၏။ အများစုမှာ အနံ​ခြောက်​ပေ၊ အလျား​ကိုးပေ​ခန့်​ရှိကြသည်။ ရေ​သွယ်​ပြွန်​များ​ဖြင့် ကန်​ထဲ​သို့​ရေ​သွင်း​သည်။ ဝပ်​လိုက်​ရုံ​နှင့် တစ်ကိုယ်လုံး​စုံး​စုံး​မြုပ်​နိုင်​ရန် ရေ​အနက်​မှာ အနည်းဆုံး​လေး​ပေ​ရှိသည်။ အချို့​လှေကား​များ​၏ ရေ​ထဲ​သို့​ဆင်း​သော လှေကားထစ်​များ​အလယ်တွင် ခပ်​နိမ့်​နိမ့်​အကန့်​ဖြင့် ပိုင်း​ထား​ကြသည်။ ရေချိုး​သူ​မသန့်ရှင်း​သောအခါ တစ်ဖက်​လှေကားထစ်​များ​မှ ရေ​ထဲ​သို့​ဆင်း​ကာ ရေချိုး​သန့်စင်​ပြီး​နောက် ညစ်ညမ်းမှု​မဖြစ်စေ​ရန် လှေကားထစ်​၏​အခြား​တစ်ဖက်​မှ​တက်​သည်​ဟု ယူဆကြ​သည်။

ရေချိုးကန်​များ​ကို ဂျူး​တို့၏ ဘာသာရေး​ထုံးတမ်း​အရ​ပြု​ရသော စင်ကြယ်​ခြင်း​နှင့် ဆက်စပ်​အသုံးပြု​ရသည်။ ယင်း​တွင် အဘယ်အရာ​များ ပါဝင်​ပတ်သက်​သနည်း။

ပညတ်တရား​နှင့် ရေချိုးခြင်း​ဆိုင်ရာ ထုံးတမ်း​ဓလေ့

မောရှေ​ပညတ်​က ဘုရားသခင့်​လူမျိုး​သည် ဝိညာဉ်​ရေး​နှင့် ကာယရေး​နှစ်ခုစလုံး​တွင် သန့်ရှင်းမှု​ရှိ​ရန်လို​ကြောင်း အလေးပေး​ဖော်ပြ​ခဲ့​သည်။ ဣသရေလလူ​တို့သည် ရေချိုးခြင်း​နှင့် အဝတ်အစားများ​လျှော်​ခြင်း​အားဖြင့် မသန့်ရှင်းမှု​ပုံစံ​အမျိုးမျိုး​မှ မိမိတို့​ကိုယ်ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​ရန် တောင်းဆို​ခံရ​သည်။—ဝတ်ပြုရာ ၁၁:၂၈; ၁၄:၁-၉; ၁၅:၁-၃၁; တရားဟောရာ ၂၃:၁၀၊ ၁၁

ယေဟောဝါ​သည် အကြွင်းမဲ့​စင်ကြယ်​သန့်ရှင်းသော​ဘုရားသခင်​ဖြစ်၏။ ယဇ်ပုရောဟိတ်​များနှင့် လေဝိ​သားများ​သည် အသက်ဘေး​မှ​လွတ်​ရန် ကိုယ်တော့်​ယဇ်​ပလ္လင်​နား​သို့​မချ​ဉ်း​ကပ်​မီ မိမိတို့၏​ခြေလက်​တို့ကို ဆေးကြော​ရန် တောင်းဆို​ခံရ​သည်။—ထွက်မြောက်ရာ ၃၀:၁၇-၂၁

အေဒီ​ပထမ​ရာစု​တွင် ဂျူး​ဘာသာရေး​သမားများ​သည် ယဇ်ပုရောဟိတ်​နှင့်​ဆိုင်သော သန့်ရှင်း​စင်ကြယ်မှု​ဆိုင်ရာ တောင်းဆိုချက်​များ​ကို လေဝိ​သား​မဟုတ်​သူတို့နှင့်​ပါ သက်ဆိုင်​စေ​ခဲ့​သည်​ဟု ကျမ်း​ပညာရှင်​များ​ယုံကြည်​ကြသည်။ ဂျူး​ဘာသာရေး​ဂိုဏ်း​တစ်​ဂိုဏ်း​ဖြစ်သော အက်​ဆင်း​များနှင့် ဖာရိရှဲ​တို့သည် ထုံးတမ်း​စဉ်​လာ​အရ မကြာခဏ​ဆေးကြော​လေ့​ရှိကြသည်။ ယေရှု​အချိန်​နှင့်​ပတ်သက်​၍ စာအုပ်​တစ်အုပ်​၌ ဤသို့​မှတ်တမ်း​တင်ထား​သည်– “ဂျူး​တစ်ဦး​သည် ဝတ်ပြုရာ​အိမ်တော်​တောင်​သို့​မ​တက်​မီ၊ ပူဇော်ရာ​ယဇ်​မ​ဆက်သ​မီ၊ ယဇ်ပုရောဟိတ်​တစ်ဦး ပူဇော်​သော​ယဇ်​မှ အကျိုး​မခံစား​မီ​နှင့် အလားတူ​အရာများ​မပြု​လုပ်​မီ ဘာသာရေး​ထုံးတမ်း​အရ သန့်ရှင်း​စင်ကြယ်မှု​ပြု​ရန် တောင်းဆို​ခံရ​သည်။” တာလ်မွဒ်​ကျမ်းစောင်​များ​က ရေချိုး​သူများ​သည် တစ်ကိုယ်လုံး​စုံး​စုံး​မြုပ်​ရန်လို​သည်​ဟု ဖော်ပြ​သည်။

ယေရှု​က ဖာရိရှဲ​တို့၏ ထုံးတမ်း​စဉ်​လာ​သန့်ရှင်း​စင်ကြယ်​ခြင်း​လုပ်ရပ်​အပေါ် အလွန်အမင်း​စိတ်ပါ​ခြင်း​ကို အပြစ်တင်​ခဲ့​သည်။ သူတို့သည် “ခွက်၊ ဖလား၊ ကြေးဝါ​ပန်းကန်” များ​အပါအဝင် “အမျိုးမျိုးသော” အရာများ​ကို “နှစ်” သည့်​ဓလေ့​ရှိခဲ့​ကြောင်း ထင်ရှား​သည်။ ယေရှု​က ဖာရိရှဲ​တို့သည် ကိုယ်ပိုင်​နည်း​ဥပဒေသ​များ​ကို​ကျင့်​ခြင်း​ဖြင့် ဘုရားသခင့်​ပညတ်​များ​ကို ကျော်လွန်​သည်​ဟု မိန့်တော်မူ​ခဲ့​သည်။ (ဟေဗြဲ ၉:၁၀; မာကု ၇:၁-၉; ဝတ်ပြုရာ ၁၁:၃၂၊ ၃၃; လုကာ ၁၁:၃၈-၄၂) မောရှေ​ပညတ်​၏​မည်သည့်​နေရာတွင်​မျှ ခန္ဓာကိုယ်​တစ်ခုလုံး စုံး​စုံး​မြုပ်​ရမည်​ဟူ၍ မတောင်းဆို​ထား​ပါ။

ခရစ်ယာန်​နှစ်ခြင်း​၏​မူလအစ​ကို ဂျူး​တို့၏​ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း​တွင် တွေ့ရ​သလော။ မ​တွေ့ရ​ပါ!

ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း​နှင့် ခရစ်ယာန်​နှစ်ခြင်း

ဂျူး​တို့သည် ဘာသာရေး​ထုံးတမ်း​အရ မိမိတို့​ကိုယ်ကို သန့်ရှင်း​စင်ကြယ်​စေရန် ပြု​ကြသည်။ သို့သော် ယောဟန်​ပေး​သည့်​နှစ်ခြင်း​မှာ​မူ ဂျူး​တို့၏​ဘာသာရေး​ထုံးတမ်း​အရ ပြုလုပ်​သော​ရေချိုးခြင်း​မျိုး​မဟုတ်ပါ။ ယောဟန်​ကို နှစ်ခြင်း​ဆရာ​အဖြစ် လူသိ​များ​လာ​ခြင်း​က သူ​ပေး​သည့်​နှစ်ခြင်း​မှာ ဘာသာရေး​ထုံးတမ်း​အရ သန့်ရှင်း​စင်ကြယ်​ခြင်း​နှင့်​မတူ​ကြောင်း ဖော်ပြ​သည်။ ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​ပင် ကိုယ်စားလှယ်​တစ်စု​ကို စေလွှတ်​ကာ ဤသို့​စုံစမ်း​မေးမြန်း​စေ​၏– ‘သင်သည် အဘယ်ကြောင့်​နှစ်ခြင်း​ပေး​သနည်း’။—ယောဟန် ၁:၂၅

မောရှေ​ပညတ်​တောင်းဆို​သည့် သန့်ရှင်း​စင်ကြယ်မှု​တွင် ဝတ်ပြုသူ​တစ်ဦး မသန့်ရှင်း​သည့်​အခါတိုင်း ပြန်၍​သန့်ရှင်း​အောင်​ပြုလုပ်​ရသည်။ ယောဟန်​ပေး​သည့်​နှစ်ခြင်း​နှင့် နောက်ပိုင်း ခရစ်ယာန်​နှစ်ခြင်း​တွင်​မူ ထိုသို့​မဟုတ်ပါ။ ယောဟန်​ပေး​သည့်​နှစ်ခြင်းက နောင်တ​ရ​ကြောင်း​နှင့် ယခင်​ဘဝ​လမ်းစဉ်​ကို​စွန့်လွှတ်​ကြောင်း တင်ပြ​ရာ​ရောက်​သည်။ ခရစ်ယာန်​နှစ်ခြင်း​မှာ​မူ လူတစ်ဦး ဘုရားသခင်​ထံ မိမိကိုယ်ကို​အပ်နှံ​ကြောင်း ဖော်ပြ​သည်။ အကြိမ်ကြိမ်​မဟုတ်၊ တစ်ကြိမ်​သာ​ပြု​ရ၏။

ဂျူး​ယဇ်ပုရောဟိတ်​များ​အိမ်​နှင့် ဝတ်ပြုရာ​အိမ်တော်​ရှိရာ​တောင်​အနီးရှိ အများသုံး​ရေချိုးကန်​တို့​တွင်​ပြုလုပ်​သော ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း​သည် အပေါ်ယံ​သဘော​အရ ခရစ်ယာန်​နှစ်ခြင်း​နှင့် ဆင်တူချက်​ရှိသည်​က​လွဲ​၍ မည်သို့​မျှ​မသက်ဆိုင်​ချေ။ ထို​နစ်​မြုပ်​ခြင်း​နှစ်ခုစလုံး​၏ ဆိုင်ရာ​အဓိပ္ပာယ်​များ​မှာ လုံးဝ​ကွဲပြား​ခြားနား​သည်။ အဘိဓာန်​တစ်ခု (The Anchor Bible Dictionary) က ဤသို့​ဖော်ပြ​သည်– “ယောဟန် [နှစ်ခြင်း​ဆရာ] သည် သူ့​ပတ်ဝန်းကျင် [ယုဒ​ဘာသာ] မှ မည်သည့်​နှစ်ခြင်း​ပုံစံ​ကို​မျှ လွှဲယူ​ခြင်း​မဟုတ်​ကြောင်း ပညာရှင်​များ တညီတညွတ်​တည်း သဘောတူ​ကြသည်။” ခရစ်ယာန်​အသင်းတော်တွင် ကျင့်သုံး​ကြ​သည့်​နှစ်ခြင်း​သည်လည်း ထိုသို့​ပင်​ဖြစ်သည်ဟု ပြော​နိုင်​သည်။

ခရစ်ယာန်​နှစ်ခြင်း​သည် “ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​၍ ဘုရားသခင့်​ရှေ့၌ ဝန်ခံခြင်း” ကို​ဆိုလို​သည်။ (၁ ပေတရု ၃:၂၁) ယင်းက လူတစ်ယောက်​သည် ယေရှု၏​တပည့်​တစ်ဦး​အဖြစ် ယေဟောဝါ​၏​အမှုတော်ထမ်း​ဆောင်ရန် ကိုယ်တော့်​ထံ မိမိကိုယ်ကို လုံးလုံး​အပ်နှံခြင်း​ကို ဆိုလို​သည်။ ရေ​ထဲ​စုံး​စုံး​မြုပ်​ခြင်း​သည် ထိုသို့​သော​အပ်နှံခြင်း​၏ သင့်လျော်​သော​အမှတ်​သင်္ကေတ​ဖြစ်သည်။ လူတစ်ယောက်ကို ရေ​ထဲ​မြုပ်​လိုက်ခြင်းက သူသည် ယခင်​ဘဝ​လမ်းစဉ်​ဟောင်း​အတိုင်း အသက်မရှင်​တော့​ကြောင်း​နှင့် ရေ​ထဲ​မှ​ထွက်​လာ​ခြင်း​က ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်ရန် အသက်ရှင်​လာ​ခြင်း​ကို ဆိုလို​သည်။

ထိုသို့​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​သူတို့ကို ယေဟောဝါ​ဘုရားသခင်​သည် ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ပေး​တော်​မူ​သည်။ ထို့​ကြောင့် မှုတ်သွင်းခံ​တမန်​တော်​ပေတရု​က ယုံကြည်သူချင်း​များ​ကို ဤသို့​ပြော​နိုင်​ခဲ့​သည်– ‘ယခု​တွင် နှစ်ခြင်းက သင်တို့အား​ကယ်တင်​၏။’ ၎င်း​သည် ဂျူး​တို့၏​ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း​ဖြင့် မရရှိ​နိုင်သော​အရာ​ပင်​တည်း။