မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သာသနာပြုတစ်ဦးဖြစ်လိုသည့် ဆန္ဒကို ယေဟောဝါရှင် ကြွယ်ဝစွာကောင်းချီးပေးခဲ့

သာသနာပြုတစ်ဦးဖြစ်လိုသည့် ဆန္ဒကို ယေဟောဝါရှင် ကြွယ်ဝစွာကောင်းချီးပေးခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

သာသနာပြု​တစ်ဦး​ဖြစ်​လို​သည့် ဆန္ဒ​ကို ယေဟောဝါ​ရှင် ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​ခဲ့

ရှီလာ​ဝင်​ဖီးလ်​ဒါ ကွန်​စေ​ဆော် ပြောပြ​သည်

အာဖရိက​တိုက်​ကနေ အလည်​ရောက်လာ​တဲ့ သာသနာပြု ညီအစ်မ​တစ်ယောက်​က သူ​တာဝန်ကျ​တဲ့ နေရာမှာ သတင်းကောင်းကို လူတိုင်း​ဂရုတစိုက်​နားထောင်​ကြတယ်​လို့ ကျွန်မ​တို့ကို ပြောပြ​ဖူး​တယ်။ ‘အဲဒီလို​ဒေသမှာ အမှုဆောင်​ချင်​လိုက်တာ’ လို့​ကျွန်မ​တွေးမိ​တယ်။ အဲဒီ​ညီအစ်မ​ရဲ့​စကား​ကြောင့် ကျွန်မ ၁၃ နှစ်အရွယ်မှာ သာသနာပြု​ဖြစ်ချင်​တဲ့​ဆန္ဒ ပေါက်ဖွား​လာတော့​တယ်။

တကယ်တော့ ကျွန်မ​ရဲ့​မိသားစု ယေဟောဝါ​ကိုကိုး​ကွယ်​တာ နှစ်​အတော်ကြာ​ပြီ။ အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့စွန်​နားက ဟ​မ်​မယ်​လ်​ဟ​မ့်​စတက်​မြို့မှာ ကျွန်မ​တို့​နေထိုင်တယ်။ ကျွန်မ​ကို​မွေး​ပြီး တစ်နှစ်​အကြာ ၁၉၃၉ ခုနှစ်၊ တစ်မနက်​ခင်း​မှာ သပ်သပ်ရပ်ရပ်​ဝတ်ဆင်ထားတဲ့ လူရွယ်​နှစ်ယောက် အိမ်တံခါး​လာ​ခေါက်​တယ်​တဲ့။ သူတို့က ယေဟောဝါသက်သေ​ခံ​တွေ​ပေါ့။ အမေက သူတို့ကို​လက်မခံချင်​တဲ့​အတွက် အဖေက​တော့ စိတ်ဝင်စား​ကောင်း​စိတ်ဝင်စား​မယ်၊ ဒါပေမဲ့ ည ၉ နာရီ​ကျော်​မှ ပြန်လာ​မှာ​လို့ ပြော​လိုက်တယ်။ အဲဒီ​ညနေခင်း​မှာပဲ သူတို့​ပြန်ရောက်​လာတော့ အမေ​သိပ်​အံ့သြ​သွားတယ်။ သူတို့က နိုင်ငံရေး၊ အမျိုးသားရေး​ကိစ္စ​တွေ​နဲ့ လုံးဝ​ကင်းရှင်း​တယ်​ဆိုတာ သိရတဲ့အခါ ကျွန်မ​ရဲ့​အဖေ ဟင်နရီ​ဝင်​ဖီးလ်​က သူတို့ကို​ဖိတ်ခေါ်​ပြီး ကျမ်းစာ​သင်အံ​ဖို့ လက်ခံခဲ့တယ်။ အဲဒီနောက် အဖေ​နှစ်ခြင်း​ခံ​တဲ့​အထိ ချက်ချင်း​တိုးတက်​လာတယ်။ နောက်​နှစ်တွေ​မှာ ကျွန်မ​ရဲ့​အမေ က​က်သ်လီန်း​လည်း ကျမ်းစာ​စလေ့လာ​ပြီး ၁၉၄၆ ခုနှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့​တယ်။

၁၉၄၈ ခုနှစ်​ကစပြီး သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်မ မှန်မှန်​ပါဝင်​ခဲ့​တယ်။ အမှုဆောင်မှာ​ပါဝင်​တဲ့​အချိန်ကို အတိအကျ​မှတ်တမ်းသွင်း​နိုင်​ဖို့ နာရီ​တစ်လုံး​လိုတယ်လို့ တွေးမိ​တယ်။ ကျွန်မ​တို့​လိမ္မာ​ရင် စနေနေ့​တိုင်း ခြောက်​ပဲ​နိ​တန်​တစ်ပြား မုန့်ဖိုး​ရလေ့​ရှိတယ်။ အဲဒီတုန်းက ဈေး​အပေါ​ဆုံး​နာရီ​တစ်လုံး​ဝယ်​နိုင်​ဖို့ ကျွန်မ​ရဲ့​မုန့်ဖိုး​ကို နှစ်နှစ်​နီးပါး​စု​ရတယ်။ မောင်လေး​နှစ်ယောက်ထဲ​က အငယ်​တစ်ယောက်​ဖြစ်​တဲ့ ရေး​က ခြောက်​ပဲ​နိ​တန်​တစ်ပြား​မဟုတ်ဘဲ သုံး​ပဲ​နိ​တန်​နှစ်ပြား မုန့်ဖိုး​ပေး​ဖို့ အမြဲ​ပူဆာ​တယ်။ တစ်နေ့​တော့ သုံး​ပဲ​နိ​တန်​နှစ်ပြား​ပေး​ဖို့ မရ​မ​က​ပူဆာ​တဲ့​အတွက် အဖေ​ဒေါသ​ထွက်​ခဲ့​တယ်။ သုံး​ပဲ​နိ​တန်​နှစ်ပြား​လိုချင်​တာ​က သူနဲ့​ယေဟောဝါ​စပ်ကြား​က လျှို့ဝှက်ချက်​ကြောင့်​လို့ ငို​ပြီး​ပြော​တယ်။ နောက်ဆုံး​တော့ “သုံး​ပဲ​နိ​က အလှူငွေ​သတ္တာ​ထဲ​ထည့်​ဖို့၊ သုံး​ပဲ​နိ​က ကျွန်တော်​သုံးဖို့” ဆိုပြီး​ရှင်းပြတယ်။ အမေ​ဆိုရင် ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့​တယ်၊ အဖေ​လည်း သူ​ပူဆာ​တဲ့​အတိုင်း ချက်ချင်း​ပေး​လိုက်တယ်။ ဒါ​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ငွေကြေး​ထောက်ပံ့ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်မ​သိလာတယ်။

အဲဒီ​အချိန်တုန်းက သတင်းကောင်း​ကြွေးကြော်​သူ ပို​လိုအပ်​တဲ့​နေရာကို​ပြောင်းရွှေ့​ဖို့ အဖေ​စီစဉ်​တယ်။ ၁၉၄၉ ခုနှစ်​မှာ အဖေ့​ရဲ့​လယ်​နဲ့ သဲ​ကျောက်စရစ်​ကျင်း​ကို​ရောင်းလိုက်ပြီး ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​အမှုဆောင်​ဖြစ်​တဲ့ ရှေ့ဆောင်​လုပ်ခဲ့တယ်။ ၁၉၅၀၊ စက်တင်ဘာ ၂၄ ရက်မှာ ယေဟောဝါ​ကို အပ်နှံ​တဲ့​အထိမ်းအမှတ်​အဖြစ် ကျွန်မ​နှစ်ခြင်း​ခံ​တယ်။ အဲဒီ​အချိန်​ကစပြီး နွေ​ရာသီ​ကျောင်း​ပိတ်​တိုင်း တစ်လ​ကို နာရီ ၁၀၀ အမှုဆောင်​ရတဲ့ အားလပ်​ရှေ့ဆောင် (ယခု အရန်ရှေ့ဆောင်) လုပ်ခဲ့တယ်။ ဒါက အစ​ပဲ​ရှိသေးတယ်။ မကြာခင်​မှာ စစ်မှန်​တဲ့​ဝတ်ပြုရေး ပို​တိုးတက်​အောင် လုပ်ဆောင်​ချင်​တဲ့​ဆန္ဒ တဖွားဖွား​ပေါ်လာ​တော့​တယ်။

သာသနာပြု​ဖြစ်​လို​သည့်​ဆန္ဒ

၁၉၅၁ ခုနှစ်​ရောက်တော့ မြောက်ပိုင်း​ဒယ်​ဗန်​က ဘ​စ်​ဒါ​ဖက်​ဒ်​မြို့မှာ အဖေ​တာဝန်ကျ​တယ်။ အဲဒီကို​ရောက်​ပြီး​မကြာခင် အစပိုင်း​မှာ​ဖော်ပြ​ခဲ့​သလိုပဲ အာဖရိက​တိုက်​က သာသနာပြု​တစ်ဦး ကျွန်မ​တို့​အသင်းတော်ကို လာ​လည်ပတ်​တယ်။ အဲဒီ​နောက်ပိုင်း ကျွန်မ​စိတ်​ထဲမှာ သာသနာပြု​ဖြစ်ချင်​တဲ့​ဆန္ဒ​ပဲ​ရှိနေတယ်။ ကျွန်မ​ရဲ့​ပန်းတိုင်​ကို ဆရာ/ဆရာမ​တွေ​သိထားတဲ့​အတွက် ကျွန်မ​စိတ်ဓာတ်ကျ​အောင် အမျိုးမျိုး​လုပ်ကြတယ်။ သူတို့က ကျွန်မ​ကို လောက​အလုပ် လုပ်စေချင်တာကိုး။ ကျောင်း​နောက်ဆုံး​နေ့မှာ ဆရာများ​နား​နေ​ခန်း​ကို​သွားပြီး ကျေးဇူး​တင်​စကား​နဲ့ နှုတ်ဆက်​စကားပြော​တဲ့​အခါ ဆရာ​တစ်ယောက်​က “ဂုဏ်ယူ​ပါ​တယ်။ ဘဝမှာ ကိုယ်​လိုချင်​တဲ့​အရာ​ကို တကယ်​သိထားတဲ့​ကျောင်းသား​ဆို​လို့ မင်း​တစ်ယောက်ပဲ​ရှိတယ်။ အဲဒီ​ပန်းတိုင်​ကို​ရောက်​နိုင်​မယ်​လို့ မျှော်လင့်​ပါ​တယ်” ဆိုပြီး​ပြော​တယ်။

ကျွန်မ​လည်း ချက်ချင်းပဲ အချိန်ပိုင်း​အလုပ်​တစ်ခု​လုပ်ပြီး ၁၉၅၅၊ ဒီဇင်ဘာ ၁ ရက်မှာ မှန်မှန်ရှေ့ဆောင်​ဖြစ်လာ​တယ်။ နောက်ပိုင်း အမေနဲ့​မောင်လေး​တွေ​လည်း ရှေ့ဆောင်​တွေ​ဖြစ်လာ​တယ်။ ဒီလိုနဲ့ နှစ်ပေါင်း​များစွာ အချိန်ပြည့်​လုပ်ငန်းမှာ မိသားစု​လိုက် ပါဝင်​ခဲ့​ကြတယ်။

အိုင်ယာလန်​သို့

တစ်နှစ်​ကြာပြီး​တဲ့​နောက် အိုင်ယာလန်​မှာ​အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ဒါက သာသနာပြု​ပန်းတိုင်​ကို အရောက်​လှမ်း​စေမယ့်​ခြေလှမ်း​ပဲ။ ၁၉၅၇၊ ဖေဖော်ဝါရီ​မှာ ငယ်ရွယ်​တဲ့​ရှေ့ဆောင်​နှစ်ယောက်​ဖြစ်​တဲ့ ဂျူန်း​နယ်​ပီ​ယာ၊ ဘယ်​ရ​ယ် ဘာ​ကာ​နဲ့​အတူ အိုင်ယာလန်​တောင်ပိုင်း၊ ကော့ခ်​မြို့ကို​ရောက်​ခဲ့​ကြတယ်။

အိုင်ယာလန်​မှာ​အမှုဆောင်​ရတာ တကယ်​ခက်ခဲ​တယ်။ ချာ့ခ်ျ​က အကြီးအကျယ်​ဆန့်ကျင်​တယ်။ တိုက်ခန်းတွဲ​တွေ၊ အိမ်ရာ​တွေ​မှာ အမှုဆောင်တဲ့​အခါ အရေးပေါ်​ရင် ထွက်ပြေး​နိုင်​ဖို့ လမ်း​ရှိမရှိ သေချာ​လေ့လာ​ထား​ရတယ်။ ကျွန်မ​တို့​ရဲ့​စက်ဘီး​တွေ​ကို ခပ်​လှမ်း​လှမ်း​မှာ ဝှက်ထား​ရတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်​တွေ့​သွားပြီး တာယာ​ကို​ခွဲ​ပစ်​တာ၊ လေ​လျှော့​တာ​လုပ်တတ်​ကြတယ်။

တစ်ခါ​က ဘယ်​ရ​ယ်​နဲ့​ကျွန်မ အိမ်ရာ​ကြီး​တစ်ခု​မှာ​နေထိုင်တဲ့​သူတွေဆီ သွား​လည်ပတ်​တဲ့​အခါ ကလေး​တစ်အုပ်​က အော်ဟစ်​ဆဲဆို​ပြီး ကျောက်ခဲ​နဲ့​ပေါက်​တယ်။ ဒါ​ကြောင့် ကျွန်မ​တို့​လည်း အိမ်ခန်း​တစ်ခု​နဲ့​တွဲလျက်​ဖွင့်​ထား​တဲ့ နွား​နို့​ရော​င်း​တဲ့​ဆိုင်​ထဲ ဝင်​သွားတယ်။ လူအုပ်​က အပြင်မှာ စုရုံး​နေကြ​တယ်။ နွား​နို့​ကြိုက်​တဲ့​ဘယ်​ရ​ယ်​က နွား​နို့ နှစ်​ခွက်၊ သုံး​ခွက်​ကို အချိန်ဆွဲ​သောက်​ရင်း လူစု​ကွဲ​သွားဖို့ စောင့်နေ​ပေမဲ့ လူစု​ကွဲ​မသွား​ဘူး။ နောက်တော့ ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး ဆိုင်​ထဲ​ဝင်​လာတယ်။ ကျွန်မ​တို့ကို ဧည့်သည်​တွေ​လို့​ထင်​ပြီး အနီး​တ​ဝိုက် လိုက်​ပြပေး​ချင်​တယ်​တဲ့။ ဒါပေမဲ့ အရင်ဆုံး အဲဒီ​အိမ်​ရဲ့​အခန်း​တစ်ခု​ဆီ ခေါ်​သွားတယ်။ ကျွန်မ​တို့​ထိုင်​နေတုန်း သူက သေလုမြောပါး​ဖြစ်နေ​တဲ့ အဘိုးအို​တစ်ယောက်ကို နောက်ဆုံး​ဘာသာရေး​ထုံးတမ်း​တစ်ခု လုပ်ပေးတယ်။ အဲဒီနောက် ခရစ်ယာန်​ဘုန်းကြီး​နဲ့​အတူ စကားစမြည်​ပြော​ပြီး ထွက်​လာတာကို​တွေ့​တော့ လူစု​လည်း ကွဲ​သွားတယ်။

ဂိလဒ်​သို့

၁၉၅၈ ခုနှစ်၊ မြင့်မြတ်​သော​အလိုတော် အပြည်ပြည်ဆိုင်ရာ​စည်းဝေးပွဲ​ကို နယူးယောက်​မှာ ကျင်းပ​တယ်။ အဲဒီ​စည်းဝေးပွဲ​ကို အဖေ​သွား​တက်​တော့ ကျွန်မ​လည်း တက်​ချင်​တယ်။ ဒါပေမဲ့ ပိုက်ဆံ​မရှိဘူး။ အဲဒီအချိန်မှာ အဘွား ရုတ်တရက်​ဆုံး​သွားပြီး ကျွန်မ​အတွက် ပေါင် ၁၀၀ (အမေရိကန်​ဒေါ်လာ ၂၈၀) ထားခဲ့​တယ်။ စည်းဝေးပွဲ​အသွားအပြန် ၉၆ ပေါင်​ပဲ ကုန်ကျ​မှာ​ဆိုတော့ လေယာဉ်​လက်မှတ်​ကို ကြိုတင်​ဝယ်​လိုက်တယ်။

မကြာခင်​ပဲ ယေဟောဝါသက်သေ​တွေ​ရဲ့ ဗြိတိန်​ဌာနခွဲရုံး​က ကိုယ်စားလှယ်​တစ်ယောက် ကျွန်မ​တို့​ဆီ​လာ​လည်ပတ်​တယ်။ ပြီး​တော့ စည်းဝေးပွဲ​သွားမယ့် အထူး​ရှေ့ဆောင်​အားလုံး​ကို ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်းတက်​ဖို့ လျှောက်လွှာ​ဖြည့်​ခိုင်းတယ်။ ကျွန်မ ယုံ​တောင်​မယုံနိုင်​ဘူး။ ကျွန်မ​က​လွဲလို့ ကျန်​ရှေ့ဆောင်​အားလုံး လျှောက်လွှာ​ရတယ်။ ကျွန်မ​က သိပ်​ငယ်​သေး​တာ​ကိုး။ ဒါနဲ့ ကျွန်မ​လည်း ကိုယ့်​တိုင်းပြည်​ကို​စွန့်ပြီး သာသနာပြု​လို​ပဲ အမှုဆောင်​နေတဲ့​အကြောင်း​ရှင်းပြ​ပြီး လျှောက်လွှာ​တစ်စောင်​ပေး​ဖို့ တောင်းဆို​ခဲ့​တယ်။ အဲဒီ​ညီအစ်ကို​က ကျွန်မ​ရဲ့​စိတ်ပိုင်းဖြတ်​ချက်​ကို​ကြည့်​ပြီး လျှောက်လွှာ​တစ်စောင်​ပေး​တယ်။ ကျွန်မ​ရဲ့​လျှောက်လွှာ​ကို​လက်ခံ​ပေး​ဖို့ ဆုတောင်း​လိုက်ရ​တာ။ မကြာ​ပါ​ဘူး၊ ဂိလဒ်​ကျောင်းတက်​ဖို့ ဖိတ်ခေါ်​စာ​ရခဲ့တယ်။

၃၃ ကြိမ်​မြောက်​ဂိလဒ်​ကျောင်း​ကို ၁၄ နိုင်ငံ​က ရှေ့ဆောင် ၈၁ ယောက်​နဲ့​အတူ​တက်​ရတာ သိပ်​ပျော်​ဖို့​ကောင်းတယ်။ ငါး​လ​တာ​သင်တန်း​ကာလ​က အကုန်​မြန်​လိုက်တာ။ သင်တန်းဆင်း​ခါနီး​တော့ ညီအစ်ကို နေသန်နောရ်​က လေး​နာရီ​ကြာ​ဟောပြောချက်​တစ်ခု ပေး​တယ်။ ပြီး​တော့ တစ်ကိုယ်ရေ​ဘဝနဲ့​ပဲ​ဆက်နေ​ကြဖို့ အားပေးတယ်။ (၁ ကောရိန္သု ၇:၃၇၊ ၃၈) တစ်နေ့​နေ့မှာ လက်ထပ်​ဖို့​ဆန္ဒရှိ​ခဲ့ရင်​တော့ ကိုယ်​နဲ့​လိုက်ဖက်​တဲ့ အိမ်ထောင်ဖက်​တစ်ဦး​ရဲ့ အရည်အသွေးတွေကို စာရင်း​တစ်ခု​ပြုစု​ထား​ဖို့ အကြံပေး​တယ်။ ဒါမှ ဒီ​အချက်​တွေ​နဲ့​ကိုက်ညီ​မညီ စစ်ဆေး​နိုင်​မှာ။

ကျွန်မ​ရဲ့​စာရင်း​မှာ​တော့ ကျွန်မ​ရဲ့​ခင်ပွန်း​လောင်း​က သာသနာပြု​တစ်ယောက်​ဖြစ်​ရမယ်။ ယေဟောဝါ​ကို ချစ်​ရမယ်။ ကျမ်းစာ​အမှန်တရား​အကြောင်း ကျွန်မ​ထက် ပို​သိထား​ရမယ်။ အချိန်ပြည့်​လုပ်ငန်းမှာ​ဆက်​ပါဝင်​နိုင်​ဖို့ အာမဂေဒုန်​လာတဲ့​အထိ ကလေး​မယူ​ချင်​တဲ့​သူ​ဖြစ်​ရမယ်။ အင်္ဂလိပ်​စကား​ကို ကျွမ်း​ကျွမ်းကျင်​ကျင်​ပြောတတ်​ပြီး ကျွန်မ​ထက် ပို​အသက်ကြီး​ရမယ်။ ဒီ​စာရင်း​က ရပ်​ဝေး​မြေ​ခြား​မှာ​အမှုဆောင်​မယ့် အသက်​နှစ်​ဆယ်​အရွယ် ကျွန်မ​အတွက် တကယ့်ကို​အကူအညီ​ဖြစ်တယ်။

ဘရာဇီး​သို့

၁၉၅၉၊ ဩဂုတ် ၂ ရက်မှာ ကျွန်မ​တို့​ကျောင်းဆင်း​ပြီး တာဝန်ကျ​တဲ့​နေရာကို ကြေညာ​တယ်။ ဗီရာ​နူး​ရှ် ယာ​ဇာ​ဂျီ​အဲ​န်၊ စေ​ရာ ဂ​ရီ​ကို၊ ရေး၊ အင်​ဂါ​ဟ​တ်ဖီးလ်၊ ဆို​နီ​ယာ စ​ပ​ရင်း​ဂိတ်၊ ဒိုရင်း​ဟို​င်းစ်​နဲ့ ကျွန်မ​က ဘရာဇီး​မှာ​တာဝန်ကျ​တယ်။ ကျွန်မ​တို့ စိတ်​လှုပ်ရှား​လိုက်​ကြ​တာ။ သစ်တော​တွေ၊ မြွေတွေ၊ ရော်​ဘာ​ပင်​တွေ​နဲ့ အင်​ဒီး​ယန်း​တိုင်းရင်းသား​တွေ​ကို မြင်ယောင်မိ​တယ်။ ဒါပေမဲ့ အဲဒီကို​ရောက်သွားတဲ့​အခါ အမေ​ဇုန်​မိုးသစ်တော​အစား ခေတ်မီ​တဲ့ ရီယို​ဒီ​ဂျ​နေ​ရို​မြို့တော်​ကို​တွေ့ရ​လို အံ့သြခဲ့ရ​တယ်။

ချက်ချင်း​ကြုံ​ရတဲ့​အခက်အခဲ​က ပေါ်တူဂီ​စကား​သင်ယူ​ရတာ​ဖြစ်တယ်။ ပထမ​လမှာ နေ့တိုင်း ၁၁ နာရီ​ကြာ သင်ယူ​ရတယ်။ ရီယို​ဌာနခွဲရုံး​မှာ​နေတုန်း အဲဒီမြို့မှာ​ဟောပြောတယ်။ နောက်ပိုင်း ဆော်​ပိုလို​ပြည်နယ်​မှာ​ရှိတဲ့ ပီ​ရာ​စီ​ကာ​ဘာ​မြို့က သာသနာပြု​အိမ်မှာ နေ​ရတယ်။ အဲဒီနောက် ရီယို​ဂ​ရဲ​န်​ဒါ​ဆူ​လ်​ပြည်နယ်၊ ပေါ်​တူ​အလယ်​ဂ​ရီ​မြို့က သာသနာပြု​အိမ်မှာ နေ​ရတယ်။

၁၉၆၃ နှစ်ဆန်း​ပိုင်း​မှာ ဌာနခွဲ​က ဘာသာပြန်​ဌာန​မှာ​အလုပ်လုပ်ဖို့ ကျွန်မ​ကို​ဖိတ်ခေါ်တယ်။ ကျွန်မ​တို့​ရောက်ခါစ​မှာ ပေါ်တူဂီ​စကား​သင်ပေးတဲ့ ဖ​လို​ရီ​ယား​နို အက်​ဂ​နေး​ဒါ ကွန်​စေ​ဆော်​က အဲဒီ​ဌာန​ရဲ့​တာဝန်ခံ​ပေါ့။ သူက ဘရာဇီး​နိုင်ငံ​မှာ သက်သေခံ ၃၀၀ လောက်​ပဲ​ရှိတဲ့ ၁၉၄၄ ခုနှစ်​တုန်း​က အမှန်တရား​သိ​ရှိခဲ့​ပြီး ၂၂ ကြိမ်​မြောက်​ဂိလဒ်​ကျောင်း​ကို တက်ရောက်​ခဲ့​သူ​ဖြစ်တယ်။ လအနည်းငယ်​ကြာပြီး တစ်နေ့​တော့ ဖ​လို​ရီ​ယား​နို​က ကျွန်မ​နဲ့​စကားပြော​ချင်​တဲ့​အတွက် နေ့လယ်​စာ​မစား​ခင် ခဏ​နေ​ပေး​ဖို့ တောင်းဆို​တယ်။ ကျွန်မ​စိုးရိမ်​သွားတာ​ပဲ။ ဘာများ​အမှား​လုပ်မိ​ပါ​လိမ့်။ နေ့လယ်​စာ​အတွက် ခေါင်းလောင်း​တီး​တော့ ဘာ​ပြော​ချင်​သလဲ​လို့​မေးတဲ့အခါ “ကျွန်တော့်​ကို​လက်ထပ်​မလား” လို့ သူ​ပြန်​မေးတယ်။ ကျွန်မ မှင်တက်​သွားတာ​ပေါ့။ စဉ်းစား​ဖို့​အချိန်ပေး​ပါ​လို့​ပြော​ပြီး နေ့လယ်​စာ​အတွက် ပြေးဆင်း​ခဲ့​တယ်။

အရင်က​လည်း ကျွန်မ​ကို​ချစ်ရေးဆို​တဲ့​သူတွေ အများကြီး​ပါ​ပဲ။ ဒါပေမဲ့ ကျွန်မ​နဲ့​လိုက်ဖက်​တဲ့ အိမ်ထောင်ဖက်​မှာ​ရှိ​ရမယ့် လိုအပ်ချက်​တွေ တစ်ယောက်မှ မပြည့်မီ​ကြဘူး။ ကျွန်မ​ရဲ့​စာရင်း​က ဆုံးဖြတ်ချက်​မမှား​အောင် ကူညီ​ပေး​ခဲ့​တယ်။ အခု​ကျ​တော့ ကျွန်မ​လိုချင်​တဲ့​အချက်​တွေ​အားလုံး ဖ​လို​ရီ​ယား​နို​မှာ​ရှိတယ်။ ဒီလိုနဲ့ ၁၉၆၅၊ မေ ၁၅ ရက်မှာ ကျွန်မ​တို့​လက်ထပ်​လိုက်ကြတယ်။

ကျန်းမာ​ရေး​ပြဿနာ​ကြုံရခြင်း

အခက်အခဲ​တွေ​ရှိပေမဲ့ ကျွန်မ​တို့​အိမ်ထောင်ရေး​က သာယာ​ခဲ့​ပါ​တယ်။ အခက်အခဲ​တစ်ခု​က​တော့ ကျွန်မ​တို့​အိမ်ထောင်​မပြု​ခင်​လေးမှာ​ပဲ ဖ​လို​ရီ​ယား​နို​ရဲ့​ကျန်းမာ​ရေး ချို့ယွင်း​လာတယ်။ အရင်​နှစ်တွေ​ကတည်းက သူ့ရဲ့​ဘယ်ဘက်​အဆုတ် မကောင်း​တော့​တဲ့​အတွက် အခု အခြေအနေ​ပို​ဆိုး​လာတာ။ ဒါ​ကြောင့် ဗေသလ​က​ထွက်​ပြီး ရီယို​ဒီ​ဂျ​နေ​ရို​ရဲ့​တောင်တန်း​ဒေသက တေ​ရေ​ဇို​ပူး​လ​စ်​မြို့မှာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် ကျွန်မ​တို့​အမှုဆောင်ခဲ့တယ်။ အဲဒီ​ဒေသရဲ့​ရာသီဥတု​ကြောင့် ဖ​လို​ရီ​ယား​နို ပြန်​နာလန်ထူ​လာမယ်လို့ မျှော်လင့်​ခဲ့​တာ။

၁၉၆၅၊ ဒီဇင်ဘာ​လမှာ ကင်ဆာ​ရောဂါ​ကြောင့် အမေ​အသည်းအသန်​ဖြစ်နေ​တဲ့ သတင်းရ​တယ်။ ကျွန်မ​တို့​သားအမိ စာ​မှန်မှန်​ရေး​ကြ​ပေမဲ့ လူ​ချင်း​မ​တွေ့ရ​တာ ခု​နစ်​နှစ်​ရှိပြီ။ အမေက ကျွန်မ​ကို​တွေ့ချင်​လို့ အင်္ဂလန်​ကို​ပြန်လာ​ဖို့ ခရီး​စရိတ်​ပေး​ခဲ့​တယ်။ ဆရာဝန်​တွေ​က အမေ့ကို​ခွဲစိတ်​ပေး​တယ်၊ ကင်ဆာ​အမြစ်​ပြတ်​အောင်​တော့ မ​ကုနိုင်​ခဲ့​ဘူး။ အမေ​အသည်းအသန်​ဖျား​ပြီး အိပ်ရာ​ထဲ​လဲနေ​ရပေမဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ပါဝင်​ချင်စိတ်​ရှိနေတုန်းပဲ။ သူ့​အိပ်ခန်း​မှာ လက်နှိပ်စက်​ရှိတဲ့​အတွက် စာရေး​သက်သေ​ခံနိုင်​ဖို့ ရိုက်​ရမယ့်​စာလုံး​တွေ​ကို ပြောပေး​တယ်။ ဧည့်သည်​တွေ​ကိုလည်း တိုတိုတုတ်တုတ်​သက်သေခံ​တယ်။ ၁၉၆၆၊ နိုဝင်ဘာ ၂၇ ရက်မှာ အမေ​ကွယ်လွန်​သွားတယ်။ အဲဒီ​လမှာ​ပဲ လယ်ကွင်း​လုပ်ငန်း​အတွက် ၁၀ နာရီ မှတ်တမ်းသွင်း​နိုင်​ခဲ့​တယ်။ အဖေ​လည်း သူ​ဆုံးသွား​တဲ့ ၁၉၇၉ ခုနှစ်​အထိ ရှေ့ဆောင်​လုပ်ငန်းမှာ သစ္စာရှိ​ရှိ​ဆက်​ပါဝင်​ခဲ့​တယ်။

အမေ​ဆုံး​တော့ ကျွန်မ​တို့ ဘရာဇီး​ကို​ပြန်​လာတယ်၊ အဲဒီ​အချိန်​ကစပြီး ရီယို​ဒီ​ဂျ​နေ​ရို​ပြည်နယ်​မှာ အမှုဆောင်ခဲ့တယ်။ အစကတော့ ပြည်နယ်​မြို့တော်​မှာ တိုက်နယ်​လုပ်ဖို့​တာဝန်ကျလို့ ပျော်ရွှင်​ခဲ့​ရပေမဲ့ သိပ်​မကြာ​ဘူး၊ ဖ​လို​ရီ​ယား​နို အသည်းအသန်​ဖျား​ပြန်​ရော။ ဒါ​ကြောင့် တေ​ရေ​ဇို​ပူး​လ​စ်​မြို့မှာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် အမှုဆောင်ခဲ့ကြတယ်။

နှစ်​အတန်ကြာ နာကျင်​တဲ့​ဆေး​ကုသမှု​ခံယူ​ပြီး​နောက် ၁၉၇၄ ခုနှစ်​မှာ ဆရာဝန်​တွေ​က ဖ​လို​ရီ​ယား​နို​ရဲ့​ဘယ်ဘက်​အဆုတ်​ကို ထုတ်​လိုက်တယ်။ အဲဒီတုန်းက ဦးစီး​ကြီးကြပ်မှူး၊ အထူး​ရှေ့ဆောင်​အဖြစ် သူ​အမှု​မဆောင်နိုင်​ပေမဲ့ ဆေးရုံ​ဧည့်သည်​တွေ့​ချိန်မှာ ကျမ်းစာ​သင်အံမှု​တွေ ကျင်းပ​နိုင်​ခဲ့​တယ်။ သူ့​သင်အံမှု​တစ်ခု​က​တော့ အငြိမ်းစား​ယူ​ထား​တဲ့ အမေရိကန်​လူမျိုး ဘော့​ဘ်​ဖြစ်တယ်။ ဘော့​ဘ်​က အမှန်တရားကို​လက်ခံ​ပြီး နောက်ပိုင်း နှစ်ခြင်း​ခံ​ခဲ့​တယ်။ ဖ​လို​ရီ​ယား​နို တဖြည်းဖြည်း​နာလန်ထူ​လာတဲ့​အချိန်​ကစပြီး မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်ခဲ့တယ်။

ကျွန်မ​ရဲ့​အမှုဆောင်​လုပ်ငန်း​ကို ယေဟောဝါ​ကောင်းချီး​ပေး

ကျွန်မ​လည်း နှစ်တွေ​တစ်လျှောက် အထူး​ရှေ့ဆောင်​အဖြစ် ဆက်​အမှုဆောင်​ပြီး ယေဟောဝါ​ရဲ့​ကောင်းချီး​ခံစား​ခဲ့​ရတယ်။ တေ​ရေ​ဇို​ပူး​လ​စ်​မြို့မှာ လူ ၆၀ ကျော်​ကို ယေဟောဝါ​ထံ​အပ်နှံ​နိုင်အောင် ကူညီ​ပေး​ခွင့်​ရခဲ့တယ်။ သူတို့​ထဲမှာ ဂျူပီ​ယာ​ဆို​တဲ့​အမျိုးသမီးလည်း ပါဝင်​ပြီး သူ့ကို ကျွန်မ စာ​သင်ပေးခဲ့တယ်။ အချိန်​ကြာ​တော့ သူ့​ကလေး​ရှစ်ယောက်​ကိုလည်း ကျမ်းစာ​သင်ပေးတယ်။ အခု​ဆိုရင် ဂျူပီ​ယာ၊ သူ့​မိသားစုဝင်​တွေ​နဲ့ ဆွေမျိုး​အ​ယောက် ၂၀ ကျော်​က ယေဟောဝါ​ကို တက်တက်ကြွကြွ​ဝတ်ပြု​နေကြပြီ။ တစ်ယောက်​က အကြီးအကဲ၊ သုံးယောက်​က အမှုထမ်း၊ နှစ်ယောက်​က ရှေ့ဆောင်​တွေ​ဖြစ်လာ​ကြတယ်။

လူတွေကို ကျမ်းစာ​အကြောင်း​သွန်သင်​ပေး​တဲ့​အခါ အပြုသဘော​ရှိဖို့ သင်ယူ​ခဲ့​ရတယ်။ တစ်ခါ​က၊ အယ်​လ်ဇီ​မီး​ယား​လို့​ခေါ်​တဲ့ အမျိုးသမီးငယ်​တစ်ယောက်​နဲ့ ကျမ်းစာ​သင်​တယ်။ သူ့​အမျိုးသား အန်တိုနီယို​က သူ့​အိမ်က ကျွန်မ​ချက်ချင်း​ထွက်သွား​အောင် ခွေး​ကြီး​နှစ်ကောင်​နဲ့ ခြိမ်းခြောက်​တယ်။ အဲဒီ​နောက်ပိုင်း အယ်​လ်ဇီ​မီး​ယား​နဲ့ တစ်ခါ​တ​လေ​မှ​ပဲ ဆက်သွယ်​ဖြစ်​ခဲ့​တယ်။ နောက်​ခု​နစ်​နှစ်လောက်​ကြာ​တော့ အန်တိုနီယို​က ဇနီး​ဖြစ်သူကို ကျမ်းစာ​သင်​ခွင့်ပြု​ခဲ့​တယ်။ သူ့ကို​တော့ ကျမ်းစာ​အကြောင်း သက်သေခံ​လို့​မရဘူး။ မိုးရွာ​တဲ့​တစ်နေ့၊ သင်အံမှု​မှာ​ပါဝင်​ဖို့ အန်တိုနီယို​ကို ကျွန်မ ဖိတ်ခေါ်တယ်။ ဒီတော့​မှ​ပဲ သူ​စာ​မတတ်​မှန်း သိလိုက်​ရတယ်။ အဲဒီ​အချိန်​ကစပြီး ဖ​လို​ရီ​ယား​နို​နဲ့ တခြား​သူတွေက သူ့ကို​ကျမ်းစာ​သင်ပေး​ပြီး စာ​တတ်​အောင်​လည်း သင်ပေးခဲ့တယ်။ အခု သူတို့​ဇနီး​မောင်နှံ နှစ်ခြင်း​ခံ​ပြီး​ကြပြီ။ အန်တိုနီယို​က လူငယ်တွေ​နဲ့ တွဲ​အမှုဆောင်တဲ့​အတွက် အသင်းတော်မှာ တကယ့်ကို​အကူအညီ​ဖြစ်တယ်။

ဒါတွေ​က တေ​ရေ​ဇို​ပူး​လ​စ်​မြို့မှာ​အမှုဆောင်ခဲ့တဲ့ အနှစ် ၂၀ ကျော်​အတွင်း ကြုံတွေ့​ရတဲ့ အတွေ့အကြုံ​တချို့​ပါ။ ၁၉၈၈ နှစ်ဆန်း​ရောက်တော့ နီ​ထာ​ရွိုင်း​မြို့မှာ တာဝန်​အသစ်​ခန့်အပ်​ခံရ​ပြီး အဲဒီမှာ ငါး​နှစ်​အမှုဆောင်တယ်၊ အဲဒီနောက် စ​န်​တို​အ​လာ​ရှူ​မြို့ကို ပြောင်းရွှေ့​ခဲ့​တယ်။ ပြီး​တော့ ပြည်နယ်​ရဲ့​ဗဟို​ဖြစ်​တဲ့ ဇာ​ပူ​အီ​ဘာ​အသင်းတော်ကို ပြောင်းရွှေ့​ပြီး အဲဒီမှာ ရီ​ဘေ​ရာ​အသင်းတော်​အသစ် ဖွင့်​ခွင့်​ရခဲ့တယ်။

ရိုးရှင်း​သော်လည်း အကျိုး​ဖြစ်ထွန်း​သော​အသက်တာ

နှစ်တွေ​တစ်လျှောက် လူ ၃၀၀ ကျော်​ကို ယေဟောဝါ​ထံ​အပ်နှံ​လာအောင် ကျွန်မ​တို့​ကူညီ​ပေး​ခွင့်​ရခဲ့တယ်။ လောလောဆယ် သူတို့​ထဲ​က​တချို့ ဌာနခွဲ​မှာ​အမှုဆောင်​နေတယ်။ တချို့က ရှေ့ဆောင်၊ အကြီးအကဲ၊ အမှုထမ်းတွေ​အဖြစ် အမှုဆောင်​နေတယ်။ လူအများကြီးကို​ကူညီ​နိုင်​ဖို့ သန့်ရှင်းသော​ဝိညာဉ်​တော်​က​တစ်ဆင့် ကျွန်မ​တို့ကို​အသုံးပြုခဲ့တဲ့ ဘုရားသခင်​ကို​ကျေးဇူး​တင်​လိုက်တာ။—မာကု ၁၀:၂၉၊ ၃၀

ဖ​လို​ရီ​ယား​နို​ရဲ့​ကျန်းမာ​ရေး အကြီးအကျယ်​ချို့ယွင်း​နေပေမဲ့ သူ​ပျော်ရွှင်​နေတုန်းပဲ၊ တည်ကြည်မှု​အပြည့်​နဲ့ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​နေတုန်းပဲ။ “ဒီခေတ်​ကြီး​မှာ ပြဿနာ​ကင်း​တဲ့​ဘဝမျိုး​ပိုင်ဆိုင်​မှ ပျော်ရွှင်​တာ​မဟုတ်ပါဘူး။ တို့​ရဲ့​ပြဿနာ​တွေ​ကို ယေဟောဝါ​ကူညီ​ဖြေရှင်း​ပေး​တဲ့​အတွက် ပျော်ရွှင်​နေတာပါ” လို့​သူ​ပြော​လေ့​ရှိတယ်။—ဆာလံ ၃၄:၁၉

၂၀၀၃ ခုနှစ်​မှာ ကျွန်မ​ရဲ့​ဘယ်ဘက်​မျက်လုံး ကင်ဆာ​ဖြစ်နေ​တာ သိလိုက်​ရတယ်။ ဒါနဲ့ ခွဲစိတ်​ကုသ​ပြီး မျက်လုံး​အတု​ထည့်​ရတယ်၊ အဲဒါကို နေ့တိုင်း အကြိမ်ကြိမ်​ဆေး​ရတယ်။ ဒါပေမဲ့ အထူး​ရှေ့ဆောင်​အဖြစ် ဆက်​အမှုဆောင်​နိုင်​ဖို့ ယေဟောဝါ​ခွန်​အားပေးခဲ့​ပါ​တယ်။

ကျွန်မ​ရဲ့​ဘဝကို ရိုးရိုးရှင်းရှင်း​ထား​တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့​ကောင်းချီး​ကြောင့် ဝိညာဉ်​ရေး​မှာ​ကြွယ်ဝ​နေတယ်။ အာဖရိက​တိုက်​ကနေ အလည်​ရောက်လာ​တဲ့ သာသနာပြု​ညီအစ်မ​ပြော​ခဲ့​တဲ့​စကား​က ဘရာဇီး​မှာ​အမှုဆောင်​နေတဲ့ ကျွန်မ​ရဲ့​အခြေအနေ​နဲ့ တစ်ထပ်တည်း​ပဲ။ သာသနာပြု​ဖြစ်ချင်​တဲ့ ကျွန်မ​ရဲ့​ဆန္ဒ​ကို ယေဟောဝါ​ရှင် ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​ခဲ့​တယ်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

၁၉၅၃ ခုနှစ်​တွင် မိသားစု​နှင့်အတူ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

၁၉၅၇ ခုနှစ်၊ အိုင်ယာလန်​တွင် သက်သေခံ​စဉ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၅၉ ခုနှစ်၊ ဘရာဇီး​တွင် သာသနာပြု​များနှင့်​အတူ။ ဝဲ​မှ​ယာ– ကျွန်မ၊ အင်​ဂါ​ဟ​တ်ဖီးလ်၊ ဒိုရင်း​ဟို​င်းစ်၊ ဆို​နီ​ယာ စ​ပ​ရင်း​ဂိတ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်မ​ခင်ပွန်း​နှင့်အတူ