မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့

သင့်ကိုချစ်တော်မူသော ဘုရားသခင်အား ချစ်လော့

သင့်ကို​ချစ်တော်မူ​သော ဘုရားသခင်​အား ချစ်​လော့

“သင်၏​ဘုရားသခင်​ယေဟောဝါ​ကို သင့်​နှလုံး​အကြွင်းမဲ့၊ သင့်​စိုးလ်​ရှိသမျှ၊ သင့်​စိတ်​ရှိသမျှ​နှင့် ချစ်​ရမည်။” —မဿဲ ၂၂:၃၇၊ က​ဘ။

၁၊ ၂။ အကြီးမြတ်ဆုံး​ပညတ်​နှင့်​ပတ်သက်သော မေးခွန်း အဘယ်ကြောင့်​ပေါ်လာ​သနည်း။

ယေရှု​ခေတ်​က ဖာရိရှဲ​များ​စပ်ကြား​တွင် အကြီးအကျယ်​အငြင်းပွား​စ​ရာ​ဖြစ်ပုံရ​သော မေးခွန်း​တစ်ခုပေါ်​ပေါက်​ခဲ့​သည်။ ပညတ် ၆၀၀ ကျော်​ပါဝင်သော မောရှေ​ပညတ်​တွင် အဘယ်​ပညတ်​သည် အရေးကြီးဆုံး​ဖြစ်သနည်း။ ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်ကို​ဖြေနိုင်​ပြီး ဘုရားသခင်​အား ကျေးဇူး​တင်​ကြောင်း ဖော်ပြ​နိုင်သော​ကြောင့် ယဇ်​ပူဇော်​ခြင်း​ပညတ်​သည် အကြီးမြတ်ဆုံး​လော။ သို့​မဟုတ် အရေဖျားလှီး​ခြင်း​သည် ယေဟောဝါ​နှင့်​အာဗြဟံ​ဖွဲ့ဆို​ခဲ့​သော​ပဋိညာဉ်​၏ လက္ခဏာ​သက်သေ​ဖြစ်သော​ကြောင့် ယင်း​ပညတ်​သည် အကြီးမြတ်ဆုံး​လော။—ကမ္ဘာဦး ၁၇:၉-၁၃

အချို့​ပညတ်​များသည် သိပ်​အရေးကြီးပုံ​မရ​သည့်​တိုင် ဘုရားသခင်​၏​ပညတ်​အားလုံး အရေးကြီးသော​ကြောင့် ပညတ်​တစ်ခု​ကို အခြား​ပညတ်​များ​ထက် ပို​အလေးပေး​ခြင်း​သည် မှား​ပေမည်​ဟု ရှေး​ရိုး​စွဲ​ဖာရိရှဲ​များ ဆင်ခြင်​ကြ​ပုံ​ရသည်။ အငြင်းပွား​စ​ရာ​ဖြစ်စေ​သော ထို​မေးခွန်း​ကို ယေရှု​အား​မေးမြန်း​ရန် ဖာရိရှဲ​များ​ဆုံးဖြတ်​ခဲ့​ကြ​၏။ ကိုယ်တော်​သည် မိမိ​ဂုဏ်​သိက္ခာ​ထိခိုက်​စေ​မည့် အဖြေ​တစ်ခုခု​ကို ဖြေဆို​ကောင်း​ဖြေဆို​မိ​မည်​ဟု သူတို့​ယူဆကြ​ပုံ​ရသည်။ သို့​နှင့် ၎င်း​တို့​ထဲ​မှ​တစ်ဦး​က ယေရှု​ထံ​ချဉ်းကပ်​ကာ “ပညတ္တိကျမ်း​၌ အဘယ်​မည်​သော​ပညတ်​သည် သာ၍​ကြီး​သနည်း” ဟု​မေးလျှောက်​လေ​၏။—မဿဲ ၂၂:၃၄-၃၆

၃။ အကြီးမြတ်ဆုံး​ပညတ်​နှင့်​ပတ်သက်​၍ ယေရှု အဘယ်အရာ​မိန့်ဆိုခဲ့​သနည်း။

ယေရှု၏​ဖြေဆိုချက်​က ယနေ့ ကျွန်ုပ်​တို့အတွက် အလွန်​အရေးပါ​သည်။ စစ်မှန်သော​ဝတ်ပြုရေးတွင် အရေးကြီးဆုံး​အရာ​အမြဲ​ဖြစ်​ခဲ့​ပြီး ထိုသို့​အမြဲ​ဖြစ်သွား​မည့်​အရာ​ကို ကိုယ်တော် အကျဉ်းချုပ်​ဖြေဆိုခဲ့သည်။ တရားဟောရာ ၆:၅ ကို ယေရှု​ကိုးကား​၍ ‘“သင်၏​ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့” ဟူသော​ပညတ်​သည် ပထမ​ပညတ်​ဖြစ်၏။ ကြီးမြတ်သော​ပညတ်​လည်း​ဖြစ်၏’ ဟု​ဖြေဆို​လေ​သည်။ ဖာရိရှဲ​သည် ပညတ်​တစ်ခု​တည်း​ကို​သာ​မေး​သော်လည်း ယေရှု​က ဝတ်ပြုရာ ၁၉:၁၈ ကိုကိုး​ကား​၍ “‘ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့’ ဟူသော​ဒုတိယ​ပညတ်​သည် ပထမ​ပညတ်​နှင့်​သဘောတူ​၏” ဟု​ထပ်မံ​ဖြေဆို​သည်။ ထို​ပညတ်​နှစ်ခုစလုံး​သည် စစ်မှန်သော​ဝတ်ပြုရေးတွင် အရေးပါ​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​၏။ အခြား​ပညတ်​များ​၏​အရေးကြီးပုံကို နံပါတ်​စဉ်​ချမှတ်​ပေး​ဖို့ သူတို့​ဆက်​မတောင်းဆို​စေရန် ကိုယ်တော် ဤသို့​နိဂုံး​ချုပ်​လိုက်​သည်– “ဤ​ပညတ်​နှစ်ပါး​တို့​ကား ပညတ္တိကျမ်း​နှင့် အနာဂတ္တိ​ကျမ်း​ရှိသမျှ​တို့၏ အချုပ်အခြာ​ပင်​ဖြစ်​သတည်း။” (မဿဲ ၂၂:၃၇-၄၀) ဤ​ဆောင်းပါး​တွင် ထို​ပညတ်​နှစ်ခု​မှ အကြီးမြတ်ဆုံး​ပညတ်​ကို ဆွေးနွေး​ပါ​မည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို အဘယ်ကြောင့်​ချစ်​ရမည်​နည်း။ ဘုရားသခင်​ကို​ချစ်​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။ ထို​မေတ္တာကို မည်သို့​ပြုစု​ပျိုးထောင်​နိုင်​မည်​နည်း။ ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​နိုင်​ရန် ကိုယ်တော်​ကို ကျွန်ုပ်​တို့၏​နှလုံး​အကြွင်းမဲ့၊ စိုးလ်​ရှိသမျှ၊ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​ရမည်​ဖြစ်သော​ကြောင့် ထို​မေးခွန်းများ​၏​အဖြေကို​သိရှိ​ရန် အလွန်​အရေးကြီး​သည်။

ချစ်ခြင်း​မေတ္တာ​၏​အရေးကြီးမှု

၄၊ ၅။ (က) ဖာရိရှဲ​သည် ယေရှု၏​ဖြေဆိုချက်​ကို အဘယ်ကြောင့်​မအံ့သြ​ခဲ့​သနည်း။ (ခ) ယဇ်​ပူဇော်​ခြင်း​ထက် အဘယ်အရာက ဘုရားသခင်​အတွက် ပို​၍​တန်ဖိုး​ရှိ​သနည်း။

ယေရှုကို​မေးခွန်းထုတ်​ခဲ့​သော ဖာရိရှဲ​သည် ကိုယ်တော်​၏​ဖြေဆိုချက်​ကြောင့် အံ့အားသင့်​ပုံ​မရ​ပေ။ လူများစွာ​သည် ဘုရားသခင်​ကို​ချစ်​ကြောင်း​တင်ပြ​ရန် ပျက်ကွက်​ကြသော်လည်း ယင်းသည် စစ်မှန်သော​ဝတ်ပြုရေး​၏ အရေးကြီး​ကဏ္ဍ​ဖြစ်​ကြောင်း သူသိ​ထား​သည်။ တရား​ဇရပ်​များ​တွင် ရှီ​မာ သို့​မဟုတ် ယုံကြည်​ကြောင်း​ဝန်ခံချက်​ကို ကျယ်လောင်​စွာ​ဖတ်ရွတ်​ရသည့်​ထုံးစံ​ရှိပြီး ယင်း​တွင် ယေရှု​ကိုးကား​ခဲ့​သော တရားဟောရာ ၆:၄-၉ မှ ကျမ်းပိုဒ်​ပါဝင်​သည်။ မာကု​ကျမ်း​မှ ကျမ်းပြိုင်​မှတ်တမ်းအရ ထို​ဖာရိရှဲက ယေရှုကို ဤသို့​ဆို​လေ​၏– “အကယ်စင်စစ် ကိုယ်တော်​သည် လျောက်ပတ်​စွာ​မိန့်တော်မူ​ပြီ။ ‘ဘုရားသခင်​တစ်ဆူတည်း​ရှိ​တော်​မူ​၏။ ထို​ဘုရားသခင်​မှတစ်ပါး အခြားသော​ဘုရားသခင်​မရှိ။’ ထို​ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်ခြင်း၊ ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကိုလည်း ကိုယ်​နှင့်​အမျှ​ချစ်ခြင်း​အကျင့်​သည် မီးရှို့​သော​ယဇ်ကောင်​မှ​စ၍ ယဇ်​အမျိုးမျိုး​တို့ကို ပူဇော်​ခြင်း​အကျင့်​ထက် သာ၍​မြတ်​ပါ​သည်။”—မာကု ၁၂:၃၂၊ ၃၃

ပညတ်တရား​က ယဇ်​ပူဇော်​ရန် တောင်းဆို​သော်လည်း ဘုရားသခင်​အတွက် အမှန်​အရေးကြီး​သည်​မှာ မိမိ​ကျေးကျွန်​များ​၏ နှလုံး​အကြွင်းမဲ့​ချစ်သော​မေတ္တာ​ပင်​တည်း။ စိတ်ရင်းမှန်​မရှိဘဲ သိုးထီး​တစ်ထောင်​ပူဇော်​ခြင်း​ထက် ဘုရားသခင်​ကို​ချစ်သော​မေတ္တာ၊ ဆည်းကပ်​ဝတ်ပြုခြင်း​တို့​ဖြင့် စာငှက်​တစ်ကောင်​ပူဇော်​ခြင်း​က သာ၍​တန်ဖိုး​ရှိသည်။ (မိက္ခာ ၆:၆-၈) ယေရုရှလင်​ရှိ​ဝတ်ပြုရာ​အိမ်တော်တွင် ယေရှု​သတိပြုမိ​သည့် ဆင်းရဲသော​မုဆိုးမ​တစ်ဦး၏ အဖြစ်အပျက်​ကို ပြန်​အမှတ်ရပါ။ ဘဏ္ဍာတိုက်​တွင် သူ​သွင်းချ​လိုက်​သော​ဒ င်္ဂါး​နှစ်ပြား​ဖြင့် စာငှက်​တစ်ကောင်​ကို​ပင် မဝယ်​နိုင်​ပေ။ သို့​တိုင် မိမိတို့​စည်းစိမ်​ထဲ​က နုတ်​၍​ပေး​သော ချမ်းသာသူ​တို့၏​အလှူ​ထက် ယေဟောဝါ​ကို နှလုံး​အကြွင်းမဲ့​ချစ်သော​မေတ္တာဖြင့် လှူဒါန်းခြင်း​ကို ကိုယ်တော် ပို​၍​တန်ဖိုး​ထား​သည်။ (မာကု ၁၂:၄၁-၄၄) ကျွန်ုပ်​တို့၏​အခြေအနေ မည်သို့​ပင်​ရှိပါစေ ကျွန်ုပ်​တို့အားလုံး​ပြသ​နိုင်​သည့် ချစ်​မေတ္တာကို ယေဟောဝါ​တန်ဖိုး​အထား​ဆုံး​ဖြစ်​ကြောင်း သိရှိ​ရခြင်း​က အလွန်​အားရှိစရာ​ပင်။

၆။ မေတ္တာ​၏​အရေးကြီးမှု​နှင့်​ပတ်သက်​၍ ပေါလု မည်သို့​ရေးသားခဲ့​သနည်း။

စစ်မှန်သော​ဝတ်ပြုရေးတွင် မေတ္တာ​၏​အရေးပါမှု​ကို အလေးပေး​လျက် တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “ငါသည် လူ​ဘာသာ​စကား​ကိုလည်း​ကောင်း၊ ကောင်းကင်တမန်​ဘာသာ​စကား​ကိုလည်း​ကောင်း ပြော​နိုင်​သော်လည်း မေတ္တာ​မ​ရှိလျှင် အသံမြည်​သော​တံပိုးခရာ​ကဲ့သို့​လည်းကောင်း၊ တီး​သံ​ကို​သာ​ပေး​တတ်သော လင်းကွင်း​ကဲ့သို့​လည်းကောင်း​ဖြစ်၏။ ပရောဖက်​ဉာဏ်​ကို​ငါ​ရ​၍ နက်နဲ​သော​အရာရှိသမျှ​တို့​နှင့် သိပ္ပံ​အတတ်အမျိုးမျိုး​ကို တတ်​သော်လည်း​ကောင်း၊ တောင်​များ​ကို​ရွှေ့နိုင်​သော ယုံကြည်ခြင်း​အမျိုးမျိုးနှင့် ပြည့်စုံ​သော်လည်း​ကောင်း မေတ္တာ​မ​ရှိလျှင် အချည်းနှီး​သက်​သက်​ဖြစ်၏။ သူတစ်ပါးကို ငါ​ကျွေးမွေး​၍ ဥစ္စာ​ရှိသမျှကို စွန့်ကြဲ​သည်​သာမက ကိုယ်ခန္ဓာ​ကို​မီးရှို့​စေခြင်း​ငှာ​အပ်​သော်လည်း မေတ္တာ​မ​ရှိလျှင် ငါ​၌​အကျိုးမရှိ။” (၁ ကောရိန္သု ၁၃:၁-၃) ရှင်း​နေသည်​မှာ ကျွန်ုပ်​တို့၏​ဝတ်ပြုရေးကို ဘုရားသခင်​နှစ်သက်စေ​လိုလျှင် ချစ်ခြင်း​မေတ္တာ မရှိမဖြစ်​လိုအပ်​၏။ သို့​ဆိုလျှင် ယေဟောဝါ​ကို​ချစ်​ကြောင်း မည်သို့​တင်ပြ​နိုင်​မည်​နည်း။

ယေဟောဝါ​ကို​ချစ်​ကြောင်း တင်ပြ​နိုင်​ပုံ

၇၊ ၈။ ယေဟောဝါ​ကို​ချစ်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​တင်ပြ​နိုင်​သနည်း။

သမီး​ရည်းစား​မေတ္တာကို​ရည်ညွှန်း​ကာ မေတ္တာ​ဟူသည် ကျွန်ုပ်​တို့​မထိန်းချုပ်​နိုင်သော စိတ်​လှုပ်ရှားမှု​တစ်ရပ်​ဟု လူအများ​ယူဆကြ​၏။ သို့သော် မေတ္တာ​စစ်​ဟူသည် ခံစားချက်​သက်​သက်​မျှ​မဟုတ်ပါ။ ယင်းကို စိတ်ကူး​စိတ်​သန်း​ဖြင့်​မဟုတ်ဘဲ လုပ်ရပ်​ဖြင့်​ထင်ရှား​ဖော်ပြ​ရသည်။ သမ္မာကျမ်းစာ​က မေတ္တာကို ကျွန်ုပ်​တို့ “မီအောင်လိုက်” ရမည့် “သာ၍​မြတ်သော​လမ်း” အဖြစ်​ရည်ညွှန်း​ထား​သည်။ (၁ ကောရိန္သု ၁၂:၃၁; ၁၄:၁) “စကားပြော​ကာ​မျှ​အားဖြင့်​သာ​မချစ်​ဘဲ စိတ်ပါ​ကိုယ်​ရောက် ဧကန်​အမှန်ချစ်​ကြ” ရန် ခရစ်ယာန်​များ​ကို တိုက်တွန်း​ထား​၏။—၁ ယောဟန် ၃:၁၈

ဘုရားသခင်​ကို​ချစ်သော​မေတ္တာက ကိုယ်တော်​နှစ်သက်ရာကို လုပ်ဆောင်ရန်၊ ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အပြော​ရော၊ အလုပ်​အားဖြင့်​ပါ ကာကွယ်​ထောက်ခံ​ရန် စေ့ဆော်​ပေး​သည်။ လောက​နှင့်​ယင်း​၏​တရား​မဲ့​လမ်းစဉ်​ကို မချစ်​မိ​ရန် လှုံ့ဆော်ပေး​သည်။ (၁ ယောဟန် ၂:၁၅၊ ၁၆) ဘုရားသခင်​ကို​ချစ်သော​သူတို့သည် မကောင်းမှုကို ရွံရှာ​မုန်းတီး​ကြသည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင်​ကို​ချစ်ခြင်း​တွင် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​လည်း ပါဝင်​ပတ်သက်​သည်ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်။ ဘုရားသခင်​ကို​ချစ်​သည်​ဟု​ဆို​ရာ​တွင် နာခံမှု​ရှိဖို့လည်း လိုအပ်​သည်။ “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်” ဟု​ကျမ်းစာ​က ဖော်ပြ​၏။—၁ ယောဟန် ၅:၃

၉။ ယေရှုသည် ဘုရားသခင်​ကို​ချစ်​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

ဘုရားသခင်​ကို​ချစ်ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​ကြောင်း ယေရှု ပြည့်ဝ​စုံလင်စွာ​ဖော်ပြ​ခဲ့​၏။ ထို​မေတ္တာက ကိုယ်တော်​အား ကောင်းကင်​ကို​စွန့်ခွာ​ကာ လူသား​တစ်ဦး​အဖြစ် မြေကြီးပေါ်​တွင်​နေထိုင်ရန် လှုံ့ဆော်​ခဲ့​သည်။ မေတ္တာက ကိုယ်တော်​လုပ်ဆောင်၊ သွန်သင်​ခဲ့​ရာ​များ​အားဖြင့် ခမည်းတော်​၏​ဘုန်းထင်ရှား​စေရန် လှုံ့ဆော်ပေး​သည်။ “အသေခံ​ခြင်း​တိုင်အောင်” နာခံမှု​ပြ​ရန် ကိုယ်တော်​ကို​စေ့ဆော်​ခဲ့​သည်။ (ဖိလိပ္ပိ ၂:၈) ကိုယ်တော့်​မေတ္တာ​၏​သာဓက​ဖြစ်သော ထို​နာခံမှု​က သစ္စာရှိ​သူများကို ဘုရားသခင့်​ရှေ့ ဖြောင့်မတ်​သော​အနေအထား​ရရှိရန် လမ်း​ဖွင့်ပေး​သည်။ “တစ်ယောက်​သော​သူ[အာဒံ]သည် နားမထောင်​သော​အားဖြင့် လူများ​တို့သည် အပြစ်ရောက်​သည်​နည်းတူ တစ်ယောက်​သော​သူ[ယေရှု​ခရစ်]သည် နားထောင်​သော​အားဖြင့် လူများ​တို့သည် ဖြောင့်မတ်​ရာ​သို့​ရောက်​ရ​ကြ​၏” ဟု​ပေါလု​ရေးခဲ့​သည်။—ရောမ ၅:၁၉

၁၀။ ဘုရားသခင်​ကို​ချစ်ခြင်း​တွင် အဘယ်ကြောင့် နာခံမှု​ပါဝင်​ပတ်သက်​နေသနည်း။

၁၀ ကျွန်ုပ်​တို့​လည်း ယေရှု​နည်းတူ နာခံမှု​ရှိ​ခြင်း​ဖြင့် ဘုရားသခင်​ကို​ချစ်​ကြောင်း တင်ပြ​ကြသည်။ ယေရှု၏​အချစ်ဆုံး​တမန်​တော် ယောဟန်​က “ပညတ်တော်​တို့​အတိုင်း ကျင့်​စောင့်​ခြင်း​အရာ​သည် ချစ်​ရာ​ရောက်​၏” ဟု​ရေးခဲ့​သည်။ (၂ ယောဟန် ၆) ယေဟောဝါ​အား နှစ်နှစ်ကာကာ​ချစ်​မြတ်နိုးသူ​များသည် ကိုယ်တော့်​လမ်းပြမှု​ကို လိုလား​ကြသည်။ မိမိတို့​ဘာသာ အောင်မြင်စွာ​မ​ရပ်တည်​နိုင်​ကြောင်း အသိအမှတ်ပြု​ကာ ဘုရားသခင့်​ဉာဏ်ပညာ​ကို ယုံကြည်​ကိုးစား​ပြီး ကိုယ်တော့် မေတ္တာပါ​လမ်းညွှန်ချက်များ​ကို လက်အောက်ခံ​ကြသည်။ (ယေရမိ ၁၀:၂၃) သူတို့သည် ‘အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် နှုတ်မြွက်​တရားတော်​ကို​ခံယူ’ ကြ​သည့် စိတ်ထား​မြင့်မြတ်​သော ရှေး​ဗေရိ​မြို့သား​များ​ကဲ့သို့ ဘုရားသခင့်​အလိုတော်အတိုင်း လိုက်လျှောက်​လို​သည့်​ဆန္ဒ ပြင်းပြ​ကြသည်။ (တမန်​တော် ၁၇:၁၁) ဘုရားသခင့်​အလိုတော်ကို ပို​၍​နားလည်​နိုင်​ရန် ကျမ်းစာ​ကို စေ့စေ့​လေ့လာ​ကြသည်။ ယင်းက နာခံမှု​ရှိ​ရှိ​လုပ်ဆောင်ခြင်းဖြင့် မေတ္တာ​တင်ပြ​နိုင်​ရန် ကူညီ​ပေး​သည်။

၁၁။ ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ စိုးလ်​ရှိသမျှ၊ အစွမ်း​ခွန်အား​ရှိသမျှ​နှင့်​ချစ်​လော့​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

၁၁ ယေရှု​မိန့်ဆို​သည့်​အတိုင်း ဘုရားသခင်​ကို​ချစ်ခြင်း​တွင် စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ စိုးလ်​ရှိသမျှ၊ အစွမ်း​ခွန်အား​ရှိသမျှ ပါဝင်​ပတ်သက်​သည်။ (မာကု ၁၂:၃၀က​ဘ) ထို​ချစ်ခြင်း​မေတ္တာသည် ကျွန်ုပ်​တို့၏​ခံစားချက်၊ အလိုဆန္ဒ၊ အတွေးအခေါ်​များ​ပါဝင်သော စိတ်နှလုံး​မှ​ပေါက်ဖွား​လာပြီး ယေဟောဝါ​၏​နှစ်သက်မှု​ရ​လို​သော ဆန္ဒ​ပြင်းပြ​စေ​သည်။ ကိုယ်တော်​ကို ကျွန်ုပ်​တို့၏​ဉာဏ်​ရှိသမျှ​ဖြင့်​လည်း ချစ်​ကြသည်။ ဘာမျှ​မသိ​နားမလည်​၍ မဟုတ်ဘဲ ယေဟောဝါ​၏​အရည်အသွေးများ၊ စံနှုန်း​များနှင့် ရည်ရွယ်ချက်များ​ကို သိရှိ​လာ၍ ဆည်းကပ်​ဝတ်ပြု​နေခြင်း​ဖြစ်သည်။ ထို့​ပြင် ကျွန်ုပ်​တို့​အသက်ရှင်​နေသရွေ့ စိုးလ်​ရှိသမျှ​ဖြင့် ကိုယ်တော်​အား ဝတ်ပြု​ချီးမွမ်း​ကြသည်။ ကျွန်ုပ်​တို့၏​အစွမ်း​ခွန်အား​ရှိသမျှကိုလည်း ယင်း​အတွက် အသုံးပြု​နေကြ​သည်။

ယေဟောဝါ​ကို အဘယ်ကြောင့်​ချစ်​မြတ်နိုး​သင့်

၁၂။ ဘုရားသခင်​သည် မိမိကို​ချစ်​မြတ်နိုး​ရန် အဘယ်ကြောင့် တောင်းဆို​တော်​မူ​သနည်း။

၁၂ ယေဟောဝါ​ကို​ချစ်​မြတ်နိုး​သင့်​သည့် အကြောင်းရင်း​တစ်ခု​မှာ ကိုယ်တော်​၏​အရည်အသွေးများ​ကို​တုပ​ရန် ကိုယ်တော် တောင်းဆို​ထားသော​ကြောင့်​ဖြစ်၏။ ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​၏ ရင်းမြစ်​နှင့် အကြီးမြတ်ဆုံး​စံနမူနာရှင်​ဖြစ်၏။ “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု​တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ (၁ ယောဟန် ၄:၈) လူတို့သည် ဘုရားသခင်​၏​ပုံ​သဏ္ဍာန်​နှင့်​အညီ ဖန်ဆင်း​ခံရ​သည်၊ မေတ္တာပြ​ရန် ဖန်ဆင်း​ခံရ​သည်။ အမှန်​မှာ ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​သည် မေတ္တာကို​အခြေခံ​သည်။ မိမိကို​ချစ်​မြတ်နိုး​ပြီး မိမိ၏​ဖြောင့်မတ်​သော အုပ်ချုပ်နည်း​ကို​နှစ်သက်သော​ကြောင့် ဝတ်ပြု​ကြ​သူများကို​သာ ကိုယ်တော်​လိုလား​တော်​မူ​သည်။ အမှန်​မှာ သတ္တဝါ​အားလုံး ငြိမ်သက်​ညီညွတ်​ရေး​တွင် မေတ္တာသည် မရှိမဖြစ်​လိုအပ်​၏။

၁၃။ (က) ‘သင်၏​ဘုရားသခင်​ကို ချစ်​လော့’ ဟူ၍ ဣသရေလလူ​တို့ကို အဘယ်ကြောင့်​မိန့်ဆို​ရသနည်း။ (ခ) လူတို့၏​ချစ်​တုံ့ပြန်မှု​ကို ယေဟောဝါ​မျှော်လင့်ခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်း​ဆီလျော်​သနည်း။

၁၃ ယေဟောဝါ​ကို​ချစ်​မြတ်နိုး​ရသည့် နောက်​အကြောင်းရင်း​တစ်ခု​မှာ ကျွန်ုပ်​တို့အတွက် ကိုယ်တော်​လုပ်ဆောင်ခဲ့​ရာ​များ​ကို ကျေးဇူး​တင်​လေးမြတ်​သောကြောင့်​ဖြစ်၏။ ‘သင်၏​ဘုရားသခင် ယေဟောဝါ​ကို​ချစ်​ရမည်’ ဟူ၍​ဂျူး​တို့အား ယေရှု​မိန့်ဆိုခဲ့သည်​ကို ပြန်​သုံးသပ်ပါ။ သူတို့​မသိကျွမ်း​သော ဘုရား​တစ်ပါး​ကို​ချစ်​ရန် မိန့်ဆို​နေခြင်း​မဟုတ်ပေ။ မိမိတို့ကို​မေတ္တာပြ​ခဲ့​သော ဘုရားသခင်​အား သူတို့​ချစ်​မြတ်နိုး​ရမည်​ဖြစ်၏။ ယေဟောဝါ​သည် သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​သာ​လျှင် သူတို့ကို အီဂျစ်​ပြည်​မှ ကတိထားရာပြည်​သို့ ခေါ်ဆောင်​ခဲ့​သူ၊ သူတို့ကို​ကာကွယ်​ပေး​ပြီး အသက်ဆက်​စေ​ခဲ့​သူ၊ သူတို့ကို​ချစ်​မြတ်နိုး​ကာ မေတ္တာဖြင့် ဆုံးမ​ပဲ့ပြင်​ပေး​ခဲ့​သူ​ဖြစ်​တော်​မူ​၏။ ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​ပြီး ကျွန်ုပ်​တို့​ထာဝရ​အသက်​ရ​ရန် ကိုယ်တော့်​သားတော်ကို ရွေးနုတ်ဖိုး​အဖြစ် ပေးဆက်​ခဲ့​သည်။ ထို့​ကြောင့် ကိုယ်တော်​ကို​ချစ်​တုံ့ပြန်​ရန် ကျွန်ုပ်​တို့​ထံ​မှ မျှော်လင့်ခြင်းသည် ကျိုးကြောင်း​ဆီလျော်​လှ​၏။ ကျွန်ုပ်​တို့၏​မေတ္တာသည် အတုံ့အလှည့်​ရှိသည်။ ကျွန်ုပ်​တို့ကို​ချစ်တော်မူ​သော ဘုရားသခင်​ကို ချစ်​တုံ့ပြန်​ရန်ဖြစ်​သည်။ ကျွန်ုပ်​တို့၏​မေတ္တာသည် ကျွန်ုပ်​တို့ကို “ရှေးဦး​စွာ​ချစ်တော်မူ​သော” ဘုရားသခင်​အတွက်​ဖြစ်၏။—၁ ယောဟန် ၄:၁၉

၁၄။ ယေဟောဝါ​၏​မေတ္တာသည် အဘယ်​နည်းဖြင့် မိဘ​မေတ္တာ​နှင့်​ဆင်တူ​သနည်း။

၁၄ လူ​တို့ကို ယေဟောဝါ​ချစ်သော​မေတ္တာသည် သားသမီး​အပေါ်​ထား​ရှိသော မိဘ​မေတ္တာ​နှင့်​ဆင်တူ​၏။ မစုံလင်​သော်လည်း မေတ္တာ​ရှိသော​မိဘတို့​သည် သားသမီး​များ​ကို နှစ်ပေါင်း​များစွာ​ကျွေးမွေး​ပြုစု​ရာ​တွင် ရုပ်ပစ္စည်း​ရော အခြား​အရာများ​ကို​ပါ အကြီးအကျယ်​ပေး​ဆပ်​ခဲ့​ရသည်။ မိဘများသည် သားသမီး​များ​ကို​ပျော်ရွှင်​စေ​လို​ပြီး အောင်မြင်​ထွန်း​ပေါက်​စေ​လို​သောကြောင့် သူတို့ကို သွန်သင်၊ အားပေး၊ ထောက်ပံ့​ကာ ဆုံးမ​ကြသည်။ မိဘများ အဘယ်အရာကို ပြန်​မျှော်လင့်​သနည်း။ မိမိတို့ကို သားသမီး​များ​ချစ်​မြတ်နိုး​ပြီး သူတို့​ကောင်းကျိုး​အတွက် မိမိတို့​ပြော​သမျှ​ကို နှလုံး​သွင်း​စေ​လို​သည်။ သို့​ဆိုလျှင် စုံလင်သော​ကောင်းကင်​ခမည်းတော် လုပ်ဆောင်ပေး​ခဲ့​ရာ​အားလုံး​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်းတင်ပြ​ရန် ကိုယ်တော်​မျှော်လင့်ခြင်းက ကျိုးကြောင်း​ဆီလျော်​သည်မဟုတ်​လော။

ဘုရားသခင်​ကို​ချစ်သော​မေတ္တာ ပြုစု​ပျိုးထောင်​ခြင်း

၁၅။ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ ပြုစု​ပျိုးထောင်​ရာ​တွင် ဦးဆုံး​ခြေလှမ်း​ကား အဘယ်နည်း။

၁၅ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​မမြင်ဖူး၊ ကိုယ်တော်​၏​အသံကို​လည်း မကြား​ဖူး​ကြ​ပါ။ (ယောဟန် ၁:၁၈) သို့​တိုင် ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် ကိုယ်တော်​ဖိတ်ခေါ်​တော်​မူ​၏။ (ယာကုပ် ၄:၈) ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​မည်​နည်း။ ပုဂ္ဂိုလ်​တစ်ဦး​ကို​ချစ်​နိုင်​ရန် ဦးဆုံး​ခြေလှမ်း​မှာ ထို​သူ​အကြောင်းကို​သိရှိအောင် လေ့လာခြင်း​ဖြစ်၏။ ကျွန်ုပ်​တို့​နှင့်​မသိကျွမ်း​သူ​တစ်ဦး​ကို​ချစ်​ရန် ခက်​လိုက်​လေ​ခြင်း။ ယေဟောဝါ​သည် မိမိ​အကြောင်း​လေ့လာ​သိရှိ​နိုင်​ရန် သမ္မာကျမ်းစာ ပေး​ထား​သည်။ ထို့​ကြောင့် ကျမ်းစာ​ကို​နေ့စဉ်​ဖတ်ရှု​ကြ​ရန် ကိုယ်တော့်​အဖွဲ့အစည်း​မှ​တစ်ဆင့် ယေဟောဝါ​ရှင် တိုက်တွန်း​နေရ​ခြင်း​ဖြစ်၏။ ဘုရားသခင်​အကြောင်း၊ ကိုယ်တော်​၏​ဂုဏ်ရည်တော်​များ၊ ဥပဓိရုပ်​အပြင် နှစ်ပေါင်း​တစ်လျှောက် လူ​တို့​နှင့်​ဆက်ဆံ​ခဲ့​ပုံ​အကြောင်း​တို့ကို​ပါ သမ္မာကျမ်းစာ​က သင်ကြား​ပေး​သည်။ ယင်း​တို့ကို တွေးတော​ဆင်ခြင်​သည့်​အခါ ကိုယ်တော်​အား ကျေးဇူး​တင်​စိတ်​နှင့်​ချစ်​မေတ္တာ တဖွားဖွား​ပေါ်လာ​ပေမည်။—ရောမ ၁၅:၄

၁၆။ ယေရှု၏​ဓမ္မ​အမှု​လုပ်ငန်း​ကို ပြန်​သုံးသပ်ခြင်းက ဘုရားသခင်​ကို​ချစ်သော​မေတ္တာ မည်သို့​တိုးပွား​စေ​သနည်း။

၁၆ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ တိုးပွား​စေနိုင်​သည့် အဓိက​နည်းလမ်း​မှာ ယေရှု၏ အသက်တာ​နှင့်​ဓမ္မ​အမှု​လုပ်ငန်း​အကြောင်း တွေးတောခြင်း​ဖြစ်၏။ ယေရှုသည် ခမည်းတော်​ကို ပြည့်ဝ​စုံလင်စွာ​တုပ​ခဲ့​ရာ “ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏” ဟု​မိန့်ဆို​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ (ယောဟန် ၁၄:၉) မုဆိုးမ​၏​တစ်ဦးတည်း​သော​သားကို အသက်ပြန်ရှင်​စေ​ခဲ့​ချိန်​တွင် ယေရှု၏​သနား​ကြင်နာ​မှု​ကြောင့် သင့်​စိတ်ထိမိ​သွား​သည်မဟုတ်​လော။ (လုကာ ၇:၁၁-၁၅) ဘုရားသခင်​၏​သားတော်၊ အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား​ဖြစ်သော ကိုယ်တော်​သည် တပည့်​များ​၏​ခြေ​ကို နှိမ့်ချစွာ​ဆေးကြော​ခဲ့​ကြောင်း သိရ​သည့်​အတွက် စိတ်​ကြည်နူး​ရသည်​မဟုတ်လော။ (ယောဟန် ၁၃:၃-၅) ကိုယ်တော်​သည် အကြီးမြတ်ဆုံး၊ ပညာ​အရှိဆုံး​ပုဂ္ဂိုလ်​ဖြစ်သော်လည်း ကလေး​များ​အပါအဝင် လူအားလုံး​ချဉ်းကပ်​ရလွယ်​သူ​ဖြစ်​ကြောင်း သိရခြင်းက သင့်ကို ဘဝင်ခိုက်​စေ​သည်မဟုတ်​လော။ (မာကု ၁၀:၁၃၊ ၁၄) ယင်း​တို့ကို လေးလေးနက်နက် တွေးတော​ဆင်ခြင်​သည်​နှင့်​အမျှ ကျွန်ုပ်​တို့​လည်း “ထို​သခင်​ကို သင်တို့သည် မမြင်ဖူး​သော်လည်း ချစ်​ကြ​၏” ဟု​ပေတရု​ရေးသားခဲ့​သော ခရစ်ယာန်​များ​ကဲ့သို့ ဖြစ်လာ​ပါ​လိမ့်​မည်။ (၁ ပေတရု ၁:၈) ယေရှုကို​ချစ်သော​မေတ္တာ တိုးပွား​လာ​သည်​နှင့်​အမျှ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ​လည်း တိုးပွား​လာ​ပါ​လိမ့်​မည်။

၁၇၊ ၁၈။ ယေဟောဝါ​ရှင်​၏ အဘယ်​ပြင်ဆင်​ပေး​ချက်​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က ကိုယ်တော့်​အပေါ် ကျွန်ုပ်​တို့၏​မေတ္တာကို တိုးပွား​စေမည်​နည်း။

၁၇ ဘုရားသခင်​ကို​ချစ်သော​မေတ္တာ တိုးပွား​စေနိုင်​သည့် နောက်တစ်နည်း​မှာ ကျွန်ုပ်​တို့​အသက်တာတွင် ပျော်မွေ့​စေရန် ကိုယ်တော်​ပြင်ဆင်​ပေး​ရာ​များ​ကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့်​ဖြစ်၏။ ယင်း​တို့​တွင် ဖန်ဆင်း​ရာ​များ​၏​အလှ၊ အရသာ​ရှိသော စားကောင်း​သောက်​ဖွယ်​အလျှံပယ်၊ မိတ်ဆွေရင်း​ချာ​တို့​နှင့်​ပေါင်းသင်းမှု​အပြင် ကျွန်ုပ်​တို့ကို ကျေနပ်​ပျော်ရွှင်​စေသော​အရာများ​စွာ​ပါဝင်​သည်။ (တမန်​တော် ၁၄:၁၇) ဘုရားသခင်​အကြောင်း ပို​လေ့လာ​လေ၊ ကိုယ်တော်​၏​ကြွယ်ဝ​လှ​သော ကောင်းမြတ်​ခြင်း​နှင့် ရက်ရော​ခြင်း​တို့ကို ကျေးဇူး​တင်​လေးမြတ်​လာ​လေ​ဖြစ်သည်။ သင့်အတွက် ယေဟောဝါ​လုပ်ဆောင်ပေး​ခဲ့​ရာ​အားလုံး​ကို တွေးတောပါ။ ကိုယ်တော်​ကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ထိုက်​သည် မဟုတ်ပေ​လော။

၁၈ ဘုရားသခင်​ထံ​မှ​လာသော ဆုကျေးဇူး​များစွာ​တွင် ‘ဆုတောင်းချက်​ကို နားထောင်​တော်​မူ​သော’ ကိုယ်တော်​ထံ အချိန်မရွေး ချဉ်းကပ်​ဆုတောင်းခွင့်​ရရှိခြင်းလည်း​ပါဝင်​၏။ (ဆာလံ ၆၅:၂) ယေဟောဝါ​သည် အုပ်စိုးခွင့်​နှင့် တရား​စီရင်​ခွင့်​အာဏာ​နှစ်ခုစလုံး​ကို ချစ်​သားတော်​အား အပ်နှင်း​ခဲ့​၏။ ဆုတောင်းချက်​များ နားညောင်း​ခြင်း​ကို​မူ သားတော်​အပါအဝင် မည်​သူ့ကို​မျှ မအပ်နှင်း​ခဲ့​ချေ။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ကိုယ်တော်တိုင် နားထောင်​တော်​မူ​သည်။ ယေဟောဝါ​ပြသ​သော မေတ္တာ​နှင့်​အရေးစိုက်​မှု​တို့​က ကိုယ်တော်​ထံ​ချဉ်းကပ်​ရန် ကျွန်ုပ်​တို့ကို ဆွဲဆောင်​သည်။

၁၉။ အဘယ်က​တိ​တော်​များ​က ကျွန်ုပ်​တို့ကို ယေဟောဝါ​နှင့်​ရင်းနှီး​စေ​သနည်း။

၁၉ ထို့​ပြင် လူ​တို့အတွက် ယေဟောဝါ သိုမှီး​ထား​ရာ​များ​အကြောင်း ကျွန်ုပ်​တို့​သုံးသပ်​သည့်​အခါ ယေဟောဝါ​နှင့်​ရင်းနှီး​လာ​သည်။ ဖျားနာခြင်း၊ ဝမ်းနည်းခြင်း​နှင့် သေခြင်း​တို့ကို အဆုံးတိုင်​စေမည်​ဟု ကိုယ်တော်​ကတိပြု​တော်​မူ​၏။ (ဗျာ. ၂၁:၃၊ ၄) လူသား​တို့​စုံလင်​လာ​သည်​နှင့် မည်သူမျှ စိတ်ဓာတ်ကျ​ခြင်း၊ စိတ်ပျက်ခြင်း​နှင့် ပူဆွေး​ဝမ်းနည်းခြင်း​တို့ ခံစားရ​တော့​မည်​မဟုတ်ပါ။ ငတ်မွတ်​ခြင်း၊ ဆင်းရဲ​နွမ်းပါး​ခြင်း​နှင့် စစ်​ဘေး​တို့​လည်း ရှိတော့မည်​မဟုတ်ပါ။ (ဆာလံ ၄၆:၉; ၇၂:၁၆) ကမ္ဘာ​တစ်ခွင် ပရဒိသု​ဖြစ်လာ​မည်။ (လုကာ ၂၃:၄၃) ယေဟောဝါ​သည် ထို​ကောင်းချီး​များ​ကို တာဝန်​ရှိ၍​မဟုတ်ဘဲ ကျွန်ုပ်​တို့ကို​ချစ်​မြတ်နိုး​၍ သွန်းလောင်း​ပေး​မည်​ဖြစ်၏။

၂၀။ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ​၏ အကျိုးကျေးဇူး​နှင့်​ပတ်သက်​၍ မောရှေ မည်သို့​ပြောဆို​ခဲ့​သနည်း။

၂၀ ထို့​ကြောင့် ယေဟောဝါ​ကို​ချစ်​ရန်​နှင့် ထို​မေတ္တာ​ဆက်​ရှင်သန်​နေ​စေရန် အကြောင်းရင်း​များ​ရှိပါ​သည်။ ယေဟောဝါ​၏​လမ်းညွှန်ချက်များ​ကို​ခံယူ​ကာ ကိုယ်တော်​ကို​ချစ်သော​မေတ္တာ ဆက်၍​ရှင်သန်​စေမည်​လော။ သင်​ရွေးချယ်​ပါ​လေ။ ယေဟောဝါ​ကို​ချစ်သော​မေတ္တာ ပြုစု​ပျိုးထောင်​ခြင်း​နှင့် ထို​မေတ္တာ​ဆက်​ရှင်သန်​စေခြင်း​၏ အကျိုးကျေးဇူး​ကို မောရှေ​အသိအမှတ်ပြု​ခဲ့​သည်။ ရှေး​ဣသရေလလူ​တို့ကို သူ​ဤသို့​ပြောဆို​ခဲ့​၏– ‘သင်​နှင့် သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း . . . သင်၏​ဘုရားသခင်​ကို​ချစ်၍ စကားတော်​ကို​နားထောင်​သဖြင့် အသက်ရှင်ခြင်း​အကျိုး၊ အသက်တာ​ရှည်​ခြင်း​အကျိုးကို​ပေး​တော်​မူ​သော ကိုယ်တော်​ကို ဆည်းကပ်​မှီဝဲ​မည်​အကြောင်း . . . အသက်​တရားကို ရွေးယူ​လော့။’—တရားဟောရာ ၃၀:၁၉၊ ၂၀

သင်​မှတ်မိ​သလော

• ယေဟောဝါ​ကို​ချစ်​မြတ်နိုး​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

• ဘုရားသခင်​ကို​ချစ်​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

• ယေဟောဝါ​ကို​ချစ်​မြတ်နိုး​ရန် အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

• ဘုရားသခင်​အား​ချစ်သော​မေတ္တာကို မည်သို့ ပြုစု​ပျိုးထောင်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့အားလုံး​ပြသ​နိုင်​သည့် ချစ်​မေတ္တာကို ယေဟောဝါ အမှန်​တန်ဖိုး​ထား

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

“ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏။”—ယောဟန် ၁၄:၉