မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ရဲရင့်သောစိတ်” နှင့် စေ့စေ့စပ်စပ်သက်သေခံခြင်း

“ရဲရင့်သောစိတ်” နှင့် စေ့စေ့စပ်စပ်သက်သေခံခြင်း

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

“ရဲရင့်​သော​စိတ်” နှင့် စေ့စေ့စပ်စပ်​သက်သေခံခြင်း

ကြမ်းတမ်း​ရမ်းကား​သော​အုပ်စု​တစ်စု​သည် ဘုရားသခင်​ကို​နာခံ​သော ကျေးကျွန်​တစ်ဦး​အား သေ​သည့်​အထိ​ရိုက်​ရန် အသင့်​ဖြစ်နေ​ကြသည်။ သို့သော် ရောမ​စစ်သား​များသည် ထို​လူကို တိုက်ခိုက်သူ​များ​လက်​မှ အချိန်မီ​ကယ်တင်​လိုက်ပြီး သူ့ကို ထိန်းသိမ်း​ထား​လိုက်​သည်။ ယင်းသည် ငါး​နှစ်​ခန့်​ကြာ​သော ဆက်တိုက်​အဖြစ်အပျက်​တစ်ခု​၏ အစ​ဖြစ်သည်။ အကျိုးဆက်​အနေ​နှင့် ရောမ​အရာရှိ​ကြီး​များစွာ​သည် ယေရှု​ခရစ်​အကြောင်းကို ကြားသိ​ခွင့်​ရ​ကြသည်။

တိုက်ခိုက်​ခံရ​သူ​မှာ တမန်​တော်​ပေါလု​ဖြစ်သည်။ အေဒီ ၃၄ ခန့်​တွင် ယေရှု​က မိမိ၏​နာမတော်​ကို “ရှင်ဘုရင်​တို့” ထံ ပေါလု (ရှောလု) ဟောပြော​ကြေညာ​မည်​ဟု ဖော်ပြ​ခဲ့​သည်။ အေဒီ ၅၆ တွင် ယင်း​သို့​မဖြစ်သေး​ပါ။ သို့သော် တမန်​တော်​၏​တတိယ​အကြိမ် ခရစ်ယာန်​သာသနာပြု​ခရီးစဉ် ပြီးဆုံး​ခါနီး​တွင် အခြေအနေ​များ ပြောင်းလဲ​တော့​မည်။

လူအုပ်​နှင့်​တိုက်ခိုက်​ခံရ​ငြား မ​ဆီးတား​နိုင်

ပေါလု​သည် ယေရုရှလင်​သို့​ဆက်သွား​နေစဉ် ပြင်းထန်သော​ညှဉ်းပန်း​နှိပ်စက်မှု စောင့်ကြို​နေကြောင်း “ဝိညာဉ်​တော်​အားဖြင့်” ခရစ်ယာန်​အချို့​က သတိပေး​ကြသည်။ ပေါလု​ဤသို့ ရဲရင့်စွာ​ပြော​သည်– “သခင်​ယေရှု၏​နာမတော်​ကြောင့် ယေရုရှလင်​မြို့၌​ချည်နှောင်ခြင်း​မ​က၊ အသေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အသင့်ရှိ​သည်။” (တမန်​တော် ၂၁:၂-၁၄) ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်​သို့ ပေါလု​လည်ပတ်​သည်​နှင့် အာရှ​ပြည်​တွင် တမန်​တော်​၏​ဧဝံဂေလိ​လုပ်ငန်း အောင်မြင်မှု​ရှိကြောင်း သိကျွမ်း​နေကြ​သော ထို​ပြည်​မှ​ဂျူး​တို့​က သူ့ကို​သတ်​ရန် လူအုပ်​ကို လှုံ့ဆော်​ကြသည်။ ရောမ​စစ်သား​များသည် သူ့ကို ကူညီ​ပေး​ရန် ချက်ချင်း​ရောက်လာ​ကြသည်။ (တမန်​တော် ၂၁:၂၇-၃၂) ထိုသို့​ကယ်တင်​ခံ​လိုက်ရ​ခြင်း​က ပေါလု​အား ရန်လိုသော​လူအုပ်​နှင့် အရာရှိ​ကြီး​များ​ထံ ခရစ်တော်​နှင့်​ပတ်သက်သော အမှန်တရားကို​ကြေညာ​ရန် အထူး​အခွင့်အရေး​ရရှိစေ​သည်။

ရောက်​ရန်​ခက်ခဲ​သော​ပရိသတ်​များ​ထံ ဟောပြောခြင်း

အဲ​န်​တို​နီး​ယား​ရဲတိုက်​ဟု လူသိ​များသော ခံတပ်​အဆောက်အအုံ​ရှိ လှေကားထစ်​များ​သို့ ပေါလု​၏ လုံခြုံမှု​အတွက်​ဆွဲခေါ်​သွားခဲ့သည်။ * တမန်​တော်​သည် ထို​လှေကားထစ်​များ​မှ​နေ၍ ဆူပူ​နေသော​ဘာသာရေး​လူစု​အား အားပါ​သော​သက်သေခံချက်​ကို ပေး​သည်။ (တမန်​တော် ၂၁:၃၃–၂၂:၂၁) သို့သော် တစ်ပါး​အမျိုးသားများ​ထံ ဟောပြောရန် မိမိ​တာဝန်​ရထား​ကြောင်း ပြောပြ​သည်​နှင့် ဆူပူမှု​တစ်ဖန်​ဖြစ်​ပြန်​သည်။ ပေါလု​အား ဂျူး​များ​စွပ်စွဲ​ရသည့်​အကြောင်းရင်းကို​သိဖို့ သူ့ကို ရိုက်နှက်​စစ်ဆေး​ရန် စစ်သူကြီး​လု​သိ​က အမိန့်ပေး​သည်။ သို့သော် ပေါလု​က မိမိသည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း အသိပေး​လိုက်​သောအခါ ရိုက်နှက်​မခံရ​တော့​ပေ။ နောက်​နေ့တွင် လု​သိ​သည် ပေါလု​အား ဂျူး​များ​စွပ်စွဲ​ရသည့်​အကြောင်းကို သိရှိ​ရန် သူ့ကို ဆဲန်ဟီဒရင်​ရှေ့​ခေါ်သွား​လေ​သည်။—တမန်​တော် ၂၂:၂၂-၃၀

ဤ​အထက်​တရားရုံး​ရှေ့မှောက် ပေါလု​သည်​ရပ်​လျက် ဂျူး​အမျိုးသားချင်း​များ​ကို သက်သေ​ခံရန် နောက်ထပ်​အခွင့်အရေး​ကောင်း ရရှိ​ပြန်​သည်။ ကြောက်ရွံ့​ခြင်း​မရှိသော ဤ​ဧဝံဂေလိ​ဟောပြောသူ​သည် ရှင်ပြန်ထမြောက်ခြင်း​ကို မိမိ​ယုံကြည်​ကြောင်း ကြေညာ​လေ​သည်။ (တမန်​တော် ၂၃:၁-၈) ဂျူး​များ​၏​မုန်းတီး​သတ်ဖြတ်​လို​စိတ်​သည် တင်းမာ​နေဆဲ​ဖြစ်​ပြီး ပေါလု​ကို​တပ်​စခန်း​တွင်း​သို့ ခေါ်ဆောင်​သွားခဲ့သည်။ နောက်​နေ့​ည​တွင် ဤ​အားတက်ဖွယ်​အာမခံချက်ကို သခင်​ဘုရားထံ​မှ သူ​ရရှိ​သည်– “မစိုးရိမ်​နှင့်။ ငါ​၏​အကြောင်းအရာကို သင်သည် ယေရုရှလင်​မြို့၌​သက်သေခံ​ပြီး​သည်​နည်းတူ၊ ရောမမြို့​၌​လည်း​ခံရ​လေ​ဦး​မည်။”—တမန်​တော် ၂၃:၉-၁၁

ပေါလု​ကို ယုဒပြည်​နယ်​ဆိုင်ရာ ရောမ​အုပ်ချုပ်ရေး​မြို့တော် ကဲသရိ​မြို့​သို့ တိတ်တဆိတ်​အလျင်အမြန်​ခေါ်ထုတ်​သွား​ချိန်​တွင် တမန်​တော်​ကို သတ်​ရန် ကြိုတင်​ကြံစည်​ခဲ့​ကြသည်။ (တမန်​တော် ၂၃:၁၂-၂၄) ကဲသရိ​မြို့တွင် ထပ်ဆင့်​တန်ဖိုး​ရှိ​အခွင့်အရေး​များ​ရရှိ​ရာ ပေါလု​သည် “ရှင်ဘုရင်​တို့” ကို သက်သေခံ​လေ​သည်။ သို့သော် တမန်​တော်​က မိမိကို စွပ်စွဲ​ရသည့်​အထောက်အထား​မရှိကြောင်း ဖေလဇ်​မင်း​ထံ ဦးစွာ​တင်ပြ​၏။ နောက်ပိုင်း​တွင် ပေါလု​သည် ဖေလဇ်​မင်း​နှင့် သူ့​ဇနီး​ဒြု​သိ​လေကို ယေရှု၊ စိတ်​ချုပ်တည်း​ခြင်း၊ ဖြောင့်မတ်ခြင်း​နှင့် ရောက်လာ​မည့်​တရား​စီရင်ခြင်း​အကြောင်း​တို့ကို ဟောပြော​လေ​သည်။ သို့သော် ဖေလဇ်​မင်း​သည် သူ​ဘယ်တော့​မျှ​မရခဲ့​သော လာဘ်ထိုး​မှု​ကို မျှော်လင့်​နေသော​ကြောင့် ပေါလု​သည် နှစ်,နှစ်ထောင်​ချ​ခံရ​သည်။—တမန်​တော် ၂၃:၃၃–၂၄:၂၇

ဖေလဇ်​မင်း​၏​အရာ​ကို ဖေတ္တု​မင်း​က​ဆက်ခံ​သောအခါ ဂျူး​များသည် ပေါလု​အား ပြစ်ဒဏ်​စီရင်၍​သေဒဏ်​ချမှတ်​ရန် သူတို့၏​အားထုတ်မှုကို တစ်ဖန်​ကြိုးစား​ပြန်​၏။ အမှုကို ကဲသရိ​မြို့တွင် ပြန်ကြား​နာ​ခဲ့​ပြီး ယင်း​အမှုကို ယေရုရှလင်​မြို့​သို့ မလွှဲ​ပြောင်း​စေရန် ပေါလု​က ဤသို့​ဆို​သည်– “ကဲသာ​ဘုရင်​၏​တရား​ပလ္လင်​ရှေ့မှာ အကျွန်ုပ်​ရပ်ပါ​၏။ . . . ကဲသာ​ဘုရင်​၏​အယူ​တော်​ကို​ခံ​ပါ​မည်။” (တမန်​တော် ၂၅:၁-၁၁၊ ၂၀၊ ၂၁) နောက်ပိုင်း​တွင် တမန်​တော်​သည် မိမိ​အမှုကို ဘုရင်​ဟေရုဒ်အဂြိပ္ပ ၂ ထံ​တင်ပြ​ပြီး​နောက် ဘုရင်​က ဤသို့​ဆို​သည်– “သင်သည်​ဖြားယောင်း​သွေးဆောင်​သော​အားဖြင့် ငါသည်​ခရစ်ယာန်​ဖြစ်​လု​ပြီ။” (တမန်​တော် ၂၆:၁-၂၈) အေဒီ ၅၈ ခန့်​တွင် ပေါလု​ကို ရောမ​သို့ ပို့​ခဲ့​၏။ ထို​တွင်​အကျဉ်းသား​တစ်ဦး​အနေ​နှင့် ကြံဖန်​တတ်သော​တမန်​တော်​သည် ခရစ်တော်​အကြောင်း​ဟောပြောရန် နှစ်,နှစ်​ကျော် နည်းလမ်းများ​ဆက်​ရှာဖွေ​သည်။ (တမန်​တော် ၂၈:၁၆-၃၁) နောက်ဆုံး​၌ ပေါလု​သည် ဧကရာဇ်​နီရို​ရှေ့​ရောက်​ခဲ့​ပုံ​ရှိပြီး အပြစ်​မရှိကြောင်း ကြေညာ​ခံရ​ကာ နောက်ဆုံး​တွင် လွတ်လပ်​သူ​တစ်ဦး​အနေ​နဲ့ သူ၏​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ပြန်​လုပ်ဆောင်​နိုင်​ခဲ့​သည်။ အခြား​မည်သည့်​တမန်​တော်​မျှ ထိုသို့​သော​ထင်ပေါ်​ကျော်စော​သူတို့​ထံ သတင်းကောင်း​ဝေမျှ​ရန် အခွင့်အရေး​ရရှိ​သည်​ဟူ၍ မှတ်တမ်း​မရှိပါ။

အထက်တွင်​ဖော်ပြ​သည့်​အတိုင်း တမန်​တော်​ပေါလု​သည် ဂျူး​တရားရုံး​ရှေ့ သူ၏​ခရစ်ယာန်​ယုံကြည်သူချင်း​များ ဖော်ပြ​ခဲ့​သည့် အရေးပါသော​မူ​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ခဲ့​သည်။ ယင်း​မူ​မှာ “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဖြစ်သည်။ (တမန်​တော် ၅:၂၉) ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ပါ​တကား! သူ့ကို ရပ်တန့်​စေရန် လူ့​ကြိုးစား​အားထုတ်မှု​များ အဆက်မပြတ်​ရှိသော်လည်း တမန်​တော်​သည် စေ့စေ့စပ်စပ်​သက်သေ​ခံရန် ဟူသော​ပညတ်​ကို အပြည့်အဝ​လိုက်နာ​ခဲ့​သည်။ ထိုသို့ ဘုရားသခင်​အား မယိမ်းမယိုင်​နာခံမှု​တင်ပြသော​ကြောင့် ပေါလု​သည် “တစ်ပါး​အမျိုးသား​တို့​နှင့် ရှင်ဘုရင်​တို့​ထံ​သို့​လည်းကောင်း၊ ဣသရေလ​အမျိုးသား​တို့​ရှိရာသို့​လည်းကောင်း” ယေရှု၏​နာမတော်​ကို ကြေညာ​ရန် “ရွေးကောက်​သောတန်​ဆာ” အဖြစ် မိမိ၏​တာဝန်​ကို ကျေပွန်​ခဲ့​သည်။—တမန်​တော် ၉:၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ​၏ ၂၀၀၆ ခုနှစ်​ပြက္ခဒိန်၊ နိုဝင်ဘာ/ဒီဇင်ဘာ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ပေါလု​သည် မိမိကိုယ်ကို ကာကွယ်​ဖို့​လောက်​သာ စိတ်ဝင်စား​ခဲ့​သလော

ဤ​မေးခွန်း​ကို​ဖြေဆို​ရာ​တွင် စာရေး​ဆရာ ဘင် ဝိ​သာ​ရင်​တန် ၃ က ဤသို့​ရေး​သည်– “ပေါလု​၏ . . . ရှုထောင့်​မှ​ကြည့်​သော် အရေးကြီးသော​အချက်​မှာ မိမိကိုယ်ကို​ကာကွယ်​ရန် ပေါလု​အတွက် အဓိက​မဟုတ်ပါ။ ယင်းအစား ဂျူး​နှင့်​တစ်ပါး​အမျိုးသား အခွင့်အာဏာ​ရှိ​သူများ​ထံ . . . သတင်းကောင်းကို ဟောပြော​သက်သေ​ခံရန်​ဟူသော​အချက်​သည် သူ့​အတွက်​အရေးကြီး​၏။ အမှန်တကယ် ရုံးတင်​ခံ​နေရ​သည့်​အရာ​မှာ သတင်းကောင်း​ဖြစ်သည်။”