မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ

သင်၏ မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ

သင်၏ မင်္ဂလာဆောင်​သော​နေ့ကို ရွှင်လန်းဖွယ်​ဖြစ်စေ​ပြီး ဂုဏ်​သိက္ခာ​တိုးပွား​စေပါ

“ကျွန်တော့်​ဘဝ​အသက်တာမှာ အဓိပ္ပာယ်​အရှိဆုံး၊ အပျော်ရွှင်ဆုံး​နေ့ရက်​တွေ​ထဲမှာ မင်္ဂလာဆောင်​တဲ့​နေ့ဟာ​လည်း တစ်ရက်​အပါအဝင်​ဖြစ်တယ်” ဟု အိမ်ထောင်သက်​နှစ်ပေါင်း ၆၀ နီးပါး​ရှိပြီ​ဖြစ်သော ဂေါ်ဒင်​က​ဆို​သည်။ စစ်မှန်သော​ခရစ်ယာန်​များ​အတွက် မင်္ဂလာဆောင်​သော​နေ့​သည် အလွန်​အဓိပ္ပာယ်​ရှိစေရန် အဘယ်အရာက​ဖြစ်စေ​သနည်း။ ယင်း​နေ့​သည် အလွန်​ချစ်​မြတ်နိုး​ရသော—သူတို့၏​အဖော်အဖက်​နှင့် ယေဟောဝါ​ဘုရားသခင်​အား မြင့်မြတ်​သောက​တိ​ဝန်ခံချက် ပြု​သည့်​နေ့ရက်​ဖြစ်သည်။ (မဿဲ ၂၂:၃၇; ဧဖက် ၅:၂၂-၂၉) မှန်ပါသည်၊ အိမ်ထောင်ပြု​ရန်​စီစဉ်​နေကြ​သော စုံတွဲ​တို့သည် မိမိတို့၏​မင်္ဂလာပွဲ​နေ့ကို ပျော်စရာ​ကောင်းသော​နေ့ ဖြစ်စေ​လို​ကြသည်​သာမက အိမ်ထောင်မင်္ဂလာ​ကို အစပြု​သော​အရှင်​အား​လည်း ဂုဏ်တင်​လို​ကြသည်။—ကမ္ဘာဦး ၂:၁၈-၂၄; မဿဲ ၁၉:၅၊ ၆

သတို့သား​သည် ဤ​ပျော်ရွှင်ဖွယ်​အခါသမယ​၏​ဂုဏ်​သိက္ခာ​ကို မည်သို့​မြှင့်တင်​နိုင်​သနည်း။ သတို့သမီး​သည် သူ၏​ခင်ပွန်း​နှင့် ယေဟောဝါ​အား ဂုဏ်တင်​ကြောင်း​ပြ​ရန် အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။ အခြား​တက်ရောက်သူ​များလည်း မင်္ဂလာပွဲ​နေ့​၏​ရွှင်လန်းမှု​ကို မည်သို့​ထပ်​တိုး​စေနိုင်​ကြ​သနည်း။ ကျမ်းစာမူ​အချို့​ကို သုံးသပ်ခြင်းက ဤ​မေးခွန်းများ​၏​အဖြေ​ရ​ရန် ထောက်ကူ​ပါ​လိမ့်​မည်၊ ယင်း​ကျမ်းစာ​မူများ​ကို ကျင့်သုံး​ခြင်း​က ဤ​အထူး​အခါသမယ​တွင် ဖြစ်​ပေါ်လာ​နိုင်​ဖွယ်​ပြဿနာ​များ​ကို လျော့နည်းစေ​ပါ​လိမ့်​မည်။

မည်သူ​တာဝန်​ရှိ​သနည်း

ဒေသ​များစွာ​တွင် မင်္ဂလာ​အခမ်းအနား​၌ ယေဟောဝါသက်သေ​များ​၏ ဓမ္မ​အမှုဆောင်​တစ်ဦး​သည် တရားဝင်​ကြီးမှူး​ဆောင်ရွက်​သူ​ဖြစ်​နိုင်​သည်။ အစိုးရ​ကိုယ်စားလှယ်​တစ်ဦး​ရှေ့ တရားဝင်​လက်ထပ်​ရသည့်​ဒေသ​များ​၌​ပင်​လျှင် မောင်နှံစုံ​သည် ကျမ်းစာ​အခြေပြု​ဟောပြောချက် ပေး​စေ​လို​ပေမည်။ ထိုသို့​သော​ဟောပြောချက်​တွင် သတို့သား​သည် အိမ်ထောင်ဦးစီး​အဖြစ် ဘုရားသခင်​ပေးအပ်​ထား​သည့်​ကဏ္ဍ​ကို ထင်ရှားပြ​ရန် တောင်းဆို​ခံ​ရလေ့​ရှိသည်။ (၁ ကောရိန္သု ၁၁:၃) ထို့​ကြောင့် သတို့သား​သည် လက်ထပ်ပွဲ​တွင် ဖြစ်ပျက်​ရာ​များ​အတွက် အဓိက​တာဝန်​ရှိသူ​ဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲ​အခမ်းအနား​အစီအစဉ်များ​နှင့် ဆက်လက်​ပြုလုပ်​နိုင်​သည့် မည်သည့်​ဧည့်ခံပွဲ​အတွက်​မဆို ကောင်းစွာ​ကြိုတင်​စီစဉ်​ထား​လေ့​ရှိသည်။ ယင်းသည် အဘယ်ကြောင့်​ခက်ခဲ​နိုင်​သနည်း။

အကြောင်းရင်း​တစ်ခု​မှာ တစ်ဖက်​ဖက်​မှ​ဆွေမျိုး​များသည် မင်္ဂလာပွဲ​အစီအစဉ်များ​နှင့်​ပတ်သက်​၍ ကြီးစိုး​လွှမ်းမိုး​ရန် ကြိုးစား​လာနိုင်​သောကြောင့်​ဖြစ်သည်။ မင်္ဂလာပွဲ​များစွာကို ပြု​လုပ်ပေးခဲ့​သူ ရို​ဒေါ​လ်​ဖို​က ဤသို့​မှတ်ချက်ချ​သည်– “တစ်ခါ​တ​လေ သတို့သား​ဟာ ဆွေမျိုး​တွေ​ဆီကနေ ဖိအားပေး​မှု​ကြီး​ကို​ခံရ​တယ်၊ အထူးသဖြင့် မင်္ဂလာ​ဧည့်ခံပွဲ​အတွက် အကုန်အကျ​ကို သူတို့​အကူအညီ​ပေး​လာ​ရင်​ပေါ့။ မင်္ဂလာ​အခမ်းအနား​နဲ့​ဧည့်ခံပွဲ​အတွင်း ဘယ်လို​ဖြစ်သင့်တယ်​ဆိုပြီး ခိုင်မာ​တဲ့​သဘောထားတွေ သူတို့မှာ​ရှိ​နိုင်တယ်။ အဲ့​ဒါက အခါသမယ​ရဲ့​တာဝန်​ရှိသူ​တစ်ဦး​ဖြစ်​တဲ့ သတို့သားရဲ့​ကျမ်း​ပေး​တာဝန်​ကို ထိခိုက်​စေနိုင်​တယ်။”

နှစ်ပေါင်း ၃၅ နှစ်​ထက်မက မင်္ဂလာ​အခမ်းအနား​များ​ကို ဆောင်ရွက်​ပေး​ခဲ့​သူ မက်​ခ်​က ဤသို့​မှတ်ချက်ချ​သည်– “မင်္ဂလာပွဲ​နဲ့​ဧည့်ခံပွဲ​မှာ ဘာလုပ်​မလဲ​ဆိုတာ​ကို သတို့သမီး​က ဦးဆောင်​ဆုံးဖြတ်​သွားတာ ကျွန်တော်​သတိပြုမိတယ်။ သတို့သား​အနေ​နဲ့ ပြော​ဖို့​အခွင့်အရေး​သိပ်​မရှိဘူး။” မင်္ဂလာပွဲ​များစွာကို ကြီးမှူး​ခဲ့​သူ ဒေးဗစ်​က​လည်း ဤသို့​မှတ်ချက်ချ​သည်– “သတို့သား​တွေ​ဟာ မင်္ဂလာပွဲ​ပြင်ဆင်​တဲ့​အခါ ဦးဆောင်​ခွင့်​ရော၊ ပါဝင်​ပတ်သက်​ခွင့်​ပါ မရရှိ​ကြဘူး။” သတို့သား​သည် မိမိ​တာဝန်​ကို ထိထိရောက်ရောက် မည်သို့​ထမ်းဆောင်​နိုင်​သနည်း။

တိုင်ပင်​ဆွေးနွေးခြင်း​က ရွှင်လန်းမှု​ကို​တိုးပွား​စေ

မင်္ဂလာပွဲ​အတွက်​ပြင်ဆင်​ရာ​တွင် မိမိ​တာဝန်​ကို အောင်မြင်စွာ​ထမ်းဆောင်​နိုင်​ရန် သတို့သား​သည် ထိရောက်​သော​တိုင်ပင်​ဆွေးနွေးမှု​ရှိ​ရမည်။ သမ္မာကျမ်းစာ​က ဤသို့​အတိအလင်း​မိန့်ဆို​ထား​သည်– “တိုင်ပင်​ခြင်း​မ​ရှိလျှင် အကြံ​ပျက်​တတ်၏။” (သု. ၁၅:၂၂) သို့သော် သတို့သား​သည် မင်္ဂလာပွဲ​အတွက်​ပြင်ဆင်​သည့်​အခါ သတို့သမီး၊ မိသားစုဝင်​များ၊ ကျမ်းစာ​အခြေပြု​အကြံဉာဏ်​ကောင်း​ပေး​နိုင်​သူများ​နှင့် ဦးစွာ​ဆွေးနွေး​ထား​မည်​ဆိုလျှင် စိတ်ပျက်​စ​ရာ​များစွာကို ရှောင်နိုင်​ပေမည်။

မှန်ပါသည်၊ စေ့စပ်​ထား​သူ​နှစ်ဦး​သည် အစီအစဉ်များ​နှင့်​ဖြစ်လာ​နိုင်​ဖွယ်​အရာများ​ကို ဦးစွာ​ဆွေးနွေး​ထား​ရန် အရေးကြီး​သည်။ အဘယ်ကြောင့်​နည်း။ ဥပမာ၊ ယဉ်ကျေးမှု​နောက်ခံ​မတူသော်​လည်း အိမ်ထောင်သက်​နှစ်ပေါင်း​များစွာ​ရှိပြီး ပျော်ရွှင်​နေကြ​သော အီဗန်​နှင့် သူ့​ဇနီး​ဒဲလ်​ဝင်း​တို့၏​မှတ်ချက်​အချို့​ကို သုံးသပ်ကြည့်​ပါ။ သူတို့၏​မင်္ဂလာပွဲ​အစီအစဉ်များ​ကို ပြန်သတိရ​ကာ အီဗန်​က​ဤသို့​ပြော​သည်– “ကျွန်တော့်​မင်္ဂလာဆောင်​ပွဲ​မှာ ကျွန်တော်​ပြုလုပ်​ချင်​တဲ့ သတ်သတ်မှတ်မှတ်​စိတ်ကူး​လေး​တွေ​ရှိတယ်။ ဧည့်ခံပွဲ​မှာ သူငယ်ချင်းတွေ​အားလုံး စုံစုံလင်လင်​ရှိရမယ်၊ မင်္ဂလာ​ကိတ်​တစ်ခု​လည်း​ရှိရမယ်၊ ပြီး​တော့ ကျွန်တော့်​ရဲ့​သတို့သမီး​ဆိုရင် မင်္ဂလာ​ဝတ်စုံ​အဖြူ​လေး​နဲ့​ပေါ့။ ဒါပေမဲ့ ဒဲလ်​ဝင်း​ကျ​တော့ မင်္ဂလာ​ကိတ်​မပါဘဲ ရိုးရှင်း​ပြီး​အကျဉ်း​ရုံး​တဲ့ မင်္ဂလာပွဲ​လေး​ဖြစ်စေချင်​တယ်။ သူက မင်္ဂလာ​ဝတ်စုံ​မဟုတ်ဘဲ ရိုးရိုး​အဝတ်အစား​ကို​ဝတ်ဖို့​တောင် စိတ်ကူး​ထား​တယ်။”

ထို​မတူညီ​သော​သဘောထားများကို ဤ​မောင်နှံစုံ​သည် မည်သို့​ညှိယူ​ခဲ့​ကြ​သနည်း။ ကြင်ကြင်နာနာ ပွင့်ပွင့်လင်းလင်း ပြောဆို​ဆွေးနွေးခြင်း​အားဖြင့်​ဖြစ်သည်။ (သု. ၁၂:၁၈) အီဗန် ဤသို့​ဆက်​ပြော​သည်– “ဧပြီ ၁၅၊ ၁၉၈၅ ကင်းမျှော်စင်​မှာ​ဖော်ပြ​ထား​သလို မင်္ဂလာဆောင်​ပွဲ​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​အခြေပြု​ဆောင်းပါး​တွေ​ကို ကျွန်တော်​တို့​လေ့လာ​ခဲ့​ကြတယ်။ * ဒီ​ဆောင်းပါး​က ကျွန်တော်​တို့ကို မင်္ဂလာပွဲ​နဲ့​ပတ်သက်ပြီး ဝိညာဉ်​ရေး​အမြင်​ရှိဖို့ ထောက်ကူ​ပေး​ခဲ့​တယ်။ ဘဝ​နောက်ခံ​ကွဲပြား​တဲ့​အတွက် ကိုယ့်​သဘောထားတွေကို ပြုပြင်​ခဲ့​ကြ​ပြီး ကိုယ့်​အကြိုက်​အတော်များများကို အလျော့ပေးလိုက်လျော​ခဲ့​ကြရတယ်။”

အဲ​ရက်​နှင့် ပဲ​န်​နီ​တို့​လည်း အလားတူ​လုပ်ဆောင်ခဲ့​ကြသည်။ သူတို့​မင်္ဂလာဆောင်​သော​နေ့​နှင့်​ပတ်သက်ပြီး အဲ​ရက်​က ဤသို့​ဆို​သည်– “ပဲ​န်​နီ​နဲ့​ကျွန်တော်​တို့​ဟာ မင်္ဂလာပွဲ​အတွက် မတူညီတဲ့​သဘောထားတွေကို ဆွေးနွေး​ကြ​ပြီး​တဲ့​နောက်​မှာ​တော့ သဘောတူညီ​မှု​ရခဲ့ကြတယ်။ အဲ့ဒီ​နေ့ကို ယေဟောဝါ​ကောင်းချီး​သက်ရောက်​ဖို့ ဆုတောင်း​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ရဲ့​မိဘတွေ​နဲ့ အသင်းတော်မှာ​ရှိတဲ့ တခြား​ရင့်ကျက်တဲ့​မောင်နှံတွေ​ဆီက​လည်း အကြံဉာဏ်​တောင်းခံ​ခဲ့​တယ်။ သူတို့ရဲ့​အကြံဉာဏ်​တွေ​ဟာ သိပ်​ကို​အထောက်အကူ​ပြု​ခဲ့​တယ်။ ရလဒ်​က​တော့ ကျွန်တော်​တို့​ရဲ့​လက်ထပ်ပွဲ​ဟာ အောင်မြင်​ခဲ့​တယ်။”

အသရေ​ရှိ​ရှိ​ဝတ်စား​ဆင်ယင်​ခြင်း

သတို့သမီး​နှင့်​သတို့သား​နှစ်ဦးစလုံး​သည် မိမိတို့​မင်္ဂလာပွဲ​တွင် တင့်​တင့်တယ်​တယ်​ဝတ်စား​လို​သည်ကို နားလည်​နိုင်​ပါ​သည်။ (ဆာလံ ၄၅:၈-၁၅) လျောက်ပတ်​သော​အဝတ်အစား​အတွက် အချိန်၊ ခွန်အား​နှင့်​ငွေ​ကို သုံး​ကြ​ပေမည်။ အသရေ​ရှိပြီး နှစ်​လို့​ဖွယ်​ကောင်းသော​အဝတ်အစား​ကို ရွေးချယ်​ရန် အဘယ်​ကျမ်း​မူများ​က ထောက်ကူ​ပေး​နိုင်​သနည်း။

မင်္ဂလာဆောင်​ပွဲ​အခါ​သယ​မ​တွင် သတို့သမီး​ဝတ်ဆင်​မည့်​အရာ​ကို သုံးသပ်ကြည့်​ပါ။ တစ်ဦး​နှင့်​တစ်ဦး၊ တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ အကြိုက်​ပုံစံ​အမျိုးမျိုး​ရှိကြ​သော်လည်း ကျမ်းစာ​သတိပေး​ချက်​သည် နေရာတိုင်း​နှင့်​သက်ဆိုင်​ပါ​သည်။ အမျိုးသမီးများ​သည် “ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း​အားဖြင့် လျောက်ပတ်​သော​အဝတ်” ဝတ်ဆင်​ရန်ဖြစ်​သည်။ ယင်းသည် ခရစ်ယာန်​အမျိုးသမီးများ​အတွက် လက်ထပ်​သည့်​နေ့​အပါအဝင် အချိန်​အခါတိုင်း​နှင့်​သက်ဆိုင်​သည်။ အမှန်တကယ်​တွင် ပျော်စရာ​မင်္ဂလာပွဲ​ဖြစ်​ရန် “အဖိုးထိုက်​သော​အဝတ်” မလို​အပ်​ပါ။ (၁ တိမောသေ ၂:၉; ၁ ပေတရု ၃:၃၊ ၄) ယင်း​အကြံပြုချက်ကို ကျင့်သုံး​သည့်​အခါ မည်မျှ​ကျေနပ်ဖွယ်​ပါ​တကား!

အစောပိုင်းက ဖော်ပြ​ခဲ့​သော​ဒေးဗစ်​က ဤသို့​မှတ်ချက်ချ​သည်– “မောင်နှံစုံ​အများစုဟာ ကျမ်းစာ​မူတွေ​လိုက်​ဖို့ ကြိုးစား​ကြ​တဲ့​အတွက် ချီးမွမ်း​ခံထိုက်​ပါ​တယ်။ ဒါပေမဲ့ သတို့သမီး​နဲ့ သတို့သမီး​အရန်​တို့​ရဲ့​ဝတ်စုံ​တွေ​ဟာ အရမ်း​တို​ပြီး လည်ပင်း​တော်​တော်​ဟိုက်​တယ် ဒါမှ​မဟုတ် ပါး​လွန်းလို့ ဣန္ဒြေမဲ့​တာ​တွေ​ရှိခဲ့​ပါ​တယ်။” ရင့်ကျက်သော​ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​သည် သတို့သမီး၊ သတို့သား​တို့​နှင့် အကြို​တွေ့ဆုံ​မှု​ပြုလုပ်​သည့်​အခါ သူတို့အား ဝိညာဉ်​ရေး​အမြင်​ထား​ရှိ​ရန် ကူညီ​ပေး​သည်။ မည်သို့​အားဖြင့်​နည်း။ စိတ်ကူး​ထားသော​ဝတ်စုံ​သည် ခရစ်ယာန်​အစည်းအဝေး​တစ်ခု​တွင် ဝတ်ဆင်​နိုင်​သည့် ဣန္ဒြေရှိ​သော​အဝတ်အစား​ဖြစ်၏​လော​ဟု မေးမြန်းခြင်း​အားဖြင့်​ဖြစ်သည်။ မှန်ပါသည်၊ အင်္ကျီ​ပုံစံ​သည် အပတ်စဉ်​အစည်းအဝေး​တွင် ဝတ်ဆင်​သည့်​ပုံစံ​နှင့်​ကွာခြား​ပေမည်၊ ထိမ်းမြား​ပွဲ​အတွက် ဝတ်ဆင်ခြင်း​ဖြစ်သော​ကြောင့် ဒေသခံ​ထုံးစံ​အရ​ဖြစ်​ကောင်း​ဖြစ်​မည်၊ သို့သော် ဣန္ဒြေရ​သည်​ဟု​ဆို​ရာ​၌ သိက္ခာ​ရှိသော ခရစ်ယာန်​စံချိန်​အတိုင်း​ဖြစ်​သင့်​သည်။ လောက​မှ​အချို့​သူများ​က သမ္မာကျမ်းစာ​ကျင့်ဝတ်​စည်းမျဉ်း​ကို ချုပ်ချယ်​သည်​ဟု ယူဆ​လျှင်​ပင် စစ်မှန်သော​ခရစ်ယာန်​များ​မူ လောက​၏​ကြိုးစား​ဖိ​ညှစ်​ပုံသွင်းခြင်း​ကို တွန်းလှန်​ရာ​တွင် ကျေနပ်​လျက်​ရှိကြသည်။—ရောမ ၁၂:၂; ၁ ပေတရု ၄:၄

“အဝတ်အစား​တွေ​နဲ့ ဧည့်ခံပွဲ​ကို အရေးတကြီး​ထား​မယ့်​အစား အဲ​ရက်​နဲ့​ကျွန်မ​ဟာ အဲ့ဒီ​အချိန်​အခါ​ရဲ့​ဝိညာဉ်​ရေး​အပိုင်း​ကို အဓိက​ထားခဲ့​ကြတယ်။ ဒါက အဲ့ဒီ​နေ့မှာ အရေး​အကြီးဆုံး​ကဏ္ဍ​ဖြစ်တယ်။ ကျွန်မ​အထူးတလည်​မှတ်မိ​တဲ့​အရာ​တွေ​က​တော့ ကျွန်မ​ဝတ်​ခဲ့​တာ၊ စား​ခဲ့​တာတွေကို​မဟုတ်ဘဲ ပေါင်းသင်း​ခဲ့​တဲ့​အပေါင်းအသင်းတွေ​နဲ့ ကျွန်မ​မြတ်နိုး​ရသူ​နဲ့​လက်ထပ်​ရလို့ ခံစား​ရတဲ့​ပျော်ရွှင်မှု​ပါ​ပဲ” ဟု ပဲ​န်​နီ​က​ပြော​သည်။ ခရစ်ယာန်​မောင်နှံ​တစ်စုံ​သည် မိမိတို့၏​မင်္ဂလာပွဲ​ကို​စီစဉ်​သည့်​အခါ ယင်း​အတွေးမျိုး စိတ်ထဲ​စွဲမှတ်​ထား​သင့်​သည်။

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ—အသရေရှိသော​နေရာ

ရနိုင်​မည်​ဆိုလျှင် ခရစ်ယာန်​မောင်နှံစုံ​အများ​သည် မိမိတို့၏​မင်္ဂလာပွဲ​အခမ်းအနား​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ကျင်းပ​လို​သည့်​ဆန္ဒရှိ​ကြသည်။ အဘယ်ကြောင့် ထိုသို့​ပြု​လို​ကြ​သနည်း။ မောင်နှံ​တစ်စုံ​က သူတို့၏​အကြောင်းပြချက်ကို ဤသို့​ရှင်းပြသည်– “အိမ်ထောင်ပြုခြင်း​ဟာ ယေဟောဝါ​ရဲ့​မြင့်မြတ်​တဲ့​အစီအစဉ်​ဆိုတာ ကျွန်တော်​တို့​သဘောပေါက်ခဲ့​တယ်။ ကျွန်တော်​တို့ ဝတ်ပြု​ကိုးကွယ်​တဲ့​နေရာ​ဖြစ်​တဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ လက်ထပ်​တာ​ဟာ ကျွန်တော်​တို့​ရဲ့​အိမ်ထောင်ရေး အစပြု​ကတည်းက ယေဟောဝါ​ပါဝင်​ဖို့​လိုတယ်​ဆိုတာ​ကို စွဲမှတ်​သွား​အောင်​ထောက်ကူ​ပေး​ပါ​တယ်။ တခြား​နေရာမှာ​ထက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ကျင်းပ​လို့​ရရှိတဲ့ နောက်​အကျိုးကျေးဇူး​က တက်ရောက်​လာတဲ့ မယုံကြည်​သူ​ဆွေမျိုး​တွေ​ကို ယေဟောဝါ​ကို ဝတ်ပြုခြင်း​ဟာ ကျွန်တော်​တို့အတွက် ဘယ်လောက်​အရေးကြီးတယ်ဆိုတာ ပြ​ရာ​လည်း​ရောက်​ပါ​တယ်။”

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ မင်္ဂလာပွဲ​ကျင်းပ​ရန် တာဝန်​ရှိ​အသင်းတော်​အကြီးအကဲ​များ​ခွင့်ပြု​လျှင် စဉ်းစား​ထားသော​ပြင်ဆင်မှု​များ​ကို အကြီးအကဲ​များ​အား ကြိုတင်​ပြော​ထား​သင့်​သည်။ သတို့သမီး​နှင့်​သတို့သား​တို့သည် မင်္ဂလာပွဲ​အတွက် သတ်မှတ်​ထား​သည့်​အချိန်တွင် ရောက်ရှိ​ရန် အခိုင်အမာ​ဆုံးဖြတ်ထား​ခြင်း​ဖြင့် ဖိတ်ခေါ်​ထားသော​ဧည့်သည်​များ​ကို လေးစားကြောင်း​ပြ​နိုင်​သည်။ အရာရာတိုင်း တင့်တယ်​လျောက်ပတ်​စွာ လုပ်ဆောင်​သွား​သည်ကို သူတို့​အမှန်ပင်​လိုလား​ပေမည်။ * (၁ ကောရိန္သု ၁၄:၄၀) ဤသို့ဖြင့် လောက​မင်္ဂလာဆောင်​အများ​၏ အမှတ်အသား​ဖြစ်သော ယဉ်ကျေးမှု​မရှိသည့် အပြု​အမူ​များ​ကို ရှောင်ရှား​နိုင်​ပေမည်။—၁ ယောဟန် ၂:၁၅၊ ၁၆

မင်္ဂလာပွဲ​တက်ရောက်​သူများ​က​လည်း အိမ်ထောင်မင်္ဂလာ​နှင့်​ပတ်သက်သော ယေဟောဝါ​၏​အမြင် မိမိတို့​၌​ရှိကြောင်း​ပြ​နိုင်​သည်။ ဥပမာ၊ အပြိုင်အဆိုင်​သဘောဖြင့် ခမ်းနား​ကြီးကျယ်​သော​မင်္ဂလာပွဲ​များ​အလား အခြား​ခရစ်ယာန်​လက်ထပ်ပွဲ​များ​ထက်​ပိုသာ​ရန် သူတို့​မျှော်လင့်​မည်​မဟုတ်​ချေ။ ရင့်ကျက်သော​ခရစ်ယာန်​များသည် မင်္ဂလာ​ကျွေးမွေး​ဧည့်ခံပွဲ​ထက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​ပြုလုပ်​သည့် ကျမ်းစာ​အခြေပြု​ဟောပြောချက်​က ပို​အရေးကြီး​ပြီး အကျိုးရှိ​ကြောင်းကို​လည်း သဘောပေါက်​သည်။ ယင်း​တို့​နှစ်ခု​အနက် တစ်ခု​ကို​သာ​တက်ရောက်​ရန် အချိန် သို့​မဟုတ် အခြေအနေ​က​ခွင့်ပြု​သည်​ဆိုလျှင် ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် တက်ရောက်ခြင်း​ကို အမှန်ပင်​ဦးစား​ပေး​သင့်​သည်။ အကြီးအကဲ​တစ်ဦး​ဖြစ်သူ ဝီလျံ​က​ဤသို့​ပြော​သည်– “ဧည့်သည်​များ​ဟာ နိုင်ငံတော်​ခန်းမ​မှာ​လာဖို့ တမင်​ပျက်ကွက်​ပြီး ဧည့်ခံပွဲ​မှာ​တော့​ရှိနေမယ်​ဆိုရင် မြင့်မြတ်​တဲ့​အချိန်​အခါ​ကို တန်ဖိုးမထား​ကြောင်း​ပြ​ရာ​ရောက်တယ်။ ကျွန်တော်​တို့ကို ဧည့်ခံပွဲ​မှာ​မဖိတ်​ခေါ်​ရင်တောင် နိုင်ငံတော်​ခန်းမ​မှာ​လုပ်တဲ့​အခမ်းအနား​ကို တက်​မယ်​ဆိုရင် သတို့သမီး၊ သတို့သား​တို့ကို အားပေး​ကြောင်း​ပြ​နိုင်​သလို မယုံကြည်​သူ​ဆွေမျိုး​များ​ကိုလည်း အထူး​သက်သေခံ​ရာ​ရောက်​ပါ​တယ်။”

လက်ထပ်​သည့်​နေ့ကို​ကျော်လွန်​ကာ တည်တံ့​ခိုင်မြဲ​သော​ရွှင်လန်းမှု

စီးပွားရေး​လောကသည် မင်္ဂလာပွဲ​အခမ်းအနား​ကို လုပ်ငန်းကြီး​တစ်ခု​အဖြစ်သို့ ပြောင်းလဲ​ခဲ့​ကြသည်။ မကြာသေး​ခင်​က သတင်း​တစ်ပုဒ်​အရ အမေရိကန်​ပြည်ထောင်စု​တွင် မင်္ဂလာပွဲ​အတွက် ပျမ်းမျှ​ကုန်ကျ​ငွေ​သည် “ဒေါ်လာ ၂၂,၀၀၀ သို့​မဟုတ် အမေရိကန်​မိသားစု​တစ်စု​၏ [တစ်နှစ်] ပျမ်းမျှ​ဝင်ငွေ​တစ်ဝက်” ဖြစ်သည်။ စီးပွားရေး​ဝါဒဖြန့်​ခြင်း​၏​လွှမ်းမိုးမှု​ကြောင့် များစွာသော​ကြင်စဦး​မောင်နှံ သို့​မဟုတ် သူတို့၏​မိသားစု​များသည် မင်္ဂလာပွဲ​တစ်နေ့တာ​အတွက် အကြွေး​များ​ဖြင့်​ဝန်ပိ​ပြီး ယင်းကို နှစ်ပေါင်း​များစွာ ပြန်ဆပ်​ကြ​ရသည်။ အိမ်ထောင်​ကို ယင်း​သို့​စတင်ခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်ပါ​မည်​လော။ သမ္မာကျမ်းစာ​မူများ​ကို မသိ​သူများ သို့​မဟုတ် ဂရုမစိုက်​သူများ​သည် ယင်း​သို့​ဖြုန်းတီးခြင်း​ကို ရွေးချယ်​မည်​ဖြစ်သော်လည်း စစ်မှန်သော​ခရစ်ယာန်​များ​မူ မည်မျှ​ခြားနား​လိုက်​လေ​ခြင်း!

အကျိုးသင့်အကြောင်းသင့်​ရှိ​ခြင်း​နှင့် မိမိတို့​ကုန်ကျ​နိုင်​သလော​က်​သာ မင်္ဂလာပွဲ​အရွယ်အစား​သတ်မှတ်ခြင်း၊ ဝိညာဉ်​ရေး​ကဏ္ဍ​အပေါ်​အာရုံစိုက်​ခြင်း​ဖြင့် များစွာသော​ခရစ်ယာန်​မောင်နှံစုံ​တို့သည် ဘုရားသခင်​ထံ မိမိတို့​အပ်နှံ​ထား​သည့်​အတိုင်း မိမိတို့​အချိန်၊ ခွန်အား​တို့ကို အသုံးပြုနိုင်​ခဲ့​ကြသည်။ (မဿဲ ၆:၃၃) လက်ထပ်​ပြီး​ကတည်းက အချိန်ပြည့်​ဘုရားသခင်​အမှုတော်ကို ၁၇ နှစ်​တိုင်​ဆောင်ရွက်​ခဲ့​ကြ​သူ လွိုက်​နှင့်​အလက်ဇန္ဒြာ​တို့၏ ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။ လွိုက်​က ဤသို့​ဆို​သည်– “တချို့က ကျွန်တော်​တို့​ရဲ့​မင်္ဂလာပွဲ​ကို ရိုးရိုးလေး​လို့​မြင်​ပေမဲ့ အလက်ဇန္ဒြာ​နဲ့​ကျွန်တော်​တို့ အရမ်း​ကို​ကျေနပ်​ခဲ့​ပါ​တယ်။ ကျွန်တော်​တို့​ရဲ့​မင်္ဂလာပွဲ​နေ့ကို ငွေကြေး​ဝန်ထုပ်ဝန်ပိုး​မဖြစ်စေ​ဘဲ လူ​နှစ်ယောက်ကို ပျော်ရွှင်​ဝမ်းမြောက်​စေ​တဲ့ ယေဟောဝါ​ရဲ့​အစီအစဉ် အခမ်းအနား​တစ်ခု​ဖြစ်​သင့်တယ်လို့ ကျွန်တော်​တို့​ခံစား​မိ​ခဲ့​တယ်။”

အလက်ဇန္ဒြာ​က​လည်း​ထပ်ဆင့်၍ ဤသို့​ပြော​သည်– “ကျွန်မ​တို့​လက်မထပ်ခင်​က ကျွန်မ​ဟာ အချိန်ပြည့်​ဘုရားသခင်​အမှုဆောင်​တစ်ယောက်​ဖြစ်တယ်၊ ငွေ​ကုန်​ကြေး​ကျ​မင်္ဂလာပွဲ​ဖြစ်​ဖို့​အတွက်​နဲ့ အချိန်ပြည့်​အမှုဆောင်​အခွင့်အရေး​ကို ကျွန်မ​လက်မလွှတ်​လိုက်​ချင်ဘူး။ ကျွန်မ​တို့​မင်္ဂလာပွဲ​နေ့ဟာ အထူး​ကို​ကောင်း​ခဲ့​ပါ​တယ်။ ဒါပေမဲ့ အဲ့ဒီ​နေ့ဟာ လက်တွဲ​လျှောက်လှမ်း​ကြ​မယ့် ကျွန်မ​တို့​ရဲ့​ဘဝ​စတင်​တဲ့​နေ့​သာ​ဖြစ်ပါ​တယ်။ လက်ထပ်​မင်္ဂလာပွဲ​ကို အလွန်အမင်း အာရုံစိုက်​အလေးပေး​ခြင်း​ကို ရှောင်ကြဉ်ပါ​ဆို​တဲ့​အကြံပြုချက်ကို ကျွန်မ​တို့​ကျင့်သုံး​ခဲ့​ကြ​ပြီး ဇနီး​မောင်နှံ​အနေ​နဲ့ ယေဟောဝါ​ထံ​က​လမ်းညွှန်မှုကို ရှာဖွေခဲ့​ကြတယ်။ အဲ့​ဒါက တကယ့်ကို​ပဲ ယေဟောဝါ​ရဲ့​ကောင်းချီး​ခံစား​စေပါ​တယ်။” *

မှန်ပါသည်၊ သင်၏​မင်္ဂလာဆောင်​သော​နေ့​သည် အထူး​ချိန်​ခါ​ဖြစ်ပါ​သည်။ ယင်း​နေ့ရက်​တွင် ပေါ်လွင်​သော​သဘောထား​နှင့် လုပ်ဆောင်မှု​တို့​က လာ​မည့်​အနာဂတ်​အိမ်ထောင်သည်​ဘဝ​အတွက် ပုံစံ​ချမှတ်​နိုင်​သည်။ ထို့​ကြောင့် လမ်းညွှန်မှု​အတွက် ယေဟောဝါ​ကို ကိုးစား​ပါ။ (သု. ၃:၅၊ ၆) ယင်း​နေ့​၏​ဝိညာဉ်​ရေး​ဆိုင်ရာ​အရေးကြီးမှုကို စိတ်​တွင်​အဓိက​ထား​ပါ။ သင်တို့ကို ဘုရားသခင်​ခန့်အပ်​ထား​သည့်​ကဏ္ဍ​များ​တွင် တစ်ဦး​ကိုတစ်​ဦး​ထောက်ကူ​ပါ။ ဤနည်းဖြင့် သင်တို့​အိမ်ထောင်​အတွက် ခိုင်ခံ့​သော​အုတ်မြစ်ကို​တည်ဆောက်​နိုင်​ပြီး ယေဟောဝါ​၏​ကောင်းချီး​ဖြင့် သင်တို့၏​မင်္ဂလာပွဲ​နေ့ကို ကျော်လွန်​ကာ တည်တံ့​ခိုင်မြဲ​သော​ရွှင်လန်းမှု ရရှိပါ​လိမ့်​မည်။—သု. ၁၈:၂၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ဖေဖော်ဝါရီ ၈၊ ၂၀၀၃ နိုးလော့! တွင် ထပ်ဆင့်​အကြောင်းအရာ​ပါရှိ​သည်။

^ အပိုဒ်၊ 20 မောင်နှံစုံ​သည် တစ်စုံ​တစ်ယောက်​အား ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​ကျင်းပ​သော အခမ်းအနား​ကို ဓာတ်​ပုံ​ရိုက် သို့​မဟုတ် မှတ်တမ်းတင်​စေရန်​စီစဉ်​ပါ​က မင်္ဂလာပွဲ​၏​ဂုဏ်​သိက္ခာ​ကို ထိခိုက်​စေ​မည့် မည်သည့်​အရာ​မျှ မပြုမိ​စေရန် ကြိုတင်​ပြော​ထား​ကြောင်း သေချာ​စေ​သင့်​သည်။

^ အပိုဒ်၊ 25 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ် စာမျက်နှာ ၂၆ ကို​ရှု။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

မောင်နှံစုံ​တို့သည် မိမိတို့​မင်္ဂလာပွဲ​နေ့ကို စီစဉ်​ရာ​တွင် ပွင့်ပွင့်လင်းလင်း၊ လေးလေးစားစား ဆွေးနွေး​သင့်​သည်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

သင်တို့​မင်္ဂလာဆောင်​သော​နေ့​၏ ဝိညာဉ်​ရေး​ဆိုင်ရာ အရေးကြီးမှုကို စိတ်​တွင်​အဓိက​ထား​ပါ