မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ကာန​မြို့​မင်္ဂလာဆောင်​ပွဲ​တွင် မိခင်​ဖြစ်သူကို ယေရှု ပြန်​ပြောဆို​ပုံ​က မလေးစား​ရာ၊ ကြင်နာ​မှု​မဲ့​ရာ​ကျ​သလော။—ယောဟန် ၂:၄

ယေရှု​နှစ်ခြင်း​ခံ​ပြီး မကြာမီတွင် ကိုယ်တော်​နှင့်​တပည့်​များသည် ကာန​မြို့ မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​ခံရ​ကြသည်။ ကိုယ်တော်​၏​မိခင်လည်း ထို​တွင်​ရှိ​နေသည်။ စပျစ်​ရည်​ကုန်​သွားသော​အခါ မာရိက ယေရှုကို “စပျစ်​ရည်​မရှိ” ဟု​ပြော​လေ​၏။ ယေရှု​က မိခင်​အား “အချင်း​မိန်းမ၊ သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး” ဟု မိန့်တော်မူ၏။—ယောဟန် ၂:၁-၄

ယနေ့ လူတစ်ဦး​က သူ့​မိခင်​ကို “မိန်းမ” ဟု​ခေါ်​ပြီး “သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း” ဟု​ဆိုပါ​က အလွန်​ရိုင်းစိုင်း၊ စော်ကား​သည်​ဟု​ပင် ယူဆ​မည်​မဟုတ်လော။ သို့သော် ယေရှုကို ထိုသို့​စွပ်စွဲ​ခြင်း​က ထို​ခေတ်​၏ ယဉ်ကျေးမှု​နှင့် ဘာသာ​စကား​နောက်ခံ​အခြေအနေ​ကို လျစ်လျူရှု​ရာ​ကျ​သည်။ ကျမ်းစာ​ခေတ်တွင် ထို​အသုံးအနှုန်း အသုံးပြုပုံကို နားလည်​ထားခြင်း​က အထောက်အကူ​ပြု​သည်။

“မိန်းမ” ဟူသော​အသုံးအနှုန်း​နှင့်​စပ်လျဉ်း၍ ဗိုင်း​၏​ဓမ္မဟောင်း​နှင့် ဓမ္မသစ်​ကျမ်း​စကားလုံး​များ ရှင်းလင်းချက်​အဘိဓာန်​က ဤသို့​ဖော်ပြ​၏– “အမျိုးသမီး​တစ်ဦး​ကို ထိုသို့​ခေါ်​ခြင်း​သည် ပြစ်တင်​ရှုတ်ချ​သော၊ ပြင်းထန်သော အသုံးအနှုန်း​မဟုတ်ဘဲ ချစ်​မြတ်နိုးသော၊ လေးစား​သော အသုံးအနှုန်း​ဖြစ်သည်။” ယင်း​အဆိုကို အခြား​စာအုပ်​များ​က​လည်း ထောက်ခံ​သည်။ ဥပမာ၊ The Anchor Bible (အဲ​န်​ခါ​ရ်​သမ္မာကျမ်းစာ) က ဤသို့​ဆို​သည်– “ယင်းသည် ပြစ်တင်​ဆုံးမ​သည့်၊ ရိုင်းစိုင်း​သည့်၊ မေတ္တာမဲ့​သည့် အသုံးအနှုန်း​မဟုတ်ပေ။ . . . ယင်းသည် အမျိုးသမီးများနှင့် ယေရှု​ပြော​လေ့​ရှိသည့် ယဉ်ကျေး​သိမ်မွေ့​သော စကားပြော​ဆို​ပုံ​သာ​ဖြစ်သည်။” ဓမ္မသစ်​ကျမ်း​၏​အပြည်ပြည်ဆိုင်ရာ​အဘိဓာန်​သစ်​က ထိုစကား​လုံး​သည် “မ​ရိုသေ​မလေးစား​သော အဓိပ္ပာယ်​လုံးဝ​မရှိ” ဟု​ဆို​သည်။ ဂေ​ရ်​ဟာ့ထ်ကိ​တယ်​လ်​ပြုစု​သော ဓမ္မသစ်​ကျမ်း​၏ ဘာသာရေးဆိုင်ရာ​အဘိဓာန်​ကျမ်း​က ထို​အသုံးအနှုန်း​သည် “မရိုမသေ​ပြု​ရာ၊ ဂုဏ်နိမ့်​စေ​ရာ​မကျ” ဟု​ဆို​သည်။ ထို့​ကြောင့် ယေရှုသည် မိခင်​အား “မိန်းမ” ဟု​သုံးနှုန်းခြင်း​သည် ရိုင်းစိုင်း​ရာ၊ ကြင်နာ​မှု​မဲ့​ရာ​မကျ​ကြောင်း ကျွန်ုပ်​တို့​ကောက်ချက်​ချ​နိုင်​ပါ​သည်။—မဿဲ ၁၅:၂၈; လုကာ ၁၃:၁၂; ယောဟန် ၄:၂၁; ၁၉:၂၆; ၂၀:၁၃၊ ၁၅

“သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း” ဟူသော​အသုံးအနှုန်း​ကော။ ယင်းသည် ဂျူး​တို့၏ ဓလေ့​သုံး​စကား​ဖြစ်​ပြီး သမ္မာကျမ်းစာ​တွင် အကြိမ်ပေါင်း​များစွာ​ပါ​သည်။ ဥပမာ၊ ၂ ဓမ္မ​ရာဇဝင် ၁၆:၁၀ တွင် ဒါဝိဒ်​သည် အဘိရှဲ​အား ရှိ​မိ​ကို​မ​သတ်​ရန် ဤ​စကား​များ​ဖြင့် တားဆီး​သည်ကို တွေ့ရ​သည်– ‘အို ဇေ​ရု​ယာ​သားတို့ သင်တို့သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း၊ ထို​သူသည်​ကျိန်ဆဲ​ပါ​လေ​စေ။ “ဒါဝိဒ်​ကို ကျိန်ဆဲ​လော့” ဟု ထာဝရ​ဘုရားသခင်​မှာ​ထား​တော်​မူ​ပြီ။’ ထို​နည်းတူ ၃ ဓမ္မ​ရာဇဝင် ၁၇:၁၈ တွင်​လည်း ဇရတ္တ​မြို့မှ မုဆိုးမ​သည် သူ့​သား​သေနေ​သည်ကို​တွေ့သော​အခါ ဧလိယ​အား “အို ဘုရားသခင်​၏​လူ ကိုယ်တော်​သည် ကျွန်မ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း။ ကျွန်မ​အပြစ်​တို့ကို​အောက်မေ့​စေ​၍ ကျွန်မ​သားကို​သတ်​အံ့​သော​ငှာ ကျွန်မ​ဆီ​သို့​ကြွလာ​တော်​မူ​သလော” ဟု​ဆို​လေ​သည်။

အဆိုပါ​ကျမ်း​နမူနာ​များ​အရ “သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း” ဟူသော​စကား​ကို အထင်သေး​၍၊ မာနကြီး​၍​မဟုတ်ဘဲ ကြံရွယ်​ပြီး​သား​ကိစ္စ​အချို့​တွင် ဝင်​မ​စွက်​စေရန်၊ အမြင်​သဘောထား မတူညီမှု​ကို​ဖော်ပြ​ရန် သုံးလေ့​ရှိကြောင်း တွေ့ရှိ​နိုင်​သည်။ သို့​ဆိုလျှင် မာရိ​ကို​ပြော​သော ယေရှု၏​စကား​များ​ကို မည်သို့​ဆိုနိုင်​သနည်း။

မာရိသည် “စပျစ်​ရည်​မရှိ” ဟု​ယေရှုကို​ပြော​သောအခါ အသိပေး​ရုံ​သက်​သက်​မဟုတ်ဘဲ တစ်ခုခု​လုပ်ဆောင်ပေး​ရန် အကြံပြု​နေခြင်း​ဖြစ်​ကြောင်း ထင်ရှား​သည်။ ယေရှုသည် ထို​ဓလေ့​သုံး​စကား​ဖြင့် မာရိ​၏​အကြံပြုချက်ကို ငြင်းဆို​ခဲ့​ပြီး “ငါ့​အချိန်​မ​ရောက်​သေး” ဟု​ဆက်​ပြော​ခြင်း​ဖြင့် ထိုသို့​ငြင်းဆို​ရသည့် ရည်ရွယ်ချက်ကို သိမြင်​စေ​သည်။

ယေရှု​နှစ်ခြင်း​ခံ​ပြီး ဝိညာဉ်​တော်​သွန်းလောင်း​ခံရ​သည့် အေဒီ ၂၉ မှ​စ၍ မိမိသည် ကတိထားရာ​မေရှိယ​အနေ​နှင့် သေဆုံး​ခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်း​ချီးမြှင့်​ခံရ​ခြင်း​တို့​ပါဝင်​သည့် သမာဓိ​စောင့်သိ​သည့်​လမ်းစဉ်​ကို လိုက်လျှောက်ရန် ယေဟောဝါ​အလိုရှိ​ကြောင်း ကောင်းစွာ​သိရှိ​ခဲ့​သည်။ “လူသား​သည် သူတစ်ပါးကို​စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ​ခြင်း​ငှာ​လည်းကောင်း၊ မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေးခြင်း​ငှာ​လည်းကောင်း ကြွလာ​သည်” ဟု​ကိုယ်တော်​မိန့်ဆို​တော်​မူ​သည်။ (မဿဲ ၂၀:၂၇၊ ၂၈) မိမိ​သေဆုံး​ရမည့်​အချိန်နီး​လာသော​အခါ “အချိန်​ရောက်လာ​ပြီ” ဟု​ဆို​ခြင်း​ဖြင့် ယင်းကို​ရှင်းလင်းစွာ​နားလည်စေ​ခဲ့​သည်။ (ယောဟန် ၁၂:၁၊ ၂၃; ၁၃:၁) ထို့​ကြောင့် မသေဆုံးမီ​ည​တွင် ဤသို့​ဆုတောင်း​ခဲ့​သည်– “အို​အဘ၊ အကျွန်ုပ်​အချိန်​ရောက်​ပါ​ပြီ။ . . . သားတော်​သည် ကိုယ်တော်​၏​ဘုန်း​ကို ထင်ရှား​စေပါ​မည်​အကြောင်း သားတော်​၏​ဘုန်း​ကို ထင်ရှားစေ​တော်​မူ​ပါ။” (ယောဟန် ၁၇:၁၊ ၂) နောက်ဆုံး လူတို့သည် ယေရှုကို​ဖမ်းဆီး​ရန် ဂေသရှေမန်​ဥယျာဉ်​သို့ ရောက်လာသော​အခါ ကိုယ်တော်​က အိပ်ပျော်​နေသော​တမန်​တော်​များ​ကို နှိုး​ပြီး “အချိန်​ရောက်လာ​ပြီ။ လူသား​သည် ဆိုးသော​သူတို့​လက်​သို့ အပ်နှံခြင်း​ကို​ခံရ​ပြီ” ဟု​ဆို​သည်။—မာကု ၁၄:၄၁သမ္မာ။

သို့သော် ကာန​မြို့​မင်္ဂလာပွဲ​တွင် မေရှိယ​အဖြစ် ယေရှု​အမှုဆောင်​ခါ​စ​သာ​ရှိသေး​ပြီး “အချိန်” မ​ရောက်​သေး​ပေ။ ကိုယ်တော်​၏​အဓိက​ရည်ရွယ်ချက်မှာ ခမည်းတော်​ညွှန်ကြား​သည့်​နည်းဖြင့် ညွှန်ကြား​သည့်​အချိန်တွင် အလိုတော်ကို​ထမ်းဆောင်​ရန်ဖြစ်​သည်။ ကိုယ်တော် အခိုင်အမာ​ဆုံးဖြတ်ထား​သည့်​လမ်းစဉ်တွင် မည်သူမျှ ဝင်စွက်​နိုင်​မည်​မဟုတ်ပေ။ ယင်းကို မိခင်​ဖြစ်သူ​အား အသိပေး​ရာ​တွင် ယေရှုသည် ခိုင်မာ​ပြတ်သား​သော်လည်း မလေးစား​ခြင်း၊ ကြင်နာ​မှု​မဲ့​ခြင်း လုံးဝ​မရှိခဲ့​ပေ။ တစ်ဖန် မာရိသည်​လည်း သား​ဖြစ်သူက မိမိကို​အနေရခက်​စေ​သည်၊ စော်ကား​သည်​ဟု မခံစား​ခဲ့​ရ​ပါ။ အမှန်​မှာ ယေရှု​ဆိုလို​သည့်​အဓိပ္ပာယ်​ကို သိ​သောကြောင့် “သူ​စေခိုင်း​သမျှ​တို့ကို ပြု​ကြလော့” ဟု​အစေခံ​တို့အား ဆို​ခဲ့​သည်။ ယေရှုသည် မိခင်​ကို​လျစ်လျူရှု​မည့်​အစား ရေ​ကို အထူး​ကောင်းမွန်သော​စပျစ်​ရည်​အဖြစ် ပြောင်း​ပေးခြင်း​ဖြင့် မေရှိယ​အနေ​နှင့် ဦးဆုံး​အံ့ဖွယ်​အမှုကို ပြု​တော်​မူ​ခဲ့​သည်။ ဤနည်းဖြင့် ခမည်းတော်​၏​အလိုတော်​ဆောင်ခြင်း​နှင့် မိခင်၏​စိတ်ပူ​ပန်​မှု​ကို အသိအမှတ်​ပြုခြင်း​တွင် ဟန်ချက်ညီ​ခဲ့​သည်။—ယောဟန် ၂:၅-၁၁

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေရှုသည် မိခင်​ကို​စကားပြော​ဆို​ရာ​တွင် ကြင်နာ​မှု ရှိပြီး တစ်ချိန်တည်း​တွင် ခိုင်မာ​ပြတ်သား