မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြင့်မြတ်သောအစည်းအဝေးများကို ရိုသေလေးစားကြောင်း တင်ပြခြင်း

မြင့်မြတ်သောအစည်းအဝေးများကို ရိုသေလေးစားကြောင်း တင်ပြခြင်း

မြင့်မြတ်​သော​အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း တင်ပြခြင်း

‘ငါ​၏​သန့်ရှင်းသော​တောင်​သို့ သူတို့ကို ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်းရာ​အိမ်​၌ ဝမ်းမြောက်​စေမည်။’ —ဟေရှာယ ၅၆:၇

၁။ စည်းဝေး​သည့်​နေရာများ​ကို ရိုသေ​လေးစားရန် အဘယ်​အကြောင်းရင်း​များ ကျမ်းစာ​တွင်​ရှိ​သနည်း။

ယေဟောဝါ​သည် မိမိ​လူမျိုး​ဖြစ်သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့​အပေါင်းပါများ​ကို “သန့်ရှင်းသော​တောင်” တွင် ဝတ်ပြု​ရန် စုသိမ်း​ခဲ့​ပေ​ပြီ။ “လူအမျိုးမျိုး​ဆုတောင်းရာ​အိမ်” ဖြစ်သော မိမိ၏ ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်တွင် သူတို့ကို​ဝမ်းမြောက်​စေ​သည်။ (ဟေရှာယ ၅၆:၇; မာကု ၁၁:၁၇) အဆိုပါ​ဖြစ်ရပ်​များ​က ယေဟောဝါ​၏​ဝတ်ပြုရေးသည် သန့်ရှင်း​စင်ကြယ်​မြင့်မြတ်​ကြောင်း ဖော်ပြ​သည်။ ကျွန်ုပ်​တို့သည် လေ့လာ​သင်ယူ​ရန်​နှင့် ဝတ်ပြု​ရန် စုဝေး​သည့်​နေရာများ​ကို ရိုသေ​လေးစားခြင်း​ဖြင့် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြောင်း တင်ပြ​ကြသည်။

၂။ ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြု​ရန် ရွေးချယ်​ထားသော​နေရာကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု ယူမှတ်​ကြောင်း အဘယ်အရာက​ဖော်ပြ​သနည်း။ ယေရှုလည်း ထိုသို့​ယူမှတ်​ကြောင်း မည်သို့​ပြသ​ခဲ့​သနည်း။

ရှေး​ဣသရေလ​နိုင်ငံ​တွင် မိမိ​အား​ဝတ်ပြု​ရန် ယေဟောဝါ​ရွေးချယ်သော​နေရာကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု ယူမှတ်​ရသည်။ တဲ​တော်​နှင့် ယင်း​၏​အသုံးအဆောင်​ပစ္စည်း​များ​ကို “အလွန်​သန့်ရှင်း​စေခြင်း​ငှာ” နံ့သာ​ဆီ​လိမ်း​ပြီး သန့်ရှင်း​စေ​ရသည်။ (ထွက်မြောက်ရာ ၃၀:၂၆-၂၉) သန့်ရှင်း​ရာ​ဌာန​မှ အခန်း​နှစ်ခန်း​ကို “သန့်ရှင်းသော​အခန်း” နှင့် “အသန့်ရှင်းဆုံး​အခန်း” ဟု​ခေါ်​သည်။ (ဟေဗြဲ ၉:၂၊ ၃က​ဘ) နောက်ပိုင်း​တွင် တဲ​တော်​ကို ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်​နှင့် အစားထိုး​ခဲ့​သည်။ ယေဟောဝါ​ဝတ်ပြုရေး​၏ ဗဟို​ဖြစ်သော​ကြောင့် ယေရုရှလင်​မြို့ကို “သန့်ရှင်းသော​မြို့” ဟု​ခေါ်​သည်။ (နေဟမိ ၁၁:၁; မဿဲ ၂၇:၅၃) ယေရှုသည် မြေကြီးပေါ် အမှုဆောင်​စဉ်​ကာလ​အတွင်း ဝတ်ပြုရာ​အိမ်တော်ကို ရိုသေ​လေးစားမှု တင်ပြ​ခဲ့​သည်။ လူတို့သည် ဝတ်ပြုရာ​အိမ်တော်​ရင်ပြင်ကို စီးပွားရေး​နှင့်​ဖြတ်လမ်း​အဖြစ် အသုံးပြုခြင်း​ဖြင့် မလေးစား​သော​သဘော​တင်ပြ​ကြ​ရာ သူတို့ကို ကိုယ်တော်​အမျက်ထွက်​ခဲ့​သည်။—မာကု ၁၁:၁၅၊ ၁၆

၃။ ဣသရေလလူ​တို့၏​စုဝေးမှု​များသည် သန့်ရှင်း​မြင့်မြတ်​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

ဣသရေလလူ​မျိုး​များသည် ယေဟောဝါ​အား ဝတ်ပြု​ရန်​နှင့် ကိုယ်တော့်​ပညတ်တော်​ဖတ်ရှုခြင်း​ကို နားထောင်​ရန် မှန်မှန်​စုဝေး​ကြ​ရသည်။ သူတို့၏​ပွဲတော်​ရက်​အချို့​ကို သန့်ရှင်းသော​စည်းဝေးပွဲ​များ သို့​မဟုတ် ဂုဏ်​သိက္ခာ​ရှိသော စုဝေးမှု​များ​ဟု​ခေါ်​ခြင်း​က ယင်း​တို့၏ မြင့်မြတ်မှု​ကို​ဖော်ပြ​သည်။ (ဝတ်ပြုရာ ၂၃:၂၊ ၃၊ ၃၆၊ ၃၇က​ဘ) ဧဇရ​နှင့်​နေဟမိ​ခေတ် လူထု​စည်းဝေးပွဲ​တစ်ခု​တွင် လေဝိ​သားများ​က “လူများ​တို့အား ပညတ္တိကျမ်း​စာ​အနက်​ကို ပြန်ကြား​ကြ​၏။” “လူအပေါင်း​တို့သည် ပညတ္တိကျမ်း​စကား​ကို​ကြား​သောအခါ ငိုကြွေး​ကြသည်​ဖြစ်၍” လေဝိ​သားများ​က ‘ဤ​သည်​နေ့ရက်​သည် သင်တို့၏​ဘုရားသခင်​အဖို့ သန့်ရှင်းသော​နေ့​ဖြစ်၏။ ငိုကြွေး​မြည်တမ်း​ခြင်း​ကို​မပြု​ကြ​နှင့်’ ဟု​ပြော​ကြသည်။ ထို့နောက် ဣသရေလလူ​တို့သည် “အလွန်​ဝမ်းမြောက်” သော​စိတ်​နှင့် သကေနေပွဲ​ကို ခု​နစ်​ရက်​ပတ်လုံး​ကျင်းပ​ကြသည်။ ထို့​ပြင် ‘ပထမ​နေ့​မှ​စ၍ နောက်ဆုံးသော​နေ့​တိုင်အောင် နေ့ရက်​အစဉ်​အတိုင်း ဘုရားသခင်​၏​ပညတ္တိကျမ်း​စာ​ကို ဖတ်ရွတ်​ကြ​၏။ ထို​ပွဲ​ကို ခု​နစ်​ရက်​ပတ်လုံး​ခံ​ကြ​၏။ ရှစ်​ရက်​မြောက်​သော​နေ့၌ တရားတော်​အတိုင်း ပွဲ​ကိုလည်း​ခံ​ကြ​၏။’ (နေဟမိ ၈:၇-၁၁၊ ၁၇၊ ၁၈) ယင်း​တို့သည် တက်ရောက်​သူများ အလေးထား​အပ်​သည့် အလွန်​သန့်ရှင်း​မြင့်မြတ်​သော အခါသမယ​များ ဖြစ်​ပေ​သည်။

ကျွန်ုပ်​တို့၏​အစည်းအဝေး​များ သန့်ရှင်း​မြင့်မြတ်

၄၊ ၅။ အစည်းအဝေး​များ​၏ အဘယ်​အသွင်အပြင်​များသည် သန့်ရှင်း​မြင့်မြတ်​ကြောင်း ထင်ရှား​သနည်း။

ယနေ့ ယေဟောဝါ​၏​ဝတ်ပြုရေး​အတွက် အပ်နှံ​ထားသော အိမ်တော်​တည်ရှိရာ သန့်ရှင်းသော​မြို့ မြေကြီးပေါ်​တွင်​မရှိ​သည်​မှာ မှန်ပါသည်။ သို့သော် ယေဟောဝါ​အား​ဝတ်ပြု​သော အစည်းအဝေး​များသည် သန့်ရှင်း​မြင့်မြတ်​ကြောင်း မမေ့​သင့်​ပေ။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​ရန် တစ်ပတ်​လျှင် သုံးကြိမ်​စည်းဝေး​ကြသည်။ ထို​တွင် နေဟမိ​ခေတ်​က​ကဲ့သို့ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို “သေချာ​စွာ​ဖတ်ရွတ်​၍ အနက်​ကို​ပြန်” သည်။ (နေဟမိ ၈:၈) ကျွန်ုပ်​တို့၏​အစည်းအဝေး​အားလုံး​ကို ဆုတောင်းခြင်း​ဖြင့် ဖွင့်​ပိတ်​ပြီး အများစု​တွင် ယေဟောဝါ​အား​ချီးမွမ်း​သီချင်းများ သီဆို​ကြသည်။ (ဆာလံ ၂၆:၁၂) အသင်းတော်​အစည်းအဝေး​များသည် အမှန်ပင် ဝတ်ပြုရေး​၏​အစိတ်အပိုင်း​ဖြစ်​ပြီး ကျွန်ုပ်​တို့​ဘက်​မှ ကြည်ညို​လေးမြတ်​သော​သဘော​နှင့် ရိုသေ​လေးစား​စွာ​အာရုံစိုက်​ဖို့​လိုအပ်​သည်။

ယေဟောဝါ​သည် မိမိလူ​များ မိမိ​အား ဝတ်ပြု​ရန်၊ နှုတ်မြွက်တော်​ကို​လေ့လာ​ရန်၊ ခရစ်ယာန်​ချင်း​များနှင့် ပျော်ရွှင်စွာ​ပေါင်းသင်း​ရန် အတူတကွ​စည်းဝေး​ကြ​ခြင်း​ကို ကောင်းချီး​ပေး​တော်​မူ​သည်။ ဝတ်ပြု​စည်းဝေးချိန်​တွင် ယေဟောဝါ​သည် “ကောင်းချီး​မင်္ဂလာ​ကို စီရင်တော်မူ” ကြောင်း ယုံကြည်​စိတ်ချ​နိုင်​သည်။ (ဆာလံ ၁၃၃:၁၊) ထို​တွင် ကျွန်ုပ်​တို့​ရောက်ရှိ​နေပြီး ဝိညာဉ်​ရေး​အစီအစဉ်ကို အာရုံစိုက်​မည်​ဆိုပါ​က ထို​ကောင်းချီး​များ​ရရှိနိုင်​သည်။ ထို့​ပြင် ယေရှု​ဤသို့​ဆို​သည်– “အ​ကြင်​အရပ်၌ လူ​နှစ်ဦး​သုံးဦး​တို့သည် ငါ​၏​နာမကို​ထောက်၍ စည်းဝေး​ကြ​၏။ ထို​အရပ်၌ သူတို့​အလယ်မှာ​ငါ​ရှိသည်။” ရှေ့နောက်စကား​အရ ယင်းသည် ခရစ်ယာန်​အချင်းချင်း​စပ်ကြား ပေါ်ပေါက်​လာသော ကြီး​လေး​သည့်​ကိစ္စ​များ​ကို ကိုင်တွယ်​ရန် စည်းဝေး​ကြသော အကြီးအကဲ​များနှင့်​သက်ဆိုင်​သော်လည်း ကျွန်ုပ်​တို့၏​အစည်းအဝေးများနှင့်​လည်း မူ​အရ သက်ဆိုင်​ပါ​သည်။ (မဿဲ ၁၈:၂၀) ခရစ်ယာန်​များသည် ခရစ်တော်​၏​နာမကို​ထောက်၍ စည်းဝေး​ကြသောအခါ သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကိုယ်တော်​ရောက်ရှိ​နေသော​ကြောင့် ထို​စုဝေးမှု​ကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု မ​ရှုမြင်​သင့်​ပေ​လော။

၆။ အစည်းအဝေး​များ​ကျင်းပ​ရာ အဆောက်အအုံ​ကြီးငယ်မဟူ​နှင့်​ပတ်သက်​၍ အဘယ်အရာ​ဆိုနိုင်​သနည်း။

ယေဟောဝါ​သည် လူ​လက်​ဖြင့်​လုပ်သော ဝတ်ပြုရာ​အိမ်များတွင် မ​ကျိန်းဝပ်​သည်​မှာ မှန်ပါသည်။ သို့သော် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များသည် စစ်မှန်သော​ဝတ်ပြုရေး​နေရာများ​ဖြစ်သည်။ (တမန်​တော် ၇:၄၈; ၁၇:၂၄) ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို​လေ့လာ​ရန်၊ ကိုယ်တော့်​ထံ​ဆုတောင်း​ရန်​နှင့် ချီးမွမ်း​သီချင်းဆို​ရန် ထို​နေရာတွင် ကျွန်ုပ်​တို့​စည်းဝေး​ကြသည်။ စည်းဝေးပွဲ​ခန်းမ​များ​တွင်​လည်း အလားတူ​ပင်။ ခန်းမ​များ၊ ပြဇာတ်ရုံ​များ၊ အားကစားရုံ​များ​စ​သော အဆောက်အအုံ​ကြီး​များ​ကို ကျွန်ုပ်​တို့၏​အထွတ်အမြတ်​စုဝေးမှု​များ​အတွက် ငှား​ရမ်း​အသုံးပြု​စဉ် ယင်း​တို့သည်​လည်း ဝတ်ပြုရာနေရာများ​ဖြစ်လာ​သည်။ ထို​အခါသမယ​များ​ကို ရိုသေ​လေးစားထိုက်​ပြီး ယင်းသည် ကျွန်ုပ်​တို့၏​သဘောထား​နှင့် အပြု​အမူ​တို့​တွင် ပေါ်လွင်​သင့်​သည်။

အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း တင်ပြ​နိုင်​သည့်​နည်းလမ်းများ

၇။ အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း တင်ပြ​နိုင်​သည့် လက်တွေ့ကျ​နည်းလမ်းများ​ကား အဘယ်နည်း။

အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း တင်ပြ​နိုင်သော လက်တွေ့ကျ​နည်းလမ်းများ​ရှိသည်။ တစ်နည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​သီချင်းဆို​ရန် ထို​တွင်​ရောက်ရှိ​နေခြင်း​ဖြစ်သည်။ ထို​သီချင်း​အများစုကို ဆုတောင်း​စကား​များ​အဖြစ် သီကုံး​ထားသော​ကြောင့် ရိုသေ​လေးစား​စွာ သီဆို​သင့်​သည်။ ယေရှု​နှင့်​ပတ်သက်​၍ ဆာလံ အခန်းကြီး ၂၂ ကိုကိုး​ကား​လျက် တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “သတင်း​တော်​ကို အကျွန်ုပ်​ညီအစ်ကို​တို့အား အကျွန်ုပ်​ကြား​ပြောပါ​မည်။ ပရိသတ်​အလယ်မှာ ကိုယ်တော်​ကို​ချီးမွမ်း​၍ သီချင်း​ဆိုပါ​မည်။” (ဟေဗြဲ ၂:၁၂) ထို့​ကြောင့် သီချင်းဆို​ရန် သဘာပတိ မပြော​မီ ကျွန်ုပ်​တို့သည် ထိုင်ခုံများ​တွင် ရှိနေ​သင့်​ပြီး စာသား​များ​၏​အဓိပ္ပာယ်​ကို အာရုံ​စူးစိုက်​သီဆို​သင့်​သည်။ ကျွန်ုပ်​တို့၏​သီဆိုမှု​သည် ဤသို့​ရေးသားခဲ့​သော ဆာလံဆရာ​၏​ခံစားချက်​ကို ထင်ဟပ်​နိုင်​ပါစေ– ‘ငါသည် ဖြောင့်မတ်​သော​သူတို့၏ အစည်းအဝေး​၌​လည်းကောင်း၊ ပရိသတ်​၌​လည်းကောင်း ထာဝရ​ဘုရားသခင်​၏​ဂုဏ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်။’ (ဆာလံ ၁၁၁:၁) မှန်ပါသည်၊ ယေဟောဝါ​ကို​ချီးမွမ်း​သီချင်းဆို​ရန် အစည်းအဝေး​များ​သို့ စောစော​ရောက်​ပြီး ပြီး​သည်​အထိ​ရှိနေ​သင့်​သည်။

၈။ အစည်းအဝေး​များ​တွင် ဆုတောင်းချက်​များ​ကို ရိုသေ​လေးစား​စွာ​အာရုံစိုက်​သင့်​ကြောင်း အဘယ်​ကျမ်းစာ​နမူနာ​က ဖော်ပြ​သနည်း။

အစည်းအဝေး​အားလုံး​ကို ဝိညာဉ်​ရေး​အရ ပို​ကြွယ်ဝ​စေသည့် နောက်​အသွင်အပြင်​တစ်ခု​မှာ စည်းဝေး​လာ​သူအား​လုံး​ကိုယ်စား နှလုံးပါပါ​တောင်းလျှောက်​သော ဆုတောင်းချက်​များ​ဖြစ်သည်။ တစ်ကြိမ်​တွင် ပထမ​ရာစု​ခရစ်ယာန်​များသည် ယေရုရှလင်​မြို့၌ စုဝေး​ပြီး “တညီတညွတ်​တည်း ဘုရားသခင့်​ထံ​သို့​အသံကို​လွှင့်” လျက် စိတ်​ထက်သန်​စွာ​ဆုတောင်း​ကြသည်။ ရလဒ်​အနေ​နှင့် သူတို့သည် နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြား​မှ ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​ကို ရဲရင့်စွာ​ဟောပြောကြ​၏။’ (တမန်​တော် ၄:၂၄-၃၁) ထိုသို့​ဆုတောင်း​နေစဉ် တစ်ဦးဦး​သည် အာရုံ​ပျံ့လွင့်​နေသည်​ဟု သင်​ထင်​သလော။ ဝေးလေစွ။ သူတို့သည် “တညီတညွတ်​တည်း” ဆုတောင်း​ခဲ့​ကြသည်။ အစည်းအဝေး​များ​တွင် တောင်းလျှောက်​သော ဆုတောင်းချက်​များသည် တက်ရောက်သူ​အားလုံး​၏ ခံစားချက်​များ​ကို ထင်ဟပ်​သည်။ ယင်း​တို့ကို ရိုသေ​လေးစား​စွာ အာရုံစိုက်​သင့်​သည်။

၉။ ကျွန်ုပ်​တို့၏​ဝတ်စား​ဆင်ယင်​မှု​နှင့် အပြုအမူအားဖြင့် အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

ထို့​ပြင် ဝတ်စား​ဖြီးလိမ်းပုံ​အားဖြင့်လည်း အစည်းအဝေး​များ​၏ သန့်ရှင်း​မြင့်မြတ်မှု​ကို မည်မျှ​နက်ရှိုင်း​စွာ​လေးစားကြောင်း ဖော်ပြ​နိုင်​သည်။ အဝတ်အစား​နှင့်​ဆံပင်ပုံစံ​သည် အစည်းအဝေး​များ​ကို များစွာ​ဂုဏ်​သိက္ခာ​တက်​စေနိုင်​သည်။ တမန်​တော်​ပေါလု ဤသို့​ဆုံးမ​ခဲ့​သည်– “အရပ်ရပ်​တို့​၌​ယောက်ျား​တို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း​မရှိဘဲ သန့်ရှင်းသော​လက်ကို​ချီ​၍ ဆုတောင်း​စေခြင်း​ငှာ ငါ​အလိုရှိ၏။ ထို​နည်းတူ မိန်းမ​တို့သည် ကျစ်​သော​ဆံပင်၊ ရွှေ​တန်ဆာ၊ ကျောက်​ပုလဲ၊ အဖိုးထိုက်​သော​အဝတ်​နှင့် ကိုယ်ကို​မဆင်​ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း​အားဖြင့် လျောက်ပတ်​သော​အဝတ်​နှင့်​လည်းကောင်း၊ ဘုရားသခင်​အား ရိုသေ​လေးမြတ်ခြင်းကို ဝန်ခံ​ပြုစု​သော​မိန်းမ​ဆင်​သင့်​သည်​အတိုင်း ကောင်းသော​အကျင့်​နှင့်​လည်းကောင်း ကိုယ်ကို​တန်ဆာဆင်​စေခြင်း​ငှာ ငါ​အလိုရှိ၏။” (၁ တိမောသေ ၂:၈-၁၀) အမိုး​ဖွင့်​အားကစားရုံ​ကြီး​များ​တွင် ကျင်းပ​သော​စည်းဝေးပွဲ​ကြီး​များ တက်ရောက်​သောအခါ ကျွန်ုပ်​တို့၏​ဝတ်စား​ဆင်ယင်​မှု​သည် ရာသီဥတု​အခြေအနေ​နှင့် ကိုက်ညီ​ဖို့​လို​သော်လည်း ဂုဏ်​သိက္ခာ​ရှိ​သင့်​သည်။ ထို့​ပြင် ထို​အခါသမယ​ကို လေးစား​မည်​ဆိုလျှင် စည်းဝေး​ကျင်းပ​စဉ် အစာ​စားခြင်း၊ ပီကေ​ဝါး​ခြင်း​တို့ ပြုလုပ်​မည်​မဟုတ်ပေ။ အစည်းအဝေး​များ​တွင် သင့်တော်​သော​ဝတ်စား​ဆင်ယင်​မှု​နှင့် အပြု​အမူ​တို့အား​ဖြင့် ယေဟောဝါ​ဘုရားသခင်၊ ကိုယ်တော့်​ဝတ်ပြုရေး​နှင့် ကျွန်ုပ်​တို့၏​ဝတ်ပြုသူချင်း​တို့ကို ဂုဏ်တင်​နိုင်​သည်။

ဘုရားသခင့်​အိမ်တော်​နှင့် ထိုက်တန်​သော အမူအကျင့်

၁၀။ ခရစ်ယာန်​အစည်းအဝေး​များ​တွင် အမူအကျင့်ကောင်း​တင်ပြ​သင့်​ကြောင်း တမန်​တော်​ပေါလု မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၀ ခရစ်ယာန်​အစည်းအဝေး​များ​၌ မည်သို့​ကျင့်ကြံ​သင့်​ကြောင်း တမန်​တော်​ပေါလု​၏ ပညာရှိ​အကြံဉာဏ်​ကို ၁ ကောရိန္သု အခန်းကြီး ၁၄ တွင် တွေ့ရ​သည်။ သူ​ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “ခပ်သိမ်း​သော​အမှုကို တင့်တယ်​လျောက်ပတ်​စွာ အစဉ်​အတိုင်း​စီရင်​ကြလော့။” (၁ ကောရိန္သု ၁၄:၄၀) ကျွန်ုပ်​တို့၏​အစည်းအဝေး​များသည် ခရစ်ယာန်​အသင်းတော်​လုပ်ဆောင်မှုများ​တွင် အရေးပါသော​ကဏ္ဍ​တစ်ရပ်​ဖြစ်​ပြီး ယေဟောဝါ​၏​အိမ်တော်​နှင့် ထိုက်တန်​သော​အမူအကျင့်​တင်ပြ​ရန် လိုအပ်​သည်။

၁၁၊ ၁၂။ (က) အစည်းအဝေး​တက်​သော ကလေး​များ​၏​စိတ်​တွင် အဘယ်အရာကို စွဲမှတ်စေ​ရမည်​နည်း။ (ခ) ကလေး​များသည် အစည်းအဝေး​များ​တွင် မိမိတို့​ယုံကြည်ခြင်းကို မည်သည့်​နည်းဖြင့် တင်ပြ​နိုင်​သနည်း။

၁၁ အထူးသဖြင့် အစည်းအဝေး​များ​တွင် မည်သို့​ကျင့်ကြံ​သင့်​ကြောင်း သားသမီး​များ​ကို သင်ကြား​ပေး​ရန် လိုအပ်​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​နှင့် စာအုပ်ကြီး​သင်တန်း ကျင်းပ​ရာ​နေရာ​သည် ကစား​ရမည့်​နေရာ​မဟုတ်​ကြောင်း ခရစ်ယာန်​မိဘများသည် မိမိတို့​သားသမီး​များ​ကို ရှင်းပြ​ထား​သင့်​သည်။ ယင်း​တို့သည် ယေဟောဝါ​အား​ဝတ်ပြု​ပြီး ကိုယ်တော့်​နှုတ်မြွက်တော်​ကို​လေ့လာ​သော နေရာများ​ဖြစ်သည်။ ပညာရှိ​ဘုရင်​ရှောလမုန် ဤသို့​ရေးခဲ့​သည်– “ဘုရားသခင့်​အိမ်တော်​သို့​သွားသော​အခါ သင့်​ခြေ​တို့ကို​စောင့်​လော့။ . . . တရား​နာ​ခြင်း​အမှုကို သာ၍​ကြိုးစား​လော့။” (ဒေ. ၅:၁) မောရှေ​သည် ဣသရေလ​လူမျိုး လူကြီး​များနှင့် “သူငယ်” တို့ကို အတူတကွ​စုရုံး​ရန် ပြော​ခဲ့​သည်။ သူ​ဤသို့​ဆို​သည်– ‘သူတို့သည် ကြား​နားလည်​သဖြင့် သင်တို့၏​ဘုရားသခင် ယေဟောဝါ​ကို​ကြောက်ရွံ့​၍ ဤ​ပညတ်တရား​စကား​အလုံးစုံ​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ပရိသတ်​တို့ကို​စုဝေး​စေ​ကြလော့။ ထို​သို့ပြုလျှင် နားမလည်​သေး​သော​သူငယ်​တို့သည် ကြား သဖြင့် . . . သင်တို့​ဘုရားသခင်​ယေဟောဝါ​ကို ကြောက်ရွံ့​စေခြင်း​ငှာ​သင်​ကြလိမ့်မည်။’—တရားဟောရာ ၃၁:၁၂၊ ၁၃

၁၂ ယနေ့လည်း ထို​နည်းတူ​ပင်။ ကလေး​များသည် အဓိက​အားဖြင့် နားထောင်​ရန်​နှင့် သင်ယူ​ရန် မိဘများနှင့်​အတူ အစည်းအဝေး​တက်ရောက်​ကြ​ခြင်း​ဖြစ်၏။ အာရုံစိုက်​နားထောင်​နိုင်​ပြီး အခြေခံ​ကျမ်းစာ​အမှန်တရား​များ​ကို နားလည်​နိုင်သော​အရွယ်ရောက်​သည်​နှင့် မှတ်ချက်တို​များ​ပေးခြင်း​ဖြင့် မိမိတို့၏​ယုံကြည်ခြင်းကို “နှုတ်ဖြင့်​ဝန်ခံ” နိုင်​ကြသည်။ (ရောမ ၁၀:၁၁) ကလေးငယ်​တစ်ဦး​သည် သူ​နားလည်​သော​မေးခွန်း​၏​အဖြေကို တစ်ခွန်း​နှစ်​ခွန်း​ပြော​ခြင်း​ဖြင့် အစပြု​နိုင်​သည်။ ပထမ​ပိုင်း​တွင် အဖြေကို​ဖတ်ပြ​ပေမည်။ သို့သော် တဖြည်းဖြည်း ကိုယ်ပိုင်​စကား​ဖြင့် အဖြေပေး​ပေမည်။ ယင်းသည် ကလေး​အတွက် အကျိုးရှိ​ပြီး ပျော်ရွှင်စရာ​ဖြစ်သည့်​ပြင် ယုံကြည်ခြင်းကို ထိုသို့​စိတ်လို​ကိုယ်​လျောက်​ထုတ်ပြော​ခြင်း​က တက်ရောက်​လာ​သူ​လူကြီး​များ​ကို ကြည်နူး​စေ​သည်။ အမှန်​မှာ မိဘများ​ကိုယ်တိုင် မှတ်ချက်​ပေးခြင်း​ဖြင့် ပုံသက်သေ​ပြ​ကြသည်။ ဖြစ်​နိုင်​မည်​ဆိုပါ​က ကလေး​များ​တွင် ကိုယ်ပိုင်​ကျမ်းစာ၊ သီချင်း​စာအုပ်၊ လေ့လာ​နေသော​စာပေ​ရှိလျှင် ကောင်း​ပါ​သည်။ ယင်း​စာပေ​များ​ကို ရိုရိုသေသေ​ကိုင်တွယ်​ရန် သင်ပေး​သင့်​သည်။ ယင်း​တို့အားလုံး​က အစည်းအဝေး​များသည် မြင့်မြတ်​ကြောင်း ကလေးငယ်​၏​စိတ်ထဲ စွဲမှတ်စေ​ပေမည်။

၁၃။ အစည်းအဝေး​များ​ကို ပထမ​အကြိမ်​တက်ရောက်သူ​ထံ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​မျှော်လင့်​သနည်း။

၁၃ ကျွန်ုပ်​တို့၏​အစည်းအဝေး​များ​ကို ခရစ်ယာန်ဘောင်​၏ ဝတ်ပြု​ဆုတောင်းပွဲ​များနှင့် မတူ​စေ​လို​ကြ​ပေ။ ထို​ဝတ်ပြု​ဆုတောင်းပွဲ​များသည် အေး​တိ​အေးစက်​နှင့် ဟိတ်​ဟန်​ကြီးခြင်း သို့​မဟုတ် ရော့ခ်​ဂီတ​ပွဲ​များ​ကဲ့သို့ ဆူညံ​ပေါက်ကွဲခြင်း​လည်း​ဖြစ်​နိုင်​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ရှိ အစည်းအဝေး​များ​တွင် နွေးထွေး​ပျူ​ငှာ​မှု​ရှိ​သင့်​သော်လည်း မိတ်ဆုံပွဲ​များ​ကဲ့သို့ မဖြစ်​သင့်​ပေ။ ယေဟောဝါ​ကို​ဝတ်ပြု​ရန် စုဝေး​ကြ​ခြင်း​ဖြစ်သော​ကြောင့် အစည်းအဝေး​များသည် အစဉ်​ဂုဏ်​သိက္ခာ​ရှိ​သင့်​သည်။ ကျွန်ုပ်​တို့၏​ဆန္ဒ​မှာ အစည်းအဝေး​ကို ပထမ​အကြိမ်​တက်ရောက်သူ​သည် တင်ဆက်​နေသော​အကြောင်းအရာကို နားထောင်ပြီး​နောက်၊ ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် ကလေး​များ​၏​အပြုအမူကို မြင်ပြီး​နောက် “ဘုရားသခင်​သည် သူတို့တွင် အမှန်​ရှိ​တော်​မူ​သည်” ဟု​ပြောဆို​စေရန်​ဖြစ်သည်။—၁ ကောရိန္သု ၁၄:၂၅

ဝတ်ပြုရေး​၏ တည်မြဲသော​ကဏ္ဍ​တစ်ရပ်

၁၄၊ ၁၅။ (က) ကျွန်ုပ်​တို့သည် ‘ဘုရားသခင်​၏​အိမ်တော်ကို စွန့်ပစ်’ မထား​မိ​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (ခ) ဟေရှာယ ၆၆:၂၃ သည် မည်သို့ ပြည့်စုံ​နေသနည်း။

၁၄ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သကဲ့သို့ ယေဟောဝါ​သည် မိမိလူ​များ​ကို​စုသိမ်း​လျက်​ရှိပြီး မိမိ၏ “ဆုတောင်းရာ​အိမ်” ၌​ဝမ်းမြောက်နေ​စေ​သည်။ (ဟေရှာယ ၅၆:၇) သစ္စာရှိ​ကျေးကျွန်​နေဟမိ​သည် ပကတိ​ဝတ်ပြုရာ​အိမ်တော်ကို ရုပ်ပစ္စည်း​များ​ထောက်ပံ့ခြင်း​ဖြင့် တော်​သင့်​သော​ရိုသေ​လေးစားမှု​တင်ပြ​ရန် ဂျူး​လူမျိုးများ​ကို သတိပေး​ခဲ့​သည်။ သူ​ဤသို့​ဆို​သည်– “ငါ​တို့​ဘုရားသခင်​၏​အိမ်တော်ကို ငါ​တို့သည် စွန့်ပစ်​၍​မထား​ရ​ကြ။” (နေဟမိ ၁၀:၃၉) ထို့​ပြင် မိမိ၏ “ဆုတောင်းရာ​အိမ်” တွင် ဝတ်ပြု​ရန် ယေဟောဝါ​၏​ဖိတ်ခေါ်ချက်​ကိုလည်း လျစ်လျူ​မ​ရှု​သင့်​ပေ။

၁၅ ဝတ်ပြု​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ရန် လိုအပ်မှု​နှင့်​ပတ်သက်​၍ ဟေရှာယ ဤသို့​ပရောဖက်ပြု​ခဲ့​သည်– ‘လူသတ္တဝါ​အပေါင်းတို့သည် ငါ့​ရှေ့မှာ​ကိုးကွယ်​ခြင်း​ငှာ လဆန်းနေ့​နှင့် ဥပုသ်​နေ့​အစဉ်​အတိုင်း လာ​ကြလိမ့်မည်​ဟု ထာဝရ​ဘုရားသခင်​မိန့်တော်မူ၏။’ (ဟေရှာယ ၆၆:၂၃) ယနေ့ ထို​အတိုင်း​ဖြစ်ပျက်​လျက်​ရှိသည်။ အပ်နှံ​ထားသော​ခရစ်ယာန်​များသည် ယေဟောဝါ​ကို​အတူတကွ​ဝတ်ပြု​ရန် လစဉ်၊ အပတ်စဉ် မှန်မှန်​လာ​လျက်​ရှိသည်။ သူတို့သည် အခြား​လုပ်ဆောင်မှုများ​အပြင် အစည်းအဝေး​များ တက်ရောက်ခြင်း​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်ခြင်း​ဖြင့် ထိုသို့​ပြုလုပ်​နေကြ​သည်။ ‘ယေဟောဝါ​ရှေ့​ကိုးကွယ်​ခြင်း​ငှာ’ မှန်မှန် ‘လာ​ကြ’ သူများ​ထဲ​တွင် သင်​ပါဝင်​သလော။

၁၆။ အစည်းအဝေး​များ​ကို ပုံမှန်​တက်ရောက်ခြင်း​သည် ယခု​ပင် ကျွန်ုပ်​တို့​အသက်တာ​၏ တည်မြဲသော​ကဏ္ဍ​တစ်ရပ် အဘယ်ကြောင့်​ဖြစ်​သင့်​သနည်း။

၁၆ ဟေရှာယ ၆၆:၂၃ သည် ယေဟောဝါ​ကတိ​ထား​တော်​မူ​သော ကမ္ဘာသစ်​အသက်တာတွင် အပြည့်အဝ​ပြည့်စုံ​ပေမည်။ ထို​အချိန်တွင် “လူသတ္တဝါ​အပေါင်းတို့သည်” ယေဟောဝါ “ရှေ့မှာ​ကိုးကွယ်” ရန် ပကတိ​သဘော​အရ တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်လ​ပြီး​တစ်လ ထာဝစဉ် “လာ​ကြ” လိမ့်​မည်။ ယေဟောဝါ​ကို​ဝတ်ပြု​ရန် အတူတကွ​စည်းဝေး​ခြင်း​သည် စနစ်သစ်​ရှိ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အသက်တာတွင် တည်မြဲသော​ကဏ္ဍ​တစ်ရပ်​ဖြစ်နေ​မည်။ ထို့​ကြောင့် မြင့်မြတ်​သော​အစည်းအဝေး​များ ပုံမှန်​တက်ရောက်ခြင်း​ကို ယခု​ပင် ကျွန်ုပ်​တို့​ဘဝ၏ တည်မြဲသော​ကဏ္ဍ​တစ်ရပ် ဖြစ်စေ​သင့်​သည်မဟုတ်​လော။

၁၇။ “ကာလ​အချိန်​ရောက်လု​နီး” သည်​နှင့်​အမျှ အစည်းအဝေး​များ​ကို အဘယ်ကြောင့် သာ၍​လိုအပ်​သနည်း။

၁၇ အဆုံးနီးလာ​သည်​နှင့်​အမျှ ဝတ်ပြုရေး​အတွက် ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ရန် ယခင်​က​ထက် ပို​၍​စိတ်ပိုင်းဖြတ်​သင့်​သည်။ အစည်းအဝေး​များ​၏ သန့်ရှင်း​မြင့်မြတ်မှု​ကို ရိုသေ​လေးစား​သည့်​အတွက် လောက​အလုပ်၊ အိမ်စာ သို့​မဟုတ် ကျောင်း​ပညာရေး​တို့​ကြောင့် ယုံကြည်သူချင်း​များနှင့် ပုံမှန်​စည်းဝေး​ခြင်း​ကို ပျက်ကွက်​မည်​မဟုတ်ပေ။ ကျွန်ုပ်​တို့သည် အချင်းချင်း​ပေါင်းသင်း​ခြင်း​မှ ခွန်အား​ရရှိရန် လိုအပ်​သည်။ အသင်းတော်​အစည်းအဝေး​များသည် တစ်ဦး​ကိုတစ်​ဦး​ပို​သိကျွမ်းဖို့၊ အားပေး​တည်ဆောက်​ဖို့၊ ‘မေတ္တာ​စိတ်​ရှိစေရန်​နှင့် ကောင်းသော​အကျင့်ကို​ကျင့်​စေရန်’ အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ဖို့ အခွင့်အရေး​ရရှိစေ​သည်။ “ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် သာ၍​ကြိုးစား” ရန်လို​အပ်​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့​ကြောင့် ကျွန်ုပ်​တို့သည် အစည်းအဝေး​မှန်မှန်​တက်ရောက်ခြင်း၊ လျောက်ပတ်​စွာ​ဝတ်စား​ဆင်ယင်​ခြင်း​နှင့် အမူအကျင့်ကောင်း​တင်ပြခြင်း​တို့​ဖြင့် မြင့်မြတ်​သော​အစည်းအဝေး​များ​ကို ရိုသေ​လေးစားကြောင်း အစဉ်​တင်ပြ​နိုင်​ကြ​ပါစေ။ ထိုသို့​ပြုခြင်း​ဖြင့် သန့်ရှင်း​မြင့်မြတ်​သော​အရာများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြောင်း ကျွန်ုပ်​တို့​တင်ပြ​ကြသည်။

ပြန်လည်​သုံးသပ်ချက်

• ယေဟောဝါ​လူမျိုး၏ စုရုံးမှု​များ​ကို သန့်ရှင်း မြင့်မြတ်​သည်​ဟု ရှုမြင်​သင့်​ကြောင်း အဘယ် အရာ​က ဖော်ပြ​သနည်း။

• အစည်းအဝေး​များသည် သန့်ရှင်း​မြင့်မြတ်​ကြောင်း အဘယ်​အသွင်အပြင်​များ​က ဖော်ပြ​သနည်း။

• အစည်းအဝေး​များ​၏ မြင့်မြတ်မှု​ကို ရိုသေ​လေးစားကြောင်း ကလေး​များ​မည်သို့​တင်ပြ​နိုင်​သနည်း။

• အစည်းအဝေး​မှန်မှန်​တက်ရောက်ခြင်း​ကို ကျွန်ုပ်​တို့​အသက်တာ​၏ တည်မြဲသော​ကဏ္ဍ​တစ်ရပ် အဘယ်ကြောင့်​ဖြစ်စေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေဟောဝါ​ကို​ဝတ်ပြု​သော အစည်းအဝေး​များသည် မည်သည့်​နေရာတွင်​ကျင်းပ​ပါစေ သန့်ရှင်း​မြင့်မြတ်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ကလေး​များသည် နားထောင်​ရန်​နှင့်​သင်ယူ​ရန် အစည်းအဝေး​များ တက်ရောက်​ကြ