ယေဟောဝါသည် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏’
ယေဟောဝါသည် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏’
“သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည် မဟုတ်လော။”—လုကာ ၁၁:၁၃။
၁။ အဘယ်အချိန်များတွင် သန့်ရှင်းသောဝိညာဉ်တော်အကူအညီကို အထူးလိုအပ်သနည်း။
‘သန့်ရှင်းသောဝိညာဉ်တော်အကူအညီသာ မပါရင် ဒီအခြေအနေကို ငါရင်ဆိုင်နိုင်မှာမဟုတ်ဘူး။’ ထိုသို့လှိုက်လှိုက်လှဲလှဲ သင်ပြောဖူးသလော။ ခရစ်ယာန်အများစု ထိုသို့ပြောဖူးကြသည်။ ရောဂါဆိုးတစ်ခုစွဲကပ်နေသည်ကို သိရချိန်တွင် သင်ထိုသို့ပြောခဲ့ပေမည်။ သို့မဟုတ် အိမ်ထောင်ဖက် ဆုံးပါးသွားချိန်တွင်ဖြစ်နိုင်သည်။ သို့မဟုတ် ရွှင်လန်းမှုပျောက်ဆုံးပြီး စိတ်ဓာတ်ကျနေချိန်တွင် ဖြစ်နိုင်သည်။ ဘဝ၏နာကြည်းဖွယ်အချိန်များကို ကျော်လွှားနိုင်ခြင်းမှာ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်သည် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ပေးခဲ့သောကြောင့်ဖြစ်သည်ဟု သင်ခံစားရပေမည်။—၂ ကောရိန္သု ၄:၇-၉၊ ကဘ; ဆာလံ ၄၀:၁၊ ၂။
၂။ (က) ခရစ်ယာန်စစ်များသည် အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်နေရသနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်မည်နည်း။
၂ ခရစ်ယာန်စစ်များသည် ယနေ့ တရားမဲ့လောက၏ တိုးများလာနေသောဖိအားပေးမှု၊ ဆန့်ကျင်မှုများကို ရင်ဆိုင်ကြရသည်။ (၁ ယောဟန် ၅:၁၉) ထို့ပြင် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူ” များကို အပြင်းအထန်ဆန့်ကျင်နေသော စာတန်၏တိုက်ခိုက်မှုခံနေရသည်။ (ဗျာ. ၁၂:၁၂၊ ၁၇) ထို့ကြောင့် ဘုရားသခင့်ဝိညာဉ်တော်ကို ယခင်ကထက်ပိုလိုအပ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် ကြွယ်ဝစွာရရှိနေကြောင်း သေချာစေရန် ဘာပြုလုပ်နိုင်သနည်း။ စမ်းသပ်ရာကာလများတွင် လိုအပ်သောခွန်အားကို ယေဟောဝါအလွန်ပေးသနားလိုကြောင်း အဘယ်ကြောင့် စိတ်ချနိုင်သနည်း။ ထိုမေးခွန်းများ၏အဖြေကို ယေရှု၏ပုံဥပမာနှစ်ခုတွင် တွေ့ရှိရသည်။
အားမလျှော့ဘဲ ဆုတောင်းလော့
၃၊ ၄။ အဘယ်ပုံဥပမာကို ယေရှုမိန့်ဆိုခဲ့သနည်း။ ယင်းသည် ဆုတောင်းခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။
၃ တစ်ခါက ယေရှု၏တပည့်တစ်ဦးသည် “ဆုတောင်းစေခြင်းငှာ . . . အကျွန်ုပ်တို့အား နည်းပေးတော်မူပါ” ဟုတောင်းလျှောက်ခဲ့သည်။ (လုကာ ၁၁:၁) သို့နှင့် ဆက်စပ်မှုရှိသောပုံဥပမာနှစ်ခုကို ယေရှုမိန့်ဆိုခဲ့၏။ ပထမတစ်ခုသည် ဧည့်သည်ကို ဧည့်ဝတ်ပြုသော လူတစ်ဦးအကြောင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ သား၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသော ဖခင်တစ်ဦးအကြောင်းဖြစ်သည်။ ထိုဥပမာတစ်ခုချင်းစီကို သုံးသပ်ကြည့်ကြစို့။
၄ ယေရှု ဤသို့ဆိုသည်– “သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏အိမ်သို့သွားပြီးလျှင် ‘အဆွေ၊ အကျွန်ုပ်အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါ’ ဟုဆိုသော် အိမ်ရှင်ကလည်း ‘ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍သင့်အားမပေးနိုင်’ ဟု အိမ်ထဲကပြန်ပြောသည်အရာမှာ ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍မထ၊ မပေးသော်လည်း အားမလျှော့ဘဲတောင်း၍နေသောကြောင့် ထ၍ လိုချင်သမျှကိုပေးလိမ့်မည်။” ယင်းသည် ဆုတောင်းခြင်းနှင့်မည်သို့သက်ဆိုင်ကြောင်း ဤသို့ရှင်းပြခဲ့သည်– “တစ်ဖန် ငါဆိုသည်ကား တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။”—လုကာ ၁၁:၅-၁၀။
၅။ အားမလျှော့သောသူပုံဥပမာက ဆုတောင်းရာတွင် ရှိသင့်သော စိတ်သဘောနှင့်ပတ်သက်၍ အဘယ်အရာသင်ပေးသနည်း။
လုကာ ၁၁:၈) ကျမ်းစာတွင် “အားမလျှော့” ဟုပြန်ဆိုသောမူရင်းဂရိစကားလုံး တစ်ကြိမ်သာပါရှိသည်။ စာသားအရ “အရှက်ကင်းမဲ့ခြင်း” ဟုအဓိပ္ပာယ်ရှိသော ဂရိစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ အရှက်ကင်းမဲ့ခြင်းကို စရိုက်ဆိုးတစ်ခုအဖြစ် ဖော်ပြလေ့ရှိသည်။ သို့သော် အရှက်မဲ့ခြင်း သို့မဟုတ် အားမလျှော့ခြင်းကို အကောင်းဘက်တွင်သုံးပါက ချီးမွမ်းဖွယ်အရည်အသွေးတစ်ခုဖြစ်နိုင်သည်။ ပုံဥပမာမှလူသည် ထိုသို့ပင်ဖြစ်သည်။ မိမိလိုအပ်ရာကို အားမလျှော့ဘဲတောင်းရာတွင် သူလုံးဝမရှက်ပေ။ ထိုသူကို ကျွန်ုပ်တို့အတွက်ပုံသက်သေအဖြစ် ယေရှုဖော်ပြရာ ကျွန်ုပ်တို့လည်း ဆုတောင်းရာတွင် အားမလျှော့သင့်ပေ။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ‘ဆက်တောင်း၊ ဆက်ရှာ၊ ဆက်ခေါက်’ စေလိုတော်မူသည်။ ထိုသို့ပြုမည်ဆိုလျှင် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူမည်။’
၅ အားမလျှော့သောသူပုံဥပမာက ဆုတောင်းရာတွင် ရှိသင့်သော စိတ်သဘောကိုဖော်ပြသည်။ သူလိုအပ်ရာကိုရရှိခြင်းမှာ “အားမလျှော့ဘဲတောင်း၍နေသောကြောင့်” ဖြစ်သည်ဟု ယေရှုဆိုခဲ့ကြောင်း သတိပြုပါ။ (၆။ ယေရှုခေတ်တွင် ဧည့်ဝတ်ပြုခြင်းဓလေ့ကို မည်သို့ရှုမြင်ကြသနည်း။
၆ ယေရှုသည် အားမလျှော့ဘဲဆုတောင်းသင့်သည်ကိုသာမက အဘယ်ကြောင့် ဆုတောင်းသင့်ကြောင်းကိုပါ မိန့်ဆိုခဲ့သည်။ ထိုသင်ခန်းစာကို ကောင်းစွာနားလည်နိုင်ရန် ဇွဲမလျှော့သောအိမ်ရှင်အကြောင်း နားထောင်ခဲ့သည့် ပရိသတ်သည် ဧည့်ဝတ်ကျေပွန်သည့်ထုံးစံကို မည်သို့ရှုမြင်ကြောင်း သုံးသပ်သင့်သည်။ ကျမ်းစာခေတ်တွင် အထူးသဖြင့် ဘုရားသခင့်ကျေးကျွန်များသည် ဧည့်ဝတ်ပြုသည့်ထုံးစံကို အလေးအနက်ထားခဲ့ကြောင်း ကျမ်းစာမှတ်တမ်းများစွာက ဖော်ပြသည်။ (ကမ္ဘာဦး ၁၈:၂-၅; ဟေဗြဲ ၁၃:၂) ဧည့်ဝတ်ပြုရန်ပျက်ကွက်ခြင်းသည် ရှက်ဖွယ်ဖြစ်၏။ (လုကာ ၇:၃၆-၃၈၊ ၄၄-၄၆) ယင်းအချက်ကို စိတ်စွဲမှတ်လျက် ယေရှု၏ပုံဥပမာကို တစ်ဖန်သုံးသပ်ကြည့်ကြစို့။
၇။ ယေရှု၏ပုံဥပမာပါအိမ်ရှင်သည် သူ၏မိတ်ဆွေကို အဘယ်ကြောင့် မရှက်မကြောက်နှိုးခဲ့သနည်း။
၇ ပုံဥပမာပါအိမ်ရှင်ထံ ညကြီးမင်းကြီးတွင် ဧည့်သည်ရောက်လာသည်။ ဧည့်ဝတ်ပြုရမည်ကို သိသော်လည်း သူ၌ “ကျွေးစရာမရှိ” ချေ။ ဧည့်ဝတ်ပြုရန် အရေးကြီးသည်ဟု သူရှုမြင်သောကြောင့် မည်သို့ပင်ဖြစ်စေ ပေါင်မုန့်အနည်းငယ် လိုအပ်သည်။ သို့နှင့် သူရှက်မနေတော့ဘဲ အိပ်ပျော်နေသောမိတ်ဆွေထံသွား၍ နှိုးကာ “အဆွေ၊ . . . မုန့်သုံးလုံးချေးနှင့်ပါ” ဟုဆိုလေသည်။ လိုအပ်ရာကိုရသည်အထိ အားမလျှော့ဘဲဆက်တောင်းခဲ့သည်။ ထိုမုန့်ရရှိမှသာ သူသည် အိမ်ရှင်ကောင်းပီသမည်ဖြစ်သည်။
သာ၍လိုအပ်လေ သာ၍တောင်းလေ
၈။ သန့်ရှင်းသောဝိညာဉ်တော်အတွက် အားမလျှော့တမ်းဆုတောင်းရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
၈ အဆိုပါဥပမာက အားမလျှော့ဘဲ ဆုတောင်းရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ ထိုသူသည် မုန့်ကိုအဆက်မပြတ်တောင်းရခြင်းမှာ ထိုမုန့်ရရှိမှသာ အိမ်ရှင်တစ်ဦးအဖြစ် မိမိတာဝန်ကျေပွန်မည်ဖြစ်သောကြောင့်တည်း။ (ဟေရှာယ ၅၈:၅-၇) မုန့်မရရှိပါက တာဝန်ကျေပွန်မည်မဟုတ်ပေ။ ထိုနည်းတူ ခရစ်ယာန်စစ်များအနေနှင့် ကျွန်ုပ်တို့၏ဓမ္မအမှုကိုကျေပွန်နိုင်ရန် ဘုရားသခင့်ဝိညာဉ်တော် မရှိမဖြစ်လိုအပ်သည်ကို နားလည်သောကြောင့် ယင်းကိုရရှိရန် ဘုရားသခင်ထံ အဆက်မပြတ်ဆုတောင်းကြသည်။ (ဇာခရိ ၄:၆) ယင်းသာမရရှိပါက ကျွန်ုပ်တို့၏ဓမ္မအမှုကို ကျေပွန်နိုင်မည်မဟုတ်ပေ။ (မဿဲ ၂၆:၄၁) အဆိုပါပုံဥပမာမှ အရေးကြီးသောကောက်ချက်ချနိုင်သည်ကို သင်မြင်သလော။ ဘုရားသခင့်ဝိညာဉ်တော်ကို မရှိမဖြစ်လိုအပ် ရာဟု ကျွန်ုပ်တို့ရှုမြင်ပါက ယင်းအတွက် ပို၍ပင်အားမလျှော့တမ်း ဆုတောင်းကြပေမည်။
၉၊ ၁၀။ (က) ဘုရားသခင့်ဝိညာဉ်တော်အတွက် အားမလျှော့ဘဲဆုတောင်းရန် အဘယ်ကြောင့်လိုအပ်သည်ကို ဥပမာပေးပါ။ (ခ) ကိုယ့်ကိုယ်ကို အဘယ်မေးခွန်းမေးသင့်သနည်း၊ အဘယ်ကြောင့်နည်း။
၉ ယင်းနှင့်ပတ်သက်၍ ယနေ့ခေတ်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ညအချိန်မတော်တွင် မိသားစုဝင်တစ်ဦး အဖျားတက်လာသည်ဆိုပါစို့။ အကူအညီရရန် ဆရာဝန်တစ်ဦးကို သွားနှိုးမည်လော။ လူနာသည် ရိုးရိုးဖျားပါက နှိုးမည်မဟုတ်ပေ။ သို့သော် ရုတ်တရက်နှလုံးရောဂါထခြင်းဖြစ်ပါက ဆရာဝန်သွားခေါ်ရန် သင်ရှက်ကြောက်နေမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ သေရေးရှင်ရေးကိစ္စဖြစ်၍တည်း။ တတ်ကျွမ်းသူ၏အကူအညီ မရှိမဖြစ်လိုအပ်ကြောင်း သင်သဘောပေါက်သည်။ အကူအညီမတောင်းပါက သေဆုံးသွားနိုင်သည်။ ထိုနည်းတူ ခရစ်ယာန်စစ်များသည် ပုံဆောင်သဘောအရ သေရေးရှင်ရေးနှင့် မပြတ်ရင်ဆိုင်နေရသည်။ စာတန်သည် ကျွန်ုပ်တို့ကိုဝါးမျိုရန် “ဟောက်သောခြင်္သေ့ကဲ့သို့” လှည့်လည်ရှာဖွေနေသည်။ (၁ ပေတရု ၅:၈) ဝိညာဉ်ရေးနိုးကြားနေရန် ဘုရားသခင့်ဝိညာဉ်တော်အကူအညီ မရှိမဖြစ်လိုအပ်သည်။ ဘုရားသခင့်ထောက်မမှုသာ မရရှိပါက သေဆုံးနိုင်သည်။ ထို့ကြောင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အားမလျှော့ဘဲတောင်းခံရမည်။ (ဧဖက် ၃:၁၄-၁၆) သို့မှသာ “အဆုံးတိုင်အောင်တည်ကြည်” ရန် လိုအပ်သောခွန်အားရှိနေမည်ဖြစ်သည်။—မဿဲ ၁၀:၂၂; ၂၄:၁၃။
၁၀ ထို့ကြောင့် ‘ငါ အားမလျှော့ဘဲ ဘယ်လောက်ဆုတောင်းသလဲ’ ဟုကိုယ့်ကိုယ်ကိုမေးရန် အလွန်အရေးကြီးသည်။ ဘုရားသခင့်အကူအညီလိုအပ်သည်ကို အပြည့်အဝနားလည်သဘောပေါက်ပါက သန့်ရှင်းသောဝိညာဉ်တော်အတွက် သာ၍ပင် အားမလျှော့တမ်း ဆုတောင်းမည်ဖြစ်သည်။
ယုံကြည်စိတ်ချမှုဖြင့် ဆုတောင်းရန် အဘယ်အရာက စေ့ဆော်
၁၁။ ယေရှုသည် သားအဖပုံဥပမာကို ဆုတောင်းခြင်းနှင့် မည်သို့ဆက်စပ်ခဲ့သနည်း။
၁၁ ယေရှု၏ အားမလျှော့သောအိမ်ရှင် ပုံဥပမာသည် ဆုတောင်းသူ၏ စိတ်နေသဘောထားကို ပေါ်လွင်စေသည်။ နောက်ဥပမာက ဆုတောင်းချက်များကို နားညောင်းတော်မူသော ယေဟောဝါဘုရားသခင်၏ စိတ်သဘောကို ပေါ်လွင်စေသည်။ ယေရှု ဤသို့မေးသည်– “သင်တို့တွင်အဘဖြစ်သောသူ၌ သားသည် . . . ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကိုပေးမည်လော။” သက်ဆိုင်ပုံကို ဤသို့ဆက်မိန့်ဆိုခဲ့သည်– “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”—လုကာ ၁၁:၁၁-၁၃။
၁၂။ သားဖြစ်သူ၏တောင်းဆိုမှုကို လိုက်လျောသောဖခင်ပုံဥပမာသည် ဆုတောင်းချက်များကို တုံ့ပြန်ရန် ယေဟောဝါလိုလိုလားလားရှိကြောင်း မည်သို့ဖော်ပြသနည်း။
၁၂ ယေဟောဝါသည် မိမိထံဆုတောင်းခြင်းဖြင့် ချဉ်းကပ်သူတို့ကို မည်သို့သဘောထားကြောင်း ထိုသားအဖပုံဥပမာဖြင့် ယေရှု ဖော်ပြခဲ့သည်။ (လုကာ ၁၀:၂၂) ဦးဆုံး၊ ပုံဥပမာနှစ်ခု၏ခြားနားမှုကို သတိပြုပါ။ ပထမပုံဥပမာပါ အကူအညီပေးရန် နှောင့်နှေးနေသူနှင့်မတူဘဲ ယေဟောဝါသည် သား၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုသော ဂရုစိုက်တတ်သည့်ဖခင်နှင့်တူသည်။ (ဆာလံ ၅၀:၁၅) လူသားဖခင်နှင့်ကောင်းကင်ခမည်းတော်အကြောင်း ဆင်ခြင်သုံးသပ်ခြင်းဖြင့် ယေဟောဝါ၏လိုလိုလားလားရှိမှုကို ယေရှုထပ်မံဖော်ပြခဲ့သည်။ ဖခင်တစ်ဦးသည် အမွေခံခဲ့ရသောအပြစ်ကြောင့် “အဆိုးဖြစ်လျက်ပင်” ကိုယ့်သားအား ကောင်းသောအရာကိုပေးလျှင် ထိုမျှမက ရက်ရောကြင်နာတော်မူသော ကောင်းကင်ခမည်းတော်သည် မိမိအားဝတ်ပြုသူ သားသမီး တို့အား သန့်ရှင်းသောဝိညာဉ်တော် သာ၍ပေးတော်မူမည်ကို မျှော်လင့်နိုင်သည်ဟု ကိုယ်တော်မိန့်ဆိုခဲ့၏!—ယာကုပ် ၁:၁၇။
၁၃။ ယေဟောဝါထံဆုတောင်းသောအခါ အဘယ်အရာကို စိတ်ချနိုင်သနည်း။
၁၃ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ကောင်းကင်ခမည်းတော်ထံ သန့်ရှင်းသောဝိညာဉ်တော်တောင်းခံသောအခါ ယင်းကိုပေးသနားရန် ကိုယ်တော်အလွန်လိုလားတော်မူကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (၁ ယောဟန် ၅:၁၄) ယေဟောဝါထံ အားမလျှော့ဘဲဆုတောင်းသောအခါ “ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏” ဟုကိုယ်တော် ဘယ်သောအခါမျှဆိုမည်မဟုတ်ပေ။ (လုကာ ၁၁:၇) ယင်းအစား ယေရှုဤသို့ဖော်ပြသည်– “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။” (လုကာ ၁၁:၉၊ ၁၀) မှန်ပါသည်၊ ယေဟောဝါသည် “အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော်မူ” လိမ့်မည်။—ဆာလံ ၂၀:၉; ဆာလံ ၁၄၅:၁၈။
၁၄။ (က) စမ်းသပ်မှုများရင်ဆိုင်ရသူအချို့ကို အဘယ်မှားယွင်းသောအတွေးအခေါ်က နှောင့်ယှက်တတ်သနည်း။ (ခ) စမ်းသပ်မှုများရင်ဆိုင်ရစဉ် ယေဟောဝါထံ အဘယ်ကြောင့် ယုံကြည်စိတ်ချမှုဖြင့် ဆုတောင်းနိုင်သနည်း။
၁၄ ဂရုစိုက်တတ်သောဖခင်ပုံဥပမာက ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် မည်သည့်လူသားမိဘ၏ ကောင်းမြတ်ခြင်းထက်မဆို များစွာကြီးမြတ်ကြောင်းလည်း ပေါ်လွင်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကို ဘုရားသခင်မနှစ်သက်၍ စမ်းသပ်မှုများရင်ဆိုင်ရခြင်းဖြစ်သည်ဟု မထင်သင့်ပါ။ ကျွန်ုပ်တို့၏ရန်သူကြီး စာတန်သည် ထိုသို့တွေးထင်စေလိုသည်။ (ယောဘ ၄:၁၊ ၇၊ ၈; ယောဟန် ၈:၄၄) ကိုယ့်ကိုယ်ကိုအပြစ်တင်သော ထိုအတွေးအခေါ်သည် ကျမ်းစာနှင့်မညီပါ။ ယေဟောဝါသည် “မကောင်းသောအရာ” ဖြင့် စုံစမ်းသွေးဆောင်တော်မမူပေ။ (ယာကုပ် ၁:၁၃) မြွေ၊ ကင်းမြီးကောက်ကဲ့သို့သော ဆိုးရွားသည့်စုံစမ်းမှုမျိုးကို ကိုယ်တော် ခွင့်ပြုမည်မဟုတ်ပေ။ ကောင်းကင်ခမည်းတော်သည် ‘ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ ပေးတော်မူ’ သည်။ (မဿဲ ၇:၁၁; လုကာ ၁၁:၁၃) မှန်ပါသည်၊ ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ကျွန်ုပ်တို့ကိုကူညီရန် လိုလိုလားလားရှိခြင်းတို့ကို နားလည်သဘောပေါက်လေ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဆုတောင်းရန် လှုံ့ဆော်ခံရလေဖြစ်မည်။ သို့ဆိုလျှင် ‘ဘုရားသခင်သည် နားထောင်၍ ငါမြွက်ဆိုသောဆုတောင်းသံကို မှတ်တော်မူပြီ’ ဟူ၍ ဆာလံဆရာနည်းတူ ပြောဆိုနိုင်ပါလိမ့်မည်။—ဆာလံ ၁၀:၁၇; ၆၆:၁၉။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုမစသူ မည်သို့ဖြစ်
၁၅။ (က) သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ ယေရှုအဘယ်ကတိပေးခဲ့သနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်တို့ကိုကူညီသည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၅ ယေရှုမသေဆုံးမီလေးတွင် ပုံဥပမာများဖြင့် မိမိပေးခဲ့သော အာမခံချက်ကို ထပ်မိန့်ဆိုခဲ့သည်။ တမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ ဤသို့မိန့်ဆိုတော်မူသည်– ‘ခမည်းတော်သည် အမှန်တရားကိုပြသော ဝိညာဉ်တော်တည်းဟူသော [“မစသူ၊” ကဘ] ကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်။’ (ယောဟန် ၁၄:၁၆) ထို့ကြောင့် မစသူ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ခေတ်အပါအဝင် အနာဂတ်တွင် မိမိနောက်လိုက်များနှင့်အတူရှိမည်ဟု ယေရှုကတိပေးခဲ့သည်။ ယနေ့ အဘယ်ထင်ရှားသောနည်းတစ်နည်းဖြင့် ထိုထောက်မမှုကို ခံစားနေရသနည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် စမ်းသပ်မှုအမျိုးမျိုးကို ခံရပ်နိုင်စေခြင်းဖြင့်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ စမ်းသပ်မှုများရင်ဆိုင် ခဲ့ရသူ တမန်တော်ပေါလုသည် မိမိကိုဘုရားသခင့်ဝိညာဉ်တော် မည်သို့ကူမခဲ့ကြောင်း ကောရိန္သုမြို့မှခရစ်ယာန်များထံ စာရေးဖော်ပြခဲ့သည်။ ယင်းအကြောင်း အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။
၁၆။ ကျွန်ုပ်တို့၏အခြေအနေသည် ပေါလုနှင့် မည်သို့ဆင်တူနိုင်သနည်း။
၁၆ ဦးစွာ၊ စမ်းသပ်မှုတစ်မျိုးဖြစ်သော “ကိုယ်၌စူးသောဆူး” ကိုခံစားနေရကြောင်း ယုံကြည်ခြင်းတူသူများကို ပေါလုပွင့်လင်းစွာပြောပြခဲ့သည်။ ထို့နောက် ဤသို့ဆိုသည်– “ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရား [ယေဟောဝါ] ကိုငါဆုတောင်း၍ အသနားတော်ခံ” ပြီ။ (၂ ကောရိန္သု ၁၂:၇၊ ၈) မိမိဝေဒနာပပျောက်စေရန် ဘုရားသခင်ထံ အသနားခံသော်လည်း ပျောက်မသွားပေ။ ယနေ့ အလားတူအခြေအနေမျိုး သင်ကြုံတွေ့ရပေမည်။ ပေါလုကဲ့သို့ပင် စမ်းသပ်မှုကိုဖယ်ရှားပေးပါရန် ယေဟောဝါထံ ယုံကြည်စိတ်ချမှုဖြင့် အားမလျှော့ဘဲ ဆုတောင်းပေမည်။ သို့သော် အထပ်ထပ်အသနားခံသည့်ကြားမှ ပြဿနာနှင့် ဆက်ရင်ဆိုင်နေရသည်။ ယင်းက သင့်ဆုတောင်းချက်ကို ယေဟောဝါနားမညောင်း၊ ကိုယ်တော့်ဝိညာဉ်တော်သည် သင့်ကိုမကူညီဟု ဆိုလိုပါသလော။ ဝေးလေစွ! (ဆာလံ ၁၀:၁၊ ၁၇) တမန်တော်ပေါလု အဘယ်အရာဆက်ပြောကြောင်း သတိပြုပါ။
၁၇။ ယေဟောဝါသည် ပေါလု၏ဆုတောင်းချက်ကို မည်သို့ဖြေကြားတော်မူသနည်း။
၁၇ ပေါလု၏ဆုတောင်းချက်ကို တုံ့ပြန်သည့်အနေနှင့် “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟုယေဟောဝါမိန့်တော်မူခဲ့၏။ ပေါလု ဤသို့ဆိုသည်– “ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် [“ရွက်ဖျင်တဲကဲ့သို့၊” ကဘ] ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏။” (၂ ကောရိန္သု ၁၂:၉; ဆာလံ ၁၄၇:၅) ထို့ကြောင့် ခရစ်တော်မှတစ်ဆင့် ဘုရားသခင်၏တန်ခိုးပါသောကာကွယ်မှုသည် သူ့အပေါ်တွင် ရွက်ဖျင်တဲကဲ့သို့အုပ်မိုးလျက်ရှိသည်ဟု ပေါလုခံစားရသည်။ ယနေ့လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို အလားတူနည်းဖြင့် ယေဟောဝါဖြေကြားတော်မူသည်။ မိမိကျေးကျွန်များအပေါ် အမိုးအကာသဖွယ် အုပ်မိုးလျက် ကာကွယ်ပေးတော်မူသည်။
၁၈။ စမ်းသပ်မှုများကို ကျွန်ုပ်တို့ အဘယ်ကြောင့်ခံရပ်နိုင်ကြသနည်း။
၁၈ မှန်ပါသည်၊ ရွက်ဖျင်တဲသည် လေကြီးမိုးကြီးတိုက်ခတ်မှုကို ရပ်တန့်သွားစေမည်မဟုတ်သော်လည်း မိုးဒဏ်လေဒဏ်မှ အတန်အရာကာကွယ်ပေးသည်။ ထိုနည်းတူ “ခရစ်တော်၏တန်ခိုး” ဖြင့် ရရှိသောအကွယ်အကာသည် ကျွန်ုပ်တို့အပေါ်ကျရောက်သော စမ်းသပ်မှုများ၊ ခက်ခဲမှုများကို ရပ်တန့်မသွားစေပါ။ သို့သော် ဤလောက၏ အန္တရာယ်ရှိသောအငွေ့အသက်များနှင့် လောကမင်းစာတန်၏ တိုက်ခိုက်မှုများမှ ဝိညာဉ်ရေးအရကာကွယ်ပေးသည်။ (ဗျာ. ၇:၉၊ ၁၅၊ ၁၆) ထို့ကြောင့် သင်နှင့် ‘မကင်းလွတ်’ နိုင်သောစမ်းသပ်မှုကို ရင်ဆိုင်ရသည့်တိုင် သင်ကြိုးစားတိုက်လှန်နေသည်ကို ယေဟောဝါသိရှိပြီး “သင့်အော်ဟစ်သံကို” ထူးတော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ (ဟေရှာယ ၃၀:၁၉; ၂ ကောရိန္သု ၁:၃၊ ၄) ပေါလု ဤသို့ရေးသည်– “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”—၁ ကောရိန္သု ၁၀:၁၃; ဖိလိပ္ပိ ၄:၆၊ ၇။
၁၉။ အဘယ်အရာလုပ်ဆောင်ရန် သင်သန္နိဋ္ဌာန်ချထားသနည်း။ အဘယ်ကြောင့်နည်း။
၁၉ လက်ရှိတရားမဲ့လောက၏ “နောက်ဆုံးသောနေ့ရက်များ” ကို “ကိုင်တွယ်ရခက်ခဲသည့် ကျပ်တည်းသောကာလ” အဖြစ်ဖော်ပြထားသည်မှာ မှန်ပါသည်။ (၂ တိမောသေ ၃:၁၊ ကဘ) သို့သော် ဘုရားသခင့်ကျေးကျွန်များအတွက် ကိုင်တွယ်ဖြေရှင်း၍မရသောကာလမဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ ကာကွယ်ထောက်မမှုကြောင့်ဖြစ်သည်။ ယေဟောဝါသည် ယုံကြည်စိတ်ချမှုဖြင့် အားမလျှော့ဘဲ ဆုတောင်းသူများအား ယင်းကို လိုလိုလားလားဖြင့် ကြွယ်ဝစွာပေးသနားတော်မူသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်အတွက် နေ့စဉ်ဆုတောင်းရန် သန္နိဋ္ဌာန်ချထားကြပါစို့။—ဆာလံ ၃၄:၆; ၁ ယောဟန် ၅:၁၄၊ ၁၅။
သင်မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ရရန် အဘယ်အရာပြုလုပ်ဖို့လိုသနည်း။
• သန့်ရှင်းသောဝိညာဉ်တော်ရဖို့ ဆုတောင်းသောအခါ ယေဟောဝါတုံ့ပြန်တော်မူမည်ဖြစ်ကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
• သန့်ရှင်းသောဝိညာဉ်တော်သည် စမ်းသပ်မှုများကို ခံရပ်နိုင်ရန် မည်သို့ကူညီပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ယေရှု၏ အားမလျှော့သောအိမ်ရှင်ပုံဥပမာမှ အဘယ်အရာသင်ယူနိုင်သနည်း
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်ရရန် အားမလျှော့ဘဲ သင်ဆုတောင်းသလော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဂရုစိုက်တတ်သောဖခင်ပုံဥပမာမှ ယေဟောဝါအကြောင်း အဘယ်အရာသိရှိရသနည်း