မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ရှောက်ကြလော့

ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ရှောက်ကြလော့

ဘုရားသခင်​၏​မေတ္တာတော်၌ ကိုယ်ကို​စောင့်ရှောက်​ကြလော့

“ချစ်သူ​တို့ . . . ဘုရားသခင်​ကို​ချစ်ခြင်း​မေတ္တာ​၌ ကိုယ်ကို​ကိုယ်​စောင့်ရှောက်​၍ ထာဝရ​အသက်​အ​လို့​ငှာ . . . မျှော်လင့်​၍​နေကြ​လော့။”—ယုဒ ၂၀၊ ၂၁

၁၊ ၂။ သင်သည် ဘုရားသခင့်​မေတ္တာ​၌ မည်သို့​တည်​နေနိုင်​သနည်း။

ယေဟောဝါ​သည် လောကတွင်​ရှိသော​လူများ မိမိ၏​သားတော်ကို​ယုံကြည်​ကာ ထာဝရ​အသက်​ရစေဖို့​အတွက် မိမိ၏​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည့်​တိုင် လောကသား​တို့ကို ချစ်တော်မူ​သည်။ (ယောဟန် ၃:၁၆) ထိုသို့​သော​မေတ္တာကို ခံစား​ရခြင်း​သည် အလွန်​အခွင့်ထူး​ပင်! သင်သည် ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ထို​မေတ္တာကို ထာဝရ​ခံစား​လို​မည်​မှာ သေချာ​သည်။

တပည့်​တစ်ဦး​ဖြစ်သော ယုဒ​က ဘုရားသခင်​၏​မေတ္တာ​၌ မည်သို့​တည်​နေနိုင်ပုံ​ကို ဖော်ပြ​ခဲ့​သည်။ ယုဒ​ဤသို့​ရေးခဲ့​၏– “သင်တို့သည် မိမိတို့​အလွန်​သန့်ရှင်းသော​ယုံကြည်ခြင်း​အပေါ်မှာ မိမိတို့ကို​တည်ဆောက်​လျက်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ဆုတောင်း . . . လျက် ဘုရားသခင်​ကို​ချစ်ခြင်း​မေတ္တာ​၌ ကိုယ်ကို​ကိုယ်​စောင့်ရှောက်​၍ ထာဝရ​အသက်​အ​လို့​ငှာ ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ကရုဏာတော်​ကို မျှော်လင့်​၍​နေကြ​လော့။” (ယုဒ ၂၀၊ ၂၁) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​နှင့် သတင်းကောင်း​ဟောခြင်း​ဖြင့် သင်သည် “အလွန်​သန့်ရှင်းသော​ယုံကြည်ခြင်း”—ခရစ်ယာန်​သွန်သင်ချက်​များ​အပေါ် မိမိကိုယ်ကို​တည်ဆောက်​ရန် အထောက်အကူ​ပြု​သည်။ ဘုရားသခင့်​မေတ္တာ​၌​တည်​နေ​ရန် သင်သည် “သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်” သို့​မဟုတ် ယင်း​၏​လွှမ်းမိုးမှု​ဖြင့် ဆုတောင်း​ရမည်။ သင်သည် ထာဝရ​အသက်ဆု​ရရှိရန် ယေရှု​ခရစ်​၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို ယုံကြည်​ကြောင်း​လည်း တင်ပြ​ရမည်။—၁ ယောဟန် ၄:၁၀

၃။ အချို့​သူတို့သည် အဘယ်ကြောင့် ယေဟောဝါသက်သေ​မဟုတ်​တော့​သနည်း။

ယုံကြည်ခြင်း​ရှိခဲ့​ဖူး​သူ​အချို့​သည် ဘုရားသခင့်​မေတ္တာ​၌ မတည်​နေကြ​တော့​ပါ။ သူတို့သည် အပြစ်ရှိ​သော​လမ်းစဉ်​လိုက်စား​ရန် ရွေးချယ်​ခဲ့​ကြသော​ကြောင့် ယေဟောဝါသက်သေ​များ မဟုတ်​ကြ​တော့​ပါ။ သင်သည် ထို​အဖြစ်မျိုး​မဖြစ်​ရန် မည်သို့​ရှောင်နိုင်​သနည်း။ အောက်​ဖော်ပြ​ပါ​အချက်များ​ကို စဉ်းစား​သုံးသပ်ခြင်းက အပြစ်ပြု​ခြင်း​ကို​ရှောင်ရှား​ပြီး ဘုရားသခင့်​မေတ္တာ​၌ ကိုယ်ကို​စောင့်ရှောက်​ရန် အထောက်အကူ​ပြု​နိုင်​သည်။

ဘုရားသခင်​ကို​ချစ်​ကြောင်း တင်ပြ​ပါ

၄။ ဘုရားသခင်​အား​နာခံခြင်း​သည် မည်မျှ​အရေးကြီး​သနည်း။

ဘုရားသခင်​အား နာခံခြင်း​အားဖြင့် ကိုယ်တော်​ကို​ချစ်​ကြောင်း တင်ပြ​ပါ။ (မဿဲ ၂၂:၃၇) တမန်​တော်​ယောဟန် ဤသို့​ရေးခဲ့​၏– “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်။” (၁ ယောဟန် ၅:၃) ဘုရားသခင်​အား နာခံ​သည့်​အကျင့်​သည် စုံစမ်း​နှောင့်ယှက်မှု​ကို​တွန်းလှန်​ရန် ခွန်​အားပေးပြီး ရွှင်လန်း​စေနိုင်​သည်။ ဆာလံဆရာ ဤသို့​ဆို​ခဲ့​၏– “မတရားသော​သူတို့၏ တိုက်တွန်းခြင်း​သို့​မလိုက် . . . ထာဝရ​ဘုရား​၏​တရားတော်​ကို​မွေ့လျော် . . . သော​သူသည် မင်္ဂလာ​ရှိ၏။”—ဆာလံ ၁:၁၊ ၂

၅။ ယေဟောဝါ​အား​ချစ်​မြတ်နိုးမှု​က အဘယ်အရာ​ပြုလုပ်​ရန် သင့်​အား​လှုံ့ဆော်​မည်​နည်း။

ယေဟောဝါ​အား​ချစ်​သည့် သင့်​မေတ္တာက ကိုယ်တော်​၏​နာမတော် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​နိုင်​သည့် ကြီး​လေး​သော​အပြစ်​ကျူးလွန်​ခြင်း​ကို ရှောင်ကြဉ်​ရန် သင့်​အား​လှုံ့ဆော်ပေး​ပေမည်။ အာဂုရ​က ဤသို့​ဆုတောင်း​ခဲ့​၏– “ဆင်းရဲခြင်း​နှင့် ငွေ​ရ​တတ်​ခြင်း​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ အသက်မွေး​လောက်​သော​အစာကို​သာ ပေး​တော်​မူ​ပါ။ သို့​မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ​၍ ထာဝရ​ဘုရား​ကား အဘယ်သူ​နည်း​ဟု​ဆို​လျက် ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဟု စိုးရိမ်​စ​ရာ​ရှိပါ၏။ သို့​မဟုတ် ဆင်းရဲ​၍ သူ့​ဥစ္စာ​ကို​ခိုး​သဖြင့် အကျွန်ုပ်၏​ဘုရားသခင်​နာမတော်​ကို မုသာ​နှင့်​ဆိုင်၍​မြွက်ဆို​မည်​ဟု စိုးရိမ်​စ​ရာ​ရှိပါ၏။” (သု. ၃၀:၁၊ ၈၊ ၉) ဘုရားသခင်​ကို ကဲ့ရဲ့​ရှုတ်ချမှု​ဖြစ်စေ​သည့် “ဘုရားသခင်​၏​နာမတော်​ကို မုသာ​နှင့်​ဆိုင်၍ မြွက်ဆို” ခြင်း​မပြု​ဟု စိတ်ပိုင်းဖြတ်​ထား​ပါ။ ယင်းအစား ကိုယ်တော်​၏​ဘုန်းတော်​ထင်ရှားစေ​သည့် ဖြောင့်မှန်​ရာ​ကို​ပြုလုပ်​ရန် အမြဲ​ကြိုးစား​ပါ။—ဆာလံ ၈၆:၁၂

၆။ သင်သည် အပြစ်ကို တမင်တကာ​ကျူးလွန်​မည်​ဆိုလျှင် အဘယ်အရာ​ဖြစ်​နိုင်​သနည်း။

အပြစ်ပြု​စေသည့် သွေးဆောင်မှုများ​ကို​တွန်းလှန်​ရာ​တွင် ထောက်မ​ကူညီ​ပေး​ပါ​ရန် မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​ထံ မှန်မှန်​ဆုတောင်း​ပါ။ (မဿဲ ၆:၁၃; ရောမ ၁၂:၁၂) သင့်​ဆုတောင်းချက်​များ အတားအဆီး​မရှိစေရန် ဘုရားသခင်​၏​ဆုံးမ​စကား​အတိုင်း လိုက်လျှောက်ပါ။ (၁ ပေတရု ၃:၇) သင်သည် အပြစ်ကို တမင်တကာ​ကျူးလွန်​သူ​ဖြစ်​မည်​ဆိုလျှင် အကျိုး​ရလဒ်​မှာ ဝမ်းနည်းဖွယ်​ဖြစ်​မည်။ အကြောင်း​မှာ ယေဟောဝါ​အား​ပုန်ကန်​သူတို့ ကိုယ်တော့်​ထံ​ချဉ်းကပ်​သည့်​အခါ သူတို့၏​ဆုတောင်းချက်​များ ကိုယ်တော့်​ထံ​မရောက်ရ​န် ပုံဆောင်​မိုးတိမ်တိုက်​ကြီး​ဖြင့် ကိုယ်တော် ကွယ်ကာ​ထား​တော်​မူ​သောကြောင့်​ဖြစ်သည်။ (မြည်တမ်းစကား ၃:၄၂-၄၄) သို့​ဖြစ်၍ နှိမ့်ချမှု​တင်ပြ​ပါ၊ ဘုရားသခင်​ထံ ဆုတောင်း​ချဉ်းကပ်​ရာ​တွင် အတားအဆီး​ဖြစ်စေ​မည့်​အရာ​ကို မပြု​လုပ်မိ​စေရန် ဆုတောင်း​ပါ။—၂ ကောရိန္သု ၁၃:၇

ဘုရားသခင့်​သားတော်ကို​ချစ်​ကြောင်း တင်ပြ​ပါ

၇၊ ၈။ ယေရှု၏​ဆုံးမ​စကား​များ​ကို လိုက်လျှောက်ခြင်းက အပြစ်ရှိ​သော​လမ်းစဉ်​ကို တွန်းလှန်​ရန် မည်သို့​အထောက်အကူ​ပြု​နိုင်​သနည်း။

ယေရှု​ခရစ်​မိန့်တော်မူချက်​များ​ကို နာခံခြင်း​ဖြင့် ကိုယ်တော့်​ကို​ချစ်​ကြောင်း တင်ပြ​ပါ။ ယင်းက အပြစ်ရှိ​သော​လမ်းစဉ်​ကို တွန်းလှန်​ရာ​တွင် သင့်​အား​အထောက်အကူ​ဖြစ်စေ​မည်။ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​၏– “ငါသည် ငါ့​ခမည်းတော်​၏​ပညတ်​တို့ကို​စောင့်ရှောက်​၍ ခမည်းတော်​၏​မေတ္တာ​၌​တည်​နေ​သကဲ့သို့ သင်တို့သည် ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​လျှင် ငါ့​မေတ္တာ​၌​တည်​နေကြ​လိမ့်​မည်။” (ယောဟန် ၁၅:၁၀) ယေရှု​မိန့်မှာချက်​များ​ကို လိုက်နာခြင်းက ဘုရားသခင်​မေတ္တာ​၌​တည်​နေ​ရန် မည်သို့​ထောက်ကူ​နိုင်​သနည်း။

ယေရှု၏​မိန့်တော်မူချက်​များ​ကို အာရုံစိုက်​ခြင်း​က ကိုယ်ကျင့်တရား​ကောင်း​ကို ထိန်းသိမ်း​ထား​ရန် ထောက်ကူ​နိုင်​သည်။ ဣသရေလ​လူမျိုး​ကို​ပေး​သော ဘုရားသခင့်​ပညတ်တော်​တွင် “သူ့​မယား​ကို​မ​ပြစ်မှား​နှင့်” ဟု​ဆို​၏။ (ထွက်မြောက်ရာ ၂၀:၁၄) သို့သော် ယေရှု​က ဤသို့​မိန့်တော်မူ​ခြင်း​ဖြင့် ယင်း​နောက်ကွယ်​တွင်ရှိသော​မူကို ဖော်ပြ​ခဲ့​၏– “ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ။” (မဿဲ ၅:၂၇၊ ၂၈) တမန်​တော်​ပေတရု​က ပထမ​ရာစု​အသင်းတော်​ရှိ အချို့​သူတို့သည် “သူ့​မယား​ကို​ပြစ်မှား​သော​ကိ​လေ​သာ​နှင့်​ပြည့်စုံသော မျက်စိ​ရှိ” ကြ​ပြီး “စိတ်နှလုံး​မတည်​ကြည်​သော​သူတို့ကို . . . သွေးဆောင်​တတ်ကြ​၏” ဟု​ဆို​ခဲ့​သည်။ (၂ ပေတရု ၂:၁၄) သို့သော် သူတို့နှင့်​မတူဘဲ သင်သည် ဘုရားသခင်​နှင့် ခရစ်တော်​ကို ချစ်​မြတ်နိုး​ကာ နာခံမှု​တင်ပြ​ပြီး ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထား​ရန် စိတ်ပိုင်းဖြတ်​ထား​မည်​ဆိုလျှင် လိင်ဆိုင်ရာ​အပြစ်​များ​ကို ရှောင်ရှား​နိုင်​သည်။

သင့်​အား ယေဟောဝါ​၏​ဝိညာဉ်​တော် လမ်းညွှန်ခွင့်​ပြု​ပါ

၉။ အပြစ်ကို​ပြု​မြဲ​ပြုလုပ်​နေ​သူ​တစ်ဦး​ဖြစ်​လျှင် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပတ်သက်​၍ အဘယ်အရာ​ဖြစ်​နိုင်​သနည်း။

ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို တောင်းလျှောက်​ပါ၊ ယင်း​၏​လမ်းညွှန်မှုကို လိုက်လျှောက်ပါ။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၁၉-၂၅) သင်သည် အပြစ်ကို​ပြု​မြဲ​ပြု​နေ​မည်​ဆိုလျှင် ဘုရားသခင်​သည် ဝိညာဉ်​တော်​ကို သင့်ထံ​မှ ရုပ်သိမ်း​ပေ​လိမ့်​မည်။ ဒါဝိဒ်​သည် ဗာသရှေဘ​နှင့်​မှားယွင်း​ပြီး​နောက် ဘုရားသခင်​အား သူ​ဤသို့​အသနားခံ​ခဲ့​သည်– “အကျွန်ုပ်​ကို အထံတော်​ထဲ​က နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်။” (ဆာလံ ၅၁:၁၁) ဘုရင်​ရှောလုသည် နောင်တ​မယူ​သည့် အပြစ်​ပြုသူ​တစ်ဦး​ဖြစ်​ခြင်း​ကြောင့် ဘုရားသခင့်​ဝိညာဉ်​တော် ဆုံးရှုံး​ခဲ့​သည်။ ရှောလုသည် မီးရှို့​ရာ​ယဇ်ကို​ပူဇော်​ခြင်း၊ သိုးအုပ်၊ ဆိတ်​အုပ်​တို့​နှင့် အာမလက်​ရှင်ဘုရင်​ကို ရှင်းရှင်း​မဖျက်ဆီး​ခြင်း​တို့​ဖြင့် အပြစ်ပြု​ခဲ့​သည်။ ၎င်းနောက်​ပိုင်း ယေဟောဝါ​သည် ရှောလု​ထံ​မှ ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ရုပ်သိမ်း​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၁၃:၁-၁၄; ၁၅:၁-၃၅; ၁၆:၁၄-၂၃

၁၀။ အပြစ်ပြု​မိ​စေ​မည့်​အတွေး​ကို အဘယ်ကြောင့်​တွန်းလှန်​သင့်​သနည်း။

၁၀ အပြစ်ပြု​မိ​စေ​မည့်​အတွေး​ကို တွန်းလှန်​ပါ။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– ‘အမှန်တရားကို​သိ​ပြီး​မှ ကိုယ်​အလို​သို့​လိုက်၍ ပြစ်မှား​ပြန်​လျှင် နောက်​တစ်ဖန် အပြစ်ဖြေ​သော​ယဇ်ကို ပူဇော်ရာ​အခွင့်​မရှိ။’ (ဟေဗြဲ ၁၀:၂၆-၃၁) အကယ်၍ သင်သည် ထိုသို့​သော​အခြေအနေ​မျိုး​ဖြစ်​လျှင် အလွန်​ဝမ်းနည်းဖွယ်​ပင်!

အခြားသူများ​အား စစ်မှန်​သည့်​မေတ္တာပြ​ပါ

၁၁၊ ၁၂။ မေတ္တာ​နှင့် လေးမြတ်မှု​တို့​က လိင်ဆိုင်ရာ​ဖောက်ပြန်မှု​မပြု​ရန် အဘယ်​နည်းများဖြင့် တားဆီး​ပေး​မည်​နည်း။

၁၁ လူလူချင်းကို​ချစ်​မြတ်နိုးခြင်းက လိင်ဆိုင်ရာ​ဖောက်ပြန်မှု​မပြု​ရန် တားဆီး​ပေ​လိမ့်​မည်။ (မဿဲ ၂၂:၃၉) ထို​မေတ္တာက သင့်​နှလုံးကို ကာကွယ်​စောင့်ရှောက်​ရန် စေ့ဆော်​ပေး​မည်။ သို့ဖြင့် သင်သည် အခြားသူ​တစ်ဦး၏​အိမ်ထောင်ဖက်​ထံ​မှ မေတ္တာကို​ခိုးယူ​ရန် သွေးဆောင်​မည်​မဟုတ်ပါ။ ထိုသို့​ပြု​မည်​ဆိုလျှင် သူ့​သား​အိမ်ရာ​ပြစ်မှား​သည့်​အပြစ်ကို ကျူးလွန်​မိ​နိုင်​သည်။ (သု. ၄:၂၃; ယေရမိ ၄:၁၄; ၁၇:၉၊ ၁၀) မိမိ​ဇနီး​မှ​လွဲ​၍ မည်သည့်​အမျိုးသမီးကို​မျှ အထူး​အာရုံစိုက်ရန် ခွင့်​မပြု​ခဲ့​သော ဖြောင့်မတ်​သူ​ယောဘ​ကဲ့သို့ ဖြစ်ပါ​လေ။—ယောဘ ၃၁:၁

၁၂ အိမ်ထောင်ရေး​သန့်ရှင်း​စင်ကြယ်မှု​ကို လေးမြတ်ခြင်းက ကြီး​လေး​သော​အပြစ်ကို​ရှောင်ရန် သင့်​အား အထောက်အကူ​ပြု​နိုင်​သည်။ ဘုရားသခင်​သည် အသရေရှိသော​အိမ်ထောင်​ဖြစ်​ရန် ရည်ရွယ်​တော်​မူ​ခဲ့​ပြီး လိင်ဆက်ဆံခြင်း​သည် အသက်ကို​ပွား​များ​စေရန်​အတွက် ဖြစ်​သင့်​သည်။ (ကမ္ဘာဦး ၁:၂၆-၂၈) လိင်​အင်္ဂါများ​သည် သန့်ရှင်း​မြင့်မြတ်​သော​အသက်ကို ဖြစ်ပွား​စေရန်​အတွက်​ဖြစ်​ကြောင်း သတိရပါ။ မတရားမေထုန်​ပြုသူ​တို့​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားသူ​တို့သည် ဘုရားသခင်​ကို​မနာခံ၊ လိင်မှု​ရေးရာ​ကို​ယုတ်ညံ့​စေ၊ အိမ်ထောင်ရေး​သန့်ရှင်း​စင်ကြယ်မှု​ကို​မလေးစား​ဘဲ မိမိကိုယ်ကို​ပြစ်မှားခြင်း​ဖြစ်သည်။ (၁ ကောရိန္သု ၆:၁၈) သို့သော် ဘုရားသခင်​နှင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​အပြင် ဘုရားသခင်​အား​နာခံခြင်း​သည် လူတစ်ဦး​အား ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​နိုင်​သည့် အပြုအမူကို မပြု​လုပ်ရန်​ကာကွယ်​ပေး​ပေမည်။

၁၃။ အကျင့်​ယိုယွင်း​သူသည် အဘယ်​နည်းဖြင့် “အဖိုးထိုက်​သော​အရာများ ပြုန်းတီး” စေ​သနည်း။

၁၃ ကျွန်ုပ်​တို့​ချစ်ရသူ​တို့ စိတ်နာ​ကြည်း​မှု​မဖြစ်စေ​ရန် အပြစ်ပြု​မိ​စေသော​အတွေး​များ​ကို ချိုးနှိမ်​ဖို့​လို​သည်။ “ပြည့်တန်ဆာ​တို့​နှင့် ပေါင်းဖော်သော​သူ​မူ​ကား ဥစ္စာ [“အဖိုးထိုက်​သော​အရာများ၊” က​ဘ] ပြုန်းတီး​တတ်၏” ဟု​နယပုံပြင် ၂၉:၃ တွင်​ဆို​၏။ နောင်တ​မယူ​သော သူ့​သား​အိမ်ရာ​ပြစ်မှားသူ​တစ်ဦး​သည် ဘုရားသခင်​နှင့်​သူ၏​ဆက်ဆံ​ရေး​နှင့် မိသားစု​နှောင်ကြိုး​ကို ပျက်စီး​စေ​သည်။ သူ၏​ဇနီးသည် သူ့​အား ကွာရှင်း​နိုင်​သည့် အခြေခံ​အကြောင်းရင်း​ရှိသွား​စေ​သည်။ (မဿဲ ၁၉:၉) အပြစ်ပြု​သူသည် ခင်ပွန်း သို့​မဟုတ် ဇနီး မည်သူ​ပင်​ဖြစ်ပါစေ အိမ်ထောင်​ပြိုကွဲ​ပါ​က အပြစ်​မရှိသော​အိမ်ထောင်ဖက်၊ သားသမီး​များနှင့် အခြား​သူများကို အကြီးအကျယ်​ထိခိုက်​နာကျင်စေ​နိုင်​သည်။ အကျင့်​ယိုယွင်းမှု​၏​ဆိုးကျိုး​ကို သိရှိ​ထားခြင်း​က အကျင့်​ယိုယွင်း​ရန်​သွေးဆောင်မှု​ကို တွန်းလှန်​ဖို့ ကျွန်ုပ်​တို့ကို​လှုံ့ဆော်မှု​ဖြစ်​သင့်​ကြောင်း သင်​သဘောတူ​သည်မဟုတ်​လော။

၁၄။ အမှား​ပြုခြင်း​နှင့်​ပတ်သက်​၍ နယပုံပြင် ၆:၃၀-၃၅ မှ အဘယ်​သင်ခန်းစာ သင်ယူ​နိုင်​သနည်း။

၁၄ သူ့​သား​အိမ်ရာ​ပြစ်မှားမှု​အတွက် အစား​လျှော်​ပေး​နိုင်​သည့်​အရာ​မရှိ ဟူ​သည့်​အချက်​က ထို​မျှ​ကြီး​လေး​သည့် တစ်ကိုယ်ကောင်း​ဆန်​သော​အပြုအမူကို​ရှောင်ရန် လှုံ့ဆော်မှု​ဖြစ်​သင့်​သည်။ မွတ်​သိပ်​သောကြောင့် ခိုး​သူ​တစ်ဦး​ကို လူ​တို့​ထောက်ထား​စာနာ​ကောင်း စာနာ​မည်​ဖြစ်သော်လည်း သူ့​သား​အိမ်ရာ​ပြစ်မှားသူ​တစ်ဦး​ကို​မူ သူ၏​မကောင်းသော​ရည်ရွယ်ချက်​ကြောင့် စက်ဆုပ်​ရွံရှာ​ကြ​ကြောင်း နယပုံပြင် ၆:၃၀-၃၅ တွင်​ဖော်ပြ​ထား​သည်။ “ထိုသို့​ပြုသောသူ​သည် မိမိ​အသက်ကို​ဖျက်ဆီး​တတ်၏။” မောရှေ​ပညတ်​အောက်တွင် ထို​သူသည် အသေ​သတ်​ခြင်း​ကို ခံရ​ပေမည်။ (ဝတ်ပြုရာ ၂၀:၁၀) သူ့​သား​အိမ်ရာ​ပြစ်မှား​သူသည် မိမိ​အလိုဆန္ဒ​ပြေစေ​ရန်​အတွက်​ဖြင့် အခြားသူများ​အား ထိခိုက်​နာကျင်စေ​ပြီး နောင်တ​မယူ​သည့် သူ့​သား​အိမ်ရာ​ပြစ်မှား​သူသည် ဘုရားသခင်​မေတ္တာ​၌​မတည်ရှိ​တော့​ဘဲ သန့်ရှင်းသော​ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​စေ​သည်။

စင်ကြယ်သော ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထိန်းသိမ်းပါ

၁၅။ “သံပူ​ခတ်​ခြင်း​ကို​ခံ” ရသော ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​အခြေအနေ​မှာ အသို့နည်း။

၁၅ ကျွန်ုပ်​တို့သည် ဘုရားသခင့်​မေတ္တာ​၌​တည်​နေ​လို​ပါ​က အပြစ်ပြု​သည့်​တိုင် မည်သည့်​ခံစားချက်​မျှ​မရှိတော့​သည်​အထိ ကျွန်ုပ်​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ခွင့်ပြု​၍​မဖြစ်​နိုင်​ပါ။ ရှင်း​နေသည်​မှာ ကျွန်ုပ်​တို့သည် လောက​၏​ယုတ်ညံ့​သော ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို လက်မခံ​ရ​ပါ။ ကျွန်ုပ်​တို့​ရွေးချယ်သော အပေါင်းအသင်း၊ ဖတ်ရှု​သည့်​အရာ​နှင့် အပန်းဖြေမှု​ကဲ့သို့​သော ကိစ္စရပ်​များ​တွင် ဂရုစိုက်​ဖို့​လို​သည်။ ပေါလု ဤသို့​သတိပေး​ခဲ့​၏– ‘နောင်​ကာလ​၌ ကိုယ်ကို​ကိုယ်​သိသောစိတ်​တွင် သံပူ​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင် မုသာ​စကား​ကို​ပြောတတ်​သော​သူတို့၏ လျှို့ဝှက်​ခြင်း​အားဖြင့် လူ​အချို့​တို့သည် ယုံကြည်ခြင်းကို​စွန့်ပယ်​၍ လှည့်ဖြား​တတ်သော​စိတ်​ဝိညာဉ်​တို့​၌​လည်းကောင်း၊ နတ်​ဘုရား​တို့​နှင့်​စပ်ဆိုင်​သော သွန်သင်ချက်​တို့​၌​လည်းကောင်း မှီဝဲ​ဆည်းကပ်​ကြလိမ့်မည်။’ (၁ တိမောသေ ၄:၁၊ ၂) “သံပူ​ခတ်​ခြင်း​ကို​ခံ” ရသော ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် သံပူ​ထိ​၍​ဖြစ်ပေါ်​လာသောအမာရွတ်​ကဲ့သို့ ခံစားချက်​ကင်းမဲ့​သည်။ ထိုသို့​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် အယူဖောက်ပြန်သူ​များနှင့် ယုံကြည်ခြင်း​ပျက်ပြား​သွား​နိုင်​သည့်​အခြေအနေ​များ​မှ ဝေးဝေး​နေ​ရန် သတိပေး​တော့​မည်​မဟုတ်ပါ။

၁၆။ စင်ကြယ်သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ရှိ​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၆ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​သည် ကျွန်ုပ်​တို့၏ ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​အပေါ် မူတည်​သည်။ (၁ ပေတရု ၃:၂၁) ယေရှု​သွန်းလောင်းခဲ့​သော​အသွေးတော်​ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် သေခြင်းနှင့်​စပ်ဆိုင်​သော​အကျင့်​များ​မှ စင်ကြယ်​ခံရ​ကာ ကျွန်ုပ်​တို့သည် “အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ဝတ်ပြု” နိုင်​ကြသည်။ (ဟေဗြဲ ၉:၁၃၊ ၁၄) ကျွန်ုပ်​တို့သည် တမင်တကာ​အပြစ်​ကျူးလွန်​မည်​ဆိုပါ​က ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ညစ်ညူး​လာ​မည်​ဖြစ်​ပြီး ဘုရားသခင့်​အမှုတော်​ဆောင်ရန် သန့်ရှင်းသော​လူမျိုး ဖြစ်​နိုင်​တော့​မည်​မဟုတ်ပါ။ (တိတု ၁:၁၅) သို့သော် ယေဟောဝါ​၏​အကူအညီ​ဖြင့် ကျွန်ုပ်​တို့သည် စင်ကြယ်သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ပိုင်ဆိုင်​နိုင်​ကြသည်။

မှားယွင်းသော​အကျင့်အကြံ​များ​ရှောင်ရန် အခြား​နည်းလမ်းများ

၁၇။ ‘ယေဟောဝါ​နောက်​တော်​သို့ လုံးလုံး​လိုက်’ ခြင်း​ဖြင့် အဘယ်​အကျိုးကျေးဇူး ရရှိ​မည်​နည်း။

၁၇ ရှေး​ဣသရေလ​ဘိုးဘေး​ကာလက်​ကဲ့သို့ ‘ယေဟောဝါ​နောက်​တော်​သို့ လုံးလုံး​လိုက်’ ပါ။ (တရားဟောရာ ၁:၃၄-၃၆) ဘုရားသခင်​တောင်းဆိုရာ​ကို လုပ်ဆောင်ပါ။ “နတ်ဆိုး​တို့၏​စားပွဲ” တွင်​သုံးဆောင်​ရန် ဘယ်​သောအခါ​မျှ မစဉ်း​စား​ပါ​နှင့်။ (၁ ကောရိန္သု ၁၀:၂၁) အယူဖောက်ပြန်မှု​ကို ငြင်းပယ်​ပါ။ ယေဟောဝါ​၏​စားပွဲ​တစ်ခု​တည်း​မှ​သာ ရရှိနိုင်​သည့်​ဝိညာဉ်​အစာကို တန်ဖိုး​ထား​လေးမြတ်​စွာ သုံးဆောင်​ပါ။ သို့​ဖြစ်​လျှင် သင်သည် အယူမှား​ဆရာ​တို့​နှင့် နတ်ဆိုး​တို့၏ လှည့်ဖြားမှု​နောက် ပါသွား​မည်​မဟုတ်ပါ။ (ဧဖက် ၆:၁၂; ယုဒ ၃၊ ၄) ကျမ်းစာ​လေ့လာမှု၊ အစည်းအဝေး​တက်ရောက်​မှု၊ လယ်ကွင်း​ဓမ္မ​အမှုတို့​ကဲ့သို့​သော ဝိညာဉ်​ရေးရာ​များ​ကို အာရုံစိုက်ပါ။ သင်သည် ယေဟောဝါ​နောက်​လုံးလုံး​လိုက်ပြီး သခင်၏​အမှုတော်ကို ကြိုးစား​အားထုတ်​ဆောင်ရွက်​ပါ​က ပျော်ရွှင်​မည်​မှာ​သေချာ​သည်။—၁ ကောရိန္သု ၁၅:၅၈

၁၈။ ယေဟောဝါ​အား​ကြောက်ရွံ့​ခြင်း​သည် သင်၏​အကျင့်အကြံ​အပေါ် မည်သည့်​အကျိုး​သက်ရောက်မှု​ရှိ​မည်​နည်း။

၁၈ “ခန့်ညား​ကြောက်ရွံ့​သော​သဘော​နှင့် ဘုရားသခင်​ကို​လျောက်ပတ်​စွာ​ဝတ်ပြု” ရန်​စိတ်ပိုင်းဖြတ်​ထား​ပါ။ (ဟေဗြဲ ၁၂:၂၈) ယေဟောဝါ​အား ခန့်ညား​ကြောက်ရွံ့​ခြင်း​သည် မည်သည့်​ထင်ရာစိုင်း​သည့်​လမ်းစဉ်​ကို​မဆို ငြင်းဆန်​ရန် သင့်​အား​လှုံ့ဆော်​ပေ​လိမ့်​မည်။ ဝိညာဉ်​တော်​ဖွား​များ​အားပေးခဲ့​သော ပေတရု​၏ ဤ​ဆုံးမ​စကား​နှင့်​အညီ ကျင့်ကြံ​ရန် သင့်​အား​ထောက်ကူ​ပါ​လိမ့်​မည်– “လူ​မျက်နှာကို​မ​ငဲ့၊ ခပ်သိမ်း​သော​သူတို့၏​အကျင့်​အတိုင်း စီရင်တော်မူ​သော​ခမည်းတော်​ကို သင်တို့သည် ဆုတောင်း​ကိုးကွယ်​လျှင်၊ ဧည့်သည်​ဖြစ်​စဉ်​ကာလပတ်လုံး ကြောက်ရွံ့​သော​စိတ်​နှင့် ကျင့်​နေကြ​လော့။”—၁ ပေတရု ၁:၁၇

၁၉။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သင်ယူ​သိရှိရာ​များ​ကို အဘယ်ကြောင့် မပြတ်​လက်တွေ့​ကျင့်သုံး​သင့်​သနည်း။

၁၉ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သင်ယူ​သိရှိရာ​များ​ကို မပြတ်​လက်တွေ့​ကျင့်သုံး​ပါ။ ယင်း​သို့​ပြုခြင်း​က သင့်​အား ကြီး​လေး​သည့်​အပြစ်​မပြုမိ​စေရန် အထောက်အကူ​ပြု​မည်။ အကြောင်း​မှာ သင်သည် “ကောင်းကျိုး​မကောင်း​ကျိုး​ကို ပိုင်းခြား​၍​သိနိုင်​သော​ဉာဏ်​ပေး​တတ်သော၊ အကြား​အမြင် အတွေ့​အစမ်း​များသော​သူ” ဖြစ်​ကြောင်း သက်သေထူ​မည်​ဖြစ်သော​ကြောင့်​ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) အပြောအဆို၊ အပြု​အမူ​တို့​တွင် ပေါ့ပေါ့ဆဆ​နေ​မည့်​အစား ဤ​စနစ်ဆိုး​တွင် ‘အခွင့်သာ​သော​အချိန်ကို​ဝယ်ယူ’ သော ပညာရှိ​တစ်ဦး​အဖြစ် လျှောက်လှမ်း​နိုင်​ရန် နိုးနိုးကြားကြား​ရှိပါ။ “သခင်​ဘုရား​၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ​သော​သူ​ဖြစ်” ပြီး​ယင်းကို ဆက်၍​လုပ်ဆောင်ပါ။—ဧဖက် ၅:၁၅-၁၇က​ဘ; ၂ ပေတရု ၃:၁၇

၂၀။ လိုချင်​တပ်မက်မှု​ကြီးခြင်း​ကို အဘယ်ကြောင့်​ရှောင်ကြဉ်​သင့်​သနည်း။

၂၀ အခြားသူ​ပိုင်ဆိုင်ရာ​ကို လိုချင်​တပ်မက်မှု​ကြီး​သည့်—လောဘ​ကြီး​သည့်​သဘောထားကို လုံးလုံး​ရှောင်ကြဉ်ပါ။ ပညတ်တော်​ဆယ်ပါး​တွင် တစ်ပါး​က ဤသို့​ဆို​၏– “ကိုယ်​နှင့်​သက်ဆိုင်​သော​သူ၏​အိမ်ကို တပ်မက်​လိုချင်​သော​စိတ် မရှိစေ​နှင့်။ ကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏​မယား၊ သူ၏​ကျွန်​ယောက်ျား၊ မိန်းမ၊ နွား၊ မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏ ဥစ္စာ​တစ်စုံတစ်ခု​ကို​မျှ တပ်မက်​လိုချင်​သော​စိတ်​မရှိစေ​နှင့်။” (ထွက်မြောက်ရာ ၂၀:၁၇) ဤ​ပညတ်​သည် လူတစ်ဦး​၏ အိမ်၊ ဇနီး၊ ကျွန်​များ၊ တိရစ္ဆာန်​များ စ​သည်​တို့ကို ကာကွယ်​ပေး​ခဲ့​သည်။ သို့သော် အရေး​အကြီးဆုံး​မှာ ယေရှု​ဖော်ပြချက်​အရ လောဘ​လွန်ကျူးခြင်း သို့​မဟုတ် လိုချင်​တပ်မက်မှု​ကြီးခြင်း​သည် လူကို​ညစ်ညူး​စေ​သည်။—မာကု ၇:၂၀-၂၃

၂၁၊ ၂၂။ ခရစ်ယာန်​တစ်ဦး​သည် အပြစ်ပြု​ခြင်း​ကို​ရှောင်ရန် အဘယ်​ကြိုတင်​ကာကွယ်​မှုများ​ကို ပြုလုပ်​နိုင်​သနည်း။

၂၁ အလိုဆန္ဒ​မှ​သည် အပြစ်ပြု​ခြင်း​အထိ မ​ရောက်​စေရန် ကြိုတင်​ကာကွယ်​ပါ။ တပည့်​ဖြစ်သူ​ယာကုပ် ဤသို့​ရေးခဲ့​၏– “မိမိ​တပ်မက်သော​စိတ် ဆွဲငင်​ဖြားယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား အပြစ်​သွေးဆောင်ခြင်း​သို့​ရောက်​တတ်၏။ တပ်မက်သော​စိတ်​သည် ပဋိသန္ဓေ​ယူ၍ ဒုစရိုက်​ကို​ဖွား​တတ်၏။ ဒုစရိုက်​သည်လည်း​ပြည့်စုံ​လျှင် သေခြင်းကို​ဖွား​တတ်၏။” (ယာကုပ် ၁:၁၄၊ ၁၅) ဥပမာ၊ လူတစ်ဦး​သည် ယခင်​က အသောက်အစား​ပြဿနာ​ရှိခဲ့​မည်​ဆိုလျှင် သူ၏​အိမ်​တွင် အရက်ယမကာ​ကို​မထား​ရန် သူ​ဆုံးဖြတ်​ပေမည်။ ခရစ်ယာန်​တစ်ဦး​သည် ဆန့်ကျင်ဘက်​လိင်​ရှင်​တစ်ဦး​နှင့်​ပတ်သက်​သည့် သွေးဆောင်မှု​ကို​ရှောင်ကြဉ်​ရန် သူ​အလုပ်လုပ်​သည့်​နေရာ သို့​မဟုတ် သူ၏​အလုပ်​ကိုယ်နှိုက်​ကို ပြောင်း​ရန်လို​အပ်​ပေမည်။—သု. ၆:၂၃-၂၈

၂၂ အပြစ်ပြု​မိ​စေနိုင်​သည့် ပထမ​ဆုံး​ခြေလှမ်း​ကို​ပင် မလှမ်း​ပါ​နှင့်။ ပရောပရည်​လုပ်ခြင်း​နှင့် ညစ်ညမ်း​သော​အရာများ​ကို တွေးတောခြင်း​တို့သည်​မတရားမေထုန် သို့​မဟုတ် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ကို ကျူးလွန်​စေနိုင်​သည်။ အသေးအဖွဲ​အရာများ​ကို လိမ်လည်​ပြောဆိုသူ​သည် ကြီး​လေး​သည့်​ကိစ္စ​များ​ကို လိမ်လည်​သည်​အထိ​ဖြစ်လာ​နိုင်​ကာ လိမ်လည်​သည့်​အကျင့် စွဲ​သွား​နိုင်​သည်။ သေးငယ်​သည့်​အရာ​ကို​ခိုးခြင်း​သည် ကြီးမား​သည့်​အရာ​ကို​ခိုး​လာ​သည်​အထိ ထို​သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ် ထုံထိုင်း​သွား​နိုင်​သည်။ အယူဖောက်ပြန်​သည့်​အတွေး​များ​ကို တဖြည်းဖြည်း​ခွင့်ပြု​လာ​ခြင်း​ဖြင့် လုံးလုံး​အယူဖောက်ပြန်သူ​တစ်ဦး ဖြစ်သွား​စေနိုင်​သည်။—သု. ၁၁:၉; ဗျာ. ၂၁:၈

သင်သည် အပြစ်ပြု​မိ​လျှင် အသို့နည်း

၂၃၊ ၂၄။ ၂ ရာဇဝင်ချုပ် ၆:၂၉-၃၁ နှင့် နယပုံပြင် ၂၈:၁၃ မှ​အဘယ်​နှစ်သိမ့်မှု ရယူ​နိုင်​သနည်း။

၂၃ လူသား​အားလုံး မစုံလင်​ကြ​ပါ။ (ဒေ. ၇:၂၀) သို့သော် သင်သည် ကြီး​လေး​သည့်​အပြစ်ပြု​မိ​ပြီ​ဆိုလျှင် ယေဟောဝါ​၏​ဝတ်ပြုရာ အိမ်တော်​အပ်နှံချိန်​တွင် ဘုရင်​ရှောလမုန်​၏​ဆုတောင်းချက်​မှ နှစ်သိမ့်မှု​ရယူ​နိုင်​ပါ​သည်။ ရှောလမုန်က ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ခဲ့​၏– “ကိုယ်တော်​၏​လူ ဣသရေလ​အမျိုးသား​အချို့​တို့သည် အသီးအသီး​ခံရ​သော ဘေးဒဏ်​ကို​သိ​လျက် ဤ​အိမ်တော်​သို့ မိမိတို့​လက်ဝါး​ကို​ဖြန့်​၍ တစ်စုံတစ်ခု​သော . . . စကား​အားဖြင့် ဆု​တောင်းလျှင် ကျိန်းဝပ်​တော်​မူ​ရာ​ကောင်းကင်ဘုံ​၌ နားထောင်​တော်​မူ​ပါ။ . . . ကိုယ်တော်​သာ​လျှင် လူသတ္တဝါ​အပေါင်း​တို့၏ စိတ်နှလုံး​သဘောကို သိတော်မူ​သည်​ဖြစ်၍ ဆုတောင်း​သော​သူတို့၏ စိတ်နှလုံး​သဘောကို​သိ​လျက် သူတို့​အပြစ်ကို လွှတ်တော်​မူ​ပါ။ အသီးအသီး​ပြု​ကြသည်​အတိုင်း စီရင်တော်မူ​ပါ။”—၂ ရာဇဝင်ချုပ် ၆:၂၉-၃၁

၂၄ မှန်ပါသည်၊ ဘုရားသခင်​သည် စိတ်နှလုံး​သဘောကို​သိတော်မူပြီး ခွင့်လွှတ်​တော်​မူ​၏။ နယပုံပြင် ၂၈:၁၃ ၌​ဤသို့​ဆို​၏– “မိမိ​အပြစ်ကို​ဝှက်ထား​သော​သူသည် ချမ်းသာမရ။ မိမိ​အပြစ်ကို​ဖော်ပြ​ဝန်ချ​၍ စွန့်ပစ်​သော​သူ​မူ​ကား ကရုဏာတော်​ကို​ခံရ​လိမ့်​မည်။” နောင်တ​ဖြင့်​အပြစ်ဝန်ခံ​ပြီး အပြစ်ကို​စွန့်ပစ်ခြင်း​အားဖြင့် ဘုရားသခင်​၏​ကရုဏာတော်​ကို ခံစား​ရနိုင်​သည်။ သို့​တိုင် သင်သည် ဝိညာဉ်ရေးတွင် အားနည်းနေ​မည်​ဆိုလျှင် ဘုရားသခင်​၏​မေတ္တာ​၌​တည်​နေ​ရန် သင့်​အား တခြား​အဘယ်အရာက ထောက်ကူ​ပေး​နိုင်​သနည်း။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​မေတ္တာတော်၌ မည်သို့​ကိုယ်ကို​စောင့်ရှောက်​နိုင်​ကြ​သနည်း။

• ဘုရားသခင်​နှင့် ခရစ်တော်​ကို​ချစ်​မြတ်နိုးခြင်းက အပြစ်ရှိ​သော​လမ်းစဉ်​ကို တွန်းလှန်​ရာ​တွင် မည်သို့​အထောက်အကူ​ပြု​သနည်း။

• အခြား​သူများကို​အမှန်တကယ်​ချစ်​မြတ်နိုးခြင်းက လိင်ဆိုင်ရာ​ဖောက်ပြန်မှု​မပြု​ရန် အဘယ်ကြောင့် တားဆီး​ပေး​သနည်း။

• မှားယွင်းသော​အကျင့်အကြံ​များ ရှောင်ရန် အခြား​နည်းလမ်းများ​မှာ အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​မေတ္တာတော်၌ ကိုယ်ကို​စောင့်ရှောက်​နိုင်​ပုံ​ကို ယုဒ​ဖော်ပြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အိမ်ထောင်​ပြိုကွဲ​ပါ​က အပြစ်​မရှိသော​အိမ်ထောင်ဖက်​နှင့် သားသမီး​များ​ကို အကြီးအကျယ်​ထိခိုက်​နာကျင်စေ​နိုင်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင်သည် ကာလက်​ကဲ့သို့ ‘ယေဟောဝါ​နောက်​တော်​သို့ လုံးလုံး​လိုက်’ ရန် စိတ်ပိုင်းဖြတ်​ထား​ပါသလော

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သွေးဆောင်မှု​ကို ခုခံ​တွန်းလှန်​ရာ​တွင် အကူအညီ​အတွက် မှန်မှန်​ဆုတောင်း​ပါ