မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးသန်စွမ်းနေစေရန် တိုက်လှန်ခဲ့

ဝိညာဉ်ရေးသန်စွမ်းနေစေရန် တိုက်လှန်ခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ဝိညာဉ်​ရေး​သန်စွမ်း​နေ​စေရန် တိုက်လှန်​ခဲ့

ရို့ဖ်​ဘ​ရူ​ဂ​မိုင်​ယာ ပြောပြ​သည်

ကျွန်တော် ထောင်ချ​ခံရ​ပြီး​တဲ့​နောက် သူငယ်ချင်း​တစ်ယောက်​ဆီကနေ ဦးဆုံး​စာ​တစ်စောင်​ရခဲ့တယ်။ ကျွန်တော့်​အမေနဲ့ ညီ​ငယ်​တွေ​ဖြစ်​တဲ့ ပီတာ၊ ယိုကန်၊ မ​န်း​ဖရက်​တို့​လည်း အဖမ်းခံ​ရတယ်ဆိုတဲ့​အကြောင်း ရေးထားတယ်။ ဒါ​ကြောင့် ကျွန်တော့်​ညီမ​အငယ်ဆုံး​နှစ်ယောက်​က မိဘ​မောင်နှမ​တွေ​မရှိတော့တဲ့​ဘဝ ရောက်သွား​တယ်။ အရှေ့​ဂျာမနီ​အာဏာပိုင်တွေ​က ကျွန်တော်​တို့​မိသားစုကို ဘာကြောင့် နှိပ်စက်​ညှဉ်းပန်း​ခဲ့​သလဲ။ ဝိညာဉ်​ရေး​သန်စွမ်း​နေ​အောင် ကျွန်တော်​တို့ကို ဘာက​ကူညီ​ပေး​ခဲ့​သလဲ။

ဒုတိယ​ကမ္ဘာ​စစ်​က ကျွန်တော်​တို့​ရဲ့ ငြိမ်သက်​အေးချမ်း​လှတဲ့ ကလေး​ဘဝကို​ဖျက်ဆီး​လိုက်တယ်။ ဒါ​ကြောင့် စစ်​ရဲ့​ရက်စက်​ကြမ်းကြုတ်မှု​ကို ကိုယ်တွေ့​ကြုံ​ခဲ့​ရတယ်။ အဖေက ဂျာမန်​စစ်တပ်​မှာ​အမှုထမ်းခဲ့​ပြီး စစ်​အကျဉ်းသား​ဘဝနဲ့​သေဆုံး​ခဲ့​တယ်။ ဒါ​ကြောင့် ကျွန်တော့်​အမေ ဘက်​တာ​က တစ်နှစ်​ကနေ ၁၆ နှစ်အရွယ်​စီ​ရှိတဲ့ ကလေး​ခြောက်​ယောက်​ကို ကျွေးမွေး​ပြုစု​ခဲ့​ရတယ်။

အမေ​ဟာ ချာ့ခ်ျ​ရဲ့​လုပ်ရပ်တွေကြောင့် ဘာသာရေး​ကို လုံးဝ​စိတ်ကုန်​သွားပြီး ဘုရားသခင်​အကြောင်း မကြားချင်​တဲ့​အထိ ဖြစ်​ခဲ့​တယ်။ ဒါပေမဲ့ ၁၉၄၉ ခုနှစ်​ရဲ့ နေ့​တစ်နေ့​မှာ အီလ်ဇာဖုခ်စ်​ဆို​တဲ့ သေး​သေးသွယ်​သွယ် အမျိုးသမီး​တစ်ယောက် ကျွန်တော်​တို့​အိမ်ကို​လာပြီး ဘုရားသခင့်​နိုင်ငံတော်​အကြောင်း လိမ္မာ​ပါးနပ်​စွာ ပြောပြ​ခဲ့​တယ်။ သူ့​မေးခွန်းတွေနဲ့ ကျိုးကြောင်း​ဆင်ခြင်မှု​က အမေ့ရဲ့​သိချင်စိတ်​ကို ဆွပေး​ခဲ့​တယ်။ ဒါ​ကြောင့် အမေ​ကျမ်းစာ​လေ့လာ​ခဲ့​ပြီး မျှော်လင့်ချက်​ရှိ​လာတယ်။

ကျွန်တော်​တို့​ယောက်ျားလေး​တွေ​က​တော့ အစပိုင်း​မှာ သိပ်​မယုံ​ချင်ဘူး။ နာဇီနဲ့​ကွန်မြူနစ်​တွေ​က ကတိ​တွေ​အကြီးအကျယ်​ပေး​ပေမဲ့ ကတိ​မတည်​တဲ့​အတွက် ကျွန်တော်​တို့ စိတ်ပျက်​ခဲ့​ရတယ်။ ဒါ​ကြောင့် ဘယ်က​တိ​တွေ​ကို​မဆို ကျွန်တော်​တို့ မယုံ​တော့​ဘူး၊ ဒါပေမဲ့ သက်သေခံ​တချို့က စစ်​ကို​မထောက်ပံ့​တဲ့​အတွက် ချွေး​တပ်​စခန်း​တွေ​ကို အ​ပို့​ခံရ​တယ်​ဆိုတာ သိရတဲ့အခါ ကျွန်တော်​တို့ တော်​တော်​စိတ်စွဲ​မှတ်​သွားတယ်။ နောက်​နှစ်မှာ အမေ၊ ပီတာ​နဲ့ ကျွန်တော် နှစ်ခြင်း​ခံ​ခဲ့​တယ်။

ညီ​ငယ်​မ​န်း​ဖရက်​လည်း နှစ်ခြင်း​ခံ​ခဲ့​ပေမဲ့ သူ့​နှလုံး​ထဲမှာ အမှန်တရား​အမြစ်စွဲ​ပုံ​မရဘူး။ ၁၉၅၀ ပြည့်နှစ်​မှာ ကွန်မြူနစ်​တွေ​က ကျွန်တော်​တို့​ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​လိုက်တဲ့အခါ လျှို့ဝှက်​ရဲ​အဖွဲ့​ဖြစ်​တဲ့ ရှ​တာ​ဇီ​ရဲ့​ဖိအားပေး​မှု​ကြောင့် အစည်းအဝေးတွေ​ကျင်းပ​တဲ့​နေရာကို သူ​ဖွင့်ပြော​လိုက်တယ်။ ဒါ​ကြောင့်​လည်း အမေနဲ့ တခြား​ညီ​တွေ​အဖမ်းခံ​ခဲ့​ရတယ်။

ပိတ်ပင်​မှု​အောက် အမှုဆောင်ခြင်း

အရှေ့​ဂျာမနီ​မှာ ပိတ်ပင်​ထား​တဲ့​အတွက် ကျမ်းစာ,စာပေ​တွေ​ကို ခိုး​သွင်း​ခဲ့​ရတယ်။ အနောက်​ဘာလင်​မှာ စာပေ​တွေ​ကို မ​ပိတ်ပင်​တဲ့​အတွက် စာပေ​တွေ​ကို အဲဒီမှာ​သွား​ယူပြီး နယ်စပ်​ကနေ ဖြတ်သယ်​ရတယ်။ ရဲတွေ​လက်ထဲ​ကနေ ခဏ​ခဏ​လွတ်​ခဲ့​ပေမဲ့ ၁၉၅၀၊ နိုဝင်ဘာ​လမှာ​တော့ ကျွန်တော်​အဖမ်း​ခံရ​တယ်။

ရှ​တာ​ဇီ​က ကျွန်တော့်​ကို ပြတင်းပေါက်​မရှိတဲ့ မြေအောက်ခန်း​ထဲ ထည့်​ထား​လိုက်တယ်။ ညဘက်​မှာ မေးခွန်းတွေ​မေး​ပြီး ရိုက်နှက်​ခဲ့​တယ်၊ တစ်နေ့လုံး​လည်း အိပ်ခွင့်မပေး​ဘူး။ မိသားစုနဲ့​လည်း လုံးဝ​အဆက်အသွယ်​မရခဲ့​ဘူး။ ၁၉၅၁၊ မတ်​လမှာ ကျွန်တော့်​ကို ရုံး​ထုတ်​စစ်ဆေးချိန်​ကျ​မှ​ပဲ အမေ၊ ပီတာ၊ ယိုကန်​တို့​နဲ့ တွေ့ခဲ့​ရတယ်။ ကျွန်တော့်​ကို ခြောက်​နှစ်ထောင်​ဒဏ်​ချ​ခဲ့​တယ်။

ကျွန်တော့်​ကို ရုံး​ထုတ်​စစ်ဆေး​ပြီး ခြောက်​ရက်​အကြာမှာ ပီတာ၊ ယိုကန်​နဲ့ အမေတို့​အဖမ်း​ခံရ​တယ်။ ဒါ​ကြောင့် ၁၁ နှစ်အရွယ် ညီမလေး​ဟဲန်​နာ​လို​ရာ​ကို ခရစ်ယာန်​ညီအစ်မ​တစ်ယောက်​က ကြည့်ရှု​ပေး​ခဲ့​ပြီး ၇ နှစ်အရွယ် ညီမလေး​ဆ​ဘီ​နာ​ကို အဒေါ်​က ကြည့်ရှု​ပေး​ခဲ့​တယ်။ အမေနဲ့​ညီလေး​တွေ​ကို ရှ​တာ​ဇီ​အစောင့်​တွေ​က အန္တရာယ်​ရှိတဲ့ ရာဇဝတ်ကောင်​တွေ​လို ဆက်ဆံ​ပြီး သူတို့ရဲ့​ဖိနပ်​ကြိုးတွေ​ကို​တောင် သိမ်း​လိုက်ကြတယ်။ စစ်ဆေး​မေးမြန်း​ချိန်​တစ်လျှောက်​လုံး သူတို့ မတ်တတ်ရပ်​နေ​ရတယ်။ သူတို့လည်း ခြောက်​နှစ်​စီ ထောင်ဒဏ်​ချ​ခံရ​တယ်။

၁၉၅၃ ခုနှစ်​မှာ ကျွန်တော်​နဲ့ တခြား​သက်သေခံ​အကျဉ်းသားတွေ​ကို စစ်တပ်​လေယာဉ်ကွင်း​ဆောက်​ဖို့ တာဝန်​ပေး​ပေမဲ့ ကျွန်တော်​တို့ ငြင်း​ခဲ့​ကြတယ်။ အာဏာပိုင်တွေ​က ကျွန်တော်​တို့ကို ၂၁ ရက် သီးခြား​ထားခဲ့​ကြ​ပြီး အလုပ်​မလုပ်ရဘူး၊ စာ​အဆက်အသွယ်​လည်း​မရဘူး၊ စားစရာ​နည်းနည်း​ပဲ​ပေး​တယ်။ တချို့​ခရစ်ယာန်​ညီအစ်မ​တွေ​က သူတို့​ရတဲ့ ရိက္ခာ​နည်းနည်းလေး​ထဲ​က စားစရာ​တွေ​ကို ကျွန်တော်​တို့အတွက် ခိုး​ပို့ပေး​ကြတယ်။ အဲဒီ​ညီအစ်မ​တွေ​ထဲ​က အဲန်နီ​နဲ့ ကျွန်တော်​သိကျွမ်း​ခဲ့​ပြီး ၁၉၅၆၊ ၁၉၅၇ ခုနှစ်​တွေ​မှာ ထောင်​က​လွတ်​လာပြီး​တဲ့​နောက် လက်ထပ်​လိုက်ကြတယ်။ ကျွန်တော်​တို့ လက်ထပ်​ပြီး​နောက်​တစ်နှစ်​မှာ သမီးလေး​ရုသ် မွေးလာတယ်။ ပီတာ၊ ယိုကန်​နဲ့ ဟဲန်​နာ​လို​ရာ​တို့​လည်း အဲဒီ​အချိန်​လောက်​မှာပဲ လက်ထပ်ခဲ့​ကြတယ်။

ကျွန်တော်​ထောင်​က​လွတ်​ပြီး သုံးနှစ်လောက်​မှာ ထပ်​အဖမ်းခံရ​ပြန်​တယ်။ သတင်းပေး​သူ​အဖြစ် လုပ်ဆောင်ဖို့ ရှ​တာ​ဇီ​အရာရှိ​က ကျွန်တော့်​ကို ဖျောင်းဖျ​ပြောဆို​ခဲ့​တယ်။ “ကျေးဇူးပြု​ပြီး အကျိုးသင့်အကြောင်းသင့်​ရှိ​စမ်း​ပါ။ ထောင်​ဆိုတာ ဘယ်လို​နေရာ​မျိုး​လဲ​ဆိုတာ ခင်ဗျား​သိ​တာ​ပဲ၊ ခင်ဗျား​ကို နောက်ထပ် ဒါမျိုး​မဖြစ်စေ​ချင်ဘူး။ ခင်ဗျား သက်သေခံ​တစ်ယောက်​အနေ​နဲ့ ကျမ်းစာ​ဆက်​လေ့လာ​နိုင်တယ်၊ ကျမ်းစာ​အကြောင်းလည်း ကြိုက်​သလော​က် ဟောပြောနိုင်​တယ်။ ငါ​တို့ကို နောက်ဆုံး​သတင်း​အချက်အလက်​တွေ​ပဲ ပြောပြ​ပါ။ ခင်ဗျား​မိန်းမ​နဲ့ သမီးလေးကို​လည်း ထည့်တွက်ပါ​ဦး” လို့​သူပြောတယ်။ သူ​နောက်ဆုံး​ပြောလိုက်​တဲ့ စကား​ကြောင့် ကျွန်တော်​အရမ်း​ဝမ်းနည်း​သွားတယ်။ ဒါပေမဲ့ ကျွန်တော်​ထောင်ကျ​နေချိန်မှာ မိသားစုကို ကျွန်တော်​တတ်နိုင်​တာ​ထက် ယေဟောဝါ ပို​ပြီး​စောင့်ရှောက်​ပေး​နိုင်တယ်​ဆိုတာ ကျွန်တော်​သိတယ်၊ တကယ်လည်း ကိုယ်တော် စောင့်ရှောက်​ပေး​ခဲ့​တယ်။

အာဏာပိုင်တွေ​က အဲန်နီ​ကို အချိန်ပြည့်​အလုပ်လုပ်​ခိုင်း​ပြီး သမီးလေး​ရုသ်​ကို​ကြည့်ရှု​ဖို့ တခြား​သူတွေကို တာဝန်​ပေး​တယ်။ ဒါပေမဲ့ အဲန်နီ​က သူတို့​ပြော​သလို မလုပ်ဘဲ ညဘက်​မှာ​အလုပ်လုပ်တယ်၊ ဒါ​ကြောင့် နေ့​ဘက်မှာ ရုသ်​ကို ကြည့်ရှု​နိုင်​ခဲ့​တယ်။ ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​က ကျွန်တော့်​ဇနီး​ကို အရမ်း​ဂရုစိုက်​ထောက်ပံ့​ပေး​ကြ​တဲ့​အတွက် သူက တခြား​သူတွေကို​တောင် ပြန်ပေး​ကမ်း​နိုင်​ခဲ့​တယ်။ အဲဒီအချိန်မှာ ကျွန်တော် နောက်ထပ်​ခြောက်​နှစ်​နီးပါး ထောင်​ထဲမှာ​နေခဲ့​ရတယ်။

ထောင်ကျ​စဉ် ယုံကြည်ခြင်းကို ထိန်းသိမ်း​ခဲ့​ကြ​ပုံ

ကျွန်တော် ဒုတိယ​အကြိမ် ထောင်​ထဲ​ရောက်သွားတဲ့​အခါ သက်သေခံ​အခန်းဖော်​တွေ​က ဘာ​စာပေ​တွေ ထုတ်ဝေ​ခဲ့​သလဲ​ဆိုတာ အရမ်း​သိချင်​ကြတယ်။ ကင်းမျှော်စင် ကို​သေချာ​လေ့လာ​ခဲ့​ပြီး အစည်းအဝေးတွေ မှန်မှန်​တက်​ခဲ့​တဲ့​အတွက် သူတို့ကို ဝိညာဉ်​ရေး​အရ အများကြီး​အားပေး​ထောက်မ​နိုင်​ခဲ့လို့ ဝမ်းသာ​မဆုံး​ဖြစ်​ခဲ့​ရတယ်။

အစောင့်​တွေ​ဆီ​မှာ ကျမ်းစာ​တောင်း​တဲ့​အခါ သူတို့က “ယေဟောဝါ​သက်သေတွေကို ကျမ်းစာ​ပေး​တာ​က အကျဉ်းသား​တစ်ယောက်ကို ထောင်​ဖောက်ထွက်​ပြေး​ဖို့ ဖောက်ထွင်း​ကိရိယာ ပေး​လိုက်​သလိုပဲ အန္တရာယ်​ရှိတယ်” လို့​ပြန်​ပြော​ကြတယ်။ ဦးဆောင်​တဲ့​ညီအစ်ကို​တွေ​က နေ့တိုင်း​ပဲ သုံးသပ်​ရမယ့်​ကျမ်းချက်​တစ်ချက်​ကို ရွေး​ကြတယ်။ ထောင်​ဝင်း​ထဲ နေ့စဉ်​နာရီ​ဝက် လမ်းလျှောက်​ချိန်မှာ လေ့ကျင့်ခန်း​လုပ်ဖို့၊ လေ​ကောင်း​လေ​သန့်​ရှူ​ဖို့​ထက် အဲဒီ​နေ့​ရဲ့​ကျမ်းချက်​ကိုပဲ ကျွန်တော်​တို့ စိတ်ဝင်စား​ကြတယ်။ တစ်ယောက်​နဲ့​တစ်ယောက် ၁၅ ပေ​ကွာ​ပြီး စကားပြော​ခွင့်​မရှိပေမဲ့ ကျမ်းချက်​ကို နည်း​အမျိုးမျိုးနဲ့ လက်ဆင့်ကမ်း​ပေး​နိုင်​ကြတယ်။ အခန်း​ထဲ​ပြန်​ရောက်တဲ့အခါ ကျမ်းချက်​ကို ဆွေးနွေး​ကြတယ်။

ကျွန်တော်​တို့ ဒီလို​လုပ်တာကို တစ်ယောက်​က သတင်းပေး​လိုက်တဲ့​အတွက် ကျွန်တော်​တိုက်ပိတ်​ခံရ​တယ်။ အဲဒီအချိန်မှာ ကျမ်းချက်​ပေါင်း​ရာနဲ့ချီ အလွတ်​မှတ်မိ​နေတဲ့​အတွက် ဝမ်းသာ​လိုက်တာ! တိုက်ပိတ်​ခံရ​တဲ့​ရက်​တွေ​မှာ ကျမ်းစာ​အကြောင်း​တွေ​ကို ကျွန်တော် စဉ်းစား​ဆင်ခြင်​ခဲ့​တယ်။ အဲဒီနောက် တခြား​ထောင်​ကို ပို့​ခံရ​တယ်။ အဲဒီမှာ အစောင့်​တစ်ယောက်​က ကျွန်တော့်​ကို သက်သေခံ​ညီအစ်ကို​နှစ်ယောက်​နဲ့ တစ်ခန်း​ထဲ​ထား​တယ်။ ဒါ​ထက်​ပို​ဝမ်းသာစရာ​ကောင်း​တာ​က ကျွန်တော်​တို့ကို ကျမ်းစာ​တစ်အုပ်​ပေး​တယ်။ ခြောက်​လ​တိုက်ပိတ်​ခံရ​ပြီး​တဲ့​နောက် ယုံကြည်သူချင်းတွေနဲ့ ကျမ်းစာ​အကြောင်း​တွေ ထပ်​ဆွေးနွေးခွင့်​ရတာကို ကျွန်တော်​အရမ်း​ကျေးဇူး​တင်​ခဲ့​တယ်။

တခြား​ထောင်​တစ်ခု​မှာ​ရောက်နေတဲ့ ပီတာ​က သူ့ကို​ခံနိုင်ရည်​ရှိစေတဲ့​အရာ​အကြောင်း ဒီလို​ပြောပြ​တယ်– “ကမ္ဘာသစ်​အသက်တာ​အကြောင်း စဉ်းစား​တယ်၊ ကျမ်းချက်​တွေ​ကို အမြဲ​တွေးတော​ဆင်ခြင်​တယ်။ ကျွန်တော်​တို့ သက်သေခံတွေ​က ကျမ်းစာ​မေးခွန်းတွေ၊ ကျမ်းစာ​အကြောင်း​တွေ ဆွေးနွေး​မေးမြန်း​ပြီး တစ်ယောက်ကို​တစ်ယောက် ခွန်​အားပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်​တို့အတွက် ဘဝဟာ အတော်​ခက်ခဲ​တယ်။ တစ်ခါ​တ​လေ ၁၃ ပေ၊ ၁၀ ပေ အခန်း​ကျဉ်း​ထဲမှာ ၁၁ ယောက်​ကို ချုပ်​ထား​တယ်။ စား​တာ၊ အိပ်​တာ၊ ရေချိုး​တာ၊ အလေး​အ​ပေါ့​သွားတာ​က​အစ အားလုံး အဲဒီ​အခန်း​ထဲမှာ​ပဲ​လုပ်​ရတယ်။ အရမ်း​ကို စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​ရတယ်။”

ယိုကန်​က​လည်း သူ့ရဲ့​ထောင်​အတွေ့အကြုံ​အကြောင်း ဒီလို​ပြောပြ​တယ်– “သီချင်း​စာအုပ်​ထဲ​က ကျွန်တော်​မှတ်မိ​တဲ့ သီချင်းတွေ​ဆိုတယ်။ မှတ်မိ​တဲ့​ကျမ်းချက်​တစ်ချက်​ကို နေ့တိုင်း​စဉ်းစား​ဆင်ခြင်​တယ်။ ထောင်​က​လွတ်​ပြီး​နောက် ဝိညာဉ်​ရေး​နဲ့​ဆိုင်​တဲ့​အလေ့အထ​ကောင်း ဆက်​ထား​တယ်။ နေ့တိုင်း မိသားစုနဲ့​အတူ နေ့စဉ်​ကျမ်းချက်​ဆွေးနွေး​တယ်။ အစည်းအဝေး​အားလုံး​အတွက်​လည်း ကြိုတင်​ပြင်ဆင်​ကြတယ်။”

အမေ ထောင်​က​လွတ်​လာ

အမေက နှစ်နှစ်​ကျော် ထောင်ချ​ခံရ​ပြီး​နောက် လွတ်​လာတယ်။ သူက ဟဲန်​နာ​လို​ရာ၊ ဆ​ဘီ​နာ​တို့​နဲ့ ကျမ်းစာ​လေ့လာ​ပြီး ယုံကြည်ခြင်း​အတွက် အုတ်မြစ်​ကောင်း​ချ​နိုင်အောင် ကူညီ​ပေး​ခဲ့​တယ်။ ယုံကြည်ခြင်း​ကြောင့် ကျောင်း​မှာ ကြုံတွေ့​ရတဲ့​ပြဿနာ​တွေ​ကို ဖြေရှင်း​နိုင်အောင်​လည်း သွန်သင်​ပေး​တယ်။ ဟဲန်​နာ​လို​ရာ ဒီလို​ပြော​တယ်– “အိမ်မှာ တစ်ယောက်​နဲ့​တစ်ယောက် အားပေး​ကြ​တဲ့​အတွက် ကျောင်း​မှာ ဘာတွေ​ဖြစ်ဖြစ် ကျွန်မ​တို့ ဂရုမစိုက်​ဘူး။ ကျွန်မ​တို့​ကြုံ​ရတဲ့ ဘယ်​ပြဿနာ​ကို​မဆို ခိုင်မာ​တဲ့​မိသားစု​နှောင်ကြိုး​နဲ့ ဖြေရှင်း​ကြတယ်။”

သူ​ဒီလို​ဆက်​ပြော​တယ်– “ထောင်ကျ​နေတဲ့ ညီအစ်ကို​တွေ​အတွက်​လည်း ဝိညာဉ်​အစာ​ပြင်ဆင်​ပေး​တယ်။ ကင်းမျှော်စင်​တစ်စောင်​လုံး​ကို ဖယောင်း​စက္ကူ​ပေါ်မှာ လက်ရေး​သေးသေးလေး​နဲ့​ရေးတယ်။ အဲဒီ​စာရွက်​တွေ​ကို လစဉ်​ပို့ပေး​တဲ့ ဆီး​သီး​ခြောက်​အထုပ်​တွေ​ထဲမှာ ထည့်​ပို့ပေး​တယ်။ ဆီး​သီး​ခြောက်​တွေ ‘သိပ်​အရသာ​ရှိတာပဲ’ ဆို​တဲ့​စကား ညီအစ်ကို​တွေ​ဆီက ပြန်ကြား​ရတဲ့အခါ အရမ်း​ဝမ်းသာ​ပီတိ​ဖြစ်​ရတယ်။ အဲဒီ​အလုပ်မှာ​ပဲ အာရုံ​နှစ်မြှုပ်​ထား​လို့ အဲဒါ​က ကျွန်မ​အတွက် အကောင်းဆုံး​အချိန်​ပါ​ပဲ။”

ပိတ်ပင်​မှု​အောက် အသက်ရှင်ခြင်း

အရှေ့​ဂျာမနီ​ရဲ့ ဆယ်စုနှစ်ချီ​ပိတ်ပင်​မှု​အောက်မှာ အသက်ရှင်​ရတာ​နဲ့​ပတ်သက်ပြီး ပီတာ ဒီလို​ပြော​တယ်– “ကိုယ်ပိုင်​အိမ်တွေမှာ အုပ်စု​လေး​တွေ​ဖွဲ့​ပြီး တွေ့ဆုံ​ရတယ်။ လူ​ခွဲ​ပြီး ဝင်ထွက်​ကြရတယ်။ အစည်းအဝေး​တိုင်း​မှာ နောက်​တစ်ကြိမ်​အတွက် အစီအစဉ်တွေ​လုပ်​ရတယ်။ ရှ​တာ​ဇီ​က အမြဲ​ခိုး​နားထောင်တဲ့​အတွက် အစီအစဉ်တွေကို အမှတ်အသားတွေ၊ စာတိုလေး​တွေ​နဲ့​လုပ်​ရတယ်။”

ဟဲန်​နာ​လို​ရာ​က ဒီလို​ပြောပြ​တယ်– “တစ်ခါ​တ​လေ စည်းဝေးပွဲ​အစီအစဉ် က​က်​ဆက်​ခွေ​တွေ​ကို နားထောင်​ရတယ်။ အဲဒီအချိန်မှာ အစည်းအဝေးက အရမ်းပျော်​စ​ရာ​ကောင်းတယ်။ ကျွန်မ​တို့​အုပ်စု​လေး​က ကျမ်းစာ​သွန်သင်ချက်​တွေ​ကို နားထောင်ဖို့ အချိန်​အတော်ကြာ စုဝေး​ကြတယ်။ ဟောပြောသူတွေကို မမြင်​ရပေမဲ့ အစီအစဉ်ကို ဂရုတစိုက်​နားထောင်ပြီး မှတ်ချက်​တွေ​ယူ​ခဲ့​ကြတယ်။”

ပီတာ​က ဒီလို​ပြော​တယ်– “တခြား​နိုင်ငံ​တွေ​က ညီအစ်ကို​တွေ​လည်း ကျွန်တော်​တို့ကို ကျမ်းစာ​စာပေ​တွေ ပို့ပေး​နိုင်​ဖို့ ကြိုးစား​လုပ်ဆောင်ခဲ့​ကြတယ်။ ၁၉၈၉ ခုနှစ်၊ ဘာလင်​တံတိုင်း​ကြီး​မ​ပြိုလဲ​ခင်​မှာ သူတို့က ကျွန်တော်​တို့အတွက် စာအုပ်​အသေး​တွေ ရိုက်နှိပ်​ပြီး ပို့ပေး​ခဲ့​တယ်။ တချို့က သူတို့ရဲ့​ကား​တွေ၊ ငွေ​တွေ​နဲ့ လွတ်လပ်ခွင့်ကို​တောင်​စွန့်ပြီး အရှေ့​ဂျာမနီ​ကို ဝိညာဉ်​အစာ​ပို့ပေး​ခဲ့​ကြတယ်။ တစ်ည​မှာ ကျွန်တော်​တို့​စောင့်နေ​တဲ့ မောင်နှံ​တစ်စုံ ရောက်​မလာ​ဘူး။ ရဲတွေ​က စာပေ​တွေ​ကို တွေ့​သွားပြီး သူတို့​ကား​ကို သိမ်း​လိုက်တယ်။ အန္တရာယ်​တွေ ကြုံ​ရပေမဲ့ ဒီ​လုပ်ငန်း​ကို​ရပ်​လိုက်ပြီး အေးအေးဆေးဆေး​ပဲ​နေ​တော့​မယ်​လို့ ကျွန်တော်​တို့ တစ်ခါ​မှ​မစဉ်း​စား​ခဲ့​ဘူး။”

၁၉၅၀ ပြည့်နှစ်​တုန်း​က ကျွန်တော်​တို့ကို​သစ္စာဖောက်​ခဲ့​တဲ့ မ​န်း​ဖရက်​က နောင်တ​ရပြီး ယုံကြည်ခြင်း​ဆက်​ရှိအောင် ဘာက​ကူညီ​ပေး​သလဲ​ဆိုတာ​ကို ဒီလို​ပြောပြ​တယ်– “လအနည်းငယ် အချုပ်ခံရ​ပြီး ပြန်​လွတ်​လာတဲ့​နောက် အနောက်​ဂျာမနီ​ကို​ထွက်သွား​ပြီး အမှန်တရားကို ကျောခိုင်း​ခဲ့​တယ်။ ၁၉၅၄ ခုနှစ်​မှာ အရှေ့​ဂျာမနီ​ကို​ပြန်လာ​ပြီး နောက်​နှစ်မှာ​လက်ထပ်​တယ်။ မကြာခင် ကျွန်တော့်​ဇနီး​က အမှန်တရားကို​သိလာပြီး ၁၉၅၇ ခုနှစ်​မှာ နှစ်ခြင်း​ခံ​တယ်။ အဲဒီအချိန်မှာ ကျွန်တော့်​ရဲ့ ကိုယ်ကိုကိုယ်သိစိတ်​က နှောင့်ယှက်​လာပြီး ဇနီး​ဖြစ်သူ​ရဲ့​အကူအညီ​နဲ့ အသင်းတော်ကို ပြန်​လှည့်လာ​နိုင်​ခဲ့​တယ်။”

“အမှန်တရား​ကနေ မ​ထွက်သွား​ခင်​တုန်း​က ကျွန်တော်​နဲ့​ရင်းနှီး​ခဲ့​တဲ့ ညီအစ်ကို​တွေ​က ဘာမှ​မဖြစ်ခဲ့​သလို​ဘဲ ကျွန်တော့်​ကို မေတ္တာနဲ့​ပြန်​လက်ခံကြတယ်။ နွေးထွေး​တဲ့​အပြုံး​နဲ့ ဖက်​လဲ​တ​ကင်း​နှုတ်ဆက်​ကြတယ်။ ယေဟောဝါ၊ ညီအစ်ကို​တွေ​နဲ့ ပြန်လည်​သင့်မြတ်​တဲ့​အတွက် ကျွန်တော် အရမ်း​ဝမ်းသာတယ်။”

ဝိညာဉ်​ရေး​တိုက်ပွဲ ဆက်​ဆင်နွှဲ

ကျွန်တော်​တို့​မိသားစုဝင် ယောက်​တိုင်း ယုံကြည်ခြင်း​အတွက် အပြင်းအထန်​တိုက်လှန်​ခဲ့​ရတယ်။ ပီတာ​က ဒီလို​ပြော​တယ်– “ဒီနေ့​ခေတ်​မှာ စိတ်​ပျံ့လွင့်​စ​ရာတွေ၊ ရုပ်ပစ္စည်း​တပ်မက်​စ​ရာတွေ နေရာတကာ​ပျံ့နှံ့​နေတယ်။ ပိတ်ပင်​ခံရ​တုန်း​က​ဆိုရင် ရှိတာနဲ့​ရောင့်ရဲ​ခဲ့​ရတယ်။ ဥပမာ၊ ကိုယ်ရေးကိုယ်တာ​ကိစ္စ​တွေ​ကြောင့် တခြား​အုပ်စု​မှာ အစည်းအဝေး​တက်​ချင်​တယ် ဒါမှ​မဟုတ် အစည်းအဝေး​သွား​ရတာ ဝေးတယ်၊ ကြာ​လွန်းတယ်လို့ ဆင်ခြေပေး​တာ လုံးဝ​မရှိဘူး။ တချို့က အစည်းအဝေး​လုပ်တဲ့​နေရာ​ကနေ ထွက်ခွာ​ဖို့ ည ၁၁ နာရီအထိ စောင့်​ရတာ​တောင်​မှ အတူတကွ​စုဝေး​ရတာကို ကျွန်တော်​တို့အားလုံး ပျော်ရွှင်​ကြတယ်။”

၁၉၅၉ ခုနှစ်​မှာ ၁၆ နှစ်အရွယ် ဆ​ဘီ​နာ​နဲ့ အမေက အနောက်​ဂျာမနီ​ကို ပြောင်းရွှေ့​ခဲ့​တယ်။ ကြေညာသူ​တွေ ပို​လိုအပ်​တဲ့​နေရာမှာ သူတို့ အမှုဆောင်​ချင်​တဲ့​အတွက် ဌာနခွဲရုံး​က သူတို့ကို ဘာ​ဒန်ဝူတန်ဘာ့ဂ်​ပြည်နယ်၊ အယ်​လ်​ဗန်​ဂ​န်​မြို့ကို​သွားဖို့ ညွှန်ကြား​တယ်။ အမေက ကျန်းမာ​ရေး​မကောင်း​ပေမဲ့ အရမ်း​ဇွဲရှိ​တယ်။ အမေ့ရဲ့​ပုံသက်သေ​ကြောင့် ဆ​ဘီ​နာ​လည်း ၁၈ နှစ်အရွယ်မှာ ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ ဆ​ဘီ​နာ​အိမ်ထောင်ကျ​သွားတဲ့အခါ အမေက ဟောပြောခြင်း​လုပ်ငန်းမှာ ပို​ပြီး​ပါဝင်​နိုင်​ဖို့ ကားမောင်း​သင်​တယ်။ အဲဒီအချိန်မှာ သူ့​အသက် ၅၈ နှစ်​ရှိနေပြီ။ သူ​သေဆုံး​တဲ့ ၁၉၇၄ ခုနှစ်​အထိ ဟောပြောခြင်း​လုပ်ငန်း​ကို မြတ်နိုး​ခဲ့​တယ်။

ကျွန်တော်​က​တော့ ဒုတိယ​အကြိမ် ခြောက်​နှစ်ထောင်​ချ​ခံရ​ပြီး​တဲ့​နောက် ၁၉၆၅ ခုနှစ်​မှာ မိသားစုကို​အသိ​မပေး​ဘဲ အနောက်​ဂျာမနီ​ကို ပြည်နှင်ဒဏ်​ပေး​ခံရ​တယ်။ ဒါပေမဲ့ နောက်ပိုင်း​မှာ ကျွန်တော့်​ဇနီး​အဲန်နီ၊ သမီး​ရုသ်​တို့​နဲ့​ပြန်​ဆုံခဲ့​တယ်။ ကြေညာသူ​တွေ ပို​လိုအပ်​တဲ့​နေရာမှာ အမှုဆောင်​ချင်​တယ်လို့ ဌာနခွဲရုံး​ကို တောင်းဆို​တော့ ဘ​ဗဲ​ရီး​ယား​ပြည်နယ်၊ နော့တ်​လင်​ဂ​န်​ကို​သွားဖို့ တာဝန်​ပေး​တယ်။ အဲဒီမှာ သမီးလေး​ရုသ်​နဲ့ သူ့​မောင်လေး​ယို​ဟန်​စ်​တို့ ကြီးပြင်း​လာတယ်။ အဲန်နီ​က ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်တယ်။ သူ့ရဲ့​ပုံသက်သေ​ကောင်း​ကြောင့် ရုသ်​လည်း ကျောင်း​ပြီး​တာ​နဲ့ ရှေ့ဆောင်​စ​လုပ်တယ်။ ကျွန်တော့်​သားသမီး​နှစ်ယောက်စလုံး ရှေ့ဆောင်​တွေ​နဲ့ အိမ်ထောင်ကျ​တယ်။ အခု သူတို့လည်း မိသားစု​တွေ​နဲ့​ဖြစ်နေ​ပြီး ကျွန်တော်​တို့​မှာ ချစ်စရာ​ကောင်း​တဲ့ မြေး​ခြောက်​ယောက်​ရှိနေပြီ။

၁၉၈၇ ခုနှစ်​မှာ စောစော​အငြိမ်းစား​ယူ​လိုက်ပြီး အဲန်နီ​နဲ့​အတူ ရှေ့ဆောင်​လုပ်ငန်းမှာ ပါဝင်​ခဲ့​တယ်။ သုံးနှစ်​ကြာပြီး​တဲ့​နောက် ဆဲလ်​တာ​မှာ​ရှိတဲ့ ဌာနခွဲ​အဆောက်အအုံ​တိုးချဲ့​ရာ​မှာ​ပါဝင်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ အဲဒီနောက် အရှေ့​ဂျာမနီ၊ ဂ​လော​ချော​င်​မြို့မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဦးဆုံး​စည်းဝေးပွဲ​ခန်းမ ဆောက်လုပ်ရေး​မှာ ပါဝင်​ခဲ့​တယ်။ ကျွန်တော်​တို့​ရဲ့​ကျန်းမာ​ရေး​ကြောင့် သမီး​ရှိတဲ့ နော့တ်​လင်​ဂ​န်​အသင်းတော်ကို ပြောင်းရွှေ့​ခဲ့​ပြီး အဲဒီမှာ ရှေ့ဆောင်​လုပ်ကြတယ်။

ကျွန်တော့်​မောင်နှမ​တွေ​နဲ့ မိသားစုဝင်​အများစုက ယေဟောဝါ​ဘုရားသခင်​ကို ဆက်​ဝတ်ပြု​နေကြ​တဲ့​အတွက် အရမ်း​ဝမ်းသာတယ်။ ဝိညာဉ်​ရေး​သန်စွမ်း​နေသရွေ့ ဆာလံ ၁၂၆:၃ မှာပါတဲ့ ဒီ​စကား​တွေ​မှန်ကန်​တယ်​ဆိုတာ နှစ်တွေ​တစ်လျှောက် တွေ့ကြုံ​ခံစား​ခဲ့​ရတယ်– ‘ယေဟောဝါ​သည် ငါ​တို့​အဖို့ ကြီးသော​အမှုကိုပြု​တော်​မူ​ပြီ။ ငါ​တို့သည်​လည်း ဝမ်းမြောက်​လျက်​နေကြ၏။’

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

၁၉၅၇၊ ကျွန်တော်​တို့​လက်ထပ်​တဲ့​နေ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

၁၉၄၈ မှာ ကျွန်တော့်​မိသားစုနဲ့​အတူ– (အရှေ့၊ ဝဲ​မှ​ယာ​သို့) မ​န်း​ဖရက်၊ ဘက်​တာ၊ ဆ​ဘီ​နာ၊ ဟဲန်​နာ​လို​ရာ၊ ပီတာ၊ (အနောက်၊ ဝဲ​မှ​ယာ​သို့) ကျွန်တော်​နဲ့​ယိုကန်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပိတ်ပင်​မှု​အတွင်း အသုံးပြု​သော စာအုပ်​အသေး​နှင့် “ရှ​တာ​ဇီ” ၏ ခိုး​နားထောင်​သော ကိရိယာ

[Credit Line]

Forschungs- und Gedenkstä​tte NORMANNENSTRASSE

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကျွန်တော့်​မောင်နှမ​များနဲ့​အတူ– (အရှေ့၊ ဝဲ​မှ​ယာ​သို့ ) ဟဲန်​နာ​လို​ရာ​နှင့် ဆ​ဘီ​နာ၊ (အနောက်၊ ဝဲ​မှ​ယာ​သို့ ) ကျွန်တော်၊ ယိုကန်၊ ပီတာ​နှင့် မ​န်း​ဖရက်