ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
“ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း။ ငါတို့အဖို့အဘယ် သူသွားမည်နည်း။” ယေဟောဝါထံမှ ထိုဖိတ်ခေါ်ချက်ကို အာမုတ်သား ဟေရှာယ ဤသို့တုံ့ပြန်သည်– “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ။” (ဟေရှာယ ၁:၁; ၆:၈) ထို့နောက် သူသည် ပရောဖက်တစ်ဦးအဖြစ် တာဝန်ရရှိခဲ့သည်။ ဟေရှာယ၏ပရောဖက်ပြုချက်များကို သူ့အမည်တပ်ထားသော ကျမ်းစောင်တွင် မှတ်တမ်းတင်ထားသည်။
သူကိုယ်တိုင်ရေးသားသော ဤကျမ်းသည် ဘီစီ ၇၇၈ မှ ဘီစီ ၇၃၂ အထိ နှစ်ပေါင်း ၄၆ နှစ်ကြာကာလကို ငုံမိသည်။ ဤကျမ်းတွင် ယုဒ၊ ဣသရေလနှင့် ပတ်ဝန်းကျင်နိုင်ငံများအပေါ် တရားစီရင်ခြင်းသတင်းများပါဝင်သော်လည်း ယင်း၏အဓိကအကြောင်းအရာမှာ တရားစီရင်ခြင်းမဟုတ်ပါ။ ယင်းအစား ယေဟောဝါဘုရားသခင်၏ “ကယ်တင်တော်မူခြင်း” အကြောင်းဖြစ်သည်။ (ဟေရှာယ ၂၅:၉) အမှန်တွင် ဟေရှာယ၏အမည်ကိုယ်နှိုက်က “ယေဟောဝါ၏ကယ်တင်ခြင်း” ဟုအဓိပ္ပာယ်ရသည်။ ဤဆောင်းပါးတွင် ဟေရှာယ ၁: ၁–၃၅:၁၀ မှပေါ်လွင်ချက်များကို ဆွေးနွေးပါမည်။
“ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်”
ဟေရှာယကျမ်း၏ ပထမအခန်းကြီးငါးခန်းပါ ပရောဖက်ပြုသတင်းစကားသည် ပရောဖက်အဖြစ် သူခန့်အပ်မခံရမီကလော၊ ခန့်အပ်ပြီးနောက်မှလောဟူသည်ကို ကျမ်းစာကမဖော်ပြပါ။ (ဟေရှာယ ၆:၆-၉) သို့သော် ယုဒနှင့် ယေရုရှလင်၏ ဝိညာဉ်ရေးအခြေအနေသည် “ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ” ကြောင်းထင်ရှားသည်။ (ဟေရှာယ ၁:၆) ရုပ်ပုံကိုးကွယ်မှု ပျံ့နှံ့နေ၏။ ဦးဆောင်သူများ အဂတိလိုက်စားကြ၏။ အမျိုးသမီးများ မာန်မာနထောင်လွှားလာကြ၏။ လူတို့သည် စစ်မှန်သောဘုရားသခင် နှစ်သက်လက်ခံသည့်နည်းဖြင့် ဝတ်မပြုကြတော့ပေ။ မသိနားမလည်သူ၊ သိနားလည်လိုစိတ်မရှိသူတို့ထံ “အထပ်ထပ်” သွားဟောပြောရန် ဟေရှာယတာဝန်ရရှိခဲ့သည်။
ယုဒနိုင်ငံသည် ဣသရေလနှင့် ရှုရိတပ်ပေါင်းစု၏ ကျူးကျော်ခြိမ်းခြောက်မှုခံနေရသည်။ ဟေရှာယနှင့်သူ့သားများကို “နိမိတ်နှင့် အံ့ဖွယ်သောအရာ” အဖြစ် ယေဟောဝါအသုံးပြုပြီး ရှုရိဣသရေလမဟာမိတ်တို့ အောင်မြင်မည်မဟုတ်ကြောင်း ယုဒလူတို့ကို အာမခံခဲ့သည်။ (ဟေရှာယ ၈:၁၈) သို့ရာတွင် “ငြိမ်သက်ခြင်းအရှင်” ၏အုပ်ချုပ်မှုအားဖြင့်သာ တည်မြဲသောငြိမ်သက်ခြင်း ရရှိပါလိမ့်မည်။ (ဟေရှာယ ၉:၆၊ ၇) “[မိမိ] အမျက်၏လှံတံ” အဖြစ် ယေဟောဝါအသုံးပြုခဲ့သော အာရှုရိလူမျိုးကိုလည်း ကိုယ်တော် တရားစီရင်တော်မူမည်။ ယုဒလူမျိုးသည် သိမ်းသွားခြင်းကိုခံရမည်ဖြစ်သော်လည်း “ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်။” (ဟေရှာယ ၁၀:၅၊ ၂၁၊ ၂၂) “ယေရှဲအမျိုး” ၏ပုံဆောင် “အငုတ်” အုပ်စိုးချိန်တွင် စစ်မှန်သောတရားမျှတမှုရှိလာလိမ့်မည်။—ဟေရှာယ ၁၁:၁။
ကျမ်းစာမေးခွန်းများအဖြေ–
၁:၈၊ ၉—ဇိအုန်သတို့သမီးသည် “စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း” မည်သို့ကျန်ရစ်သနည်း။ အာရှုရိကျူးကျော်တိုက်ခိုက်ချိန်အတွင်း ယေရုရှလင်သည် စပျစ်ခြံအတွင်းမှ တဲပုတ် သို့မဟုတ် သခွားခင်းထဲမှ ခနော်ခနဲ့တဲကုပ်ကဲ့သို့ အလွန်အားအင်ချည့်နဲ့ပုံပေါက်နေမည်။ သို့သော် ယေဟောဝါ၏ ထောက်မမှုကြောင့် သောဒုံနှင့်ဂေါမောရကဲ့သို့ ဖြစ်မည်မဟုတ်ပေ။
၁:၁၈၊ သမ္မာ—“လာကြ။ ဆွေးနွေးဆင်ခြင်ကြကုန်အံ” ဟူသောစကားက ဘာကိုဆိုလိုသနည်း။ ဤအခန်းငယ်က အပေးအယူဆွေးနွေးခန်းအကြောင်း ပြောနေခြင်းမဟုတ်ပါ။ ယင်းအစား တရားမျှတမှုကို အတည်ပြုပေးမည့် တရားရုံးအကြောင်း ပြောနေခြင်းဖြစ်သည်။ ထိုတွင် ဖြောင့်မတ်သောတရားသူကြီး ယေဟောဝါသည် ဣသရေလလူမျိုးများ ပြုပြင်ပြောင်းလဲပြီး မိမိတို့ကိုယ်ကို သန့်စင်စေရန် အခွင့်အရေးပေးတော်မူသည်။
၆:၈က—ဤတွင် “ငါ” နှင့် “ငါတို့” ဟူသောနာမ်စားများကို အဘယ်ကြောင့်အသုံးပြုထားသနည်း။ “ငါ” ဟူသော နာမ်စားက ယေဟောဝါကို ရည်ညွှန်းသည်။ “ငါတို့” ဟူသောအများကိန်းက ယေဟောဝါနှင့်အတူ နောက်တစ်ဦးရှိကြောင်း ဖော်ပြသည်။ ထိုသူမှာ ကိုယ်တော်၏ “တစ်ပါးတည်းသောသားတော်” ဖြစ်သည်။—ယောဟန် ၁:၁၄; ၃:၁၆။
၆:၁၁—‘အို ထာဝရဘုရားသခင်၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်း’ ဟုဟေရှာယမေးရာတွင် သူဘာကိုဆိုလိုသနည်း။ တုံ့ပြန်မှုမဲ့သောလူမျိုးအား ယေဟောဝါ၏သတင်းကို မည်မျှကြာကြာ ကြေညာရမည်နည်းဟု ဟေရှာယမေးနေခြင်းမဟုတ်ပါ။ ယင်းအစား လူတို့၏ ဝိညာဉ်ရေးအခြေအနေဆိုးကြောင့် ဘုရားသခင့်နာမတော် မည်မျှကြာကြာ ရှုတ်ချစရာဖြစ်နေမည်နည်းဟု မေးခြင်းဖြစ်သည်။
၇:၃၊ ၄—မင်းဆိုးအာခတ်ကို ယေဟောဝါ အဘယ်ကြောင့်ကယ်တင်ခဲ့သနည်း။ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့သည် ယုဒရှင်ဘုရင်အာခတ်ကို နန်းချပြီး သူ့နေရာတွင် ဒါဝိဒ်မျိုးနွယ်မဟုတ်သော တဗာလ၏သားကို နန်းတင်ရန် ကြံစည်ထားကြသည်။ ယင်းသည် စာတန်၏အကြံအစည်ဖြစ်ပြီး ဒါဝိဒ်နှင့်ဖွဲ့သော ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ကို ပျက်ပြားစေနိုင်သည်။ ကတိထားရာ “ငြိမ်သက်ခြင်းအရှင်” ပေါ်ထွက်လာမည့် ဆွေစဉ်မျိုးဆက်ကို ထိန်းသိမ်းရန် ယေဟောဝါသည် အာခတ်ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။—ဟေရှာယ ၉:၆။
၇:၉—ဧဖရိမ်ပြည်သည် ၆၅ နှစ်အတွင်း မည်သို့ “ချိုးဖဲ့” ခံရသနည်း။ ဤပရောဖက်ပြုချက်ကို ဟေရှာယကြေညာပြီးနောက် မကြာမီ “ဣသရေလရှင်ဘုရင် ပေကာလက်ထက်” တွင် ဆယ်နွယ်နိုင်ငံမှလူများ ပြည်နှင်ဒဏ်ခံရကာ တိုင်းတစ်ပါးသားများ လာရောက်နေထိုင်ခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၁၅:၂၉) ယင်းသည် အာရှုရိဘုရင်သနာခရိပ်ကိုဆက်ခံသူ သားတော် ဧသရဟဒ္ဒုန်လက်ထက်အထိ ကြာမြင့်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၆; ဧဇရ ၄:၁၊ ၂; ဟေရှာယ ၃၇:၃၇၊ ၃၈) ထိုသို့ အာရှုရိတို့က လူများကို ရှမာရိမြို့မှ ပြောင်းရွှေ့စေခြင်းသည် ဟေရှာယ ၇:၈ တွင်ဖော်ပြသည့်အတိုင်း ၆၅ နှစ် ကြာခဲ့သည်။
၁၁:၁၊ ၁၀—ယေရှုခရစ်သည် “ယေရှဲအမျိုးအငုတ်” နှင့် “ယေရှဲ၏အမြစ်” မည်သို့ဖြစ်နိုင်သနည်း။ (ရောမ ၁၅:၁၂) လူ့မျိုးနွယ်အရဆိုသော် ယေရှုသည် “ယေရှဲအမျိုးအငုတ်” မှပေါ်ထွက်လာခြင်းဖြစ်သည်။ ကိုယ်တော်သည် ယေရှဲ၏သား ဒါဝိဒ်မှဆင်းသက်လာသောကြောင့် ယေရှဲ၏ဆွေစဉ်မျိုးဆက်ဖြစ်သည်။ (မဿဲ ၁:၁-၆; လုကာ ၃:၂၃-၃၂) သို့သော် ယေရှုခရစ် ဘုရင့်အာဏာရရှိခြင်းသည် ကိုယ်တော်နှင့် ဘိုးဘေးများ၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိ၏။ ကိုယ်တော်သည် နာခံမှုရှိသောလူသားများကို ကမ္ဘာမြေပေါ် ထာဝရအသက်ပေးပိုင်ခွင့်အာဏာ ရရှိထားသောကြောင့် သူတို့၏ “ထာဝရအဘ” ဖြစ်လာသည်။ (ဟေရှာယ ၉:၆) ထို့ကြောင့် ကိုယ်တော်သည် ယေရှဲအပါအဝင် ကိုယ်တော့်ဘိုးဘေးများ၏ “အမြစ်” လည်းဖြစ်သည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာများ–
၁:၃။ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များကို မလိုက်လျှောက်ခြင်းသည် နွား သို့မဟုတ် မြည်းလောက်ပင် မသိတတ်ရာကျသည်။ သို့သော် ကျွန်ုပ်တို့အတွက် ယေဟောဝါပြုလုပ်ပေးသမျှကို ကျေးဇူးတင်လေးမြတ်ပါက သိတတ်နားလည်မှုကင်းမဲ့စွာ ပြုမူမည်မဟုတ်သကဲ့သို့ ကိုယ်တော့်ကို ကျောခိုင်းသွားမည်မဟုတ်ပေ။
၁:၁၁-၁၃။ အရေခြုံဘာသာရေးအခမ်းအနားများနှင့် ဝတ်ကျေတမ်းကျေဆုတောင်းချက်များကို ယေဟောဝါ ငြီးငွေ့ တော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အပြုအမူနှင့် ဆုတောင်းချက်များသည် မှန်ကန်သည့်စိတ်နှလုံးလှုံ့ဆော်မှုကြောင့်ဖြစ်သင့်သည်။
၁:၂၅-၂၇; ၂:၂; ၄:၂-၄။ နောင်တရသော ဂျူးအကြွင်းအကျန်များ ယေရုရှလင်သို့ပြန်လာပြီး စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ချိန်တွင် သူတို့၏ကျွန်ဘဝနှင့် ယုဒပြည်၏လူသူကင်းမဲ့မှုတို့ အဆုံးသတ်သွားခဲ့သည်။ နောင်တရသောအမှားပြုသူများကို ယေဟောဝါ ကရုဏာပြတော်မူ၏။
၂:၂-၄။ သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ ဇွဲရှိရှိပါဝင်ခြင်းဖြင့် လူမျိုးအပေါင်းမှ လူတို့သည် ငြိမ်သက်ခြင်းနည်းလမ်းများကို သင်ယူလာကြပြီး တစ်ဦးနှင့်တစ်ဦး ငြိမ်သက်မှုရှိလာကြသည်။
၄:၄။ ကိုယ်ကျင့်တရားညစ်ညမ်းမှုနှင့် သွေးပြစ်ကျူးလွန်မှုတို့ကို ယေဟောဝါ ဆေးကြောပယ်ရှားတော်မူမည်။
၅:၁၁-၁၃။ တော်ရုံသင့်ရုံမဟုတ်ဘဲ အလွန်အကျွံအပန်းဖြေခြင်းသည် အသိပညာနှင့်အညီ မကျင့်ကြံခြင်းဖြစ်သည်။—ရောမ ၁၃:၁၃။
၅:၂၁-၂၃။ ခရစ်ယာန်ကြီးကြပ်မှူးများအနေဖြင့် “ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်” ခြင်းကို ရှောင်ရမည်။ ထို့ပြင် “စပျစ်ရည်” ကို တော်ရုံသင့်ရုံသာ သောက်သုံးသူများဖြစ်ရမည်။ မျက်နှာလိုက်ခြင်းကိုလည်း ရှောင်ရမည်။
၁၁:၃က။ ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် ရွှင်လန်းစေကြောင်း ယေရှု၏ပုံသက်သေနှင့် သွန်သင်ချက်များက ဖော်ပြသည်။
‘ယေဟောဝါသည် ယာကုပ်အမျိုးကို သနားတော်မူလိမ့်မည်’
အခန်းကြီး ၁၃ မှ ၂၃ သည် တိုင်းနိုင်ငံများအပေါ် တရားစီရင်ချက်ဖြစ်၏။ သို့သော် ယေဟောဝါသည် ဣသရေလမျိုးနွယ်အားလုံးကို ပြည်တော်ပြန်ခွင့်ပြုခြင်းဖြင့် “ယာကုပ်အမျိုးကိုသနား” တော်မူလိမ့်မည်။ (ဟေရှာယ ၁၄:၁) အခန်းကြီး ၂၄ မှ ၂၇ တွင် ယုဒပြည်ပျက်စီးခြင်းသတင်းနှင့်အတူ ပြန်လည်ထူထောင်ခြင်းကတိတော်ကိုပါ ဖော်ပြထားသည်။ ရှုရိပြည်နှင့်မဟာမိတ်ဖွဲ့သော “ဧဖရိမ် [ဣသရေလ] အမျိုး သေသောက်ကြူးတို့၊” အာရှုရိပြည်ကိုအားကိုးသော ယုဒအမျိုး “ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့” ကို ယေဟောဝါအမျက်ထွက်ခဲ့သည်။ (ဟေရှာယ ၂၈:၁၊ ၇) မဟာမိတ်ဖွဲ့ရန် “အဲဂုတ္တုပြည်သို့ရောက်အောင်သွားကြ” သော “အရေလမြို့ [ယေရုရှလင်]” အပေါ် အမင်္ဂလာသတင်းကြေညာခဲ့သည်။ (ဟေရှာယ ၂၉:၁၊ ကဘ၊ အောက်ခြေမှတ်ချက်; ၃၀:၁၊ ၂) သို့သော် ယေဟောဝါကိုယုံကြည်ကိုးစားသူတို့သည် ကယ်တင်ခံရမည်ဟု ကြိုဟောခဲ့၏။
သားကောင်အပေါ် မာန်ဖီနေသော ခြင်္သေ့ပျိုကဲ့သို့ ယေဟောဝါသည် “ဇိအုန်တောင်” ကိုကာကွယ်စောင့်ရှောက်တော်မူမည်။ (ဟေရှာယ ၃၁:၄) ထို့ပြင် ဤသို့ကတိပြုတော်မူ၏– “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။” (ဟေရှာယ ၃၂:၁) ယုဒပြည်ကို အာရှုရိတို့ခြိမ်းခြောက်စဉ် “မိတ်သဟာယစကားကိုပြောသော တမန်တော်တို့သည် ပြင်းစွာငိုကြွေးကြ” သော်လည်း မိမိလူမျိုးတော်သည် အနာရောဂါကင်းရှင်းပြီး “အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်” ဟု ယေဟောဝါကတိပြုတော်မူသည်။ (ဟေရှာယ ၃၃:၇၊ ၂၂-၂၄) ယေဟောဝါ၏ “အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍ ပြင်းစွာသောအမျက်တော်သည် သူတို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။” (ဟေရှာယ ၃၄:၂) ယုဒပြည်သည် လူဆိတ်ညံလျက်နေမည်မဟုတ်။ “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁။
ကျမ်းစာမေးခွန်းများအဖြေ–
၁၃:၁၇—မေဒိလူမျိုးသည် အဘယ်နည်းဖြင့် ငွေကိုပမာဏမပြု၊ ရွှေကိုအလိုမရှိကြသနည်း။ မေဒိနှင့် ပါရှန်းလူမျိုးသည် လက်ရပစ္စည်းဥစ္စာထက် အောင်ပွဲရကျော်စောခြင်းကို ပိုအလေးပေးကြသည်။ ထို့ကြောင့် ကုရုသည် ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်မှ နေဗုခဒ်နေဇာသိမ်းယူခဲ့သော ရွှေတန်ဆာ၊ ငွေတန်ဆာများကို ပြည်တော်ပြန်သုံ့ပန်းများအား ပြန်ပေးခဲ့၏။
၁၄:၁၊ ၂—ယေဟောဝါ၏လူမျိုးသည် အဘယ်နည်းဖြင့် “အထက်ကသိမ်းသွားဖူးသောသူတို့ကို တစ်ဖန်သိမ်းယူခဲ့ကြ” ပြီး “ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြ” သနည်း။ မေဒိနှင့်ပါရှန်းတို့လက်အောက် ဗာဗုလုန်တွင် အရာရှိ အဖြစ်အမှုထမ်းခဲ့သော ဒံယေလ၊ ပါရှန်းမိဖုရားဖြစ်လာသူ ဧသတာနှင့် ပါရှန်းအင်ပါယာတွင် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရသူ မော်ဒကဲတို့၏ အဖြစ်အပျက်တွင် ဤအခန်းငယ်များပြည့်စုံခဲ့ပါသည်။
၂၀:၂-၅—ဟေရှာယသည် သုံးနှစ်လုံး အဝတ်မဝတ်ဘဲ အမှန်တကယ် သွားလာခဲ့သလော။ ဟေရှာယသည် မိမိ၏အပေါ်ဝတ်ရုံကိုသာချွတ်ပြီး ပေါ့ပါးသည့်အတွင်းအင်္ကျီဖြင့် သွားလာခဲ့ခြင်းဖြစ်ပေမည်။—၁ ဓမ္မရာဇဝင် ၁၉:၂၄၊ ကဘ၊ အောက်ခြေမှတ်ချက်။
၂၁:၁—“ရေလွှမ်းမိုးသောတော” သည် အဘယ်ဒေသဖြစ်သနည်း။ ဗာဗုလုန်သည် ပင်လယ်နှင့်မနီးသော်လည်း ယင်းကို ထိုသို့ခေါ်ဆိုထားသည်။ အကြောင်းမှာ ဥဖရတ်မြစ်နှင့် တိုက်ဂရစ္စမြစ်ရေသည် ထိုဒေသကို ဖြတ်သန်းစီးဆင်းပြီး ရွှံ့နွံပေါသောအရပ်ဖြစ်စေသောကြောင့်ဖြစ်သည်။
၂၄:၁၃-၁၆—ဂျူးတို့သည် အဘယ်နည်းဖြင့် ပြည်သားတို့တွင် “သံလွင်ပင်ကိုလှုပ်၍ အသီးကိုရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကိုသိမ်းယူသောနောက် အကြွင်းအကျန်ကိုကောက်ရသကဲ့သို့လည်းကောင်း” ဖြစ်ကြသနည်း။ ရိတ်သိမ်းချိန်ပြီးနောက် စပျစ်ပင်၊ သံလွင်ပင်တွင် အသီးအချို့ ကျန်ကြွင်းသကဲ့သို့ ယေရုရှလင်နှင့်ယုဒပြည် ပျက်စီးခြင်းဘေးမှ လွတ်မြောက်သူအချို့ရှိလိမ့်မည်။ “အရှေ့မျက်နှာအရပ် [ဗာဗုလုန်]” သို့ဖြစ်စေ၊ “ပင်လယ် [မြေထဲပင်လယ်] တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်” သို့ဖြစ်စေ ပြည်နှင်ဒဏ်ခံရသူတို့သည် ယေဟောဝါ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
၂၄:၂၁—“မြင့်သောအရပ်၌ မြင့်သောအလုံးအရင်း” နှင့် “မြေပေါ်မှာ မြေကြီးရှင်ဘုရင်” တို့ကား မည်သူများနည်း။ “မြင့်သောအရပ်၌ မြင့်သောအလုံးအရင်း” တို့သည် ဆိုးညစ်သောဝိညာဉ်သတ္တဝါများကို ရည်ညွှန်းသည်။ “မြေပေါ်မှာ မြေကြီးရှင်ဘုရင်” တို့သည် နတ်ဆိုးများ ဩဇာလွှမ်းမိုးထားသော မြေကြီးအုပ်စိုးရှင်များ ဖြစ်ကြသည်။—၁ ယောဟန် ၅:၁၉။
၂၅:၇—“လူခပ်သိမ်းတို့ကိုဖုံးသော မျက်နှာဖုံး” နှင့် “ခပ်သိမ်းသောလူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ်” ဟူသည် အဘယ်နည်း။ ဤခိုင်းနှိုင်းချက်က လူသားမျိုးနွယ်၏ အဓိကရန်သူနှစ်ပါးဖြစ်သော အပြစ်နှင့်သေခြင်းကို ဆိုလိုသည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာများ–
၁၃:၂၀-၂၂; ၁၄:၂၂၊ ၂၃; ၂၁:၁-၉။ ဗာဗုလုန်၏အဖြစ်တွင် တွေ့ရသည့်အတိုင်း ယေဟောဝါ၏ ပရောဖက်ပြုစကားတော်သည် အမြဲပြည့်စုံသည်။
၁၇:၇၊ ၈။ ဣသရေလလူမျိုး အများစုက နားမထောင်ခဲ့သော်လည်း အချို့မူ ယေဟောဝါကို မျှော်လင့်ကိုးစားခဲ့ကြသည်။ အလားတူ၊ ခရစ်ယာန်ဘောင်ရှိ လူအချို့လည်း သတင်းကောင်းကို တုံ့ပြန်ကြသည်။
၂၈:၁-၆။ ဣသရေလလူမျိုးသည် အာရှုရိလက်ထဲ ကျရောက်မည်ဖြစ်သော်လည်း သစ္စာရှိသူများ လွတ်မြောက်မည်ဖြစ်ကြောင်း ဘုရားသခင်သိတော်မူသည်။ ယေဟောဝါ၏တရားစီရင်ချက်သည် ဖြောင့်မတ်သူများကို မျှော်လင့်ချက်ရှိစေသည်။
၂၈:၂၃-၂၉။ စိတ်ရင်းမှန်သူများကို သူတို့၏ လိုအပ်ရာများ၊ အခြေအနေများနှင့်အညီ ယေဟောဝါ ပြုပြင်တည့်မတ်ပေးတော်မူသည်။
၃၀:၁၅။ ယေဟောဝါ၏ ကယ်တင်ခြင်းခံရရန် လူ့အကြံအစည်များကို အားမကိုးဘဲ “ငြိမ်ဝပ်စွာ” နေခြင်းဖြင့် ကိုယ်တော့်ကို ယုံကြည်ကိုးစားကြောင်း တင်ပြရမည်။ ထို့ပြင် “ငြိမ်ဝပ်စွာနေခြင်း” သို့မဟုတ် မကြောက်ရွံ့ခြင်းဖြင့် ယေဟောဝါ၏ ကာကွယ်နိုင်စွမ်းကို ယုံကြည်ကြောင်း တင်ပြကြသည်။
၃၀:၂၀၊ ၂၁။ ကျွန်ုပ်တို့သည် မှုတ်သွင်းခံသမ္မာကျမ်းစာနှင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့် ယေဟောဝါမိန့်ဆိုရာကို နားထောင်ခြင်းဖြင့် ကိုယ်တော်ကို “မြင်” ပြီး ကိုယ်တော်၏ ကယ်တင်တော်မူခြင်းအသံကို “ကြား” ကြသည်။—မဿဲ ၂၄:၄၅။
ဟေရှာယပရောဖက်ပြုချက်က ဘုရားသခင့်စကားတော်ကို ယုံကြည်စိတ်ချမှုတိုးပွားစေ
ဟေရှာယကျမ်းပါ ဘုရားသခင့်သတင်းစကားအတွက် မည်မျှကျေးဇူးတင်စရာပါတကား! ပြည့်စုံခဲ့ပြီးသော ပရောဖက်ပြုချက်များက ယေဟောဝါ၏ ‘နှုတ်ထွက်စကားသည် ဖြစ်လိမ့်မည်၊ အကျိုးမရှိဘဲ ကိုယ်တော့်ထံသို့မပြန်’ ကြောင်း တိုး၍ယုံကြည်စိတ်ချစေသည်။—ဟေရှာယ ၅၅:၁၁။
ဟေရှာယ ၉:၇ နှင့် ၁၁:၁-၅၊ ၁၀ တို့တွင်တွေ့ရသော မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များကော။ ယင်းတို့က ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် ယေဟောဝါပြင်ဆင်ပေးရာကို ယုံကြည်စိတ်ချမှု တိုးပွားစေသည်မဟုတ်လော။ ဤကျမ်းတွင် ကျွန်ုပ်တို့ခေတ်၌ အကြီးစားပြည့်စုံနေသော ပရောဖက်ပြုချက်များနှင့် မပြည့်စုံသေးသော ပရောဖက်ပြုချက်များလည်း ပါဝင်သည်။ (ဟေရှာယ ၂:၂-၄; ၁၁:၆-၉; ၂၅:၆-၈; ၃၂:၁၊ ၂) ‘ဘုရားသခင်၏ နှုတ်မြွက်စကားတော်သည် အသက်ရှင်’ ကြောင်း ဟေရှာယကျမ်းက ထပ်ဆင့်သက်သေထူပါသည်။—ဟေဗြဲ ၄:၁၂။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဟေရှာယနှင့်သူ့သားများသည် “နိမိတ်နှင့် အံ့ဖွယ်သောအရာ” ဖြစ်ကြ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေရုရှလင်သည် “စပျစ်ဥယျာဉ်၌ တဲကဲ့သို့” ဖြစ်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
‘လှံများကို တံစဉ်ဖြစ်စေခြင်းငှာထုလုပ်’ ကြရန် လူမျိုးတို့ကို မည်သို့ကူညီပေးနေသနည်း