မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာတစ်ဝန်းမှလူတို့ အကျိုးခံစားရသော သင်တန်းကျောင်း

ကမ္ဘာတစ်ဝန်းမှလူတို့ အကျိုးခံစားရသော သင်တန်းကျောင်း

ကမ္ဘာ​တစ်ဝန်း​မှ​လူ​တို့ အကျိုး​ခံစား​ရသော သင်တန်း​ကျောင်း

နိုင်ငံ​ပေါင်း ၂၀၀ ကျော်​ရှိ ယေဟောဝါသက်သေ​တို့၏​အသင်းတော်​ပေါင်း ၉၈,၀၀၀ ကျော်​မှ လူမျိုး​ပေါင်း​စုံ​တို့သည် ဘုရားသခင်​၏​သွန်သင်မှု​ကို ခံယူ​လျက်​ရှိကြသည်။ အဓိက​ပြဋ္ဌာန်း​စာအုပ်​မှာ သမ္မာကျမ်းစာ​ဖြစ်​ပြီး ဤ​ပညာရေး​၏​ရည်ရွယ်ချက်မှာ အဘယ်အရာ​သည် ဘုရားသခင့်​အလိုတော်​ဖြစ်​ပြီး ယင်း​အလိုတော်နှင့်​အညီ မည်သို့​အသက်ရှင်​နေထိုင်​ရမည်ကို သင်ယူခြင်း​ဖြင့် တစ်ဦးချင်း​စီ​ကို ဝိညာဉ်ရေးတွင် တိုးတက်စေ​ဖို့ ကူညီ​ပေး​ရန်ဖြစ်​သည်။ ဤ​ပညာရေး​ကို လက်ခံ​သင်ယူ​သူတို့သည် များစွာ​အကျိုး​ခံစား​ကြ​ရသည်။ တပည့်​ဖြစ်စေ​ပါ​ဟူသော ယေရှု​ခရစ်​၏​ညွှန်ကြားချက်​နှင့်​အညီ သူတို့​သင်ယူ​ရာ​များ​ကို အခြား​သူတို့အား​လည်း ပြန်​ဝေမျှ​ကြသည်။—မဿဲ ၂၈:၁၉၊ ၂၀

ယေဟောဝါသက်သေ​တို့၏​အသင်းတော်များ​တွင် သွန်သင်ခြင်း​အစီအစဉ်​အမြဲ​ရှိသည့်​အပြင် အထူး​သင်တန်း​ကျောင်း​များစွာကို​လည်း တည်ထောင်​ခဲ့​ကြသည်။ ယင်း​တို့​ထဲ​မှ တစ်ခု​မှာ ဓမ္မ​အမှု​သင်တန်း​ကျောင်း​ဖြစ်သည်။ ယင်း​ကျောင်း​ကို အမေရိကန်​ပြည်ထောင်စု၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ပစ္စဘတ်​မြို့တွင် ၁၉၈၇ ခုနှစ်၊ အောက်တိုဘာ​လ​တွင် ပထမ​ဆုံး​ကျင်းပ​ခဲ့​သည်။ ပထမ​ဆုံး​သင်တန်းကို အင်္ဂလိပ်​စကားပြော​သင်တန်းသား ၂၄ ဦး​ဖြင့် ဖွဲ့စည်းထား​သည်။ ထို​အချိန်​မှ​စ၍ သင်တန်း​ကျောင်း​များ​ကို ဘာသာ​စကား​ပေါင်း ၂၁ ဘာသာ​ဖြင့် ၄၃ နိုင်ငံ​တွင် ကျင်းပ​ခဲ့​သည်။ ယခု​အချိန်တွင် နိုင်ငံ​ပေါင်း ၉၀ ကျော်​မှ တစ်ကိုယ်ရေ​အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ ပါဝင်​စာရင်း​သွင်း​ခဲ့​ကြသည်။ ရှစ်​ပတ်​ကြာ​သင်တန်း​ပြီးဆုံး​သောအခါ သင်တန်းဆင်း​များသည် မိမိတို့​နိုင်ငံ​တွင်​ဖြစ်စေ၊ နိုင်ငံ​ခြား​တွင်​ဖြစ်စေ လိုအပ်​သည့်​နေရာတွင် အမှုထမ်း​ရန် ခန့်အပ်​ခံရ​ကြသည်။ ၂၀၀၅ ခုနှစ်​ကုန်ပိုင်း​တွင် ၂၂,၀၀၀ ကျော်​သော​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် သင်တန်း​ကျောင်း​ကို တက်ရောက်​အောင်မြင်​ခဲ့​ကြပြီ။ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို တိုးတက်စေ​ရန်​နှင့် အခြားသူများ​အကျိုး​ရရှိစေရန် သူတို့သည် နှိမ့်ချမှု​ရှိ​ရှိ​ကြိုးစား​အားထုတ်​ကြသော​ကြောင့် ကြွယ်ဝ​စွာ​ကောင်းချီး​ခံစား​ခဲ့​ကြသည်။—သု. ၁၀:၂၂; ၁ ပေတရု ၅:၅

တက်ရောက်​ရန် စီစဉ်ခြင်း

ဓမ္မ​အမှု​သင်တန်း​ကျောင်းတက်​ရောက်​နိုင်​ရန် သင်တန်းသား​အများစု​သည် မိမိတို့၏​အချိန်ပိုင်း​အလုပ် သို့​မဟုတ် အချိန်ပြည့်​လောက​အလုပ်​မှ ခွင့်​ရ​ရန်​တောင်းခံ​ဖို့ လိုအပ်​လာ​သည်။ ယင်းသည် တစ်ခါတစ်ရံ စိန်ခေါ်ချက်​ဖြစ်သည်။ သင်တန်း​ကျောင်းတက်​ရောက်​ရန် ဖိတ်ခေါ်​ခံရ​သော ဟာဝိုင်ယီ​မှ ခရစ်ယာန်​အမျိုးသား​နှစ်ဦး​သည် မိမိတို့၏​ကျောင်း​ဆရာ​အလုပ်​မှ ခွင့်​ရ​ရန်​တောင်းခံ​ဖို့ လိုအပ်​ခဲ့​သည်။ သူတို့သည် ယေဟောဝါ​ကို​ယုံကြည်​လျက် သင်တန်း​ကျောင်း​ကို တက်ရောက်​လို​သည့်​အကြောင်း​နှင့် ယင်း​မှ မည်သို့​အကျိုး​ခံစားရ​မည်​ကို ရှင်းပြ​ကာ သူတို့၏​ခွင့်​တောင်းခံလွှာ​ကို တင်ပြ​ခဲ့​သည်။ နှစ်ဦးစလုံး ခွင့်​ရရှိခဲ့​ကြသည်။

အဖြစ်အပျက်​အတော်များများ​တွင် အလုပ်​မှ​ခွင့်​ရရှိရန်​တောင်းဆို​သော​သက်သေခံ​များသည် အလုပ်​ပြန်​လုပ်​ခွင့်​ရတော့မည်​မဟုတ်​ဟု အပြော​ခံ​ခဲ့​ကြ​ရသည်။ မိမိတို့၏​အလုပ်များ ဆုံးရှုံး​သွား​မည်​ဖြစ်သည့်​တိုင် ယေဟောဝါ​အဖွဲ့အစည်း​မှ​လာသော လေ့ကျင့်မှု​ကို​လက်ခံဖို့ ရွေးချယ်​ကြသည်။ ထို​သူတို့​ထဲ​မှ အချို့​မှာ သင်တန်း​ကျောင်း​ပြီး​နောက် မိမိတို့၏​ယခင်​အလုပ်​တွင် ပြန်​အလုပ်လုပ်​ရန် အလုပ်ရှင်​များ​ထံ​မှ ဖိတ်ခေါ်ချက်​များ​ကို နောက်ပိုင်း​တွင် လက်ခံရ​ရှိခဲ့​ကြသည်။ သင်တန်း​ကျောင်းတက်​ရောက်​ရန် ဆုံးဖြတ်ချက်​ချ​ခြင်း​ကို ဤသို့​အကျဉ်း​ချုံး​ဖော်ပြ​နိုင်​သည်– အလုပ်ရှင်​ကို ခွင့်​တောင်း​ပါ၊ ယေဟောဝါ​အကူအညီ​ပေး​ရန် ဆုတောင်း​ပါ၊ ကျန်​အပိုင်း​ကို ကိုယ်တော့်​ထံ​အပ်နှံ​ထား​ပါ။—ဆာလံ ၃၇:၅

“ယေဟောဝါ​၏​သွန်သင်​တော်​မူ​ခြင်း​ခံရ”

ရှစ်​ပတ်​ကြာ​ဤ​သင်တန်း​ကျောင်း​၏​ထူးခြားချက်​မှာ သမ္မာကျမ်းစာ​ကို အသေးစိတ်​လေ့လာခြင်း​ဖြစ်သည်။ သင်တန်းသား​များသည် ဘုရားသခင့်​အလိုတော်​ဆောင်ရန် ယေဟောဝါ​၏​လူမျိုးတော်​အား ဖွဲ့စည်းထား​ပုံ၊ လယ်ကွင်း​ဓမ္မ​အမှု​တွင်၊ အသင်းတော်​အစည်းအဝေး​များ​တွင်​နှင့် စည်းဝေးပွဲ​များ​တွင် သမ္မာကျမ်းစာ​ကို ပို​၍​ထိရောက်​စွာ​အသုံးချ​နိုင်​ပုံ​တို့ကို သင်ယူ​ခဲ့​ကြသည်။

ကျေးဇူး​တင်​လေးမြတ်စိတ်​အပြည့်​ရှိသော သင်တန်းဆင်း​တစ်ဦး​က သင်တန်း​မ​တက်​ရ​သေး​သူ​တစ်ဦး​အား ဤသို့​စာရေး​ခဲ့​သည်– “တကယ်​ပါ​ပဲ​ဗျာ၊ ရရှိနိုင်​တဲ့​သင်တန်း​ကျောင်း​ပညာရေး​အတွေ့အကြုံ​တွေ​ထဲ​က အကောင်းဆုံး​ကို ခင်ဗျား​တွေ့ကြုံ​ရလိမ့်မယ်။ ‘ယေဟောဝါ​၏​သွန်သင်​တော်​မူ​ခြင်း​ခံရ’ ဆို​တဲ့ သမ္မာကျမ်းစာ​ဖော်ပြချက်​ဟာ ပို​ပြီး​အဓိပ္ပာယ်​ရှိ​လာတယ်။ အတွေ့အကြုံ​တစ်ခုလုံး​က ကျွန်တော်​တို့ကို ပုံသွင်း​ပေး​ပြီး ယေရှုခရစ်ရဲ့​ပုံသက်သေ​ကို ပို​ပြီး​အနီးကပ်​လိုက်လျှောက်​နိုင်​ဖို့ စိတ်နှလုံး​နဲ့ ဥပဓိရုပ်​ကို တိုးတက်​ကောင်းမွန်​စေတယ်။ ခင်ဗျား​ရဲ့​ဘဝ​အသက်တာမှာ အကောင်းဆုံး​အတွေ့အကြုံကို ခင်ဗျား​တွေ့ကြုံ​ရပါလိမ့်မယ်။”—ဟေရှာယ ၅၄:၁၃က​ဘ။

ဧဝံဂေလိ​ဟောပြောသူများ၊ သိုးထိန်း​များနှင့် သွန်သင်​သူများ

ဓမ္မ​အမှု​သင်တန်း​ကျောင်းဆင်း​များသည် ယခု ၁၁၇ နိုင်ငံ​တွင် အမှုထမ်းဆောင်​နေကြ​သည်။ ယင်း​တို့​တွင် ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး​ရှိသော နိုင်ငံ​အများစု​အပါအဝင် အတ္တလန္တိတ်​သမုဒ္ဒရာ​ရှိ​ကျွန်း​များ၊ က​ရ​စ်​ဘီ​ယန်​ကျွန်း​နှင့် ပစိဖိတ်​သမုဒ္ဒရာ​ရှိ​ကျွန်း​များ ပါဝင်​ကြသည်။ ကျောင်းသား​များ​ရရှိခဲ့​သည့် ကောင်းမွန်​လှ​သော​လေ့ကျင့်မှု​သည် ဧဝံဂေလိ​ဟောပြောခြင်း၊ သိုးထိန်းခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်းများ​တွင် ပေါ်လွင်​ထင်ရှား​ခဲ့​သည်​ဟု ဌာနခွဲ​များ​က ဖော်ပြ​သည်။ သူတို့​ရရှိသော​လေ့ကျင့်မှု​က လယ်ကွင်း​ဓမ္မ​အမှု​တွင် သမ္မာကျမ်းစာ​ကို ပို​၍​ထိရောက်​စွာ​အသုံးပြု​စေ​သည်။ (၂ တိမောသေ ၂:၁၅) အိမ်ရှင်​တို့၏​မေးခွန်းများကို ဖြေကြား​ရာ​တွင် ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း * စာအုပ်​ကိုလည်း မကြာခဏ​ကိုးကား​အသုံးပြု​ခဲ့​ကြ​ပြီး ဘုရားသခင်​နိုင်ငံတော်​ကြေညာသူ​များ​ကို ထို​နည်းတူ​ပြုလုပ်​ကြ​ရန် လေ့ကျင့်ပေး​ကြသည်။ ကျောင်းဆင်း​တို့၏​စိတ်​ထက်သန်မှု​သည် အသင်းတော်များ​တွင် ကူးစက်​သွား​ကာ သူတို့၏​လုပ်ဆောင်မှုများ​က အသင်းသားများ​ကို ခွန်အား​ဖြစ်စေ​သည်။

အသင်းတော်​အကြီးအကဲ​များသည် “သိုးတော်စု​ကို ထိန်း” ကျောင်း​ရန်၊ အခြား​သူတို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ကူညီ​စောင့်ရှောက်​ပေး​ရန် အခွင့်ထူး​ရရှိ​ကြသည်။ (၁ ပေတရု ၅:၂၊ ၃) အစီအစဉ်​နှင့်​ပတ်သက်​၍ အကြီးအကဲ​တစ်ဦး​က ဤသို့​ပြော​သည်– “ဘုရားသခင့်​သိုးတော်စု​ကို​ထိန်းကျောင်း​ရတဲ့​တာဝန်​မှာ အကူအညီ​ပေး​ဖို့ ကောင်းစွာ​လေ့ကျင့်ခြင်း​ခံယူ​ခဲ့​တဲ့​ညီအစ်ကို​တွေ​ကို ဌာနခွဲရုံး​က စေလွှတ်​ပေး​တဲ့​အတွက် ကျွန်တော်​တို့ ကျေးဇူး​တင်​လေးမြတ်ပါ​တယ်။” အရှေ့​ဖျား​ဒေသ​ရှိ​ဌာနခွဲ​တစ်ခု​က​လည်း အလားတူ​မှတ်ချက်​ပေး​ခဲ့​သည်– “ကျောင်းဆင်း​တွေ​ဟာ တကယ့်ကို ကြင်နာ​မှု​ရှိကြတယ်။ အလုပ်ကို ကြိုးစား​လုပ်ကြ​ပြီး အသင်းတော်ရဲ့​ရိုသေမှု​ကို ရယူ​နိုင်​ခဲ့​ကြတယ်။ သူတို့ရဲ့​နှိမ့်ချမှု၊ နွေးထွေးမှု​နှင့် စိတ်အား​ထက်သန်မှု​တွေ​ဟာ အများ​သိ​ဖြစ်​ပြီး အလွန်​တန်ဖိုး​ထား​ခံရ​ကြတယ်။ လိုလိုလားလား​ကိုယ်ကျိုး​စွန့်​ကြ​ပြီး ထိန်းကျောင်း​ဖို့​လိုအပ်​တဲ့​အသင်းတော်တွေဆီ ဝမ်း​ပန်း​တ​သာ ပြောင်းရွှေ့​ခဲ့​ကြတယ်။” (ဖိလိပ္ပိ ၂:၄) ထိုသို့​သော​အမျိုးသားများသည် မိမိတို့၏​ယုံကြည်သူချင်း​များ​ကို လန်းဆန်း​စေ​ကြ​ပြီး ချီးမွမ်း​ခံထိုက်​သူများ​ဖြစ်သည်။—၁ ကောရိန္သု ၁၆:၁၈

ထို့​ပြင် ဓမ္မ​အမှု​သင်တန်း​ကျောင်း​၌ သင်တန်းပို့ချ​သူများ​သည် ကျောင်းသား​များ​ကို လူထုရှေ့​ဟောပြောသူများ​အဖြစ် သူတို့၏​အရည်အသွေးများ​ကို တိုးတက်စေ​ရန် ကူညီ​ပေး​ကြသည်။ သူတို့​ရရှိသော​အကြံပေး​ချက်​များနှင့် ညွှန်ကြားချက်​တို့ကို လက်တွေ့​ကျင့်သုံးကြသော​ကြောင့် များ​မကြာမီတွင် သင်တန်းဆင်း​များစွာ​သည် တိုက်နယ်​စည်းဝေးပွဲ​များနှင့် ခရိုင်​စည်းဝေးကြီး​အစီအစဉ်များ​တွင် အသုံးတော်ခံ​နိုင်​ခဲ့​ကြသည်။ သင်တန်းဆင်း​များသည် “အထူး​ကောင်းမွန်သော​ဟောပြောချက်​များနှင့် လျော်​ကန်​သော​ကျိုးကြောင်း​ဆင်ခြင်မှု​ကို အသုံးပြုခြင်း​ဖြင့် အကြောင်းအရာ​၏ လက်တွေ့​အသုံးချ​နိုင်​မှု​တို့ကို” တင်ပြ​ကြ​ကြောင်း တိုက်နယ်​ကြီးကြပ်မှူး​တစ်ဦး​က ဖော်ပြ​ခဲ့​သည်။—၁ တိမောသေ ၄:၁၃

အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် ဓမ္မ​အမှု​သင်တန်း​ကျောင်း​ကို ဖွင့်လှစ်​ခဲ့​ပြီး သင်တန်းဆင်း​များ​ကို ထို​နိုင်ငံ​တွင် တာဝန်​ခန့်အပ်​ပြီး​နောက် အသင်းတော်​အစည်းအဝေး​များ​၌ သွန်သင်ခြင်း​စွမ်းရည် သိသိသာသာ​တိုးတက်​ကောင်းမွန်​လာ​ခဲ့​သည်။ သင်တန်း​ကျောင်း​မှ​စေလွှတ်​ခံရ​သော​အကြီးအကဲ​များသည် ဧဝံဂေလိ​ဟောပြောခြင်း၊ သိုးထိန်းခြင်း​နှင့် သွန်သင်ခြင်း​တို့​တွင် အကူအညီ​ပေးခြင်း​အားဖြင့် အသင်းတော်ကို ဝိညာဉ်​ရေး​အရ တည်ဆောက်​ပေး​နေကြ​သည်။—ဧဖက် ၄:၈၊ ၁၁၊ ၁၂

အသင်းတော်ကို​ကြီးကြပ်​ရာ​တွင် တိုးတက်​ကောင်းမွန်​လာ

နေရာ​ဒေသ​များစွာ​တွင် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ ပို​၍​လိုအပ်​လာ​သည်။ အချို့​အသင်းတော်များ​သည် ဓမ္မ​အမှု​သင်တန်း​ကျောင်း​မှ သင်တန်းဆင်း​များ​ကို ထို​အသင်းတော်များ​သို့ မ​စေလွှတ်ခဲ့​ပါ​က အကြီးအကဲ​များ​လုံးဝ​ရှိ​မည်​မဟုတ်ပါ။ ထို့​ကြောင့် သင်တန်းဆင်း​များစွာတို့သည် ထိုသို့​သော​လိုအပ်​သည့်​နေရာသို့ တာဝန်​ခန့်အပ်​ခံရ​ကြသည်။

ဌာနခွဲ​အတော်များများ​က ဤ​အမျိုးသားများသည် “အဖွဲ့အစည်း​ဆိုင်ရာ အစီအစဉ်များ​ကို ကောင်းစွာ​သိကျွမ်း​ကြောင်း၊” “မိမိတို့၏​တာဝန်​များ​ကို အလေးအနက်​သဘောထားကြ​ကြောင်း၊” “ယေဟောဝါ​၏​အဖွဲ့အစည်း​ကို လေးမြတ်​တန်ဖိုး​ထား​ကြ​ရန် အခြား​သူများကို ကူညီ​ပေး​ကြ​ကြောင်း” နှင့် “သူတို့​တာဝန်ကျ​ရာ​အသင်းတော်များ​၏ နွေးထွေးမှု​နှင့် ဝိညာဉ်​ရေးရာ​များ​ကို ထပ်​တိုး​စေ​ကြ​ကြောင်း” စ​သည်​ဖြင့် ဖော်ပြ​ကြသည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ ဤ​သင်တန်းဆင်း​များသည် ဘုရားသခင့်​စကားတော်​တွင် ရေးသား​ထား​ရာ​များ​ကို လိုက်လျှောက်ပြီး မိမိတို့၏​သိနားလည်မှု​အပေါ်​အ​မှီ​မပြု သို့​မဟုတ် မိမိတို့​ကိုယ်ကို ပညာရှိ​သည်​ဟု အထင်မကြီး​ကြသော​ကြောင့်​ဖြစ်သည်။ (သု. ၃:၅-၇) ထိုသို့​သော​အမျိုးသားများသည် သူတို့​တာဝန်ကျ​ရာ​အသင်းတော်များ​တွင် ဝိညာဉ်​ရေး​ကောင်းချီး​များ​ဖြစ်လာ​ကြသည်။

သီးခြား​ရပ်ကွက်​များ​တွင် အမှုဆောင်ခြင်း

အထူး​ရှေ့ဆောင်​များ​အဖြစ် တာဝန်​ခန့်အပ်​ခံရ​သော​အချို့​ကျောင်းဆင်း​များသည် သီးခြား​အုပ်စု​များ​ကို အသင်းတော်များ​ဖြစ်လာ​ရန် ကူညီ​ပေး​ကြသည်။ ဂွာ​တီ​မာ​လာ​နိုင်ငံ​၏ ဝေးလံ​သော​ဒေသ​ရှိ အကြီးအကဲ​တစ်ဦး​သည် ထိုသို့​သော​အကူအညီကို တန်ဖိုး​ထား​ကြောင်း ဤသို့​ဖော်ပြ​သည်– “နှစ်ပေါင်း ၂၀ တိုင် ဒီ​ကြီးမား​တဲ့​ရပ်ကွက်​ကြီး​ကို ဘယ်လို​တာဝန်​ယူ​လုပ်ဆောင်​နိုင်​မလဲ​ဆိုပြီး စိုးရိမ်​ခဲ့​တယ်။ ဒီ​ကိစ္စ​နှင့်​ပတ်သက်ပြီး မကြာခဏ​ဆုတောင်း​လေ့​ရှိတယ်။ ဓမ္မ​အမှု​သင်တန်း​ကျောင်း​က ညီအစ်ကို​တွေ​ဟာ အဖွဲ့အစည်း​ဆိုင်ရာ​ကိစ္စရပ်​တွေ​မှာ​သာ​မဟုတ် စကားပြော​တဲ့​နေရာမှာ​လည်း တော်​ကြတယ်၊ အခု​ဆိုရင် လယ်ကွင်း​ကို ကောင်းကောင်း​တာဝန်​ယူဆောင်​ရွက်​နေတာကို တွေ့မြင်​ရလို့ ဝမ်းသာ​ပါ​တယ်။”

သင်တန်းဆင်း​များသည် ပြန့်ကျဲ​နေသော​ကျေးရွာ​များ​သို့​ရောက်​ရန် တောင်တန်း​ဒေသ​များ​ကို​ဖြတ်ကျော်​ပြီး ဝေးလံ​လှ​သော​ရပ်ကွက်​များ​တွင် ထိရောက်​စွာ​အမှုဆောင်​နိုင်​ကြ​ရန် သင်ယူ​ခဲ့​ကြသည်။ အခြား​ကြေညာ​သူများ မတတ်နိုင်​သည့်​တိုင် သူတို့မှာ​မူ ထို​ဒေသ​များ​သို့​သွား​ကာ သီးခြား​အုပ်စု​များ​ကို အလျင်အမြန်​ဖွဲ့စည်း​တည်ထောင်​ကြသည်။ ဥပမာ၊ နို​က်​ဂျာ​နိုင်ငံ​ရှိ အကြီးအကဲ​တစ်ဦး​သည် ကျောင်းဆင်း​များ​၏​အကူအညီကို တောင်းဆို​ခဲ့​သည်။ အကြောင်း​မှာ သူတို့သည် သူ​နေထိုင်​သော​ဒေသ​တွင် အကောင်းဆုံး​လုပ်ဆောင်​နိုင်​ကြလိမ့်မည်​ဟု ယုံကြည်​သောကြောင့်​ဖြစ်သည်။ အထူးသဖြင့် အိမ်ထောင်​မရှိသော​အမျိုးသားများသည် ဝေးလံ​သော​ဒေသ​များ​တွင် အထူး​ရှေ့ဆောင်​များနှင့် တိုက်နယ်​ကြီးကြပ်မှူး​များ​အဖြစ် အမှုထမ်းဆောင်​ရန် ပို​၍​လွယ်ကူ​ပေမည်။ တမန်​တော်​ပေါလု​ကဲ့သို့ သူတို့သည် သူတို့​အမှုထမ်းဆောင်​သည့် အသင်းတော်များ​အတွက် စိုးရိမ်​စ​ရာ​များ​ရှိ​မည်​ဖြစ်သည့်​အပြင် “မြစ်ကို​ကူး​သော​ဘေး၊ ဓားပြ​တိုက်​သော​ဘေး၊ တော​၌​ရောက်​သော​ဘေး၊” ကိုယ်ကို​တိုင်​၏ အဆင်မပြေမှု​များလည်း ကိုင်တွယ်​ရ​ကြ​မည်​ဖြစ်သည်။—၂ ကောရိန္သု ၁၁:၂၆-၂၈

လူငယ်များ​အကျိုး​ခံစားရ

သမ္မာကျမ်းစာ​က လူငယ်များ​အား မိမိတို့၏​ဖန်ဆင်း​ရှင်​ကို သတိရ​ကြ​ရန် တိုက်တွန်း​ထား​သည်။ (ဒေ. ၁၂:၁) စိတ်အား​ထက်သန်​သော ဓမ္မ​အမှု​သင်တန်း​ကျောင်းဆင်း​များသည် ခရစ်ယာန်​လူငယ်များ​အတွက် ကောင်းသော​ပုံသက်သေ​များ​ဖြစ်​ကြသည်။ အမေရိကန်​ပြည်ထောင်စု​ရှိ အသင်းတော်​တစ်ခု​သို့ သင်တန်းဆင်း​နှစ်ဦး​ရောက်လာ​ပြီး​နောက် လယ်ကွင်း​ဓမ္မ​အမှု​တွင် ညီအစ်ကို​များ​အသုံးပြု​သော​နာရီ​မှတ်တမ်းမှာ နှစ်ဆ​ဖြစ်လာ​ခဲ့​သည်။ ထို့​ပြင် မှန်မှန်ရှေ့ဆောင် သို့​မဟုတ် အချိန်ပြည့်​ဘုရားသခင့်​နိုင်ငံတော်​သတင်း​ကြွေးကြော်​သူ​အရေအတွက်​မှာ ၂ ဦး​မှ ၁၁ ဦး​အထိ​ဖြစ်လာ​သည်။ ယင်းသည် အသင်းတော်များ​စွာ​တွင် ဖြစ်ပျက်​ခဲ့​သော နမူနာ​တစ်ခု​ဖြစ်သည်။

သင်တန်း​ကျောင်းဆင်း​များသည် လူငယ်​အမျိုးသားများ​ကိုလည်း ဓမ္မ​အမှု​သင်တန်း​ကျောင်းတက်​ရောက်​ရန် အားပေး​ကြသည်။ ယင်းက ဓမ္မ​အမှုထမ်းများ​မဖြစ်သေး​သူ​အချို့​အား ထို​အခွင့်ထူး​ကို တက်လှမ်း​ရန် တွန်းအား​ဖြစ်စေ​ခဲ့​သည်။ နယ်သာလန်​ဌာနခွဲ​က ဓမ္မအမှု​သင်တန်း​ကျောင်းဆင်း​များ​ကို “မိမိတို့၏​အသက်တာတွင် မည်သည့်​အရာ​လုပ်ဆောင်​မည်​ကို စဉ်းစား​နေကြ​သော လူငယ်​အမျိုးသားများ​အတွက် စံပြ​ပုံသက်သေ​များ” ဟု​ခေါ်ဆို​သည်။

နိုင်ငံ​ခြား​ဘာသာ​စကားပြော အသင်းတော်တွင်​အမှုထမ်းဆောင်​ခြင်း

ဒေသ​များစွာ​တွင် လူ​တို့အား သူတို့၏​မိခင်​ဘာသာ​စကား​ဖြင့် သတင်းကောင်းကို​ပြောပြ​နိုင်​ရန် ကြိုးစား​အားထုတ်မှု​များ အရှိန်မြှင့်​လျက်​ရှိသည်။ ဓမ္မ​အမှု​သင်တန်း​ကျောင်းဆင်း​များသည် ဘာသာ​ခြား​စကား​ကို သင်ယူ​လေ့​ရှိပြီး တိုင်းတစ်ပါး​မှ​ပြောင်းရွှေ့​လာ​ကြ​သူများ​ရှိရာ ရပ်ကွက်​များ​တွင် အမှုထမ်းဆောင်​ကြသည်။ ဥပမာ၊ ဘယ်လ်ဂျီယံ​နိုင်ငံ​ရှိ အယ်​လ်​ဘေး​နီး​ယန်း၊ ပါရှန်း​နှင့် ရုရှား​ဘာသာ​စကားပြော​လယ်ကွင်းများ​တွင် နိုင်ငံတော်​ဟောပြောသူများ ပို​၍​လိုအပ်​လာ​သည်။

ဂျာမနီ၊ ဗြိတိန်၊ မက္ကဆီကို၊ အမေရိကန်​ပြည်ထောင်စု၊ အီတလီ​နှင့် အခြား​နိုင်ငံ​များ​ရှိ နိုင်ငံ​ခြား​ဘာသာ​စကားပြော​အသင်းတော်​နှင့် အုပ်စု​များသည် ဓမ္မ​အမှု​သင်တန်း​ကျောင်းဆင်း​များ​ဖြစ်​ကြသော နယ်လှည့်​ကြီးကြပ်မှူး​များ၊ အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​ကြောင့် များစွာ​အကျိုးကျေးဇူး​ခံစား​ခဲ့​ကြ​ပြီး​ဖြစ်သည်။ ကိုရီးယား​နိုင်ငံ​ရှိ ဌာနခွဲ​က “သင်တန်းဆင်း ၂၀၀ ကျော်​သည် နိုင်ငံ​ခြား​ဘာသာ​စကားပြော​အသင်းတော်များ​နှင့် အုပ်စု​များ​ကို ကူညီ​ပေး​ရာ​တွင် အရေးကြီးသော​ကဏ္ဍ​မှ ပါဝင်​နေကြ​သည်” ဟု ဖော်ပြ​သည်။

အခြားသော​အခွင့်အရေး​များ​တွင် နှိမ့်ချစွာ​အမှုဆောင်ခြင်း

နိုင်ငံ​ခြား​ဘာသာ​စကားပြော​အုပ်စု​များနှင့် အသင်းတော်များ​တွင် အမှုထမ်းဆောင်​ခြင်း​အပြင် ဓမ္မ​အမှု​သင်တန်း​ကျောင်းဆင်း​များသည် အကြီးအကဲ​များ၊ ဓမ္မ​အမှုထမ်းများ​နှင့် နယ်လှည့်​ကြီးကြပ်မှူး​များ​အဖြစ် အမှုထမ်း​ကြသည်။ အချို့​သူတို့သည် ဌာနခွဲ​တစ်ခု​ရှိ လုပ်ငန်းတော်​ဌာန​တွင် အရေးတကြီး​လိုအပ်​နေ​မှုများ​ကို ဖြည့်ဆည်း​ခြင်း​ဖြစ်​နိုင်​သည့် အခြား​နိုင်ငံ​များ​တွင် တာဝန်​ခန့်အပ်​မှုများ​ကို လက်ခံ​ကြသည်။ ဆောက်လုပ်ရေး​အတတ်ပညာ​များ​ကို သင်ယူ​ခဲ့​ဖူး​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဆောက်လုပ်ရေး​အစီအစဉ်​တွင် ပါဝင်​ကူညီ​ပေမည်။

ကမ္ဘာ​တစ်ဝန်း​တွင် အသင်းတော်များ​နှင့် တိုက်နယ်​များ​အရေအတွက် တိုးများ​လာ​နေခြင်း​က နယ်လှည့်​ကြီးကြပ်မှူး​များ​ကို အမြဲ​လိုအပ်​စေ​ခဲ့​သည်။ ဤ​လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​နိုင်​ရန် ဓမ္မ​အမှု​သင်တန်း​ကျောင်း​မှ ရွေးချယ်​ထားသော​သင်တန်းဆင်း​များသည် နယ်လှည့်​လုပ်ငန်း​တွင် ဆယ်​ပတ်​ကြာ လေ့ကျင့်မှု​ခံယူ​ပြီး​နောက် အရန် သို့​မဟုတ် ပုံမှန်​တိုက်နယ်​ကြီးကြပ်မှူး​များ​အဖြစ် အမှုထမ်းဆောင်​ကြသည်။ သင်တန်းဆင်း ၁,၃၀၀ ခန့်​သည် ၉၇ နိုင်ငံ​တွင် နယ်လှည့်​ကြီးကြပ်မှူး​များ​အဖြစ် ယခု​အမှုထမ်းဆောင်​ကြသည်။ အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် နယ်လှည့်​ကြီးကြပ်မှူး​များ​၏ ၅၅ ရာခိုင်နှုန်း​မှာ ဓမ္မ​အမှု​သင်တန်း​ကျောင်း​မှ သင်တန်းဆင်း​များ​ဖြစ်​ကြသည်။ အခြား​အာဖရိက​နိုင်ငံ​တွင်​မူ ၇၀ ရာခိုင်နှုန်း​ဖြစ်သည်။

ကနေဒါ၊ အမေရိကန်​ပြည်ထောင်စု၊ အရှေ့​ဖျား​ဒေသ၊ ဥရောပ​နှင့် ဩစတြေးလျ​တို့​တွင် ရာ​နှင့်​ချီ​သော​သင်တန်းဆင်း​များသည် အခြား​နိုင်ငံ​များ​ရှိ အထူး​လိုအပ်သော​နေရာများ​သို့ စေလွှတ်​ခံ​ခဲ့​ကြသည်။ ဤနည်းဖြင့် ကမ္ဘာ​တစ်ဝန်း​တွင် ကျောင်း​၏​အကျိုးကျေးဇူးများ​ကို ကျယ်ကျယ်ပြန့်ပြန့်​ခံစား​ခဲ့​ကြသည်။

ယေဟောဝါ​သည် ကိုယ်တော့်​သားတော် ယေရှု​ခရစ်​မှ​တစ်ဆင့် ဧဝံဂေလိ​ဟောပြောသူများ၊ သိုးထိန်း​များ၊ သွန်သင်သူ​များနှင့် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား တိုးတက်စေ​သော​အခြား​သူများကို ဤ​နောက်ဆုံးသော​နေ့ရက်​များ​တွင် ဖြစ်ပွား​စေတော်မူ​ခဲ့​သည်။ ဘုရားသခင့်​လူမျိုးတော်​၏​အရေအတွက်​သည် ထပ်ဆင့်​တိုးတက်​ရန် အလားအလာ​ရှိနေဆဲ​လော။ အမှန်ပင်​တိုးတက်စရာ​ရှိသေး​သည်! ထို့​ကြောင့် ပို​၍​ကြီးမားသော​တာဝန်​ကို တက်လှမ်း​ယူ​နိုင်​ရန် အပ်နှံ​ထားသော​အမျိုးသားများ အရေအတွက် အစဉ်​လိုအပ်​လျက်​ရှိသည်။ (ဟေရှာယ ၆၀:၂၂; ၁ တိမောသေ ၃:၁၊ ၁၃) ဓမ္မ​အမှု​သင်တန်း​ကျောင်း​က အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​အား မိမိတို့၏​ဓမ္မ​အမှုကို ကျယ်ပြန့်​စေခြင်း​ဖြင့် မိမိတို့​ကိုယ်တိုင်​နှင့် ကမ္ဘာ့​လယ်ကွင်း​ရှိ အခြားသူများ​ပါ များစွာ​အကျိုးကျေးဇူး​ရရှိနိုင်​ရန် အခွင့်အရေး​ကို ပေး​လျက်​ရှိသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ဓမ္မ​အမှု​သင်တန်း​ကျောင်း​သည် ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား​ကို တိုးတက်စေ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]

ဓမ္မ​အမှု​သင်တန်း​ကျောင်း​တက်ရောက်​ပြီး အခြား​သူများကို အကျိုးကျေးဇူး​ခံစား​စေရန် သင်​မျှော်မှန်း​သလော