မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ပါဝင်ပတ်သက်နေသော အရေးကိစ္စ

သင်ပါဝင်ပတ်သက်နေသော အရေးကိစ္စ

သင်​ပါဝင်​ပတ်သက်​နေသော အရေးကိစ္စ

သင်​အထူး​ခင်မင်​ရင်းနှီးသော မိတ်ဆွေ သို့​မဟုတ် မိသားစုဝင်​တစ်ဦး​ရှိပါ​သလော။ ယင်း​ဆက်ဆံ​ရေး​ကို သင့်ကိုယ်​ကျိုး​အတွက်သာ ထိန်းသိမ်း​ထား​သည်​ဟု တစ်စုံ​တစ်ယောက်​က စွပ်စွဲ​ခဲ့​လျှင်​အသို့နည်း။ မခံရပ်​နိုင်​လောက်​အောင် သင်​မခံစား​ရ​ပေ​လော။ ယင်းသည် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိသူ​အားလုံး​အပေါ် စာတန်​၏ စွပ်စွဲချက်​ဖြစ်သည်။

ပထမ​လူသား​မောင်နှံ အာဒံ​နှင့်​ဧဝ​တို့ကို ဘုရားသခင့်​ပညတ်​ချိုးဖောက်​စေပြီး ဘုရားသခင်​အား​ဆန့်ကျင်​သည့် ပုန်ကန်မှု​တွင် သူနှင့်​ပူးပေါင်း​လာရန် ကြိုးစား​ရာ​တွင် စာတန်​အောင်မြင်​သောအခါ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သည်ကို ပြန်လည်​သုံးသပ်ကြည့်​ပါ။ ဖြစ်ပျက်​ခဲ့​ရာ​က လူတို့သည် မိမိတို့​အတွက်​အကျိုးရှိ​မှ ယေဟောဝါ​အား​နာခံ​သည်​ဟု အဓိပ္ပာယ်​သက်ရောက်​ပါသလော။ (ကမ္ဘာဦး ၃:၁-၆) အာဒံ​ပုန်ကန်​ပြီး​နောက် နှစ်ပေါင်း ၂,၅၀၀ ခန့်​တွင် အလားတူ​ကိစ္စ​ကို စာတန်​ဖြစ်ပေါ်​စေ​ခဲ့​သည်—ဤ​အချိန်တွင် ယောဘ​အမည်​ရှိသူ​တစ်ဦး​နှင့် ပတ်သက်​နေသည်။ စာတန်​ပြော​ခဲ့​သည့်​စွပ်စွဲချက်​က ပတ်သက်​နေသော​အရေးကိစ္စကို ရှင်းလင်းစွာ​ဖော်ပြ​သောကြောင့် ယင်း​ကျမ်းစာ​မှတ်တမ်း​ကို ဂရုတစိုက်​လေ့လာ​ကြည့်​ကြ​စို့။

“ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိ ကို​မစွန့်”

ယောဘသည် ‘စုံလင်​ဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူ၊ မကောင်းသော​အကျင့်ကို​ရှောင်​သော​သူ​ဖြစ်သည်။’ သို့သော် စာတန်​က ယောဘ​၏​ဖြောင့်မတ်မှု​ကို ရှုတ်ချ​ပြောဆို​သည်။ ‘ယောဘသည် အကျိုး​မရဘဲ ဘုရားသခင်​ဝတ်​ကို​ပြု​သလော’ ဟု​ယေဟောဝါ​အား စာတန်​မေးခွန်းထုတ်​သည်။ ယောဘ​ကို ကာကွယ်​ပြီး ကောင်းချီး​ပေးခြင်း​ဖြင့် ယေဟောဝါ​သည် ယောဘ​၏​တည်ကြည်မှု​ကို​ရယူ​နေသည်​ဟု စွပ်စွဲ​ကာ ဘုရားသခင်​ကို​ရော ယောဘ​ကို​ပါ စာတန်​ရှုတ်ချ​ပြောဆို​သည်။ “ယခု​မူ​ကား လက်တော်ကို​ဆန့်​၍ သူ၏​ဥစ္စာ​ရှိသမျှကို​ထိခိုက်​တော်​မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်​ကို​စွန့်ပယ်​ပါ​လိမ့်​မည်” ဟု စာတန်​စိန်ခေါ်​သည်။—ယောဘ ၁:၈-၁၁

ယင်း​ပြောဆိုချက်​များ​ကို ဖြေရှင်းဖို့ ယောဘ​ကို စာတန် စမ်းသပ်​ရန် ယေဟောဝါ ခွင့်ပြု​လိုက်​သည်။ ဘုရားသခင်​ကို​ဝတ်ပြုရာ​မှ ကျောခိုင်း​သွား​ရန်​ကြိုးစား​သည့်​အနေ​ဖြင့် တည်ကြည်သော​ထို​သူ​အပေါ် ဆင်းရဲ​ခက်ခဲ​မှုများ​တစ်ခု​ပြီး​တစ်ခု စာတန်​ကျရောက်​စေ​သည်။ ယောဘ​၏​ခြံမွေး​တိရစ္ဆာန်​အားလုံး​ကို အခိုးခံ​စေ​ခဲ့​သည်၊ ဖျက်ဆီး​ခံစေ​ခဲ့​သည်၊ သူ၏​အစေခံကျွန်​များနှင့် သားသမီး​များ​ကို သတ်ဖြတ်​ခဲ့​သည်။ (ယောဘ ၁:၁၂-၁၉) သို့သော် စာတန်​အောင်မြင်​ပါသလော။ လုံးဝ​မအောင်မြင်​ပါ။ မိမိ​ကြုံနေ​ရသော​အခက်အခဲ​များသည် စာတန်​ပြုလုပ်​နေကြောင်း ယောဘ​မသိ​သော်လည်း သူ​ဤသို့​ပြော​သည်– ‘ထာဝရ ဘုရားသခင်​ပေး​တော်​မူ​၏။ ထာဝရ​ဘုရားသခင်​လည်း ရုပ်သိမ်း​တော်​မူ​၏။ ထာဝရ​ဘုရားသခင်​၏​နာမတော်​သည် မင်္ဂလာ​ရှိပါစေ​သတည်း။’—ယောဘ ၁:၂၁

ထို့နောက် ရှေ့တော်မှောက်​သို့ ရောက်လာ​သော​စာတန်​အား ယေဟောဝါ​ဤသို့​ဆို​၏– “အကြောင်း​မရှိဘဲ သူ့ကို​ပျက်စီး​စေခြင်း​ငှာ သင်သည် ငါ့ကို​တိုက်တွန်း​သော်လည်း သူ [ယောဘ] သည် ဖြောင့်မတ် [“သမာဓိ​ရှိ၊” က​ဘ] သော​သဘောကို စွဲလမ်း​လျက်​နေသည်။” (ယောဘ ၂:၁-၃) အရေးကြီးသော​အရေးကိစ္စမှာ ယောဘ​၏​သမာဓိ​ဖြစ်​ပြီး ဘုရားသခင်​အပေါ် မယိမ်းမယိုင်​သော​တည်ကြည်​ခြင်း​နှင့် ဖြောင့်မတ်ခြင်း​ကို ပူးပူးကပ်ကပ်​စွဲမြဲ​ထား​သည့် အရည်အချင်း​ဖြစ်သည်။ သို့ဖြင့် ယောဘသည် သမာဓိ​ရှိ​ခြင်း​အရေးကိစ္စ​တွင် ထူးကဲ​စွာ​အောင်နိုင်​ခဲ့​သည်။ သို့သော် စာတန်​လက်မလျှော့​သေး​ချေ။

ထို့နောက် စာတန်​သည် လူသား​တစ်ရပ်လုံး​ကို​ထိခိုက်​သော စွဲချက်​တင်​ခဲ့​သည်။ စာတန်​က “အရေဖို့​အရေဟု​ဆို​သကဲ့သို့ လူသည်​မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှကို​ပေး​ပါ​လိမ့်​မည်။ ယခု​တစ်ဖန် လက်တော်ကို​ဆန့်​၍ သူ့​အရိုး​နှင့် သူ့​အသားကို​ထိခိုက်​တော်​မူလျှင် သူသည်​မျက်မှောက်တော်၌ ကိုယ်တော်​ကို​စွန့်ပယ်​ပါ​လိမ့်​မည်” ဟု ယေဟောဝါ​ကို ပြန်လျှောက်​၏။ (ယောဘ ၂:၄၊ ၅) ယောဘ​နာမည်​အစား “လူ” ဟူသော ယေဘုယျ​အသုံးအနှုန်း​ကို​သုံး​ခြင်း​ဖြင့် စာတန်​သည် လူ​ယောက်​တိုင်း​၏​တည်ကြည်မှု​ကို စောဒကတက်​ခဲ့​သည်။ အမှန်​တွင် သူ​ဤသို့​အခိုင်အမာ​စွဲချက်​တင်​နေခြင်း​ဖြစ်သည်– ‘လူသည် မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှကို ပေး​ပါ​လိမ့်​မည်။ ကျွန်ုပ်​ကို အခွင့်အရေး​တစ်ခု​သာ​ပေး​ပါ၊ မည်သူ​မဆို​ကို ဘုရားသခင်​ထံ​တော်​မှ စွန့်ခွာ​သွား​အောင် လုပ်နိုင်​သည်။’ အခြေအနေ​တိုင်း​နှင့် အချိန်တိုင်း​တွင် ဘုရားသခင်​အား​တည်ကြည်​မည့်​လူသား မရှိ​နိုင်​တော့​ပြီ​လော။

ဆိုးရွား​သော​ရောဂါ​ဝေဒနာ​နှင့် ယောဘ​ကို​စုံစမ်း​ရန် စာတန်​အား ယေဟောဝါ​ခွင့်ပြု​လိုက်​သည်။ ယောဘသည် မိမိ​သေသွား​လျှင်​ကောင်း​မည်​ဟု ဆုတောင်း​ရသည့်​အထိ ရောဂါ​ဝေဒနာ​ခံစားရ​သည်။ (ယောဘ ၂:၇; ၁၄:၁၃) သို့သော် ယောဘ​ဤသို့​ဆို​သည်– “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်!” (ယောဘ ၂၇:၅က​ဘ) ယောဘသည် ယေဟောဝါ​ကို​ချစ်သော​ကြောင့် ယင်း​သို့​ဆို​ခြင်း​ဖြစ်သည်၊ မည်သည့်​အရာ​က​မျှ ယင်းကို​မပြောင်းလဲ​နိုင်​ချေ။ ယောဘသည် မိမိ​ကိုယ်​မိမိ သမာဓိ​ရှိသူ​ဖြစ်​ကြောင်း သက်သေပြ​သည်။ “ထာဝရ​ဘုရားသခင်​သည် ယောဘ​၏ ရှေ့​ဖြစ်​ဟန်​ကို​ကောင်းချီး​ပေး​တော်​မူ​သည်ထက် နောက်​ဖြစ်​ဟန်​ကို​သာ၍ ကောင်းချီး​ပေး​တော်​မူ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (ယောဘ ၄၂:၁၀-၁၇) ယောဘ​ကဲ့သို့​သော သူများ​ရှိပါ​သလော။ ကုန်လွန်​သွားခဲ့​သော​အချိန်ကာလ​က မည်သည့်​အရာ​ဖော်ပြ​ပါ​သနည်း။

စိန်ခေါ်ချက်​ကို​ဖြေရှင်း​ခဲ့​ပုံ

သမ္မာကျမ်းစာ​၏​ဟေဗြဲစာစောင် အခန်းကြီး ၁၁ တွင် နောဧ၊ အာဗြဟံ၊ စာရာ​နှင့် မောရှေ​တို့​အပါအဝင် ခရစ်ယာန်​ခေတ်​မတိုင်မီ​က တည်ကြည်သော​အမျိုးသား၊ အမျိုးသမီး​တို့၏​နာမည်​များ​ကို တမန်​တော်​ပေါလု ဖော်ပြ​ထား​သည်။ ထို့နောက် တမန်​တော်​က ဤသို့​ဆို​သည်– “[အခြားသူ] တို့​အကြောင်း​များ​ကို ပြော​၍​မကုန်နိုင်။” (ဟေဗြဲ ၁၁:၃၂) ဤ​တည်ကြည်သော​ဘုရားသခင့်​ကျေးကျွန်​များသည် အလွန်​များပြား​လှ​သဖြင့် ကောင်းကင်​တွင် ပျံ့နှံ့​နေသော​တိမ်စိုင်​တိမ်​ခဲ​များနှင့်​နှိုင်း​ကာ “အလွန်​ကြီးမားသော​သက်သေခံ​တိမ်​တိုက်” ဟူ၍​ပေါလု​က သူတို့ကို​ရည်ညွှန်းခဲ့​သည်။ (ဟေဗြဲ ၁၂:၁က​ဘ) မှန်ပါသည်၊ နှစ်​ရာစု​တစ်လျှောက် မရေမတွက်​နိုင်သော​လူများစွာ​သည် မိမိတို့၏​လွတ်လပ်​စွာ​ရွေးချယ်​ဆုံးဖြတ်​ပိုင်ခွင့်​ကို အသုံးပြု၍ ယေဟောဝါ​ဘုရားသခင်​အား တည်ကြည်​ခဲ့​ကြပြီ။—ယောရှု ၂၄:၁၅

လူသားများ​ကို ယေဟောဝါ​ထံ​မှ ဝေးကွာ​သွား​စေနိုင်​သည်​ဟူသော စာတန်​၏​အဆိုကို အပြောင်မြောက်ဆုံး အဖြေပေး​နိုင်​ခဲ့​သူ​မှာ ဘုရားသခင့်​သားတော် ယေရှု​ခရစ်​ပင်​ဖြစ်သည်။ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် မချိမဆံ့​ခံစား​ရသော​နာကျင်မှု​ပင် ကိုယ်တော်​၏​သမာဓိကို မချိုးဖျက်​နိုင်​ခဲ့​ချေ။ ယေရှုသည် အသက်​ချုပ်ငြိမ်း​ချိန်​တွင် “အို​အဘ၊ အကျွန်ုပ်၏​စိတ်​ဝိညာဉ်​ကို ကိုယ်တော်​လက်၌ အကျွန်ုပ်​အပ်​ပါ​၏” ဟု​မိန့်ဆိုခဲ့သည်။—လုကာ ၂၃:၄၆

စစ်မှန်သော​ဘုရားသခင်​အား ဝတ်ပြုခြင်း​မှ​ကျောခိုင်း​သွား​ရန် လူတိုင်းကို စာတန်​မပြု​လုပ်နိုင်​ကြောင်း ကုန်လွန်​ခဲ့​သော​အချိန်​များ​က ရှင်းလင်းစွာ​ဖော်ပြ​ခဲ့ပြီ။ မရေမတွက်​နိုင်သော​လူသားများ​သည် ယေဟောဝါ​အား​သိရှိ​လာပြီး ‘ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်’ လာ​ကြသည်။ (မဿဲ ၂၂:၃၇) ယေဟောဝါ​အပေါ် သူတို့၏​မယိမ်းမယိုင်​သော​သမာဓိက လူသား​တို့၏​တည်ကြည်​ခြင်း​နှင့်​ဆိုင်သော​အရေးကိစ္စ​တွင် စာတန်​မှား​ကြောင်း​သက်သေပြ​ကြပြီ။ သမာဓိ​ရှိသော အမျိုးသား၊ အမျိုးသမီး​ဖြစ်​ခြင်း​အားဖြင့် စာတန်​မှား​ကြောင်း သင်လည်း သက်သေပြ​နိုင်​သည်။

သင်​ဘာ​ပြုလုပ်​ရမည်​နည်း

‘လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ အမှန်တရားကို​သိစေ​ခြင်း​ငှာ’ ဘုရားသခင် အလိုတော်​ရှိသည်။ (၁ တိမောသေ ၂:၄) ယင်းကို သင်​မည်သို့​လုပ်နိုင်​သနည်း။ ကျမ်းစာ​ကို​အချိန်​ယူ​လေ့လာ​ပြီး “မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်း” အောင်​ပြုလုပ်ခြင်း​ဖြစ်သည်။—ယောဟန် ၁၇:၃

ဘုရားသခင့်​အမှုတော်ထမ်း​သည့် လူတို့၏​ရည်ရွယ်ချက်ကို စောဒကတက်​ခြင်း​ဖြင့် လူတို့၏​သမာဓိကို စာတန်​စိန်ခေါ်​ခဲ့​သည်။ အသိပညာက သင်၏​ရည်ရွယ်ချက်ကို​လွှမ်းမိုး​စေ​လိုလျှင် ယင်းသည် သင့်​နှလုံး​သို့​ရောက်​ရမည်။ ယင်း​သို့​ဖြစ်​ရန် သမ္မာကျမ်းစာ​အကြောင်းအရာများ​ကို ရှာဖွေ​ရုံ​မျှ​ထက်မက ပြု​ရမည်။ သင်​လေ့လာ​သည့်​အရာများ​ကို စဉ်းစား​တွေးတော​သည့်​အလေ့အကျင့် ပြုစု​ပျိုးထောင်​ရမည်။ (ဆာလံ ၁၄၃:၅) သမ္မာကျမ်းစာ သို့​မဟုတ် ကျမ်းစာ​အခြေပြု​စာပေ​ကို ဖတ်ရှု​သည့်​အခါ ဤ​ကဲ့သို့​သော​မေးခွန်းများကို ဆင်ခြင်​သုံးသပ်ရန် အချိန်​ယူဖို့​ဖြစ်သည်– ‘ယင်းသည် ယေဟောဝါ​နှင့်​ပတ်သက်ပြီး ကျွန်ုပ်​ကို မည်သည့်​အရာ​သင်ပေး​သနည်း။ ဘုရားသခင့်​မည်သည့်​အရည်အချင်းကို ဤ​တွင်​တွေ့ရှိ​ရသနည်း။ ကျွန်ုပ်​ဘဝ၏​မည်သည့်​ကဏ္ဍ​တွင် ယင်း​အတိုင်း​ကျင့်​ရန်လို​သနည်း။ မည်သည့်​အရာ​ကို ဘုရားသခင်​နှစ်သက် သို့​မဟုတ် မနှစ်သက်​သနည်း။ ယင်းက ဘုရားသခင်​နှင့်​ပတ်သက်ပြီး ကျွန်ုပ်​ရဲ့​ခံစားချက်​အပေါ် မည်သို့​သက်ရောက်မှု​ရှိ​သနည်း။’ ယင်း​သို့​ချင့်ချိန်​တွေးဆ​ခြင်း​က သင့်​နှလုံးကို ဖန်ဆင်း​ရှင်​အား​ချစ်​သည့်​မေတ္တာ၊ ကျေးဇူး​တင်​စိတ်​တို့​နှင့် ပြည့်ဝ​နေစေပါ​လိမ့်​မည်။

ဘုရားသခင်​အပေါ် သမာဓိ​ရှိ​ခြင်း​ဟူသည် ဘာသာရေး​ယုံကြည်ချက်​ဖြင့်​သာ ကန့်သတ်​မထား​ပါ။ (၃ ဓမ္မ​ရာဇဝင် ၉:၄) ယေဟောဝါ​ဘုရားသခင်​အပေါ် သင်၏​သမာဓိ​စောင့်ထိန်းခြင်း​သည် ဘဝ​ကဏ္ဍ​အားလုံး​တွင် ကိုယ်ကျင့်တရား​ကြံ့ခိုင်​ဖို့​လို​သည်။ သို့သော် သမာဓိ​စောင့်ထိန်းခြင်း​သည် မည်သည့်​နည်း​နှင့်​မျှ သင့်ကို​ဆုံးရှုံး​စေမည်​မဟုတ်ပါ။ ယေဟောဝါ​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်၍ ကိုယ်တော်​သည် ဘဝ​အသက်တာ​၌ သင့်ကို​ပျော်မွေ့​စေ​လို​သည်။ (၁ တိမောသေ ၁:၁၁က​ဘ) ကိုယ်ကျင့်တရား​သန့်ရှင်း​နေ​စေရန်၊ ပို​၍​ပျော်ရွှင်သော​အသက်တာဖြင့်​မွေ့လျော်​နေ​ရန်​နှင့် ဘုရားသခင့်​မျက်နှာသာ​ရ​ရန် သင်​ရှောင်ရန်​လို​သည့် အလေ့အထ​တချို့​ကို ယခု​သုံး​ကြည့်​ကြ​စို့။

လိင်မှု​ဖောက်ပြန်ခြင်းကို ရှောင်ပါ

ကိုယ်တော်​၏​နှုတ်မြွက်တော်​သမ္မာကျမ်းစာ​တွင် ယေဟောဝါ​ကိုယ်တော်တိုင် အိမ်ထောင်ရေး​နှင့်​ပတ်သက်ပြီး ဤသို့​စံ​သတ်မှတ်​ခဲ့​သည်– “ယောက်ျား​သည် ကိုယ်​မိဘကို​စွန့်​၍ ကိုယ်​ခင်ပွန်း​၌​မှီဝဲ​သဖြင့် ထို​သူတို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်​မည်။” (ကမ္ဘာဦး ၂:၂၁-၂၄) အိမ်ထောင်ဖက်​တို့သည် “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်လာ​ကြသော​ကြောင့် လိင်ဆက်ဆံခြင်း​ကို မိမိတို့​နှစ်ကိုယ်ကြား​တွင်​သာ ကန့်သတ်​ထား​မည်​ဆိုလျှင် သူတို့သည် ဘုရားသခင့်​အိမ်ထောင်ရေး​အစီအစဉ်ကို ဂုဏ်တင်ရာ​ရောက်​သည်။ တမန်​တော်​ပေါလု ဤသို့​ဆို​ခဲ့​သည်– “ခပ်သိမ်း​သော​သူတို့၌ မင်္ဂလာဆောင်ခြင်း​အမှု​နှင့် သစ္စာ​သံဝါသပြု​ခြင်း​အမှုသည် အသရေ​ရှိစေ​လော့။ မတရားသော​မေထုန်​ကို​ပြုသောသူ​နှင့် သူ့​မယား​ကို​ပြစ်မှား​သော​သူကို ဘုရားသခင်​စစ်ကြော​စီရင်တော်မူ​လိမ့်​မည်။” (ဟေဗြဲ ၁၃:၄) “သစ္စာ​သံဝါသပြု​ခြင်း” အသုံးအနှုန်း​က တရားဝင်​လက်ထပ်​ထားသော အမျိုးသား​နှင့် အမျိုးသမီး​နှစ်ဦး​စပ်ကြား လိင်ဆက်ဆံမှု​ကို ရည်ညွှန်း​သည်။ သူတို့​ထဲ​မှ​တစ်ဦးဦး​သည် အိမ်ထောင်ဖက်​မဟုတ်​သူနှင့် လိင်ဆက်ဆံ​မည်​ဆိုလျှင် သူ့​သား​အိမ်ရာ​ပြစ်မှား​ရာ​ရောက်​ပြီး ဘုရားသခင့်​စစ်ကြော​စီရင်ခြင်း​ကို ခံရ​နိုင်​သည်။—မာလခိ ၃:၅

လက်မထပ်မီ​လိင်ဆက်ဆံခြင်း​ကော အသို့နည်း။ ယင်းသည်​လည်း ယေဟောဝါ​သတ်မှတ်​ထားသော ကိုယ်ကျင့်တရား​ဆိုင်ရာ​စံနှုန်း​ကို ဆန့်ကျင်ခြင်း​ဖြစ်သည်။ “ဘုရားသခင်​၏​အလိုတော်​ဟူ​မူ​ကား သင်တို့သည် မတရားသော​မေထုန်​ကို​ကြ​ဉ်​ရှောင်” လော့​ဟု သမ္မာကျမ်းစာ​၌​ဆို​ထား​သည်။ (၁ သက်သာလောနိတ် ၄:၃) လိင်​တူ​ဆက်ဆံခြင်း၊ သွေး​နီး​သူ​ချင်း​ကာ​မ​စပ်ယှက်​ခြင်း​နှင့် တိရစ္ဆာန်​နှင့်​ကာ​မ​စပ်ယှက်​ခြင်း​တို့သည်​လည်း ဘုရားသခင်​ကို ပြစ်မှားခြင်း​များ​ဖြစ်သည်။ (ဝတ်ပြုရာ ၁၈:၆၊ ၂၃; ရောမ ၁:၂၆၊ ၂၇) ဘုရားသခင့်​နှစ်သက်မှု​ကို​ခံစား​လို​ပြီး အမှန်​ပျော်ရွှင်သော​ဘဝကို မွေ့လျော်​လို​ပါ​က အကျင့်​ယိုယွင်းမှု​များနှင့် ကင်း​ကင်း​နေရ​မည်။

လက်မထပ်မီ​လိင်စိတ်​နှိုးဆွ​စေသော​အပြု​အမူ​ကော မည်သို့​နည်း။ ယင်း​အကျင့်ကို ယေဟောဝါ​မနှစ်သက်​ပါ။ (ဂလာတိ ၅:၁၉) အကျင့်​ယိုယွင်းမှု​များ​ကို မတွေး​တော​ရ​ပါ။ ယေရှု​က ဤသို့​ဆို​သည်– “ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ။” (မဿဲ ၅:၂၈) ယင်း​စကား​များသည် အ​ပြာ​ရုပ်ပုံများ​ကို စာပေ၊ မှန်​သား​ပြင်၊ အင်တာနက်​တွင်​ကြည့်​ခြင်း၊ လိင်မှု​ဆိုင်ရာ​များ​ကို​ဖတ်ရှုခြင်း၊ မဖွယ်မရာ​များ​စိတ်​တွင်​ပေါ်လာ​စေသည့် တေး​သီချင်းများ​နားထောင်ခြင်း​တို့​နှင့်​လည်း သက်ဆိုင်​သည်။ ယင်း​တို့ကို​ရှောင်ကြဉ်​ခြင်း​က ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​စေပြီး မိမိ​ဘဝ​အပေါ် တည်ဆောက်မှု​ဖြစ်စေ​သော​သြဇာ သက်ရောက်​စေ​သည်။

ပရောပရည်​လုပ်ခြင်း​ကော အသို့နည်း။ ပရောပရည်​လုပ်ခြင်းကို “အလေးအနက်​မထားသည့် ချစ်​ယောင်ဆောင်​ခြင်း သို့​မဟုတ် လိင်ဆိုင်ရာ​သွေးဆောင်ခြင်း” အပြု​အမူ​ဟု အနက်ဖွင့်​ထား​သည်။ အိမ်ထောင်သည်​အမျိုးသား သို့​မဟုတ် အမျိုးသမီး​တစ်ဦး​သည် မိမိ​အိမ်ထောင်ဖက်​မဟုတ်​သူ​တစ်ဦး​အား ယင်း​သို့​ပြုမူခြင်း​သည် သမ္မာကျမ်းစာ​မူများ​ကို ဆန့်ကျင်​ပြီး ယေဟောဝါ​ကို မလေးစား​ရာ​ရောက်​သည်။ (ဧဖက် ၅:၂၈-၃၃) တစ်ကိုယ်ရေ​သမားများ​အနေ​နှင့်​လည်း အပျော်သက်သက်​ဖြင့်​တစ်ဦး​ကိုတစ်​ဦး ချစ်​ကြိုက်​သည့်​အမူအရာ​များ​ပြ​ခြင်း​သည် လုံးဝ​မသင့်​လျော်​ပေ။ အကယ်၍ ယင်း​သို့​သော​ပရောပရည်​ပြုမူခြင်း​ကို ရည်ရွယ်​ထား​သည်ထက် တစ်ဖက်သား​က အလေးအနက်​ခံယူ​ခဲ့​လျှင်​ကော အသို့နည်း။ ဖြစ်ပေါ်​လာနိုင်​သည့်​စိတ်ဝေဒနာ​ကို စဉ်းစား​ကြည့်​ပါ​လေ။ ပရောပရည်​လုပ်ခြင်း​သည် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း သို့​မဟုတ် မတရားမေထုန်​သို့ ဦးတည်​စေနိုင်​ကြောင်းကို​လည်း အလေးအနက်​ဆင်ခြင်​သင့်​သည်။ အခြား​တစ်ဖက်​တွင်​မူ လိင်​ခြား​သူများကို စင်ကြယ်​စွာ​ဆက်ဆံခြင်း​က ကိုယ့်​ကိုယ်ကို​လေးစားမှု တိုးပွား​စေ​သည်။—၁ တိမောသေ ၅:၁၊ ၂

အခြား​ဘဝ​ကဏ္ဍ​များ​တွင် ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ခြင်း

ဒေသ​များစွာ​တွင် အရက်ယမကာ​ကို လွယ်ကူ​စွာ​ရရှိနိုင်​ကြသည်။ ယင်းကို​သုံးဆောင်ခြင်း​သည် မှား​သလော။ ဝိုင်၊ ဘီယာ၊ အခြား​အရက်​များ​ဖြစ်စေ အတော်အသင့်​သောက်သုံးခြင်း​ကို ကျမ်းစာ​က မတားမြစ်​ပါ။ (ဆာလံ ၁၀၄:၁၅; ၁ တိမောသေ ၅:၂၃) သို့သော် အလွန်အကျွံ​သောက်သုံးခြင်း​နှင့် မူးယစ်​ခြင်း​သည် ဘုရားသခင့်​မျက်မှောက်တွင် မှားယွင်း​၏။ (၁ ကောရိန္သု ၅:၁၁-၁၃) အလွန်အကျွံ​သောက်သုံးခြင်း​ဖြင့် သင့်​ကျန်းမာ​ရေး​ယိုယွင်းခြင်း၊ သင့်​မိသားစု​ဘဝ​ပြိုကွဲခြင်း​တို့ကို လုံးဝ​ဖြစ်စေ​လို​မည်​မဟုတ်။—သု. ၂၃:၂၀၊ ၂၁၊ ၂၉-၃၅

ယေဟောဝါ​သည် ‘အမှန်တရား​၏​ဘုရားသခင်’ ဖြစ်​တော်​မူ​သည်။ (ဆာလံ ၃၁:၅က​ဘ) “ဘုရားသခင်​သည် မုသာ​မ​သုံးနိုင်” ဟု​ကျမ်းစာ​က​ဆို​သည်။ (ဟေဗြဲ ၆:၁၈) ဘုရားသခင့်​မျက်နှာသာ​ရလိုလျှင် သင်သည် မုသာ​သုံး​မည်​မဟုတ်။ (သု. ၆:၁၆-၁၉; ကောလောသဲ ၃:၉၊ ၁၀) “မှန်သော​စကား​ကို​သာ အချင်းချင်း​တစ်ယောက်​နှင့်​တစ်ယောက်​ပြော​ကြလော့” ဟု ကျမ်းစာ​က ခရစ်ယာန်​များ​ကို သတိပေး​ထား​သည်။—ဧဖက် ၄:၂၅

လောင်းကစားခြင်း​ကော အ​သို့​ဆို​မည်​နည်း။ ယင်းသည် လူအများ​အလယ်တွင် ခေတ်​စား​နေ​သော်လည်း လောင်းကစားခြင်း​သည် လောဘ​ကြီးခြင်း​ပုံစံ​တစ်မျိုး​ဖြစ်​ပြီး အခြားသူများ​၏​ဆုံးရှုံး​ခြင်း​မှ ရယူရန်​ကြိုးစား​ခြင်း​ဖြစ်သည်။ ယေဟောဝါ​သည် “မစင်ကြယ်​သော​စီးပွား​ကို​တပ်မက်သော​သူ” ကို မနှစ်သက်​ချေ။ (၁ တိမောသေ ၃:၈) သို့​ဖြစ်​လျှင် သင်သည် ယေဟောဝါ​နှစ်သက်သူ​တစ်ဦး​ဖြစ်​လိုလျှင် ထီ၊ ဘင်​ဂို​လောင်းကစား​နှင့် မြင်း​လောင်း​ပွဲ​အပါအဝင် မည်သည့်​လောင်းကစားခြင်း​ပုံစံ​ကို​မဆို ရှောင်​မည်။ ထိုသို့​ရှောင်ကြဉ်​သောအခါ မိသားစု​လိုအပ်ရာ​များ​ကို ဖြည့်စွက်​ရန် အမှန်ပင် ငွေ​ပို​လာ​သည်ကို သင်​တွေ့​ပေမည်။

မိမိ​မပိုင်ဆိုင်​သည့်​အရာ​ကို​ယူခြင်း​သည် ခိုးခြင်း​ဖြစ်​ပြီး ယင်းသည် လောဘ​ကြီး​သည့် ပုံစံ​တစ်မျိုး​ဖြစ်သည်။ “သူ့​ဥစ္စာ​ကို​မခိုး​နှင့်” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ထွက်မြောက်ရာ ၂၀:၁၅) ခိုး​ရာ​ပါ​ပစ္စည်း​မှန်း သိ​ရက်​နှင့်​ဝယ်​ခြင်း၊ အခွင့်​မရဘဲ​ပစ္စည်း​များ​ယူခြင်း​သည် မှား​သည်။ “ခိုး​တတ်သော​သူသည် နောက်​တစ်ဖန်​မခိုး​ဘဲ၊ ဆင်းရဲသော​သူအား ပေးကမ်း​ဝေငှ​ရန်​ရှိစေ​ခြင်း​ငှာ မိမိ​လက်​နှင့် ကောင်းသော​အလုပ်ကို လုပ်ဆောင်​အားထုတ်​စေ” ဟု ကျမ်းစာ​က​ဆို​သည်။ (ဧဖက် ၄:၂၈) ယေဟောဝါ​ကို ချစ်​မြတ်နိုးသူ​တို့သည် သူတို့​အလုပ်ရှင်​၏​အချိန်ကို ခိုးယူ​မည့်​အစား အလုပ်ကို ကြိုးစား​လုပ်ဆောင်​သူများ​ဖြစ်​ကြသည်။ သူတို့သည် “အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ​ကျင့်​နေခြင်း​ငှာ အလိုရှိ​သော​သူ​ဖြစ်သည်။” (ဟေဗြဲ ၁၃:၁၈) ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​သော​သူသည် စိတ်၏​ငြိမ်သက်မှု အမှန်ပင် ရရှိ​သည်။

ကြမ်းတမ်းသော​စိတ်​ရှိသူ​ကို ဘုရားသခင် မည်သို့​ရှုမြင်​သနည်း။ ကျမ်းစာ​က ဤသို့​သတိပေး​ထား​သည်– “စိတ်​တို​သော​သူကို မိတ်ဆွေ​မ​ဖွဲ့​နှင့်။ အမျက်​ပြင်းထန်သော​သူနှင့်​အတူ မလိုက်​နှင့်။” (သု. ၂၂:၂၄) မထိန်းချုပ်​နိုင်သော​ဒေါသ​သည် ကြမ်းတမ်း​ရမ်းကား​သော​အပြု​အမူ​ဆီ​သို့ ဦးတည်​စေနိုင်​သည်။ (ကမ္ဘာဦး ၄:၅-၈) ကလဲ့စားချေ​လို​ခြင်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​က ဤသို့​ပြော​သည်– ‘အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူအပေါင်း​တို့​ရှေ့မှာ တင့်တယ်​လျောက်ပတ်​သော​အကျင့်ကို ကြံစည်​ကြလော့။ သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့။ ချစ်သူ​တို့၊ သူတစ်ပါး​သည် သင်တို့ကို​ပြစ်မှား​လျှင် ကိုယ်တိုင်​အပြစ်​ပြန်၍​မတုံ့​ကြ​နှင့်။ အမျက်တော်ကို​အခွင့်ပေး​ကြလော့။ ကျမ်းစာ​လာ​သည်​ကား “ငါသည် အပြစ်​တရားကို​စီရင်ပိုင်​၏။ အပြစ်​နှင့်​အလျောက်​ငါ​ဆပ်ပေး​မည်” ဟု ထာဝရ​ဘုရားသခင်​မိန့်တော်မူ၏။’ (ရောမ ၁၂:၁၇-၁၉) ထိုသို့​သော​ဆုံးမ​စကား​ကို လိုက်လျှောက်​သောအခါ ကျွန်ုပ်​တို့​ဘဝ​သည် ပို​၍​ငြိမ်သက်​မည်​ဖြစ်​ပြီး ယင်းက​ပျော်ရွှင်မှု​ကို တိုးပွား​စေပါ​လိမ့်​မည်။

သင်​အောင်မြင်​နိုင်

ဖိစီးမှုများ​ရှိ​ငြား ဘုရားသခင်​အပေါ် သမာဓိ​စောင့်ထိန်း​ရာ​တွင် သင်​အောင်မြင်​နိုင်​မည်​လော။ အောင်မြင်​နိုင်​ပါ​သည်။ တည်ကြည်မှု​ရှိ​ခြင်း​ဆိုင်ရာ​အရေးကိစ္စ​တွင် စာတန်​မှား​ကြောင်း​သက်သေပြ​ရာ​၌ ဘုရားသခင်​သည် သင့်ကို​အောင်မြင်​စေ​လို​ကြောင်း သတိရပါ၊ ကိုယ်တော်​နှုတ်မြွက်တော်​တွင် ဤသို့​ဆို​ထား​သည်– “ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို​ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို​ရွှင်လန်း​စေ​လော့။”—သု. ၂၇:၁၁

ယေဟောဝါ​မျက်မှောက် မှန်ရာကို​လုပ်ဖို့ ခွန်​အားပေးပါ​ရန် ကိုယ်တော်​ထံ သင်​ဆုတောင်း​နိုင်​သည်။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ဘုရားသခင့်​နှုတ်မြွက်တော်​သမ္မာကျမ်းစာ အသိပညာ​တိုးပွား​ရန် သန္နိ​ဋ္ဌာန်​ချမှတ် ကြိုးစား​ပါ​လေ။ သမ္မာကျမ်းစာ​မှ သင်ယူ​လေ့လာ​ထား​ရာ​ကို လေးမြတ်​စွာ​သုံးသပ်ခြင်းက ဘုရားသခင်​အပေါ် သင့်​မေတ္တာ​ပို​၍​နက်ရှိုင်း​လာ​စေပြီး ကိုယ်တော်​နှစ်သက်သူ​ဖြစ်​ရန် သင့်ကို​လှုံ့ဆော်ပေး​ပါ​လိမ့်​မည်။ ၁ ယောဟန် ၅:၃ က​ဤသို့​ဆို​၏– “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်။” သမ္မာကျမ်းစာ​လေ့လာ​ရာ​တွင် သင့်​ဒေသ​ရှိ​ယေဟောဝါသက်သေ​များသည် သင့်ကို ဝမ်းသာ​အားရ​ကူညီ​ပေး​လို​ပါ​သည်။ မိမိ​ဒေသ​ရှိ​ယေဟောဝါသက်သေ​များနှင့်​ဆက်သွယ်​ရန် သို့​မဟုတ် ဤ​မဂ္ဂဇင်း​ထုတ်ဝေ​သူများ​ထံ​စာရေး​ရန် သင့်​အား​ဖိတ်ခေါ်ပါ​သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

စုံစမ်းမှု​များ​အောက် ယောဘ​တည်ကြည်​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​အသိပညာ တိုးပွားခြင်း​က မှန်ရာကို​လုပ်ရန် သင့်​ဆုံးဖြတ်ချက်​ကို ခိုင်မာ​စေပါ​လိမ့်​မည်