ရောမလမ်းများ ရှေးခေတ်အင်ဂျင်နီယာလုပ်ငန်း၏ အထိမ်းအမှတ်များ
ရောမလမ်းများ ရှေးခေတ်အင်ဂျင်နီယာလုပ်ငန်း၏ အထိမ်းအမှတ်များ
ရောမတို့၏အထိမ်းအမှတ်များတွင် အဘယ်အရာသည် အထင်ရှားဆုံးဖြစ်သနည်း။ ရောမမြို့တွင်တွေ့နိုင်သော ပျက်စီးယိုယွင်းနေသည့် ကော်လောစီယမ်ဇာတ်ရုံဟု ပြောမည်လော။ သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး သို့မဟုတ် သမိုင်းတွင်ရစ်စေသော ရောမလူတို့၏တည်ဆောက်ခြင်းအကြောင်း ကျွန်ုပ်တို့စဉ်းစားမည်ဆိုလျှင် လမ်းများအကြောင်း စဉ်းစားဖို့လိုပေမည်။
ရောမအဝေးပြေးလမ်းများတွင် ကုန်ပစ္စည်းများနှင့် စစ်တပ်များသာ ဖြတ်သန်းသွားခြင်းမဟုတ်ပါ။ ကျောက်စာလေ့လာသူ ရိုမိုလို အေ. စတာစီအိုလီက လမ်းများအားဖြင့် “အယူအဆများ၊ အနုပညာလွှမ်းမိုးမှုများ၊ အတွေးအခေါ်နှင့်” ခရစ်ယာန်ဘာသာအပါအဝင် “ဘာသာရေးဆိုင်ရာယုံကြည်ချက်များကို ပျံ့နှံ့စေခဲ့” သည်ဟုဆိုသည်။
ရှေးအချိန်က ရောမလမ်းများကို အထိမ်းအမှတ်များအဖြစ် ယူမှတ်ခဲ့ကြသည်။ နှစ်များစွာအတွင်း ရောမတို့သည် မိုင်ပေါင်း ၅၀,၀၀၀ ကျော်အထိရောက်သည့် အသုံးဝင်သောလမ်းကွန်ရက်ကို တည်ဆောက်ခဲ့ကြပြီး ယင်းတို့ကို အခုအခါ နိုင်ငံပေါင်း ၃၀ ကျော်တွင် တွေ့ရှိရသည်။
ပထမဦးဆုံး အရေးပါသော ဗီယာပါဘလစ်ကာ သို့မဟုတ် ယခုအခေါ် အဝေးပြေးလမ်းမကြီးမှာ ဗီယာအက်ပီယား သို့မဟုတ် အက်ပီယန်းလမ်းမဖြစ်သည်။ လမ်းဘုရင်မဟု လူသိများသော ယင်းလမ်းမသည် ရောမမြို့နှင့် အရှေ့တိုင်း၏ တံခါးပေါက်ဖြစ်သည့် ဘီရင်ဒီစီယမ် (ယခုအခေါ် ဘီရင်ဒီစီ) ဆိပ်ကမ်းမြို့ကို ဆက်သွယ်ထားသည်။ ဘီစီ ၃၁၂ ခန့်တွင် ဤလမ်းမကို စဖောက်လုပ်သူ ရောမအရာရှိ အပ္ပိယာစ် ကလောဒိ စီးကပ်စ်အမည်ကို အစွဲပြုခေါ်ခြင်းဖြစ်သည်။ ထို့ပြင် ရောမမြို့မှ အရှေ့ဘက်စူးစူး အေဒရီအက်ဒစ်ပင်လယ်အထိ ဆလီရီးယားလမ်းနှင့် ဖလာမီနီယားလမ်းတို့ဖြင့် ဆက်သွယ်ထားရာ ရိုင်းနှင့် ဒန်းညုဒေသများအပြင် ဘော်လ်ကန်ဘက်သို့သွားရောက်နိုင်စေသည်။ အော်ရီလီယားလမ်းမသည် မြောက်ဘက်ဂေါလ်နယ်နှင့် အိုင်ဘီးရီးယန်းကျွန်းဆွယ်ဘက်သို့လည်းကောင်း၊ အောစတင်းစစ္စလမ်းမသည် ရောမတို့၏ ရေပန်းစားသောဆိပ်ကမ်းမြို့ဖြစ်သည့် အောစ်တီယာသို့လည်းကောင်း ဦးတည်သွားသည်။ ယင်းအောစတင်းစစ္စလမ်းသည် အာဖရိကတိုက်မှ သို့မဟုတ် အာဖရိကတိုက်သို့ ရေကြောင်းခရီးသွားများအတွက်ဖြစ်သည်။
ရောမတို့၏အကြီးဆုံးဆောက်လုပ်ရေးစီမံကိန်း
လမ်းများသည် ရောမတွင်နေထိုင်သူတို့ လမ်းသစ်များမဖောက်လုပ်မီကတည်းကပင် သူတို့အတွက် အရေးပါခဲ့သည်။ တိုင်ဘာမြစ်အောက်ပိုင်း၏ တစ်ခုတည်းသောရေတိမ်ပိုင်းတွင် ရှေးလမ်းမများစုဆုံမိရာ ယင်းနေရာတွင် မြို့ဖြစ်လာသည်။ ရှေးစာပေတစ်ခုအဆိုအရ၊ ရောမတို့သည် ရှိနှင့်ပြီးသောလမ်းများကို ပိုကောင်းလာစေရန် ကားသေ့ခ်ျတို့ကို အတုယူခဲ့ကြသည်။ သို့သော် လမ်းဖောက်ခြင်းပညာတွင် ရောမတို့ထက် အမှန်တကယ်အရင်ရှေ့ပြေးသူများမှာ အက်ထရူးစကင်လူမျိုးများဖြစ်နိုင်သည်။ သူတို့ဖောက်ခဲ့သောလမ်းအစိတ်အပိုင်းတချို့ကို တွေ့နိုင်သေးသည်။ ထို့ပြင် ရောမခေတ်မတိုင်မီက ယင်းဒေသတစ်ဝိုက်တွင် အသုံးများခဲ့သည့်လမ်းများ ရှိနှင့်ပြီးသားဖြစ်သည်။ ထိုလမ်းများသည် တိရစ္ဆာန်များကို စားကျက်တစ်ခုမှတစ်ခုသို့ ခေါ်ဆောင်သွားရာတွင် အသုံးပြုခဲ့ကြပေမည်။ သို့သော် လမ်းမများသည် နွေရာသီတွင်ဖုန်ထပြီး မိုးရာသီတွင်ရွှံ့ထူသောကြောင့် သွားလာရခက်ခဲသည်။ ရောမတို့သည် သူတို့၏လမ်းများကို ထိုသို့သောလမ်းကြောင်းပေါ်တွင် ဖောက်လေ့ရှိသည်။
ရောမလမ်းများသည် ဂရုတစိုက်ပုံစံရေးဆွဲပြီး တည်တံ့ခိုင်မြဲအောင်၊ အသုံးဝင်အောင်၊ လှပအောင်ဖောက်လုပ်ခဲ့ကြသည်။ လမ်းမများကို လမ်းစမှလမ်းဆုံးအထိ အဖြစ်နိုင်ဆုံးခရီးလမ်းတိုအောင် ဖောက်လေ့ရှိသောကြောင့် လမ်းအများစုမှာ ဖြောင့်တန်းနေခြင်းဖြစ်သည်။ သို့သော် လမ်းမများသည် မြေပြင်အနေအထားများပေါ်မူတည်၍ ဖောက်ရန်လိုသည်။ ရောမအင်ဂျင်နီယာများသည် တောင်ကုန်းတောင်တန်းဒေသများတွင် လမ်းများဖောက်လုပ်သောအခါ ဖြစ်နိုင်သည့်အခါ နေရောင်ရသောတောင်တစ်ဖက်ခြမ်းတစ်လျှောက် တောင်စောင်း၏အလယ်ပိုင်းမှ ဖောက်ခဲ့ကြသည်။ ဤသို့ဖောက်လုပ်ခြင်းသည် လမ်းအသုံးပြုသူများအတွက် ရာသီ
ဥတုအလွန်ဆိုးရွားသည့် အခြေအနေများကြောင့် ဖြစ်ပေါ်နိုင်သည့် မည်သည့်အဆင်မပြေမှုကိုမဆို လျော့နည်းစေသည်။သို့ဆိုလျှင် ရောမတို့သည် သူတို့လမ်းများကို မည်သို့ဖောက်လုပ်ခဲ့ကြသနည်း။ နည်းမျိုးမျိုးရှိသော်လည်း ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်အရ ဤသို့အခြေခံအချက်များကို တွေ့ရှိရသည်။
ဦးဆုံး၊ လမ်းပုံစံကို ရေးဆွဲကြသည်။ ဤအလုပ်ကို လမ်းဖောက်မည့်ဒေသရှိ မြေတိုင်းများအား တာဝန်ပေးခဲ့ကြသည်။ ထို့နောက် အားစိုက်ရသည့်မြေတူးခြင်းအလုပ်မျိုးကို စစ်သားများ၊ အလုပ်သမားများ သို့မဟုတ် ကျွန်များကတူးကြသည်။ အပြိုင်ရေမြောင်းနှစ်ခုကို တူးသည်။ ထိုရေမြောင်နှစ်ခုကြား အကျဉ်းဆုံးအကွာအဝေးမှာ ၈ ပေဖြစ်ပြီး ပုံမှန်အကွာအဝေးမှာ ၁၄ ပေရှိ၍ လမ်းကွေ့များတွင် ထိုထက်ပိုကျယ်လေ့ရှိသည်။ လမ်းတစ်ဖက်တစ်ချက်ရှိ လူသွားလမ်းအပါအဝင် လမ်း၏အကျယ်မှာ စုစုပေါင်း ၃၃ ပေရှိနိုင်သည်။ ရေမြောင်းနှစ်ခုကြားရှိမြေပွကို ဖယ်ရှားပြီး လမ်းကို ခွက်အောင်လုပ်ရသည်။ မြေမာရောက်သည်တိုင်အောင် မြေပွများကိုဖယ်ရှားပြီးနောက် အမျိုးအစားမတူသောပစ္စည်းများဖြင့် သုံးလွှာ သို့မဟုတ် လေးလွှာအထိ လောင်းထည့်ကြသည်။ ပထမအလွှာသည် ကျောက်တုံး၊ ကျောက်ကျိုးကျောက်ပဲ့များဖြစ်နိုင်သည်။ ဒုတိယအလွှာတွင် အင်္ဂတေကိုင်ထားပုံရသည့် ကျောက်စရစ်တုံးများခင်းထားသည်။ ထိုအလွှာပေါ်တွင် တစ်ဖန်ကျောက်စရစ်ခဲဖြင့် ဖိသိပ်သည်။
ရောမလမ်းအချို့၏မျက်နှာပြင်ကို ကျောက်စရစ်ခဲများဖြင့်သာ ခင်းထားခြင်းဖြစ်သည်။ သို့တိုင်၊ ထိုကျောက်ခင်းလမ်းများသည် ထိုအချိန်ကလူတို့အတွက် ချီးမွမ်းအံ့သြဖွယ်ရာဖြစ်ခဲ့သည်။ ထိုလမ်းများ၏အပေါ်ဆုံးမျက်နှာပြင်ကို များသောအားဖြင့် ဒေသအတွင်းတွေ့နိုင်သော ကျောက်ပြားကြီးများဖြင့် စီခင်းထားလေ့ရှိသည်။ မိုးရေများ လမ်းတစ်ဖက်တစ်ချက်ရှိ ရေမြောင်းထဲစီးဝင်နိုင်ရန် လမ်း၏အလယ်ပိုင်းသည် အနည်းငယ်မို့တက်နေသည်။ ထိုသို့ဖောက်လုပ်ခြင်းကြောင့် ထိုအထိမ်းအမှတ်လမ်းများသည် ရေရှည်ခိုင်ခံ့ပြီး အချို့မှာ ယနေ့ထိတိုင် တွေ့နိုင်သေးသည်။
အက်ပီယန်းလမ်းမဖောက်လုပ်ပြီးနောက် နှစ်ပေါင်း ၉၀၀ ခန့်အကြာတွင် ဘိုင်ဇန်တီယမ်လူမျိုး သမိုင်းပညာရှင် ပရိုကိုပီးယာစ်က ယင်းကို “အံ့ဖွယ်” အဖြစ် ဖော်ပြခဲ့သည်။ လမ်းမျက်နှာပြင်ပေါ်ရှိ ကျောက်ပြားများနှင့်ပတ်သက်၍ သူက ဤသို့ရေးသားခဲ့သည်– “အချိန်များစွာကြာညောင်းသွားခဲ့ပြီး နေ့စဉ်နေ့တိုင်း ယာဉ်များစွာဖြတ်သန်းသွားလင့်ကစား ထိုလမ်းများ၏အခြေအနေမှာ ဖရိုဖရဲမရှိ၊ ချောမွေ့နေသောမျက်နှာပြင်မှာလည်း ပျက်စီးသွားခြင်းမရှိခဲ့ချေ။”
ထိုလမ်းမများသည် မြစ်များကဲ့သို့သော သဘာဝအတားအဆီးများကို မည်သို့ဖြတ်ကျော်နိုင်သနည်း။ တစ်ချက်မှာ တံတားများအားဖြင့်ဖြစ်သည်။ အချို့တံတားများသည် ယခုတိုင်အောင်တည်ရှိပြီး ယင်းတို့က ရှေးရောမလူတို့၏ ထူးခြားထင်ရှားသော နည်းပညာဆိုင်ရာကျွမ်းကျင်မှုကို အထင်အရှားဖော်ပြသည်။ ရောမလမ်းစနစ်တွင်ပါသည့် ဥမင်လိုဏ်ခေါင်းများကို လူသိနည်းမည်ဖြစ်သော်လည်း ထိုအချိန်က အသုံးပြုသောနည်းပညာနှင့် ကိရိယာများကို စဉ်းစားကြည့်သော် ယင်းတို့ကိုတည်ဆောက်ခြင်းသည် များစွာခက်ခဲခဲ့ပေမည်။ ကိုးကားချက်တစ်ခုက ဤသို့ဆိုထားသည်– “ရောမတို့၏အင်ဂျင်နီယာပညာသည် . . . ရာစုနှစ်နှင့်ချီ၍ ပြိုင်ဘက်ကင်းခဲ့သည်။” ဥပမာတစ်ခုမှာ ဖလာမီနီယားလမ်းဖြတ်သွားသည့် ဖိုလိုဒေသရှိ ဥမင်လိုဏ်ခေါင်းဖြစ်သည်။ အေဒီ ၇၈ တွင် အင်ဂျင်နီယာများ ဂရုတစိုက်စီစဉ်ရေးဆွဲပြီးနောက် အရှည်ပေ ၁၃၀၊ အကျယ် ၁၆ ပေနှင့် အမြင့် ၁၆ ပေရှိသော ဥမင်လိုဏ်ခေါင်းတစ်ခုဖောက်ရာတွင် မာကျောသောကျောက်တုံးကြီးများကို တူးထုတ်ခဲ့ကြသည်။ ထိုအချိန်က ရရှိနိုင်သောကိရိယာများကိုထောက်ရှုသော် ယင်းသည် အမှန်ပင်မှတ်သားလောက်သည့် ပြီးမြောက်အောင်မြင်မှုတစ်ခုဖြစ်သည်။ ထိုသို့သောလမ်းစနစ်တစ်ခုဖောက်လုပ်ခြင်းသည် လူတို့စွန့်စားပြုလုပ်သည့်အရာများထဲတွင် အကြီးမားဆုံးပြီးမြောက်မှုတစ်ခုဖြစ်သည်။
ခရီးသည်များနှင့် အယူအဆများပျံ့နှံ့စေခြင်း
စစ်သားများနှင့် ကုန်သည်များ၊ တရားဟောဆရာများနှင့် ကမ္ဘာလှည့်ခရီးသည်များ၊ သရုပ်ဆောင်များနှင့် ဂလက်ဒီယေတာသတ်ပုတ်သူများအားလုံးသည် ဤလမ်းများကို အသုံးပြုခဲ့ကြသည်။ ထိုခြေလျင်ခရီးသွားကြသူတို့သည် တစ်နေ့ကို ၁၅ မိုင်မှ မိုင် ၂၀ အထိ သွားနိုင်သည်။ ခရီးသွားသူတို့သည် မိုင်တိုင်များကိုကြည့်ခြင်းဖြင့် ခရီးအကွာအဝေးနှင့်ပတ်သက်သော အချက်အလက်များကို သိရှိနိုင်သည်။ ပုံစံအမျိုးမျိုးရှိသော ထိုကျောက်တိုင်များသည် များသောအားဖြင့် ထုလုံးရှည်ပုံရှိပြီး ရောမတို့၏ တစ်မိုင်အကွာအဝေးဖြစ်သော ၄,၈၅၄ ပေတိုင်းတွင် စိုက်ထူထားသည်။ ခရီးသည်များ မြင်းများကိုပြောင်းစီးနိုင်ရန်၊ တစ်စုံတစ်ခုကို ဝယ်ယူနိုင်ရန် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် ညတည်းခိုနိုင်ရန် စခန်းထောက်များလည်း
ရှိသည်။ အချို့သောစခန်းထောက်များသည် မြို့ငယ်လေးများဖြစ်လာလေသည်။ခရစ်ယာန်ဘာသာမမွေးဖွားမီလေးတွင် ဆီဇာ ဩဂတ်စ်တပ်စ်သည် လမ်းပြုပြင်ထိန်းသိမ်းခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူသည် လမ်းတစ်ခု သို့မဟုတ် နှစ်ခု၊ သုံးခုကို ကြည့်ရှုထိန်းသိမ်းရန် တာဝန်ခံအရာရှိများကို ခန့်ထားခဲ့သည်။ မီလီယာရီယမ် အောရီယမ်ဟုလူသိများခဲ့သည့် ရွှေမိုင်တိုင်ကို ရောမဖိုရမ်တွင် သူစိုက်ထူခဲ့သည်။ ကြေးသွန်းထားသောစာလုံးများပါရှိသည့် ဤတိုင်သည် အီတလီနိုင်ငံရှိ ရောမလမ်းအားလုံး၏ စံလမ်းဆုံးဖြစ်သည်။ ယင်းကြောင့် ဤစကားပုံကိုဖြစ်ပေါ်စေသည်– “ဘယ်လမ်းကသွားသွား ရောမမြို့တော်ကြီးကို ရောက်တာပဲ။” ဩဂတ်စ်တပ်စ်သည် အင်ပါယာတစ်ခုလုံး၏ လမ်းစနစ်ကို ပြသထားသည့်မြေပုံကိုလည်း ရေးဆွဲခဲ့သည်။ လမ်းကွန်ရက်သည် ထိုအချိန်ကလူတို့၏လိုအပ်ရာများနှင့် ထိုအချိန်ကစံနှုန်းများအရ အကောင်းဆုံးအခြေအနေတွင် ရှိခဲ့ပုံရသည်။
ရှေးခေတ်က ခရီးသည်အချို့သည် မိမိတို့ခရီးစဉ်များကို အလွယ်တကူသိရှိနိုင်ရန် လမ်းညွှန်စာများ သို့မဟုတ် ခရီးစဉ်အညွှန်းများကိုပင် အသုံးပြုခဲ့ကြသည်။ ထိုအညွှန်းများက ရပ်နားရာဒေသတစ်ခုနှင့်တစ်ခုကြား အကွာအဝေးနှင့် ထိုရပ်နားရာဒေသများတွင် မည်သည့်ဝန်ဆောင်မှုများ ရနိုင်သည်ကိုပါ ဖော်ပြပေးသည်။ သို့သော် ထိုလမ်းညွှန်စာများသည် တန်ဖိုးကြီးပေးရသောကြောင့် လူတိုင်းမရရှိနိုင်ချေ။
ထိုသို့ဖြစ်သည့်တိုင် ခရစ်ယာန်ဧဝံဂေလိတရားဟောဆရာများသည် အစီအစဉ်များဆွဲကာ ဝေးလံသောခရီးများစွာကို သွားခဲ့ကြသည်။ တမန်တော်ပေါလုသည် မိမိ၏တစ်ခေတ်တည်းသားများကဲ့သို့ပင် အရှေ့ဘက်သို့သွားသည့်အခါ တိုက်မြဲလေ၏အကူအညီနှင့် ပင်လယ်လမ်းဖြင့်သွားရန် ရွေးချယ်လေ့ရှိသည်။ (တမန်တော် ၁၄:၂၅၊ ၂၆; ၂၀:၃; ၂၁:၁-၃) မြေထဲပင်လယ်တွင် ထိုတိုက်မြဲလေသည် နွေကာလတွင် အနောက်ဘက်မှ တိုက်ခတ်သည်။ သို့သော် ပေါလုသည် အနောက်ဘက်သို့ခရီးထွက်သောအခါ ရောမလမ်းကို အသုံးပြု၍ ကုန်းလမ်းဖြင့်သွားလေ့ရှိသည်။ ပေါလုသည် ထိုကုန်းလမ်းများအတိုင်း သူ၏ဒုတိယနှင့် တတိယသာသနာပြုခရီးစဉ်များကို နှင်ခဲ့သည်။ (တမန်တော် ၁၅:၃၆-၄၁; ၁၆:၆-၈; ၁၇:၁၊ ၁၀; ၁၈:၂၂၊ ၂၃; ၁၉:၁) * အေဒီ ၅၉ ခန့်တွင် ပေါလုသည် အက်ပီယန်း လမ်းအတိုင်း ရောမဘက်သို့ခရီးနှင်ခဲ့ရာ ရောမမြို့အရှေ့တောင်ဘက် ၄၆ မိုင်တွင်ရှိသော လူစည်ကားသည့်အက်ပီဖိုရမ် သို့မဟုတ် အပ္ပိဈေးတွင် ယုံကြည်သူချင်းများနှင့် တွေ့ဆုံခဲ့သည်။ အခြားသူတို့သည် ရောမမြို့မှ ကိုးမိုင်ဝေးသည့် သုံးဇရပ်ခေါ် နားနေရာအရပ်ဒေသအထိ ပေါလုကို ခရီးဦးကြိုခဲ့ကြသည်။ (တမန်တော် ၂၈:၁၃-၁၅) အေဒီ ၆၀ ခန့်တွင် ပေါလုက ‘လောကနိုင်ငံတစ်လျှောက်လုံးတွင်’ သတင်းကောင်းဟောပြောခဲ့ပြီဟု ပြောနိုင်ခဲ့သည်။ (ကောလောသဲ ၁:၆၊ ၂၃) ထိုသို့ဖြစ်လာနိုင်ရန် လမ်းစနစ်သည် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။
ထို့ကြောင့် ရောမလမ်းများသည် သာမန်လမ်းဖြစ်ရုံသက်သက်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေသည့် ထာဝရအထိမ်းအမှတ်များဖြစ်နေလေတော့သည်။—မဿဲ ၂၄:၁၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ယေဟောဝါသက်သေများထုတ်ဝေသော “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာ၊ စာမျက်နှာ ၃၃ ပါ မြေပုံကို ကြည့်ပါ။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ရောမ မိုင်တိုင်တစ်ခု
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အီတလီနိုင်ငံ၊ ရှေးဟောင်း အောစ်တီယာမြို့ရှိ လမ်းတစ်လမ်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဩစတြီးယားနိုင်ငံ၊ ရှေးလှည်းယာဉ်များ သွားရာဘီးကြောင်းများ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂျော်ဒန်နိုင်ငံ၊ မိုင်တိုင်များပါသည့် ရောမလမ်းတစ်လမ်း၏ အစိတ်အပိုင်းတစ်ခု
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရောမမြို့ဆင်ခြေဖုံးဒေသရှိ ဗီယာအက်ပီယား
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ရောမမြို့ပြင် ဗီယာအက်ပီယား လမ်းပေါ်ရှိ သင်္ချိုင်းအပျက်အယွင်းများ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မာ့ခ်ျဒေသ၊ ဖလာမီနီယားလမ်းပေါ်ရှိ ဖိုလိုဥမင်လိုဏ်ခေါင်း
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
အီတလီနိုင်ငံ၊ ရီမီနီမြို့ရှိ အက်မီလီးယားလမ်းပေါ်ရှိ တိုင်ဘီးရီးယပ်စ်တံတား
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လူစည်ကားသောအက်ပီဖိုရမ် သို့မဟုတ် အပ္ပိဈေးတွင် ယုံကြည်သူချင်းများကို ပေါလုတွေ့ဆုံခဲ့
[Picture Credit Lines on page 15]
Far left, Ostia: ©danilo donadoni/Marka/age fotostock; far right, road with mileposts: Pictorial Archive (Near Eastern History) Est.