မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ ‘တရားစီရင်တော်မူမည်’

ယေဟောဝါ ‘တရားစီရင်တော်မူမည်’

ယေဟောဝါ ‘တရား​စီရင်တော်မူ​မည်’

“ဘုရားသခင်​ရွေးကောက်​တော်​မူ​သော​သူတို့သည် ည​နေ့​မပြတ်​အော်ဟစ်​၍ တောင်းလျှောက်​လျှင် ဘုရားသခင်​သည် သူတို့​ဘက်၌ တရား​မစီရင်​ဘဲ နေ​တော်​မူ​မည်​လော။”—လုကာ ၁၈:၇

၁။ မည်သူ​တို့သည် သင့်အတွက် အားပေးမှု​ရင်းမြစ်​ဖြစ်သနည်း။ အဘယ်ကြောင့်​နည်း။

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် ယေဟောဝါ​ကို နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ​ဝတ်ပြု​နေသော ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များနှင့် ပျော်မွေ့​စွာ​ပေါင်းသင်း​နေကြ​သည်။ ထို​ချစ်စရာ​ကောင်း​သူ​အချို့​ကို သင်​ရင်းနှီး​ကျွမ်းဝင်​ပါသလော။ လွန်ခဲ့သော​နှစ်ပေါင်း​များစွာက နှစ်ခြင်း​ခံ​ခဲ့​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အစည်းအဝေး​ပျက်​ခဲ​သော သက်ကြီး​ညီအစ်မ​တစ်ဦး​ကို သင်​သတိရ​ပေမည်။ သို့​မဟုတ် အသင်းတော်​၏ လယ်ကွင်း​လုပ်ငန်း​တွင် တစ်ပတ်​ပြီး​တစ်ပတ် ဆယ်စုနှစ်​များစွာ သစ္စာရှိ​ရှိပါ​ဝင်​ခဲ့​သူ သက်ကြီး​ညီအစ်ကို​တစ်ဦး​အကြောင်း တွေးမိ​ပေမည်။ ယခု​ဆိုလျှင် အာမဂေဒုန်​လာပြီး​လောက်ပြီ​ဟု အဆိုပါ​သစ္စာရှိ​သူများစွာ ထင်​ခဲ့​ကြသည်​မှာ​မှန်ပါသည်။ သို့သော် တရား​မဲ့​လောက ယခု​ထိ​ဆက်​တည်ရှိ​နေခြင်း​က ယေဟောဝါ​၏​ကတိတော်​များ​အပေါ် သူတို့၏​ယုံကြည်​ကိုးစားမှု​နှင့် “အဆုံးတိုင်အောင်​တည်ကြည်” မည်​ဟူ​သည့် သူတို့၏​သန္နိ​ဋ္ဌာန်​ကို လျော့နည်း​မသွား​စေ​ခဲ့​ပေ။ (မဿဲ ၂၄:၁၃) ထို​သစ္စာရှိ​ကျေးကျွန်​များ​၏ ခိုင်မြဲ​သော​ယုံကြည်ခြင်း​သည် အသင်းတော်​တစ်ခုလုံး​အတွက် အားပေးမှု​ရင်းမြစ် အမှန်​ဖြစ်သည်။—ဆာလံ ၁၄၇:၁၁

၂။ အဘယ်​အခြေအနေ​ကြောင့် ကျွန်ုပ်​တို့​ဝမ်းနည်း​ရသနည်း။

သို့သော် တစ်ခါတစ်ရံ ယင်း​နှင့်​ဆန့်ကျင်ဘက်​သဘောထားကို ကျွန်ုပ်​တို့ သတိပြုမိ​ပေမည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် နှစ်ပေါင်း​များစွာ​ပါဝင်​ခဲ့​သော သက်သေခံ​အချို့​သည် ယေဟောဝါ​အပေါ် ယုံကြည်​ကိုးစားမှု​လျော့နည်း​လာပြီး အသင်းတော်​နှင့် မပေါင်းသင်း​ကြ​တော့​ပေ။ ထို​သူတို့ ယေဟောဝါ​ကို​စွန့်ခွာ​သွားခြင်းက ကျွန်ုပ်​တို့ကို ဝမ်းနည်း​စေပြီး “ပျောက်သော​သိုး” တစ်ကောင်​စီ​ကို သိုးခြံ​သို့​ပြန်လာ​ရန် လှိုက်လှိုက်လှဲလှဲ ဆက်​ကူညီ​ပေး​လို​ကြသည်။ (ဆာလံ ၁၁၉:၁၇၆; ရောမ ၁၅:၁) သို့​တိုင် ထိုသို့​ယုံကြည်ခြင်း​မဲ့​သွား​သူ​အချို့​ရှိသော်လည်း အချို့​မှာ ယုံကြည်ခြင်း​ဆက်​ခိုင်မာ​နေသော​ကြောင့် မေးစရာ​မေးခွန်းများ​ပေါ်လာ​သည်။ အခြားသူများ ယုံကြည်ခြင်း​ပျောက်ဆုံး​သွား​ချိန်​တွင် အဘယ်အရာက သက်သေခံ​များစွာ​အား ယေဟောဝါ​၏​ကတိတော်​များ​ကို ဆက်​ယုံကြည်​နေ​စေ​သနည်း။ “ယေဟောဝါ​၏​နေ့ကြီး” နီးပြီ​ဖြစ်​ကြောင်း အခိုင်အမာ​ယုံကြည်​စိတ်ချ​နေ​စေရန် ကျွန်ုပ်​တို့​တစ်ဦးစီ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (ဇေဖနိ ၁:၁၄က​ဘ) လုကာ​ခရစ်ဝင်​ကျမ်း​တွင်​တွေ့ရ​သော ပုံ​ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ကြ​စို့။

‘လူသား​ကြွလာ’ ချိန်​တွင် အသက်ရှင်နေ​သူများ​အတွက် သတိပေး​ချက်

၃။ မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​မှ မည်သူ​တို့ အထူးသဖြင့် အကျိုး​ရနိုင်​သနည်း။ အဘယ်ကြောင့်​နည်း။

လုကာ အခန်းကြီး ၁၈ တွင် မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​ကို ယေရှု​မိန့်ဆိုခဲ့သည်။ ယင်းသည် ရှေ့​ဆောင်းပါး​တွင် လေ့လာ​ခဲ့​သည့် အားမလျှော့​သော​အိမ်ရှင်​ပုံ​ဥပမာ​နှင့် ဆင်တူ​သည်။ (လုကာ ၁၁:၅-၁၃) သို့သော် မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​၏ ရှေ့နောက်​ကျမ်း​စကား​က ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​အာဏာ​ဖြင့် ‘လူသား​ကြွလာ’ ချိန်​တွင် အသက်ရှင်​သူများ​နှင့် အထူး​သက်ဆိုင်​ကြောင်း ဖော်ပြ​သည်။ ထို​အချိန်​သည် ၁၉၁၄ ခုနှစ်​၌​စတင်​သည်။—လုကာ ၁၈:၈ *

၄။ လုကာ အခန်းကြီး ၁၈ ပါ​ပုံ​ဥပမာ​ကို မ​မိန့်ဆို​မီ အဘယ်​အကြောင်းကို ယေရှု​ဆွေးနွေး​ခဲ့​သနည်း။

ပုံ​ဥပမာ​ကို ယေရှု​မ​မိန့်ဆို​မီ “ကောင်းကင်​တစ်ဖက်​မှ ပြ​က်​သော​လျှပ်စစ်​သည် ကောင်းကင်​အနှံ့အပြား​ထွန်းလင်း​သကဲ့သို့” ဘုရားသခင့်​နိုင်ငံတော်​အာဏာ​နှင့်​တကွ မိမိ​ရောက်ရှိခြင်း​၏ သက်သေ​အထောက်အထားကို အထင်အရှား​သိမြင်​နိုင်​မည်​ဟု ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၇:၂၄; ၂၁:၁၀၊ ၂၉-၃၃) သို့သော် “အမှု​ကုန်​ရသည်​ကာလ” တွင်​အသက်ရှင်နေ​သော လူများစွာသည် ထို​သိသာ​ထင်ရှားသော အထောက်အထားကို ဂ​ရု​မပြု​ကြ​ပေ။ (ဒံယေလ ၁၂:၄) အဘယ်ကြောင့်​နည်း။ နောဧ​နှင့်​လောတ​လက်ထက်​မှ​လူများ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို လျစ်လျူရှု​ခဲ့​သော​အကြောင်းရင်း​နှင့် အတူတူ​ပင်​ဖြစ်သည်။ ထို​သူတို့သည် ‘သုတ်သင်​ပယ်ရှင်း​သည်​နေ့​တိုင်အောင် စားသောက်​ရောင်းဝယ်​လျက်၊ စိုက်​ပျိုး​လျက်၊ အိမ်ဆောက်​လျက်​နေ’ ခဲ့​ကြသည်။ (လုကာ ၁၇:၂၆-၂၉) ဘုရားသခင့်​အလိုတော်ကို ဂ​ရု​မပြု​ဘဲ ပုံမှန်​လုပ်ရိုးလုပ်စဉ်​များနှင့်​သာ လုံးပန်း​နေကြ​ရာ အသက်ဆုံးရှုံး​ခဲ့​ရလေ​၏။ (မဿဲ ၂၄:၃၉) ယနေ့လည်း လူအများစု​သည် နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​တွင် အလွန်အမင်း​အာရုံနစ်​မြုပ်​နေကြ​ရာ တရား​မဲ့​လောက​၏​အဆုံးနီး​နေပြီ​ဟူသော သက်သေ​အထောက်အထားကို မတွေ့မြင်​ကြ​ပေ။—လုကာ ၁၇:၃၀

၅။ (က) မည်သူ​များ​ကို ယေရှု​သတိပေး​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။ (ခ) အချို့​သူများ အဘယ်ကြောင့် ယုံကြည်ခြင်း​ပျောက်ဆုံး​သွား​ကြ​သနည်း။

ယေရှုသည် မိမိ​နောက်လိုက်​များလည်း ‘နောက်သို့​လှည့်ပြန်’ သွား​သည်​အထိ စာတန်​လောက​ကြောင့် အာရုံ​လွဲသွား​မည်​ကို စိုးရိမ်​ပြီး သတိပေး​ခဲ့​သည်။ (လုကာ ၁၇:၂၂၊ ၃၁) ခရစ်ယာန်​အချို့ ထိုသို့​ပင် အမှန်​ဖြစ်​ခဲ့​သည်။ သူတို့သည် ဤ​ဆိုးယုတ်​သော​လောက​အား ယေဟောဝါ​အဆုံးစီရင်​မည့်​နေ့ကို နှစ်ပေါင်း​များစွာ စောင့်မျှော်​လာ​ခဲ့​ကြသည်။ သို့သော် သူတို့​မျှော်လင့်​သော​အချိန်တွင် အာမဂေဒုန် မ​ရောက်လာ​သောကြောင့် စိတ်ဓာတ်ကျ​ခဲ့​ကြသည်။ ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ နီးပြီ​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချမှု လျော့နည်း​သွား​သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အရှိန်​လျှော့​လိုက်ပြီး တဖြည်းဖြည်း ဝိညာဉ်​ရေး​ကိစ္စ​များ​ကို အချိန်​မပေးနိုင်​တော့​သည်​အထိ လောက​ရေးရာ​များ​တွင်​သာ အလုပ်များ​လာ​သည်။ (လုကာ ၈:၁၁၊ ၁၃၊ ၁၄) အတန်​ကြာသော် ‘နောက်သို့​လှည့်ပြန်’ သွား​ကြသည်။ အလွန်​ဝမ်းနည်းဖွယ်​ပင်!

“အစဉ်မပြတ်​ဆုတောင်း” ရန် လိုအပ်

၆-၈။ (က) မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​ကို ပြောပြ​ပါ။ (ခ) ထို​ဥပမာ​၏​သက်ဆိုင်ပုံ​ကို ယေရှု​မည်သို့​ဖော်ပြ​သနည်း။

ယေဟောဝါ​၏​ကတိတော်​များ ပြည့်စုံ​လာ​မည်​ကို အခိုင်အမာ​ယုံကြည်​စိတ်ချ​နေ​စေရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ (ဟေဗြဲ ၃:၁၄) စာတန်​၏​ဆိုးယုတ်​သော​လောက​သို့ ပြန်လှည့်​မသွား​ရန် တပည့်​များ​ကို သတိပေး​ပြီး​နောက် အဆိုပါ​မေးခွန်း​နှင့်​စပ်လျဉ်း၍ ယေရှု​မိန့်ဆိုခဲ့သည်။

“လူတို့သည် အားမလျှော့​ဘဲ ကြိုး​စား၍ [“အစဉ်မပြတ်၊” သမ္မာ] ဆုတောင်း​ရမည်​အကြောင်းကို ဥပမာ​စကား​အားဖြင့် [ယေရှု] မိန့်တော်မူသည်” ဟု​လုကာ​မှတ်တမ်းက​ဆို​၏။ ယေရှု ဤသို့​မိန့်ဆို​သည်– “မြို့​တစ်မြို့​၌ ဘုရားသခင်​ကို​မကြောက်ရွံ့၊ လူကို​အားမနာ​တတ်သော တရားသူကြီး​တစ်ယောက်​ရှိ၏။ ထို​မြို့၌​နေသော မုဆိုးမ​တစ်ယောက်​သည် တရားသူကြီး​ထံ​သို့​သွား​၍ ‘ကျွန်မ​ရန်ဘက်​ကို လက်စားချေ​လောက်​အောင် အပြစ်​အလျောက်​ဒဏ်​စီရင်​ပါ’ ဟု​တောင်းပန်​သော်လည်း တရား​မစီရင်​ဘဲ ကြာမြင့်စွာ​နေ​၏။ ထို့နောက် တရားသူကြီး​က ‘ငါသည် ဘုရားသခင်​ကို​မကြောက်ရွံ့၊ လူကို​အားမနာ​တတ်သော​သူ​ဖြစ်သော်လည်း ဤ​မုဆိုးမ​သည် ငါ့ကို​နှောင့်ယှက်​သောကြောင့် သူ့​ဘက်၌​တရား​စီရင်​မည်။ သို့​မဟုတ် အစဉ်​လာ၍ ငါ့ကို​ပင်ပန်း​စေ​လိမ့်​မည်’ ဟု​စိတ်ထဲ​၌​အကြံ​ရှိ၏။”

ပုံ​ဥပမာ​ကို မိန့်ဆို​ပြီး​နောက် ယင်း​၏​သက်ဆိုင်ပုံ​ကို ယေရှု​ဤသို့​ရှင်းပြသည်– “မတရားသော ထို​တရားသူကြီး​၏​အကြံ​ကို မှတ်​ကြလော့။ ဘုရားသခင်​ရွေးကောက်​တော်​မူ​သော​သူတို့သည် ည​နေ့​မပြတ်​အော်ဟစ်​၍ တောင်းလျှောက်​လျှင် ဘုရားသခင်​သည် သူတို့​ဘက်၌ တရား​မစီရင်​ဘဲ​နေ​တော်​မူ​မည်​လော။ ကြာမြင့်စွာ​သည်းခံ​တော်​မူ​မည်​လော။ ငါ​ဆိုသည်ကား သူတို့ဘက်၌​အလျင်အမြန် တရား​စီရင်တော်မူ​မည်။ သို့သော်လည်း လူသား​သည် ကြွလာ​သောအခါ ယုံကြည်ခြင်းကို မြေကြီး​အပေါ်မှာ​တွေ့​မည်​လော။”—လုကာ ၁၈:၁-၈

“အပြစ်​အလျောက်​ဒဏ်​စီရင်​ပါ”

၉။ မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​တွင် အဘယ်​အဓိက​အကြောင်း ပေါ်လွင်​သနည်း။

ထို​ပုံ​ဥပမာ​၏​အဓိက​ဆိုလိုရင်း​မှာ အလွန်​ရှင်း​ပါ​သည်။ ယင်းကို ပုံ​ဥပမာ​ထဲ​မှ​ဇာတ်ကောင်​များ​အပြင် ယေရှု​ကိုယ်တိုင် ဖော်ပြ​ခဲ့​သည်။ မုဆိုးမ​က “အပြစ်​အလျောက်​ဒဏ်​စီရင်​ပါ” ဟု​တရားသူကြီး​ကို တောင်းပန်​သည်။ တရားသူကြီး​က “သူ့​ဘက်၌​တရား​စီရင်​မည်” ဟု​ဆို​သည်။ ယေရှု​က “ဘုရားသခင်​သည် သူတို့​ဘက်၌ တရား​မစီရင်​ဘဲ​နေ​တော်​မူ​မည်​လော” ဟု​မေးခဲ့သည်။ ယေဟောဝါ​သည် “သူတို့​ဘက်၌​အလျင်အမြန် တရား​စီရင်တော်မူ​မည်” ဟု​ကိုယ်တော်​မိန့်ဆို​သည်။ (လုကာ ၁၈:၃၊ ၅၊ ၇၊ ၈) ယေဟောဝါ​သည် အထူးသဖြင့် မည်သည့်​အချိန်တွင် “တရား​စီရင်တော်မူ​မည်” နည်း။

၁၀။ (က) ပထမ​ရာစု​တွင် အဘယ်​အချိန်၌ ဒဏ်​စီရင်ခြင်း​နေ့ရက်​ကာလ ရောက်ရှိ​ခဲ့​သနည်း။ (ခ) ယနေ့ ဘုရားသခင့်​လူမျိုးတော်​အတွက် မည်သည့်​အချိန်တွင် မည်သို့ တရား​စီရင်တော်မူ​မည်​နည်း။

၁၀ ပထမ​ရာစု​တွင် ယေရုရှလင်​နှင့်​ဝတ်ပြုရာ​အိမ်တော် ဖျက်ဆီး​ခံရ​သော အေဒီ ၇၀ ၌ “ဒဏ်​စီရင်ခြင်း​နေ့ရက်​ကာလ” (နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း​အရ “ကလဲ့စားချေ​ရာ​နေ့”) ရောက်ရှိ​ခဲ့​သည်။ (လုကာ ၂၁:၂၂) ယနေ့ ဘုရားသခင့်​လူမျိုးတော်​အတွက် “ယေဟောဝါ​၏​နေ့ကြီး” တွင် တရား​သဖြင့်​စီရင်တော်မူ​မည်။ (ဇေဖနိ ၁:၁၄က​ဘ; မဿဲ ၂၄:၂၁) ထို​အချိန်တွင် “ဘုရားသခင်​ကို​မသိသော​သူ၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို မီးလျှံ​အားဖြင့် ဒဏ်ပေး​တော်​မူ​သောအခါ” ယေဟောဝါ​သည် မိမိ​လူမျိုး​အား “ဆင်းရဲ​စေ​ဖူး​သော​သူတို့၌ ဆင်းရဲခြင်း​ကို” ဆပ်ပေး​တော်​မူ​လိမ့်​မည်။—၂ သက်သာလောနိတ် ၁:၆-၈; ရောမ ၁၂:၁၉

၁၁။ အဘယ်​နည်းဖြင့် “အလျင်အမြန်” တရား​စီရင်​မည်​နည်း။

၁၁ သို့သော် ယေဟောဝါ “အလျင်အမြန်” တရား​စီရင်တော်မူ​မည်​ဟူသော ယေရှု၏​ကတိတော်​ကို မည်သို့​နားလည်​သင့်​သနည်း။ ယေဟောဝါ​သည် “သည်းခံ” တော်​မူ​သော်လည်း အချိန်တန်လျှင် အလျင်အမြန်​တရား​စီရင်​မည်​ဖြစ်​ကြောင်း ကျမ်းစာ​က​ဖော်ပြ​သည်။ (လုကာ ၁၈:၇၊ ၈; ၂ ပေတရု ၃:၉၊ ၁၀) နောဧ​ခေတ်တွင် ရေလွှမ်းမိုး​ဘေး​ဖြင့် လူဆိုး​တို့ကို မ​နှောင့်​မ​နှေး​သုတ်သင်​ပယ်ရှင်း​ခဲ့​သည်။ တစ်ဖန် လောတ​ခေတ်တွင် ကောင်းကင်​မှ​မီး​ကျ​ပြီး လူဆိုး​တို့ကို ဖျက်ဆီး​ခဲ့​သည်။ ထို​နည်းတူ “လူသား​ပေါ်ထွန်း​သော​နေ့၌ ဖြစ်​လိမ့်​မည်” ဟု​ယေရှု​မိန့်ဆို​၏။ (လုကာ ၁၇:၂၇-၃၀) လူဆိုး​တို့သည် “လျင်မြန်​စွာ​သော​ပျက်စီးခြင်း” နှင့်​တွေ့ကြုံ​ရဦး​မည်​ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၂၊ ၃) ယေဟောဝါ​၏​တရား​မျှတမှု​က စာတန့်​လောကကို သတ်မှတ်​ထား​သည့်​အချိန်​ထက် တစ်ရက်​ပင်​ပို​၍ တည်ရှိ​ခွင့်ပြု​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့ အပြည့်အဝ​ယုံကြည်​စိတ်ချ​နိုင်​သည်။

‘သူတို့​ဘက်၌ တရား​စီရင်တော်မူ​မည်’

၁၂၊ ၁၃။ (က) ယေရှု၏ မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​မှ အဘယ်​သင်ခန်းစာ​ရသနည်း။ (ခ) ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​ပြီး တရား​စီရင်တော်မူ​မည်​ဖြစ်​ကြောင်း အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၂ မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​သည် အခြား​အရေးပါ​အမှန်တရား​များ​ကိုလည်း ပေါ်လွင်​စေ​သည်။ ပုံ​ဥပမာ​၏​သက်ဆိုင်ပုံ​ကို ယေရှု​ဤသို့​ဆို​သည်– ‘မတရားသော ထို​တရားသူကြီး​၏​အကြံ​ကို မှတ်​ကြလော့။ ဘုရားသခင်​သည် ရွေးကောက်​တော်​မူ​သော​သူတို့​ဘက်၌ တရား​မစီရင်​ဘဲ​နေ​တော်​မူ​မည်​လော။’ ထို​တရားသူကြီး​နည်းတူ ယေဟောဝါ​သည် ယုံကြည်သူများ​ကို ဆက်ဆံ​မည်​ဟူ​သည့်​သဘော​မျိုး​ဖြင့် ယေရှု​နှိုင်းယှဉ်​နေခြင်း​မဟုတ်ပါ။ ယင်းအစား တရားသူကြီး​နှင့်​ဘုရားသခင်​၏ ခြားနား​မှု​ကို ပေါ်လွင်​စေခြင်း​ဖြင့် ဘုရားသခင်​နှင့်​ပတ်သက်​၍ နောက်လိုက်​များ​အား သင်ကြား​ပေး​နေခြင်း​ဖြစ်သည်။ မည်သည့်​နည်းများဖြင့် ခြားနား​သနည်း။

၁၃ ယေရှု၏​ပုံ​ဥပမာ​ပါ တရားသူကြီး​သည် “မတရားသော” သူ​ဖြစ်သော်လည်း “ဘုရားသခင်​သည် တရား​သဖြင့်​စီရင်​သော” တရားသူကြီး​ဖြစ်​တော်​မူ​၏။ (ဆာလံ ၇:၁၁; ၃၃:၅) တရားသူကြီး​သည် မုဆိုးမ​ကို ပုဂ္ဂိုလ်ရေး​အရ​စိတ်မဝင်စား​သော်လည်း ယေဟောဝါ​မူ​ကား ကျွန်ုပ်​တို့​တစ်ဦးစီ​ကို စိတ်ဝင်စား​တော်​မူ​သည်။ (၂ ရာဇဝင်ချုပ် ၆:၂၉-၃၁) တရားသူကြီး​သည် မုဆိုးမ​ကို မကူညီ​လို​သော်လည်း ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​များ​ကို ကူညီ​လို​စိတ်​ပြင်းပြ​တော်​မူ​သည်။ (ဟေရှာယ ၃၀:၁၈၊ ၁၉) အဘယ်​သင်ခန်းစာ​ရသနည်း။ မတရားသော ထို​တရားသူကြီး​ပင် မုဆိုးမ​၏​တောင်းဆိုမှု​ကို လိုက်လျော​ပြီး တရား​စီရင်​ပေး​သည်​ဆိုလျှင် ယေဟောဝါ​သည် မိမိလူ​မျိုး​၏​ဆုတောင်းချက်​များကို သာ၍​နားထောင်ပြီး သေချာပေါက် တရား​စီရင်​ပေး​တော်​မူ​မည်။—သု. ၁၅:၂၉

၁၄။ ဘုရားသခင်​၏ တရား​စီရင်​ရာ​နေ့​ရောက်လာ​မည်​ကို အဘယ်ကြောင့် ဆက်​ယုံကြည်​နေ​သင့်​သနည်း။

၁၄ ထို့​ကြောင့် ဘုရားသခင်​၏ တရား​စီရင်​ရာ​နေ့​ရောက်မည်​ကို မယုံကြည်​တော့​သူများ​အတွက် အမှား​ကြီး​မှား​ခြင်း​ပင်။ အဘယ်ကြောင့်​နည်း။ “ယေဟောဝါ​၏​နေ့ကြီး​နီးပြီ” ကို သူတို့​အခိုင်အမာ​မယုံကြည်​ခြင်း​က ယေဟောဝါ​သည် မိမိ​ကတိတော်​များ​ကို သစ္စာရှိ​စွာ မပျက်​မ​ကွက်​ပြည့်စုံ​စေသည့်​အရှင်ဖြစ်၊ မဖြစ်​ကို သူတို့​သံသယ​ရှိကြောင်း ဖော်ပြ​ရာ​ရောက်​သည်။ သို့သော် ယေဟောဝါ​၏​သစ္စာရှိ​မှု​ကို မည်သူမျှ သံသယဝင်​ပိုင်ခွင့်​မရှိပေ။ (ယောဘ ၉:၁၂) မေးသင့်​သည်​မှာ ကျွန်ုပ်​တို့​ကိုယ်တိုင် သစ္စာရှိ​နေ​သလော​ဟူ၍​ဖြစ်သည်။ ယင်းသည် မုဆိုးမ​နှင့်​တရားသူကြီး​ပုံ​ဥပမာ​၏​အဆုံး​တွင် ယေရှု​ပြောဆို​ခဲ့​သော အကြောင်းအရာ​ပင်​ဖြစ်သည်။

“လူသား​သည် ကြွလာ​သောအခါ ထိုသို့​သော ယုံကြည်ခြင်းကို မြေကြီး​အပေါ်မှာ​တွေ့​မည်​လော”

၁၅။ (က) အဘယ်​မေးခွန်း​ကို ယေရှု​မေးခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။ (ခ) ကျွန်ုပ်​တို့​ကိုယ်ကို အဘယ်​မေးခွန်း​မေးသင့်​သနည်း။

၁၅ “လူသား​သည် ကြွလာ​သောအခါ ထိုသို့​သော​ယုံကြည်ခြင်းကို မြေကြီး​အပေါ်မှာ​တွေ့​မည်​လော” ဟူ​သည့်​စိတ်ဝင်စားဖွယ်​မေးခွန်း​ကို ယေရှု​မေးခဲ့​၏။ (လုကာ ၁၈:၈က​ဘ၊ အောက်ခြေမှတ်ချက်) “ထိုသို့​သော​ယုံကြည်ခြင်း” ဟူသည် ယေဘုယျ​သဘောဖြင့်​သုံးနှုန်း​သော ယုံကြည်ခြင်း​မဟုတ်ဘဲ မုဆိုးမ​တင်ပြ​ခဲ့​သော ထူးခြားသည့်​ယုံကြည်ခြင်း​မျိုး​ဖြစ်၏။ ယေရှုသည် ထို​မေးခွန်း​၏​အဖြေကို မပေးခဲ့​ပါ။ တပည့်​များသည် နောက်​ပြန်လှည့်​သွား​နိုင်​သည်​အထိ ယုံကြည်ခြင်း​အားနည်း​လာပြီ​လော။ သို့​မဟုတ် သူတို့တွင် မုဆိုးမ​၏​ယုံကြည်ခြင်း​မျိုး ရှိသလော။ ယင်းကို ပြန်လည်​ဆန်းစစ်​နိုင်​ရန် ယေရှု ထိုသို့​မေးခဲ့​ခြင်း​ဖြစ်သည်။ ယနေ့ ကျွန်ုပ်​တို့​လည်း ‘ငါ့​နှလုံး​ထဲမှာ ဘယ်လို​ယုံကြည်ခြင်း​မျိုးကို “လူသား” တွေ့​မလဲ’ ဟု​မိမိကိုယ်ကို​မေးသင့်​သည်။

၁၆။ မုဆိုးမ​တွင် မည်သို့သော​ယုံကြည်ခြင်း​မျိုး​ရှိ​သနည်း။

၁၆ ကျွန်ုပ်​တို့​ဘက်၌ ယေဟောဝါ တရား​စီရင်​ပေး​စေ​လိုလျှင် မုဆိုးမ​၏​ပုံသက်သေ​ကို လိုက်လျှောက်​ရမည်။ မုဆိုးမ​တွင် မည်သို့သော​ယုံကြည်ခြင်း​မျိုး​ရှိ​သနည်း။ “ကျွန်မ​ရန်ဘက်​ကို လက်စားချေ​လောက်​အောင် အပြစ်​အလျောက်​ဒဏ်​စီရင်​ပါ” ဟု “တရားသူကြီး​ထံ​သို့” အကြိမ်ကြိမ်​သွား​ပြော​ခြင်း​ဖြင့် သူ၏​ယုံကြည်ခြင်းကို တင်ပြ​ခဲ့​သည်။ မုဆိုးမ​သည် မိမိ​အတွက်​တရား​စီရင်​ပေး​ရန် မတရားသူ​တစ်ဦးထံ အကြိမ်ကြိမ်​သွားခဲ့သည်။ ယနေ့ ဘုရားသခင့်​ကျေးကျွန်​များလည်း မျှော်လင့်​ထား​သည်ထက် ပို​ကြာ​နေလျှင်​ပင် မိမိ​ဘက်၌ ယေဟောဝါ တရား​စီရင်​ပေး​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ထို့​ပြင် ယေဟောဝါ​ထံ အားမလျှော့​ဘဲ “ည​နေ့​မပြတ်​အော်ဟစ်​၍ တောင်းလျှောက်” ခြင်း​ဖြင့် ကိုယ်တော့်​ကတိတော်​များ​ကို ယုံကြည်​စိတ်ချကြောင်း သူတို့​ဖော်ပြ​ကြသည်။ (လုကာ ၁၈:၇) အမှန်​မှာ၊ ခရစ်ယာန်​တစ်ဦး​သည် တရား​စီရင်​ပေး​ပါ​ရန် ဆု​မ​တောင်း​တော့​လျှင် မိမိ​ကျေးကျွန်​များ​အတွက် ယေဟောဝါ အရေးယူ​ဆောင်ရွက်​တော်​မူ​မည်​ကို မယုံကြည်​ကြောင်း ဖော်ပြ​ရာ​ရောက်​သည်။

၁၇။ ဆုတောင်းခြင်း​ကို အမြဲ​ပြု​ရန်​နှင့် ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ မုချ​ရောက်လာ​မည်​ကို ဆက်​ယုံကြည်​နေ​ရန် အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

၁၇ မုဆိုးမ​၏ အခြေအနေ​အချို့​က အားမလျှော့​ဘဲ​ဆုတောင်း​ရန် ထပ်ဆင့်​အကြောင်းရင်း​များ​ရှိကြောင်း ဖော်ပြ​သည်။ သူနှင့်​ကျွန်ုပ်​တို့၏ အခြေအနေ​ကွာခြားမှု​အချို့​ကို သုံးသပ်ကြည့်​ပါ။ မုဆိုးမ​ကို တရားသူကြီး​ထံ​ဆက်သွား​ရန် အားပေး​မည့်​သူ​မရှိ​သော်လည်း ‘ဆုတောင်းခြင်း​အမှုကို အမြဲ​ပြု’ ရန် ကျွန်ုပ်​တို့ကို သမ္မာကျမ်းစာ​က များစွာ​အားပေးထား​သည်။ (ရောမ ၁၂:၁၂) မုဆိုးမ​တွင် မိမိ​တောင်းဆိုချက်​များ ပြည့်ဝ​မည်​ဟူ​သည့် အာမခံချက်​မရှိ​သော်လည်း ကျွန်ုပ်​တို့​တွင်​မူ တရား​စီရင်​ပေး​မည်​ဟူသော ယေဟောဝါ​၏ အာမခံချက်​ရှိသည်။ မိမိ​ပရောဖက်​မှ​တစ်ဆင့် ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– “ဆိုင်း​သော်လည်း မျှော်လင့်​လော့။ နောက်​မကျ​ဘဲ ဧကန်​အမှန်​ရောက်​လိမ့်​မည်။” (ဟဗက္ကုတ် ၂:၃; ဆာလံ ၉၇:၁၀) မုဆိုးမ​၏​အသနားခံချက်​ကို ပို​အလေးစီး​စေရန် သူ့​ကိုယ်စား ကူညီ​တောင်းလျှောက်​ပေး​မည့်​သူ​မရှိပေ။ သို့သော် ယေရှုသည် “ဘုရားသခင်​၏​လက်ယာတော်​ဘက်၌​နေ​လျက် [ကျွန်ုပ်]တို့​အဖို့ ဆုတောင်း” ပေး​ကာ ကူညီ​တော်​မူ​သည်။ (ရောမ ၈:၃၄; ဟေဗြဲ ၇:၂၅) ထို့​ကြောင့် မုဆိုးမ​သည် မိမိ​ဘက်၌​တရား​စီရင်​ပေး​မည်​ဟူသော မျှော်လင့်ချက်​ဖြင့် တရားသူကြီး​ထံ ခက်ခဲ​သော​အခြေအနေ​ကြား​မှ ဆက်​အသနားခံ​သည်​ဆိုလျှင် ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ မုချ​ရောက်လာ​မည်​ကို သာ၍​ယုံကြည်​နေ​သင့်​သည်မဟုတ်​လော!

၁၈။ ဆုတောင်းခြင်း​သည် ယုံကြည်ခြင်းကို မည်သို့​ခိုင်မာ​စေပြီး ကျွန်ုပ်​တို့​ဘက်၌ ဘုရားသခင်​တရား​စီရင်​ပေး​ရန် မည်သို့​ကူညီ​သနည်း။

၁၈ ဆုတောင်းခြင်း​နှင့် ယုံကြည်ခြင်း​တို့ အနီးကပ်​ဆက်စပ်​နေကြောင်း၊ အားမလျှော့​ဘဲ​ဆုတောင်းခြင်း​သည် ယုံကြည်ခြင်း​အားနည်း​သွား​စေနိုင်​သော ဩဇာ​လွှမ်းမိုးမှု​များ​ကို တားဆီး​နိုင်​ကြောင်း မုဆိုးမ​ပုံ​ဥပမာ​က သင်ကြား​ပေး​သည်။ သို့သော် ဟန်ပြ​ဆုတောင်း​ရုံ​ဖြင့် ယုံကြည်ခြင်းကို ဆက်​ထိန်းထား​နိုင်​မည်​မဟုတ်ပါ။ (မဿဲ ၆:၇၊ ၈) ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို လုံးလုံးလျားလျား​မှီခို​အားထား​နေရ​ကြောင်း သိ​နားလည်​ကာ ဆုတောင်း​မှ​သာ ဘုရားသခင်​နှင့်​ရင်းနှီး​လာပြီး ယုံကြည်ခြင်း​ခိုင်မာ​လာ​သည်။ ကယ်တင်​ခံရ​ရန် ယုံကြည်ခြင်း​လိုအပ်သော​ကြောင့် “အားမလျှော့​ဘဲ ကြိုး​စား၍​ဆုတောင်း” ရန် တပည့်​များ​ကို အားပေးဖို့​လို​သည်​ဟု ယေရှု​ယူမှတ်ခဲ့​ခြင်း​ဖြစ်သည်။ (လုကာ ၁၈:၁; ၂ သက်သာလောနိတ် ၃:၁၃) လာ​လတ္တံ့​သော “ယေဟောဝါ​၏​နေ့ကြီး” သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​အပေါ် မ​မူတည်​ပေ။ ထို​နေ့​အတွက် ဆုတောင်း​သည်​ဖြစ်စေ၊ မ​တောင်း​သည်​ဖြစ်စေ ဧကန်​ရောက်လာ​မည်​ဖြစ်၏။ သို့သော် ကျွန်ုပ်​တို့​ဘက်၌ ဘုရားသခင်​တရား​စီရင်​မည်၊ မစီရင်​မည်၊ ကျွန်ုပ်​တို့​ကိုယ်တိုင် ဘုရားသခင့်​စစ်ပွဲ​တွင် ကယ်တင်​ခံရ​မည်၊ မခံရ​မည်​တို့သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​နှင့် ဆုတောင်းချက်​များ​အတိုင်း ဖြောင့်မတ်​စွာ​ကျင့်​နေခြင်း​အပေါ် လုံးလုံးလျားလျား​မူတည်​ပါ​သည်။

၁၉။ ဘုရားသခင် ‘တရား​စီရင်တော်မူ​မည်’ ကို အခိုင်အမာ​ယုံကြည်​စိတ်ချကြောင်း ကျွန်ုပ်​တို့ မည်သို့​သက်သေထူ​ကြ​သနည်း။

၁၉ “လူသား​သည် ကြွလာ​သောအခါ ယုံကြည်ခြင်းကို မြေကြီး​အပေါ်မှာ​တွေ့​မည်​လော” ဟု​ယေရှု​မေးခဲ့သည်​ကို ကျွန်ုပ်​တို့​အမှတ်ရ​ကြသည်။ ထို​စိတ်ဝင်စားဖွယ်​မေးခွန်း​၏ အဖြေ​ကား အဘယ်နည်း။ ယနေ့ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန် သန်းပေါင်း​များစွာ​သည် ဆုတောင်းခြင်း၊ စိတ်ရှည်ခြင်း​နှင့် အားမလျှော့​ခြင်း​တို့​ဖြင့် ထို​ယုံကြည်ခြင်း​မျိုး​ရှိကြောင်း သက်သေထူ​နေကြ​၍ ဝမ်းသာစရာ​ပင်! ထို့​ကြောင့် ယေရှု၏​မေးခွန်း​ကို ဟုတ်ကဲ့​ဟု​ဖြေဆို​နိုင်​ပေ​သည်။ လက်ရှိ​အချိန်တွင် စာတန့်​လောက​၏ တရား​မမျှတမှုများ​ကို ခံစား​နေရ​သော်လည်း ဘုရားသခင်​သည် မိမိ ‘ရွေးကောက်​တော်​မူ​သော​သူတို့​ဘက်၌ တရား​စီရင်တော်မူ​မည်’ ကို ကျွန်ုပ်​တို့​အခိုင်အမာ​ယုံကြည်​ကြ​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ထို​ဥပမာ​၏​အဓိပ္ပာယ်​ကို အပြည့်အဝ​နားလည်​နိုင်​ရန် လုကာ ၁၇:၂၂-၃၃ ကို​ဖတ်​ကြည့်​ပါ။ လုကာ ၁၇:၂၂၊ ၂၄၊ ၃၀ ပါ “လူသား” ဟူသော​အသုံးအနှုန်း​များသည် လုကာ ၁၈:၈ ပါ​မေးခွန်း​နှင့် မည်သို့​သက်ဆိုင်​ကြောင်း ဂရုပြု​ကြည့်​ပါ။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​အချို့ အဘယ်ကြောင့် ယုံကြည်ခြင်း​ပျောက်ဆုံး​သွား​သနည်း။

• ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ ရောက်လာ​မည်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် အခိုင်အမာ​ယုံကြည်​နိုင်​သနည်း။

• ဆုတောင်းခြင်း​ကို အမြဲ​ပြု​ရန် အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

• အားမလျှော့​ဘဲ​ဆုတောင်းခြင်း​သည် ယုံကြည်ခြင်း​ဆက်​ထိန်းထား​နိုင်​ရန် မည်သို့​ကူညီ​ပေး​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မုဆိုးမ​နှင့် တရားသူကြီး​ပုံ​ဥပမာ​တွင် အဘယ်အရာ ပေါ်လွင်​သနည်း

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဘုရားသခင် ‘တရား​စီရင်တော်မူ​မည်’ ကို ယနေ့ လူ​သန်းပေါင်း​များစွာ အခိုင်အမာ​ယုံကြည်​စိတ်ချ​ကြ