မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တိခရစ် ဖော်ထုတ်ခံရ

အန္တိခရစ် ဖော်ထုတ်ခံရ

အန္တိခရစ် ဖော်ထုတ်​ခံရ

သေစေနိုင်​သော ကူးစက်​ရောဂါ​တစ်မျိုး သင့်​ဒေသ​တွင် အလျင်အမြန်​ပျံ့နှံ့​လာ​နေသည် ဆိုပါစို့။ သင့်ကိုယ်​သင် မည်သို့​ကာကွယ်​မည်​နည်း။ ကိုယ်ခံအား​ကောင်း​အောင် ကြိုးစား​ပြီး ရောဂါ​ကူးစက်​ခံရ​သူများကို ဝေးဝေးရှောင်​ခြင်း​ဖြင့် ကာကွယ်​ပေမည်။ ဝိညာဉ်​ရေး​သဘော​အရ​လည်း ထိုသို့​ပြုလုပ်​ရမည်။ အန္တိခရစ်​သည် “ဤ​လောက​၌​ယခု​ပင်​ရှိ” သည်​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (၁ ယောဟန် ၄:၃သမ္မာ) “ရောဂါ​ကူးစက်” မခံလို​ပါ​က “ရောဂါပိုး​သယ်ဆောင်​သူများ” ကို​သိရှိ​ထား​ကာ ဝေးဝေးရှောင်​ရမည်​ဖြစ်သည်။ သမ္မာကျမ်းစာ​က အန္တိခရစ်​နှင့်​ပတ်သက်​၍ အလင်းဖြာ​ပေး​သောကြောင့် ကျေးဇူး​တင်စရာ​ပင်။

“အန္တိခရစ်” ဟူသည် “ခရစ်တော်​ကို ဆန့်ကျင်ခြင်း (သို့​မဟုတ် အစားထိုး​ခြင်း)” ကို​ဆိုလို​သည်။ ထို့​ကြောင့် ထိုစကား​လုံး​သည် ခရစ်တော် သို့​မဟုတ် ကိုယ်တော်​၏​ကိုယ်စားလှယ်​များ​ကို ဆန့်ကျင်သူ​အားလုံး၊ ခရစ်တော် သို့​မဟုတ် ကိုယ်တော်​၏​ကိုယ်စားလှယ် အတုအယောင်​များ​အားလုံး​ကို ဆိုလို​သည်။ “ငါ့​ဘက်၌​မနေ​သော​သူသည် ငါ့​ရန်ဘက် [သို့​မဟုတ် အန္တိခရစ်] ဖြစ်၏။ ငါ​နှင့်အတူ​မ​စု​မ​သိမ်း​သော​သူသည် ကြဲ​ဖြန့်​သော​သူ​ဖြစ်၏” ဟု​ယေရှု​ကိုယ်တိုင် မိန့်ဆိုခဲ့သည်။—လုကာ ၁၁:၂၃

ယေရှု​သေဆုံး​ကာ ကောင်းကင်​သို့​ထမြောက်​ပြီး​နောက် အနှစ် ၆၀ ကျော်​မှ တမန်​တော်​ယောဟန်​က အန္တိခရစ်​အကြောင်း ရေးသားခဲ့​သည်။ ထို့​ကြောင့် မြေကြီးပေါ်​ရှိ ယေရှု၏​သစ္စာရှိ​နောက်လိုက်​များ​ကို အန္တိခရစ်​များ မည်သို့​ထိခိုက်​စေ​ကြောင်း သိ​ရှိလျှင် အန္တိခရစ်​၏​လုပ်ဆောင်မှုများ​ကို ကောင်းစွာ​နားလည်​နိုင်​မည်​ဖြစ်သည်။—မဿဲ ၂၅:၄၀၊ ၄၅

ခရစ်တော်​၏​နောက်လိုက်​များ​ကို ဆန့်ကျင်သူ​များသည် အန္တိခရစ်​ဖြစ်

ယေရှု​က လောကသား​အများစု​သည် မိမိ​နောက်လိုက်​များ​ကို မုန်းတီး​မည်​ဖြစ်​ကြောင်း ဤသို့​သတိပေး​ခဲ့​၏– ‘လူများ​တို့သည် သင်တို့ကို​ညှဉ်းဆဲခြင်း၊ အသေ​သတ်​ခြင်း​ကို​ခံစေ​ခြင်း​ငှာ အပ်နှံ​ကြလိမ့်မည်။ ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို​မုန်း​ကြလိမ့်မည်။ ပရောဖက်​အတုအယောင်​အများ​တို့သည် ပေါ်​လာ၍ လူအများ​တို့ကို လှည့်ဖြား​ကြလိမ့်မည်။’—မဿဲ ၂၄:၉၊ ၁၁

“[ယေရှု] ၏​နာမ​ကြောင့်” တပည့်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​ဖြစ်​ရာ ထို​နှိပ်စက်​သူများ​သည် ခရစ်တော်​ကို​ဆန့်ကျင်​သော အန္တိခရစ်​များ အမှန်​ဖြစ်​ကြသည်။ တစ်ချိန်က ခရစ်ယာန်​ဖြစ်​ဖူး​သူ​အချို့ ပါဝင်သော ‘ပရောဖက်​အတုအယောင်’ များလည်း အန္တိခရစ်​များ​ဖြစ်​ကြသည်။ (၂ ယောဟန် ၇) ထို​အန္တိခရစ်​များသည် “ငါ​တို့​ထံ​မှ​ထွက်သွား​ကြ​၏။ သို့သော်လည်း အထက်​က​ငါ​တို့​နှင့်​မစပ်ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်ဆိုင်​လျှင် ငါ​တို့​နှင့်အတူ​နေကြ​လိမ့်​မည်” ဟု​ယောဟန်​ရေးခဲ့​သည်။—၁ ယောဟန် ၂:၁၈၊ ၁၉

ယေရှု​နှင့်​ယောဟန်တို့​၏​စကား​များ​အရ အန္တိခရစ်​သည် ပုဂ္ဂိုလ်​တစ်ဦး​တစ်ယောက်​မဟုတ်ဘဲ အန္တိခရစ်​အများ​ဖြစ်​ကြောင်း ထင်ရှား​သည်။ ထို့​ပြင် ပရောဖက်​အတုအယောင်​များ​ဖြစ်သော သူတို့၏​အဓိက​ရည်ရွယ်ချက်မှာ ဘာသာရေး​လိမ်လည်​လှည့်ဖြား​ရန်ဖြစ်​သည်။ သူတို့၏​နည်း​ပရိယာယ်​အချို့​ကား အဘယ်နည်း။

ဘာသာရေး​လိမ်လည်မှု​များ​ကို ဝါဒဖြန့်​ခြင်း

တမန်​တော်​ပေါလု​သည် လုပ်ဖော်ဆောင်ဖက် တိမောသေ​အား အယူဖောက်ပြန်သူ​များ​၏ သွန်သင်ချက်​များ​ကို ဂရုပြု​ရှောင်ရှား​ရန် သတိပေး​ခဲ့​သည်။ ထို​သူတို့တွင် ဟု​မေ​နဲ​နှင့်​ဖိလက်​တို့​ပါဝင်​ပြီး “သူတို့၏​စကား​သည် ခူနာ​ကဲ့သို့​စား​လိမ့်​မည်။” ထို့​ပြင် ‘သူတို့က သေလွန်​သော​သူတို့သည် ထမြောက်​ကြပြီ​ဟု​ပြော​လျက် အမှန်တရား​လမ်း​မှ​လွဲသွား​၍ အချို့​သော​သူတို့၏​ယုံကြည်ခြင်းကို မှောက်လှန်​တတ်ကြ​၏’ ဟု​ပေါလု​ဆို​ခဲ့​သည်။ (၂ တိမောသေ ၂:၁၆-၁၈) ဟု​မေ​နဲ​နှင့်​ဖိလက်​တို့​က ရှင်ပြန်ထမြောက်ခြင်း​သည် ပုံဆောင်ချက်​တစ်ခု​ဖြစ်​ပြီး ခရစ်ယာန်​များသည် ဝိညာဉ်​ရေး​သဘော​အရ ထမြောက်​ပြီး​ဖြစ်သည်ဟု​ဆို​ခဲ့​ပုံ​ရသည်။ မှန်ပါသည်၊ လူတစ်ဦး ယေရှု၏​တပည့်စစ်​ဖြစ်လာ​သောအခါ ဘုရားသခင့်​မျက်မှောက်​တော်​တွင် အသက်ရှင်​လာ​သည်​ဟု ပေါလု​ကိုယ်တိုင် ဆို​ခဲ့​သည်။ (ဧဖက် ၂:၁-၅) သို့သော် ဟု​မေ​နဲ​နှင့်​ဖိလက်​တို့၏ သွန်သင်ချက်​က ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက်တွင် လူသေများ အမှန်တကယ်​ထမြောက်​လာ​မည်​ဟူသော ယေရှု၏​ကတိတော်​ကို မထီမဲ့မြင်​ပြုခြင်း​ဖြစ်သည်။—ယောဟန် ၅:၂၈၊ ၂၉

ပုံဆောင်​ရှင်ပြန်ထမြောက်ခြင်း အယူအဆ​သည် နောက်ပိုင်း​တွင် ဘာသာရေး​အုပ်စု​တစ်စု​ကြောင့် ပျံ့နှံ့​လာ​သည်။ သူတို့က အသိပညာကို လျှို့ဝှက်​ဆန်းကြယ်သော​နည်းဖြင့် ရရှိနိုင်​သည်​ဟု ယုံကြည်​ကြသော​ကြောင့် အယူဖောက်ပြန်​သော ခရစ်ယာန်​ဘာသာ​ကို ဂရိ​အတွေးအခေါ်​ပညာ၊ အရှေ့တိုင်း လျှို့ဝှက်​ဆန်းကြယ်​သည့်​ပညာ​တို့​နှင့် ရောနှော​ခဲ့​သည်။ ဥပမာ၊ သူတို့က အသွေးအသား​ဟူ​သမျှ​သည် ဆိုးညစ်​၏​ဟု ခံယူ​ထား​ကြသော​ကြောင့် ယေရှု​တွင် လူ့​ခန္ဓာကိုယ်​ရှိ​ပုံ​ရ​သော်လည်း သွေးသား​ခန္ဓာ​နှင့် ကြွ​မလာ​ခဲ့​ဟူသော အယူမှားကို ယုံကြည်ခဲ့​ကြသည်။ ကျွန်ုပ်​တို့​သိခဲ့​ရသည်​အတိုင်း ယင်း​အချက်​ကို​ပင် တမန်​တော်​ယောဟန် သတိပေး​ခဲ့​ခြင်း​ဖြစ်သည်။—၁ ယောဟန် ၄:၂၊ ၃; ၂ ယောဟန် ၇

ရာစုနှစ်ချီ​ကြာပြီးနောက် ပေါ်လာ​သော နောက်​အယူမှား​တစ်ခု​မှာ သန့်ရှင်းသော​သုံးပါး​ပေါင်း​တစ်ဆူ​အယူ ဖြစ်သည်။ ထို​အယူ​အရ ယေရှုသည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​လည်း​ဖြစ်​ပြီး ဘုရားသခင်​၏​သားတော်လည်း​ဖြစ်သည်။ The Church of the First Three Centuries (ပထမ​သုံး​ရာစု​မှ​ချာ့ခ်ျ) စာအုပ်​တွင် ဒေါက်တာ အယ်​လ်​ဗန်​လ​မ်​စ​န် ဤသို့​ဆို​သည်– သုံးပါး​ပေါင်း​တစ်ဆူ​အယူ​သည် “ဂျူး​နှင့်​ခရစ်ယာန်​ကျမ်းစောင်​များ​၏ ပြင်ပ​ရင်းမြစ်​မှ စတင်​ခဲ့​သည်။ ပ​လေ​တို​အယူ​ကို​လက်ခံသော ချာ့ခ်ျ​ဖခင်​များ​၏​လက်ချက်​ဖြင့် တဖြည်းဖြည်း​အကောင်အထည်​ပေါ်လာ​ပြီး ခရစ်ယာန်​ဘာသာ​အတွင်း ထည့်သွင်း​ဆက်ခံ​ယူ​ခဲ့​သည်။” “ပ​လေ​တို​အယူ​ကို​လက်ခံသော ချာ့ခ်ျ​ဖခင်​များ” မှာ မည်သူ​တို့​နည်း။ သူတို့သည် အယူမှား​ဂရိ​အတွေးအခေါ်​ပညာရှင် ပ​လေ​တို​၏ သွန်သင်ချက်​များ​ကို ကြည်ညို​လေးမြတ်​သော အယူဖောက်ပြန်​သည့်​ခရစ်ယာန်​ဘုန်းကြီး​များ​ဖြစ်သည်။

သုံးပါး​ပေါင်း​တစ်ဆူ​အယူ​သည် ဘုရားသခင်​ကို လျှို့ဝှက်​နက်နဲ​သူ​အဖြစ် မြင်​စေပြီး ကိုယ်တော်​နှင့်​သားတော်​တို့၏​ဆက်ဆံ​ရေး​ကို ဝေ​ဝါး​စေသော​ကြောင့် ယင်းသည် အန္တိခရစ်​များ​၏ အကြံပိုင်​သော​လုပ်ဆောင်ချက်​တစ်ခု​ဖြစ်သည်။ (ယောဟန် ၁၄:၂၈; ၁၅:၁၀; ကောလောသဲ ၁:၁၅) ဘုရားသခင်​သာ လျှို့ဝှက်​နက်နဲရာ​ဖြစ်ပါ​က သမ္မာကျမ်းစာ​တွင် အားပေးထား​သည်​အတိုင်း လူတစ်ဦး​သည် အဘယ်​နည်းဖြင့် “ဘုရားသခင်​၌​ချဉ်းကပ်” နိုင်​မည်​ကို​သာ စဉ်းစား​ကြည့်​ပါ။—ယာကုပ် ၄:၈

ပို​၍​ရှုပ်ထွေး​စေ​သည်​မှာ မူရင်း​ကျမ်း​တွင် ဘုရားသခင်​၏​နာမတော် ယေဟောဝါ​သည် အကြိမ်ပေါင်း ၇,၀၀၀ ကျော်​ပါရှိ​သော်လည်း ကျမ်းစာ​ဘာသာပြန်​သူများ​သည် ယင်းကို မိမိတို့၏​ဘာသာပြန်​ကျမ်း​များ​မှ ထုတ်ပစ်​ကြသည်။ အတိုင်းအဆမဲ့​တန်ခိုးရှင်​ကို လျှို့ဝှက်​နက်နဲရာ​အဖြစ်​သာမက အမည်​မသိ​လျှို့ဝှက်​နက်နဲရာ ဖြစ်စေ​ရန်​ပါ ကြိုးပမ်း​ခြင်း​သည် ဖန်ဆင်း​ရှင်​နှင့် ကိုယ်တော့်​နှုတ်မြွက်တော်​သမ္မာကျမ်းစာ​ကို လုံးဝ​မထီမဲ့မြင်​ပြုခြင်း​ပင်​ဖြစ်သည်။ (ဗျာ. ၂၂:၁၈၊ ၁၉) ထို့​ပြင် နာမတော်မြတ်​ကို သခင်​အရှင်၊ ဘုရားသခင် စ​သည်​တို့​နှင့်​အစားထိုး​ခြင်း​သည် ယေရှု၏​စံပြ​ဆုတောင်းချက်​မှ “ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်ခြင်း​ရှိပါစေ​သော” ဟူ​သည့်​အချက်​ကို ချိုးဖောက်​ရာ​ကျ​သည်။—မဿဲ ၆:၉က​ဘ။

အန္တိခရစ်​များသည် ဘုရားသခင့်​နိုင်ငံတော်​ကို ငြင်းပယ်

အန္တိခရစ်​များသည် ကျွန်ုပ်​တို့​အသက်ရှင်နေ​သည့် “ခဲယဉ်း​သော​ကာလ” တွင် အထူးသဖြင့် တက်ကြွ​လှုပ်ရှား​လာ​သည်။ (၂ တိမောသေ ၃:၁) မျက်မှောက်ခေတ်​မှ ထို​လှည့်ဖြားသူ​များ​၏ အဓိက​ရည်ရွယ်ချက်မှာ ကောင်းကင်​နိုင်ငံတော်​ဘုရင်​အဖြစ် မြေကြီး​တစ်ခွင်လုံး​ကို မကြာမီ​အုပ်ချုပ်​တော့​မည့် ယေရှု၏​ကဏ္ဍ​ကို လူ​တို့ ထင်ယောင်ထင်မှား​ဖြစ်စေ​ရန်ဖြစ်​သည်။—ဒံယေလ ၇:၁၃၊ ၁၄; ဗျာ. ၁၁:၁၅

ဥပမာ၊ ဘာသာရေး​ခေါင်းဆောင်​အချို့​က ဘုရားသခင့်​နိုင်ငံတော်​သည် လူတို့၏​နှလုံး​ထဲ​ရှိ အခြေအနေ​ဖြစ်သည်​ဟူသော သမ္မာကျမ်းစာ​ကို​လုံးဝ​အခြေ​မခံ​သည့်​အယူအဆကို သွန်သင်​ကြသည်။ (ဒံယေလ ၂:၄၄-၄၅) အခြားသူ​တို့​က ခရစ်တော်​သည် လူ့​အစိုးရ​များ၊ အဖွဲ့အစည်း​များ​ကို အသုံးပြု​နေသည်​ဟု​ဆို​ကြသည်။ သို့သော် ယေရှု​က “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်” ဟု​မိန့်ဆို​သည်။ (ယောဟန် ၁၈:၃၆) အမှန်​မှာ “ဤ​လောကကို​အစိုး​ရသော​မင်း” နှင့် ‘ဤ​လောကကို​အစိုးရ​သော​ဘုရားသခင်’ မှာ ယေရှု​မဟုတ်ဘဲ စာတန်​သာ​ဖြစ်၏။ (ယောဟန် ၁၄:၃၀; ၂ ကောရိန္သု ၄:၄) ထို​အချက်​က မကြာမီ လူ့​အစိုးရ​အားလုံး​ကို ယေရှု အဘယ်ကြောင့် ဖျက်ဆီး​မည်​ဖြစ်​ပြီး မြေကြီး​၏ တစ်ပါး​တည်း​သော​ရှင်ဘုရင်​ဖြစ်လာ​မည်​ကို ရှင်းပြသည်။ (ဆာလံ ၂:၂၊ ၆-၉; ဗျာ. ၁၉:၁၁-၂၁) ဘုရားသခင်​၏ “နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဟူ​သည့် သခင့်​ဆုတောင်းချက်​ကို လူ​တို့​ရွတ်ဆို​ရာ​တွင် ထိုသို့​ဖြစ်လာ​ရန် ဆုတောင်း​နေခြင်း​ဖြစ်သည်။—မဿဲ ၆:၁၀

ဘာသာရေး​ခေါင်းဆောင်​များစွာ​သည် လောက​နိုင်ငံရေး​စနစ်​များ​ကို ထောက်ခံသူ​များ​ဖြစ်သော​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​ကြေညာသူ​တို့ကို ဆန့်ကျင်​ညှဉ်းပန်း​ကြသည်။ စိတ်ဝင်စားစရာ​မှာ ဗျာ.ကျမ်းစောင်​တွင် “သန့်ရှင်းသူ​တို့၏​အသွေး၊ ယေရှု၏​သက်သေခံ​တို့၏​အသွေး​နှင့်​ယစ်​မူး” နေသည့် ပုံဆောင်​ပြည့်တန်ဆာ​ဖြစ်သော ‘မဟာ​ဗာဗုလုန်’ အကြောင်း​ဖော်ပြ​ထား​သည်။ (ဗျာ. ၁၇:၄-၆) သူသည် မြေကြီး “ရှင်ဘုရင်” များ သို့​မဟုတ် နိုင်ငံရေး​အာဏာရှင်​များ​ကို ထောက်ခံ​ခြင်း​ဖြင့် ဝိညာဉ်​ရေး​ပြည့်တန်ဆာ​လုပ်​နေရာ အပြန်အလှန်​အားဖြင့် သူတို့၏​မျက်နှာသာ​ရရှိ​လေ​သည်။ ထို​ပုံဆောင်​မိန်းမသည် ကမ္ဘာ့​အယူမှား​ဘာသာ​များ​မှ​လွဲ​၍ အခြား​မဖြစ်​နိုင်​ပေ။ သူသည် အန္တိခရစ်​၏​အဓိက​အစိတ်အပိုင်း​ပင်​ဖြစ်၏။—ဗျာ. ၁၈:၂၊ ၃; ယာကုပ် ၄:၄

အန္တိခရစ်​များသည် နား​ကို​ယား​စေ​ကြ

ခရစ်ယာန်​အမည်ခံ​သူများစွာ​သည် ကျမ်းစာ​အမှန်တရားကို ငြင်းပယ်​သည့်​အပြင် ရေပန်းစား​နေသည့် ကိုယ်ကျင့်တရား​ကို​လက်ခံရန် ကျမ်းစာ​စံနှုန်း​များ​ကို စွန့်ပစ်​ခဲ့​ကြသည်။ ထိုသို့​ဖြစ်​မည်​ကို သမ္မာကျမ်းစာ​က ဤသို့​ကြိုပြော​ခဲ့​၏– ‘နောင်​ကာလ​၌ လူတို့သည် [ဘုရားသခင်​ကိုကိုး​ကွယ်​သည်​ဟု ဆို​သော်လည်း] စင်ကြယ်သော​ဆုံးမ​စကား​ကို နား​မခံနိုင်​ဘဲ ယား​တတ်သော​နား​ရှိလျှင် မိမိ​တပ်မက်​ခြင်း​အတိုင်း များပြား​သော​ဆရာ​တို့​နောက်သို့ လိုက်​ကြလိမ့်မည်။’ (၂ တိမောသေ ၄:၃) ထို​ဘာသာရေး​လိမ်လည်​သူများကို “ခရစ်တော်​၏​တမန်​ဖြစ်ယောင်ဆောင်​၍ လှည့်ဖြား​တတ်သော​အမှုစောင့်” ဟု​လည်း​ခေါ်ထား​သည်။ “သူတို့သည် ကိုယ်​ကျင့်​သော​အကျင့်​အတိုင်း နောက်ဆုံး​၌ အကျိုးအပြစ်​ကို​ခံရ​ကြ​လတ္တံ့” ဟု​လည်း သမ္မာကျမ်းစာ​က ထပ်​ဆို​သည်။—၂ ကောရိန္သု ၁၁:၁၃-၁၅

သူတို့၏​အကျင့်​များ​တွင် မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို မျက်နှာပြောင်​တိုက် လျစ်လျူရှု​သည့် “ညစ်ညူး​သော​အကျင့်ဓလေ့” များ​ပါဝင်​သည်။ (၂ ပေတရု ၂:၁-၃၊ ၁၂-၁၄) ဘာသာရေး​ခေါင်းဆောင်​များနှင့် သူတို့၏​နောက်လိုက်​များစွာ​သည် လိင်​တူ​ဆက်ဆံခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​ခြင်း​စ​သော ခရစ်ယာန်မဆန်​သည့်​အကျင့်​များ​ကို ကိုယ်တိုင်​ပြုကျင့်​နေသည်၊ ယု​တ်စွ​အဆုံး ယင်း​တို့ကို အရေးမယူ​ဘဲ လျစ်လျူရှု​ထား​ကြောင်း မ​တွေ့​ကြ​ရ​ပေ​လော။ လူများစွာ​လက်ခံ​ထားသော ထို​အမြင်​များနှင့်​ဘဝ​ပုံစံ​များ​ကို ဝတ်ပြုရာ ၁၈:၂၂; ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၆:၉၊ ၁၀; ဟေဗြဲ ၁၃:၄; ယုဒ ၇ တို့​တွင်​ပါ​သော သမ္မာကျမ်းစာ​ဖော်ပြချက်များ​နှင့် ကျေးဇူးပြု​၍ အချိန်​ယူ​နှိုင်းယှဉ်​ကြည့်​ပါ။

“စုံစမ်း​ကြလော့”

အထက်ပါ​အချက်များ​ကြောင့် ဘာသာရေး​သွန်သင်ချက်​များ​ကို ပေါ့ပေါ့တန်တန်​သဘော​မထား​နှင့်​ဟူသော တမန်​တော်​ယောဟန်​၏​စကား​များ​ကို အလေးဂရုပြု​သင့်​သည်။ သူ​ဤသို့​သတိပေး​၏– ‘ခပ်သိမ်း​သော​စိတ်​ဝိညာဉ်​တို့ကို မယုံကြ​နှင့်။ စိတ်​ဝိညာဉ်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည် မစပ်ဆိုင်​သည်ကို စုံစမ်း​ကြလော့။ အကြောင်း​မူ​ကား ပရောဖက်​အတုအယောင်​အများ​တို့သည် ဤ​လောက​သို့​သွား​ကြပြီ။’—၁ ယောဟန် ၄:၁

ပထမ​ရာစု​မှ စိတ်ထား​မြင့်မြတ်​သော ဗေရိ​မြို့သား​အချို့​၏ ပုံသက်သေ​ကောင်း​ကို သုံးသပ်ကြည့်​ပါ။ သူတို့သည် ‘အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် [ပေါလု​နှင့်​သိလ​တို့​ဟော​သော] နှုတ်မြွက်တော်​ကို​ခံ​ယူ၍ မှန်သည်​မမှန်​သည်ကို​သိခြင်း​ငှာ ကျမ်းစာ​ကို နေ့တိုင်း​အစဉ် စေ့စေ့​ကြည့်ရှု​ကြ​၏။’ (တမန်​တော် ၁၇:၁၀၊ ၁၁) ဗေရိ​မြို့သား​များသည် အလွန်​စိတ်​ထက်သန်​ကြသော်လည်း သူတို့​ကြားသိ​ပြီး လက်ခံ​ရာ​များသည် သမ္မာကျမ်းစာ​တွင် အခိုင်အမာ​အခြေပြု,မပြု သေချာ​ဆန်းစစ်​ကြသည်။

ယနေ့လည်း ခရစ်ယာန်စစ်​များသည် အမြဲ​ပြောင်းလဲ​နေသော ရေပန်းစား​သည့်​ခေတ်​အမြင်​နောက် လိုက်ပါ​မသွား​ဘဲ သမ္မာကျမ်းစာ​အမှန်တရားကို​သာ အခိုင်အမာ​စွဲကိုင်​ထား​ကြသည်။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– “ငါ​ဆုတောင်း​သော​အချက်​ဟူ​မူ​ကား၊ သင်တို့၏​မေတ္တာသည် တိကျ​မှန်ကန်သော​အသိပညာနှင့် ပြည့်ဝ​စုံလင်သော ပိုင်းခြား​ဝေဖန်​နိုင်စွမ်း​တို့​ဖြင့် တိုး၍​ကုံလုံ​ကြွယ်ဝ​နေနိုင်​မည်​အကြောင်း​တည်း။”—ဖိလိပ္ပိ ၁: ၉က​ဘ။

သင်​ထိုသို့​မဖြစ်သေး​ပါ​က သမ္မာကျမ်းစာ​အမှန်တကယ်​သွန်သင်ရာ​ကို လေ့လာခြင်း​ဖြင့် “တိကျ​မှန်ကန်သော​အသိပညာနှင့် ပြည့်ဝ​စုံလင်သော​ပိုင်းခြား​ဝေဖန်​နိုင်စွမ်း” တို့​ရရှိရန် ပန်းတိုင်​ထား​ပါ။ ဗေရိ​မြို့သား​များ​ကို တုပသူ​တို့သည် အန္တိခရစ်​များ​၏ “ချော့မော့​သော​စကား” အားဖြင့် လှည့်ဖြား​မခံရ​ပေ။ (၂ ပေတရု ၂:၃) ယင်းအစား သူတို့သည် ခရစ်တော်​အစစ်အမှန်​နှင့် ကိုယ်တော့်​နောက်လိုက်စစ်​များ​၏ ဝိညာဉ်​ရေး​အမှန်တရား​ကြောင့် လွတ်ငြိမ်း​ချမ်းသာ​ကို ခံစားရ​လျက်​ရှိသည်။—ယောဟန် ၈:၃၂၊ ၃၆

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အန္တိခရစ်​နှင့် ပတ်သက်​သည့် သမ္မာကျမ်းစာ​အဆို

“ချစ်​သားတို့၊ ယခု​ကာလ​သည် [တမန်​တော်​များ​ခေတ်​အဆုံး​ဖြစ်​ကြောင်း ထင်ရှား​သည့်] နောက်ဆုံးသော​ကာလ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​တည်း​ဟူသော အန္တိခရစ်​ပေါ်လာ​ကြောင်းကို သင်တို့​ကြား​ရသည်​အတိုင်း ယခု​ပင် အန္တိခရစ်​အများ​ရှိ ကြ​၏။”—၁ ယောဟန် ၂:၁၈

“မုသာ​ကို​သုံး​သော​သူ​ကား အဘယ်သူ​နည်း။ ယေရှုသည် ခရစ်တော်​မဟုတ်​ဟု ငြင်းပယ်​သော​သူ​ဖြစ်​သတည်း။ ခမည်းတော်​နှင့်​သားတော်ကို ငြင်းပယ်​သော​သူသည် အန္တိခရစ်​ဖြစ်၏။” —၁ ယောဟန် ၂:၂၂

“လူ​ဇာတိ​အားဖြင့်​ကြွလာ​တော်​မူ​သော ယေရှု​ခရစ်​ကို ဝန်မခံ​သော​သူ​မည်​သည်​ကား ဘုရားသခင်​နှင့်​မစပ်ဆိုင်။ ထိုသို့​သော​ဝိညာဉ်​ကား သင်တို့သည် ကြား​ခဲ့​ပြီး​သည်​အတိုင်း ဤ​လောက​သို့​လာ​မည်​ဖြစ်၍ ယခု​ပင်​လာ​လျက်​ရှိသော အန္တိခရစ်​၏​ဝိညာဉ်​ဖြစ်၏။”—၁ ယောဟန် ၄:၃

“လူ​ဇာတိ​အားဖြင့်​ကြွလာ​တော်​မူ​သော ယေရှု​ခရစ်​ကို​ငြင်းပယ်​လျက် လှည့်ဖြား​သော​သူ​အများ​တို့သည် လောက​ထဲ​သို့​ဝင်​ကြပြီ။ ထိုသို့​သော​သူသည် လှည့်ဖြား​သော​သူ​ဖြစ်၏။ အန္တိခရစ်​လည်း​ဖြစ်၏။” —၂ ယောဟန် ၇

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အသွင်အမျိုးမျိုး​ရှိသော လှည့်ဖြားသူ​တစ်ဦး

“အန္တိခရစ်” ဟူသော​စကားလုံး​၌ ယေရှု​ခရစ်​နှင့်​ပတ်သက်သော ကျမ်းစာ​အဆို​များ​ကို ငြင်းပယ်​သူအား​လုံး၊ ကိုယ်တော့်​နိုင်ငံတော်​ကို​ဆန့်ကျင်သူ​အားလုံး၊ ကိုယ်တော့်​နောက်တော်လိုက်​များ​ကို မတော်မတရား​ပြုမူ​ဆက်ဆံ​သူအား​လုံး အကျုံးဝင်​သည်။ ခရစ်တော်​ကို​ကိုယ်စား​ပြု​သည်​ဟု မှားယွင်းစွာ​ဆို​သော သို့​မဟုတ် ခရစ်တော်​သာ​ဆောင်ကြဉ်း​ပေး​နိုင်​သည့် စစ်မှန်သော​ငြိမ်သက်မှု​နှင့်​လုံခြုံမှု ရရှိစေ​မည်​ဟု ရောင့်တက်စွာ​ကတိပြု​ခြင်း​ဖြင့် မေရှိယ​၏​အခန်းကဏ္ဍကို မ​လျော်​မ​ကန်​အစားဝင်​သော ပုဂ္ဂိုလ်​များ၊ အဖွဲ့အစည်း​များနှင့် တိုင်းနိုင်ငံ​များလည်း​ပါဝင်​သည်။

[Credit Line]

Augustine: ©SuperStock/​age fotostock

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဗေရိ​မြို့သား​များ​ကဲ့သို့ ကျွန်ုပ်​တို့သည် “ကျမ်းစာ​ကို နေ့တိုင်း​အစဉ် စေ့စေ့​ကြည့်ရှု” သင့်