မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အားချီးမွမ်းရန် စည်းလုံးစွာဆောက်လုပ်ခြင်း

ဘုရားသခင်အားချီးမွမ်းရန် စည်းလုံးစွာဆောက်လုပ်ခြင်း

ဘုရားသခင်​အား​ချီးမွမ်း​ရန် စည်းလုံးစွာ​ဆောက်လုပ်​ခြင်း

 စာ်လမွန်​ကျွန်းစု​ရှိ ကျွန်း​တစ်ကျွန်း​မှ လူတို့သည် ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တစ်လုံး​ကို သတိပြုမိ​ခဲ့​ကြသည်။ အမျိုးသမီး​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်မ​တို့​ချာ့ခ်ျ​မှာ ရန်ပုံငွေ​ရှာ​တဲ့​အစီအစဉ်တွေ အများကြီး​ရှိတယ်။ အသင်းသားတွေကို ငွေ​များများ​ထည့်​ဖို့​ပြော​တာ​ပဲ၊ ဒါပေမဲ့ ချာ့ခ်ျ​အသစ်​ဆောက်​ဖို့ အခုထိ ငွေ​မလောက်​သေး​ဘူး။ သက်သေခံတွေ​ကျ​တော့ ရန်ပုံငွေ​ဘယ်က​ရ​ကြ​တာလဲ။” သူနှင့်​စကားပြော​သော သက်သေခံ​ညီအစ်မ​က ဤသို့​ပြန်​ပြောလိုက်​၏– “ကျွန်မ​တို့​က ကမ္ဘာချီ​မိသားစု​အနေ​နဲ့ ယေဟောဝါ​ကို ဝတ်ပြု​ကြ​တာ။ ကျွန်မ​တို့​အသင်းတော်​နဲ့ ကမ္ဘာ​တစ်ဝန်း​မှာ​ရှိတဲ့​ညီအစ်ကို​တွေ​က ခန်းမ​အသစ်​ရဖို့ လို​တဲ့​ငွေ​ကို လှူဒါန်း​ကြတယ်။ အရာရာမှာ​စည်းလုံးမှု​ရှိဖို့ ကျွန်မ​တို့ကို ယေဟောဝါ​သွန်သင်ပေး​ထား​တယ်။”

သောင်း​နှင့်​ချီ​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ဆောက်လုပ်​ခြင်း​အပါအဝင် အခြား​လုပ်ဆောင်မှု​အားလုံး​တွင် ယေဟောဝါသက်သေ​များ စည်းလုံး​ကြသည်​ကို သင်​တွေ့ရ​မည်။ ထို​စည်းလုံးမှု​သည် အသစ်အဆန်း​မဟုတ်ပေ။ ယင်းသည် ထောင်စုနှစ်​များ​တစ်လျှောက် ဘုရားသခင့်​လူမျိုးတော်​အလယ်တွင် ရှိခဲ့​၏။ မည်သို့​အားဖြင့်​နည်း။

တဲ​တော်​နှင့် ဝတ်ပြုရာ​အိမ်တော် ဆောက်လုပ်​ခြင်း

ဣသရေလ​လူမျိုး​နှင့်​ပတ်သက်​၍ လွန်ခဲ့သော​နှစ်ပေါင်း ၃,၅၀၀ ကျော်​က မောရှေ​ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ၏– “ငါသည် သင်တို့တွင် ကျိန်းဝပ်​ရာ​ဖို့ သန့်ရှင်း​ရာ​ဌာန​ကို​လုပ်ကြ​စေ။” (ထွက်မြောက်ရာ ၂၅:၈) ထို​ဆောက်လုပ်ရေး​စီမံကိန်း​၏ ပုံစံ​နှင့်​ပတ်သက်​၍ ယေဟောဝါ ဤသို့​ထပ်ဆင့်​မိန့်တော်မူ၏– “ငါ​ပြသ​မျှ​သော​တဲ​တော်​ပုံ၊ တဲ​တော်​တန်ဆာ​ပုံ​နှင့်​အညီ လုပ်​ရမည်။” (ထွက်မြောက်ရာ ၂၅:၉) ထို့နောက် သန့်ရှင်း​ရာ​ဌာန​ပုံစံ၊ အဆင်တန်ဆာ​များနှင့် အသုံးအဆောင်​များ​အတွက် အသေးစိတ်​အချက်အလက်​ကို ယေဟောဝါ​ပေး​တော်​မူ​ခဲ့​၏။ (ထွက်မြောက်ရာ ၂၅:၁၀-၂၇:၁၉) ထို “တဲ​တော်” သည် ဣသရေလလူ​အားလုံး​အတွက် စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်သည်။

ထို​စီမံကိန်း​တွင် လူ​မည်မျှ​ပါဝင်​ခဲ့​ကြောင်း မသိ​ရ​သော်လည်း ယင်း​အတွက် ထောက်ပံ့​ပေး​ရန် ဣသရေလလူ​အားလုံး​ကို ဖိတ်ခေါ်​ခဲ့​သည်။ သူတို့ကို မောရှေ ဤသို့​ပြော​ခဲ့​၏– ‘သင်တို့တွင် ထာဝရ​ဘုရားသခင်​အား လှူ​သော​အလှူ​ကို ပြင်ဆင်​ကြလော့။ ကြည်ညို​သော​စေတနာ​စိတ်​ရှိသမျှ​သော​သူတို့သည် . . . ထာဝရ​ဘုရားသခင်​အား လှူ​သော​အလှူ​ကို ဆောင်​ခဲ့​ကြလော့။’ (ထွက်မြောက်ရာ ၃၅:၄-၉) ဣ​သ​ရေ​လူမျိုး မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ထွက်မြောက်ရာ ၃၆:၃ တွင်​ဤသို့​ဆို​၏– “သန့်ရှင်း​ရာ​ဌာန​နှင့် အမှုတော်ထမ်း​ရန်​တန်ဆာ​တို့ကို လုပ်ကိုင်​စေခြင်း​ငှာ ဣသရေလ​အမျိုးသား​တို့​ဆောင်​ခဲ့​သော အလှူ​ရှိသမျှကို ထို​သူတို့သည် မောရှေ​လက်​မှ​ခံ​ကြ​၏။ ကြည်ညို​သော​စိတ်​နှင့်​လှူ​သော​အလှူ​ကို နံနက်​တိုင်း​ထပ်၍​ဆောင်​ခဲ့​ကြ​သေး​၏။”

ပစ္စည်း​အမြောက်အမြား လှူဒါန်းခဲ့​ကြ​ပြီး ဆက်​လှူဒါန်း​နေကြ​သေး​သည်။ နောက်ဆုံး​တွင် လက်မှုပညာ​သည်​တို့သည် မောရှေ​ထံ​သို့​လာ၍ ‘ထာဝရ​ဘုရားသခင်​မှာ​ထား​တော်​မူ​သော​အလုပ် ပြီး​လောက်​ရုံ​မျှ​မ​က ပို​၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ’ ဟု​ပြောဆို​ကြ​လေ​သည်။ မောရှေ​က “သန့်ရှင်း​ရာ​ဌာနတော်​အဖို့​လှူ​ခြင်း​ငှာ အဘယ်​ယောက်ျား မိန်းမ​မျှ ထပ်မံ​၍​မ​လုပ်​စေ​နှင့်” ဟု​အမိန့်ပေး​လိုက်​သည်။ အဘယ်​ရလဒ်​ရရှိခဲ့​သနည်း။ “ရခဲ့​သော​ဥစ္စာ​သည် အလုပ်​ရှိသမျှကို ပြီးစီး​လောက်​ရုံ​မျှ​မ​က ပို​လျက်​ရှိ​သတည်း။”—ထွက်မြောက်ရာ ၃၆:၄-၇

ဣသရေလ​လူမျိုး၏ ရက်ရောမှုကြောင့် တဲ​တော်​ကို တစ်နှစ်​အတွင်း ဆောက်လုပ်​ပြီးစီး​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၉:၁; ၄၀:၁၊ ၂) ယေဟောဝါ​၏​လူမျိုးတော်သည် စစ်မှန်သော​ဝတ်ပြုရေးကို ထောက်မခြင်း​ဖြင့် ကိုယ်တော့်​ကို ဂုဏ်တင်​ခဲ့​ကြသည်။ (သု. ၃:၉) နောက်ပိုင်း​တွင် သူတို့သည် ပို​၍​ကြီးမားသော ဆောက်လုပ်ရေး​စီမံကိန်း​ကို လုပ်ဆောင်ခဲ့​ကြသည်။ ဤ​တစ်ကြိမ်​တွင်​လည်း စေတနာ​စိတ်​ရှိသူတို့​သည် ဆောက်လုပ်ရေး​အတတ်ပညာ တတ်​သည်​ဖြစ်စေ၊ မတတ်​သည်​ဖြစ်စေ ကူညီ​ထောက်​မပေးခဲ့​ကြ​၏။

တဲ​တော်​ဆောက်​ပြီး​နောက် ရာစုနှစ်​ငါး​ခု​နီးပါး​ကြာသော် ဣသရေလ​လူမျိုး​သည် ယေရုရှလင်​ရှိ ဝတ်ပြုရာ​အိမ်တော်ကို စတင်​ဆောက်လုပ်​ခဲ့​ကြသည်။ (၃ ဓမ္မ​ရာဇဝင် ၆:၁) ယင်းသည် ကျောက်​များ၊ သစ်သား​များ​ဖြင့် အတည်တကျ​ဆောက်လုပ်​ထားသော အလွန်​ထူးကဲ​ခမ်းနား​သည့် အိမ်တော်​ဖြစ်​ရမည်။ (၃ ဓမ္မ​ရာဇဝင် ၅:၁၇၊ ၁၈) ယေဟောဝါ​သည် အိမ်တော်​အတွက် ဗိသုကာ​ပုံစံ​များ​ကို ဝိညာဉ်​တော်​အားဖြင့် ဒါဝိဒ်​အား ပေး​တော်​မူ​၏။ (၁ ရာဇဝင်ချုပ် ၂၈:၁၁-၁၉) သို့သော် ဆောက်လုပ်ရေး​လုပ်ငန်း​ကို ဦးဆောင်​ရန် ဒါဝိဒ်​၏​သားတော် ရှောလမုန်​ကို ကိုယ်တော်​ရွေးချယ်​ခဲ့​သည်။ (၁ ရာဇဝင်ချုပ် ၂၂:၆-၁၀) ဒါဝိဒ်​သည် ထို​စီမံကိန်း​ကို နှလုံး​အကြွင်းမဲ့​ထောက်​မပေးခဲ့​၏။ သူသည် ကျောက်​များ၊ သစ်သား​များနှင့် အခြား​ပစ္စည်း​များ​ကို စုဆောင်း​ခဲ့​သည့်​အပြင် သူ​ပိုင်ဆိုင်​သော ရွှေ၊ ငွေ​အမြောက်အမြား လှူဒါန်းခဲ့​သည်။ ဣသရေလ​လူမျိုး​ကိုလည်း ရက်ရော​စွာ​လှူဒါန်း​ကြ​ရန် အားပေးပြီး ‘ယနေ့ ယေဟောဝါ​အား ကိုယ်​ဥစ္စာ​ကို အဘယ်သူ​ပူဇော်​ချင်​သနည်း’ ဟု​မေးခဲ့​၏။ လူ​တို့ မည်သို့​တုံ့ပြန်​ကြ​သနည်း။—၁ ရာဇဝင်ချုပ် ၂၉:၁-၅

အိမ်တော်ကို ရှောလမုန်​စတင်​ဆောက်လုပ်​ချိန်​တွင် ရွှေ၊ ငွေ တန်​ချိန်​ထောင်နှင့်ချီ ရရှိခဲ့သည်။ ကြေး​နှင့် သံ​မူ​ကား တန်​ချိန်​မ​မှတ်​နိုင်အောင် အတိုင်းမသိ​များသည်။ (၁ ရာဇဝင်ချုပ် ၂၂:၁၄-၁၆) ယေဟောဝါ​၏ ထောက်မမှု​နှင့် ဣသရေလ​လူမျိုး၏ ကူညီ​ပံ့ပိုး​မှု​တို့​ကြောင့် ခု​နစ်​နှစ်​ခွဲ​မျှ​အကြာတွင် စီမံကိန်း​ပြီးစီး​ခဲ့​၏။—၃ ဓမ္မ​ရာဇဝင် ၆:၁၊ ၃၇၊ ၃၈

“ဘုရားသခင်​၏​အိမ်တော်”

တဲ​တော်​နှင့် ဝတ်ပြုရာ​အိမ်တော် နှစ်ခုစလုံး​ကို “ဘုရားသခင်​၏​အိမ်တော်” ဟု​ခေါ်​သည်။ (တရားသူကြီး ၁၈:၃၁; ၂ ရာဇဝင်ချုပ် ၂၄:၇) သို့သော် ယေဟောဝါ​အတွက် အိမ်တော်​မလို​အပ်​ချေ။ (ဟေရှာယ ၆၆:၁) ထို​အဆောက်အအုံ​များ​ကို လူတို့၏​အကျိုးအတွက် ဆောက်​ခိုင်း​ခြင်း​ဖြစ်သည်။ အမှန်​မှာ၊ ဝတ်ပြုရာ​အိမ်တော်​အပ်နှံ​ပွဲ​တွင် ရှောလမုန်​ဤသို့​မေးခဲ့​၏– “ဘုရားသခင်သည် မြေကြီး​ပေါ်မှာ ဧကန်​အမှန်​ကျိန်းဝပ်​တော်​မူ​မည်​လော။ ကောင်းကင်​နှင့်​ကောင်းကင်​တကာ​တို့၏​အထွဋ် အမြင့်ဆုံး​သော​ကောင်းကင်​သည် ကိုယ်တော်​ကို​မဆံ့​မခံနိုင်​သည်​ဖြစ်၍ အကျွန်ုပ်​တည်ဆောက်​သော​ဤ​အိမ်ကို အဘယ်​ဆို​ဖွယ်​ရာ​ရှိပါ​သနည်း။”—၃ ဓမ္မ​ရာဇဝင် ၈:၂၇

ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​မိန့်တော်မူ၏– “ငါ့​အိမ်ကို လူအမျိုးမျိုး​ဆုတောင်းရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လတ္တံ့။” (ဟေရှာယ ၅၆:၇) ဝတ်ပြုရာ​အိမ်တော်တွင် ပူဇော်​သော​ယဇ်များ၊ ဆုတောင်းချက်​များနှင့် ထို​တွင်​ကျင်းပ​သော ပွဲတော်​များသည် ဘုရားသခင်​ကို​ကြောက်ရွံ့​သော ဂျူး​နှင့်​ဂျူး​မဟုတ်​သူများကို စစ်မှန်သော​ဘုရားသခင်​ထံ ချဉ်းကပ်​စေ​သည်။ ကိုယ်တော့်​အိမ်တော်တွင် ဝတ်ပြု​ကိုးကွယ်​ခြင်း​ဖြင့် ကိုယ်တော်​နှင့်​မိတ်ဆွေဖွဲ့​ခွင့်​ရပြီး ကာကွယ်​မှု​ခံစား​ကြ​ရသည်။ ဝတ်ပြုရာ​အိမ်တော်​အပ်နှံ​ပွဲ​တွင် ရှောလမုန်​၏​ဆုတောင်းချက်​က ယင်းကို ပေါ်လွင်​စေပါ​သည်။ ထို​လှိုက်လှဲ​သည့်​ဆုတောင်းချက်​ကို ၃ ဓမ္မ​ရာဇဝင် ၈:၂၂-၅၃ နှင့် ၂ ရာဇဝင်ချုပ် ၆:၁၂-၄၂ တို့​တွင် သင်​ဖတ်ရှု​နိုင်​သည်။

စစ်မှန်သော​ဘုရားသခင့်​အိမ်တော် ဖျက်ဆီး​ခံရ​သည်​မှာ ကြာမြင့်​ပြီ​ဖြစ်သော်လည်း သာ၍​ကြီးမြတ်သော ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​သို့ လူမျိုးအပေါင်း​မှ​လူများ စုရုံး​မည့်​အချိန်ကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဟေရှာယ ၂:၂) ဝတ်ပြုရာ​အိမ်တော်တွင် ပူဇော်​သော တိရစ္ဆာန်​ယဇ်များ​ဖြင့် တင်ကူး​ဖော်ပြ​သည့် ဘုရားသခင့်​တစ်ပါး​တည်း​သော သားတော်​၏ စုံလင်​သည့်​ပူဇော်​သကာ​သည် ယေဟောဝါ​ထံ​ချဉ်းကပ်​နိုင်​သည့် နည်းလမ်း​ဖြစ်သည်။ (ယောဟန် ၁၄:၆; ဟေဗြဲ ၇:၂၇; ၉:၁၂) ယခု ယေဟောဝါသက်သေ​များသည် ထို​မြင့်မြတ်​သည့်​နည်းဖြင့် ဘုရားသခင်​ကိုကိုး​ကွယ်​နေကြ​ပြီး အခြားသူများ​လည်း အလားတူ​ကိုးကွယ်​နိုင်​ရန် ကူညီ​ပေး​ကြသည်။

မျက်မှောက်ခေတ် ဆောက်လုပ်ရေး​စီမံကိန်း​များ

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် စစ်မှန်သော​ဘုရားသခင်​ကို ကိုးကွယ်​နေကြ​သည်။ သူတို့သည် “အား​ကြီးသော​လူမျိုး” ဖြစ်လာ​ပြီး ဆက်လက်​တိုးပွားလျက်​ရှိသည်။ (ဟေရှာယ ၆၀:၂၂) ယေဟောဝါသက်သေ​များ အဓိက​စုဝေးရာ​နေရာ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဖြစ်၏။ သောင်း​နှင့်​ချီ​သော​ခန်းမ​များ​ကို အသုံးပြု​နေကြ​သော်လည်း ထပ်မံ​လိုအပ်​နေဆဲ​ဖြစ်သည်။

ယေဟောဝါသက်သေ​များသည် ခန်းမ​ဆောက်လုပ်ရေး​လုပ်ငန်း​တွင် “ကြည်ညို​သော​စေတနာ​စိတ်” ဖြင့် ပါဝင်​ကြသည်။ (ဆာလံ ၁၁၀:၃) သို့သော် ဒေသခံ​သက်သေခံ​များသည် ဆောက်လုပ်ရေး​ပညာ မတတ်​ကြ​သည့်​အပြင် ဒေသ​အချို့​တွင် အလွန်​ပင်​ဆင်းရဲ​နွမ်းပါး​ကြသည်။ ထို​အခက်အခဲ​များ​ကို ဖြေရှင်း​နိုင်​ရန် ၁၉၉၉ ခုနှစ်​တွင် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေး​အဖွဲ့​သည် ခန်းမ​ဆောက်လုပ်ရေး​အစီအစဉ် ရေးဆွဲ​ခဲ့​သည်။ ထို​အစီအစဉ်​ကြောင့် ဆောက်လုပ်ရေး​တတ်ကျွမ်း​သူများ​သည် ဝေးလံ​သည့်​ဒေသ​များ​သို့​သွားပြီး ညီအစ်ကို​ညီအစ်မ​များ​ကို ခန်းမ​ဆောက်လုပ်ရေး​လုပ်ငန်း​တွင် လေ့ကျင့်ပေး​ခဲ့​ကြသည်။ လေ့ကျင့်​ခံရ​သူတို့သည် ထို​ဒေသ​တွင် ဆောက်လုပ်ရေး​လုပ်ငန်း​ကို ဆက်​လုပ်ဆောင်ကြ​သည်။ ယင်း​သို့ အထူး​ကြိုးပမ်း​ဆောင်ရွက်မှု​၏ ရလဒ်​ကား​အဘယ်နည်း။

၂၀၀၆၊ ဖေဖော်ဝါရီ​လ​တွင် ငွေကြေး​အကန့်အသတ်​ရှိသော ဒေသ​များ​ရှိ ယေဟောဝါသက်သေ​များသည် ခန်းမ​အသစ် ၁၃,၀၀၀ ကျော်​ကို ဆောက်လုပ်​ခဲ့​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်များ​ကို အသုံးပြု​နေ​သူ​အချို့​ထံ​မှ စကား​များ​ကို ဖတ်​ကြည့်​ပါ။

“အသင်းတော်တွင် ပျမ်းမျှ​တက်ရောက်သူ ၁၆၀ ရှိသည်။ ခန်းမ​အသစ်​ဆောက်​ပြီး​နောက် ဦးဆုံး​ကျင်းပ​သော​အစည်းအဝေး​တွင် တက်ရောက်သူ ၂၀၀ အထိ​တိုးများ​လာ​သည်။ ခြောက်​လ​ကြာပြီးနောက် ယခု တက်ရောက်သူ ၂၃၀ ရှိနေပြီ။ ရိုးရိုးလေး​ဖြစ်သော်လည်း အသုံးဝင်​သော ဤ​အဆောက်အအုံ​များ​က ဆောက်လုပ်ရေး​လုပ်ငန်း​ကို ယေဟောဝါ​ကောင်းချီး​ပေး​နေကြောင်း ထင်ရှား​ပါ​သည်။”—အီကွေဒေါ​မှ တိုက်နယ်​ကြီးကြပ်မှူး​တစ်ဦး

“‘ခင်ဗျား​တို့​ရဲ့ စာပေ​တွေ​မှာ​တွေ့ရ​တဲ့ ခန်းမ​မျိုး ဘယ်တော့​ဆောက်​မှာ​လဲ’ ဟု လူများ​က နှစ်​အတော်ကြာ​မေးခဲ့​ကြသည်။ ယေဟောဝါ​၏ ကျေးဇူးတော်​ကြောင့် နောက်ဆုံး​တွင် ရှု​ချင်​စ​ဖွယ်​ခန်းမ​တစ်ခု​ရခဲ့​ပါ​သည်။ ယခင်​က ညီအစ်ကို​တစ်ဦး၏​စ​တို​ခန်း​တွင် အစည်းအဝေး​များ​ကျင်းပ​ပြီး တက်ရောက်သူ ၃၀ ရှိသည်။ ခန်းမ​အသစ်​တွင် ဦးဆုံး​အကြိမ် အစည်းအဝေး​ကျင်းပ​ချိန်​၌ တက်ရောက်သူ ၁၁၀ ရှိခဲ့​ပါ​သည်။”—ယူဂန္ဓာ​နိုင်ငံ​မှ အသင်းတော်​တစ်ခု။

“ခန်းမ​ဆောက်​လိုက်​သောကြောင့် ရပ်ကွက်တွင် အမှုဆောင်​သည့်​အခါ ပို​ပျော်စရာ​ကောင်း​သည်​ဟု မှန်မှန်ရှေ့ဆောင်​ညီအစ်မ​နှစ်ယောက် ပြောပြ​ပါ​သည်။ တစ်အိမ်​မှ​တစ်အိမ်​နှင့် အလွတ်သဘော​ဟောပြောခြင်း​တွင် လူ​တို့ ပို​၍​လိုလိုလားလား​နားထောင်​ကြသည်။ ထို​ညီအစ်မ​များသည် ယခု ကျမ်းစာ​သင်အံမှု ၁၇ ခု ပြုလုပ်​နေကြ​ပြီး သူတို့၏ ကျမ်းစာ​သင်သားများ​လည်း အစည်းအဝေး​များ တက်​နေကြ​သည်။”—စော်လမွန်​ကျွန်းစု​ဌာနခွဲရုံး။

“ခန်းမ​ဆောက်လုပ်​သည့်​နေရာ​အနား​ရှိ ခရစ်ယာန်​ဓမ္မ​ဆရာ​တစ်ဦး​က ခန်းမ​အသစ်​ကြောင့် ရပ်ကွက်​တစ်ခုလုံး ပို​ဂုဏ်​ရှိလာ​သည့်​အပြင် ဒေသခံ​လူ​တို့​လည်း ဂုဏ်ယူ​ကြ​ကြောင်း ပြော​ခဲ့​သည်။ လမ်းသွားလမ်းလာ​များ​က ခန်းမ​၏​လှပမှု​ကို ချီးမွမ်း​ကြသည်။ ယင်းက သက်သေ​ခံရန် အခွင့်အရေး​ရစေသည်။ လူ​အတော်များများ​သည် ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​အကြောင်း သိ​လို​ကြသည်။ နှစ်​အတော်ကြာ အစည်းအဝေး​များ မ​တက်​သူတို့​ပင် အစည်းအဝေး မှန်မှန်​ပြန်​တက်​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။”—မြန်မာ​နိုင်ငံ​ဌာနခွဲရုံး။

“ညီအစ်မ​တစ်ဦး​သည် စိတ်ဝင်စားသူ​တစ်ဦး​ကို ခန်းမ​ဆောက်လုပ်​သည့်​နေရာသို့ ခေါ်လာ​ခဲ့​သည်။ နောက်ပိုင်း ထို​သူ ဤသို့​ပြော​ခဲ့​သည်– ‘အလုပ်​လုပ်တဲ့​သူတွေက ကျွန်တော့်​ကို ဝင်ခွင့်​ပေး​မှာ​မဟုတ်ဘူးလို့ ထင်​ခဲ့​တာ။ ဒါပေမဲ့ သက်သေခံတွေ​က ကျွန်တော့်​ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်​ကြ​တော့ အရမ်း​အံ့သြ​သွားတယ်။ အမျိုးသား အမျိုးသမီးတွေ အချိန်​မ​ဖြုန်း​ဘဲ ကြိုးစား​အလုပ်လုပ်​နေကြ​တယ်။ စည်းလုံး​ပြီး စိတ်ထား​ကောင်း​ကြတယ်။’ ထို​သူသည် ကျမ်းစာ​သင်အံမှု​လက်ခံ​ပြီး အစည်းအဝေး​များ စတင်​တက်ရောက်​ခဲ့​သည်။ သူ ဤသို့​ပြော​သည်– ‘ကျွန်တော့်​အတွေးအခေါ်​ပြောင်း​သွားပြီ။ ဘုရားသခင်​ကို ကျွန်တော်​ရှာတွေ့​ပြီ​ဖြစ်​လို့ ကိုယ်တော့်​ကို မစွန့်ခွာ​တော့​ဘူး။’ ”—ကိုလံဘီယာ​ဌာနခွဲရုံး။

ကျွန်ုပ်​တို့၏​ထောက်မမှု အရေးကြီး

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်​ခြင်း​သည် မြင့်မြတ်​သော​ဝတ်ပြုရေး​၏ အရေးပါသော​အစိတ်အပိုင်း​ဖြစ်သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် ထို​လုပ်ငန်း​ကို ငွေကြေး​ဖြင့်​ဖြစ်စေ၊ အခြား​နည်းများဖြင့်​ဖြစ်စေ ပံ့ပိုး​နေသော​ကြောင့် အမှန်ပင်​ချီးမွမ်း​ထိုက်​ပါ​သည်။ သို့သော် မြင့်မြတ်​သော​ဝတ်ပြုရေး​၏ အခြား​ကဏ္ဍ​များလည်း အရေးကြီးကြောင်း ကျွန်ုပ်​တို့​မမေ့​သင့်​ပေ။ မကြာခဏ​ဆို​သလို ခရစ်ယာန်​များသည် သဘာဝဘေးဒဏ်​များ ကြုံ​ရပြီး အကူအညီ​လိုအပ်​ကြသည်။ ကျမ်းစာ,စာပေ​များ ထုတ်ဝေ​ခြင်း​သည်လည်း မြင့်မြတ်​သော​ဝတ်ပြုရေးကို ထောက်မ​ရာ​တွင် အရေးကြီးသော​ကဏ္ဍ​မှ​ပါဝင်​သည်။ စိတ်ထားမှန်​ရှိသူ​တစ်ဦး​ကို ကျမ်းစာ​အခြေပြု​မဂ္ဂဇင်း​တစ်စောင် သို့​မဟုတ် စာအုပ်​တစ်အုပ်​ဝေငှခြင်း​သည် အမှန်ပင်​ထိရောက်​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်။ ထို့​ပြင် သာသနာပြု​များနှင့် အထူး​အချိန်ပြည့်​လုပ်ငန်း​တွင် ပါဝင်သူ​များ​ကို ထောက်မ​ပေးခြင်း​သည်လည်း အလွန်​အရေးကြီး​သည်။ ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ရှိသော ထို​ခရစ်ယာန်​များသည် ဤ​နောက်ဆုံး​ကာလ​တွင် ဟောပြောခြင်း​လုပ်ငန်း​တိုးချဲ့​ရာ​၌ အဓိက​ပါဝင်​နေကြ​သည်။

ဝတ်ပြုရာ​အိမ်တော်​ဆောက်လုပ်​ခြင်း​ကို ထောက်​မပေး​သူများ​သည် အလွန်​ဝမ်းမြောက်​ခဲ့​ကြ​၏။ (၁ ရာဇဝင်ချုပ် ၂၉:၉) ယနေ့လည်း စစ်မှန်သော​ဝတ်ပြုရေး​အတွက် အလှူငွေများ​ဖြင့် ထောက်မ​ပေးခြင်း​က ကျွန်ုပ်​တို့ကို ပျော်ရွှင်​စေပါ​သည်။ (တမန်​တော် ၂၀:၃၅) ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရန်ပုံငွေ​သေတ္တာ​တွင် အလှူငွေ​ထည့်​စဉ်၊ သတင်းကောင်း​ဟောပြောခြင်း​နှင့်​ဆက်နွှယ်သော အခြား​လုပ်ငန်းများ​ကို ထောက်​မပေး​သည့် ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ​ထည့်​စဉ် ထို​ပျော်ရွှင်မှု​မျိုးကို ကျွန်ုပ်​တို့​ခံစားရ​သည်။ ယနေ့ ယေဟောဝါသက်သေ​များသည် စစ်မှန်သော​ဝတ်ပြုရေးတွင် ထူးခြား​စွာ​စည်းလုံး​နေကြပါ​သည်။ ထို​ဝတ်ပြုရေးကို ထောက်မ​ပေးခြင်း​ဖြင့် ကျွန်ုပ်​တို့အားလုံး ပျော်ရွှင်​နိုင်​ကြ​ပါစေ!

[စာမျက်နှာ ၂၀၊ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အချို့​သူများ​လှူဒါန်း​ရန် ရွေးချယ်​ကြ​ပုံ နည်းလမ်းများ

ကမ္ဘာချီ​လုပ်ငန်း​အတွက် ပါဝင်​လှူဒါန်းခြင်း

များစွာသော​သူတို့သည် “ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ—မဿဲ ၂၄:၁၄” ဟု​ရေးထား​သော အလှူငွေ​သေတ္တာ​တွင် ထည့်ဝင်​ရန် မိမိတို့၏​ငွေကြေး​များ​ကို သီးသန့်​ဖယ်​ထား​ကြသည်။

အသင်းတော်များ​သည် ယင်း​အလှူငွေများ​ကို မိမိတို့၏​သက်ဆိုင်ရာ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ရုံး​သို့ လစဉ်​ပေး​ပို့ ကြသည်။ စေတနာအလျောက်​ထည့်ဝင်​သော လှူဒါန်း​ငွေ​များ​ကို Watch Tower Bible and Tract Society of Pennsylvania, Attention Treasurer’s Offi​​ce, 25 Columbia Heights, Brooklyn, New York 11201-2483 သို့​မဟုတ် သင့်​နိုင်ငံ​ကို တာဝန်​ယူ​ပေး​ရသော ဌာနခွဲရုံး​သို့ တိုက်ရိုက်​ပေး​ပို့​နိုင်​သည်။ ချက်​လက်မှတ်​များ​ကို “ကင်းမျှော်စင်” သို့​ပေး​ပို့​သင့်​သည်။ ကျောက်​မျက်​ရတနာ​နှင့် အခြား​တန်ဖိုး​ရှိ​အရာများ​ကိုလည်း လှူဒါန်း​နိုင်​သည်။ ဤသို့​ပေး​ပို့​လှူဒါန်း​ရာ​တွင် လုံးလုံးလျားလျား​လှူဒါန်း​ကြောင်း ဖော်ပြ​သည့် စာတို​ကလေး​ပါ ထည့်​ပေး​သင့်​သည်။

ကန့်သတ်ချက်​ဖြင့်​လှူဒါန်းခြင်း အစီအစဉ်

ကမ္ဘာချီ​လုပ်ငန်း​အတွက် အသုံးပြုရန် ကင်းမျှော်စင်​အသင်း​ထံ ငွေ​ကို ယုံကြည်​စိတ်ချ​စွာ အပ်နှံ​ထား​နိုင်​ပါ​သည်။ သို့သော် လှူဒါန်း​သူ​တောင်းခံ​လာ​ပါ​က အလှူငွေကို ပြန်လည်​ပေးအပ်​ပါ​မည်။ ထပ်မံ​သိ​လို​ပါ​က အထက်တွင် ဖော်ပြ​ထားသော လိပ်စာ​ရှိ The Treasurer’s Offi​​ce ကို ကျေးဇူးပြု​၍ ဆက်သွယ်​ပါ။

လှူဒါန်း​ရန်​စီစဉ်​ထားခြင်း

ငွေကြေး လုံးလုံးလျားလျား ပေးအပ်​ခြင်း​အပြင် ကမ္ဘာချီ​လုပ်ငန်း​ကို အထောက်အကူ​ပြု​ရန် အခြား​ပေးကမ်း​နည်း​များ​ရှိသည်။ ၎င်း​တို့​တွင် အောက်ပါ​နည်း​များ​ပါဝင်​သည်–

အာမခံ– ကင်းမျှော်စင်​အသင်း​အမည်​ဖြင့် အသက်​အာမခံကြေး ခံစားခွင့်​များ၊ အငြိမ်းစား​ခံစားခွင့်​များ​ကို ပြု​လုပ်ပေး​နိုင်​သည်။

ဘဏ်​စာရင်း​များ– ဘဏ်​ရှင်း​တမ်း​များ၊ ငွေစု​စာအုပ်​များ၊ အငြိမ်းစား​ခံစားခွင့်​စာရင်း​များ​ကို ဒေသန္တရ​ဘဏ်​စည်းကမ်း​များ​အရ ကင်းမျှော်စင်​အသင်း​ထံ အပ်နှံ သို့​မဟုတ် ကာယ​ကံ​ရှင်​သေဆုံး​မှ လွှဲပြောင်းပေး​ရန် စီစဉ်​နိုင်​သည်။

အစုရှယ်ယာ​လက်မှတ်​နှင့် ငွေချေး​စာချုပ်​များ– အစုရှယ်ယာ​လက်မှတ်​များနှင့် ငွေချေး​စာချုပ်​များ​ကို လုံးလုံးလျားလျား ပေးအပ်​လှူဒါန်း​နိုင်​သည်။

အိမ်ရာ​အဆောက်အအုံ​များ– ရောင်းချ​နိုင်သော အိမ်ရာ​အဆောက်အအုံ​များ​ကို လှူဒါန်းခြင်း​နှင့်​ပတ်သက်​၍ လုံးလုံးလျားလျား​ဖြစ်စေ၊ လှူဒါန်း​သူ အသက်ရှင်​နေသရွေ့ နေထိုင်ရန်​အပိုင်း​ကို ချန်လှပ်​၍​ဖြစ်စေ ပေးအပ်​လှူဒါန်း​နိုင်​သည်။ ဤသို့​ပေးလှူ​ရန် စာချုပ်​စာတမ်း​မပြု​မီ သင့်​နိုင်ငံ​မှ ဌာနခွဲရုံး​ကို အကြောင်းကြား​ပါ။

နှစ်စဉ် ထောက်ပံ့ကြေး– နှစ်စဉ်​ထောက်ပံ့ကြေး​သည် ငွေကြေး သို့​မဟုတ် အာမခံ​ပစ္စည်း​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လွှဲပြောင်းပေး​သော အစီအစဉ်​တစ်ခု​ဖြစ်သည်။ ယင်း​အတွက် လှူဒါန်း​သူ သို့​မဟုတ် လှူဒါန်း​သူ​အမည် သတ်မှတ်​ထားသော တစ်ဦး​တစ်ယောက်​သည် နှစ်စဉ်​ထောက်ပံ့ကြေး​ငွေ​အပေါ် သတ်မှတ်​ထား​သည့် ထုတ်ပေး​ငွေ​ကို တစ်သက်လုံး နှစ်စဉ်​ရရှိ​သွား​မည်။ လှူဒါန်း​သူသည် နှစ်စဉ်​ထောက်ပံ့ကြေး ဝင်ငွေ​ခွန်​မှ လွတ်ငြိမ်းခွင့်​ပြု​ငွေ​ကို ရရှိ​သွား​မည်။

သေတမ်းစာ​နှင့် လွှဲအပ်​စာ​များ– ပစ္စည်းဥစ္စာ သို့​မဟုတ် ငွေကြေး​များ​ကို ကင်းမျှော်စင်​အသင်း​သို့ တရားဝင်​သေတမ်းစာ​ဖြင့် အမွေ​ပေးလှူ​ဒါန်း​နိုင်​သည် သို့​မဟုတ် လွှဲအပ်​စာချုပ်​တွင် ကင်းမျှော်စင်​အသင်း​က အကျိုး​ခံစားခွင့်​ရှိသူ​အဖြစ် ပါဝင်​စေနိုင်​သည်။ ဤသို့​ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​ကို လွှဲအပ်​ရာ​တွင် အခွန်​နှင့်​ပတ်သက်​သည့် အကျိုးအမြတ်​တစ်စုံတစ်ရာ​ကို ဖြစ်ထွန်း​စေ​ပေမည်။

“လှူဒါန်း​ရန်​စီစဉ်​ထားခြင်း” ဝေါဟာရ​က အဓိပ္ပာယ်​သက်ရောက်​စေသည့်​အတိုင်း ဤသို့​လှူဒါန်း​သော​နည်း​များ​ကို ပြု​ရာ​တွင် လှူဒါန်း​သူ​ဘက်​မှ ကြိုတင်​စီစဉ်​ထားမှု​အချို့ လိုအပ်​ပေမည်။ လှူဒါန်း​ရန်​စီစဉ်​ထား​သည့် နည်း​တစ်မျိုး​မျိုး​ဖြင့် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​ကို အကျိုးပြု​ရန် ဆန္ဒရှိ​သူများ​အတွက် အကူအညီ​ဖြစ်​ဖို့ ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို အကျိုးပြု​ဖို့ လှူဒါန်း​ရန် စီစဉ်​ထားခြင်း ဟု ခေါင်းစဉ်​တပ်ထား​သည့် အင်္ဂလိပ်​နှင့် စပိန်​ဘာသာ​တို့​ဖြင့် ဘရိုရှာ​ကို အသင်းမ​က ပြင်ဆင်​ပြီး​ခဲ့ပြီ။ မေတ္တာဖြင့်​လွှဲအပ်​သော​ပစ္စည်း​များ​ကို ယခု သို့​မဟုတ် သေတမ်းစာ​ဖြင့် ပေးအပ်​သည့်​နည်း​အမျိုးမျိုးကို ဖော်​ပြပေး​ရန် ဤ​ဘရိုရှာ​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်။ ဤ​ဘရိုရှာ​ကို​ဖတ်ရှု​ပြီး ဥပဒေ​အရ သို့​မဟုတ် အခွန်​အရ အကြံပေး​သူများ​နှင့် ဆွေးနွေး​ပြီး​နောက် ကမ္ဘာချီ​ယေဟောဝါသက်သေ​များ​၏ ဘာသာရေး​နှင့် လူမှုရေး​ရာ​များ​ကို ကူညီ​ထောက်ပံ့​ပေး​နိုင်​သူများစွာ​ရှိခဲ့​ပြီး တစ်ချိန်တည်း​တွင် အခွန်​ကင်းလွတ်ခွင့် တိုး၍​ရရှိစေ​ခဲ့​ကြ​ပါ​သည်။ ၎င်း​ဘရိုရှာ​ကို လှူဒါန်းခြင်း​ဆိုင်ရာ​စီမံ​ဌာန​မှ တိုက်ရိုက် တောင်းယူ​နိုင်​ပေမည်။

ထပ်ဆင့်​သိ​လိုလျှင် အောက်​ဖော်ပြ​ပါ​လိပ်စာ​ရှိ လှူဒါန်းခြင်း​ဆိုင်ရာ​စီမံ​ဌာန​သို့ စာ​ဖြင့်​ဖြစ်စေ၊ တယ်လီဖုန်း​ဖြင့်​ဖြစ်စေ သို့​မဟုတ် သင့်​နိုင်ငံ​ရှိ​လုပ်ငန်း​ကို စီမံကွပ်ကဲ​သော ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​သို့ ဆက်သွယ်​နိုင်​ပါ​သည်။

Charitable Planning Office

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive

Patterson, New York 12563-9204

Telephone: (845) 306-0707

[စာမျက်နှာ​ပါ ၁၈ ရုပ်ပုံ]

ကျွန်ုပ်​တို့၏ စည်းလုံးစွာ​လုပ်ဆောင်မှု​ကြောင့် ကမ္ဘာ​တစ်ဝန်း​တွင် လှပသော​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်​နိုင်​ကြ

[စာမျက်နှာ​ပါ ၁၈ ရုပ်ပုံ]

ဂါနာ​နိုင်ငံ​မှ ဘုရားသခင့် နိုင်ငံတော်​ခန်းမ​အသစ်