မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို

ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလို

ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို​ချစ်ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို

“ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။”—မဿဲ ၂၂:၃၉

၁။ ဘုရားသခင်​ကို​ချစ်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​တင်ပြ​ကြ​မည်​နည်း။

ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​တို့​ထံ​မှ အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း။ ယေရှု​က ရိုးရှင်း​ထိရောက်​စွာ အဖြေပေး​ခဲ့​သည်။ အကြီးမြတ်ဆုံး​ပညတ်​မှာ ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​ရန်ဖြစ်​သည်​ဟု ကိုယ်တော်​မိန့်ဆိုခဲ့​၏။ (မဿဲ ၂၂:၃၇; မာကု ၁၂:၃၀) ရှေ့​ဆောင်းပါး​အရ ဘုရားသခင်​ကို​ချစ်ခြင်း​တွင် ကိုယ်တော်​ကို​နာခံခြင်း၊ ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ပြသ​ခဲ့​သော​မေတ္တာကို တုံ့ပြန်​သည့်​အနေ​ဖြင့် ကိုယ်တော့်​ပညတ်​များ​ကို လိုက်လျှောက်ခြင်း​တို့​ပါဝင်​ကြောင်း ကျွန်ုပ်​တို့​သိ​ရှိခဲ့​ပြီး​ဖြစ်၏။ ဘုရားသခင်​ကို​ချစ်​မြတ်နိုးသူ​များ​အတွက် ကိုယ်တော့်​အလိုတော်​ဆောင်ခြင်း​သည် ဝန်ထုပ်ဝန်ပိုး​မဟုတ်ဘဲ လန်းဆန်းမှု​ဖြစ်စေ​သည်။—ဆာလံ ၄၀:၈; ၁ ယောဟန် ၅:၂၊ ၃

၂၊ ၃။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို ချစ်ပါ​ဟူသော​ပညတ်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​အာရုံစိုက်​သင့်​သနည်း။ အဘယ်​မေးခွန်းများ ပေါ်ပေါက်​လာ​သနည်း။

“ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဟူသော ဒုတိယ​အကြီးမြတ်ဆုံး​ပညတ်​သည် ပထမ​ပညတ်​နှင့်​ဆက်စပ်​နေကြောင်း ယေရှု​မိန့်ဆိုခဲ့​၏။ (မဿဲ ၂၂:၃၉) ယခု၊ ထို​ပညတ်​ကို ကျွန်ုပ်​တို့​အာရုံစိုက်​ကြ​မည်​ဖြစ်​ပြီး ထိုသို့​အာရုံစိုက်ရန် ခိုင်လုံ​သော​အကြောင်းရင်း​ရှိသည်။ ကျွန်ုပ်​တို့​ခေတ်တွင် အတ္တဆန်​သော မေတ္တာ​အတုအယောင်​များ သိသာ​ထင်ရှား​နေသည်။ ‘နောက်ဆုံး​ကာလ’ အကြောင်း​ဖော်ပြ​သော ကျမ်းစောင်​တွင် လူတို့သည် သူတစ်ပါးကို​မချစ်​ဘဲ ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ ငွေ​ကို​တပ်မက်သူ၊ အပျော်အပါး​လိုက်စားသူ​များ​ဖြစ်​ကြ​မည်​ဟု တမန်​တော်​ပေါလု​ရေးခဲ့​၏။ လူများစွာ​သည် “ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ၊” ဘာသာပြန်​ကျမ်း​တစ်ကျမ်း​က “မိသားစုကို ချစ်ခင်​စုံမက်ခြင်း​မရှိသူ” ဖြစ်လာ​မည်​ဟု ပြန်ဆို​ထား​သည်။ (၂ တိမောသေ ၃:၁-၄) “ထို​ကာလ​၌ အများ​သော​သူတို့သည် . . . အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် အပ်​ကြလိမ့်မည်။ . . . အများ​သော​သူတို့၏ ချစ်ခြင်း​မေတ္တာသည် ခေါင်းပါး​လိမ့်​မည်” ဟု​ယေရှု​ခရစ် တင်ကူး​မိန့်ဆိုခဲ့​၏။—မဿဲ ၂၄:၁၀၊ ၁၂

သို့သော် လူတိုင်း ချစ်ခြင်း​မေတ္တာ​ခေါင်းပါး​မည်​ဟု ယေရှု​မ​မိန့်ဆိုခဲ့​ကြောင်း သတိပြုပါ။ ယေဟောဝါ​တောင်းဆို​ထားသော မေတ္တာ၊ ယေဟောဝါ​ရရှိ​ထိုက်​သော​မေတ္တာကို တင်ပြ​နေ​သူများ အမြဲ​ရှိခဲ့​ပြီး ထိုသို့​အမြဲ​ဆက်​ရှိသွား​ပေမည်။ ယေဟောဝါ​ကို နှစ်နှစ်ကာကာ​ချစ်​မြတ်နိုးသူ​များသည် အခြား​သူများကို ကိုယ်တော်​ရှုမြင်​သကဲ့သို့ ရှုမြင်​ရန် ကြိုးစား​ကြသည်။ သို့​ဆိုလျှင် ကျွန်ုပ်​တို့​ချစ်​ရမည့် ကိုယ်​နှင့်​စပ်ဆိုင်​သူ​ကား မည်သူ​နည်း။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို မည်သို့မေတ္တာပြ​သင့်​သနည်း။ ထို​အရေးကြီး​မေးခွန်းများကို သမ္မာကျမ်းစာ​က ဖြေဆို​ပေး​နိုင်​သည်။

ကိုယ်​နှင့်​စပ်ဆိုင်​သူ​ကား အဘယ်သူ​နည်း

၄။ ဝတ်ပြုရာ အခန်းကြီး ၁၉ အရ ဂျူး​များသည် မည်သူ​တို့ကို မေတ္တာပြ​ရမည်​နည်း။

ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်ပါ​ဟူသော ဒုတိယ​အကြီးမြတ်ဆုံး​ပညတ်​ကို ဖာရိရှဲ​အား မိန့်ဆိုခဲ့​ချိန်​တွင် ယေရှုသည် ဣသရေလလူ​တို့​ရရှိခဲ့​သော ပညတ်​တစ်ခု​ကို ရည်ညွှန်း​နေခြင်း​ဖြစ်၏။ ယင်းကို ဝတ်ပြုရာ ၁၉:၁၈ တွင် မှတ်တမ်း​တင်ထား​သည်။ ထို​အခန်းကြီး​တွင်​ပင် ဂျူး​များသည် မိမိတို့​အမျိုးသားချင်း​အပြင် အခြားသူများ​ကိုလည်း ကိုယ်​နှင့်​စပ်ဆိုင်​သူ​အဖြစ် ရှုမြင်​သင့်​ကြောင်း မိန့်မှာ​ခံရ​သည်။ “သင်​နှင့်အတူ​နေသော​ဧည့်သည်​ကို ကိုယ်​အမျိုးသားချင်း​ကဲ့သို့​မှတ်​ရမည်။ ကိုယ်​နှင့်​အမျှ​ချစ်​ရမည်။ သင်တို့သည် အဲဂုတ္တု​ပြည်​၌ ဧည့်သည်​ဖြစ်​ကြ​ဖူး​ပြီ” ဟူ၍ အခန်းငယ် ၃၄ တွင်​ဖော်ပြ​၏။ ထို့​ကြောင့် ဂျူး​မဟုတ်​သူများ၊ အထူးသဖြင့် ဘာသာ​ပြောင်း​ဝင်လာ​သူများကို မေတ္တာဖြင့် ပြုမူ​ဆက်ဆံ​ရ​ကြသည်။

၅။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​နှင့်​စပ်လျဉ်း၍ ဂျူး​များ မည်သို့​နားလည်ခဲ့​ကြ​သနည်း။

ယေရှု​အချိန်​က ဂျူး​ခေါင်းဆောင်​များ​မူ ထိုသို့​မယူဆ​ကြ​ပေ။ “မိတ်ဆွေ၊” “ကိုယ်​နှင့်​စပ်ဆိုင်​သူ” ဟူသော​အသုံးအနှုန်း​မှာ ဂျူး​များနှင့်​သာ သက်ဆိုင်​ပြီး ဂျူး​မဟုတ်​သူများကို မုန်းတီး​ရမည်ဟု သူတို့​သွန်သင်​ကြ​၏။ ဘုရားသခင်​ကို​ဝတ်ပြုသူ​များသည် ဘုရားတရား​မဲ့​သူများကို အထင်အမြင်​သေး​သင့်​သည်​ဟု သူတို့ ယူဆကြ​သည်။ ကိုးကားချက်​တစ်ခု​က ဤသို့​ဆို​၏– “ထို​အသိုင်းအဝိုင်း​မျိုး​တွင် အမုန်း​တရား​ကင်းစင်​ဖို့ ဝေ​လာ​ဝေး။ မုန်းတီးမှု​သည် အမြစ်စွဲ​ကာ ကြီးထွား​နေသည်။”

၆။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​နှင့်​စပ်လျဉ်း၍ အဘယ်​အချက်​နှစ်ချက်​ကို ယေရှု​ထောက်ပြ​ခဲ့​သနည်း။

တောင်ပေါ်​တရားတော်​တွင် ထို​ကိစ္စ​ကို ယေရှု​ဆွေးနွေး​ခဲ့​ပြီး မည်သူ​တို့ကို မေတ္တာဖြင့်​ဆက်ဆံ​သင့်​ကြောင်း ထောက်ပြ​ခဲ့​သည်။ ကိုယ်တော် ဤသို့​မိန့်ဆို​၏– “‘ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ချစ်​လော့။ ရန်သူကို​မုန်း​လော့’ ဟူသော​ပညတ်စကား​ကို သင်တို့​ကြား​ရပြီ။ ငါ​ပညတ်​သည်​ကား သင်တို့သည် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​သား​ဖြစ်​လို​သော​ငှာ သင်တို့၏​ရန်သူ​တို့ကို​ချစ်​ကြလော့။ သင်တို့ကို နှောင့်ယှက်​ညှဉ်းဆဲ​သော​သူတို့​အဖို့ ဘုရားသခင်​ကို ဆုတောင်း​ကြလော့။ အကြောင်း​မူ​ကား ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ကောင်းသော​သူ၊ မကောင်းသော​သူတို့​အပေါ်​၌ ကိုယ်တော်​၏​နေကို ထွက်​စေတော်မူ​၏။ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူတို့​အပေါ်​၌ မိုး​ကို​ရွာ​စေတော်မူ​၏။” (မဿဲ ၅:၄၃-၄၅) ဤ​တွင် အချက်​နှစ်ချက်​ကို ယေရှု​ထောက်ပြ​ခဲ့​သည်။ ပထမ၊ ယေဟောဝါ​သည် လူကောင်း​လူဆိုး​အားလုံး​အပေါ် ရက်ရော​ကြင်နာ​သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ဒုတိယ၊ ဘုရားသခင်​၏​ပုံသက်သေ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်သင့်​၏။

၇။ ကိုယ်​နှင့်​စပ်ဆိုင်​သူ​စိတ်ထား​ရှိသော ရှမာရိ​လူ​ဥပမာ​မှ အဘယ်​သင်ခန်းစာ​ရသနည်း။

နောက်​တစ်ကြိမ်​တွင် ဂျူး​ကျမ်းတတ်​တစ်ဦး​က “အဘယ်သူ​သည် အကျွန်ုပ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်ပါ​သနည်း” ဟု​ယေရှုကို မေးလျှောက်​လေ​၏။ ထို​အခါ ဓားပြ​တိုက်ခံ​ရသူ​ဂျူး​တစ်ဦး​နှင့် အမှတ်မထင်​ဆုံတွေ့​ခဲ့​သော ရှမာရိ​လူ​ဥပမာ​ကို ကိုယ်တော်​မိန့်ဆိုခဲ့သည်။ ဂျူး​များသည် ရှမာရိ​လူ​တို့ကို မုန်းတီး​လေ့​ရှိသော်လည်း ထို​ရှမာရိ​လူ​မူ​ကား ဂျူး​အမျိုးသား​၏​ဒဏ်ရာ​ကို စည်းပေး​ကာ ထို​သူ​ပြန်​ကျန်းမာ​လာရန် ဇရပ်​တစ်ခု​သို့​ဆောင်​သွား​၍ ပြုစု​ခဲ့​သည်။ သင်ခန်းစာ​ကား အဘယ်နည်း။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​ဟူသည် မိမိတို့​နှင့် မျိုးနွယ်၊ လူမျိုး၊ ဘာသာတူ​သူများကို​သာ မဆိုလို​ဟူသော သင်ခန်းစာ​ဖြစ်၏။—လုကာ ၁၀:၂၅၊ ၂၉၊ ၃၀၊ ၃၃-၃၇

ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို

၈။ မေတ္တာ​ပြသ​ပုံ​နှင့်​စပ်လျဉ်း၍ ဝတ်ပြုရာ အခန်းကြီး ၁၉ တွင် မည်သို့​ဆို​ထား​သနည်း။

ဘုရားသခင်​ကို​ချစ်ခြင်း​ကဲ့သို့​ပင် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​သည် ခံစားချက်​သက်​သက်​မျှ​မဟုတ်ဘဲ လုပ်ရပ်​ပါဝင်​ပတ်သက်​၏။ ဝတ်ပြုရာ အခန်းကြီး ၁၉ တွင်​မှတ်တမ်း​တင်ထား​သည့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ရန်​ဟူသော ပညတ်​၏​စကားစပ်​ကို သုံးသပ်ခြင်းက အကူအညီ​ဖြစ်စေ​သည်။ ထို​တွင် ဣသရေလလူ​တို့သည် စပါး​ရိတ်သိမ်း​သောအခါ ဆင်းရဲသော​သူနှင့် ဧည့်သည်​အာဂန္တု​အဖို့ ချန်​ရမည်​ဟူသော​ပညတ်​အကြောင်း ကျွန်ုပ်​တို့​ဖတ်ရှု​ရ၏။ သူ့​ဥစ္စာ​ကို​မခိုး​ရ။ သူတစ်ပါးကို​မလှည့်စား​ရ။ မုသာ​စကား​မပြော​ရ။ တရားရေး​ကိစ္စ​များ​တွင် မျက်နှာမလိုက်​ရ။ လိုအပ်​၍​ပြစ်တင်​ဆုံးမခံ​ရ​လျှင် “သင်၏​ညီအစ်ကို​ကို စိတ်​အခု​အခံ​မရှိ​ရ” ဟု​မိန့်မှာ​ထား​သည်။ ထို​ပညတ်​များ​အပြင် အခြား​ပညတ်​များစွာကို ဤ​စကား​ဖြင့် အကျဉ်းချုပ်​ထား​၏– “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​ရမည်။”—ဝတ်ပြုရာ ၁၉:၉-၁၁၊ ၁၅၊ ၁၇၊ ၁၈

၉။ လူမျိုးခြား​များနှင့်​သီးခြားနေ​ရန် ဣသရေလလူ​တို့ကို ယေဟောဝါ အဘယ်ကြောင့်​မိန့်မှာ​ရသနည်း။

ဣသရေလလူ​တို့သည် အခြား​သူများကို မေတ္တာပြ​ရ​သော်လည်း မှားယွင်းသော​နတ်​ဘုရား​တို့ကို ဝတ်ပြုသူ​များနှင့် သီးခြားနေ​ကြ​ရသည်။ မကောင်းသော​အပေါင်းအသင်း​၏ အန္တရာယ်​နှင့်​ဆိုးကျိုး​များ​ကို ယေဟောဝါ​သတိပေး​ခဲ့​သည်။ ဥပမာ၊ ဣသရေလလူ​တို့​သိမ်းယူ​ထားသော လူမျိုး​နှင့်​ပတ်သက်​၍ ဤသို့​မိန့်မှာ​၏– ‘သူတို့နှင့်​စုံဖက်​ခြင်း​ကို မပြုရ။ သင်၏​သမီးကို သူ၏​သား​နှင့်​လည်းကောင်း၊ သင်၏​သားကို သူ၏​သမီး​နှင့်​လည်းကောင်း ထိမ်းမြား​ပေးစား​ခြင်း​ကို​မပြုရ။ အကြောင်း​မူ​ကား သူတို့သည် သင်၏​သားကို ငါ​၌​မ​ဆည်း​မ​ကပ်​စေ​ဘဲ အခြား​တစ်ပါး​သော​နတ်​ဘုရား​အား ဝတ်ပြု​စေခြင်း​ငှာ သွေးဆောင်​ကြလိမ့်မည်။ ထို​အခါ အမျက်​ထွက်၍ သင်တို့ကို ချက်ချင်း​ဖျက်ဆီး​တော်​မူ​လိမ့်​မည်။’—တရားဟောရာ ၇:၃၊ ၄

၁၀။ ကျွန်ုပ်​တို့သည် အဘယ်အရာကို သတိပြု​ရှောင်ရှား​သင့်​သနည်း။

၁၀ အလားတူ၊ ခရစ်ယာန်​များသည် မိမိတို့၏​ယုံကြည်ခြင်း လျော့နည်း​သွား​စေသော မိတ်ဖွဲ့မှု​များ​ကို သတိပြု​ရှောင်ရှား​ကြသည်။ (၁ ကောရိန္သု ၁၅:၃၃) ခရစ်ယာန်​အသင်းတော်​ပြင်ပ​မှ “မယုံကြည်​သော​သူတို့နှင့် တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်” ဟူ၍ ကျွန်ုပ်​တို့ကို​သတိပေး​ထား​၏။ (၂ ကောရိန္သု ၆:၁၄) ထို့​ပြင် “သခင်​ဘုရား​၌​သာ” ထိမ်းမြား​ကြ​ရန် ခရစ်ယာန်​များ​ကို အကြံပေး​ထား​သည်။ (၁ ကောရိန္သု ၇:၃၉) သို့​တိုင်၊ ယေဟောဝါ​အား မကိုးကွယ်​သူတို့ကို ဘယ်​သောအခါ​မျှ အထင်အမြင်​မ​သေး​သင့်​ပါ။ အပြစ်သား​များ​အတွက် ခရစ်တော်​အသက်ပေး​ခဲ့​သည်​ဖြစ်​ရာ တစ်ချိန်က အကျင့်ဆိုး​ပြုကျင့်​ခဲ့​သူများစွာ​သည် ပြုပြင်​ပြောင်းလဲ​ကာ ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​နိုင်​ကြသည်။—ရောမ ၅:၈; ၁ ကောရိန္သု ၆:၉-၁၁

၁၁။ ယေဟောဝါ​အား မကိုးကွယ်​သူများကို မေတ္တာပြ​နိုင်​သည့် အကောင်းဆုံး​နည်းလမ်း​ကား အဘယ်နည်း။ အဘယ်ကြောင့်​နည်း။

၁၁ ယေဟောဝါ​အား မကိုးကွယ်​သူများကို မေတ္တာပြ​ရာ​တွင် ဘုရားသခင်​ကို​တုပခြင်း​က အကောင်းဆုံး​ဖြစ်၏။ ကိုယ်တော်​သည် မကောင်းမှုကို မနှစ်သက်​ပေ၊ သို့သော် လမ်းစဉ်​ဟောင်း​ကို​စွန့်​ကာ ထာဝရ​အသက်​ခံစား​နိုင်​မည့်​အခွင့်အလမ်း​ကို လူ​ခပ်သိမ်း​အား ကမ်း​လှမ်း​ခြင်း​ဖြင့် မေတ္တာက​ရု​ဏာ​တင်ပြ​သည်။ (ယေဇကျေလ ၁၈:၂၃) ယေဟောဝါ​သည် လူအားလုံး “နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ” ၏။ (၂ ပေတရု ၃:၉) ‘လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ အမှန်တရားကို​သိစေ​ခြင်း​ငှာ ဘုရားသခင်​အလိုတော်​ရှိ၏။’ (၁ တိမောသေ ၂:၄) ယင်းကြောင့်​ပင် ဟောပြော​သွန်သင်ခြင်း​နှင့် ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ’ ခြင်း​လုပ်ငန်း​ကို နောက်လိုက်​များ​အား ယေရှု​အပ်နှင်း​ခဲ့​ခြင်း​ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထို​လုပ်ငန်း​တွင်​ပါဝင်ခြင်း​ဖြင့် ဘုရားသခင်​ကို​ချစ်​ကြောင်း၊ ကိုယ်​နှင့်​စပ်ဆိုင်​သူများ​နှင့် ကျွန်ုပ်​တို့၏​ရန်သူများ​ကို​ပင် ချစ်​ကြောင်း တင်ပြ​ကြသည်။

ခရစ်ယာန်​ညီအစ်ကို​များ​ကို ချစ်​လော့

၁၂။ တမန်​တော်​ယောဟန်​က ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို​ချစ်ခြင်း​နှင့်​စပ်လျဉ်း၍ မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၂ “ငါ​တို့သည် အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့် ကျေးဇူးပြု​လျက် ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ​ကုန်​အံ့” ဟု​တမန်​တော်​ပေါလု ရေးခဲ့​သည်။ (ဂလာတိ ၆:၁၀) ခရစ်ယာန်​များ​ဖြစ်သော ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​တူသော ညီအစ်ကို​ညီအစ်မ​များ​ကို ချစ်​ရမည့်​တာဝန်​ရှိသည်။ ထိုသို့​ချစ်​ရန် မည်မျှ​အရေးကြီး​သနည်း။ တမန်​တော်​ယောဟန်​က ဤသို့​အလေးအနက်​ဖော်ပြ​ခဲ့​သည်– “မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မည်​သည်​ကား လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏။ . . . တစ်စုံ​တစ်ယောက်​သော​သူက ‘ငါသည် ဘုရားသခင်​ကို​ချစ်​၏’ ဟု​ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူသည် မုသာ​ကို​သုံး​သော​သူ​ဖြစ်၏။ မိမိ​မြင်ရသော မိမိ​ညီအစ်ကို​ကို​မချစ်​လျှင် မမြင်​သေး​သော​ဘုရားသခင်​ကို အဘယ်​သို့​ချစ်​နိုင်​မည်​နည်း။” (၁ ယောဟန် ၃:၁၅; ၄:၂၀) အမှန် လေးနက်​ပြင်းထန်သော​စကား​ဖြစ်၏။ “အသက်ကို​သတ်​သော​သူ၊” “မုသာ​ကို​သုံး​သော​သူ” ဟူသော​စကားလုံး​များ​က စာတန်​ကိုရည်ညွှန်း​ကြောင်း ယေရှု​ခရစ်​ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၈:၄၄) ကျွန်ုပ်​တို့ ထိုသို့​သမုတ်​ခံ​လို​မည်​မဟုတ်​ချေ။

၁၃။ ယုံကြည်သူချင်း​များ​ကို အဘယ်​နည်းများဖြင့် မေတ္တာပြ​နိုင်​ကြ​မည်​နည်း။

၁၃ ခရစ်ယာန်စစ်​များသည် “အချင်းချင်းချစ်​စေခြင်း​ငှာ ဘုရားသခင် ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်​ကြ​၏။” (၁ သက်သာလောနိတ် ၄:၉) ကျွန်ုပ်​တို့သည် “စကားပြော​ကာ​မျှ​အားဖြင့်​သာ​မချစ်​ဘဲ စိတ်ပါ​ကိုယ်​ရောက် ဧကန်​အမှန်ချစ်” ကြသည်။ (၁ ယောဟန် ၃:၁၈) ကျွန်ုပ်​တို့၏​မေတ္တာသည် “လျှို့ဝှက်​ခြင်း​နှင့်​ကင်း” သင့်​သည်။ (ရောမ ၁၂:၉) ချစ်ခြင်း​မေတ္တာက ကြင်နာ​ရန်၊ စာနာ​ထောက်ထား​ရန်၊ ခွင့်လွှတ်​ရန်၊ စိတ်ရှည်​ရန်​နှင့် မနာလို​ခြင်း၊ ဝါကြွားခြင်း၊ ရောင့်တက်ခြင်း၊ တစ်ကိုယ်ကောင်း​ဆန်​ခြင်း​မရှိ​ရန် လှုံ့ဆော်ပေး​သည်။ (၁ ကောရိန္သု ၁၃:၄၊ ၅; ဧဖက် ၄:၃၂) ယင်းသည် ‘အချင်းချင်း​၏​အမှု​ချင်း​ကို​ဆောင်ရွက်’ ရန် စေ့ဆော်​ပေး​သည်။ (ဂလာတိ ၅:၁၃) တပည့်​များ​ကို ကိုယ်တော်​ချစ်​သကဲ့သို့ အချင်းချင်းချစ်​ကြ​ရန် ယေရှု​မိန့်မှာ​ခဲ့​သည်။ (ယောဟန် ၁၃:၃၄) ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် လိုအပ်​လျှင် ယုံကြည်သူချင်း​များ​အတွက် မိမိ​အသက်ကို လိုလိုလားလား​စွန့်လွှတ်​သင့်​သည်။

၁၄။ မိသားစုတွင် မည်သို့​မေတ္တာပြ​နိုင်​သနည်း။

၁၄ ခရစ်ယာန်​မိသားစု​အတွင်း၊ အထူးသဖြင့် လင်​နှင့်​မယား​စပ်ကြား မေတ္တာပြ​သင့်​သည်။ အိမ်ထောင်​နှောင်ကြိုး​သည် အလွန်​ရင်းနှီး​ခိုင်မြဲ​ရ​ကား ပေါလု ဤသို့​ဆို​ခဲ့​၏– “ယောက်ျား​တို့သည် မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ခင်ပွန်း​တို့ကို ချစ်​ရ​ကြ​မည်။” ထို့နောက် “ခင်ပွန်း​ကို​ချစ်သော​သူသည် ကိုယ်ကို​ချစ်သော​သူ​ဖြစ်၏” ဟု​သူ​ဆက်ဆို​သည်။ (ဧဖက် ၅:၂၈) နောက်​အခန်းငယ်​ငါး​ခု​တွင်​လည်း ထိုသို့ ထပ်မံ​တိုက်တွန်း​ထား​သည်။ ဇနီး​ကို​ချစ်သော ခင်ပွန်း​တစ်ဦး​သည် မာလခိ​အချိန်​က မိမိတို့​အိမ်ထောင်ဖက်​ကို သစ္စာဖောက်​ခဲ့​ကြသော ဣသရေလလူ​တို့ကို တုပ​မည်​မဟုတ်ပါ။ (မာလခိ ၂:၁၄) အသင်းတော်ကို ခရစ်တော်​ချစ်​သကဲ့သို့ သူသည် မိမိ​ဇနီး​ကို ချစ်​မြတ်နိုး​မည်။ အလားတူ၊ ခင်ပွန်း​ဖြစ်သူ​အား ရိုသေ​လေးစားရန် ဇနီး​တစ်ဦး​ကို မေတ္တာက လှုံ့ဆော်ပေး​မည်။—ဧဖက် ၅:၂၅၊ ၂၉-၃၃

၁၅။ လုပ်ရပ်​ဖြင့်​တင်ပြသော ညီအစ်ကို​ချင်း​ချစ်​သည့်​မေတ္တာကို သတိပြုမိ​သူ​အချို့​သည် မည်သို့​ပြောဆို​ပြုမူ​ရန် လှုံ့ဆော်​ခံရ​သနည်း။

၁၅ ရှင်း​နေသည်​မှာ မေတ္တာသည် ခရစ်ယာန်စစ်​များ​ကို ခွဲခြား​သိရှိ​စေသော အမှတ်အသား​ဖြစ်၏။ “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင် လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်” ဟု​ယေရှု​မိန့်တော်မူသည်။ (ယောဟန် ၁၃:၃၅) ကျွန်ုပ်​တို့​အချင်းချင်းချစ်​သော မေတ္တာက ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသော၊ ကျွန်ုပ်​တို့​ကိုယ်စား​ပြုသော ဘုရားသခင်​ထံ လူ​တို့ကို​ဆွဲဆောင်​သည်။ ဥပမာ၊ မိုဇမ်ဘစ်​မှ သက်သေခံ​မိသားစု​နှင့်​ပတ်သက်​၍ ဤ​မှတ်တမ်း​ရရှိ​သည်– “ဒီလို တစ်ခါ​မှ မကြုံဖူး​ဘူး။ မွန်းလွဲပိုင်း​မှာ မိုး​နဲ့​မိုးသီး​အကြီးအကျယ်​ရွာ​ချ​ပြီး မုန်တိုင်းတိုက်​ပါ​လေ​ရော။ ကျွန်တော်​တို့​ဓနိ​အိမ် ပျက်စီး​သွားပြီး သွပ်​မိုး​တွေ လွင့်​ထွက်ကုန်​တယ်။ အနီးအနား​အသင်းတော်တွေက ညီအစ်ကို​တွေ​ရောက်လာ​ပြီး အိမ်ပြန်​ဆောက်​ပေး​ကြတယ်။ အိမ်နီးချင်းတွေ​က ‘မင်းတို့ရဲ့​ဘာသာ​က သိပ်​ကောင်း​တာ​ပဲ။ ငါ​တို့​ချာ့ခ်ျ​က ဒီလို​တစ်ခါ​မှ​မကူညီ​ဘူး’ ဆိုပြီး တအံ့တသြ​နဲ့​ပြော​ကြတယ်။ ကျွန်တော်​တို့​လည်း ယောဟန် ၁၃:၃၄၊ ၃၅ ကို​ဖွင့်ဖတ်​ပြ​တယ်။ အခု အိမ်နီးချင်း​အတော်များများ ကျမ်းစာ​လေ့လာ​နေကြပြီ။”

တစ်ဦးချင်း​စီ​ကို ချစ်​လော့

၁၆။ အုပ်စု​လိုက်​ချစ်ခြင်း​နှင့် တစ်ဦးချင်း​စီ​ကို​ချစ်ခြင်း​၏ ကွာခြားမှု​ကား အဘယ်နည်း။

၁၆ ကျွန်ုပ်​တို့၏​အိမ်နီးချင်း​များ​ကို အုပ်စု​လိုက်​အနေ​ဖြင့်​ချစ်​ရန် မခက်ခဲ​ပါ။ သို့သော် တစ်ဦးချင်း​စီ​ကို​ချစ်​ရန် မလွယ်ကူ​ပေ။ ဥပမာ၊ အချို့​က အလှူဒါန​အဖွဲ့အစည်း​များ​တွင် လှူဒါန်းခြင်း​ဖြင့်​သာ လူ​တို့ကို​ချစ်​ကြောင်း ဖော်ပြ​ကြသည်။ အမှန်​မှာ၊ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်​သည်​ဟု ပြောဆိုခြင်း​က ကျွန်ုပ်​တို့ကို​မနှစ်သက်​ပုံ​ရသော အလုပ်ဖော်​တစ်ဦး၊ အခန်း​ကပ်လျက်​မှ လူ့​ခွ​စာ​တစ်ဦး သို့​မဟုတ် ကျွန်ုပ်​တို့ကို​စိတ်ပျက်​စေသော မိတ်ဆွေ​တစ်ဦး​ကို ချစ်ခြင်း​ထက် ပို​လွယ်ကူ​သည်။

၁၇၊ ၁၈။ ယေရှုသည် တစ်ဦးချင်း​စီ​ကို​ချစ်​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။ အဘယ်​ရည်ရွယ်ချက်​ဖြင့် ထိုသို့​လုပ်ဆောင်ခဲ့​သနည်း။

၁၇ တစ်ဦးချင်း​စီ​ကို​ချစ်​ရာ​တွင် ဘုရားသခင်​၏​အရည်အသွေးကို စုံလင်​ပြည့်ဝ​စွာ​တုပ​ခဲ့​သော ယေရှု​ထံ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​ပါ​သည်။ ကိုယ်တော်​သည် ဤ​လောက​၏​အပြစ်ကို​ဆောင်​သွား​ရန် ကြွလာသော်လည်း မကျန်းမာ​သော​အမျိုးသမီး၊ အနူသည်၊ ကလေး တစ်ဦးချင်း​စီ​ကို မေတ္တာပြ​ခဲ့​သည်။ (မဿဲ ၉:၂၀-၂၂; မာကု ၁:၄၀-၄၂; ၇:၂၆၊ ၂၉၊ ၃၀; ယောဟန် ၁:၂၉) အလားတူ၊ ကျွန်ုပ်​တို့ နေ့စဉ်​ပြောဆို​ဆက်ဆံ​ရသူ​တစ်ဦးစီ​ကို မေတ္တာပြ​ခြင်း​ဖြင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်​ကြောင်း တင်ပြ​ကြသည်။

၁၈ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​နှင့် ဘုရားသခင်​ကို​ချစ်ခြင်း​တို့သည် ဆက်စပ်​နေကြောင်း ကျွန်ုပ်​တို့​မမေ့​သင့်​ပေ။ ယေရှုသည် နွမ်းပါး​သူကို ကူညီ​သည်၊ ဖျားနာ​သူကို ကုသ​ပေး​သည်၊ ဆာမွတ်​သူကို ကျွေးမွေး​သည်၊ လူအုပ်​ကို သွန်သင်ပေး​သည်၊ ယင်း​တို့ကို ကိုယ်တော်​လုပ်ဆောင်ပေး​ခြင်း​မှာ ဘုရားသခင်​နှင့်​လူ​တို့ မိတ်သဟာယ​ဖွဲ့​စေရန်​ဖြစ်၏။ (၂ ကောရိန္သု ၅:၁၉) ကိုယ်တော်​လုပ်ဆောင်လေသမျှ​သည် ဘုရားသခင်​၏​ဘုန်းတော် ထင်ရှားစေ​ရန်ဖြစ်​သည်။ မိမိ​ချစ်တော်မူ​သော​ဘုရားသခင်​ကို ကိုယ်စား​ပြုပြီး တုပ​နေကြောင်း ကိုယ်တော် ဘယ်တော့​မျှ​မမေ့​ခဲ့​ပေ။ (၁ ကောရိန္သု ၁၀:၃၁) ယေရှု၏​ပုံသက်သေ​ကို​တုပခြင်း​ဖြင့် ကျွန်ုပ်​တို့​လည်း ကိုယ်​နှင့်​စပ်ဆိုင်​သူကို မေတ္တာ​စစ်​တင်ပြ​နိုင်​ပြီး တစ်ချိန်တည်း​တွင် ဆိုးညစ်သော​လူ့​လောက​၏ အစိတ်အပိုင်း​မဖြစ်​ဘဲ​နေနိုင်​ကြ​မည်။

အဘယ်​နည်းဖြင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ ချစ်​နိုင်​ကြ​မည်​နည်း

၁၉၊ ၂၀။ ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

၁၉ “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ ကျွန်ုပ်​တို့သည် မိမိကိုယ်ကို​ဂရုစိုက်​တတ်​ပြီး ကိုယ့်​ကိုယ်ကို​လေးစားမှု​ရှိ​ရန် ကြိုးစား​ကြသည်​မှာ သဘာဝ​ပင်။ သို့​မဟုတ်လျှင် ထို​ပညတ်​သည် အဓိပ္ပာယ်​ရှိ​မည်​မဟုတ်ပေ။ ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ကို ၂ တိမောသေ ၃:၂ တွင် တမန်​တော်​ပေါလု​ဖော်ပြ​သည့် အတ္တဆန်​သော​ချစ်ခြင်း​နှင့် မ​ရော​ထွေး​သင့်​ပါ။ ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ဟူသည် ကိုယ့်​ကိုယ်ကို တော်သင့်ရုံ​တန်ဖိုး​ထားခြင်း​ဖြစ်၏။ ကျမ်း​ပညာရှင်​တစ်ဦး ဤသို့​ဖော်ပြ​သည်– “မိမိကိုယ်ကို​ချစ်​ရာ​တွင် မျှတသော​သဘော​ရှိ​ခြင်း​သည် ‘ငါ​အတော်ဆုံး​ပဲ’ ဟု​မိမိကိုယ်ကို​အထင်ကြီး​မည်​လည်း​မဟုတ်၊ ‘ငါ​အသုံးမကျတဲ့​သူပဲ’ ဟု​မိမိကိုယ်ကို​နှိမ်​လွန်း​မည်​လည်း​မဟုတ်ပေ။”

၂၀ သူတစ်ပါးကို ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ဟူသည် ကျွန်ုပ်​တို့ကို ရှုမြင်​စေ​လို​သည့်​အတိုင်း သူတစ်ပါးကို​ရှုမြင်ခြင်း၊ ကျွန်ုပ်​တို့​၌​ပြု​စေ​လို​သည်​အတိုင်း သူတစ်ပါး​၌​ပြုခြင်း​ကို ဆိုလို​သည်။ “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ (မဿဲ ၇:၁၂) အတိတ်​က အခြားသူများ ကျွန်ုပ်​တို့​အပေါ်​ပြုမူ​ခဲ့​ရာ​များ​ကို တေး​မှတ်ထားပြီး လက်တုံ့ပြန်ဖို့ မ​မိန့်မှာ​ခဲ့​ကြောင်း သတိပြုပါ။ ယင်းအစား ကျွန်ုပ်​တို့ကို မည်သို့​ဆက်ဆံ​စေ​လို​ကြောင်း​စဉ်းစား​ကာ သူတစ်ပါးကို ထို​အတိုင်း​ဆက်ဆံ​ဖို့​ဖြစ်သည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​မိတ်ဆွေ၊ ညီအစ်ကို​များ​ကို​သာ​ချစ်​ရန် ယေရှု မ​မိန့်မှာ​ခဲ့​ကြောင်း သတိပြုပါ။ ယေရှု​သုံးနှုန်း​ခဲ့​သော “သူတစ်ပါး” ဟူ​သည့်​စကားလုံး​က ကျွန်ုပ်​တို့​တွေ့ဆုံ​ရသော လူ​ခပ်သိမ်း​ကို ထိုသို့​ဆက်ဆံ​သင့်​ကြောင်း ဖော်ပြ​နေခြင်း​ဖြစ်​ပေမည်။

၂၁။ သူတစ်ပါးကို​ချစ်ခြင်း​ဖြင့် အဘယ်အရာကို တင်ပြ​ရာ​ရောက်​သနည်း။

၂၁ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​က မကောင်းမှု​များ​မကျူးလွန်​မိ​စေရန် ကာကွယ်​ပေး​နိုင်​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “အကြောင်း​မူ​ကား ‘သူ့​မယား​ကို​မ​ပြစ်မှား​နှင့်၊ လူ​အသက်ကို​မ​သတ်​နှင့်၊ သူ့​ဥစ္စာ​ကို​မခိုး​နှင့်၊ သူ့​ဥစ္စာ​ကို​တပ်မက်​လိုချင်​သော​စိတ်​မရှိစေ​နှင့်’ ဟူသော​ပညတ်​မှ​စ၍ အခြားသော​ပညတ်​ရှိသမျှ​တို့သည် ‘ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့’ ဟူသော​ပညတ်​တစ်ခု​၌ အပါအဝင်​ဖြစ်​ကြ​၏။ ချစ်ခြင်း​မေတ္တာ​ရှိသောသူ​သည် ကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏​အကျိုးကို မဖျက်ဆီး​တတ်။” (ရောမ ၁၃:၉၊ ၁၀) မေတ္တာသည် သူတစ်ပါးကို​ကောင်းမှု​ပြု​ရန် လှုံ့ဆော်ပေး​နိုင်​သည်။ လူ​လူ​ချင်း​ချစ်ခြင်း​ဖြင့် မိမိ၏​ပုံ​သဏ္ဍာန်​တော်​နှင့်​အညီ လူ​တို့ကို​ဖန်ဆင်း​တော်​မူ​သော​အရှင် ယေဟောဝါ​ဘုရားသခင်​ကို​ချစ်​ကြောင်း တင်ပြ​ရာ​ရောက်​ပေ​သည်။—ကမ္ဘာဦး ၁:၂၆

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မည်သူ​တို့ကို ကျွန်ုပ်​တို့​ချစ်​သင့်​သနည်း။ အဘယ်ကြောင့်​နည်း။

• ယေဟောဝါ​အား မကိုးကွယ်​သူများကို ကျွန်ုပ်​တို့ မည်သို့​မေတ္တာပြ​နိုင်​သနည်း။

• ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​အပေါ် ထား​သင့်​သော​မေတ္တာကို ကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

• ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“အဘယ်သူ​သည် အကျွန်ုပ်​နှင့်​စပ်ဆိုင်​သော​သူ ဖြစ်ပါ​သနည်း”

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယေရှုသည် တစ်ဦးချင်း​စီ​ကို မေတ္တာပြ​ခဲ့