မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင်​စာစောင်​များ ဖတ်ရှု​ရသည်ကို သင်​နှစ်သက်ပါ​သလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

• သင်​ချစ်ရသူ​တစ်ဦး ယေဟောဝါ​ကို ကျောခိုင်း​သွားသော​အခါ အဘယ်အရာက သင့်ကို ကူညီ​ပေး​နိုင်​သနည်း။

မိမိကိုယ်ကို​နှင့် တည်ကြည်သော အခြား​မိသားစုဝင်​များ​ကို အားပေး​တည်ဆောက်​ပါ။ ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​တွင် ဆက်​ပါဝင်​နေပါ။ အခြား​သူတို့ကို ကူညီ​ပေး​နိုင်​ရန် ကိုယ့်​ကိုယ်ကို အသုံးတော်ခံ​ပါ။ ချစ်ရသူ​သည် ပြန်​လှည့်လာ​နိုင်​သည်​ဟူသော မျှော်လင့်ချက်ကို မစွန့်​လွှတ်​ပါ​နှင့်။ ကိုယ့်​ကိုယ်ကို​အပြစ်မတင်​ပါ​နှင့်။ ယေဟောဝါ​၏ ဆုံးမ​ပဲ့ပြင်​မှု​အစီအစဉ်ကို လေးစားပါ။ သင့်​ခံစားချက်​များ​ကို မိတ်ဆွေများ​ထံ ရင်ဖွင့်​ပြောဆို​ပါ။—၉/၁၊ စာမျက်နှာ ၁၈-၂၁။

• ကျမ်းစာ​တွင်​ဖော်ပြ​သော အဘယ်နည်း​နှစ်နည်း​ဖြင့် ‘နောက်ဆုံး​ကာလ’ ကို ခွဲခြား​သိမြင်​နိုင်​သနည်း။

“ကမ္ဘာ​ကုန်” ချိန်​အတွင်း ဖြစ်ပျက်​မည့်​ဖြစ်ရပ်​များ​ကို သမ္မာကျမ်းစာ​တွင် ကြို​ဟောထား​သည်။ (မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၁၁) ထို့​ပြင် ‘နောက်ဆုံး​ကာလ’ တွင် လူတို့၏ စရိုက်​သဘောထားများ ပြောင်းလဲ​မည်​ဟု​လည်း ကျမ်းစာ​က ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁-၅) ထူးခြား​သည်​မှာ ထို​အချိန်အတွင်း ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြော​ရမည်။—၉/၁၅၊ စာမျက်နှာ ၄-၆။

• ခရစ်ယာန်​ယာဉ်မောင်း​တစ်ဦး​ကြောင့် ယာဉ်တိုက်မှု​ဖြစ်​ပြီး အခြားသူများ​သေဆုံး​သွားခဲ့လျှင် အသင်းတော်၌ မည်သည့်​တာဝန်​ရှိ​သနည်း။

သူသည် သေဆုံးမှု​ဖြစ်ပွား​သော အခြေအနေ​ကို လုံးဝ​မထိန်းချုပ်​နိုင်သော​ကြောင့် သွေးပြစ်​မသင့်​ဟု ထို​အမှုကို​ကိုင်တွယ်​သော အကြီးအကဲ​များ​က ဆုံးဖြတ်​ပေမည်။ သို့သော် သူသည် သွေးပြစ်​ကျူးလွန်​ပြီး နောင်တ​ရ​ပါ​က သူ့ကို ကျမ်းစာ​နှင့်​အညီ ဆုံးမ​ပဲ့ပြင်​မည်၊ အသင်းတော်​တာဝန်​များ​ကို ကန့်သတ်​မည်​ဖြစ်သည်။—၉/၁၅၊ စာမျက်နှာ ၃၀။

• ထာဝရ​အသက်သည် သိပ္ပံ​ဆိုင်ရာ​တိုးတက်မှု​များ​တွင် အဘယ်ကြောင့် မ​မူတည်​သနည်း။

လူ့​သက်တမ်းရှည်​စေရန် ဆဲလ်​အသစ်​ပွား​နှုန်း တိုးများ​စေခြင်း သို့​မဟုတ် လူနာများ​နှင့်​အထူး​သင့်လျော်​သော အင်္ဂါ​အသစ်များ​ရရှိရန် ပုံတူ​မျိုးပွားခြင်း​စ​သည့် သိပ္ပံ​ဆိုင်ရာ​ကြိုးပမ်းမှု​များ​ရှိပါ​သည်။ သို့သော် ယေရှု၏​ရွေးနုတ်ဖိုး​အားဖြင့်​သာ လူသားများ ထာဝရ​အသက်​ရရှိနိုင်​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။—၁၀/၁၊ စာမျက်နှာ ၃-၅။

• ဂျူး​တို့၏​ဘာသာရေး​ထုံးတမ်း​အရ ရေချိုးခြင်း​သည် နှစ်ခြင်း​၏​ရှေ့ပြေး​ပုံရိပ်​လော။

မဟုတ်ပါ။ ဂျူး​တို့သည် ဘာသာရေး​ထုံးတမ်း​အရ မိမိတို့​ကိုယ်ကို သန့်ရှင်း​စင်ကြယ်​စေရန် ပြု​ကြသော်လည်း ယောဟန်​ပေး​သည့်​နှစ်ခြင်း​မှာ​မူ ထိုသို့​မဟုတ်ပါ။ မောရှေ​ပညတ်​တောင်းဆို​သော သန့်ရှင်း​စင်ကြယ်မှု​သည် အကြိမ်ကြိမ်​ပြုလုပ်​ရပြီး ခရစ်ယာန်​နှစ်ခြင်း​မှာ​မူ တစ်ကြိမ်​သာ​ပြု​ရ၏။—၁၀/၁၅၊ စာမျက်နှာ ၁၂-၁၃။

• ဓမ္မ​အမှု​သင်တန်း​ကျောင်း​ဟူသည် အဘယ်နည်း။

ယင်းသည် ရှစ်​ပတ်​ကြာ​သင်တန်း​ဖြစ်​ပြီး သာ၍​လိုအပ်သော​နေရာတွင် အမှုဆောင်​နိုင်​သူ တစ်ကိုယ်ရေ​အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​အတွက်​ဖြစ်သည်။ မိမိတို့​အသင်းတော်တွင်​ဖြစ်စေ၊ မိမိတို့​နိုင်ငံ​ရှိ အခြား​အသင်းတော်တွင်​ဖြစ်စေ၊ နိုင်ငံ​ခြား​တွင်​ဖြစ်စေ ခန့်အပ်​ခံရ​သည်။—၁၁/၁၅၊ စာမျက်နှာ ၁၀-၁၁။

၁ ယောဟန် ၂:၁၈; ၄:၃ တွင်​ဖော်ပြ​ထားသော အန္တိခရစ်​သည် အဘယ်အရာ သို့​မဟုတ် အဘယ်သူ​ဖြစ်သနည်း။

ယေဘုယျ​အနေ​ဖြင့် “အန္တိခရစ်” သည် ခရစ်တော် သို့​မဟုတ် ကိုယ်တော်​၏​ကိုယ်စားလှယ်​များ​ကို ဆန့်ကျင်သူ​အားလုံး၊ ခရစ်တော် သို့​မဟုတ် ကိုယ်တော်​၏​ကိုယ်စားလှယ် အတုအယောင်​အားလုံး​ကို ဆိုလို​သည်။ ယေရှု​နှင့် ယောဟန်တို့​၏​စကား​အရ အန္တိခရစ်​သည် ဘာသာရေး​လှည့်ဖြားသူ​နှင့် ဘုရားသခင့်​နိုင်ငံတော်​ကို ဆန့်ကျင်သူ​ဖြစ်​ပြီး တစ်ဦး​တစ်ယောက်​မဟုတ်ဘဲ အန္တိခရစ်​အများ​ဖြစ်​ကြောင်း ထင်ရှား​သည်။—၁၂/၁၊ စာမျက်နှာ ၄-၆။