ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဒေသနာကျမ်းမှ ပေါ်လွင်ချက်များ
‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏’ ဟူ၍ ဘိုးဘေးယောဘ ထုတ်ဖော်ပြောဆိုခဲ့သည်။ (ယောဘ ၁၄:၁) ကျွန်ုပ်တို့၏တိုတောင်းသောအသက်တာကို တန်ဖိုးမရှိသောအရာများလိုက်စားခြင်းဖြင့် အချိန်မဖြုန်းရန် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့၏အချိန်၊ ခွန်အားနှင့် ရုပ်ပစ္စည်းများကို အဘယ်အရာအတွက် အသုံးပြုသင့်သနည်း။ အဘယ်အရာတို့ကို မလိုက်စားသင့်သနည်း။ ဒေ. ကျမ်း၌ မှတ်တမ်းတင်ထားသော ပညာရှိစကားများတွင် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ချရသောလမ်းညွှန်ချက်ပါရှိသည်။ ယင်း၏သတင်းစကားများသည် “စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်” စေနိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသောအသက်တာဖြင့် နေထိုင်ရန် ကူညီပေးနိုင်သည်။—ဟေဗြဲ ၄:၁၂။
ဉာဏ်ပညာကြောင့်ကျော်စောသော ရှေးဣသရေလဘုရင် ရှောလမုန်ရေးသားခဲ့သည့် ဒေ.ကျမ်းတွင် ဘဝအတွက် အမှန်တကယ်အဖိုးထိုက်ရာ၊ အဖိုးမထိုက်ရာများနှင့်စပ်လျဉ်း၍ လက်တွေ့ကျအကြံဉာဏ်ပါရှိ၏။ ရှောလမုန်၏ဆောက်လုပ်ရေးစီမံကိန်းအချို့ကို ထည့်ရေးထားသောကြောင့် ထိုသို့ဆောက်လုပ်ပြီးစီးချိန်နှင့် စစ်မှန်သောဝတ်ပြုရေးမှ သူသွေဖည်သွားချိန်မတိုင်မီတွင် ထိုကျမ်းကို ရေးသားခဲ့ခြင်းဖြစ်ပေမည်။ (နေဟမိ ၁၃:၂၆) ထို့ကြောင့် ရှောလမုန်နန်းစံချိန် နှစ်ပေါင်း ၄၀ ၏အဆုံးပိုင်းဖြစ်သော ဘီစီ ၁၀၀၀ မတိုင်မီတွင် ရေးသားခဲ့သည်။
အချည်းနှီးမဟုတ်သောအရာကား အဘယ်နည်း
‘ခပ်သိမ်းသောအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း’ ဟူ၍ ပညာရှိဆရာရေးသားခဲ့သည်။ (ဒေ. ၁:၂၊ ၃) ဒေ.ကျမ်းတွင် ‘အချည်းနှီး’ နှင့် “နေအောက်မှာ” ဟူသောအသုံးအနှုန်းများ အကြိမ်ကြိမ်ပါရှိသည်။ ‘အချည်းနှီး’ ဟူသောဟေဗြဲစကားလုံး၏ စာသားအရအဓိပ္ပာယ်မှာ “ထွက်သက်၊” “အငွေ့” ဖြစ်ပြီး အကောင်အထည်မဲ့ခြင်း၊ မတည်မြဲခြင်း၊ တန်ဖိုးမတည်မြဲခြင်းကို ဆိုလိုသည်။ “နေအောက်မှာ” ဟူသောအသုံးနှုန်းက “ဤမြေကြီးတွင်” သို့မဟုတ် “ဤကမ္ဘာတွင်” ဟူသောအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ကို လျစ်လျူရှုကာ လူတို့ကြိုးစားလုပ်ဆောင်လေသမျှသည် အချည်းနှီးဖြစ်၏။
“ဘုရားသခင့်အိမ်တော်သို့သွားသောအခါ သင့်ခြေတို့ကိုစောင့်လော့။ . . . တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့” ဟုရှောလမုန်မိန့်ဆိုခဲ့၏။ (ဒေ. ၅:၁) ယေဟောဝါဘုရားသခင်၏ စစ်မှန်သောဝတ်ပြုရေးတွင် ပါဝင်ခြင်းသည် အချည်းနှီးအရာမဟုတ်ပေ။ အမှန်မှာ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အလေးထားခြင်းက အဓိပ္ပာယ်ပြည့်ဝသော အသက်တာ၏သော့ချက်ဖြစ်သည်။
ကျမ်းစာမေးခွန်းများအဖြေ–
၁:၄-၁၀—သဘာဝသံသရာများသည် အဘယ်နည်းဖြင့် “ပင်ပန်းခြင်းနှင့်ယှဉ်” သနည်း။ ကမ္ဘာမြေတွင် သက်ရှိများကိုရှင်သန်စေနိုင်သည့် အခြေခံဖြစ်စဉ်သုံးခုဖြစ်သော နေ၊ လေနှင့် ရေသံသရာအကြောင်း ပညာရှိဆရာဖော်ပြသည်။ အမှန်မှာ သဘာဝသံသရာများစွာရှိပြီး ယင်းတို့သည် အလွန်ရှုပ်ထွေးလှ၏။ လူတစ်ဦးသည် မိမိ၏ဘဝတစ်ခုလုံးကိုမြှုပ်နှံ၍ လေ့လာသည့်တိုင် အပြည့်အဝနားလည်နိုင်မည်မဟုတ်ပါ။ ယင်းတို့သည် အမှန်ပင် “ပင်ပန်းခြင်းနှင့်ယှဉ်” ပြီး ငြီးငွေ့စရာဖြစ်နိုင်သည်။ ထို့ပြင် တိုတောင်းသောလူ့သက်တမ်းနှင့် အဆုံးမရှိထပ်ကျော့နေသော ထိုသံသရာများကို နှိုင်းယှဉ်လျှင် စိတ်ပျက်ဖွယ်ပင်။ အသစ်သောအရာများကို ရှာဖွေတွေ့ရှိရန် ကြိုးစားမှုများပင် ပင်ပန်းငြီးငွေ့စရာဖြစ်၏။ အမှန်မှာ အသစ်သောတီထွင်ဖန်တီးမှုများသည် စစ်မှန်သောဘုရားသခင်ချမှတ်ခဲ့ပြီး ဖန်ဆင်းခြင်းတွင်အသုံးပြုခဲ့သည့် မူလသဘောတရားများကို အသုံးချခြင်းမျှသာဖြစ်၏။
၂:၁၊ ၂—ရယ်မောခြင်းကို “အရူး” ဟုအဘယ်ကြောင့်ခေါ်ဆိုရသနည်း။ ရယ်မောခြင်းသည် ကျွန်ုပ်တို့၏အခက်အခဲများကို ခေတ္တမေ့ပျောက်စေနိုင်ပြီး ပျော်ပွဲရွှင်ပွဲများက ကျွန်ုပ်တို့၏ပြဿနာများကို ပေါ့ပေါ့တန်တန်ရှုမြင်စေနိုင်သည်။ သို့သော် ရယ်မောလိုက်ရုံဖြင့် ပြဿနာများပြေလည်မသွားပါ။ ထို့ကြောင့် ရယ်မောခြင်းဖြင့် ပျော်ရွှင်မှုရှာဖွေခြင်းကို “အရူး” ဟုခေါ်ဆိုရခြင်းဖြစ်၏။
၃:၁၁—ဘုရားသခင်သည် အဘယ်အရာများကို “မိမိတို့အချိန်တန်မှ လျောက်ပတ်စွာ” လုပ်ဆောင်တော်မူသနည်း။ ယေဟောဝါဘုရားသခင်သည် အချိန်တန်မှ “လျောက်ပတ်စွာ” လုပ်ဆောင်တော်မူသောအရာအချို့မှာ အာဒံနှင့်ဧဝကိုဖန်ဆင်းခြင်း၊ သက်တံ့ပဋိညာဉ်၊ အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်၊ ဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်၊ မေရှိယကြွလာခြင်း၊ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုခရစ်ကိုနန်းတင်ခြင်းတို့ဖြစ်သည်။ သို့သော် နောင်အနာဂတ်တွင် ယေဟောဝါ “လျောက်ပတ်စွာ” လုပ်ဆောင်တော်မူမည့်အရာများလည်း ရှိသေးသည်။ အချိန်တန်လျှင် ဖြောင့်မတ်သောကမ္ဘာသစ် အမှန်ဖြစ်လာမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—၂ ပေတရု ၃:၁၃။
၃:၁၅ခ၊ သမ္မာ—ဘုရားသခင်သည် “လွန်ပြီးသောအရာများကို” မည်သို့ “လိုက်ရှာ” တော်မူသနည်း။ “လွန်ပြီးသောအရာ” ဟူသည် ဘုရားသခင့်ရည်ရွယ်ချက်များကို ရည်ညွှန်းခြင်းဖြစ်နိုင်၏။ မွေးဖွားခြင်းနှင့်သေဆုံးခြင်း၊ စစ်နှင့်ငြိမ်းချမ်းရေးစသည်တို့ အဖန်ဖန်သံသရာလည်နေခြင်းကြောင့် ဘာမျှမတတ်နိုင်ဟု လူတို့ခံစားရပြီး ယင်းသို့အမြဲဖြစ်နေမည်ဟု ယူမှတ်စေသည်။ သို့သော် စစ်မှန်သောဘုရားသခင်မူ ကိုယ်တော်အလိုရှိရာအားလုံးကို လိုက်ရှာကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ (ဒေ. ၃:၁-၁၀၊ ၁၅က) “လွန်ပြီးသောအရာ” သည် ဆိုးညစ်သူများရန်မူနေသော ဖြောင့်မတ်သူများနှင့်လည်း သက်ဆိုင်နိုင်သည်။ ဤကိစ္စတွင် ယေဟောဝါသည် ဖြောင့်မတ်သူတို့ဘက်၌ “ခိုင်ခံ့စွာနေခြင်းငှာ” သူတို့ကို ရှာဖွေတော်မူ၏။—၂ ရာဇဝင်ချုပ် ၁၆:၉။
၅:၉—“မြေကြီးကဖြစ်သောစီးပွား” သည် အဘယ်နည်းဖြင့် “အလုံးစုံတို့အဖို့ဖြစ်” သနည်း။ ကမ္ဘာသားခပ်သိမ်းသည် “မြေကြီးကဖြစ်သောစီးပွား၊” တစ်နည်းအားဖြင့် မြေကြီးထွက်ကုန်များကို မှီခိုအားထားနေရသည်။ ရှင်ဘုရင်တစ်ဦးပင် ၎င်း၏လယ်မြေမှ သီးနှံများရရှိရန် လယ်သမားများကို စေခိုင်းကာ ထွန်ယက်စိုက်ပျိုးရသည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၁:၁၅။ ယနေ့ ကျွန်ုပ်တို့မြင်တွေ့နေရသော ဖိနှိပ်မှုနှင့်မတရားမှုများကို ပြုပြင်တည့်မတ်ရန် အချိန်ကုန်လူပန်းသည့်အထိ ကြိုးစားခြင်းသည် အချည်းနှီးပင်ဖြစ်၏။ ဆိုးသွမ်းမှုမှန်သမျှကို ဘုရားသခင့်နိုင်ငံတော်သာလျှင် ဖယ်ရှားပေးနိုင်သည်။—ဒံယေလ ၂:၄၄၊ ၄၅။
၂:၄-၁၁။ ဆောက်လုပ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ တေးဂီတအပြင် စည်းစိမ်ယစ်ခြင်းသည် “လေကိုကျက်စားသောအမှု” ဖြစ်၏။ အကြောင်းမှာ ယင်းတို့သည် အဓိပ္ပာယ်ပြည့်ဝသောအသက်တာနှင့် တည်မြဲသောပျော်ရွှင်မှု မရရှိစေနိုင်ပါ။
၂:၁၂-၁၆။ ဉာဏ်ပညာသည် ပြဿနာအချို့ကို ကူညီဖြေရှင်းနိုင်သောကြောင့် မိုက်မဲခြင်းထက် ပို၍မြတ်၏။ သို့သော် လူတစ်ဦးသေဆုံးသွားလျှင်မူ သူ၏ဉာဏ်ပညာသည် အဘယ်အကျိုးမျှမရှိပေ။ အထင်ကရဉာဏ်ကြီးရှင်တစ်ဦးပင် မကြာမီ မေ့ပျောက်ခံရလေသည်။
၂:၂၄; ၃:၁၂၊ ၁၃၊ ၂၂။ ကျွန်ုပ်တို့လုပ်ဆောင်မှု၏ အကျိုးအမြတ်များကို ခံစားခြင်းသည် မမှားပေ။
၂:၂၆။ ပျော်ရွှင်စေသော ဘုရားရေးရာဉာဏ်ပညာသည် “ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူ” အဖို့ဖြစ်၏။ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းမရှိဘဲ ထိုဉာဏ်ပညာ မရရှိနိုင်ပါ။
၃:၁၆-၁၇။ ကိစ္စရပ်တိုင်းတွင် တရားမျှတမှုရှိရန် မျှော်လင့်ခြင်းသည် လက်တွေ့မကျပေ။ ယနေ့လောကတွင် ဖြစ်ပျက်နေရာများအတွက် တွေးပူနေမည့်အစား ကိစ္စရပ်များကိုတည့်မတ်ပေးဖို့ ယေဟောဝါအား စောင့်ဆိုင်းသင့်သည်။
၄:၄။ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကြိုးစားလုပ်ဆောင်ခြင်းက ကျေနပ်ရောင့်ရဲမှုခံစားစေနိုင်သည်။ သို့ရာတွင် သူတစ်ပါးထက် သာလွန်လိုစိတ်ဖြင့် ကြိုးစားလုပ်ဆောင်ခြင်းက အပြိုင်အဆိုင်စိတ်ကိုဆွပေးပြီး အငြိုးသိုခြင်း၊ မနာလိုဝန်တိုခြင်း ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် စိတ်ရင်းမှန်ဖြင့် ကြိုးစားလုပ်ဆောင်ရမည်။
၄:၇-၁၂။ လူလူချင်းဆက်ဆံရေးကောင်းခြင်းသည် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများထက် ပို၍အရေးပါ၏။ ရုပ်ပစ္စည်းလိုက်စားခြင်းကြောင့် ထိုဆက်ဆံရေးကောင်းကို အဆုံးရှုံးမခံသင့်ပါ။
၄:၁၃။ ရာထူးကြီးခြင်းနှင့် အသက်အရွယ်ကြီးခြင်းကြောင့် ရိုသေလေးစားမှု အမြဲမရရှိပါ။ တာဝန်ရရှိထားသူများသည် ပညာရှိရှိပြုမူသင့်၏။
၄:၁၅၊ ၁၆။ မင်းအရိုက်အရာကိုခံရသော “ဒုတိယသူ” သည် အစပိုင်းတွင် “သတ္တဝါအပေါင်းတို့” ၏ထောက်ခံမှုရရှိထားသော်လည်း နောက်ပိုင်းတွင် “ထိုမင်းကိုအားမရဘဲ နေကြလိမ့်မည်။” အမှန်မှာ ထင်ပေါ်ကျော်ကြားခြင်းသည် တဒင်္ဂမျှသာဖြစ်လေ့ရှိ၏။
၅:၂။ ကျွန်ုပ်တို့သည် အလေးအနက်တွေးတောပြီး ရိုသေလေးစားစွာ ဆုတောင်းသင့်သည်။ စကားကြီးစကားကျယ်သုံးကာ ရှည်ရှည်ဝေးဝေးဖြစ်စရာမလိုပါ။
၅:၃-၇။ ရုပ်ပစ္စည်းများကိုသာ စွဲလမ်းနေခြင်းက လူတစ်ဦးကို ကိုယ်ကျိုးအတွက်သာ စိတ်ကူးစေသည်။ ထို့ပြင် စိတ်မငြိမ်မသက်ဖြစ်စေပြီး အိပ်ရေးပျက်စေသည်။ စကားများသူကို သူတစ်ပါးက အရူးအပေါဟုထင်မှတ်နိုင်ပြီး ထိုသူသည် ဘုရားသခင်ကို အလျင် စလိုကတိသစ္စာပြုမိနိုင်သည်။ “ဘုရားသခင်ကိုကြောက်ရွံ့” ခြင်းက ထိုသို့မဖြစ်စေရန် ကာကွယ်ပေးသည်။
၆:၁-၉။ ကျွန်ုပ်တို့သည် ဂုဏ်ဓနကြွယ်ဝ၍ အသက်ရှည်ပြီး မိသားစုအသိုင်းအဝိုင်းကြီးရှိစေကာမူ ယင်းတို့မှ ပျော်ရွှင်မှုမခံစားရလျှင် အဘယ်အကျိုးရှိသနည်း။ အဖြစ်မှန်ကိုလက်ခံခြင်း သို့မဟုတ် “ကိုယ်တိုင်တွေ့မြင်ခြင်းအကျိုး” သည် မပြည့်နိုင်သောအလိုဆန္ဒများကို ဖြည့်ဆည်းရန် ကြိုးစားခြင်းဖြစ်သည့် ‘လိုဘပြန့်ပွားခြင်းအကျိုးထက် သာ၍ကြီး၏။’ ထို့ကြောင့် ဘဝတွင် အကျိုးပြုသောအရာများကို ခံစားပျော်မွေ့စဉ် “စားရန်၊ ဝတ်ရန်ရှိသမျှနှင့်” ရောင့်ရဲနေခြင်း၊ ယေဟောဝါနှင့်ရင်းနှီးသော ဆက်ဆံရေးဆက်ရှိနေရန် အာရုံစိုက်ခြင်းသည် အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်၏။—၁ တိမောသေ ၆:၈။
ပညာရှိအတွက် အကြံဉာဏ်
ကျွန်ုပ်တို့၏နာမည်ကောင်းကို မည်သို့ထိန်းသိမ်းနိုင်သနည်း။ လူ့အုပ်စိုးရှင်များနှင့် ကျွန်ုပ်တို့မြင်တွေ့နေရသော မတရားမှုများကို မည်သို့သဘောထားသင့်သနည်း။ သေဆုံးသည့်အခါ ဘာကိုမျှမသိတော့သောကြောင့် လက်ရှိအသက်တာကို မည်သို့အသုံးပြုသင့်သနည်း။ လူငယ့်အချိန်နှင့်ခွန်အားကို အဘယ်နည်းများဖြင့် ပညာရှိရှိအသုံးပြုနိုင်သနည်း။ ယင်းတို့အပြင် အခြားအကြောင်းများနှင့်ပတ်သက်သော အကြံဉာဏ်ကောင်းများကို ဒေ. ကျမ်း ဒေသနာ အခန်းကြီး ၇ မှ ၁၂ တွင် မှတ်တမ်းတင်ထားသည်။
ကျမ်းစာမေးခွန်းများအဖြေ–
၇:၁၉—ဉာဏ်ပညာသည် “သူရဲတစ်ကျိပ်ထက်” အဘယ်နည်းဖြင့် သာ၍တန်ခိုးကြီးသနည်း။ ကျမ်းစာတွင် ဆယ်ဂဏန်းသည် ပြီးပြည့်စုံခြင်းကိုပုံဆောင်၏။ မြို့စောင့်စစ်သူရဲ အပြည့်အစုံရှိခြင်းထက် ဉာဏ်ပညာ၏ အကာအကွယ်ပေးနိုင်သောတန်ဖိုးက သာ၍ကြီးမားကြောင်း ရှောလမုန်ပြောဆိုနေခြင်းဖြစ်သည်။
၁၀:၂—လူတစ်ဦး၏နှလုံးသည် “မိမိလက်ယာလက်၌ရှိ၏” သို့မဟုတ် “မိမိလက်ဝဲလက်၌ရှိ၏” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ လက်ယာလက်သည် မျက်နှာသာရအနေအထားကို ဖော်ပြလေ့ရှိရာ လူတစ်ဦး၏နှလုံးသည် သူ၏လက်ယာလက်၌ရှိခြင်းက ကောင်းမှုကိုလုပ်ဆောင်ရန် သူ့စိတ်နှလုံးက စေ့ဆော်ခြင်းကိုဆိုလို၏။ သို့သော် လမ်းမှားကိုလိုက်ရန် စေ့ဆော်ခဲ့လျှင် ထိုသူ၏နှလုံးသည် သူ၏လက်ဝဲလက်တွင်ရှိသည်ဟု ဆိုနိုင်သည်။
၁၀:၁၅—“မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း” မည်သို့ပင်ပန်းစေသနည်း။ လူတစ်ဦးသည် ကောင်းစွာဆုံးဖြတ်နိုင်စွမ်းမရှိပါက သူကြိုးစားလုပ်ဆောင်လေသမျှ သဲထဲရေသွန်သကဲ့သို့ဖြစ်၏။ သူသည် ကျေနပ်ရောင့်ရဲမှု မရရှိနိုင်ပါ။ ထိုသို့မမောနိုင်မပန်းနိုင် ကြိုးစားလုပ်ဆောင်ခြင်းက သူ့ကိုပင်ပန်းစေသည်။
၁၁:၇၊ ၈—“အလင်းသည် ချို၏။ နေရောင်ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။ အလင်းနှင့်နေရောင်ခြည်သည် သက်ရှိများကို ရွှင်မြူးစေ၏။ မှောင်မိုက်ကာလ သို့မဟုတ် ခွန်အားဆုတ်ယုတ်သော ဇရာအိုကာလမတိုင်မီ အသက်တာတွင် “ရွှင်လန်း” သင့်ကြောင်း ရှောလမုန်ဖော်ပြနေခြင်းဖြစ်သည်။
၁၁:၁၀—“အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည်” အဘယ်ကြောင့် အချည်းနှီးဖြစ်သနည်း။ လူငယ့်အားမာန်သည် အခိုးအငွေ့ကဲ့သို့ပင် ချက်ချင်းပျောက်လွင့်သွားနိုင်သည်ဖြစ်ရာ ယင်းတို့ကို ကောင်းစွာအသုံးမချပါက အချည်းနှီးဖြစ်၏။
ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
၇:၆။ မရယ်မောသင့်သောအချိန်တွင် ရယ်မောခြင်းသည် အမျက်ကိုနှိုးဆွပေးပြီး အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံကဲ့သို့ဖြစ်၏။ ကျွန်ုပ်တို့ ထိုသို့မပြုသင့်ပေ။
၇:၂၁၊ ၂၂။ သူတစ်ပါးပြောသောစကားတိုင်းကို မမှတ်သင့်ပေ။
၈:၂၊ ၃; ၁၀:၄။ အထက်လူကြီး သို့မဟုတ် အလုပ်ရှင်၏ပြစ်တင်မှု၊ ဆုံးမပဲ့ပြင်မှုခံရသောအခါ စိတ်တည်ငြိမ်ခြင်းသည် ပညာရှိရာရောက်၏။ ယင်းသည် အလုပ်မှ အလျင်စလိုနုတ်ထွက်ခြင်းဖြစ်သော ‘အထံတော်မှထွက်သွားခြင်း’ ထက် သာ၍ကောင်းသည်။
၈:၈; ၉:၅-၁၀၊ ၁၂။ ပိုက်ကွန်မိသောငါးနှင့် ထောင်ချောက်မိသောငှက်ကဲ့သို့ ကျွန်ုပ်တို့လည်း မမျှော်လင့်ဘဲ သေဆုံးသွားနိုင်သည်။ ထို့ပြင် အသက်ဝိညာဉ်ကို ချုပ်ထားနိုင်သောသူ တစ်ယောက်မျှမရှိပေ။ သေခြင်းတရားနှင့်တိုက်ခိုက်နေသော စစ်မှုထဲမှ မည်သူမျှ မထွက်နိုင်ပါ။ ထို့ကြောင့် ပျင်းရိစွာ အချိန်မဖြုန်းသင့်ပါ။ ကျွန်ုပ်တို့သည် အသက်ကိုတန်ဖိုးထားပြီး အကျိုးရှိရှိအသက်ရှင်ရန် ယေဟောဝါလိုလားတော်မူသည်။ ထိုသို့ဖြစ်ရန် ကျွန်ုပ်တို့၏အသက်တာတွင် ယေဟောဝါ၏အမှုတော်ကို ရှေးဦးထားသင့်သည်။
၈:၁၆၊ ၁၇။ ယေဟောဝါလုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်းနှင့် လူတို့အပေါ်ဖြစ်ပျက်ခွင့်ပြုရာများကို အိပ်ရေးပျက်ခံကာ ဆန်းစစ်လေ့လာသည့်တိုင် မကုန်ခန်းနိုင်ပါ။ ကျူးလွန်ခဲ့သောအမှားအားလုံးအတွက် တွေးပူနေခြင်းက ဘဝတွင် ပျော်ရွှင်မှုကင်းမဲ့ခြင်းသာဖြစ်စေမည်။
၉:၁၆-၁၈။ ဉာဏ်ပညာကို အများစုက မထီမဲ့မြင်ပြုကြသည့်တိုင် ယင်းကိုတန်ဖိုးထားရမည်။ လူမိုက်၏အော်ဟစ်သံထက် ပညာရှိ၏အေးဆေးတည်ငြိမ်သောစကားက ပိုနားဝင်ချိုသည်။
၁၀:၁။ ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူကို ဂရုစိုက်ရမည်။ ရိုသေလေးစားခံရသူသည် အမျက်ထွက်ခြင်း၊ အရက်အလွဲသုံးခြင်း၊ အကျင့်လျော့ရဲခြင်းစသည့်အပြုအမူတို့ကို တစ်ကြိမ်မျှပြုမိလျှင်ပင် သူ၏နာမည်ကောင်းပျက်စီးစေသည်။
၁၀:၅-၁၁။ ရာထူးကြီးသော်လည်း အရည်အချင်းမရှိသူသည် အားကျစရာမဟုတ်ပေ။ သေးငယ်သောကိစ္စကိုပင် မစွမ်းဆောင်နိုင်ခြင်းက ဆိုးကျိုးဖြစ်ပေါ်စေသည်။ “အမှုအောင်ရသောအခွင့်” ရှိစေရန် ဉာဏ်အသုံးပြုနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးခြင်းက အကျိုးရှိ၏။ ထို့ကြောင့် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အရည်အချင်းရှိရန် အလွန်အရေးကြီးလှသည်တကား။
၁၁:၁၊ ၂။ ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ရက်ရောမှု တင်ပြသင့်သည်။ ယင်းက ရက်ရောမှုကို တန်ပြန်ဖြစ်ပေါ်စေသည်။—လုကာ ၆:၃၈။
၁၁:၃-၆။ ဘဝတွင် မသေချာမရေရာမှုများကြောင့် ဝေခွဲမရ မဖြစ်သင့်။
၁၁:၉; ၁၂:၁-၇။ လူငယ်များသည် ယေဟောဝါထံ စာရင်းရှင်းကြရမည်။ ထို့ကြောင့် ခွန်အားဆုတ်ယုတ်သော ဇရာအိုချိန်မတိုင်မီ မိမိတို့၏အချိန်နှင့်ခွန်အားကို ဘုရားသခင့်အမှုတော်အတွက် အသုံးပြုသင့်သည်။
“ပညာရှိသောသူ၏စကား” က ကျွန်ုပ်တို့ကိုလမ်းပြ
ပညာရှိဆရာရှာဖွေရေးသားခဲ့သော “နားထောင်ဖွယ်သောစကား” ကို မည်သို့ရှုမြင်သင့်သနည်း။ လူ့ဉာဏ်ပညာများပါဝင်သော စာအုပ်များစွာနှင့်မတူဘဲ “ပညာရှိသူတို့၏စကားသည် တုတ်ချွန်များနှင့်တူ၏၊ သိုးထိန်းတစ်ပါးက အပ်ပေးတော်မူ၍ စုဆောင်းထားသောစကားများသည် ရိုက်ထားသော သံချောင်းများနှင့်တူ၏။” (ဒေ. ၁၂:၁၀-၁၂၊ ကဘ) “သိုးထိန်း” ဖြစ်သော ယေဟောဝါ၏ပညာရှိစကားများက ကျွန်ုပ်တို့၏ဘဝကို တည်ငြိမ်မှုရှိစေသည်။
ဤကျမ်းတွင်ပါသော ပညာရှိအကြံပေးချက်များကို လိုက်နာခြင်းက အဓိပ္ပာယ်ပြည့်ဝပျော်ရွှင်သော အသက်တာရရှိစေသည်။ ထို့ပြင် “ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် . . . ကောင်းသောအကျိုးကို ခံရကြမည်” ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချကြသည်။ ထို့ကြောင့် စစ်မှန်သော “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်” မည်ဟူသည့် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေကြစို့။—ဒေ. ၈:၁၂; ၁၂:၁၃။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာများထဲမှ အလျောက်ပတ်ဆုံးအရာသည် အချိန်တန်လျှင် အမှန်ဖြစ်ပေါ်လာမည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
စားသောက်ခြင်းနှင့် ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင် မှု၌ ပျော်မွေ့ခြင်းတို့သည် ဘုရားသခင် ပေးသနားသော ဆုကျေးဇူးများဖြစ်