သားသမီးမွေးမြူရေးအတွက် ယုံကြည်အားထားရသောလမ်းညွှန်
သားသမီးမွေးမြူရေးအတွက် ယုံကြည်အားထားရသောလမ်းညွှန်
သားဦးလေးကို ကိုယ်ဝန်လွယ်ထားသော ရုသ်က “ကျွန်မ အသက် ၁၉ နှစ်ရှိပြီ၊ မိဘအသိုင်းအဝိုင်းနဲ့ ဝေးနေတဲ့အပြင် ဘာမှလည်းမသိဘူး” ဟုပြောပြသည်။ သူကိုယ်တိုင်က တစ်ဦးတည်းသောသမီးဖြစ်ပြီး မိဘဖြစ်ခြင်းနှင့်ပတ်သက်၍ ကောင်းကောင်းမသိပေ။ သူ့အတွက် ယုံကြည်အားထားရသော လမ်းညွှန်မှုကို မည်သည့်နေရာမှရရှိနိုင်မည်နည်း။
ယခု အရွယ်ရောက်နေပြီဖြစ်သော ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဂျဲန်ကဤသို့ဆို၏– “အစပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုသိပ်ယုံကြည်စိတ်ချခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လက်တွေ့ကျအသိပညာမရှိဘူးဆိုတာ မကြာခင်မှာပဲ နားလည်လာတယ်။” သားသမီးမွေးမြူခြင်းအကြောင်း အစကတည်းက ဘာမျှမသိသော သို့မဟုတ် နောက်ပိုင်း မည်သို့ဆက်ပြုစုပျိုးထောင်ရမည်ကို မသိသော မိဘများသည် မည်သည့်နေရာမှ အကူအညီရနိုင်သနည်း။
ယနေ့ မိဘများစွာသည် အင်တာနက်တွင် ရှာဖွေကြသည်။ သို့သော် ထိုတွင်တွေ့ရသော လမ်းညွှန်မှုသည် မည်မျှယုံကြည်အားထားနိုင်သနည်းဟု သင်တွေးမိပေမည်။ ထို့ကြောင့်လည်း သင်အထူးသတိပြုဖို့လိုသည်။ အွန်လိုင်းတွင် သင့်ကိုအကြံပေးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ကောင်းစွာသိသလော။ သူတို့ကိုယ်တိုင် သားသမီးမွေးမြူရာတွင် မည်မျှအောင်မြင်နေသနည်း။ သင့်မိသားစုအပေါ် သက်ရောက်မှုရှိသော ကိစ္စများနှင့်ပတ်သက်လျှင် သင်အထူးသတိထားဖို့လိုသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြသည့်အတိုင်း တစ်ခါတစ်ရံ ပညာရှင်များ၏ လမ်းညွှန်ချက်များပင် စိတ်ပျက်ဖွယ်ဖြစ်သည်။ သို့ဖြစ်လျှင် မည်သည့်နေရာမှ လမ်းညွှန်မှုရရှိနိုင်သနည်း။
သားသမီးမွေးမြူရေးနှင့်ပတ်သက်သော လမ်းညွှန်မှု၏ အဓိကရင်းမြစ်မှာ မိသားစုကိုအစပြုရှင် ယေဟောဝါဘုရားသခင်ဖြစ်သည်။ (ဧဖက် ၃:၁၅) ကိုယ်တော်သာလျှင် အကျွမ်းကျင်ဆုံးပညာရှင်ဖြစ်တော်မူသည်။ ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် ယုံကြည်အားထားရပြီး လက်တွေ့ကျကာ ထိရောက်သော ညွှန်ကြားချက်များကို ပြင်ဆင်ပေးထားသည်။ (ဆာလံ ၃၂:၈; ဟေရှာယ ၄၈:၁၇၊ ၁၈) သို့သော် ကျွန်ုပ်တို့ဘက်မှ ယင်းတို့ကို ကျင့်သုံးရန် တာဝန်ရှိသည်။
မိမိတို့သားသမီးများကို တည်ငြိမ်ရင့်ကျက်သော၊ ဘုရားသခင်ကိုကြောက်ရွံ့သော လူကြီးများအဖြစ် ကြီးပြင်းလာအောင် မွေးမြူပေးစဉ် အဘယ်အရာများသိရှိလာကြောင်း မောင်နှံစုံအချို့ကို မေးမြန်းခဲ့ပါသည်။ သူတို့အောင်မြင်ရခြင်းမှာ အဓိကအားဖြင့် ကျမ်းစာမူများကို ကျင့်သုံးခြင်းကြောင့်ဖြစ်သည်ဟု ပြောပြကြသည်။ သမ္မာကျမ်းစာ၏ လမ်းညွှန်ချက်သည် ယင်းကို ဦးဆုံးရေးသားချိန်ကကဲ့သို့ပင် ယခုအထိ ယုံကြည်အားထားရကြောင်း သူတို့တွေ့ရှိခဲ့သည်။
သားသမီးများကို အချိန်ပေးပါ
သားသမီးနှစ်ဦး၏ မိခင်ဖြစ်သူ ကက်သရင်းအတွက် အထောက်အကူအဖြစ်ဆုံး လမ်းညွှန်ချက်မှာ တရားဟောရာ ၆:၇ ဖြစ်သည်။ ထိုတွင် ဤသို့ဆို၏– “ထိုစကား [ကျမ်းစာမူများ] ကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။” ထိုအကြံပြုချက်အတိုင်း လိုက်လျှောက်နိုင်ရန် သားသမီးများကို အချိန်ပေးရမည်ဖြစ်ကြောင်း ကက်သရင်းသဘောပေါက်ခဲ့၏။
‘ဒါက ပြောရလွယ်သလောက် လုပ်ဖို့ခက်တယ်’ ဟုသင်စဉ်းစားပေမည်။ မိသားစုများစွာတွင် စားဝတ်နေရေးအတွက် မိဘနှစ်ဦးစလုံး အလုပ်လုပ်ကြသောကြောင့် သားသမီးများကို မည်သို့အချိန်ပေးနိုင်မည်နည်း။ တောလစ်ဖ်က တရားဟောရာကျမ်းမှ အကြံပြုချက်အတိုင်း လုပ်ဆောင်ဖို့ အရေးကြီးသည်ဟု ပြောခဲ့၏။ သားသမီးများကို သင်သွားသည့်နေရာတိုင်းသို့ ခေါ်သွားပါ၊ စကားပြောဖို့ အခွင့်အရေး အလိုလိုပေါ်လာပါလိမ့်မည်။ တောလစ်ဖ် ဤသို့ဆက်ပြောသည်– “ကျွန်တော့်သားနဲ့အတူ အိမ်အလုပ်တွေလုပ်တယ်။ မိသားစုလိုက် အတူခရီးထွက်တယ်။ အတူတူစားသောက်တယ်။ ဒါကြောင့် ဘာမဆိုလွတ်လွတ်လပ်လပ် ဖွင့်ပြောနိုင်တယ်လို့ သူခံစားခဲ့ရတယ်။” သူ့သားဖြစ်သူမှာ ယခု အိမ်ထောင်ကျပြီး သားသမီးများပင်ရနေပြီ။
သို့သော် ပွင့်လင်းစွာဆက်သွယ်ခြင်းမရှိဘဲ စကားပြောအဆင်မပြေဖြစ်လာလျှင်ကော။ သားသမီးများကြီးပြင်းလာသောအခါ ထိုသို့ဖြစ်တတ်ပါသည်။ ဤတွင်လည်း သူတို့ကို အချိန်ပေးခြင်းက အထောက်အကူဖြစ်စေနိုင်သည်။ ကက်သရင်း၏ခင်ပွန်းဖြစ်သူ ကယ်န်က သမီးဖြစ်သူ ဆယ်ကျော်သက်အချိန်ကို ပြန်သတိရသည်။ သမီးက သူစကားပြောသည့်အခါ အဖေက နားမထောင်ပေးဟု ပြောခဲ့သည်။ ယင်းသည် ဆယ်ကျော်သက်များ ပြောလေ့ရှိသောစကားဖြစ်၏။ သူဘာလုပ်ခဲ့သနည်း။ ကယ်န် ဤသို့ပြန်ပြောပြ၏– “သူ့ရဲ့သဘောထားတွေ၊ ခံစားချက်တွေနဲ့ မကျေမနပ်ဖြစ်တာတွေကို နှစ်ယောက်တည်းဆွေးနွေးနိုင်အောင် အချိန်ပိုပေးဖို့ ကျွန်တော်ဆုံးဖြတ်သု. ၂၀:၅) သို့သော် ထိုသို့အောင်မြင်စွာ ဆွေးနွေးပြောဆိုနိုင်ခြင်းမှာ သူတို့မိသားစုတွင် ဆက်သွယ်မှုအမြဲရှိ၍ဖြစ်ကြောင်း ကယ်န်ယုံကြည်သည်။ “ကျွန်တော့်သမီးနဲ့ ကျွန်တော် ဆက်သွယ်မှုကောင်း အမြဲရှိတဲ့အတွက် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တယ်လို့ သူခံစားခဲ့ရတယ်” ဟုသူပြောခဲ့သည်။
လိုက်တယ်။ အဲဒါက တကယ်အထောက်အကူဖြစ်ခဲ့တယ်။” (စိတ်ဝင်စားစရာမှာ၊ မိဘနှင့်သားသမီး တစ်ဦးကိုတစ်ဦး အချိန်လုံလောက်စွာမပေးဟု မိဘများထက် ဆယ်ကျော်သက်များက သုံးဆပိုပြောကြောင်း မကြာသေးမီလေ့လာမှုတစ်ခုက ဖော်ပြသည်။ ထို့ကြောင့် ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ပါ။ အနားယူချိန်၊ အလုပ်လုပ်ချိန်၊ အိမ်တွင်ရှိနေချိန်၊ ခရီးသွားချိန်၊ နံနက်အိပ်ရာထချိန်နှင့် ညအိပ်ရာမဝင်မီအချိန်တို့တွင် သင့်သားသမီးကို အချိန်ပေးနိုင်သရွေ့ များများပေးပါ။ ဖြစ်နိုင်လျှင် သင်သွားသည့်နေရာတိုင်းသို့ သားသမီးများကို ခေါ်သွားပါ။ တရားဟောရာ ၆:၇ တွင် ဖော်ပြသည့်အတိုင်း သင့်သားသမီးများအတွက် အချိန်ပေးခြင်းကို ဘာနှင့်မျှအစားထိုး၍မရချေ။
မှန်ကန်သည့်စံနှုန်းများကို သွန်သင်ပေးပါ
ကလေးနှစ်ဦး၏ဖခင် မာရီယိုက ဤသို့ပြောသည်– “သားသမီးတွေကို မေတ္တာများများပြပါ၊ သူတို့နဲ့အတူ စာဖတ်ပါ။” သို့သော် သင့်သားသမီး၏ ဉာဏ်ရည်ကိုတိုးတက်စေရုံမျှနှင့် မလုံလောက်ပါ။ အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်တတ်ရန် သွန်သင်ပေးဖို့လိုသည်။ မာရီယိုက “သူတို့နဲ့အတူ ကျမ်းစာလေ့လာပါ” ဟုဆက်ပြောသည်။
ထို့ကြောင့် ကျမ်းစာက မိဘများကို ဤသို့တိုက်တွန်းထား၏– “ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ စစ်မှန်သောခရစ်ယာန်သွန်သင်လမ်းညွှန်မှုနှင့်အညီ နူးညံ့သိမ်မွေ့စွာ ကျွေးမွေးပြုစုကြလော့။” (ဧဖက် ၆:၄၊ ဝေးမောက်သ်) ယနေ့ မိသားစုများစွာတွင် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ထိထိရောက်ရောက် မသွန်သင်ပေးကြချေ။ အဘယ်စံနှုန်းများ လိုက်နာရမည်ကို သားသမီးများ ကြီးပြင်းလာသည့်အခါ သူတို့ဘာသာ ဆုံးဖြတ်နိုင်မည်ဟု အချို့ယူဆကြသည်။ ယင်းသည် အဓိပ္ပာယ်ရှိပါသလော။ ကလေးတို့၏ခန္ဓာကိုယ် ကျန်းမာသန်စွမ်းလာရန် သင့်တော်သည့် အာဟာရလိုအပ်သကဲ့သို့ ကလေးတို့၏ နုနယ်သောစိတ်နှလုံးသည်လည်း သွန်သင်လမ်းညွှန်မှု လိုအပ်သည်။ အကယ်၍ အိမ်တွင် ကိုယ်ကျင့်တရားစံနှုန်းများကို မသင်ပေးပါက ကျောင်းနေဖက်များ၊ ဆရာများနှင့် သတင်းမီဒီယာများမှ အတွေးအခေါ်များကို သူတို့သင်ယူပေလိမ့်မည်။
သားသမီးများ အမှားအမှန်ခွဲခြားတတ်အောင် သွန်သင်ပေးရာတွင် မိဘများကို သမ္မာကျမ်းစာက ကူညီပေးနိုင်ပါသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ကလေးနှစ်ဦးကို ပြုစုပျိုးထောင်ခဲ့သည့် အတွေ့အကြုံရှိခရစ်ယာန်အကြီးအကဲ ဂျက်ဖ်က ကလေးများအား မှန်ကန်သည့်စံနှုန်းများ သင်ပေးရာတွင် ကျမ်းစာအသုံးပြုရန် အကြံပေးသည်။ သူဤသို့ပြော၏– “ကျမ်းစာအသုံးပြုခြင်းက ကိစ္စရပ်တစ်ခုအပေါ် မိဘရဲ့သဘောထားကိုသာမက ဖန်ဆင်းရှင်ရဲ့သဘောထားကိုပါ ကလေးတွေသိလာအောင် ကူညီပေးတယ်။ သမ္မာကျမ်းစာက ကလေးတွေရဲ့စိတ်နှလုံးကို အရမ်းထိမိစေတယ်ဆိုတာ ကျွန်တော်တို့ သတိပြုမိခဲ့တယ်။ မှားယွင်းတဲ့လုပ်ရပ် ဒါမှမဟုတ် အတွေးအခေါ်ကို ပြုပြင်ပေးဖို့ သင့်တော်တဲ့ကျမ်းချက်တစ်ခုကို ကျွန်တော်တို့ရှာဖွေတယ်။ ပြီးတော့ ကလေးနဲ့ သီးသန့်စကားပြောပြီး သူ့ကို ကျမ်းချက်ဖတ်ခိုင်းတယ်။ အဲဒီအခါ ကလေးက ငိုတော့တာပဲ။ ကျွန်တော်တို့ တကယ်အံ့သြခဲ့ရတယ်။ ကျွန်တော်တို့ပြောနိုင်၊ လုပ်နိုင်တာထက် ကျမ်းစာက ပိုအစွမ်းထက်တယ်။”
ဟေဗြဲ ၄:၁၂ တွင် ဤသို့ရှင်းပြသည်– ‘ဘုရားသခင်၏နှုတ်မြွက်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်းတို့နှင့် ပြည့်စုံ၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။’ ထို့ကြောင့် သမ္မာကျမ်းစာပါသတင်းစကားသည် ကျမ်းရေးသူအဖြစ် ဘုရားသခင်အသုံးပြုခဲ့သော လူသားများ၏ ကိုယ်ပိုင်အတွေးအခေါ်များ၊ အတွေ့အကြုံများမျှသာမဟုတ်ပါ။ ယင်းအစား ကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဘုရားသခင့်အတွေးအခေါ်ကို ဖော်ပြပေးသည်။ ထို့ကြောင့်လည်း အခြားလမ်းညွှန်မှုများထက် ပိုထူးခြားရခြင်းဖြစ်၏။ သင်သည် ကျမ်းစာအသုံးပြု၍ သားသမီးများကို သွန်သင်ပေးခြင်းဖြင့် ကိစ္စရပ်များအပေါ် ဘုရားသခင့်စိတ်တော်မျိုး သူတို့တွင်ရှိလာစေရန် ကူညီပေးနေသည်။ သင့်လေ့ကျင့်ပေးမှုသည် အလွန်ထိရောက်သည့်အပြင် သင့်ကလေး၏နှလုံးကို ကောင်းစွာထိမိစေသည်။
အစောပိုင်းတွင်ဖော်ပြသော ကက်သရင်းက ယင်းကိုထောက်ခံသည်။ သူဤသို့ပြော၏– “အခြေအနေပိုခက်ခဲလာလေ သမ္မာကျမ်းစာမှာ လမ်းညွှန်မှုပိုရှာလေပဲ၊ အဲဒါကြောင့်လည်း အောင်မြင်ခဲ့တယ်။” အမှားနှင့်အမှန်ပိုင်းခြားတတ်အောင် သင့်ကလေးအား သွန်သင်ပေးရာတွင် ကျမ်းစာကိုသင်ကောင်းစွာအသုံးပြုနိုင်မည်လော။
အကျိုးသင့်အကြောင်းသင့်ရှိပါ
သားသမီးပြုစုပျိုးထောင်ရာတွင် အထောက်အကူပြုသော အရေးကြီးသည့်မူတစ်ခုကို တမန်တော်ပေါလု ဖော်ပြခဲ့သည်။ ခရစ်ယာန်ချင်းများကို သူဤသို့တိုက်တွန်းခဲ့၏– “သင်တို့၏အကျိုးသင့်အကြောင်းသင့်ရှိမှုကို လူအပေါင်းတို့ရှေ့ ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅၊ ကဘ) ယင်းတွင် ကျွန်ုပ်တို့၌ အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း သားသမီးများကို သိရှိစေခြင်းလည်းပါဝင်သည်။ အကျိုးသင့်အကြောင်းသင့်သဘောသည် “အထက်မှသက်ရောက်သောပညာ” ကိုဖော်ပြနေခြင်းဖြစ်ကြောင်း သတိရပါ။—ယာကုပ် ၃:၁၇။
သို့သော် သားသမီးများကို လေ့ကျင့်ပေးခြင်းနှင့် အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း မည်သို့ဆက်စပ်သနည်း။ သူတို့ကို
ကျွန်ုပ်တို့ အတတ်နိုင်ဆုံးကူညီပေးစဉ် သူတို့၏လုပ်ရပ်တိုင်းကို မချုပ်ချယ်ကြပါ။ ဥပမာ၊ အစောပိုင်းတွင်ဖော်ပြသော ယေဟောဝါသက်သေတစ်ဦးဖြစ်သူ မာရီယိုက ဤသို့ပြန်ပြောပြ၏– “ကျွန်တော့်သားသမီးတွေကို နှစ်ခြင်းခံဖို့၊ အချိန်ပြည့်ဓမ္မအမှုနဲ့ တခြားဝိညာဉ်ရေးပန်းတိုင်တွေထားဖို့ အမြဲအားပေးတယ်။ ဒါပေမဲ့ ဒီအရာတွေကို အချိန်တန်ရင် သူတို့ဘာသာဆုံးဖြတ်ရမယ်ဆိုတာ နားလည်အောင်ရှင်းပြတယ်။” မည်သည့်ရလဒ်ရခဲ့သနည်း။ သူ့သားသမီးနှစ်ဦးစလုံး ယခု အချိန်ပြည့်ဧဝံဂေလိတရားကြွေးကြော်သူများအဖြစ် အမှုဆောင်နေကြသည်။ကောလောသဲ ၃:၂၁ တွင် ကျမ်းစာက ဖခင်များကို ဤသို့သတိပေး၏– “အဘတို့၊ ကိုယ့်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ရောက်ကြလိမ့်မည်။” ကက်သရင်းသည် ထိုအခန်းငယ်ကို အလွန်လေးမြတ်ခဲ့သည်။ မိဘများစိတ်မရှည်ပါက ဒေါသထွက်လွယ်သည် သို့မဟုတ် အလွန်အကျွံတောင်းဆိုလာသည်။ သို့သော် ကက်သရင်းက “ကိုယ့်ကိုယ်ကို မျှော်လင့်ထားတာထက်ပိုပြီး ကလေးဆီက မတောင်းဆိုပါနဲ့” ဟုပြောသည်။ ကက်သရင်းလည်း ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး “ယေဟောဝါအမှုတော်ထမ်းဆောင်ရတာကို ပျော်ရွှင်စရာဖြစ်စေပါ” ဟုဆက်ပြောခဲ့သည်။
အစောပိုင်းတွင်ဖော်ပြခဲ့သော ဂျက်ဖ်က ဤသို့လက်တွေ့ကျကျ အကြံပြု၏– “ကျွန်တော့်ကလေးတွေ ကြီးပြင်းလာတဲ့အခါ မိတ်ဆွေတစ်ယောက်က သူ့ကလေးတွေကို လုံးဝအလိုမလိုက်ဘူးလို့ပြောပြတယ်။ အဲဒါကြောင့် ကလေးတွေ အလိုမကျဖြစ်ပြီး သူတို့ကို ချုပ်ချယ်တယ်လို့ ခံစားခဲ့ရတယ်။ ဒီလိုမဖြစ်အောင် ကလေးတွေတောင်းဆိုတာကို လိုက်လျောဖို့ နည်းလမ်းတွေရှာပါလို့ ကျွန်တော့်မိတ်ဆွေက အကြံပေးတယ်။”
“အဲဒါက ကျွန်တော်တို့အတွက် အကြံဉာဏ်ကောင်းတစ်ခုပဲ။ ဒါကြောင့် ကျွန်တော်တို့စိတ်ချရတဲ့ အခြေအနေမှာ ကလေးတွေ တခြားသူတွေနဲ့အတူပေါင်းသင်းနိုင်မယ့် အခွင့်အရေးတွေရှာတယ်။ ပြီးတော့ ‘သူတို့တွေ ဒီလိုလုပ်နေကြတယ်။ မင်းတို့လည်း သူတို့နဲ့အတူ သွားလုပ်ပါလား’ လို့ကလေးတွေကို ပြောတယ်။ တကယ်လို့ ကလေးတွေက သူတို့သွားချင်တဲ့နေရာကို လိုက်ပို့ခိုင်းရင် ကျွန်တော်တို့မောပန်းနေတာတောင် သူတို့ကို လိုက်ပို့ပေးတယ်။ သူတို့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ အဲဒီလိုလုပ်ခဲ့တယ်။” ယင်းသည် ကျမ်းစာမူများကို အလျှော့ပေးလိုက်လျောခြင်းမရှိဘဲ မျှတစွာ၊ ထောက်ထားစာနာစွာ လိုက်လျောတတ်သည့် အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း၏ အနှစ်သာရပင်ဖြစ်သည်။
ယုံကြည်အားထားရသောလမ်းညွှန်မှ အကျိုးရယူပါ
ထိုမောင်နှံစုံအများစုသည် ယခု အဘိုးအဘွားများဖြစ်နေကြပြီ။ သူတို့ကျင့်သုံးခဲ့သည့် ကျမ်းစာမူများက သူတို့သားသမီးများကိုလည်း အောင်မြင်သည့်မိဘများ ဖြစ်စေကြောင်း တွေ့ရသဖြင့် သူတို့ ရွှင်လန်းကြပါသည်။ သမ္မာကျမ်းစာလမ်းညွှန်ချက်များမှ သင်အကျိုးရယူနိုင်သလော။
အစပိုင်းတွင်ဖော်ပြသော ရုသ်သည် မိဘတစ်ဦးဖြစ်လာသောအခါ အကူအညီပေးမည့်သူမရှိဟု သူနှင့်သူ့ခင်ပွန်းတို့ ခံစားခဲ့ရသည်။ သို့သော် ထိုသို့မဟုတ်ပါ။ သူတို့တွင် အမြင့်မြတ်ဆုံးလမ်းညွှန်ဖြစ်သော ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာရှိပါသည်။ မိဘများကိုကူညီပေးနိုင်သော ကျမ်းစာလေ့လာမှု အထောက်အကူပြုစာပေများစွာကို ယေဟောဝါသက်သေများ ထုတ်ဝေခဲ့ကြပြီ။ ယင်းတို့တွင် ကြီးမြတ်သောဆရာထံမှ သင်ယူလော့၊ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်တို့ပါဝင်သည်။ ရုသ်၏ခင်ပွန်းဖြစ်သူ တောလစ်ဖ်က ဤသို့ဆို၏– “အခုဆိုရင် ကျမ်းစာအခြေပြု လမ်းညွှန်ချက်အများကြီးကို အဆင်သင့်ရနိုင်ပြီ။ ဒါတွေကို မိဘတွေအသုံးပြုမယ်ဆိုရင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းနဲ့ပတ်သက်တဲ့ ကဏ္ဍတိုင်းလိုလိုမှာ အကူအညီရနိုင်ပါတယ်။”
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပညာရှင်များ၏ အဆို . . . သမ္မာကျမ်းစာ၏ အဆို
ချစ်ခင်စုံမက်မှုတင်ပြရာတွင်–
The Psychological Care of Infant and Child (မွေးကင်းစနှင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှု) (၁၉၂၈) ဆောင်းပါးတွင် ဒေါက်တာဂျွန်ဘရောဒပ်စ်ဝက်တ်ဆန်က မိဘများကို ဤသို့တိုက်တွန်း၏– သင့်ကလေးကို “ပွေ့ဖက်နမ်းရှုပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ သင့်ပေါင်ပေါ်မှာ ဘယ်တော့မှမထိုင်ခိုင်းပါနဲ့။” သို့သော် မကြာသေးမီက Our Children (ကျွန်ုပ်တို့၏သားသမီးများ) မဂ္ဂဇင်း (၁၉၉၉ မတ်လ) တွင် ဒေါက်တာဗီရာလိန်းနှင့် ဒေါ်ရသီမိုလီနိုတို့က ဤသို့ဆို၏– “ထိတွေ့ဖက်တွယ်မှုနှင့် ချစ်ခင်စုံမက်မှု မခံစားရသော ကလေးငယ်များသည် တိုးတက်အောင်မြင်မှုမရှိကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။”
ဟေရှာယ ၆၆:၁၂ တွင်မူ မိမိလူမျိုးအပေါ်ပြသသော ဘုရားသခင့်မေတ္တာတော်ကို မိဘမေတ္တာဖြင့် ရုပ်လုံးဖော်ထားသည်။ အလားတူ၊ ကလေးသူငယ်တို့ကို ယေရှုထံခေါ်လာသည့်အခါ တပည့်များက တားဆီးချိန်တွင် ကိုယ်တော် သူတို့ကို ဆုံးမပြီး ဤသို့ဆိုခဲ့၏– “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။” ထို့နောက် “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။”—မာကု ၁၀:၁၄၊ ၁၆။
မှန်ကန်သည့်စံနှုန်းများ သွန်သင်ပေးရာတွင်–
၁၉၆၉ ခုနှစ် နယူးယောက်တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးတွင် ဒေါက်တာဘရူနိုဘက်တယ်လ်ဟင်မ်က ကလေးတစ်ဦးသည် “[မိဘများ၏] အခွင့်အာဏာ [သွန်သင်မှု] ဖြင့်မဟုတ်ဘဲ ဘဝတွင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရာများအားဖြင့် သူ၏အတွင်းကျသော သဘောထားများကို ပုံသွင်းခွင့်ရှိကြောင်း” အလေးပေးပြောဆိုခဲ့သည်။ သို့သော် အနှစ် ၃၀ ခန့်ကြာသော် The Moral Intelligence of Children (ကလေးများ၏ ကိုယ်ကျင့်တရားဆိုင်ရာဉာဏ်စွမ်း) ဆောင်းပါး (၁၉၉၇) တွင် စာရေးဆရာ ဒေါက်တာရောဘတ်ကိုးလ်စ်က ဤသို့အသိအမှတ်ပြု၏– သားသမီးတို့သည် မိဘများနှင့် အခြားလူကြီးများ နှစ်သက်လက်ခံသော “စံနှုန်းများ၊ ဘဝတွင်ရည်ရွယ်ချက်ရှိသည်ဟူသောအသိစိတ်နှင့် လမ်းညွှန်မှု အလွန်လိုအပ်ကြသည်။”
နယပုံပြင် ၂၂:၆ တွင် မိဘများကို ဤသို့တိုက်တွန်း၏– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” “ဆုံးမသွန်သင်” ဟူသော ဟေဗြဲစကားလုံးသည် “အစအဦး” ဟူ၍လည်း အဓိပ္ပာယ်ရှိသောကြောင့် မွေးကင်းစအရွယ်တွင် စတင်သွန်သင်ပေးရမည်ကို ဖော်ပြနေသည်။ ထို့ကြောင့် သားသမီးများအား မွေးကင်းစအရွယ်မှစ၍ မှန်ကန်သည့်စံနှုန်းများကို သွန်သင်ပေးရန် မိဘတို့ကို အားပေးထားသည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) ထိုအစောပိုင်းနှစ်များတွင် သင်ယူရာများသည် သူတို့စိတ်ထဲ စွဲမြဲနေပေမည်။
ဆုံးမပဲ့ပြင်ရာတွင်–
The Strong-Willed Child (ခေါင်းမာသောကလေး) (၁၉၇၈) ဆောင်းပါးတွင် ဒေါက်တာဂျိမ်းစ်ဒေါ့ဘ်ဆန်က ဤသို့ရေးသားခဲ့၏– “ရိုက်နှက်ဆုံးမခြင်းသည် မေတ္တာရှိသောမိဘ၏ သွန်သင်နည်းတစ်ခုဖြစ်ပြီး ယင်းက အကျိုးယုတ်စေသောအပြုအမူကို တားဆီးပေးသည်။” သို့သော် သတ္တမအကြိမ် ပုံနှိပ်ထုတ်ဝေသော နာမည်ကြီးစာအုပ် Baby and Child Care (နို့စို့အရွယ်နှင့်ကလေးစောင့်ရှောက်မှု) (၁၉၉၈) မှ ကောက်နုတ်ထားသည့် ဆောင်းပါးတစ်ခုတွင်မူ ဒေါက်တာဗင်ဂျမင်စပေါ့က် ဤသို့ဆို၏– “ကလေးများကို ရိုက်နှက်ခြင်းသည် အသက်ပိုကြီးပြီး ပိုအားရှိသူက မှားမှားမှန်မှန် သူလုပ်ချင်ရာကိုလုပ်နိုင်သည်ဟု သင်ပေးရာရောက်သည်။”
ဆုံးမပဲ့ပြင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။” (သု. ၂၉:၁၅) သို့သော် ကလေးအားလုံးကို ရိုက်နှက်ဆုံးမဖို့မလိုပေ။ “မိုက်သောသူသည် ဒဏ်ချက်တစ်ရာကိုအမှုထားသည်ထက် ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍အမှုထားတတ်၏” ဟု နယပုံပြင် ၁၇:၁၀ ကဆိုသည်။
[ရုပ်ပုံ]
နှလုံးထိမိစေရန် ကျမ်းစာကိုအသုံးပြုပါ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပညာရှိသောမိဘများသည် သားသမီးများအပန်းဖြေရေးအတွက် စီစဉ်ပေးကြ