မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းမြင့်မြတ်သောအရာများနှင့်ပတ်သက်၍ ယေဟောဝါနည်းတူ သင်ရှုမြင်သလော

သန့်ရှင်းမြင့်မြတ်သောအရာများနှင့်ပတ်သက်၍ ယေဟောဝါနည်းတူ သင်ရှုမြင်သလော

သန့်ရှင်း​မြင့်မြတ်​သော​အရာများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ သင်​ရှုမြင်​သလော

‘မတရားသော​မေထုန်​၌​မှီဝဲ​သော​သူနှင့် ဘုရားသခင်​၏​မြင့်မြတ်​သော​အရာများ​ကို မရိုမသေ​ပြုသောသူ​မရှိစေ​ခြင်း​ငှာ သတိ​နှင့်​ကြည့်ရှု​ကြလော့။’—ဟေဗြဲ ၁၂:၁၆၊ က​ဘ။

၁။ ယနေ့ခေတ်​တွင် ပျံ့နှံ့​နေသော အဘယ်​သဘောထားမျိုး ယေဟောဝါ​၏​ကျေးကျွန်​များ​တွင် မရှိကြ​သနည်း။

လောကသား​အများစု​သည် သန့်ရှင်း​မြင့်မြတ်​သော​အရာများ​ကို ပို​၍​ပို​၍​လျစ်လျူရှု​လာ​နေကြ​သည်။ ပြင်သစ်​လူမှုဗေဒ​ပညာရှင် အက်​ဂါ​မော်​ရန် ဤသို့​ဆို​၏– “လူတို့သည် ဘုရားသခင်၊ သဘာဝတရား၊ အမိ​မြေ၊ သမိုင်းကြောင်း၊ ဆင်ခြင်တုံ​တရား​စ​သည့် ကိုယ်ကျင့်တရား​၏​အခြေခံ​အားလုံး​ကို သံသယ​ဖြစ်လာ​ကြသည်။ . . . သူတို့သည် မိမိတို့​စိတ်ကြိုက်​စံနှုန်း​များ​ကို ရွေးချယ်​ချမှတ်​နေကြ​သည်။” ယင်းက ‘လောက​ဝိညာဉ်’ သို့​မဟုတ် “ငြင်းဆန်​သော​သူတို့၌​ပြုပြင်​သော​ဝိညာဉ်” ကို​ထင်ဟပ်​နေခြင်း​ပင်​ဖြစ်သည်။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂) ယေဟောဝါ​ထံ​အပ်နှံ​ပြီး ကိုယ်တော်​၏​တော်မှန်​သော အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ကို လိုလိုလားလား​လက်အောက်ခံ​သူတို့​မူ အဆိုပါ​မထီလေးစား​ပြု​သည့်​စိတ်ထား​မျိုး​မရှိပေ။ (ရောမ ၁၂:၁၊ ၂) ယင်းအစား ဘုရားသခင်​၏​ကျေးကျွန်​များသည် ယေဟောဝါ​အား​ဝတ်ပြုရာ​တွင် သန့်ရှင်း​မြင့်မြတ်မှု​၏ အရေးပါသော​အခန်းကဏ္ဍကို သိမှတ်​နားလည်​ကြသည်။ ကျွန်ုပ်​တို့၏​အသက်တာတွင် အဘယ်အရာ​များသည် သန့်ရှင်း​မြင့်မြတ်​သော​အရာ ဖြစ်​သင့်​သနည်း။ ဤ​ဆောင်းပါး​တွင် ဘုရားသခင့်​ကျေးကျွန်​အားလုံး​က မြင့်မြတ်​သည်​ဟု​ယူဆ​သော ကဏ္ဍ​ငါး​ခု​ကို ဆွေးနွေး​ပါ​မည်။ ခရစ်ယာန်​အစည်းအဝေး​များ​၏ သန့်ရှင်း​မြင့်မြတ်မှု​ကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။ သို့သော် “သန့်ရှင်း​မြင့်မြတ်ခြင်း” ဟူသည် အမှန်တကယ် ဘာကို​ဆိုလို​သနည်း။

၂၊ ၃။ (က) သမ္မာကျမ်းစာ​တွင် ယေဟောဝါ​၏​သန့်ရှင်း​မြင့်မြတ်မှု​ကို မည်သို့​အလေးပေး​ဖော်ပြ​ထား​သနည်း။ (ခ) ယေဟောဝါ​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု အဘယ်​နည်းဖြင့်​ရှုမြင်ကြ​သနည်း။

ဟေဗြဲ​ကျမ်းစာ​စောင်​တွင် “သန့်ရှင်း​မြင့်မြတ်ခြင်း” ဟူသော​စကားလုံး​သည် သီးခြား​ဖြစ်​ခြင်း​ဟူသော သဘောဆောင်​သည်။ ဝတ်ပြုရေးတွင် “သန့်ရှင်း​မြင့်မြတ်ခြင်း” ဟူသည် ပုံမှန်​အသုံးပြု​ရာ​တို့​မှ သီးသန့်​ခွဲခြား​ထားခြင်း သို့​မဟုတ် အထွတ်အမြတ်​ထားခြင်း​နှင့်​ဆိုင်​သည်။ ယေဟောဝါ​သည် အပြည့်ဝ​ဆုံး​သဘောဖြင့် သန့်ရှင်း​မြင့်မြတ်​တော်​မူ​သည်။ ကိုယ်တော့်​ကို ‘သန့်ရှင်း​တော်​မူ​သော​ဘုရားသခင်’ ဟု​ခေါ်ဆို​ထား​သည်။ (သု. ၉:၁၀) ရှေး​ဣသရေလ​နိုင်ငံ​တွင် ယဇ်ပုရောဟိတ်​မင်းကြီး​သည် “သန့်ရှင်းခြင်း​ကို ယေဟောဝါ​ပိုင်ဆိုင်” ဟူသော​စကားလုံး​များ ထွင်းထား​သည့် ရွှေ​ပြား​သင်း​ကျစ်​ကို ခေါင်း​ပေါင်း​ပေါ် တပ်ဆင်​ရသည်။ (ထွက်မြောက်ရာ ၂၈:၃၆၊ ၃၇က​ဘ) ယေဟောဝါ​၏​ပလ္လင်တော်​ဝန်းကျင်​တွင်​နေရ​သော ကောင်းကင်တမန်​ခေရုဗိမ်​နှင့် သရပ်​တို့သည် ‘ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရားသခင်​သည် သန့်ရှင်း​တော်​မူ​၏။ သန့်ရှင်း​တော်​မူ​၏။ သန့်ရှင်း​တော်​မူ​၏’ ဟု​ကြွေးကြော်​နေကြောင်း သမ္မာကျမ်းစာ​တွင် ပုံဖော်​ထား​သည်။ (ဟေရှာယ ၆:၂၊ ၃; ဗျာ. ၄:၆-၈) ထို​အထပ်ထပ်​ကြွေးကြော်​မှု​က ယေဟောဝါ​သည် အမြင့်ဆုံး​အတိုင်းအတာ​အထိ သန့်ရှင်း​စင်ကြယ်​မြင့်မြတ်​ကြောင်း အလေးပေး​ဖော်ပြ​သည်။ အမှန်​မှာ ကိုယ်တော်​သည် သန့်ရှင်း​မြင့်မြတ်မှု​အားလုံး​၏ ရင်းမြစ်​ဖြစ်​တော်​မူ​သည်။

ယေဟောဝါ​၏​နာမတော်​သည် သန့်ရှင်း​မြင့်မြတ်​တော်​မူ​သည်။ ဆာလံဆရာ​က “ကြီးမြတ်​၍ ကြောက်ရွံ့​ဖွယ်​သော​နာမတော်​ကို ချီးမွမ်း​ကြ​စေ။ အကြောင်း​မူ​ကား နာမတော်​သည် သန့်ရှင်းခြင်း​ရှိ​သတည်း” ဟု​ကြွေးကြော်​ခဲ့​သည်။ (ဆာလံ ၉၉:၃) “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း [“သန့်ရှင်း​မြင့်မြတ်ခြင်း၊” က​ဘ] ရှိပါစေ​သော” ဟု​ဆုတောင်း​ရန် ယေရှု​သင်ပေးခဲ့​သည်။ (မဿဲ ၆:၉) ယေရှု၏​မိခင်​မာရိ ဤသို့​ဆို​သည်– ‘ငါ့​စိတ်နှလုံး​သည် ထာဝရ​ဘုရားသခင်​ကို​ချီးမြှောက်​၏။ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​သည် ကြီးသော​အမှု​များ​ကို ငါ့​အားပြု​တော်​မူ​ပြီ။ ထို​ဘုရားသခင်​၏​နာမတော်​သည် သန့်ရှင်း​တော်​မူ​၏။’ (လုကာ ၁:၄၆၊ ၄၉သမ္မာ) ယေဟောဝါ​၏​ကျေးကျွန်​များသည် ကိုယ်တော်​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု​ရှုမြင်ကြ​ပြီး ထို​မြင့်မြတ်​သော​နာမတော်​အား ရှုတ်ချ​စ​ရာ​ဖြစ်စေ​မည့်​အရာ​မှန်သမျှကို ရှောင်​ကြသည်။ ထို့​ပြင် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြသည်။ သန့်ရှင်း​မြင့်မြတ်​သည်​ဟု ကိုယ်တော်​ရှုမြင်​ရာ​များ​ကို ကျွန်ုပ်​တို့​လည်း အလားတူ​ရှုမြင်​ကြသည်။—အာမုတ် ၅:၁၄၊ ၁၅

ယေရှုကို အဘယ်ကြောင့် အလွန်​ရိုသေ​လေးစား​ရ

၄။ သမ္မာကျမ်းစာ​တွင် ယေရှုကို “သန့်ရှင်း​တော်​မူ​သော​အရှင်” ဟု အဘယ်ကြောင့်​ခေါ်ဆို​ထား​သနည်း။

ယေရှုသည် သန့်ရှင်း​တော်​မူ​သော​ဘုရားသခင် ယေဟောဝါ​၏ “တစ်ပါး​တည်း​သော​သားတော်” အနေ​နှင့် သန့်ရှင်း​မြင့်မြတ်​စွာ ဖန်ဆင်း​ခံ​ခဲ့​ရသည်။ (ယောဟန် ၁:၁၄; ကောလောသဲ ၁:၁၅; ဟေဗြဲ ၁:၁-၃) ထို့​ကြောင့် ကိုယ်တော်​သည် “ဘုရားသခင်​၏​သန့်ရှင်း​တော်​မူ​သော​အရှင်” ဖြစ်​တော်​မူ​သည်။ (ယောဟန် ၆:၆၉သမ္မာ) ယေရှု၏​အသက်ကို ကောင်းကင်​မှ​မြေကြီး​သို့ ပြောင်းရွှေ့​ခဲ့​ချိန်​တွင် ကိုယ်တော်​သည် သန့်ရှင်း​မြင့်မြတ်​တော်​မူ​ဆဲ​ပင်၊ အကြောင်း​မှာ မာရိသည် သန့်ရှင်းသော​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့် ယေရှုကို​ဖွားမြင်​ခဲ့​ခြင်း​ကြောင့်​ဖြစ်၏။ ကောင်းကင်တမန်​တစ်ပါး​က မာရိ​ကို ဤသို့​ဆို​သည်– “သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်၏​အပေါ်မှာ​သက်ရောက်​တော်​မူ​၍ . . . ထို​သန့်ရှင်းသော​သား​သည်လည်း ဘုရားသခင်​၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။” (လုကာ ၁:၃၅) ယေရုရှလင်​မြို့မှ ခရစ်ယာန်​များသည် ယေဟောဝါ​ထံ​ဆုတောင်းရာ​တွင် ဘုရားသခင့်​သားတော်ကို “သန့်ရှင်းသော​ကျွန်​ရင်း​ယေရှု” ဟု​နှစ်ကြိမ်​တိုင်​ခေါ်ဆို​ခဲ့​သည်။—တမန်​တော် ၄:၂၈၊ ၃၀သမ္မာ

၅။ ယေရှုသည် မြေကြီးပေါ်​တွင် အဘယ်​မြင့်​မြတ်သော​တာဝန်​ကို ထမ်းဆောင်​ခဲ့​သနည်း။ ကိုယ်တော်​၏​အသွေးတော်​သည် အဘယ်ကြောင့် တန်ဖိုး​ရှိ​သနည်း။

ယေရှု​၌ မြေကြီးပေါ်​တွင်​ထမ်းဆောင်​ရမည့် မြင့်​မြတ်သော​တာဝန်​ရှိသည်။ ကိုယ်တော်​သည် အေဒီ ၂၉ တွင် နှစ်ခြင်း​ခံ​စဉ် ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး ဝတ်ပြုရာ​အိမ်တော်​၏ ယဇ်ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရသည်။ (လုကာ ၃:၂၁၊ ၂၂; ဟေဗြဲ ၇:၂၆; ၈:၁၊ ၂) ထို့​ပြင် ယဇ်​သကာ​အဖြစ် ကိုယ်တော်​သေဆုံး​ရမည်​ဖြစ်သည်။ ကိုယ်တော်​သွန်း​တော်​မူ​သော အသွေးတော်​အားဖြင့် အပြစ်သားများကို ကယ်တင်​ရန် ရွေးနုတ်ဖိုး​ပေး​နိုင်​မည်​ဖြစ်သည်။ (မဿဲ ၂၀:၂၈; ဟေဗြဲ ၉:၁၄) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ယေရှု၏​အသွေးတော်​ကို တန်ဖိုး​ရှိသော​အရာ၊ မြင့်မြတ်​သော​အရာ​အဖြစ် ရှုမြင်​ကြသည်။—၁ ပေတရု ၁:၁၉

၆။ ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့​မည်သို့​သဘောထား​သနည်း၊ အဘယ်ကြောင့်​နည်း။

ကျွန်ုပ်​တို့၏​ဘုရင်​နှင့် ယဇ်ပုရောဟိတ်မင်း ယေရှု​ခရစ်​ကို အလွန်​ရိုသေ​လေးစားကြောင်း ဖော်ပြ​လျက် တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “ဘုရားသခင်​သည် ကိုယ်တော်​ကို​အလွန်​ချီး​မြှောက်၍ ဘွဲ့​နာမ​တကာ​တို့​ထက်​ကြီးမြတ်သော ဘွဲ့​နာမကို ပေးသနား​တော်​မူ​၏။ အကြောင်း​မူ​ကား ကောင်းကင်​သတ္တဝါ၊ မြေကြီး​သတ္တဝါ၊ မြေကြီး​အောက်​၌​ရှိသော​သတ္တဝါ​တည်း​ဟူသော ခပ်သိမ်း​သော​သတ္တဝါ​တို့သည် ယေရှု၏​ဘွဲ့​နာမတော်​ကို​ဒူးထောက်၍ ယေရှု​ခရစ်​သည် သခင်​ဖြစ်​တော်​မူ​၏​ဟု နှုတ်​နှင့်​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရား​၏​ဘုန်း​အသရေတော်​ကို ထင်ရှားစေ​ကြ​မည်​အကြောင်း​တည်း။” (ဖိလိပ္ပိ ၂:၉-၁၁) ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​နှင့် အုပ်စိုး​နေသော​ဘုရင်​ဖြစ်သည့် ကျွန်ုပ်​တို့၏​ခေါင်းဆောင်​ယေရှု​ခရစ်​ကို ရွှင်လန်းစွာ​လက်အောက်ခံခြင်း​ဖြင့် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြောင်း ဖော်ပြ​ကြသည်။—မဿဲ ၂၃:၁၀; ကောလောသဲ ၁:၁၈

၇။ ခရစ်တော်​ကို​လက်အောက်ခံ​ကြောင်း ကျွန်ုပ်​တို့​မည်သို့​တင်ပြ​ကြ​သနည်း။

ခရစ်တော်​ကို​လက်အောက်ခံခြင်း​တွင် ကိုယ်တော်​ညွှန်ကြား​လျက်​ရှိသော လုပ်ငန်း​ကို​ဦးဆောင်​ရန် အသုံးတော်ခံ​နေရ​သော အမျိုးသားများ​ကို ရိုသေ​လေးစားမှု​တင်ပြခြင်း ပါဝင်​သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဝိညာဉ်​တော်​ဖွား​များနှင့် ဌာနခွဲ​များ၊ ခရိုင်​များ၊ တိုက်နယ်​များ၊ အသင်းတော်များ​တွင် ၎င်း​တို့​ခန့်အပ်​ထားသော ကြီးကြပ်မှူး​များ​၏ အခန်းကဏ္ဍကို မြင့်မြတ်​သော​အရာ​အဖြစ် အသိအမှတ်ပြု​သင့်​သည်။ ထို့​ကြောင့် ထို​အစီအစဉ်ကို နက်ရှိုင်း​စွာ​ရိုသေ​လေးစား​ပြီး လက်အောက်ခံ​ထိုက်​ပေ​သည်။—ဟေဗြဲ ၁၃:၇၊ ၁၇

သန့်ရှင်းသော​လူမျိုး

၈၊ ၉။ (က) ဣသရေလ​လူမျိုး​သည် မည်သည့်​နည်းဖြင့် သန့်ရှင်းသော​လူမျိုး​ဖြစ်သနည်း။ (ခ) ယေဟောဝါ​သည် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်သော​မူကို ဣသရေလ​လူမျိုး​အား မည်သို့​စွဲမှတ်စေ​ခဲ့​သနည်း။

ယေဟောဝါ​သည် ဣသရေလ​လူမျိုး​နှင့် ပဋိညာဉ်​တစ်ခု​ဖွဲ့​တော်​မူ​ခဲ့​သည်။ ယင်းကြောင့် ထို​လူမျိုးသစ်​သည် အခွင့်ထူး​တစ်ရပ်​ရရှိခဲ့သည်။ သူတို့သည် သန့်ရှင်း​လာ​သည်၊ တစ်နည်း​အားဖြင့် သီးခြားခွဲထား​ခံရ​ကြသည်။ ယေဟောဝါ​ကိုယ်တော်တိုင် ဤသို့​မိန့်တော်မူ၏– ‘ငါ​ထာဝရ​ဘုရားသခင် သန့်ရှင်း​သည်​ဖြစ်၍ သင်တို့ကို ငါ​အလိုရှိ​သဖြင့် အခြားသော​အမျိုး​နှင့်​ခွဲထား​သောကြောင့် ငါ့​အဖို့​သန့်ရှင်းခြင်း​ရှိ​ရ​ကြ​မည်။’—ဝတ်ပြုရာ ၁၉:၂; ၂၀:၂၆

ဣသရေလ​လူမျိုး ဖွဲ့စည်း​တည်ထောင်​သည်​နှင့် ယေဟောဝါ​သည် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်သော​မူကို သူတို့အား စွဲမှတ်စေ​ခဲ့​သည်။ ပညတ်တော်​ဆယ်ပါး​ပေး​သည့်​သိနာ​တောင်​ကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု ယူမှတ်​ရသော​ကြောင့် ယင်းကို ထိမိ​လျှင်​ပင် သေဆုံး​မည်​ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၁၂၊ ၂၃) ယဇ်ပုရောဟိတ်​တာဝန်၊ တဲ​တော်​နှင့် ယင်း​၏​အသုံးအဆောင်​များ​ကိုလည်း သန့်ရှင်း​မြင့်မြတ်​သည်​ဟု ယူမှတ်​ရမည်။ (ထွက်မြောက်ရာ ၃၀:၂၆-၃၀) ခရစ်ယာန်​အသင်းတော်တွင်​ကော မည်သို့​နည်း။

၁၀၊ ၁၁။ ဝိညာဉ်​တော်​ဖွား​များ​၏ ခရစ်ယာန်​အသင်းတော်သည် သန့်ရှင်း​မြင့်မြတ်​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။ ယင်းက “အခြားသိုး” အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိ​သနည်း။

၁၀ ဝိညာဉ်​တော်​ဖွား​များ​၏ ခရစ်ယာန်​အသင်းတော်သည် ယေဟောဝါ​ရှေ့တွင် သန့်ရှင်း​မြင့်မြတ်​သည်။ (၁ ကောရိန္သု ၁:၂) အမှန်​မှာ မည်သည့်​အချိန်တွင်​မဆို မြေကြီးပေါ်​အသက်ရှင်ခဲ့​သော ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တစ်အုပ်စုလုံး​ကို သန့်ရှင်းသော​ဝတ်ပြုရာ​အိမ်တော်​နှင့် ခိုင်းနှိုင်း​ထား​သည်။ သို့သော် ယေဟောဝါ​၏​မဟာ​ဝိညာဉ်​ရေး ဝတ်ပြုရာ​အိမ်တော်ကို သူတို့နှင့်​သာ​ဖွဲ့စည်းထားခြင်း​မဟုတ်ပေ။ ယေဟောဝါ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ထို​ဝတ်ပြုရာ​အိမ်တော်တွင် ကျိန်းဝပ်​တော်​မူ​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– ‘ထို​ကျောက် [ယေရှု​ခရစ်] နှင့် တစ်​တိုက်​လုံး​သည် စေ့စပ်​၍​ကြီးပွား​သဖြင့် သခင်​ဘုရား​အဖို့​အ​လို့​ငှာ သန့်ရှင်းသော​ဝတ်ပြုရာ​အိမ်တော်​ဖြစ်၏။ ထို​အိမ်တော်၌​လည်း ဘုရားသခင်​သည် ဝိညာဉ်​တော်​အားဖြင့် ကျိန်းဝပ်​တော်​မူ​ခြင်း​အ​လို့​ငှာ သင်တို့သည် ငါ​တို့​နှင့်အတူ တည်ဆောက်​လျက်​ရှိကြ​၏။’—ဧဖက် ၂:၂၁၊ ၂၂; ၁ ပေတရု ၂:၅၊

၁၁ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ထံ ပေါလု ဤသို့​ထပ်​ရေး​သည်– ‘သင်တို့သည် ဘုရားသခင်​၏ ဝတ်ပြုရာ​အိမ်တော်​ဖြစ်​ကြသည်​ကိုလည်း​ကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်တော်သည် သင်တို့​အထဲ​၌ ကျိန်းဝပ်​တော်​မူ​သည်ကို​လည်းကောင်း မသိကြ​သလော။ . . . ဘုရားသခင်​၏​ဝတ်ပြုရာ​အိမ်တော်​သည် သန့်ရှင်း​ရ၏။ သင်တို့သည်လည်း ထို​အိမ်တော်​ဖြစ်​ကြ​၏။’ (၁ ကောရိန္သု ၃:၁၆၊ ၁၇) ယေဟောဝါ​သည် မိမိ၏​ဝိညာဉ်​တော်​အားဖြင့် သူတို့တွင် “ကျိန်းဝပ်” ပြီး “လှည့်လည်” တော်​မူ​သည်။ (၂ ကောရိန္သု ၆:၁၆) ကိုယ်တော်​သည် မိမိ၏​သစ္စာရှိ “ကျွန်” များ​ကို အဆက်မပြတ်​လမ်းညွှန်​ပေး​တော်​မူ​သည်။ (မဿဲ ၂၄:၄၅-၄၇) “အခြားသိုး” သည် ဝတ်ပြုရာ​အိမ်တော်​အတန်းအစား​နှင့် ပူးပေါင်း​ရသည့် အခွင့်ထူး​ကို တန်ဖိုး​ထား​မြတ်နိုးကြ​သည်။—ယောဟန် ၁၀:၁၆; မဿဲ ၂၅:၃၇-၄၀

ကျွန်ုပ်​တို့၏ ခရစ်ယာန်​အသက်တာတွင် သန့်ရှင်း​မြင့်မြတ်​ရာ​များ

၁၂။ ကျွန်ုပ်​တို့၏​အသက်တာတွင် အဘယ်အရာ​များသည် သန့်ရှင်း​မြင့်မြတ်​သနည်း။ အဘယ်ကြောင့်​နည်း။

၁၂ ခရစ်ယာန်​အသင်းတော်​ရှိ ဝိညာဉ်​တော်​ဖွား​အဖွဲ့ဝင်​များ၊ သူတို့​အပေါင်းပါများ​၏​အသက်တာ​နှင့် ဆက်စပ်​နေသော​အရာများ​စွာ​သည် သန့်ရှင်း​မြင့်မြတ်​သည်​မှာ မ​ဆန်း​ပေ။ ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် သန့်ရှင်း​မြင့်မြတ်​ရာ​တစ်ခု​ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၃၆:၇) ထို​ဆက်ဆံ​ရေး​သည် အလွန်​တန်ဖိုး​ရှိသောကြောင့် မည်သည့်​အရာ၊ မည်သူကမျှ ယင်းကို​ထိခိုက်​ပျက်စီး​စေ​ခွင့်​မပြု​ကြ​ပေ။ (၂ ရာဇဝင်ချုပ် ၁၅:၂; ယာကုပ် ၄:၇၊ ၈) ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိနေ​ရန် ဆုတောင်းခြင်း​သည် အရေးပါသော​ကဏ္ဍ​မှ​ပါဝင်​သည်။ ဆုတောင်းခြင်း​ကို အလွန်​မြင့်မြတ်​သော​အရာ​အဖြစ် ပရောဖက်​ဒံယေလ​ရှုမြင်ခဲ့​ရာ အသက်​အန္တရာယ်​ရှိသည့်​ကြား​မှ​ပင် ယေဟောဝါ​ထံ သစ္စာရှိ​ရှိ​ဆက်​ဆုတောင်း​ခဲ့​သည်။ (ဒံယေလ ၆:၇-၁၁) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ သို့​မဟုတ် ‘သန့်ရှင်းသူ​တို့၏ ဆုတောင်းချက်​များ’ ကို ဝတ်ပြုရာ​အိမ်တော်တွင် ဘုရားသခင်​အား ဝတ်ပြုရာ​၌​အသုံးပြု​သော နံ့သာပေါင်း​နှင့်​ခိုင်းနှိုင်း​ထား​သည်။ (ဗျာ. ၅:၈; ၈:၃၊ ၄; ဝတ်ပြုရာ ၁၆:၁၂၊ ၁၃) ထို​ပုံဆောင်ချက်​သည် ဆုတောင်းခြင်း​၏​မြင့်မြတ်မှု​ကို ပေါ်လွင်​စေ​သည်။ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​နှင့် ဆက်သွယ်​နိုင်​ခြင်း​မှာ အမှန်​အခွင့်ထူး​ပင်! ဆုတောင်းခြင်း​ကို ကျွန်ုပ်​တို့​အသက်တာတွင် မြင့်မြတ်​ရာ​အဖြစ်​ရှုမြင်​ရမည်​မှာ ယုံမှားဖွယ်​မရှိပေ!

၁၃။ မည်သည့်​စွမ်းအား​သည် မြင့်မြတ်​သနည်း။ ယင်းသည် ကျွန်ုပ်​တို့၏​အသက်တာတွင် အတားအဆီး​မရှိ​စီးဆင်း​ရန် ဘာ​ပြုလုပ်​သင့်​သနည်း။

၁၃ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့​အပေါင်းပါများ​၏ အသက်တာတွင် သန့်ရှင်း​မြင့်မြတ်​သော​စွမ်းအား​ရှိသည်။ ယင်း​မှာ သန့်ရှင်းသော​ဝိညာဉ်​တော်​ဖြစ်သည်။ ထို​ဝိညာဉ်တော်သည် ယေဟောဝါ​၏ တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​ဖြစ်​ပြီး သန့်ရှင်းသော​ဘုရားသခင်​၏ အလိုတော်နှင့်​အညီ အစဉ်​လှုပ်ရှား​ဆောင်ရွက်​သောကြောင့် “သန့်ရှင်းသော​ဝိညာဉ်​တော်” ဟု​ခေါ်​သည်။ (ယောဟန် ၁၄:၂၆; ရောမ ၁:၃၊ ၄) ယေဟောဝါ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် မိမိ​ကျေးကျွန်​များ​ကို သတင်းကောင်း​ဟောပြောနိုင်​စွမ်း ပေးသနား​တော်​မူ​သည်။ (တမန်​တော် ၁:၈; ၄:၃၁) ယေဟောဝါ​သည် မိမိ၏ “စကားတော်​ကို နားထောင်​သော​သူ၊” “ဝိညာဉ်​ပကတိ​အတိုင်း​ကျင့်” သော​သူများကို ဝိညာဉ်​တော်​ပေး​တော်​မူ​၏။ (တမန်​တော် ၅:၃၂; ဂလာတိ ၅:၁၆၊ ၂၅; ရောမ ၈:၅-၈) ထို​တန်ခိုး​ကြီးမားသော​စွမ်းအား​ကြောင့် ခရစ်ယာန်​များသည် အရည်အသွေးကောင်း​များ​ဖြစ်သည့် ဝိညာဉ်​အသီးများ​သီးပွင့်​နိုင်​ပြီး ‘သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း’ တို့​တင်ပြ​နိုင်​သည်။ (ဂလာတိ ၅:၂၂၊ ၂၃; ၂ ပေတရု ၃:၁၂) သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မြင့်မြတ်​သော​အရာ​အဖြစ် ကျွန်ုပ်​တို့ ရှုမြင်ပါ​က ယင်းကို စိတ်နာ​စေသည့်၊ အတားအဆီး​ဖြစ်စေ​သည့်​အရာများ​ကို ပြုလုပ်​မည်​မဟုတ်ပေ။—ဧဖက် ၄:၃၀

၁၄။ ဝိညာဉ်​တော်​ဖွား​များသည် အဘယ်​အခွင့်ထူး​ကို သန့်ရှင်း​မြင့်မြတ်​သည်​ဟု ယူမှတ်​ကြ​သနည်း။ အခြားသိုး​များသည် ယင်း​အခွင့်ထူး​တွင် မည်သို့​ပါဝင်​ကြ​သနည်း။

၁၄ မြင့်မြတ်​သော​ဘုရားသခင် ယေဟောဝါ​၏​နာမတော်​ခံယူ​ခွင့်​နှင့် ကိုယ်တော့်​သက်သေ​များ​ဖြစ်ခွင့်​ကို သန့်ရှင်း​မြင့်မြတ်​ရာ​အဖြစ် ကျွန်ုပ်​တို့​ယူမှတ်​သည်။ (ဟေရှာယ ၄၃:၁၀-၁၂၊ ၁၅) ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို “ပဋိညာဉ်တရား​သစ်​၏ အမှုတော်​ဆောင်” အဖြစ် ယေဟောဝါ​အရည်အချင်း​ပြည့်မီ​စေတော်မူ​သည်။ (၂ ကောရိန္သု ၃:၅၊ ၆သမ္မာ) သူတို့သည် ဘုရားသခင့် “နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား” ဟော​ရန်​နှင့် ‘လူမျိုးတကာ​တို့ကို​တပည့်​ဖြစ်စေ’ ရန် တာဝန်​ရထား​ကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) အဆိုပါ​တာဝန်​ကို သူတို့​သစ္စာရှိ​ရှိ​ထမ်းဆောင်​နေကြ​သည်။ သိုး​ကဲ့သို့​သော​စိတ်ထား​ရှိသူ သန်းပေါင်း​များစွာ​သည် ယင်းကို​တုံ့​ပြန်နေ​ကြ​ပြီး “ဘုရားသခင်​သည် သင်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည်​ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်” ဟု ပုံဆောင်​သဘော​အရ ဆို​နေကြ​သည်။ (ဇာခရိ ၈:၂၃) “ဘုရားသခင်​၏ အမှုတော်ထမ်း” များ​ဖြစ်သော ဝိညာဉ်​တော်​ဖွား​များ​အတွက် သူတို့သည် ‘လယ်သမား’ နှင့် ‘စပျစ်​ဥယျာဉ်စောင့်’ များ​အဖြစ် ရွှင်လန်းစွာ​အမှုဆောင်​ကြသည်။ ဤနည်းဖြင့် အခြားသိုး​သည် ဝိညာဉ်​တော်​ဖွား​များ​၏​လုပ်ငန်း​ကို ကမ္ဘာ​တစ်ခွင် ပျံ့နှံ့​စေ​ရာ​တွင် များစွာ​ကူညီ​ပေး​ကြသည်။—ဟေရှာယ ၆၁:၅၊ ၆

၁၅။ တမန်​တော်​ပေါလု​သည် အဘယ်အရာကို မြင့်မြတ်​သော​အခွင့်ထူး​အဖြစ် ယူမှတ်ခဲ့​သနည်း။ ကျွန်ုပ်​တို့ အဘယ်ကြောင့် ထိုသို့​ယူမှတ်​ကြ​သနည်း။

၁၅ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​ဓမ္မ​အမှုကို မြင့်မြတ်​သော​အရာ​အဖြစ် ရှုမြင်ခဲ့​သည်။ သူသည် “ဘုရားသခင်​၏ [“သန့်ရှင်းသော၊” က​ဘ] ဧဝံဂေလိတရား​ကို ဟောပြောသော​အမှုကို​ဆောင်ရွက်၍ တစ်ပါး​အမျိုးသား​တို့​တွင် ယေရှု​ခရစ်​၏​အမှုဆောင်” ဖြစ်​ကြောင်း​ပြော​ခဲ့​သည်။ (ရောမ ၁၅:၁၆) ပေါလု​သည် ကောရိန္သု​မြို့မှခရစ်ယာန်​များ​ထံ စာရေး​သောအခါ မိမိ​ခရစ်ယာန်​ဓမ္မ​အမှုကို “ဘဏ္ဍာ” ဟု​ခေါ်ဆို​ခဲ့​သည်။ (၂ ကောရိန္သု ၄:၁၊) ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​အားဖြင့် “ဘုရားသခင်​၏​မြင့်မြတ်​သော မိန့်မြွက်ချက်​များ” ကို လူ​တို့အား ကြားသိ​စေ​ကြသည်။ (၁ ပေတရု ၄:၁၁က​ဘ) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​ဖွား​ဖြစ်စေ၊ အခြားသိုး​ဖြစ်စေ သက်သေခံခြင်း​လုပ်ငန်း​ကို မြင့်မြတ်​သော​အခွင့်ထူး​အဖြစ် ရှုမြင်​ကြသည်။

‘ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း​နှင့်​ပြည့်စုံခြင်း’

၁၆။ မြင့်မြတ်​သော​အရာများ​ကို “မရိုမသေ​ပြုသောသူ” များ​မဖြစ်စေ​ရန် အဘယ်အရာက ထောက်ကူ​နိုင်​သနည်း။

၁၆ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​ချင်း​တို့အား မြင့်မြတ်​သော​အရာများ​ကို “မရိုမသေ​ပြုသောသူ” များ​မဖြစ်​ရန် သတိပေး​ခဲ့​သည်။ ယင်းအစား ‘သန့်ရှင်းခြင်း​ကို​မီအောင်လိုက်’ ရန်၊ ‘ခါး​စွာ​သော​ပင်မြစ်​ပေါက်​၍ နှောင့်ယှက်​သဖြင့် လူအများ​တို့သည် အပြစ်​နှင့်​မ​ညစ်ညူး​စေခြင်း​ငှာ . . . သတိ​နှင့်​ကြည့်ရှု​ကြ’ ရန် ဆုံးမ​ခဲ့​သည်။ (ဟေဗြဲ ၁၂:၁၄-၁၆) “ခါး​စွာ​သော​ပင်မြစ်” ဟူသော​အသုံးအနှုန်း​သည် ခရစ်ယာန်​အသင်းတော်​၏ ပြုလုပ်​ပုံ​များ​ကို အပြစ်ရှာ​ဝေဖန်သူ​အချို့​ကို ဆိုလိုခြင်း​ဖြစ်သည်။ ဥပမာ၊ သူတို့သည် အိမ်ထောင်မင်္ဂလာ​၏​မြင့်မြတ်မှု သို့​မဟုတ် ကိုယ်ကျင့်တရား​သန့်ရှင်းမှု​နှင့်​ပတ်သက်သော ယေဟောဝါ​၏​အမြင်ကို ဆန့်ကျင်ခြင်း​ဖြစ်​နိုင်​သည်။ (၁ သက်သာလောနိတ် ၄:၃-၇; ဟေဗြဲ ၁၃:၄) သို့​မဟုတ် ‘အမှန်တရား​လမ်း​မှ​လွဲသွား’ သူတို့၏ “တရား​မဲ့​ဖြစ်သော​အချည်းနှီး​စကား” ဖြစ်သည့် အယူဖောက်ပြန်မှု​များ​တွင် ပါဝင်​ခဲ့​ကြ​ခြင်း​ဖြစ်​နိုင်​သည်။—၂ တိမောသေ ၂:၁၆-၁၈

၁၇။ ဝိညာဉ်​တော်​ဖွား​များသည် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ရန် အဘယ်ကြောင့် အဆက်မပြတ် ကြိုးပမ်း​အားထုတ်​ဖို့​လို​သနည်း။

၁၇ ပေါလု​သည် သူ၏​ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ထံ ဤသို့​ရေးခဲ့​သည်– ‘ချစ်သူ​တို့၊ ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်​အံ့။’ (၂ ကောရိန္သု ၇:၁) ယင်းက “ကောင်းကင်ဘုံ​နှင့်​စပ်ဆိုင်​သော ခေါ်ဖိတ်​တော်​မူ​ခြင်း​ကျေးဇူး​ကို​ခံရ​သော” ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် မိမိတို့၏​ဘဝ​ကဏ္ဍ​တိုင်း​တွင် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြောင်း တင်ပြ​ရန် အဆက်မပြတ် ကြိုးပမ်း​အားထုတ်​ရမည်ကို ဖော်ပြ​သည်။ (ဟေဗြဲ ၃:၁) ထို​နည်းတူ တမန်​တော်​ပေတရု​က​လည်း သူ၏​ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “အထက်​က သင်တို့သည် မှောင်မိုက်​ထဲမှာ​ကျင့်​သော တပ်မက်​ခြင်း​တရားကို ယခု​မလိုက်​မကျင့်​ဘဲ နားထောင်​တတ်သော​သူငယ်​ကဲ့သို့​ဖြစ်၍ သင်တို့ကို​ခေါ်တော်မူ​သော​သူသည် သန့်ရှင်း​တော်​မူ​သည်​နည်းတူ ကျင့်ကြံ​ပြုမူ​သမျှ​တို့​၌ သန့်ရှင်းခြင်း​ရှိကြလော့။”—၁ ပေတရု ၁:၁၄၊ ၁၅

၁၈၊ ၁၉။ (က) ‘လူအုပ်ကြီး’ သည် မြင့်မြတ်​သော​အရာများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ မည်သို့​ရှုမြင်ကြ​သနည်း။ (ခ) ခရစ်ယာန်​အသက်တာ​၏ အဘယ်​မြင့်​မြတ်သော​ကဏ္ဍ​တစ်ခု​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်​မည်​နည်း။

၁၈ “ကြီးစွာ​သော​ဆင်းရဲ” ခြင်း​ကို ကပ်ကျော်​မည့် ‘လူအုပ်ကြီး’ နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သူတို့လည်း သန့်ရှင်း​မြင့်မြတ်​သော​အရာများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​နည်းတူ ရှုမြင်​ကြောင်း သက်သေပြ​ရမည်။ ဗျာ.ကျမ်းစောင်​တွင် သူတို့ကို ယေဟောဝါ​၏​ဝိညာဉ်​ရေး ဝတ်ပြုရာ​အိမ်တော်၌ မြင့်မြတ်​သော​ဝတ်​ဖြစ်သည့် ‘ဘုရားသခင်​ဝတ်’ ကို ပြု​နေ​သူများ​အဖြစ် တင်စား​ထား​သည်။ သူတို့သည် ခရစ်တော်​၏​ရွေးဖိုး​ပူဇော်​သကာ​ကို ယုံကြည်​ကြ​ပြီး ပုံဆောင်​သဘော​အရ “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍​ဖြူ” စေ​ကြသည်။ (ဗျာ. ၇:၉၊ ၁၄၊ ၁၅) ထို့​ကြောင့် ယေဟောဝါ​ရှေ့တွင် စင်ကြယ်သော​အနေအထား​ရှိပြီး ‘ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သန့်ရှင်းခြင်း​နှင့်​ပြည့်စုံ’ နေ​ရန် တာဝန်​ရှိသည်။

၁၉ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့​အပေါင်းပါများ​၏ အသက်တာတွင် အရေးပါသော​ကဏ္ဍ​တစ်ခု​မှာ ယေဟောဝါ​ကို​ဝတ်ပြု​ရန်​နှင့် ကိုယ်တော့်​နှုတ်မြွက်တော်​ကို​လေ့လာ​ရန် မှန်မှန်​စည်းဝေး​ခြင်း​ဖြစ်သည်။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏ ထိုသို့​သော​စုဝေးမှု​များ​ကို မြင့်မြတ်​သည်​ဟု ရှုမြင်တော်မူ​၏။ ထို​အရေးပါသော​ကဏ္ဍ​တွင် သန့်ရှင်း​မြင့်မြတ်မှု​နှင့်​ပတ်သက်​သည့် ယေဟောဝါ​၏​ရှုမြင်ပုံ​မျိုး မည်သို့​နှင့်​အဘယ်ကြောင့်​ရှိ​သင့်​ကြောင်း နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

ပြန်လည်​သုံးသပ်ချက်

• ယေဟောဝါ​၏​ကျေးကျွန်​များ​တွင် အဘယ်​လောက​အမြင်မျိုး မရှိကြ​သနည်း။

• ယေဟောဝါ​သည် အဘယ်ကြောင့် သန့်ရှင်း​မြင့်မြတ်မှု​အားလုံး​၏​ရင်းမြစ် ဖြစ်​တော်​မူ​သနည်း။

• ခရစ်တော်​၏​သန့်ရှင်း​မြင့်မြတ်မှု​ကို ရိုသေ​လေးစားကြောင်း မည်သို့​တင်ပြ​ကြ​သနည်း။

• ကျွန်ုပ်​တို့၏​အသက်တာတွင် အဘယ်အရာ​များ​ကို သန့်ရှင်း​မြင့်မြတ်​ရာ​များ​အဖြစ်​ရှုမြင်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရှေး​ဣသရေလ​နိုင်ငံ​တွင် ယဇ်ပုရောဟိတ်​တာဝန်၊ တဲ​တော်​နှင့် ယင်း​၏​အသုံးအဆောင်​များ​ကို သန့်ရှင်း မြင့်မြတ်​ရာ​အဖြစ်​ရှုမြင်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် သန့်ရှင်းသော​ဝတ်ပြုရာ​အိမ်တော်​ဖြစ်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဆုတောင်းခြင်း​နှင့် ခရစ်ယာန်​ဓမ္မ​အမှုသည် မြင့်မြတ်​သော​အခွင့်ထူး​များ​ဖြစ်