မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂိလဒ်ကျောင်းဆင်းများ နှလုံးထိမိစေသည့်ညွှန်ကြားချက် ရရှိကြ

ဂိလဒ်ကျောင်းဆင်းများ နှလုံးထိမိစေသည့်ညွှန်ကြားချက် ရရှိကြ

ဂိလဒ်ကျောင်းဆင်းများ နှလုံးထိမိစေသည့်ညွှန်ကြားချက် ရရှိကြ

စက်တင်ဘာ ၉၊ ၂၀၀၆ ခုနှစ်တွင် နယူးယောက်၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာန၌ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၂၁ ကြိမ်မြောက် ကျောင်းဆင်းပွဲအစီအစဉ် ကျင်းပခဲ့သည်။ ကြည်နူးဖွယ်ကောင်းသော အစီအစဉ်တစ်ရပ်ဖြစ်ခဲ့သည်။

ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျက်ဖရီ ဂျက်ဆင်က ၅၆ ယောက်သော သင်တန်းဆင်းများနှင့် အပြည်ပြည်ဆိုင်ရာပရိသတ် ၆,၃၆၆ ယောက်တို့ကို ကြိုဆိုနှုတ်ဆက်စကားပြောခြင်းဖြင့် အစီအစဉ်ကိုစတင်ခဲ့သည်။ သူက ‘အိုထာဝရဘုရားသခင် ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်တော်မူပါ။ ကိုယ်တော်၏အမှန်တရားလမ်းသို့လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း အကျွန်ုပ်၏နှလုံးကိုစေ့စပ်စေတော်မူပါ’ ဟု ဖော်ပြထားသော ဆာလံ ၈၆:၁၁ ပါ အကြောင်းအရာကို ဟောပြောခဲ့သည်။ ညီအစ်ကို ဂျက်ဆင်က ထိုအခန်းငယ်တွင် အလေးပေးဖော်ပြသည့် အချက်သုံးချက်ကိုထောက်ပြခဲ့သည်။ သူ ဤသို့ပြောသည်– “ပထမစာကြောင်းက ညွှန်ကြားချက်၊ ဒုတိယကစာကြောင်းက ကျင့်သုံးခြင်းနဲ့ တတိယစာကြောင်းက စိတ်လှုံ့ဆော်မှုကိုဖော်ပြတယ်။ ဒီအချက်သုံးချက်ဟာ မိမိတို့ခန့်အပ်ခံရတဲ့နေရာတွေကို သွားကြမယ့် သင်တို့ခရစ်ယာန်သာသနာပြုတွေအတွက် အထူးအရေးကြီးပါတယ်။” ထို့နောက် သူက ယင်းအချက်သုံးချက်စလုံးကို ပေါ်လွင်စေသော အခန်းဆက်ဟောပြောချက်များနှင့် လူတွေ့မေးမြန်းခန်းများကို မိတ်ဆက်ပေးခဲ့သည်။

နွေးထွေးသည့် ညွှန်ကြားချက်များ

ဌာနချုပ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဝီလျံ မဲလင်ဖန့်တ်က “အကောင်းဆုံးအသက်တာရရှိနိုင်” ဟူသည့်ခေါင်းစဉ်ဖြင့် တင်ဆက်သွားသည်။ သူက မာသ၏ညီမ မာရိ၏ပုံဥပမာကို အာရုံစိုက်စေခဲ့သည်။ ယေရှုလည်ပတ်ခဲ့ချိန်တစ်ချိန်တွင် မာရိသည် ယေရှု၏ခြေရင်းတွင်ထိုင်ကာ ကိုယ်တော်၏စကားကို နားထောင်ရန် ရွေးချယ်ခြင်းဖြင့် ယင်းကို ဦးစားပေးခဲ့သည်။ ယေရှုက မာသကို ဤသို့မိန့်တော်မူခဲ့သည်– “မာရိမူကား ကောင်းသောအဖို့ကိုရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှမနုတ်မယူရာ။” (လုကာ ၁၀:၃၈-၄၂) “အဲဒီစကားကို စဉ်းစားကြည့်ပါ” ဟု ဟောပြောသူကဆို၏။ “မာရိဟာ ယေရှုခြေရင်းမှာထိုင်ပြီး အလွန်ကောင်းတဲ့ဝိညာဉ်ရေးအမှန်တရားတွေကို မျက်နှာချင်းဆိုင်နားထောင်ခဲ့တာက သူလုပ်နိုင်သမျှထဲမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတဲ့အချက်ကို ထာဝရအမှတ်ရခြင်းခံရမှာဖြစ်တယ်။” ကျောင်းဆင်းများကို သူတို့၏ဝိညာဉ်ရေးဆိုင်ရာ ကောင်းသောရွေးချယ်မှုများအတွက် ချီးမွမ်းပြီးနောက် ဟောပြောသူက “သင်တို့ရဲ့ရွေးချယ်မှုက အကောင်းဆုံးအသက်တာကို ပို့ဆောင်ပေးခဲ့ပါပြီ” ဟုပြောသည်။

ထို့နောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်တိုနီ မောရစ်က ရောမ ၁၃:၁၄ ပေါ်အခြေခံသည့် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟူသောခေါင်းစဉ်ဖြင့် တင်ဆက်ခဲ့သည်။ ယေရှုကို ကျွန်ုပ်တို့မည်သို့ ယူတင်ဝတ်ဆောင်နိုင်သနည်း။ ‘သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ခြင်း’ တွင် သခင်၏အမူအကျင့်များကို တုပခြင်းပါဝင်သည်။ ထို့ကြောင့် ယေရှု၏ပုံသက်သေနှင့် စိတ်နေသဘောထားကို တုပခြင်းကိုဆိုလိုသည်။ ဟောပြောသူက ဤသို့ပြောသည်– “ယေရှုက မိမိနဲ့အတူရှိနေသူတွေ သက်သောင့်သက်သာရှိအောင် ပြုလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကို ကိုယ်တော်အမှန်တကယ်စိတ်ဝင်စားလို့ပဲ၊ အဲ့ဒါကို လူတွေခံစားတွေ့ရှိခဲ့ကြရတယ်။” ထို့နောက် ဟောပြောသူက ဧဖက် ၃:၁၈ တွင် ပြောထားသည့်အတိုင်း အမှန်တရား၏ “အနံ အလျား အနက် အမြင့်တို့ကို ပိုင်းခြား၍သိခြင်းငှာ” သင်တန်းသားများ သူတို့၏ဂိလဒ်သင်တန်းတွင် အသိပညာများစွာ ဆည်းပူးလေ့လာရရှိခဲ့ကြပုံကို တင်ဆက်သွားခဲ့သည်။ သို့သော် အခန်းငယ် ၁၉ တွင်ဆက်ဖော်ပြထားသည့် ‘အသိပညာထက်သာလွန်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ရန်’ ဟူသောအချက်ကို သတိရစေခဲ့သည်။ ညီအစ်ကို မောရစ်က သင်တန်းသားများကို ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့ ကိုယ်ပိုင်လေ့လာမှုဆက်လုပ်နေတဲ့အခါ ခရစ်တော်ရဲ့မေတ္တာပါထောက်ထားစာနာမှုကို ဘယ်လိုတုပနိုင်တယ်ဆိုတာကို သုံးသပ်ပါ၊ ပြီးတော့ ‘သခင်ယေရှုခရစ်ကို အမှန်တကယ် ယူတင်ဝတ်ဆောင်ကြ’ ပါ။”

ဂိလဒ်သွန်သင်ပို့ချသူတို့ထံမှ နှုတ်ခွန်းဆက်သွန်သင်ချက်

နောက်ဟောပြောချက်ကို ဂိလဒ်သွန်သင်ပို့ချသူ ဝေါလ်လေးစ် လစ်ဗာရန်စ်က နယပုံပြင် ၄:၇၊ [ကဘ] ပေါ်အခြေခံသည့်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဘုရားသခင့်ရေးရာဉာဏ်ပညာသည် အရေးကြီးဆုံးသောအရာဖြစ်သောကြောင့် ကျွန်ုပ်တို့သည် “သိနားလည်မှုကို ဆည်းပူး” ရမည်။ ယင်းတွင် သီးခြားစီဖြစ်သော အကြောင်းအရာများကို စုစည်းခြင်း၊ ကိစ္စရပ်တစ်ခု၏ အဓိပ္ပာယ်ကိုနားလည်သဘောပေါက်ရန် ယင်းတို့ တစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်မှုရှိသည်ကို သိမြင်နားလည်ခြင်းတို့ ပါဝင်သည်ဟု သူပြောခဲ့သည်။ ဟောပြောသူက သိနားလည်မှုကို ဆည်းပူးခြင်းက ရွှင်လန်းမှုကို ဖြစ်စေကြောင်း တင်ပြခဲ့သည်။ ဥပမာ၊ နေဟမိခေတ်တွင် လေဝိသားတို့သည် “ဘုရားသခင်၏ပညတ္တိကျမ်းစာကို သေချာစွာဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့် လူများနားလည်စေခြင်းငှာပြုကြ၏။” ယင်းနောက် လူတို့သည် “ဟောပြောသောစကားကို နားလည်သောကြောင့် . . . အလွန်ပျော်မွေ့ခြင်းကိုပြုအံ့သောငှာ သွားကြ၏။” (နေဟမိ ၈:၇၊ ၈၊ ၁၂) ညီအစ်ကို လစ်ဗာရန်စ်က ဤသို့နိဂုံးချုပ်ခဲ့သည်– “ရွှင်လန်းမှုဟာ ဘုရားသခင့်မှုတ်သွင်းခံစကားတော်ကို နားလည်ခြင်းကနေ ထွက်လာတဲ့ရလဒ်တစ်ခုဖြစ်တယ်။”

“သင့်ရန်သူအစစ်အမှန်ကား မည်သူနည်း” ဟူသောခေါင်းစဉ်ကို ဂိလဒ်သင်တန်းပို့ချသူ နောက်တစ်ဦးဖြစ်သော မာ့ခ် နူမဲရ်က တင်ဆက်ခဲ့သည်။ စစ်ဆင်နွှဲရာတွင် စစ်သားအတော်များများသည် မဟာမိတ်တို့၏ မှားပစ်ခတ်မှုကြောင့်ဖြစ်စေ၊ အချင်းချင်းပစ်ခတ်မိခြင်းကြောင့်ဖြစ်စေ သေဆုံးခဲ့ကြရသည်။ “ကျွန်တော်တို့ပါဝင်ဆင်နွှဲနေတဲ့ ဝိညာဉ်ရေးစစ်ပွဲမှာကော ဘယ်လိုလဲ” ဟူ၍ သူကမေးသည်။ “ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်တို့လည်း ရန်သူအစစ်အမှန်နဲ့ပတ်သက်ပြီး ရှုပ်ထွေးသွားနိုင်တယ်၊ အဲဒီခါ ကျွန်တော်တို့အချင်းချင်း ဒဏ်ရာရအောင် လုပ်မိနိုင်တယ်။” မနာလိုစိတ်က အချို့သူတို့ကို ရန်သူမည်သူမည်ဝါဖြစ်သည်ကို ဆုံးဖြတ်ရန်ခက်ခဲစေပေမည်။ ဘုရင်ရှောလု၏ရန်သူအစစ်အမှန်ကား ဖိလိတ္တိလူတို့ဖြစ်သော်လည်း သူ၏မနာလိုစိတ်ကြောင့် မိမိနှင့်ဝတ်ပြုသူချင်းဖြစ်သူ ဒါဝိဒ်ကို သတ်ရန် ကြိုးစားခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၈:၇-၉; ၂၃:၂၇၊ ၂၈) ဟောပြောသူက ဤသို့ဆက်ပြောသည်– “နည်းလမ်းများစွာမှာ သာလွန်ထူးချွန်တဲ့ သာသနာပြုတစ်ဦးနဲ့အတူ အမှုထမ်းဆောင်နေရတယ်ဆိုရင် သင်တို့ဘယ်လိုလုပ်မလဲ။ သင့်ရဲ့ဝိညာဉ်ရေးအဖော်အဖက်ကို အပြစ်တင်ဝေဖန်တဲ့မှတ်ချက်တွေနဲ့ အနာတရဖြစ်စေမလား၊ ဒါမှမဟုတ် အခြားသူတွေဟာ နည်းလမ်းများစွာမှာ မိမိထက်သာတယ် ဆိုတဲ့အချက်ကို လိုလိုလားလားလက်ခံပြီး သူတို့နဲ့အဆင်ပြေအောင်နေမလား။ တခြားသူတွေရဲ့မစုံလင်မှုကို အာရုံစိုက်နေခြင်းက ဘယ်သူဟာ ရန်သူအစစ်အမှန်ဖြစ်တယ်ဆိုတာကို မမြင်ဘဲဖြစ်သွားနိုင်တယ်။ ရန်သူအစစ်အမှန်ဖြစ်တဲ့ စာတန်ကို တိုက်ကြပါ” ဟူ၍ ဟောပြောသူက ပြောသည်။

ပျော်ရွှင်စရာကောင်းသောတွေ့ကြုံမှုများနှင့်တည်ဆောက်မှုဖြစ်စေသော လူတွေ့မေးမြန်းခန်းများ

နောက်အပိုင်းတွင် ဂိလဒ်သင်တန်းပို့ချသူ လောရဲန့်စ် ဘိုဝင်န်က “သတင်းကောင်းဟောပြောသူ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့” ဟူသည့်အကြောင်းအရာကို တင်ဆက်ရာတွင် လူတွေ့မေးမြန်းခန်းများနှင့် တွေ့ကြုံမှုများကို ပါဝင်စေခဲ့သည်။ ဟောပြောသူက ဤသို့ပြောသည်– “ဂိလဒ်သင်တန်းဆင်း ခရစ်ယာန်သာသနာပြုတွေရဲ့ အဓိကလုပ်ငန်းက သတင်းကောင်းပျံ့နှံ့စေဖို့ဖြစ်ပြီး လူတွေကိုတွေ့နိုင်တဲ့နေရာတိုင်းမှာ သတင်းကောင်းကြားသိဖို့ ဒီသင်တန်းက ကူညီပေးခဲ့ပြီ။” အချို့သောဝမ်းမြောက်ဖွယ်တွေ့ကြုံမှုများကို ပြန်သရုပ်ပြခဲ့ကြသည်။

အစီအစဉ်ပါ နောက်အပိုင်းနှစ်ပိုင်းကို ဗေသလမိသားစုဝင်များဖြစ်ကြသော မိုက်ကယ်လ် ဘားနက်နှင့် စကော့ ဆိုဖနာတို့က အသီးသီး တင်ဆက်ခဲ့ကြသည်။ သူတို့က ကိုရီးယား၊ ဘာဘေးဒိုးစ်၊ ယူဂန္ဓာနှင့် ဩစတြေးလျနိုင်ငံတို့မှ ဌာနခွဲကော်မတီဝင်များကို လူတွေ့မေးမြန်းခဲ့ကြသည်။ ကော်မတီဝင်များ၏မှတ်ချက်များက ခရစ်ယာန်သာသနာပြုများအတွက် လျောက်ပတ်သောအိမ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် သူတို့ရဲ့လိုအပ်ရာများကို ဂရုစိုက်ပေးရာ၌ မည်မျှကြိုးစားအားထုတ်သည်ကို ဖော်ပြခဲ့သည်။ အောင်မြင်သောခရစ်ယာန်သာသနာပြုများသည် ဒေသအခြေအနေနှင့်အညီ အလိုက်သင့်ပြုပြင်ပြောင်းလဲလိုစိတ် ရှိကြကြောင်း ကော်မတီဝင်များ အလေးပေးပြောခဲ့ကြသည်။

အားတက်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်ကောင်းသော နိဂုံး

အစီအစဉ်၏အဓိကဟောပြောချက်ဖြစ်သည့် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့” ဟူသောအကြောင်းကို သက်တမ်းကြာအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဂျွန် အီး. ဘားရ်က ဟောပြောခဲ့သည်။ သူက ဗျာ. ၁၄:၆၊ ၇ ကို တင်ဆက်သွားခဲ့သည်။ ထိုကျမ်းချက်တွင် “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသော ကောင်းကင်တမန်တစ်ပါးက ‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ’ . . . ဟု ကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကို ငါမြင်၏” ဟု ဖော်ပြသည်။

ညီအစ်ကို ဘားရ်က ထိုကောင်းကင်တမန်နှင့်ပတ်သက်သော အချက်သုံးချက်ကို နှလုံးသွင်းကြရန် သင်တန်းသားများကို တိုက်တွန်းခဲ့သည်။ ပထမ၊ ကောင်းကင်တမန်က ခရစ်တော်သည် ယခုအခါ နိုင်ငံတော်အာဏာအပြည့်ဖြင့် အုပ်ချုပ်လျက်ရှိသည်ဟူသော ထာဝရသတင်းကောင်း ကြွေးကြော်သည်။ ဟောပြောသူက ဤသို့ပြောသည်– “၁၉၁၄ ခုနှစ်မှာ ယေရှုနန်းထိုင်ခဲ့ပြီဆိုတာကို ကျွန်တော်တို့ လုံးဝယုံကြည်စိတ်ချကြပါတယ်။ ဒါကြောင့် အဲဒီဝမ်းမြောက်ဖွယ်သတင်းကို ကမ္ဘာတစ်ဝန်းလုံးမှာ ကြွေးကြော်ရမယ်။” ဒုတိယ၊ ကောင်းကင်တမန်က ဤသို့ဖော်ပြခဲ့သည်– ‘ဘုရားသခင်ကို ကြောက်ရွံ့လော့။’ သင်တန်းဆင်းများသည် မိမိတို့၏ကျမ်းစာသင်သားများကို ဘုရားသခင်မနှစ်သက်သော မည်သည့်အရာကိုမျှ မပြုလုပ်ရန်အတွက် ကိုယ်တော်ကို အလွန်ကြည်ညိုလေးစားဖို့ လိုအပ်ကြောင်း ဟောပြောသူက ရှင်းပြခဲ့သည်။ တတိယ၊ ကောင်းကင်တမန်က ဤသို့အမိန့်ပေး၏– ‘ဘုရားသခင်ကို ချီးမွမ်းကြလော့။’ “မိမိတို့ဘုန်းအတွက်မဟုတ်ဘဲ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေဖို့ အမှုထမ်းဆောင်နေကြတယ်ဆိုတာကို ဘယ်တော့မှမမေ့ကြပါနဲ့” ဟူ၍ သင်တန်းသားများကို တိုက်တွန်းခဲ့သည်။ ထို့နောက် ‘တရားစီရင်ချိန်’ အကြောင်းကို ဆွေးနွေးတင်ပြရာတွင် ညီအစ်ကို ဘားရ်က ဤသို့ပြောခဲ့သည်– “နောက်ဆုံးတရားစီရင်ခြင်းကို ကြွေးကြော်မယ့်အချိန်ရောက်ဖို့ အနည်းငယ်သာလိုတော့တယ်။ သိပ်အချိန်မနှောင်းခင် ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့ လူအတော်များများ သတင်းကောင်းကို ကြားနာဖို့ လိုအပ်နေဆဲဖြစ်တယ်။”

ထိုစကားများသည် ၅၆ ယောက်သော သင်တန်းဆင်းများ၏နားတွင် ပဲ့တင်ထပ်လျက် သူတို့အား ဒီပလိုမာကို အပ်နှင်းကာ မြေကြီးစွန်းထိတိုင် စေလွှတ်ခဲ့သည်။ သင်တန်းဆင်းများနှင့် တက်ရောက်လာကြသူအားလုံး ထိုရွှင်လန်းဖွယ်နေ့တွင် သူတို့ရရှိခဲ့သော စိတ်လှုံ့ဆော်မှုဖြစ်စေသောအကြံပေးချက်က သူတို့၏နှလုံးသားကို နက်ရှိုင်းစွာထိမိခဲ့သည်။

[စာမျက်နှာ ၁၇ မှ လေးထောင့်ကွက်]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုနိုင်ငံအရေအတွက်– ၆

တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၂၅

ကျောင်းသား/သူအရေအတွက်– ၅၆

ပျမ်းမျှအသက်– ၃၅.၁

ပျမ်းမျှအမှန်တရားသက်တမ်း– ၁၈.၃

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃.၉

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၂၁ ကြိမ်မြောက်သင်တန်း

အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်

(1) Fox, Y.; Kunicki, D.; Wilkinson, S.; Kawamoto, S.; Consolandi, G.; Mayen, C. (2) Santiago, N.; Clancy, R.; Fischer, M.; de Abreu, L.; Davis, E. (3) Hwang, J.; Hoffman, D.; Wridgway, L.; Ibrahim, J.; Dabelstein, A.; Bakabak, M. (4)⁠ ⁠Peters, M.; Jones, C.; Ford, S.; Parra, S.; Rothrock, D.; Tatlot, M.; Perez, E. (5) de Abreu, F.; Kawamoto, S.; Ives, S.; Burdo, J.; Hwang, J.; Wilkinson, D. (6) Fox, A.; Bakabak, J.; Cichowski, P.; Forier, C.; Mayen, S.; Consolandi, E.; Wridgway, W. (7) Parra, B.; Perez, B.; Tatlot, P.; Santiago, M.; Ibrahim, Y.; Kunicki, C. (8) Burdo, C.; Cichowski, B.; Ives, K.; Ford, A.; Rothrock, J.; Hoffman, D.; Davis, M. (9) Peters, C.; Dabelstein, C.; Jones, K.; Clancy, S.; Fischer, J.; Forier,S.