မှန်ရာကို အဘယ်ကြောင့်လုပ်သင့် သနည်း
မှန်ရာကို အဘယ်ကြောင့်လုပ်သင့် သနည်း
ပညာတတ်တစ်ဦးသည် တစ်ချိန်က ဤသို့မှတ်ချက်ချခဲ့သည်– “ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။” ဤပုဂ္ဂိုလ်သည် ကောင်းသောအကျင့်ကို ကျင့်လိုသော်လည်း အဘယ်ကြောင့်အခက်တွေ့ခဲ့သနည်း။ သူဤသို့ရှင်းပြခဲ့သည်– “ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့် ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။”—ရောမ ၇:၁၈၊ ၁၉၊ ၂၁-၂၃။
လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက မှတ်တမ်းတင်ခဲ့သော တမန်တော်ပေါလု၏ ထိုစကားများသည် မစုံလင်သောလူသားများ မှန်ရာကိုပြုလုပ်ရန် အဘယ်ကြောင့်ခက်ခဲရကြောင်း ရှင်းပြသည်။ မှန်ကန်သည့်မူများစွဲကိုင်ထားရန် အထူးသဖြင့် စုံစမ်းခြင်းခံရသောအခြေအနေများအောက်တွင် ကိုယ်ကျင့်တရားခွန်အား လိုအပ်သည်။ ထို့ကြောင့် မှန်ရာကိုလုပ်ရန် အရေးကြီးဆုံးသောအကြောင်းရင်းကား အဘယ်နည်းဟု ကျွန်ုပ်တို့မေးသင့်သည်။
ကိုယ်ကျင့်တရားကောင်းသူတစ်ဦး၏ အနာဂတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာမည်သို့ဆိုထားသည်ကို သုံးသပ်ကြည့်ပါ။ ဆာလံ ၃၇:၃၇၊ ၃၈ တွင်ဤသို့ဖတ်ရသည်– “စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်၍ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။” နယပုံပြင် ၂:၂၁၊ ၂၂ တွင်ကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”
ယင်းကတိတော်များနှင့် သမ္မာကျမ်းစာတွင်တွေ့ရှိရသော အခြားအချက်များက ဘုရားသခင်နှစ်သက်ရာလမ်းစဉ်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်မှုဖြစ်စေသော်လည်း ယင်းတို့သည် အခြေခံအကြောင်းရင်း မဟုတ်ပါ။ ထိုအကြောင်းရင်းသည် အသိဉာဏ်ရှိသတ္တဝါအားလုံး တစ်ဦးစီနှင့်ပတ်သက်နေသော အရေးကိစ္စနှင့်ဆက်စပ်နေသည်။ နောက်ဆောင်းပါးတွင် အဆိုပါအရေးကိစ္စနှင့် ယင်းသည် ကျွန်ုပ်တို့အပေါ် မည်သို့သက်ရောက်မှုရှိကြောင်း ဆွေးနွေးထားသည်။