မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားစွာ ကျင့်ကြံထိုက်

ရိုးသားစွာ ကျင့်ကြံထိုက်

ရိုးသား​စွာ ကျင့်ကြံ​ထိုက်

မရိုးသားမှု​သည် ဧဒင်ဥယျာဉ်​တွင် အစပြု​ခဲ့​သည်။ သို့သော် ယဉ်ကျေးမှု​နှင့်​အဖွဲ့အစည်း​များစွာ​တွင် ရိုးသားမှု​ကို တန်ဖိုး​ထားပြီး လိမ်လည်​လှည့်ဖြားမှု​ကို မနှစ်မြို့ဖွယ်၊ ရှုတ်ချ​ပြစ်တင်​ထိုက်​သော​လုပ်ရပ်​အဖြစ် ရှုမြင်​ကြသည်။ ယုံကြည်​စိတ်ချ​ထိုက်​သူ​အဖြစ် ရှုမြင်​ခံရ​ခြင်း​သည် ဂုဏ်ယူ​စ​ရာ​ဖြစ်၏။ သို့သော် ရိုးသား​နေလျှင် မျက်မှောက်ခေတ်​လောကတွင် အသက်ရှင်​ရပ်တည်​နိုင်​မည်​မဟုတ်​ဟု ရှုမြင်​သူ​ပို​များ​လာ​နေသည်။ ယင်း​နှင့်​ပတ်သက်​၍ သင်​မည်သို့​ခံစားရ​သနည်း။ ရိုးသားခြင်း​ကို ပြုစု​ပျိုးထောင်​ထိုက်​ပါသလော။ ရိုးသားမှု၊ မရိုးသားမှု​ကို သင်​မည်သို့​တိုင်းတာ​သနည်း။

ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့၏​အပြောအဆို​နှင့် ဘဝ​လမ်းစဉ်တွင် ရိုးသား​ရမည်။ တမန်​တော်​ပေါလု​က ခရစ်ယာန်​ချင်း​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “မှန်သော​စကား​ကို​သာ အချင်းချင်း တစ်ယောက်​နှင့်​တစ်ယောက်​ပြော​ကြလော့။” (ဧဖက် ၄:၂၅) ဤသို့​လည်း​ရေးခဲ့​၏– “အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ [“ရိုးသား​စွာ၊” က​ဘ] ကျင့်​နေခြင်း​ငှာ အလိုရှိ​သော​သူ​ဖြစ်သည်။” (ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်​တို့​ရိုးသား​ရသည့် အကြောင်းရင်း​မှာ လူတို့၏​ချီးမွမ်း​ခြင်း​ခံ​လို​၍​မဟုတ်ပေ။ ဖန်ဆင်း​ရှင်​ကို ရိုသေ​လေးစား​ပြီး ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​လို​သည့်​အတွက် ရိုးသား​ကြ​ခြင်း​ဖြစ်သည်။

သင်​မည်သူ​မည်ဝါ​ဖြစ်သည်​ကို မ​လျှို့ဝှက်​နှင့်

နိုင်ငံ​များစွာ​ရှိ​လူတို့သည် ဘဝတွင် အကျိုးအမြတ်​များ​ရ​လို​သောကြောင့် မိမိတို့​အကြောင်း အမှန်အတိုင်း​မဖော်​ပြ​ကြ​ပေ။ သူတို့သည် နိုင်ငံ​တစ်နိုင်ငံ​အတွင်း တရား​မဝင် ဝင်ရောက်​နိုင်​ရန်၊ မိမိတို့​အရည်အချင်း​မပြည့်မီ​သော အလုပ် သို့​မဟုတ် ရာထူး​ရ​ရန် လိမ်လည်​ထားသော​စာရွက်စာတမ်း​များ၊ ဒီ​ပ​လို​မာ​များနှင့် စိစစ်​ရေး​ကတ်​များ​ပြုလုပ်​ကြသည်။ မိဘ​အချို့​သည် သားသမီး​များ​ပညာ​ဆက်သင်​ကြား​နိုင်​ရန် မွေး​စာရင်း​အတု​ပြုလုပ်​ကြသည်။

သို့သော် လိမ်လည်​လှည့်ဖြား​လျှင် ဘုရားသခင့်​စိတ်တော်နှင့် တွေ့​နိုင်​မည်​မဟုတ်ပေ။ သမ္မာကျမ်းစာ​က ယေဟောဝါ​သည် “အမှန်တရား​၏​ဘုရားသခင်” ဖြစ်သည်ဟု​ဆိုပြီး မိမိ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူတို့​ထံ​မှ ရိုးသား​မှန်ကန်မှု​ကို ကိုယ်တော် မျှော်လင့်​တော်​မူ​သည်။ (ဆာလံ ၃၁:၅က​ဘ) မိမိတို့​မည်သူ​မည်ဝါ​ဖြစ်သည်​ကို “လျှို့ဝှက်” သည့် “လိမ်လည်​သူတို့” ကို ကျွန်ုပ်​တို့​အတုယူ​လျှင် ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး ရရှိနိုင်​မည်​မဟုတ်ပေ။—ဆာလံ ၂၆:၄

အမှား​ပြု​မိ​၍ တည့်မတ်​ခံရ​တော့​မည့် အခြေအနေ​တွင်​လည်း လူ​တို့​လိမ်​တတ်ကြ​သည်။ ခရစ်ယာန်​အသင်းတော်​အတွင်းရှိ​သူ​တစ်ဦး​ပင် ထိုသို့​ပြု​ရန် သွေးဆောင်​ခံရ​နိုင်​သည်။ ဥပမာ၊ အသင်းတော်​တစ်ခု​တွင် လူငယ်​တစ်ဦး​သည် အချို့​သော​အပြစ်​များ ကျူးလွန်​မိ​ကြောင်း အကြီးအကဲ​များ​ထံ​ဝန်ချ​သည်။ သို့သော် ခိုးမှု​ကျူးလွန်​ခဲ့​ကြောင်း သက်သေ​ထင်ရှား​သည့်​တိုင် ယင်းကို​ဝန်မခံ​ပါ။ သူ​လိမ်​ထား​ကြောင်း တဖြည်းဖြည်း​ထင်ရှား​လာ​ကာ အသင်းတော်​မှ နှင်ထုတ်​ခံရ​သည်။ သူသည် လုံးဝ​ရိုးသား​ပြီး ယေဟောဝါ​နှင့်​အဖိုးတန်​ဆက်ဆံ​ရေး ပြန်​ရရှိနိုင်​စေသည့် အကူအညီကို​လက်ခံ​မည်​ဆိုပါ​က ပညာရှိရာ​ကျ​မည်​မဟုတ်လော။ ထို့​ထက်​ကား သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘ထာဝရ​ဘုရားသခင်​ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်။ သင်၏​အပြစ်ကို စစ်ဆေး​တော်​မူ​သောအခါ စိတ်မပျက်​နှင့်။ ထာဝရ​ဘုရားသခင်​သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​တတ်၏။’—ဟေဗြဲ ၁၂:၅၊ ၆

တစ်ခါတစ်ရံ အသင်းတော်​တာဝန်​များ​ကို လက်လှမ်း​ယူ​နေသည့် ညီအစ်ကို​တစ်ဦး​သည် ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ သို့​မဟုတ် ယခင်​က အကျင့်​ယိုယွင်းမှု​ကို လျှို့ဝှက်​ထား​ရန် ကြိုးစား​ပေမည်။ ဥပမာ၊ လုပ်ငန်းတော်​အခွင့်ထူး​များ​အတွက် လျှောက်လွှာ​ဖြည့်​သောအခါ ကျန်းမာ​ရေး၊ ကိုယ်ကျင့်တရား​စ​သည့်​ကိစ္စ​များနှင့်​ပတ်သက်သော မေးခွန်းများကို အမှန်အတိုင်း​ဖြေ​လျှင် အရည်အချင်း​မပြည့်မီ​မည်​စိုး​၍ အချို့​ကို ချန်လှပ်​ထား​ပေမည်။ ‘ငါ​တကယ်​လိမ်တာ​မှ​မဟုတ်တာ’ ဟု သူ​တွေးမိ​နိုင်​သည်။ သို့သော် သူ​အမှန်ပင် ရိုးသား​ပွင့်လင်း​သလော။ နယပုံပြင် ၃:၂၃ ပါ ဤ​အချက်​ကို သတိပြု​ကြည့်​ပါ– ‘ထာဝရ​ဘုရားသခင်​သည် သဘော​ကောက်​သော​သူတို့ကို စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ဖြောင့်မတ်​သော​သူတို့မူကား ကိုယ်တော်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​ရှိကြ​၏။’

ရိုးသားခြင်း​ဟု​ဆို​ရာ​တွင် ဦးစွာ ကျွန်ုပ်​တို့​ကိုယ်ကို ရိုးသားခြင်း​ဖြစ်သည်။ တစ်ခါတစ်ရံ မှန်ကန်​ဖြောင့်မတ်​ရာ​ကို​မဟုတ်ဘဲ ကျွန်ုပ်​တို့​လက်ခံ​လို​သည့်​အရာ​ကို​သာ ယုံကြည်​လက်ခံ​ကြသည်။ မိမိကိုယ်ကို​မဟုတ်ဘဲ အခြား​သူများကို အပြစ်​ဖို့​ရန် အလွန်​လွယ်ကူ​သည်။ ဥပမာ၊ ဘုရင်​ရှောလုသည် မိမိ၏​မနာခံမှု​ကို ဆင်ခြေပေး​ရန် အခြားသူများ​အပေါ် အပြစ်​ပုံချ​ခဲ့​သည်။ ထို့​ကြောင့် သူ့ကို​ဘုရင်​အဖြစ်​မှ ယေဟောဝါ​ဖယ်ရှား​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၅:၂၀-၂၃) ‘အကျွန်ုပ်သည် ကိုယ်​အပြစ်ကို ရှေ့တော်၌​ဝန်ချ​ပါ​၏။ ပြု​မိ​သော​အပြစ်ကို ဝှက်​၍​မထား​ပါ။ “ငါ​လွန်ကျူးသော​အရာ​ကို ထာဝရ​ဘုရားသခင်​အား ဖော်ပြ​တောင်းပန်​မည်” ဟု ပြောဆို​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ပြစ်မှားခြင်း​အပြစ်ကို လွှတ်တော်​မူ​၏’ ဟု​ဆုတောင်း​ခဲ့​သော ဘုရင်​ဒါဝိဒ်​နှင့် ကွာခြား​လိုက်​လေ​ခြင်း။—ဆာလံ ၃၂:၅

ရိုးသားမှု​ကြောင့် ကောင်းချီး​ရ

ရိုးသားမှု​ရှိ​ခြင်း၊ မရှိခြင်းက သင့်​အပေါ် အခြားသူများ​၏​ရှုမြင်ပုံကို ဩဇာ​လွှမ်းမိုး​သည်။ သင်သည် လူ​တို့အား တစ်ကြိမ်​မျှ လိမ်လည်​ခဲ့​ဖူး​လျှင်​ပင် သင့်ကို​ယုံကြည်​စိတ်ချ​တော့​မည်​မဟုတ်။ ယင်းကို​လည်း လွယ်လွယ်​နှင့်​ပြန်​ရမည်​မဟုတ်ပေ။ သို့သော် သင်သည် ရိုးသား​ဖြောင့်မတ်​လျှင် သမာဓိ​ရှိသူ၊ ယုံကြည်​စိတ်ချ​ထိုက်​သူ​အဖြစ် နာမည်​ကောင်း​ရရှိ​မည်​ဖြစ်သည်။ ယေဟောဝါသက်သေ​များသည် ထိုသို့​နာမည်​ကောင်း​ရရှိ​ထား​ကြသည်။ ဥပမာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

အလုပ်သမား​များသည် ကုမ္ပဏီ​အပေါ် ဖြတ်စားလျှပ်စား​လုပ်​နေသည်​ကို ကုမ္ပဏီ​ဒါရိုက်တာ​တစ်ဦး သတိပြုမိ​သောအခါ ရဲ​ခေါ်​ကာ စစ်ဆေး​စေ​ခဲ့​သည်။ အဖမ်းခံရ​သူများ​တွင် ယေဟောဝါသက်သေ​အလုပ်သမား​တစ်ဦး ပါဝင်​နေကြောင်း သိ​သောအခါ သက်သေခံ​ကို ချက်ချင်း​ပြန်လွှတ်​ပေး​ရန် ရဲ​ထံ​သွား​ပြော​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သူသည် ရိုးသား​ကြိုးစား​သော​အလုပ်သမား​ဖြစ်​ကြောင်း ဒါရိုက်တာ​သိရှိ​ထား​၍​ဖြစ်သည်။ အခြားသူများ အလုပ်​ဖြုတ်​ခံရ​သော်လည်း သက်သေခံ​မှာ​မူ ဆက်လုပ်​ခဲ့​ရသည်။ သူ့​အပြုအမူကြောင့် ယေဟောဝါ​နာမ​ဂုဏ်တင်​ခံရ​၍ သူ၏​သက်သေခံချင်း​များ ဝမ်းမြောက်​ခဲ့​ကြသည်။

အကျင့်အကြံ​ကောင်း​ကို သတိ​မပြုမိ​ဘဲ​နေ​မည်​မဟုတ်ပါ။ အာဖရိက​ရပ်ကွက်​တစ်ခု​တွင် ရေနုတ်မြောင်း​ကြီး​တစ်ခုပေါ် ဖြတ်​ဆောက်​ထားသော​တံတား​၏ သစ်သား​ပျဉ်​များ​အခိုးခံ​ရသော​ကြောင့် ပြုပြင်​ရန် လိုအပ်​လာ​သည်။ ဒေသခံ​များ​က ပျဉ်​ချ​ပ်​များ​ဝယ်​နိုင်​ရန် ငွေ​ကောက်ဖို့​ဆုံးဖြတ်​ကြသော်လည်း ထို​ငွေ​များ​ကို စီမံခန့်ခွဲ​ရန် မည်​သူ့ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​မည်​နည်း။ ယေဟောဝါသက်သေ​တစ်ဦး​ကို တာဝန်​ပေး​ရန် အားလုံး​သဘောတူခဲ့​ကြသည်။

အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် နိုင်ငံရေး​နှင့်​လူမျိုးစု​မငြိမ်မသက်မှု​များ​ကြုံ​ရ​စဉ် အပြည်ပြည်ဆိုင်ရာ​ကုမ္ပဏီ​တစ်ခု​မှ ယေဟောဝါသက်သေ​စာရင်း​ကိုင်​တစ်ဦး​သည် အသက်​အန္တရာယ်​ရှိလာ​သဖြင့် ပြောင်းရွှေ့​ခံရ​သည်။ အခြေအနေ​များ​အေးဆေး​သွား​သည်​အထိ ကုမ္ပဏီ​၏​စရိတ်​ဖြင့် အခြား​နိုင်ငံ​တွင် လ​များစွာ​အလုပ်လုပ်​ရန် စီစဉ်​ပေး​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကုမ္ပဏီ​ကို​ကလိမ်ကျ​ရန် ယခင် ပူးပေါင်း​ကြံစည်​မှု​တွင် သူ မပါဝင်​ခဲ့​သောကြောင့်​ဖြစ်သည်။ မန်နေဂျာ​လူကြီး​များ​က သူ၏​အကြွင်းမဲ့​ရိုးသားမှု​ကို သတိပြုမိ​ကြသည်။ အကယ်၍ သူ​သာ​မရိုးသား​ခဲ့​လျှင် သူတို့​ကူညီ​လို​စိတ်​ရှိခဲ့​မည်​လော။

“ဖြောင့်မတ်​သော​သူသည် မိမိ​ဖြောင့်မတ်ခြင်း​လမ်း​သို့​လိုက်” သည်​ဟု နယပုံပြင် ၂၀:၇ က​ဖော်ပြ​သည်။ ရိုးသား​သူသည် ဖြောင့်မတ်​သူ​ဖြစ်သည်။ မည်သည့်​အခါ​မျှ လူလူချင်းကို လိမ်လည်​လှည့်ဖြား​မည်​မဟုတ်ပေ။ အခြားသူများ သင့်ကို ထိုသို့​ဆက်ဆံ​စေ​လို​သည်မဟုတ်​လော။ ရိုးသားမှု​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ အခြေခံ​ဖြစ်သည်။ ဘုရားသခင်​နှင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်​ကြောင်း ဖော်ပြ​ရာ​ရောက်​သည်။ ရိုးသားခြင်း​ဖြင့် ယေရှု​မိန့်ဆိုခဲ့​သော ဤ​ကျင့်​စဉ်​မူကို လိုက်နာ​လို​ကြောင်း ဖော်ပြ​ကြသည်– “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။”—မဿဲ ၇:၁၂; ၂၂:၃၆-၃၉

အချိန်တိုင်း​တွင် ရိုးသားခြင်း​ဖြင့် မနှစ်မြို့ဖွယ်​ရာ​များ ကြုံတွေ့​နိုင်​သော်လည်း ကိုယ်ကိုကိုယ်သိစိတ်​ကြည်လင်​စေနိုင်​ခြင်း​ကြောင့် အခြား​အရာအားလုံးကို စွန့်လွှတ်​ရကျိုးနပ်​ပေ​သည်။ ရိုးသား​ဖြောင့်မတ်ခြင်း​က ရေရှည်​တွင် ကြီးစွာ​အကျိုးရှိ​စေ​သည်။ အမှန်​မှာ ယေဟောဝါ​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​က အဖိုး​အ​န​ဂ္ဃ​ထိုက်​ပေ​သည်။ လူတို့၏​မျက်နှာသာ​ရ​ရန် သို့​မဟုတ် တရား​မဝင်​အကျိုးအမြတ်​များ​ရ​ရန် ယင်းကို အဘယ်ကြောင့် အဆုံးရှုံး​ခံ​မည်​နည်း။ မည်သည့်​စိန်ခေါ်ချက်​ပင် ရင်ဆိုင်​ရ​ပါစေ ဆာလံဆရာ​၏ ဤ​စကား​များ​ကို ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်– ‘မာန​ထောင်လွှား​သော​သူနှင့် [“လိမ်လည်​ဖောက်ပြန်သော​သူ၊” သမ္မာ] တို့ကို မ​မှီဝဲ၊ ထာဝရ​ဘုရားသခင်​ကိုကိုး​စား​သော​သူသည် မင်္ဂလာ​ရှိ၏။’—ဆာလံ ၄၀:၄

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်စစ်​များသည် လိမ်လည်​ထားသော စာရွက်စာတမ်း များ​ကို ဝယ်ယူ​အသုံးပြု​မည်​မဟုတ်