မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါ

သင့်ယုံကြည်ခြင်းကို သင့်ဘဝလမ်းစဉ်ဖြင့် တင်ပြပါ

သင့်​ယုံကြည်ခြင်းကို သင့်​ဘဝ​လမ်းစဉ်ဖြင့် တင်ပြ​ပါ

“အကျင့်​နှင့်​ကင်း​သော​ယုံကြည်ခြင်း​သည် . . . အသေ​ဖြစ်၏။”—ယာကုပ် ၂:၁၇

၁။ အစောပိုင်း​ခရစ်ယာန်​များသည် ယုံကြည်ခြင်း​နှင့် အကျင့်​နှစ်ခုစလုံး​ကို အဘယ်ကြောင့်​ဂရုစိုက်​ခဲ့​ကြ​သနည်း။

အစောပိုင်း​ခရစ်ယာန်​အများစု​သည် မိမိတို့၏​ယုံကြည်ခြင်းကို အသက်ရှင်​နေထိုင်ပုံ​ဖြင့် သက်သေပြ​ခဲ့​ကြသည်။ တပည့်​ဖြစ်သူ​ယာကုပ်​က ခရစ်ယာန်​အားလုံး​ကို ဤသို့​တိုက်တွန်း​ခဲ့​၏– “တရားကို နာ​ရုံ​မျှ​သာ​ပြုသောသူ​မဟုတ်၊ တရားကို​ကျင့်​သော​သူ​ဖြစ်​ကြလော့။” ဤသို့​ထပ်ဆင့်​ဆို​ခဲ့​၏– “ဝိညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အသေ​ဖြစ်​သကဲ့သို့ အကျင့်​နှင့်​ကင်း​သော​ယုံကြည်ခြင်း​သည် အသေ​ဖြစ်၏။” (ယာကုပ် ၁:၂၂; ၂:၂၆) ယင်း​စကား​များ​ကို​ရေးသား​ပြီး နှစ်ပေါင်း ၃၅ နှစ်​ခန့်အကြာ​တွင် ခရစ်ယာန်​များစွာ​သည် မိမိတို့၏​ယုံကြည်ခြင်းကို သင့်လျော်​သည့်​အကျင့်​များ​ဖြင့် ဆက်၍​တင်ပြ​နေခဲ့​ကြသည်။ ဝမ်းနည်းစရာမှာ အချို့​မှာ​မူ ထိုသို့​မတင်ပြ​ခဲ့​ကြ​ချေ။ ယေရှု​က စမုရန​မြို့ရှိ​အသင်းတော်ကို ချီးမွမ်း​ခဲ့​သော်လည်း သာဒိ​မြို့ရှိ​အသင်းတော်ကို ဤသို့​မိန့်တော်မူ​ခဲ့​၏– “သင်၏​အကျင့်ကို​ငါ​သိ​၏။ သင်သည် အသက်ရှင်​ဟန်​ရှိသော်လည်း သေ​လျက်​နေသည်။”—ဗျာ. ၂:၈-၁၁; ၃:၁

၂။ ခရစ်ယာန်​များသည် မိမိတို့၏​ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ မိမိကိုယ်ကို မည်သို့​မေးသင့်​သနည်း။

သို့​ဖြစ်၍ ယေရှု​က သာဒိ​မြို့ရှိ​သူတို့—နောက်ပိုင်း ကိုယ်တော်​၏​စာ​ကို​ဖတ်​သူအား​လုံး—အား ခရစ်ယာန်​အမှန်တရား​ပေါ်​ထား​ရှိသော သူတို့၏​ကနဦး​မေတ္တာ ထင်ရှားပြ​ရန်​နှင့် ဝိညာဉ်ရေးတွင် နိုးနိုးကြားကြား​ရှိ​ရန် အားပေးခဲ့​သည်။ (ဗျာ. ၃:၂၊ ၃) တစ်ဦးချင်း​စီ​သည် မိမိတို့​ကိုယ်ကို ဤသို့​မေး​နိုင်​သည်– ‘ကျွန်ုပ်​၏​အပြု​အမူ​များ မည်သို့​ရှိ​သနည်း။ ဟောပြောခြင်း၊ အသင်းတော်​အစည်းအဝေးများနှင့် တိုက်ရိုက်​ဆက်နွှယ်မှု​မရှိသော အခန်းကဏ္ဍ​များနှင့်​ပတ်သက်​လျှင်​လည်း ကျွန်ုပ်​၏​ယုံကြည်ခြင်း​နှင့်​အညီ အတတ်နိုင်ဆုံး​လုပ်ဆောင်​နေကြောင်း ကျွန်ုပ်​၏​အပြုအမူက အထင်အရှား​ပြ​ပါသလော။’ (လုကာ ၁၆:၁၀) ယုံကြည်ခြင်း​ရှိကြောင်း ဘဝ​ကဏ္ဍ​များစွာ​ဖြင့် ပြသ​နိုင်​သည်။ သို့သော် ကဏ္ဍ​တစ်ခု​ဖြစ်သော ခရစ်ယာန်​မင်္ဂလာပွဲ​ပြီး​နောက် ကျင်းပ​လေ့​ရှိသည့် ဧည့်ခံပွဲ​အပါအဝင် မိတ်ဆုံပွဲ​များ​အခန်းကဏ္ဍကို သုံးသပ်ကြည့်​ကြ​စို့။

မိတ်ဆုံပွဲ​လေး​များ

၃။ မိတ်ဆုံပွဲ​များ​တွင်​ပါဝင်ခြင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ရှုမြင်ချက်​ကား အဘယ်နည်း။

ကျွန်ုပ်​တို့​အများစု​သည် ပျော်စရာ​ကောင်းသော​ခရစ်ယာန်​မိတ်ဆုံပွဲ​သို့ ဖိတ်ခေါ်​ခံရ​သည်ကို လေးမြတ်​ကြသည်။ ယေဟောဝါ​သည် “ပျော်ရွှင်​တော်​မူ​သော​ဘုရားသခင်” ဖြစ်​တော်​မူ​ပြီး ကိုယ်တော်​၏​ကျေးကျွန်​များ​ကိုလည်း ပျော်ရွှင်​စေ​လို​တော်​မူ​သည်။ (၁ တိမောသေ ၁:၁၁က​ဘ) ကိုယ်တော်​သည် ရှောလမုန်​အား ဤ​အမှန်တရားကို သမ္မာကျမ်းစာ​တွင် ရေးသား​စေ​ခဲ့​သည်– “ပျော်မွေ့ခြင်း​အမှုကို ငါ​ချီးမွမ်း​၏။ အကြောင်း​မူ​ကား လူသည် နေ​အောက်မှာ​စားသောက်ခြင်း၊ ပျော်မွေ့ခြင်း​အမှု​ထက် သာ၍​ကောင်းသော အမှု​မရှိ။ . . . ကြိုးစား​အားထုတ်​၍​ရသော အကျိုး​တို့​တွင် ထို​အကျိုးကို​သာ အမြဲ​ခံရ​၏။” (ဒေ. ၃:၁၊ ၄၊ ၁၃; ၈:၁၅) ထိုသို့​သော​ပျော်မွေ့ခြင်း​အမှုမှာ မိသားစု​ထမင်း​စားချိန် သို့​မဟုတ် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူတို့နှင့်​အတူ မိတ်ဆုံပွဲ​လေး​များ​ကျင်းပ​ချိန်​တို့ ဖြစ်​ပေမည်။—ယောဘ ၁:၄၊ ၅၊ ၁၈; လုကာ ၁၀:၃၈-၄၂; ၁၄:၁၂-၁၄

၄။ မိတ်ဆုံပွဲ​တစ်ခု​ကို စီစဉ်​နေ​သူ​တစ်ဦး​သည် အဘယ်အရာကို ဂရုစိုက်​သင့်​သနည်း။

သင်သည် ထိုသို့​သော​မိတ်ဆုံပွဲ​တစ်ခု​ကို​စီစဉ်​နေပြီး ယင်းကို တာဝန်​ယူ​လုပ်ဆောင်​မည့်​သူ​ဖြစ်ပါ​က စားသောက်​ရန်​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​ရန် ယုံကြည်သူချင်း​အနည်းငယ်​ကို​သာ ဖိတ်ခေါ်​မည်​ဖြစ်သည့်​တိုင် အသေအချာ​စီစဉ် သုံးသပ်​သင့်​သည်။ (ရောမ ၁၂:၁၃) “အထက်​မှ​သက်ရောက်​သော​ပညာ” ၏​လမ်းညွှန်မှုဖြင့် “ခပ်သိမ်း​သော​အမှုကို တင့်တယ်​လျောက်ပတ်​စွာ အစဉ်​အတိုင်း​စီရင်” ထား​သည်ကို သင်​တွေ့မြင်​လို​ပေမည်။ (ယာကုပ် ၃:၁၇; ၁ ကောရိန္သု ၁၄:၄၀) တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို​ပြု​ကြလော့။ . . . ထိမိ​၍​လဲစရာ​အကြောင်းကို​မပြု” နှင့်။ (၁ ကောရိန္သု ၁၀:၃၁၊ ၃၃) အထူး​ဂရုစိုက်​ဖို့ လိုအပ်​သည့်​အရာအချို့​မှာ အဘယ်နည်း။ ထိုသို့​ကြိုတင်​သုံးသပ်​ထားခြင်း​ဖြင့် သင်​နှင့် သင်၏​ဧည့်သည်​များသည် မိမိတို့၏​ယုံကြည်ခြင်းကို အပြု​အမူ​ဖြင့်​တင်ပြ​နိုင်​ရန် အထောက်အကူ​ပြု​မည်။—ရောမ ၁၂:၂

မည်သို့သော​မိတ်ဆုံပွဲ​ဖြစ်​မည်​နည်း

၅။ အရက်ယမကာ​တည်ခင်း​မည်၊ တေးဂီတ​အသုံးပြု​မည်​တို့​နှင့်​ပတ်သက်​၍ အိမ်ရှင်​သည် အဘယ်ကြောင့်​အထူး​ဂရုစိုက်​သင့်​သနည်း။

ဧည့်ခံသူ​အိမ်ရှင်​အများစု​သည် အရက်ယမကာ​တည်ခင်း​ခြင်း​ကိစ္စ​နှင့် ရင်ဆိုင်​ကြ​ရသည်။ တည်ဆောက်မှု​ဖြစ်စေ​သော မိတ်ဆုံပွဲ​ဖြစ်​ဖို့ အရက်​တည်ခင်း​ရန် မလို​အပ်​ပါ။ ယေရှုသည် ကိုယ်တော်​ထံ​ရောက်လာ​ကြသော လူအုပ်ကြီး​အား မုန့်​နှင့် ငါး​များ​ကို ပွား​များ​စေပြီး ကျွေးမွေး​ခဲ့​သည်ကို သတိရပါ။ ကိုယ်တော်​သည် အံ့ဖွယ်​နည်းဖြင့် စပျစ်​ရည်​ပြုလုပ်နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ်​တို့​သိထားကြသည်၊ သို့သော် ယင်း​သို့​လုပ်ဆောင်ခဲ့​သည်​ဟု မှတ်တမ်း​တွင် မဖော်​ပြ​ထား​ပါ။ (မဿဲ ၁၄:၁၄-၂၁) သင်သည် မိတ်ဆုံပွဲ​တွင် အရက်ယမကာ​ဖြင့် တည်ခင်း​ဧည့်ခံ​မည်​ဟု ဆုံးဖြတ်​ပါ​က မည်မျှ​တည်ခင်း​မည်​နှင့်​ပတ်သက်​၍ ချင့်ချိန်မှု​ရှိပါ၊ အချိုရည်​ပို​နှစ်သက်သူ​များ​အတွက် အချိုရည်​ရှိ​ရန် သေချာစေပါ။ (၁ တိမောသေ ၃:၂၊ ၃၊ ၈; ၅:၂၃; ၁ ပေတရု ၄:၃) “မြွေ​ကဲ့သို့​ကိုက်​တတ်” သော​အရာ​ကို သောက်​ရန် ဖိအားပေး​သည်​ဟု တစ်စုံ​တစ်ဦး​ခံစား​သွား​စေသည့်​အဖြစ်မျိုး ဘယ်​သောအခါ​မျှ မပြု​လုပ်ပါ​နှင့်။ (သု. ၂၃:၂၉-၃၂) တေးဂီတ၊ တေးသီချင်း​တို့​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သင်၏​မိတ်ဆုံပွဲ​တွင် တေးဂီတ​ကို အသုံးပြု​မည်​ဆိုပါ​က သင်သည် တီး​လုံး​နှင့် သီချင်း​စာသား နှစ်ခုစလုံး​ကို​ထည့်တွက်​ကာ သီချင်းများ​ကို ဂရုတစိုက်​သေချာ​စွာ​ရွေးချယ်​ပေမည်။ (ကောလောသဲ ၃:၈; ယာကုပ် ၁:၂၁) ဘုရားသခင့်​နိုင်ငံတော်​တေးသံသာ​ဖွင့်ပြီး ထို​သီချင်းများ​ကို အတူတကွ​သီဆို​ကြ​ခြင်း​သည် ပျော်ရွှင်ဖွယ် ဝန်းကျင်​လေး​တစ်ခု​ဖြစ်စေ​ကြောင်း ခရစ်ယာန်​များစွာ တွေ့ရှိ​ခဲ့​ကြပြီ။ (ဧဖက် ၅:၁၉၊ ၂၀) တေးသီချင်း​သံ​သည် နှစ်​လို့​ဖွယ်​စကားစမြည်​ပြောဆိုမှု​နှင့် အိမ်နီးချင်း​များ​ကို အနှောင့်အယှက်​မဖြစ်​ရန် အသံပမာဏ​ကို မှန်မှန်​စစ်ဆေး​ပါ။—မဿဲ ၇:၁၂

၆။ အိမ်ရှင်​သည် ယုံကြည်ခြင်း​နှင့်​အညီ နေထိုင်သူ​ဖြစ်​ကြောင်း စကားစမြည်​ပြောဆိုခြင်း သို့​မဟုတ် အခြား​လုပ်ဆောင်မှုများ​တွင် မည်သို့​တင်ပြ​နိုင်​သနည်း။

မိတ်ဆုံပွဲ​တစ်ခု​တွင် ခရစ်ယာန်​များသည် အကြောင်းအရာ​အမျိုးမျိုးကို ပြော​ကြ​ပေမည်၊ အကြောင်းအရာ​တစ်ခုခု​ကို အသံ​ကျယ်ကျယ်​ဖြင့် ဖတ်​ပေမည်၊ သို့​မဟုတ် စိတ်ဝင်စားဖွယ်​တွေ့ကြုံမှု​များ​ကို ပြောပြ​ကြ​ပေမည်။ စကားစမြည်​ပြောဆိုမှု​သည် လမ်းလွဲ​နေ​မည်​ဆိုလျှင် အိမ်ရှင်​သည် လိမ္မာ​ပါးနပ်​စွာ ပြန်လည်​တည့်မတ်​ပေး​နိုင်​သည်။ တစ်ဦး​တစ်ယောက်​သည် စကားစမြည်​ပြောဆိုမှု​ကို လွှမ်းမိုး​ထားခြင်း​မရှိစေရန် အိမ်ရှင်​က ဂရုစိုက်​သင့်​သည်။ တစ်ဦး​တစ်ယောက်​သည် ထိုသို့​လွှမ်းမိုး​လာ​ကြောင်း အိမ်ရှင်​သတိပြုမိ​လျှင် ပညာသတိ​ရှိ​ရှိ​ဖြင့် ထို​သူကို​အသိပေး​ကာ အခြားသူများ​လည်း စကားဝိုင်း​တွင်​ပါဝင်​လာ​စေရန် လုပ်ဆောင်ပေး​နိုင်​သည်။ လူငယ်များ​ကို စကားပြော​စေခြင်း၊ အကြောင်းအရာ​တစ်ခု​ကို အစပြု​ပေး​ကာ မှတ်ချက်များ​ပေး​ရန် ဖိတ်ခေါ်​ခြင်း​တို့ ပြုလုပ်​နိုင်​သည်။ ယင်း​သို့​သော​မိတ်ဆုံပွဲ​တွင် လူငယ်​ရော လူကြီး​များ​ပါ ပျော်ရွှင်​ကြ​မည်​ဖြစ်သည်။ မိတ်ဆုံပွဲ​စီစဉ်သူ​အနေ​ဖြင့် သင်သည် ကိစ္စရပ်​များ​ကို ပညာရှိ​စွာ၊ လိမ္မာ​ပါးနပ်​စွာ ဦးဆောင်​သွား​မည်​ဆိုလျှင် ဧည့်သည်​များ​ရှေ့တွင် သင်၏ ‘အကျိုးသင့်အကြောင်းသင့်​ဖြစ်မှု​သည် ထင်ရှား​ပေ​လိမ့်​မည်။’ (ဖိလိပ္ပိ ၄:၅) သူတို့က သင်သည် ယုံကြည်ခြင်း​နှင့်​အညီ နေထိုင်သူ​ဖြစ်​ကြောင်း၊ သင့်​ဘဝ​အသက်တာ​ကဏ္ဍ​အားလုံး​အပေါ် ယုံကြည်ခြင်း​သက်ရောက်မှု​ရှိကြောင်း ကောက်ချက်​ချ​ကြ​ပေမည်။

မင်္ဂလာပွဲ​အခမ်းအနား​နှင့် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​များ

၇။ မင်္ဂလာပွဲ​အခမ်းအနား​နှင့် ကျွေးမွေး​ဧည့်ခံ​ရန် စီစဉ်​ရာ​တွင် အဘယ်ကြောင့် ချင့်ချိန်​ထိုက်​သနည်း။

ရွှင်လန်းမှု​ဖြစ်စေ​သည့် အထူး​အခါသမယ​တစ်ခု​မှာ ခရစ်ယာန်​မင်္ဂလာဆောင်​ပွဲ​ဖြစ်သည်။ ယေရှု​နှင့် ကိုယ်တော်​၏​တပည့်​များ​အပါအဝင် ဘုရားသခင်​၏​ရှေး​မှ​ကျေးကျွန်​များသည် ကျွေးမွေး​ဧည့်ခံပွဲ​အပါအဝင် ထို​အခါသမယ​များ​တွင် ပျော်ရွှင်စွာ​ပါဝင်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၂၉:၂၁၊ ၂၂; ယောဟန် ၂:၁၊ ၂) သို့သော် မကြာသေးမီ​နှစ်များ​အတွေ့အကြုံ​အရ မင်္ဂလာဆောင်​ပွဲ​နှင့်​ဆက်နွှယ်သော လူမှုရေး​ကိစ္စ​များ​စီစဉ်​ရာ​တွင် အကျိုးသင့်အကြောင်းသင့်​ရှိ​ရန်​နှင့် ခရစ်ယာန်​ဟန်ချက်​မပျက်​စေရန် အထူး​အားထုတ်မှု​လိုအပ်ကြောင်း အထင်အရှား​ဖော်ပြ​သည်။ သို့​တိုင် ထို​လူမှုရေး​ကိစ္စ​များသည် ဘဝ​အသက်တာ​၏ သာမန်​အရေးကိစ္စ​များ​ဖြစ်​ကြ​ပြီး ခရစ်ယာန်​ယုံကြည်ခြင်း​နှင့်​အညီ​ဖြစ်​ကြောင်း တင်ပြ​ခွင့်​ရစေသည်။

၈၊ ၉။ မင်္ဂလာဆောင်​ပွဲ​များစွာ​၏ လုပ်ဆောင်မှုများ​သည် ၁ ယောဟန် ၂:၁၆၊ ၁၇ တွင်​ဖတ်​ရသည့်​အချက်​ကို မည်သို့​ထောက်ခံကြ​သနည်း။

မင်္ဂလာဆောင်ခြင်း​နှင့်​ပတ်သက်သော ဘုရားသခင့်​မူများ​ကို မသိသော​သူနှင့် ဂရုမစိုက်​ကြသော​သူများ​သည် မင်္ဂလာပွဲ​ကို အလွန်အကျွံ​ပြုမူ​နိုင်​သည့် သို့​မဟုတ် ယင်းကို လက်ခံ​ခွင့်ပြု​သည့် အခါသမယ​အဖြစ် ရှုမြင်​ကြသည်။ ဥရောပ​မဂ္ဂဇင်း​တစ်စောင်​တွင် လက်ထပ်ပြီးခါစ​ဇနီးသည်​တစ်ဦး​က မိမိ၏ “တော်ဝင်” တ​မျှ မင်္ဂလာဆောင်​ပွဲ​အကြောင်းကို ဤသို့​ပြော​၏– ‘မြင်း​လေးကောင်​က​တဲ့ မြင်းရထား​ကို ကျွန်မ​တို့​စီး​တယ်။ ကျွန်မ​တို့​မြင်းရထား​နောက်​မှာ တေးဂီတ​ဝိုင်း​တစ်ခု​ကို တင်ဆောင်​ထား​တဲ့ မြင်းရထား​တစ်ခု​အပါအဝင် မြင်းရထား ၁၂ လုံး​လိုက်ပါ​လာခဲ့တယ်။ အဲ့ဒီ​နောက် ကျွန်မ​တို့​ဟာ အကောင်းဆုံး​တေးဂီတ​နဲ့ စားကောင်း​သောက်​ဖွယ်​တွေ စားသုံး​ကြတယ်။ တကယ့်ကို​အထူး​ပါ​ပဲ။ ကျွန်မ​တောင့်တ​ခဲ့​တဲ့​အတိုင်းပဲ​ဖြစ်​ခဲ့​တယ်။ အဲ့ဒီ​နေ့မှာ ကျွန်မ​ဟာ ဘုရင်မ​ပဲ​ပေါ့။’

ဒေသ​တစ်ခု​နှင့်​တစ်ခု ဓလေ့​ထုံးစံ​များ​မတူကြ​သော်လည်း ထို​သဘောထားများ​သည် တမန်​တော်​ယောဟန်​ရေးသားခဲ့​ရာ​ကို အထင်အရှား​ထောက်ခံ​၏– “လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လောကီ​စည်းစိမ်​၌​ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။” ရင့်ကျက်သော​ခရစ်ယာန်​မောင်နှံစုံ​သည် ငွေ​ကုန်​ကြေး​ကျ​များသော​ဧည့်ခံပွဲ​ပါဝင်​သည့် “တော်ဝင်” တ​မျှ မင်္ဂလာ​အခမ်းအနား​ပြုလုပ်​လို​သည့် ဆန္ဒရှိ​ပါ​မည်​လော။ ယင်းအစား သူတို့သည် “ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏” ဟူ​သည့်​ကျမ်းချက်​ကို ဂရုပြု​သင့်​သည်။—၁ ယောဟန် ၂:၁၆၊ ၁၇

၁၀။ (က) အကျိုးသင့်အကြောင်းသင့်​ရှိသော မင်္ဂလာဆောင်​ပွဲ​တစ်ခု​ဖြစ်​ရန် ကြိုတင်​စီစဉ်ခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။ (ခ) ဖိတ်ခေါ်​မည့်​သူတို့နှင့်​ပတ်သက်​၍ မည်သို့ ဆုံးဖြတ်ချက်​များ​ချ​သင့်​သနည်း။

၁၀ ခရစ်ယာန်​မောင်နှံစုံများ​သည် လက်တွေ့ကျ​ပြီး အကျိုးသင့်အကြောင်းသင့်​ရှိ​လို​ကြသည်။ ယင်း​သို့​ဖြစ်စေ​ရန် သမ္မာကျမ်းစာ​က သူတို့ကို အကူအညီ​ပေး​နိုင်​သည်။ မင်္ဂလာဆောင်​သော​နေ့​သည် အထူး​အခါသမယ​ဖြစ်သော်လည်း ထာဝရ​အသက်​မျှော်လင့်ချက်​ရှိကြ​သော ခရစ်ယာန်​နှစ်ဦး​အဖို့ ယင်းသည် အိမ်ထောင်သည်​ဘဝ၏ အစ​မျှ​သာ​ဖြစ်​ကြောင်း သူတို့​သိထားကြသည်။ ကြီးကျယ်​သည့် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​လုပ်​ရမည်​ဟူ​သည့်​တာဝန် သူတို့တွင်​မရှိပါ။ ဧည့်ခံပွဲ​လုပ်ရန်​ရွေးချယ်​ပါ​က ဧည့်ခံပွဲ​အကုန်အကျ​နှင့် ဧည့်ခံပွဲ​အမျိုးအစား​ကို တွက်ချက်​စဉ်းစား​လို​ကြ​ပေမည်။ (လုကာ ၁၄:၂၈) ခရစ်ယာန်​ဘဝ​အသက်တာတွင် ခင်ပွန်း​ဖြစ်သူ​သည် ကျမ်းစာ​အရ ဦးစီး​ဖြစ်​မည်။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၂၊ ၂၃) ထို့​ကြောင့် သတို့သား​သည် မင်္ဂလာ​ဧည့်ခံပွဲ​အတွက် အဓိက​တာဝန်​ရှိသည်။ သူသည် မင်္ဂလာ​ဧည့်ခံပွဲ​သို့ မည်သူ​တို့ကို၊ သို့​မဟုတ် မည်​ရွေ့​မည်မျှ​ကို ဖိတ်ခေါ်​မည်​စ​သည့်​ကိစ္စ​များ​ကို မိမိ​ဇနီးလောင်း​နှင့် ချစ်ခင်​ကြင်နာ​စွာ ဆွေးနွေး​မည်​ဖြစ်သည်။ မိတ်ဆွေများ၊ ဆွေမျိုး​များ​အားလုံး​ကို ဖိတ်ခေါ်​နိုင်​မည်​မဟုတ်ပေ။ ထို့​ကြောင့် အကျိုးသင့်အကြောင်းသင့်​ရှိသော ဆုံးဖြတ်ချက်​အချို့​ကို ချဖို့​လို​ပေမည်။ မောင်နှံစုံ​သည် အချို့​သော​ခရစ်ယာန်​ချင်း​များ​အား မဖိတ်​နိုင်သော​ကြောင့် ထို​သူတို့သည် မိမိတို့​အား စိတ်ဆိုး​ကြ​မည်​မဟုတ်ဘဲ နားလည်​ပေး​ကြ​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​သင့်​သည်။—ဒေ. ၇:၉

“ပွဲအုပ်”

၁၁။ မင်္ဂလာပွဲ​တွင် “ပွဲအုပ်” ၏​တာဝန်​မှာ အဘယ်အရာ​ဖြစ်​နိုင်​သနည်း။

၁၁ မောင်နှံစုံ​သည် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​ကျင်းပ​ရန် ရွေးချယ်​မည်​ဆိုပါ​က ထို​အခါသမယ​ကို ဂုဏ်​သိက္ခာ​ရှိစေရန် မည်သို့​သေချာ​စေနိုင်​သနည်း။ ယေရှု​တက်ရောက်​ခဲ့​သော ကာန​မြို့​မင်္ဂလာ​ဧည့်ခံပွဲ​နှင့်​ပတ်သက်​၍ ဖော်ပြ​ခံရ​သူပါ​ရှိလျှင် ပညာရှိရာ​ရောက်​ကြောင်း ယေဟောဝါသက်သေ​များ သိရှိ​ခဲ့​ကြသည်​မှာ နှစ်​အတန်ကြာ​ခဲ့​ပေ​ပြီ။ ၎င်းမှာ တာဝန်​ယူ​ကြီးကြပ်​ပေး​သော ယုံကြည်ခြင်း​တူ​သူ “ပွဲအုပ်” တစ်ဦး​ဖြစ်သည်။ (ယောဟန် ၂:၉၊ ၁၀) အလားတူ​ပင် ပညာ​ရှိသော​သတို့သား​သည် ဤ​အရေးကြီးသော​တာဝန်​အတွက် ဝိညာဉ်ရေးတွင်​ရင့်ကျက်သော ခရစ်ယာန်​ညီအစ်ကို​တစ်ဦး​ကို ရွေးချယ်​ပေမည်။ ပွဲအုပ်​သည် သတို့သား​ဆန္ဒရှိ​ရာ၊ လုပ်ဆောင်​လို​သော​အရာများ​ကို မေးမြန်း​ထားခြင်း​ဖြင့် ဧည့်ခံပွဲ​မတိုင်မီ​နှင့် ဧည့်ခံပွဲ​အတွင်း ယင်း​အတိုင်း လုပ်ဆောင်​သွား​နိုင်​မည်။

၁၂။ သတို့သား​သည် အရက်ယမကာ​တည်ခင်း​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်အရာကို သုံးသပ်​သင့်​သနည်း။

၁၂ အပိုဒ် ၅ ၌​သုံးသပ်​ခဲ့​သည့်​အချက်​နှင့်​အညီ လုပ်ဆောင်​ရာ​တွင် မောင်နှံစုံ​အချို့​သည် မင်္ဂလာပွဲ​အခါသမယ​၏ ပျော်ရွှင်မှု​နှင့် အောင်မြင်မှု​ကို အနှောင့်အယှက်​ဖြစ်စေ​နိုင်​သည့် သောက်ကြူး​သွားခြင်း​မျိုး​မဖြစ်စေ​ရန် အရက်ယမကာ​ကို မတည်​ခင်း​ဖို့ ရွေးချယ်​ကြသည်။ (ရောမ ၁၃:၁၃; ၁ ကောရိန္သု ၅:၁၁) သို့သော် အရက်ယမကာ​ကို​ပါဝင်​စေ​ကြ​မည်​ဆိုလျှင် သတို့သား​သည် အတော်အသင့်​တည်ခင်း​ဧည့်ခံ​ခြင်း​ဖြစ်​ဖို့ သေချာ​စေ​သင့်​သည်။ ယေရှု​တက်ရောက်​ခဲ့​သော ကာန​မြို့​မင်္ဂလာဆောင်​ပွဲ​တွင် စပျစ်​ရည်​ပါဝင်​ခဲ့​ပြီး ကိုယ်တော်​သည် စပျစ်​ရည်​ကောင်း​ကို ပြု​လုပ်ပေး​တော်​မူ​ခဲ့​သည်။ စိတ်ဝင်စားစရာ​မှာ ပွဲအုပ်​ပြော​သော​စကား​ဖြစ်သည်– “လူတိုင်းမှာ စပျစ်​ရည်​ကောင်း​ကို​ဦးစွာ​တည်​၍ မူးယစ်​ကြ​ပြီး​မှ အညံ့​ကို​တည်​တတ်​သည်။ သင်​မူ​ကား ယခု​တိုင် စပျစ်​ရည်​ကောင်း​ကို​ချန်​ထားပြီ။” (ယောဟန် ၂:၁၀က​ဘ) ယေရှုသည် မူးယစ်​ခြင်း​ကို အပြစ်​အဖြစ်​ရှုမြင်တော်မူ​သောကြောင့် ယစ်​မူး​စေရန် အားပေး​မည်​မဟုတ်ပါ။ (လုကာ ၁၂:၄၅၊ ၄၆) ပွဲအုပ်​သည် စပျစ်​ရည်​၏​အရည်အသွေးကို​အံ့ဩ​၍ သူ​ကြုံတွေ့​ဖူး​သော မင်္ဂလာဆောင်​ပွဲ​အချို့​တွင် ဧည့်သည်​များ​မူးယစ်​ကြ​သည့် အဖြစ်အပျက်​ကို မြင်သာအောင် ပြော​ခဲ့​ခြင်း​ဖြစ်သည်။ (တမန်​တော် ၂:၁၅; ၁ သက်သာလောနိတ် ၅:၇) ထို့​ကြောင့် သတို့သား​နှင့် ပွဲအုပ်​အဖြစ်​တာဝန်ရ​ရှိသော ယုံကြည်​စိတ်ချ​ရသူ​ခရစ်ယာန်​သည် “လွန်ကြူး​စေ​တတ်သော စပျစ်​ရည်​နှင့်​ယစ်​မူး​ခြင်း​ကို​ရှောင်” ပါ​ဟူ​သည့် ရှင်းလင်း​သော​ညွှန်ကြားချက်​ကို တက်ရောက်သူ​အားလုံး လိုက်နာ​ကြ​ကြောင်း သေချာ​စေ​ရမည်။—ဧဖက် ၅:၁၈; သု. ၂၀:၁; ဟောရှေ ၄:၁၁

၁၃။ မောင်နှံစုံ​သည် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​တွင် တေးဂီတ​ပါဝင်​စေမည်​ဆိုပါ​က အဘယ်အရာကို သုံးသပ်​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

၁၃ အခြား​မိတ်ဆုံပွဲ​များ​တွင်​ကဲ့သို့ တေးဂီတ​သုံး​မည်​ဆိုပါ​က စကားစမြည်​ပြောဆို​နိုင်​သည့် အသံပမာဏ​ဖြစ်​ရန် ဂရုစိုက်​သင့်​သည်။ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး ဤသို့​ဆို​၏– “ညနေပိုင်း​ရောက်လာ​လို့ စကားစမြည်​ပြော​လို့​ကောင်း​လာတဲ့​အချိန် ဒါမှ​မဟုတ် စပြီး​က​ကြ​တဲ့​အချိန်​မှာ တစ်ခါ​တ​လေ တေးသံ​ကို ကျယ်​လိုက်တယ်။ တေးသံ​ကျယ်​လိုက်မယ်​ဆိုရင် စကားစမြည်​ပြော​တာ​ကို အနှောင့်အယှက်​ဖြစ်စေ​တယ်။ မင်္ဂလာ​ဧည့်ခံပွဲ​တစ်ခု​ဟာ နှစ်သက်ဖွယ်​ကောင်း​တဲ့ ပေါင်းသင်း​ဆက်ဆံမှု​လုပ်ဖို့ အခွင့်အရေး​တစ်ခု​ပါ။ ကျယ်လောင်​တဲ့​တေးသံ​ကြောင့် အဲ့ဒီ​အခွင့်အရေး​ဆုံးရှုံး​ရင် ဝမ်းနည်းစရာပါပဲ!” ဤ​တွင်​တစ်ဖန် တေးဂီတ​ပညာရှင်​များ​ကို ငှား​ထား​သည်​ဖြစ်စေ၊ မ​ငှား​သည်​ဖြစ်စေ တေးသီချင်း​အမျိုးအစား​နှင့် အသံပမာဏ​ကို ဤ​အတိုင်း​လွှတ်ထား​မည်​မဟုတ်ဘဲ သတို့သား​နှင့် ပွဲအုပ်​သည် တာဝန်​ရှိ​သူများ​ဖြစ်သည့်​အလျောက် အရေးယူ​ဆောင်ရွက်ဖို့​လို​သည်။ ပေါလု ဤသို့​ရေးခဲ့​၏– “စကားပြော​သော်လည်း​ကောင်း၊ အမှုဆောင်​ရွက်​သော်လည်း​ကောင်း သခင်​ယေရှု​ခရစ်​၏​နာမတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုတို့​ကို​ပြု” လော့။ (ကောလောသဲ ၃:၁၇) ဧည့်သည်​များသည် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​ပြီး​နောက် အိမ်ပြန်ချိန်​တွင် မောင်နှံစုံ​သည် တေးဂီတ​အပါအဝင် ခပ်သိမ်း​သော​အမှုတို့​ကို ယေရှု၏​နာမတော်​ကို​ထောက်၍ လုပ်ဆောင်ခဲ့ကြောင်း အမှတ်ရ​ကြ​မည်​လော။ ထိုသို့​အမှတ်​ရစေ​သင့်​သည်။

၁၄။ မင်္ဂလာပွဲ​တစ်ခု​နှင့်​ပတ်သက်​၍ ခရစ်ယာန်​များ အဘယ်အရာ အမှတ်တရ​ဖြစ်​သင့်​သနည်း။

၁၄ မှန်ပါသည်၊ ကောင်းစွာ​စီစဉ်​ထားသော မင်္ဂလာပွဲ​သည် နှစ်သက်ဖွယ်​အမှတ်တရ​ဖြစ်​နိုင်​သည်။ အိမ်ထောင်သက်တမ်း ၃၀ ရှိပြီ​ဖြစ်သော အေ​ဒမ်​နှင့် အဲဒီ​တာ​တို့သည် မင်္ဂလာပွဲ​တစ်ခု​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “တကယ့်ကို ခရစ်ယာန်​အသိုင်းအဝိုင်း​လေး​တစ်ခု​ပါ​ပဲ။ ယေဟောဝါ​ကို​ချီးမွမ်း​တဲ့ သီချင်းတွေ​ဆို​ကြတယ်။ တခြား​ပျော်စရာ​အစီအစဉ်တွေ​လည်း​ပါ​တယ်။ က,တာ​နဲ့​တေးသီချင်း​ကို ဒုတိယ​နေရာမှာ​ထား​ကြတယ်။ ကြည်နူး​စ​ရာ​ကောင်းပြီး တည်ဆောက်မှု​ဖြစ်စေ​တယ်။ အရာအားလုံး ကျမ်းစာ​မူတွေ​နဲ့​ကိုက်ညီ​တယ်။” သတို့သမီး​နှင့် သတို့သား​သည် မိမိတို့၏​ယုံကြည်ခြင်းကို အကျင့်​အားဖြင့်​တင်ပြ​ရန် လုပ်နိုင်​သည့်​အရာများ​စွာ​ရှိပါ​သည်။

မင်္ဂလာ​လက်ဖွဲ့များ

၁၅။ မင်္ဂလာ​လက်ဖွဲ့​နှင့်​ပတ်သက်​၍ အဘယ်​ကျမ်းစာ​ဆုံးမ​စကား​ကို ကျင့်သုံး​နိုင်​သနည်း။

၁၅ ဒေသ​များစွာ​တွင် မိတ်ဆွေများ​နှင့် ဆွေမျိုး​များ​က အိမ်ထောင်ပြု​သူတို့ကို လက်ဖွဲ့​ပေး​သည့်​ထုံးစံ​ရှိကြသည်။ ထိုသို့​ပြု​မည်​ဆိုလျှင် အဘယ်အရာကို စိတ်စွဲ​မှတ်​ရမည်​နည်း။ “လောကီ​စည်းစိမ်​၌​ဝါကြွားခြင်း” နှင့်​ပတ်သက်​၍ တမန်​တော်​ယောဟန်​၏​စကား​ကို ပြန်​အမှတ်ရပါ။ ယင်း​သို့​ဝါကြွားခြင်း​ကို မိမိတို့၏​ယုံကြည်ခြင်းကို လုပ်ရပ်​ဖြင့်​တင်ပြသော ခရစ်ယာန်​များနှင့် ဆက်စပ်​မဖော်ပြဘဲ ‘ရွေ့သွား​ကွယ်ပျောက်​မည့် လောက’ နှင့်​ဆက်စပ်​ဖော်ပြ​ခဲ့​သည်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ယောဟန်​၏​မှုတ်သွင်းခံ​စကား​ကို​ထောက်​သော် ကြင်စဦး​မောင်နှံ​သည် လက်ဖွဲ့​ပေး​သူတို့၏​အမည်​ကို လူအများရှေ့​ကြေညာ​ရန် သင့်လျော်​ပါ​မည်​လော။ မာကေဒေါနိ​ပြည်​နှင့် အခါယပြည်​မှ ခရစ်ယာန်​တို့သည် ယေရုရှလင်​မြို့ရှိ ညီအစ်ကို​တို့အတွက် အလှူငွေများ လှူဒါန်းခဲ့​ကြသော်လည်း သူတို့၏​အမည်များ​ကို လူသိရှင်ကြား​မဖော်​ပြ​ခဲ့​ကြ​ပါ။ (ရောမ ၁၅:၂၆) မင်္ဂလာ​လက်ဖွဲ့​ပေး​ကြသော ခရစ်ယာန်​များစွာ​သည် မိမိတို့ကို အာရုံစိုက်​လာ​စေ​မည့်​အစား အမည်​မ​ဖော်ပြ​သည်ကို နှစ်သက်​ကြသည်။ ဤကိစ္စနှင့်​ပတ်သက်​၍ မဿဲ ၆:၁-၄ တွင်​တွေ့ရ​သော ယေရှု၏​ဆုံးမ​စကား​ကို ပြန်​သုံးသပ်ပါ။

၁၆။ ကြင်စဦး​ဇနီး​မောင်နှံ​သည် မင်္ဂလာ​လက်ဖွဲ့​နှင့်​ပတ်သက်​၍ အခြားသူများ​စိတ်ထိခိုက်​ခြင်း​မဖြစ်​ရန် မည်သို့​ရှောင်ကြဉ်​နိုင်​သနည်း။

၁၆ လက်ဖွဲ့​ပေး​သူ၏​အမည်​ကို လူသိရှင်ကြား​ဖော်ပြခြင်း​က မည်သည့်​လက်ဖွဲ့​သည် ပို​၍​ကောင်း​သည်၊ ပို​၍​တန်ဖိုး​ရှိသည်​စ​သဖြင့် ‘အပြိုင်အဆိုင်​စိတ်ဓာတ်​ကို နှိုးဆွ’ ပေး​ရာ​ရောက်သွား​နိုင်​သည်။ ထို့​ကြောင့် ပညာ​ရှိသော​ကြင်စဦး​ခရစ်ယာန်​မောင်နှံ​သည် လက်ဖွဲ့​ပေး​သူတို့၏​အမည်​ကို လူသိရှင်ကြား​ကြေညာ​ခြင်း​ကို ရှောင်​မည်​ဖြစ်သည်။ လက်ဖွဲ့​ပေး​သူတို့၏​အမည်​ကို ကြေညာ​ခြင်း​သည် လက်ဖွဲ့​မပေးနိုင်​သူတို့ကို အနေ​ခက်​စေ​ပေမည်။ (ဂလာတိ ၅:၂၆က​ဘ; ဂလာတိ ၆:၁၀) သတို့သမီး​နှင့် သတို့သား​တို့ကို မည်သူ​လက်ဖွဲ့​ပေး​ကြောင်း သိရှိ​စေခြင်း​သည် မမှား​ပါ။ လက်ဖွဲ့​နှင့်အတူ သင့်လျော်​သော​ကတ်​တစ်ခု​တွင် ရေး​ပေးခြင်း​ဖြင့် မည်သူ​ပေး​ကြောင်း သိနိုင်​သည်။ သို့သော် ယင်းကို အများ​ရှေ့​ဖတ်ပြ​ရန်​မဟုတ်ပါ။ မင်္ဂလာ​လက်ဖွဲ့​ဝယ်​ခြင်း၊ ပေးခြင်း၊ လက်ခံခြင်း​ကဲ့သို့​သော ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​တွင်​ပင် ကျွန်ုပ်​တို့အားလုံး​သည် မိမိတို့၏​ယုံကြည်ခြင်းကို အပြုအမူအားဖြင့် တင်ပြ​ခွင့်​ရရှိ​ကြသည်။ *

၁၇။ ခရစ်ယာန်​များသည် မိမိတို့၏​ယုံကြည်ခြင်း၊ အကျင့်​တို့​နှင့်​ပတ်သက်​၍ အဘယ်​ပန်းတိုင်​ထား​ရှိ​သင့်​သနည်း။

၁၇ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို သက်သေပြ​ရာ​တွင် ကိုယ်ကျင့်တရား​စင်ကြယ်​စွာ​နေထိုင်ခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်ခြင်း၊ ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​တို့​ထက်မက ပို​၍​ပါဝင်​ပတ်သက်​သည်။ ကျွန်ုပ်​တို့​လုပ်ဆောင်​ရာ​အားလုံး​အပေါ် အကျိုး​သက်ရောက်မှု​ရှိသည့် ရှင်သန်​သော​ယုံကြည်ခြင်းကို ကျွန်ုပ်​တို့​တစ်ဦးစီ ပိုင်ဆိုင်​နိုင်​ကြ​ပါစေ။ မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အထက်တွင်​ဆွေးနွေး​ခဲ့​သော ဘဝ​အသက်တာ​ကဏ္ဍ​များ​အပါအဝင် အကျင့်​များ​ဖြင့် ‘စုံလင်စွာ’ တင်ပြ​နိုင်​ပါ​သည်။—ဗျာ. ၃:၂

၁၈။ ခရစ်ယာန်​မင်္ဂလာပွဲ​များ၊ ဧည့်ခံပွဲ​များနှင့်​ပတ်သက်​၍ ယောဟန် ၁၃:၁၇ ပါ​စကား​များ​မှန်ကန်ကြောင်း မည်သို့​ထင်ရှားပြ​နိုင်​သနည်း။

၁၈ ယေရှုသည် နိမ့်ကျသော​အလုပ်​ဖြစ်သည့် တမန်​တော်​များ​၏​ခြေ​ကို​ဆေး​ပေးခြင်း​ဖြင့် တည်ကြည်သော​တမန်​တော်​များ​အတွက် ပုံသက်သေ​ပြပြီး​နောက် ဤသို့​မိန့်တော်မူ​ခဲ့​၏– “ဤ​အရာများ​ကို သင်တို့​သိ၍ သိ​သည်​အတိုင်း​ကျင့်​လျှင် မင်္ဂလာ​ရှိကြ​၏။” (ယောဟန် ၁၃:၄-၁၇) ယနေ့ ကျွန်ုပ်​တို့​နေထိုင်ရာ​ဒေသ​တွင် ကျွန်ုပ်​တို့​အိမ်​သို့​ရောက်လာ​သည့် ဧည့်သည်​တစ်ဦး​ကဲ့သို့​သော အခြားသူ​တစ်ဦးဦး​ကို ခြေဆေး​ပေး​သည့်​ထုံးစံ​ရှိ​မည်​မဟုတ်၊ ခြေဆေး​ပေး​ဖို့​လို​မည်​မဟုတ်ပါ။ သို့ရာတွင် ဤ​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ပြီး​ဖြစ်သည်​အတိုင်း မိတ်ဆုံပွဲ​များ၊ ခရစ်ယာန်​မင်္ဂလာဆောင်​ပွဲ​များနှင့် ဆက်နွှယ်​နေသူတို့​အပါအဝင် ကျွန်ုပ်​တို့အားလုံး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို မေတ္တာ၊ ထောက်ထား​စာနာမှု​ရှိသော​အပြု​အမူ​တို့​ဖြင့် ထင်ရှားပြ​နိုင်​သည့် အခြား​ဘဝ​ကဏ္ဍ​များ​ရှိသည်။ အိမ်ထောင်ပြု​မည့်​သူ​ဖြစ်စေ၊ မင်္ဂလာပွဲ​တက်ရောက်​သည့်​ဧည့်သည်​ဖြစ်စေ၊ ပျော်ရွှင်ဖွယ်​ကျွေးမွေး​ဧည့်ခံပွဲ​တက်ရောက်​သော ခရစ်ယာန်​များ​ဖြစ်စေ အပြုအမူအားဖြင့် မိမိတို့​ယုံကြည်ခြင်းကို ထင်ရှားပြ​လို​ကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 မင်္ဂလာပွဲ၊ ဧည့်ခံပွဲ​နှင့်​ပတ်သက်သော ထပ်ဆင့်​အချက်အလက်​များ​ကို နောက်​ဆောင်းပါး​ဖြစ်သော “သင်၏​မင်္ဂလာဆောင်​သော​နေ့ကို ရွှင်လန်းဖွယ်​ဖြစ်စေ​ပြီး ဂုဏ်​သိက္ခာ​တိုးပွား​စေပါ” တွင် ဖော်ပြ​ထား​ပါ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မိတ်ဆုံပွဲ​ကျင်းပ​ရန်​စီစဉ်​ရာ​တွင်

• မင်္ဂလာဆောင်​ပွဲ သို့​မဟုတ် ဧည့်ခံပွဲ​ကျင်းပ​ရန် စီစဉ်​ရာ​တွင်

• မင်္ဂလာ​လက်ဖွဲ့​ပေးခြင်း သို့​မဟုတ် လက်ခံ ခြင်း​တွင်

သင်၏​ယုံကြည်ခြင်းကို မည်သို့​ထင်ရှားပြ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

လူ​အနည်းငယ်​ကို​သာ ဖိတ်ခေါ်​သည့်​တိုင် “အထက်​မှ​သက်ရောက်​သော​ပညာ” ၏​လမ်းညွှန်မှုကို​ခံယူ​ပါ