မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုဖွားမြင်ခြင်းက ငြိမ်သက်ခြင်းဆောင်ကြဉ်းပေးပုံ

ယေရှုဖွားမြင်ခြင်းက ငြိမ်သက်ခြင်းဆောင်ကြဉ်းပေးပုံ

ယေရှု​ဖွားမြင်ခြင်း​က ငြိမ်သက်ခြင်း​ဆောင်ကြဉ်း​ပေး​ပုံ

“စေတနာ​စိတ်​ရှိသူတို့​တွင် ငြိမ်သက်ခြင်း​ရှိစေ​သတည်း” ဟူသော ကြွေးကြော်​ချက်​သည် ယေရှု​ဖွားမြင်ခြင်း​နှင့်​ဆက်စပ်​သည့် တစ်ခု​တည်း​သော​ပရောဖက်ပြုချက် မဟုတ်ပါ။ ကောင်းကင်တမန်​များသည် အံ့အားသင့်​နေသော သိုးထိန်း​များ​ရှေ့ ထိုသို့​ကြွေးကြော်​ကြ​သည့်​အပြင် မာရိနှင့် သူ့​ခင်ပွန်း​ယောသပ်တို့​အား​လည်း မွေးကင်းစ​ယေရှု​နှင့်​ပတ်သက်သော ဘုရားသခင့်​သတင်း​စကား​များ​ကို ကြွေးကြော်​ခဲ့​ကြသည်။ ထို​သတင်း​စကား​များ​ကို သုံးသပ်ခြင်း​ဖြင့် ယေရှု​ဖွားမြင်ခြင်း​အကြောင်း ပို​သိရှိ​နိုင်​ပြီး လူ​တို့​တွင် ငြိမ်သက်ခြင်း​ရှိစေ​သတည်း​ဟူသော ကောင်းကင်တမန်​၏​ကတိ​စကား နောက်ကွယ်​ရှိ အဓိပ္ပာယ်​အမှန်​ကို နားလည်​နိုင်​သည်။

မာရိ ပဋိသန္ဓေ​မယူ​မီ သူ့​ထံ ကောင်းကင်တမန်​ဂါဗြေလ ရောက်ရှိ​လာ​သည်။ ‘ကျေးဇူးတော်​ကို​ခံရ​သော​မိန်းမ၊ သင့်​အား မင်္ဂလာ​ဖြစ်စေ​သတည်း။ ယေဟောဝါ​သည် သင်​နှင့်အတူ​ရှိ​တော်​မူ​၏’ ဟု​ကောင်းကင်တမန်​က နှုတ်ဆက်​စကား​ဆို​လေ​၏။ မာရိ အလွန်​စိတ်​လှုပ်ရှား​ပြီး ကြောက်ရွံ့​နေ​မည်​ကို သင်​တွေးကြည့်​နိုင်​သည်။ ထိုသို့​နှုတ်ဆက်ခြင်း​က အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ဂါဗြေလ ဤသို့​ရှင်းပြ​၏– “သင်သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်​မည်။ ထို​သားကို ယေရှု​အမည်​ဖြင့်​မှည့်​ရမည်။ ထို​သား​သည်​ကား ကြီးမြတ်သော​သူ​ဖြစ်​လိမ့်​မည်။ အမြင့်ဆုံး​သော​ဘုရား​၏​သားတော်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံရ​လိမ့်​မည်။ သူ့​အဘ​ဒါဝိဒ်​၏​ရာဇ​ပလ္လင်​ကို ထာဝရ​အရှင်​ဘုရားသခင်​သည် သူ့​အားပေး​တော်​မူ​မည်။ ထို​သူသည်​လည်း ယာကုပ်​အမျိုးအနွယ်​ကို အစဉ်မပြတ်​အုပ်စိုး​လိမ့်​မည်။ သူ၏​နိုင်ငံ​သည်လည်း ဆုံး​ခြင်း​မရှိ​ရ။” မာရိက မိမိသည် အပျိုကညာ​ဖြစ်သော​ကြောင့် အဘယ်​သို့​ဖြစ်​နိုင်​မည်​နည်း​ဟု ပြန်​မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း ဘုရားသခင့် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ပဋိသန္ဓေ​စွဲ​မည်​ဟု​ပြောဆို​သည်။ ထို​သား​သည် သာမန်​ကလေး​မဟုတ်​ချေ။—လုကာ ၁:၂၈-၃၅

ကြိုဟော​ထားသော ဘုရင်​တစ်ပါး

ဂါဗြေလ​၏​စကား​အရ ထို​သား​သည် ရှေးပရောဖက်​ပြုချက်​များ​၏ အဓိက​ရည်စူး​ရာ​ဖြစ်သည်​ကို မာရိ​နားလည်ခဲ့​ရသည်။ မာရိ​၏​သားကို “သူ့​အဘ​ဒါဝိဒ်​၏​ရာဇ​ပလ္လင်” ပေး​မည်​ဟု ယေဟောဝါ​မိန့်ဆို​သည်။ ထိုစကား​ကြောင့် မာရိ​သာမက ကျမ်းစာ​အသိပညာ​ရှိသော ဂျူး​တို့သည် ဣသရေလ​ဘုရင်​ဒါဝိဒ်​အား ဘုရားသခင်​ပေး​ခဲ့​သောက​တိ​တော်​ကို ပြန်သတိရ​မည်​ဖြစ်သည်။

ပရောဖက်​နာသန်​မှ​တစ်ဆင့် ဒါဝိဒ်​ကို ယေဟောဝါ ဤသို့​မိန့်ဆို​၏– “သင်၏​အမျိုးအနွယ်​နှင့် သင်၏​နိုင်ငံ​သည် ငါ့​ရှေ့မှာ​အစဉ်အမြဲ​တည်​လိမ့်​မည်။ သင်၏​ရာဇ​ပလ္လင်​သည်လည်း အစဉ်အမြဲ​တည်​လိမ့်​မည်။” (၂ ဓမ္မ​ရာဇဝင် ၇:၄၊ ၁၆) “သူ၏​အမျိုးအနွယ်​ကို အစဉ်အမြဲ​တည်စေ​မည်။ သူ၏​ပလ္လင်​သည် ကောင်းကင်​ကာလ​ကဲ့သို့ နိစ္စ​ထာဝရ​ဖြစ်​လိမ့်​မည်။ သူ၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​တည်​ရမည်။ သူ၏​ပလ္လင်​သည်လည်း ငါ့​ရှေ့၌ နေကဲ့သို့​ဖြစ်​ရမည်” ဟု​ဒါဝိဒ်​နှင့်​ပတ်သက်​၍ ယေဟောဝါ​မိန့်တော်မူ၏။ (ဆာလံ ၈၉:၂၀၊ ၂၉၊ ၃၅၊ ၃၆) ထို့​ကြောင့် ဒါဝိဒ်​မျိုးနွယ်​မှ မာရိနှင့်​ယောသပ်တို့ ဆင်းသက်လာ​ခြင်း​သည် တိုက်ဆိုင်မှု​မဟုတ်ပါ။

ဒါဝိဒ်​၏​တော်ဝင်​သားတော်​နှင့်​ပတ်သက်​၍ ဟေဗြဲ​ကျမ်းစာ​ပါ ပရောဖက်ပြုချက်​များ​မှာ ထို​မျှ​လောက်​သာ​မဟုတ်ပါ။ မာရိသည် ဟေရှာယ​၏ ဤ​ပရောဖက်ပြုချက်​ကိုလည်း အကျွမ်းဝင်​ပေမည်– ‘ငါ​တို့​အဖို့ သူငယ်​ကို​ဖွားမြင်​၏။ ငါ​တို့အား သားကို​သနားတော်မူ​၏။ ထို​သူသည် အုပ်စိုးခြင်း​အာဏာစက်​ရှိ​လိမ့်​မည်။ နာမတော်​ကား အံ့သြဖွယ်၊ တိုင်ပင်​ဘက်၊ တန်ခိုး​ကြီးသော​ဘုရားသခင်၊ ထာဝရ​အဘ၊ ငြိမ်သက်ခြင်း​အရှင်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။ ဒါဝိဒ်​မင်း​၏​ရာဇ​ပလ္လင်​ပေါ်မှာ​ထိုင်၍ နိုင်ငံတော်​ကို နောင်​ကာလ​အစဉ်မပြတ် တရားတော်​အတိုင်း ဖြောင့်မတ်​စွာ​စီရင်၍ အမြဲ​တည်စေ​တော်​မူ​မည်​အကြောင်း အာဏာတော်​တိုးတက်ခြင်း​နှင့် ငြိမ်သက်​တော်​မူ​ခြင်း​သည် ထာဝရ​အမြဲ​ရှိ​လိမ့်​မည်။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ယေဟောဝါ​သည် အလိုတော်​အားကြီး​၍ ထို​အမှုကို ပြီးစီး​စေတော်မူ​လိမ့်​မည်။’—ဟေရှာယ ၉:၆၊ ၇

မာရိ​ကို ဂါဗြေလ​ပြော​သော သတင်း​စကား​သည် အံ့ဖွယ်​နည်းဖြင့် သား​ယောက်ျားလေး ဖွားမြင်ခြင်း​မျှ​သာမက​ပါ။ ထို​သား​သည် ဘုရင်​ဒါဝိဒ်​၏ နန်း​အမွေခံ၊ ဘုရားသခင်​တည်ထောင်​သည့်​နိုင်ငံတော်​၏ ထာဝရ​အမွေခံ​ဖြစ်​လိမ့်​မည်။ ယေရှု၏ အနာဂတ်​အခန်းကဏ္ဍနှင့်​ပတ်သက်သော ဂါဗြေလ​၏​ပရောဖက်ပြုချက်​များသည် ကျွန်ုပ်​တို့အားလုံး​အတွက် လေးနက်​သည့်​အဓိပ္ပာယ်​ရှိပါ​သည်။

ဇနီးလောင်း​ဖြစ်သူ မာရိ​တွင် ကိုယ်ဝန်​ရှိနေကြောင်း ယောသပ်​ကြား​သောအခါ စေ့စပ်​ထားခြင်း​ကို ဖျက်သိမ်း​ရန် ဆုံးဖြတ်​ခဲ့​သည်။ သူနှင့် သူ့​ဇနီးလောင်း​တို့သည် လိင်ဆက်ဆံ​ခဲ့​ခြင်း​မရှိသော​ကြောင့် ထို​ကလေး​သည် မိမိ​ကလေး​မဟုတ်​ကြောင်း သူသိ​သည်။ ကိုယ်ဝန်ဆောင်​ထား​သည့်​ကလေး​နှင့်​ပတ်သက်​၍ မာရိ​၏​ရှင်းပြချက်ကို ယောသပ် မည်မျှ​ယုံရခက်​မည်​ဖြစ်​ကြောင်း သင်​တွေးကြည့်​နိုင်​သည်။ ခရစ်ဝင်​ကျမ်း​မှတ်တမ်းက ဤသို့​ဆို​၏– ‘အိပ်မက်​ကို​မြင်ရ​သည်​မှာ ယေဟောဝါ​၏​ကောင်းကင်တမန်​သည် ထင်ရှား​၍ “ဒါဝိဒ်​အမျိုး​ယောသပ်၊ သင်၏​ခင်ပွန်း​မာရိ​ကို ထိန်းသိမ်း​ရမည့်​အခွင့်​ကို မစိုးရိမ်​နှင့်။ ဤ​ပဋိသန္ဓေ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကြောင့် ဖြစ်၏။ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်။ ထို​သား​သည် မိမိလူ​တို့ကို အပြစ်​မှ​ကယ်​ချွတ်​မည့်​သူ​ဖြစ်သော​ကြောင့် ယေရှု​ဟူသော​အမည်​ဖြင့် မှည့်​ရမည်” ဟု​ကောင်းကင်တမန်​ဆို​၏။’—မဿဲ ၁:၂၀၊ ၂၁

ထို​သား​သည် အဘယ်​နည်းဖြင့် “မိမိလူ​တို့ကို အပြစ်​မှ​ကယ်​ချွတ်” ပေး​မည်​ကို ယောသပ် မည်မျှ​တိုင်​နားလည်​ကြောင်း ကျမ်းစာ​မဖော်ပြပါ။ သို့​တိုင် ထိုစကား​ကြောင့် မာရိ​အမှား​မကျူးလွန်​ကြောင်း ယောသပ် ယုံကြည်​စိတ်ချ​ခဲ့​သည်။ ကောင်းကင်တမန်​ညွှန်ကြား​သည့်​အတိုင်း မာရိ​ကို အိမ်​သို့​ခေါ်ဆောင်​သွား​သည်။ ထိုသို့​ပြုခြင်း​သည် မင်္ဂလာဆောင်​ရာ​ရောက်​သည်။

ကျမ်းစာ​တွင်​တွေ့ရ​သော အခြား​အချက်အလက်​များ​ကြောင့် ကောင်းကင်တမန်​ပြော​သော​စကား​၏ အဓိပ္ပာယ်​ကို ကျွန်ုပ်​တို့​နားလည်​နိုင်​သည်။ လူ့​သမိုင်းအစ​တွင် ပုန်ကန်​သော​ကောင်းကင်တမန်​တစ်ပါး​သည် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို စိန်ခေါ်​ခဲ့​သည်။ ဘုရားသခင့်​အုပ်ချုပ်ပုံ​သည် မမျှတ၊ လူတို့သည် စမ်းသပ်မှု​ကြုံ​ရ​ပါ​က ယေဟောဝါ​အပေါ် တည်ကြည်​မည်​မဟုတ် စ​သည်​ဖြင့် သူ​စွပ်စွဲ​ထား​ကြောင်း ဟေဗြဲ​ကျမ်းစာ​တွင် ဖော်ပြ​သည်။ (ကမ္ဘာဦး ၃:၂-၅; ယောဘ ၁:၆-၁၂) အာဒံသည် ယေဟောဝါ​အပေါ် မတည်​ကြည်​ခဲ့​ပေ။ သူ့​အပြစ်​၏​အကျိုးဆက်​အနေ​နှင့် လူသား​တို့သည် အပြစ်ကို​အမွေခံ​ရပြီး အပြစ်​ကြောင့် သေကြ​ရသည်။ (ရောမ ၅:၁၂; ၆:၂၃) သို့သော် ယေရှုသည် လူသား​ဖခင်​တစ်ဦး​အားဖြင့် မွေးဖွား​လာ​ခြင်း​မဟုတ်သောကြောင့် အပြစ်​မရှိပေ။ ယေရှုသည် အာဒံ​ဆုံးရှုံး​ခဲ့​ရာ​နှင့် တန်ဖိုး​တူ​ရွေးနုတ်ဖိုး​အဖြစ် မိမိ၏​စုံလင်သော​လူ့​အသက်ကို လိုလိုလားလား​ဆက်သခြင်း​ဖြင့် လူသား​တို့ကို အပြစ်​တရား​လက်​မှ ကယ်တင်​ပြီး ထာဝရ​အသက် ကမ်း​လှမ်း​ခဲ့​လေ​သည်။—၁ တိမောသေ ၂:၃-၆; တိတု ၃:၆၊ ၇; ၁ ယောဟန် ၂:၂၅

အပြစ်​၏​အကျိုးဆက်များ​ကို ဖယ်ရှားခြင်း​သည် ဘာကို​ဆိုလို​ကြောင်း မြေကြီးပေါ်​အမှုဆောင်​စဉ် ယေရှု နမူနာ​ပြသ​ခဲ့​သည်။ အနာ​ရောဂါ​အမျိုးမျိုးကို ကုသ​ပေး​ခဲ့​ပြီး သေ​သူကိုပင် အသက်ပြန်ရှင်​စေ​ခဲ့​သည်။ (မဿဲ ၄:၂၃; ယောဟန် ၁၁:၁-၄၄) ထို​အံ့ဖွယ်အမှု​များ​က အနာဂတ်​တွင် ကိုယ်တော်​ပြုလုပ်​မည့်​အရာ​၏ ရှေ့ပြေး​ဖြစ်သည်။ ယေရှု​ကိုယ်တိုင် ဤသို့​မိန့်ဆို​၏– “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉

ထို​ရှင်ပြန်ထမြောက်ခြင်း​ကတိတော်​က ယေရှု​ဖွားမြင်ခြင်း၊ အထူးသဖြင့် သေခြင်း​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့်​အရေးကြီးဆုံး​ဖြစ်​ကြောင်း ရှင်းပြသည်။ ‘လောကသား​တို့သည် ကိုယ်တော်​အားဖြင့် ကယ်တင်ခြင်း​သို့​ရောက်မည်​အကြောင်း’ ဘုရားသခင်​သည် မိမိ​သားတော်ကို လောက​သို့​စေလွှတ်​တော်​မူ​၏​ဟု ယောဟန် ၃:၁၇ က​ဆို​သည်။ ထို​သတင်းကောင်း​က ယေရှု​ဖွားမြင်​သည့်​ည​တွင် သိုးထိန်း​များ​အား​ပြောဆို​ခဲ့​သော ကြွေးကြော်​ချက်​ကို သတိ​ရစေသည်။

“အလွန်​ဝမ်းမြောက်​ဝမ်းသာစရာ​သတင်း”

“သခင်​ခရစ်တော်​တည်း​ဟူသော ကယ်တင်​သော​အရှင်” မွေးဖွား​ကြောင်းကို ကောင်းကင်တမန်​များ ကြွေးကြော်​ကြ​စဉ် ယင်းသည် လူသားများ​အတွက် “အလွန်​ဝမ်းမြောက်​ဝမ်းသာစရာ​သတင်း” အမှန်​ဖြစ်​ခဲ့​၏။ (လုကာ ၂:၁၀၊ ၁၁) ထို​ကလေး​သည် ဘုရားသခင့်​လူမျိုးတော် ကြာမြင့်စွာ​က စောင့်မျှော်​ခဲ့​သည့် ကြီးမြတ်သော​ပရောဖက်၊ အုပ်စိုးရှင် မေရှိယ​ဖြစ်သည်။ (တရားဟောရာ ၁၈:၁၈; မိက္ခာ ၅:၂) မြေကြီးပေါ် ကိုယ်တော်​အသက်ရှင်ခြင်း​နှင့် သေခြင်း​သည် ယေဟောဝါ​၏ စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်းရေး​ကိစ္စ​တွင် အဓိက​ဖြစ်သော​ကြောင့် ကောင်းကင်တမန်​များ​က “ကောင်းကင်​ဘဝ​ဂ်​ဝယ် ဘုရားသခင်​သည် [ဘုန်း​တန်ခိုးတော်​ရှိ] စေ​သတည်း” ဟု​မြွက်ဆို​နိုင်​ကြ​ခြင်း​ဖြစ်သည်။—လုကာ ၂:၁၄

‘နောက်ဆုံး​အာဒံ’ ဟု​ကျမ်းစာ​တွင်​ခေါ်ဆို​ထားသော ယေရှု​က လူတစ်ဦး​သည် စမ်းသပ်မှု​များ​ကြုံ​ရ​ငြား ယေဟောဝါ​ကို​သစ္စာရှိ​နိုင်​ကြောင်း ပြသ​တော်​မူ​ခဲ့​သည်။ (၁ ကောရိန္သု ၁၅:၄၅) ထို့​ကြောင့် စာတန်​သည် ဆိုးညစ်သော​မုသာကောင်​ဖြစ်​ကြောင်း ကိုယ်တော် သက်သေထူ​ခဲ့​၏။ ယင်းကြောင့်​လည်း ကောင်းကင်​တွင် သစ္စာရှိ​ကောင်းကင်တမန်​များ ရွှင်လန်း​ခဲ့​ကြ​၏။

သို့သော် “ယေရှု​ဖွားမြင်​သော​ည​တွင် ကောင်းကင်တမန်​ကြွေးကြော်​သည့်​အတိုင်း ပြည့်စုံ​လာ​မည်​ဟု အမှန်ပင်​မျှော်လင့်​နိုင်​သလော” ဟူ​သည့်​မေးခွန်း​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။ အဖြေ​မှာ မျှော်လင့်​နိုင်​ပါ​သည်။ ကမ္ဘာ​ပေါ် ပရဒိသု​ပြန်လည်​တည်ထောင်​စေမည်​ဟူသော ဘုရားသခင့်​ရည်ရွယ်ချက် ပြည့်စုံ​ရေး​တွင် ငြိမ်သက်ခြင်း​သည် အရေးကြီးသော​အရာ​ဖြစ်သည်။ ကမ္ဘာ​တစ်ခွင် ထိုသို့​ဖြစ်လာ​သောအခါ လူ​ခပ်သိမ်း​တွင် မေတ္တာ​နှင့်​သစ္စာတရား ရှိပါ​လိမ့်​မည်။ ထို့​ကြောင့် ယေဟောဝါ​၏​ရည်ရွယ်ချက် ပြည့်စုံ​ရေး​တွင် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အား ဆန့်ကျင်​ပုန်ကန်​သူအား​လုံး​ကို ဖယ်ရှားခြင်း​လည်း​ပါဝင်​၏။ ယေဟောဝါ​၏​စံနှုန်း​များသည် အကျိုးမပြု​ဟု​ဆို​ကာ စာတန်​ကို​ထောက်ခံသူ​များ​အတွက် ယင်းသည် သတင်းကောင်း​မဟုတ်ပါ။ ပျက်စီးခြင်း​သာ ဖြစ်ပါ​လိမ့်​မည်။—ဆာလံ ၃၇:၁၁; သု. ၂:၂၁၊ ၂၂

လူအားလုံး​တွင် ငြိမ်သက်ခြင်း​ရှိပြီး စေတနာ​စိတ်​ရှိ​မည်​ဟု သိုးထိန်း​များ​ကို ကောင်းကင်တမန်​များ မပြောခဲ့​ကြောင်း သတိပြုပါ။ ယင်းအစား စတနာ​စိတ်​ရှိသူတို့​တွင် ငြိမ်သက်ခြင်း​ရှိစေ​သတည်း” ဟု​ပြော​ခဲ့​သည်။ ယင်းက ဘုရားသခင့်​မျက်နှာသာတော်​နှင့် စေတနာ​ခံစားရ​သူများကို ပြောနေခြင်း​ဖြစ်၏။ ထို​သူတို့သည် ယေဟောဝါ​ကို အမှန်တကယ်​ယုံကြည်ပြီး ယေရှု၏​သစ္စာရှိ​နောက်လိုက်​ဖြစ်လာ​ကာ ကိုယ်တော်​ကို​တုပသူ​များ​ဖြစ်သည်။ ထိုသို့​သော အမျိုးသား​အမျိုးသမီးများ​သည် အခြား​သူများကို တစ်နှစ်​တွင် ရက်​အနည်းငယ်​သာ​မဟုတ်ဘဲ နေ့စဉ် ရက်ရောမှု​နှင့် ကိုယ်ချင်းစာ​နာ​မှု​တင်ပြ​ကြသည်။

ခရစ်ယာန်​စိတ်ဓာတ် တစ်နှစ်​ပတ်လုံး​ရှိသလော

ယေရှု​ဟောပြောခဲ့​သော သတင်းကောင်းသည် လူများစွာ​၏​အသက်တာကို ဩဇာ​လွှမ်းမိုး​ခဲ့​သည်။ သူတို့​အသက်တာ​၏ ကဏ္ဍ​တိုင်း​တွင် ခရစ်ယာန်မူ​များ​ကို ကျင့်သုံး​ကြသည်။ ယခင်​က အတ္တဆန်​သူများ​သည် ယခု သူတို့​ကြုံ​ရသော အခြေအနေ​မျိုး​တွင် ယေရှု​ဆိုလျှင် ဘာလုပ်​မည်​နည်း​ဟု မေး​လာ​ကြသည်။ ရုပ်ပစ္စည်း​နှင့် အပျော်အပါး​ကို အဓိက​ထားခဲ့​သူများ​သည် ယခု ဝိညာဉ်​ရေး​စံနှုန်း​များ​၏ အရေးကြီးမှုကို အသိအမှတ်ပြု​လာပြီး ယင်း​တို့ကို အိမ်နီးချင်း​များ​အား ဝေမျှ​နေကြ​သည်။ ထိုသို့​ပြုခြင်း​ဖြင့် ရက်ရောမှု​နှင့် ကြင်နာ​မှု​ကို တစ်နှစ်​ပတ်လုံး တင်ပြ​ကြသည်။ ခရစ်ယာန်စစ်​များသည် ထိုသို့​ပင်​ဖြစ်​ရမည်ဟု သင်​မျှော်လင့်​သည်မဟုတ်​လော။

ကောင်းကင်တမန်​၏ ငြိမ်သက်ခြင်း​သတင်း​စကား နောက်ကွယ်​ရှိ အဓိပ္ပာယ်​ကို စိတ်ရင်းမှန်​သူအား​လုံး အလေးအနက်​သုံးသပ်​ပြီး ယင်း​နှင့်​အညီ ကျင့်ကြံ​မည်​ဆိုပါ​က ကမ္ဘာကြီး​အခြေအနေ ပို​ကောင်း​လာ​မည်​မှာ သေချာ​ပါ​သည်။

ဘုရားသခင့်​စေတနာ ခံစားရ​သူများ​သည် စစ်မှန်သော​ငြိမ်သက်ခြင်း​ကို ထာဝစဉ်​မွေ့လျော်​နိုင်​ကြောင်း ယေရှု​ဖွားမြင်ခြင်း​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​များ​က စိတ်ချ​စေပါ​သည်။ ထိုသို့​ပင် သင်လို​လား​သည်မဟုတ်​လော။ ယေရှု​ဖွားမြင်ချိန်​တွင် ကောင်းကင်တမန်​များ ကြွေးကြော်​ခဲ့​သော ငြိမ်သက်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​သည် အမှန်​ပြည့်စုံ​လာ​မည်​ကို ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြ​ပါ​သည်။ ခရစ္စမတ်​အချိန်​အခါ​တွင်​ပြော​သော အချည်းနှီး​စကား​များနှင့်​မတူဘဲ ငြိမ်သက်ခြင်း​သည် ထာဝရ​တည်ရှိ​လာ​မည်​မှာ သေချာ​ပါ​သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်ယာန်​စိတ်ဓာတ်​ကို တစ်နှစ်​ပတ်လုံး​တင်ပြ​နိုင်​ပြီး တင်ပြ​သင့်