မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါ၏နေ့ကြီး နီးပြီ”

“ယေဟောဝါ၏နေ့ကြီး နီးပြီ”

“ယေဟောဝါ​၏​နေ့ကြီး နီးပြီ”

“ယေဟောဝါ​၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏။” —ဇေဖနိ ၁:၁၄၊ က​ဘ။

၁၊ ၂။ (က) အဘယ်​အထူးနေ့​ကို ခရစ်ယာန်​များ စောင့်မျှော်​နေကြ​သနည်း။ (ခ) အဘယ်​မေးခွန်းများ​မေး​ရန် လိုအပ်​သနည်း။ အဘယ်ကြောင့်​နည်း။

ရွှင်လန်း​တက်ကြွ​နေသော မိန်းမပျို​တစ်ဦး​သည် လက်ထပ်​ထိမ်းမြား​မည့်​နေ့ကို စိတ်​ထက်သန်​စွာ မျှော်လင့်​စောင့်စား​နေသည်။ ကိုယ်ဝန်ဆောင်​မိခင်​တစ်ဦး​သည် မွေးဖွား​လာ​မည့်​ကလေးငယ်​ကို မြတ်နိုး​စွာ မျှော်လင့်​နေသည်။ နွမ်း​နယ်​နေသော​အလုပ်သမား​တစ်ဦး​သည် ကြာရှည်​စွာ​စောင့်မျှော်​ခဲ့​ရသော အားလပ်ရက်​ကို လွန်​စွာ​တောင့်တ​နေသည်။ ထို​သူတို့တွင် အဘယ်​ဆင်တူချက်​ရှိ​သနည်း။ သူတို့​အားလုံး​၏​ဘဝ​အပေါ် အကျိုး​သက်ရောက်မှု​ရှိ​မည့် အထူးနေ့​တစ်နေ့​ကို​စောင့်မျှော်​နေကြ​သည်။ သူတို့​လွန်​စွာ​စိတ်​လှုပ်ရှား​နေ​သော်လည်း တစ်ဦး​နှင့်​တစ်ဦး​မတူကြ​ပေ။ နောက်ဆုံး သူတို့​စောင့်မျှော်သော​နေ့ ရောက်လာ​မည်​ဖြစ်​ပြီး ယင်း​အတွက် အသင့်​ဖြစ်နေ​ကြ​မည်​ဖြစ်သည်။

ယနေ့ ခရစ်ယာန်စစ်​များလည်း အထူးနေ့​တစ်နေ့​ကို ထက်သန်​စွာ​စောင့်မျှော်​နေကြ​သည်။ ယင်း​မှာ ‘ယေဟောဝါ​၏​နေ့ကြီး’ ဖြစ်သည်။ (ဟေရှာယ ၁၃:၉; ယောလ ၂:၁; ၂ ပေတရု ၃:၁၂) ရောက်လာ​မည့် ‘ယေဟောဝါ​၏​နေ့’ ကား အဘယ်နည်း။ ထို​နေ့​ရောက်ရှိခြင်း​က လူသားထု​အပေါ် မည်သို့​အကျိုး​သက်ရောက်​မည်​နည်း။ ထို​နေ့ရက်​အတွက် မည်သို့​အသင့်​ဖြစ်နေ​နိုင်​သနည်း။ အဆိုပါ​မေးခွန်းများ​၏​အဖြေကို ယခု​ပင်​ရှာဖွေ​ရန် အလွန်​အရေးကြီး​သည်။ အကြောင်း​မှာ “ယေဟောဝါ​၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏” ဟူသော ကျမ်း​စကား​များ​မှန်ကန်ကြောင်း သက်သေ​အထောက်အထား​များ​က ဖော်ပြ​နေသော​ကြောင့်​ပင်​ဖြစ်သည်။—ဇေဖနိ ၁:၁၄က​ဘ။

“ယေဟောဝါ​၏​နေ့ကြီး”

၃။ “ယေဟောဝါ​၏​နေ့ကြီး” ကား အဘယ်နည်း။

“ယေဟောဝါ​၏​နေ့ကြီး” ကား အဘယ်နည်း။ ကျမ်းစာ​တစ်အုပ်လုံး​တွင် ‘ယေဟောဝါ​၏​နေ့’ ဟူသော​အသုံးအနှုန်း​သည် ကိုယ်တော်​၏​ရန်သူများ​ကို တရား​စီရင်​ပြီး နာမတော်မြတ်​ကို ဂုဏ်တင်သော အထူး​အချိန်​အခါ​များ​ကို ရည်ညွှန်း​သည်။ သစ္စာမဲ့သော ယုဒ​နှင့်​ယေရုရှလင်၊ ရက်စက်​ကြမ်းကြုတ်​သော ဗာဗုလုန်​နှင့်​အီဂျစ်​လူမျိုး​တို့သည် ယေဟောဝါ​၏​တရား​စီရင်ခြင်း​ခံရ​ချိန်​တွင် ‘ယေဟောဝါ​၏​နေ့’ ကို ရင်ဆိုင်ခဲ့​ရသည်။ (ဟေရှာယ ၂:၁၊ ၁၀-၁၂; ၁၃:၁-၆; ယေရမိ ၄၆:၇-၁၀) သို့သော် “ယေဟောဝါ​၏​နေ့ကြီး” ရောက်လာ​ရန် ရှိသေး​သည်။ ထို​နေ့​သည် ယေဟောဝါ​၏​နာမတော်​အား ရှုတ်ချ​ဂုဏ်ဖျက်​သူများကို တရား​စီရင်​မည့် “နေ့” ဖြစ်သည်။ ယင်းသည် ကမ္ဘာ့​အယူမှား​ဘာသာရေး​အင်ပါယာ​ဖြစ်သော “မဟာ​ဗာဗုလုန်” ကို​ဖျက်ဆီးခြင်း​ဖြင့် အစပြု​မည်​ဖြစ်​ပြီး အစီအစဉ်​စနစ်ဆိုး​၏ ကျန်​အစိတ်အပိုင်း​များ​ကို အာမဂေဒုန်​တွင် လက်စတုံး​ဖျက်ဆီးခြင်း​ဖြင့် အထွတ်အထိပ်​ရောက်​ပေ​လိမ့်​မည်။—ဗျာ. ၁၆:၁၄၊ ၁၆; ၁၇:၅၊ ၁၅-၁၇; ၁၉:၁၁-၂၁

၄။ အလျင်အမြန်​ချဉ်းကပ်​လာ​နေသော ယေဟောဝါ​၏​နေ့ကို လူအများစု အဘယ်ကြောင့်​ကြောက်ရွံ့​သင့်​သနည်း။

ထို​အကြောင်း​များ​ကို လူအများစု သိ​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ အလျင်အမြန်​ချဉ်းကပ်​လာ​နေသော ယေဟောဝါ​၏​နေ့ရက်​ကို သူတို့ ကြောက်ရွံ့​သင့်​၏။ အဘယ်ကြောင့်​နည်း။ ပရောဖက်​ဇေဖနိ​မှ​တစ်ဆင့် ယေဟောဝါ​ဤသို့​အဖြေပေး​သည်– “ထို​နေ့​သည် အမျက်ထွက်​သော​နေ့၊ ဆင်းရဲ​ပူပန်ခြင်း​ကို​ခံရ​သော​နေ့၊ သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့၊ အလင်းကွယ်​၍ မှောင်မိုက်​သော​နေ့၊ မိုးအုံ့​၍​ထူထပ်​သော​မှောင်မိုက် ဖုံးလွှမ်း​သော​နေ့” ဖြစ်၏။ အမှန်​ကြောက်ရွံ့​ဖွယ်​ပင်! ပရောဖက်​က ဤသို့​ဆက်ဆို​သည်– ‘သူတို့သည် ထာဝရ​ဘုရားသခင်​ကို ပြစ်မှား​သောကြောင့် သူတို့ကို ငါ​ညှဉ်းဆဲ​မည်။’—ဇေဖနိ ၁:၁၅၊ ၁၇

၅။ ယေဟောဝါ​၏​နေ့​နှင့်​ပတ်သက်​၍ လူ​သန်းပေါင်း​များစွာ​တွင် အဘယ်​အပြုသဘောထား​ရှိ​သနည်း။ အဘယ်ကြောင့်​နည်း။

သို့သော် လူ​သန်းပေါင်း​များစွာ​တို့​မူ ယေဟောဝါ​၏​နေ့ ရောက်လာ​ရန် ထက်သန်​စွာ စောင့်မျှော်​နေကြ​သည်။ အဘယ်ကြောင့်​နည်း။ ထို​နေ့​သည် ယေဟောဝါ​ကိုယ်တိုင် ချီးမြှောက်​ခံရ​ပြီး ဘုန်း​ရှိသော​နာမတော် သန့်ရှင်း​မြင့်မြတ်​မည့်​နေ့​ဖြစ်သည့်​အပြင် ဖြောင့်မတ်​သူတို့​အတွက် ကယ်တင်ခြင်း​နှင့် ကယ်နုတ်​ချိန်​လည်း​ဖြစ်​ကြောင်း သူတို့​သိရှိ​သောကြောင့်​ဖြစ်သည်။ (ယောလ ၃:၁၆၊ ၁၇; ဇေဖနိ ၃:၁၂-၁၇) ထို​နေ့ကို ကြောက်ရွံ့​ခြင်း သို့​မဟုတ် ထက်သန်​စွာ စောင့်မျှော်​ခြင်း​သည် ယနေ့ မိမိတို့​အသက်တာကို အသုံးပြု​နေ​ပုံ​အပေါ် များစွာ​မူတည်​သည်။ ချဉ်းကပ်​လာ​နေသည့် ထို​နေ့ကို သင်​မည်သို့​ရှုမြင်​သနည်း။ သင်​အသင့်​ဖြစ်နေ​ပြီ​လော။ ယေဟောဝါ​၏​နေ့ အလွန်​နီးပြီ​ဟူ​သည့်​အချက်​က ယခု​ပင် သင့်​နေ့စဉ်​အသက်တာအပေါ် သက်ရောက်မှု​ရှိပါ​သလော။

‘ပြက်ရယ်ပြု​တတ်သော​သူတို့သည် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်’

၆။ လူအများစု​သည် ယေဟောဝါ​၏​နေ့ကို မည်သို့​ရှုမြင်ကြ​သနည်း။ ယင်းကို ခရစ်ယာန်စစ်​များ အဘယ်ကြောင့် မအံ့သြ​ကြ​သနည်း။

ဤမျှ​အရေးကြီး​သည့်​အချိန်တွင် လူ​အများစုမှာ ချဉ်းကပ်​လာ​နေသော ‘ယေဟောဝါ​၏​နေ့’ ကို အလေး​မထား​ကြ​ချေ။ ထို​နေ့​ရောက်တော့​မည်​ဟု သတိပေး​သူများကို သူတို့​လှောင်ပြောင်​ကြသည်။ ယင်းကို ခရစ်ယာန်စစ်​များ မအံ့သြ​ကြ​ပေ။ တမန်​တော်​ပေတရု​၏ ဤ​သတိပေး​ချက်​ကို သူတို့​အမှတ်ရ​ကြသည်– “ရှေးဦး​စွာ​သိမှတ်​အပ်သော​အရာ​မူ​ကား နောက်ဆုံးသော​ကာလ​၌ ပြက်ရယ်ပြု​တတ်သော​သူတို့သည် မိမိတို့​တပ်မက်​ခြင်း​အတိုင်း​ကျင့်​နေ၍ ‘သခင်​ဘုရား​ကြွလာ​မည်​ဟူသော ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း။ ဘိုးဘေး​များ​အိပ်ပျော်​သည်​နောက် ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​စ​က​ဖြစ်​သကဲ့သို့ ဖြစ်မြဲ​ဖြစ်​ကြ​၏’ ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်။”—၂ ပေတရု ၃:၃၊ ၄

၇။ အရေးတကြီး​သဘောထား ဆက်​ရှိနေ​ရန် အဘယ်အရာက ထောက်ကူ​ပေး​သနည်း။

အဆိုပါ​အပျက်သဘော​ကို တွန်းလှန်​ရန်​နှင့် အရေးတကြီး​သဘောထား ဆက်​ရှိနေ​ရန် အဘယ်အရာက ထောက်ကူ​ပေး​သနည်း။ ပေတရု ဤသို့​ဆို​သည်– “သန့်ရှင်းသော​ပရောဖက်​တို့သည် အထက်​က​ဟောပြောသော စကား​များ​ကိုလည်း​ကောင်း၊ ကယ်တင်​တော်​မူ​သော​အရှင်သခင်​ဘုရား​၏ တမန်​တော်​ဖြစ်သော ငါ​တို့၏​ပညတ်​တို့ကို​လည်းကောင်း သင်တို့သည် အောက်မေ့​စေခြင်း​ငှာ ဤ​စာ​နှစ်စောင်​၌ သင်တို့၏​ကြည်ဖြူ​သော​စိတ်​ဝိညာဉ် [“ကြည်လင်​သော စဉ်းစား​တွေးခေါ်​နိုင်စွမ်း၊” က​ဘ] တို့ကို ငါ​သတိပေး​၍​နှိုးဆော်​၏။” (၂ ပေတရု ၃:၁၊ ၂) ပရောဖက်ပြုချက်​ဆိုင်ရာ သတိပေး​ချက်​များ​ကို ဂရုပြု​ခြင်း​က ကျွန်ုပ်​တို့၏ ‘ကြည်လင်​သော စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ကို နှိုးဆော်’ နိုင်​ရန် အထောက်အကူ​ပြု​သည်။ ထို​သတိပေး​ချက်​များ​ကို အထပ်ထပ်​ကြား​ခဲ့​ပြီး​ဖြစ်​ပေမည်။ သို့သော် ယနေ့​အချိန်​သည် ယင်း​တို့ကို ယခင်​က​ထက်​ပို​၍ ဂရုပြု​နေရ​မည့်​အချိန်​ဖြစ်သည်။—ဟေရှာယ ၃၄:၁-၄; လုကာ ၂၁:၃၄-၃၆

၈။ လူများစွာ​သည် ကျမ်းစာ​သတိပေး​ချက်​များ​ကို အဘယ်ကြောင့် လျစ်လျူရှု​ကြ​သနည်း။

အဆိုပါ​သတိပေး​ချက်​များ​ကို အချို့​သူတို့ အဘယ်ကြောင့် လျစ်လျူရှု​ကြ​သနည်း။ ပေတရု ဤသို့​ဆက်​ပြော​သည်– ‘ရှေး​ကာလ​၌ မိုးကောင်းကင်ကို​လည်းကောင်း၊ ရေ​ထဲ​က​ထွက်၍ ရေ​ဖြင့်​တည်​သော​မြေကြီးကို​လည်းကောင်း ဘုရားသခင်​၏​နှုတ်မြွက်တော်​သည် ဖြစ်စေ​တော်​မူ​ကြောင်း​နှင့် ဖြစ်​ဖူး​သော​လောကဓာတ်​ကို ထိုသို့​အားဖြင့် ရေ​နှင့်​လွှမ်း​မြှုပ်​၍​ဖျက်ဆီး​ကြောင်းကို ထို​သူတို့သည် မှတ်မိ​ချင်​သော​စိတ်​မရှိကြ။’ (၂ ပေတရု ၃:၅၊ ၆) မှန်ပါသည်၊ အချို့​သူတို့သည် ယေဟောဝါ​၏​နေ့​ရောက်လာ​ရန် တောင့်တစိတ်​မရှိကြ​ပေ။ သူတို့၏​အသက်တာကို အဘယ်အရာကမျှ ဝင်​မ​စွက်​စေ​လို​ပေ။ ကိုယ်ကျိုးရှာ​ဘဝ​ပုံစံ​အတွက် ယေဟောဝါ​နှင့် စာရင်း​မ​ရှင်း​လို​ကြ​ပေ။ ပေတရု​ဖော်ပြ​သကဲ့သို့ သူတို့သည် “မိမိတို့​တပ်မက်​ခြင်း​အတိုင်း​ကျင့်​နေ” ကြသည်။

၉။ နောဧ​နှင့်​လောတ​လက်ထက်​ရှိ လူတို့သည် အဘယ်​သဘောထား တင်ပြ​ခဲ့​သနည်း။

ထို​ပြက်ရယ်ပြု​သူများ​သည် လူ့​အရေးကိစ္စ​များ​တွင် ယေဟောဝါ တစ်ချိန်က​ဝင်စွက်​ခဲ့​ကြောင်း လျစ်လျူရှု​လို “စိတ်” ရှိကြသည်။ “နောဧ​လက်ထက်” နှင့် “လောတ​လက်ထက်” တွင် ထိုသို့​သော​အခြေအနေ​မျိုး​ရှိခဲ့​ကြောင်း ယေရှု​ခရစ်​နှင့် တမန်​တော်​ပေတရု​တို့ ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၇:၂၆-၃၀; ၂ ပေတရု ၂:၅-၉) ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က လူတို့သည် နောဧ​၏​သတိပေး​ချက်​ကို သတိမမူ​ကြ​ပေ။ ထို​နည်းတူ သောဒုံ​နှင့်​ဂေါမောရ​မြို့​မပျက်စီး​မီ လောတ​၏​သမက်​များသည် လောတ “ကျီစားဟန်​ရှိသည်” ဟု​ထင်​ခဲ့​ကြသည်။—ကမ္ဘာဦး ၁၉:၁၄

၁၀။ သတိမမူ​ကြ​သူများကို ယေဟောဝါ​မည်သို့​တုံ့ပြန်​သနည်း။

၁၀ ယနေ့လည်း ထို​နည်းတူ​ပင်။ သို့သော် သတိမမူ​သူများ​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​တုံ့ပြန်​ပုံ​ကို သတိပြု​ကြည့်​ပါ– ‘“ထာဝရ​ဘုရားသခင်​သည် ကျေးဇူး​ကိုလည်း​မပြု၊ အပြစ်ကို​လည်း​မပေး” ဟု​အောက်မေ့​လျက် မိမိတို့​အနည်​အဖတ်​ပေါ်​၌ နေရာကျ​သော​သူတို့ကို ငါ​စစ်ကြော​မည်။ ထို​သူတို့၏​ဥစ္စာ​ကို သူတစ်ပါး​လု​ယူ၍ သူတို့၏​နေရာ​သည် လူဆိတ်ညံ​လျက်​ရှိ​လိမ့်​မည်။ အိမ်ကို​ဆောက်​သော်လည်း မနေ​ရ​ကြ။ စပျစ်​ဥယျာဉ်​ကို​စိုက်​သော်လည်း စပျစ်​ရည်​ကို​မ​သောက်​ရ​ကြ။’ (ဇေဖနိ ၁:၁၂၊ ၁၃) လူတို့သည် မိမိတို့၏​နေ့စဉ် “လုပ်ရိုးလုပ်စဉ်” များနှင့် ဆက်​အလုပ်များ​နေကြ​ပေမည်။ သို့သော် သူတို့၏​ကြိုးစား​အားထုတ်မှု​များ​မှ မည်သည့်​ရေရှည်​အကျိုးကို​မျှ ရရှိကြ​မည်​မဟုတ်ပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​၏​နေ့ ရုတ်တရက်​ရောက်လာ​မည်​ဖြစ်​ပြီး သူတို့​စုဆောင်း​ရသော စည်းစိမ်ဥစ္စာ​က သူတို့ကို ကယ်တင်​နိုင်​မည်​မဟုတ်သောကြောင့်​ဖြစ်သည်။—ဇေဖနိ ၁:၁၈

‘မျှော်လင့်​လျက်​နေလော့’

၁၁။ အဘယ်​သတိပေး​ချက်​ကို စိတ်​စွဲမှတ်​ထား​သင့်​သနည်း။

၁၁ ကျွန်ုပ်​တို့​ဝန်းကျင်ရှိ ဆိုးသွမ်း​သော​လောက​နှင့်​မတူဘဲ ပရောဖက်​ဟဗက္ကုတ်​ရေးသားသော ဤ​သတိပေး​ချက်​ကို စိတ်​စွဲမှတ်​ထား​ရမည်– ‘ထို​စိတ်အာရုံ​သည် ချိန်းချက်သော​အချိန်​နှင့်​ဆိုင်၍ အမှု​ကုန်​ရသော​ကာလ​ကို ဆိုလို​၏။ မုသာ​နှင့်​ကင်းလွတ်​၏။ ဆိုင်း​သော်လည်း​မျှော်လင့်​လော့။ နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။’ (ဟဗက္ကုတ် ၂:၃) ထို​နေ့​သည် မစုံလင်​သော​လူ့​ရှုထောင့်​မှ​ကြည့်​လျှင် နောက်ကျ​နေ​ပုံ​ရနိုင်​သော်လည်း ယေဟောဝါ​သည် နှေး​တော်​မ​မူ​ကြောင်း သတိရ​နေရ​မည်။ ကိုယ်တော်​၏​နေ့​သည် လူသားများ မျှော်လင့်​မထား​သော​အချိန်တွင် အတိအကျ​ရောက်လာ​မည်​ဖြစ်သည်။—မာကု ၁၃:၃၃; ၂ ပေတရု ၃:၉၊ ၁၀

၁၂။ ယေရှု မည်သို့​သတိပေး​ခဲ့​သနည်း။ ယင်းသည် ကိုယ်တော့်​သစ္စာရှိ​နောက်လိုက်​များ​၏ ပြုမူပုံ​နှင့် မည်သို့​ကွာခြား​သနည်း။

၁၂ ယေဟောဝါ​၏​နေ့ကို မျှော်လင့်​နေ​ရန် အရေးကြီးကြောင်း အလေးပေး​လျက် ယေရှု​က မိမိ၏​နောက်လိုက်​အချို့​ပင် အရေးတကြီး​သဘောထား ပျောက်ဆုံး​သွား​မည်​ဟု သတိပေး​ခဲ့​သည်။ သူတို့နှင့်​ပတ်သက်​၍ ဤသို့​ကြိုပြော​ခဲ့​သည်– “အ​ကြင်​ကျွန်ဆိုး​က ‘ငါ့​အရှင်​လာ​ခဲ​လိမ့်​မည်’ ဟု စိတ်ထဲ​၌​အောက်မေ့​သည်​နှင့် ကျွန်ချင်း​တို့ကို​ရိုက်ပုတ်​လျက် သေ​သောက်ကြူး​သော​သူတို့နှင့်​တကွ စားသောက်​လျက်​နေ​၏။ ထို​ကျွန် မကြည့်​မမျှော်​သော​နေ့ရက်၊ မကြား​မသိသော​အချိန်နာရီ​၌ သခင်သည် ရောက်လာ​လျှင် ထို​ကျွန်​ကို ပြင်းပြ​စွာ​ဆုံးမ​၍ ငိုကြွေးခြင်း၊ အံသွား​ခဲ​ကြိတ်​ခြင်း​ရှိရာ​အရပ်၌ လျှို့ဝှက်​သော​သူတို့နှင့်​တကွ နေရာချ​လတ္တံ့။” (မဿဲ ၂၄:၄၈-၅၁) ယင်း​နှင့်​ကွာခြား​လျက် သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​အတန်းအစား​သည် အရေးတကြီး​သဘောထားကို သစ္စာရှိ​ရှိ ဆက်​ထိန်းထား​ကြသည်။ သူတို့သည် စောင့်နေ​ကြ​ပြီး ကိုယ်တိုင်​အသင့်​ဖြစ်နေ​ကြသည်။ ထို့​ကြောင့် ယေရှုသည် မြေကြီးပေါ်​ရှိ “မိမိ​ဥစ္စာ​ရှိသမျှ​တို့ကို” သူတို့၌​အပ်နှင်း​တော်​မူ​သည်။—မဿဲ ၂၄:၄၂-၄၇

အရေးတကြီး​ပြုမူ​ရန် လိုအပ်

၁၃။ အရေးတကြီး​သဘောထား​ရှိ​ရန် လိုအပ်ကြောင်း ယေရှု​မည်သို့​အလေးပေး​ခဲ့​သနည်း။

၁၃ ပထမ​ရာစု​ခရစ်ယာန်​များ​တွင် အရေးတကြီး​သဘောထား​ရှိနေ​ရန် အလွန်​အရေးကြီး​သည်။ “ယေရုရှလင်​မြို့ကို ဗိုလ်ခြေများ​ဝန်းရံ​လျက်​ရှိသည်​ကို” သူတို့​မြင်​သောအခါ ထို​မြို့မှ ချက်ချင်း​ထွက်ပြေး​ရမည်​ဖြစ်သည်။ (လုကာ ၂၁:၂၀၊ ၂၁) အေဒီ ၆၆ တွင် ယင်း​သို့​ဖြစ်ပျက်​ခဲ့​၏။ ထို​အချိန်​မှ​ခရစ်ယာန်​များ အရေးတကြီး​ပြုလုပ်​ရန် လိုအပ်ကြောင်း ယေရှု အလေးပေး​ဖော်ပြ​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ– “အိမ်မိုး​ပေါ်မှာ​ရှိသောသူ​သည် အိမ်ထဲ​က​ဥစ္စာ​ကို​ယူခြင်း​ငှာ မဆင်း​စေ​နှင့်။ လယ်​၌​ရှိသောသူ​လည်း မိမိ​အဝတ်ကို​ယူခြင်း​ငှာ နောက်သို့​မပြန်​စေ​နှင့်။” (မဿဲ ၂၄:၁၇၊ ၁၈) သို့သော် ယေရုရှလင်သည် နောက်ထပ်​လေးနှစ်​ကြာ မပျက်စီး​ဘဲ ဆက်လက်​တည်ရှိ​ခဲ့​သည်​ဟု သမိုင်းက​ဖော်ပြ​၏။ သို့​ဆိုလျှင် ခရစ်ယာန်​များသည် အေဒီ ၆၆ တွင် ယေရှု၏​စကား​များ​ကို အဘယ်ကြောင့် အရေးတကြီး​လိုက်နာ​ရန် လိုအပ်​ခဲ့​သနည်း။

၁၄၊ ၁၅။ ပထမ​ရာစု​ခရစ်ယာန်​များသည် ယေရုရှလင်​မြို့ကို ဗိုလ်ခြေများ​ဝန်းရံ​လျက်​ရှိသည်​ကို မြင်​သောအခါ ချက်ချင်း​ထွက်ပြေး​ရန် အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

၁၄ ရောမ​စစ်တပ်​သည် ယေရုရှလင်​မြို့ကို အေဒီ ၇၀ ရောက်​မှ ဖျက်ဆီး​ခဲ့​သည်​မှာ မှန်​သော်လည်း ထို​လေးနှစ်တာ​ကာလ​သည် ငြိမ်သက်​အေးချမ်း​ခဲ့​သလော။ ဝေးလေစွ! ထို​နှစ်များ​သည် အကြမ်းဖက်မှု၊ လူသတ်မှု​များ​ဖြင့် သွေးစွန်းခဲ့​သည်။ သမိုင်း​ပညာရှင်​တစ်ဦး​က ထို​အချိန်အတွင်း ယေရုရှလင်​ရှိ​အခြေအနေ​ကို “ရက်စက်​လွန်း​အား​ကြီးသော အပြု​အမူ​များ​ဖြင့်​ဒွန်တွဲ​နေသည့် ကြောက်​ခ​မ​န်း​လိ​လိ သွေး​ချောင်း​စီး​သော ပြည်တွင်းစစ်” အဖြစ် ဖော်ပြ​သည်။ စစ်​အင်အား​တောင့်တင်း​စေရန်၊ လက်နက်များ သယ်ဆောင်​ရန်​နှင့် စစ်မှုထမ်း​ရန် လူငယ်များ​ကို စုဆောင်း​ခဲ့​သည်။ နေ့စဉ် စစ်ရေး​လေ့ကျင့်​ရသည်။ ဂျူး​များ​ကို အပြည့်အဝ မထောက်ခံ​သူများ​အား သစ္စာဖောက်​များ​အဖြစ် ရှုမြင်​ကြသည်။ ခရစ်ယာန်​များ​သာ ထို​မြို့တွင်​ဆက်​ရှိနေ​ပါ​က အလွန်​အန္တရာယ်​ရှိ​နိုင်​သည်။—မဿဲ ၂၆:၅၂; မာကု ၁၂:၁၇

၁၅ မှတ်သား​စ​ရာ​မှာ ယေရုရှလင်​၌​သာ​မဟုတ်ဘဲ “ယုဒပြည်​၌​ရှိသောသူ​တို့” ကို​ထွက်ပြေး​ရန် ယေရှု​မိန့်ဆို​ခြင်း​ဖြစ်သည်။ ယင်း​သို့​ပြုလုပ်​ရန် အရေးကြီးရ​ခြင်း​မှာ ရောမ​စစ်တပ်​များသည် ယေရုရှလင်​မှ​ဆုတ်ခွာ​ပြီး လအနည်းငယ်​အကြာတွင် ပြန်လည်​ထိုးစစ်​ဆင်​ခဲ့​သောကြောင့်​ဖြစ်သည်။ ဦးဆုံး အေဒီ ၆၇ တွင် ဂါလိလဲ​နယ်​ကို​အောင်နိုင်​သည်။ နောက်​နှစ်​တွင် ယုဒ​နယ်​တစ်ဝန်းလုံး​ကို စနစ်တကျ​သိမ်းယူ​ခဲ့​သည်။ ယင်းကြောင့် ကျေးလက်​ဒေသ​တစ်လျှောက်​လုံး အကြီးအကျယ်​ဒုက္ခ​ရောက်​ခဲ့​သည်။ ယေရုရှလင်​မှ ထွက်ပြေး​လို​သည့် ဂျူး​များ​အတွက် အလွန်​ခက်ခဲ​လာ​သည်။ မြို့တံခါး​များ​တွင် အစောင့်​ချထား​သည်။ ထွက်ပြေး​ဖို့ ကြိုးစား​သူ​တိုင်း ရောမ​ထံ​ခိုလှုံ​သည်​ဟု ယူမှတ်​ခံရ​သည်။

၁၆။ ဆင်းရဲ​ခက်ခဲ​သော​ကာလ​မှ လွတ်မြောက်​နိုင်​ရန် ပထမ​ရာစု​ခရစ်ယာန်​များ​တွင် အဘယ်​သဘောထား​ရှိ​ရမည်​နည်း။

၁၆ ထို​အချက်​အားလုံး​ကို​ကြည့်​လျှင် အချိန်​အခါ​၏​အရေးကြီးမှုကို ယေရှု​အဘယ်ကြောင့် အလေးပေး​ခဲ့​ရ​ကြောင်း နားလည်​နိုင်​ပါ​သည်။ ခရစ်ယာန်​များသည် ရုပ်ပစ္စည်း​ပိုင်ဆိုင်မှု​များ​ကြောင့် အာရုံလွဲ​မသွား​ဘဲ ကိုယ်ကျိုး​စွန့်​ရန် လိုလိုလားလား​ရှိကြ​ရမည်။ ယေရှု၏​သတိပေး​ချက်​ကို နာခံ​နိုင်​ရန် ‘မိမိ​၌​ရှိသမျှကို​စွန့်’ သည်​အထိ လိုလိုလားလား​ရှိ​ရမည်။ (လုကာ ၁၄:၃၃) မဆိုင်းမတွ​နာခံ​ပြီး ယော်ဒန်​မြစ်​တစ်ဖက်​သို့​ကူးသွား​သူတို့​သာ အသက်ချမ်းသာ​ရခဲ့​ကြသည်။

အရေးတကြီး​သဘောထား ဆက်​ထိန်းထား​ခြင်း

၁၇။ ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထားကို အဘယ်ကြောင့် ခိုင်မာ​စေ​သင့်​သနည်း။

၁၇ ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ဆုံးခန်း​ကာလ​၏​အဆုံးပိုင်း​တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြောင်း ရှင်းလင်းစွာ​ဖော်ပြ​သည်။ တစ်ခါ​နှင့်​မျှ​မတူ​အောင် အရေးတကြီး​သဘောထားကို ခိုင်မာ​စေ​ရမည်။ စစ်သား​တစ်ဦး​သည် ငြိမ်သက်​အေးချမ်း​နေချိန်​တွင် စိုးရိမ်​ပူပန်မှု​နှင့် စစ်ပွဲ​၏​အန္တရာယ်ကို ခံစားရ​မည်​မဟုတ်ပေ။ သို့သော် အရေးတကြီး​သဘောထား​မရှိသော​ကြောင့် ရုတ်တရက် စစ်တိုက်​ထွက်​ရမည်​ဆိုပါ​က ကောင်းစွာအသင့်​မဖြစ်​ဘဲ သေဆုံး​မည်​သာ​ဖြစ်သည်။ ဝိညာဉ်​ရေး​သဘော​အရ​လည်း အလားတူ​ပင်။ ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထား ပျောက်ဆုံး​မည်​ဆိုပါ​က တိုက်ခိုက်မှု​များ​ကို ခုခံ​ကာကွယ်​ရန် အသင့်​ဖြစ်​မနေ​ဘဲ ယေဟောဝါ​၏​နေ့​ရောက်လာသော​အခါ သတိမဲ့​နေ​မည်​ဖြစ်သည်။ (လုကာ ၂၁:၃၆; ၁ သက်သာလောနိတ် ၅:၄) ယေဟောဝါ​၏ “နောက်​တော်​သို့​မလိုက်၊ ဆုတ်​သွားသော​သူ” တို့အတွက် ယခု​အချိန်​သည် ကိုယ်တော်​ကို​ပြန်​ရှာ​ရမည့်​အချိန်​ဖြစ်သည်။—ဇေဖနိ ၁:၃-၆; ၂ သက်သာလောနိတ် ၁:၈-၁၀

၁၈၊ ၁၉။ “ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်” ကို မျှော်လင့်​တောင့်တ​နေ​ရန် အဘယ်အရာက ထောက်ကူ​သနည်း။

၁၈ ထို့​ကြောင့် “ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်” ကို မျှော်လင့်​တောင့်တ​နေ​ရန် တမန်​တော်​ပေတရု​သတိပေး​ခဲ့​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ မည်သို့​မျှော်လင့်​တောင့်တ​နိုင်​သနည်း။ တစ်နည်း​မှာ ‘သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​အားဖြင့်’ ဖြစ်သည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ထိုသို့​မပြတ်​လုပ်ဆောင်နေ​ခြင်း​က ရောက်လာ​မည့် ယေဟောဝါ​၏​နေ့ကို ထက်သန်​စွာ​မျှော်လင့်​နေ​ရန် ထောက်ကူ​ပေး​သည်။ “မျှော်လင့်​တောင့်တ” ဟူသော​ဂရိ​စကားလုံး​ကို စာသား​အရ “အရှိန်မြှင့်​တင်​ခြင်း” ဟု​ပြန်ဆို​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နေ့​ရောက်​ရန် ကျန်ရှိ​နေသည့်​အချိန်ကို အရှိန်မြှင့်​တင်၍​မရနိုင်​ပါ။ သို့​တိုင် ထို​နေ့ကို​စောင့်မျှော်​စဉ် ဘုရားသခင့်​လုပ်ငန်းတော်တွင် အလုပ်များ​နေပါက အချိန်​သည် ကုန်​မှန်း​မသိ လျင်မြန်​စွာ​ကုန်ဆုံး​သွားပေ​မည်။—၁ ကောရိန္သု ၁၅:၅၈

၁၉ ထို​နည်းတူ ဘုရားသခင့်​နှုတ်မြွက်တော်​ပါ သတိပေး​ချက်​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က ထို​နေ့ “ရောက်လာ​ရန် စိတ်​ထက်သန်​စွာ​တောင့်တ (မျှော်လင့်​စောင့်စား၊ အရှိန်မြှင့်​တင်)” စေပြီး “အဆက်မပြတ် မျှော်လင့်​စောင့်စား” နေစေပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၂အကျယ်​ဖွင့်ဆို​သည့်​သမ္မာကျမ်း; ဝီလျံ​ဘား​ကလေး​၏ ဓမ္မသစ်​ကျမ်း) ထို​သတိပေး​ချက်​များ​တွင် ရောက်ရှိ​လာ​မည့် ယေဟောဝါ​၏​နေ့အကြောင်း​သာမက ‘ယေဟောဝါ​ကို​ငံ့​လင့်’ သူများ​အပေါ် ရွာ​သွန်းဖြိုး​မည့် ကောင်းချီး​အလျှံပယ်​အကြောင်းကိုပါ ကြိုဟော​ထားသော ပရောဖက်ပြုချက်​များ​ပါဝင်​သည်။—ဇေဖနိ ၃:၈

၂၀။ အဘယ်​တိုက်တွန်းချက်​ကို နှလုံး​သွင်း​သင့်​သနည်း။

၂၀ ယခု​အချိန်​သည် ပရောဖက်​ဇေဖနိ​မှ​တစ်ဆင့်​ပေး​ခဲ့​သော ဤ​တိုက်တွန်းချက်​ကို အမှန်ပင် နှလုံး​သွင်း​ရမည့်​အချိန်​ဖြစ်သည်– ‘ထာဝရ​ဘုရားသခင်​၏ ပြင်းစွာ​သော​အမျက်တော်​သည် သင်တို့​အပေါ်​သို့​မ​ရောက်၊ ထာဝရ​ဘုရားသခင်​၏​အမျက်တော်နေ့​သည် သင်တို့​အပေါ်​သို့​မရောက်မီ ကိုယ်ကို​စစ်ကြော​ကြလော့။ တရားတော်​အတိုင်း​ကျင့်​၍ စိတ်​နှိမ့်ချသော ပြည်သူပြည်သား​အပေါင်း​တို့ ထာဝရ​ဘုရားသခင်​ကို ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း ရှာ​ကြလော့။ ထာဝရ​ဘုရားသခင် အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။’—ဇေဖနိ ၂:၂၊ ၃

၂၁။ ၂၀၀၇ ခုနှစ်​အတွင်း ယေဟောဝါ​လူမျိုး၏​သန္နိ​ဋ္ဌာန်​ကား အဘယ်အရာ​ဖြစ်​မည်​နည်း။

၂၁ ထို့​ကြောင့် “ယေဟောဝါ​၏​နေ့ကြီး နီးပြီ” ဟူသော​ကျမ်းချက်​ကို ၂၀၀၇ ပြက္ခဒိန်​နှစ်​၏ နှစ်ချုပ်​ကျမ်းချက်​အဖြစ် ရွေးချယ်ခြင်း​က အလွန်​သင့်တော်​လှ​သည်! ထို​နေ့ရက် ‘နီးပြီ၊ အလျင်အမြန်​လာ’ နေပြီ​ဖြစ်​ကြောင်း ဘုရားသခင့်​လူမျိုး​တို့ ယုံကြည်​စိတ်ချ​ကြသည်။ (ဇေဖနိ ၁:၁၄) ‘နောက်ကျ’ လိမ့်​မည်​မဟုတ်ပေ။ (ဟဗက္ကုတ် ၂:၃) ထို့​ကြောင့် ထို​နေ့ကို​စောင့်ဆိုင်း​စဉ် ကျွန်ုပ်​တို့​အသက်ရှင်နေ​သည့်​အချိန်ကာလ​ကို အမြဲ​သတိပြု​နေပြီး အဆိုပါ​ပရောဖက်ပြုချက်​များ​၏ နောက်ဆုံး​ပြည့်စုံချက်​သည် လက်တစ်ကမ်း​သာ​လို​တော့​ကြောင်း သိ​နားလည်​ကြပါစို့!

သင်​ဖြေဆို​နိုင်​သလော

• “ယေဟောဝါ​၏​နေ့ကြီး” ကား​အဘယ်နည်း။

• အချိန်ကာလ​၏​အရေးကြီးမှုကို လူများစွာ အဘယ်ကြောင့် လျစ်လျူရှု​ကြ​သနည်း။

• ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် အရေးတကြီး​သဘောထား​ဖြင့် ပြုမူ​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။

• ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထားကို မည်သို့ ခိုင်မာ​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ အကျဉ်း​ဖော်ပြချက်]

၂၀၀၇ နှစ်ချုပ်​ကျမ်းချက်– “ယေဟောဝါ​၏​နေ့ကြီး နီးပြီ။” —ဇေဖနိ ၁:၁၄၊ က​ဘ။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ပြက်ရယ်ပြု​သူများ​သည် ယေဟောဝါ​အရေးယူ​ဆောင်ရွက်​သောအခါ သတိမဲ့​နေကြ​မည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် ယေရုရှလင်​မြို့ကို “ဗိုလ်ခြေများ​ဝန်းရံ​လျက်​ရှိသည်​ကို” မြင်​သောအခါ ချက်ချင်း​ထွက်ပြေး​ကြ​ရ