မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ပထမထမြောက်ခြင်း”—ယခု ဖြစ်မြောက်လျက်ရှိ

“ပထမထမြောက်ခြင်း”—ယခု ဖြစ်မြောက်လျက်ရှိ

“ပထမထမြောက်ခြင်း”—ယခု ဖြစ်မြောက်လျက်ရှိ

“ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။”—⁠၁ သက်သာလောနိတ် ၄:၁၆

၁၊ ၂။ (က) သေလွန်သူတို့အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းကို အဘယ်အရာပေါ်အခြေခံကာ သင်ယုံကြည်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

“အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။” အာဒံအပြစ်ပြုပြီးချိန်မှစ၍ အဆိုပါစကား မှန်ကန်ခဲ့သည်။ သမိုင်းတစ်လျှောက် မွေးဖွားလာသူတိုင်းသည် နောက်ဆုံး မိမိတို့သေဆုံးရမည်ဖြစ်ကြောင်းသိကြကာ များစွာသောသူတို့က ‘၎င်းနောက် ဘာဖြစ်လာမည်’ ကိုသိလိုကြသည်။ လူသေတို့၏အခြေအနေ မည်သို့ရှိသနည်း။ သမ္မာကျမ်းစာက ဤသို့အဖြေပေး၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။”—⁠ဒေ. ၉:၅

သို့ဖြစ်လျှင် သေဆုံးသွားသူတို့အဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိပါသလော။ ရှိပါသည်။ လူသားတို့အတွက် ဘုရားသခင်၏မူလရည်ရွယ်တော်မူချက် ပြည့်စုံလာသည့်အချိန်တွင် ဖြစ်မည်။ ရာစုနှစ်များတစ်လျှောက် ဘုရားသခင်အပေါ် တည်ကြည်သောကျေးကျွန်များသည် စာတန်နှင့် စာတန်ကြောင့်ဖြစ်ခဲ့သော ဆိုးကျိုးများကို ဖယ်ရှားပေးမည့် အမျိုးအနွယ်နှင့်ပတ်သက်သော ယေဟောဝါ၏ကတိတော်ကို ယုံကြည်ကြောင်းတင်ပြခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁၅) သူတို့အများစုမှာ သေဆုံးသွားပြီဖြစ်သည်။ ယေဟောဝါကတိပြုခဲ့သော ထိုကတိတော်နှင့် အခြားကတိတော်များပြည့်စုံသည်ကို သူတို့တွေ့မြင်ရန် ထိုသူတို့သည် သေရာမှပြန်ရှင်ဖို့လိုသည်။ (ဟေဗြဲ ၁၁:၁၃) ထိုသို့ ဖြစ်နိုင်ပါမည်လော။ ဖြစ်နိုင်ပါသည်။ တမန်တော်ပေါလု ဤသို့ဆို၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) တစ်ခါက အိမ်၏တတိယအထပ် ပြတင်းပေါက်မှ ပြုတ်ကျ၍ “သေ” ဆုံးသွားသော ဥတုခုအမည်ရှိ လူငယ်တစ်ဦးကို အသက်ပြန်ရှင်အောင် ပေါလုပြုလုပ်ခဲ့သည်။ ၎င်းမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော ရှင်ပြန်ထမြောက်သည့် အဖြစ်အပျက်ကိုးခုထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။—⁠တမန်တော် ၂၀:၇-၁၂ *

၃။ ယောဟန် ၅:၂၈၊ ၂၉ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများမှ အဘယ်နှစ်သိမ့်မှုကို အသင်ကိုယ်တိုင် ခံစားခဲ့ရသနည်း။ အဘယ်ကြောင့်နည်း။

ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းကိုးခုက ပေါလု၏စကားကိုယုံကြည်ရန် အခြေခံဖြစ်သည်။ ယင်းတို့က ယေရှု၏ဤအာမခံချက်အပေါ် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှု ပိုခိုင်ခံ့စေသည်– “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) နှလုံးနွေးထွေးဖွယ်စကားများပင်! သေခြင်းကြောင့် ချစ်မြတ်နိုးရသူတို့ကို ဆုံးရှုံးခဲ့ရသော သန်းနှင့်ချီသောသူတို့အတွက် အလွန်နှစ်သိမ့်မှုပင်!

၄၊ ၅။ အဘယ်ရှင်ပြန်ထမြောက်ခြင်းအမျိုးမျိုးကို သမ္မာကျမ်းစာတွင် ဖော်ပြထားသနည်း။ ဤဆောင်းပါးတွင် အဘယ်ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးမည်နည်း။

ရှင်ပြန်ထမြောက်လာကြသူအများစုသည် ဘုရားသခင့်နိုင်ငံတော်အောက် ငြိမ်သက်အေးချမ်းသော ဤကမ္ဘာမြေကြီးပေါ် ပြန်ရှင်လာကြမည်ဖြစ်သည်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ဟေရှာယ ၁၁:၆-၉; ၃၅:၅၊ ၆; ၆၅:၂၁-၂၃) သို့သော် ယင်းရှင်ပြန်ထမြောက်ခြင်းမဖြစ်မီ အခြားသောရှင်ပြန်ထမြောက်ခြင်းတို့ ဖြစ်မြောက်ခဲ့ပြီးဖြစ်သည်။ ပထမတစ်ခုမှာ ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ထံ မိမိ၏ပူဇော်ရာယဇ်တန်ဖိုးကိုဆက်သရန် ယေရှုခရစ် ရှင်ပြန်ထမြောက်ခဲ့သည်။ ယေရှုသည် အေဒီ ၃၃ တွင် သေဆုံးခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့သည်။

နောက်တစ်ခုမှာ “ဘုရားသခင်၏ဣသရေလအမျိုး” အဝင်ဖြစ်သော ဝိညာဉ်တော်ဖွားများသည် ‘သခင်နှင့်အတူ အစဉ်မပြတ်နေ’ ကာ ကောင်းကင်ဘုန်းဝင်စားရန် သခင်ယေရှုခရစ်နှင့်အတူ ပူးပေါင်းကြရမည်။ (ဂလာတိ ၆:၁၆; ၁ သက်သာလောနိတ် ၄:၁၇) ယင်းအဖြစ်အပျက်ကို “စောစောထမြောက်ခြင်း၊” “ပထမထမြောက်ခြင်း” ဟုခေါ်သည်။ (ဖိလိပ္ပိ ၃:၁၀၊ ၁၁ကဘ; ဗျာ. ၂၀:⁠၆) ထိုရှင်ပြန်ထမြောက်ခြင်းပြီးသွားသည့်အခါ သန်းနှင့်ချီသောသူတို့သည် ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန်အလားအလာဖြင့် မြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်လာကြမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ “ပထမထမြောက်ခြင်း” အကြောင်းကို စိတ်ဝင်စားသင့်သည်။ ယင်းသည် မည်သို့သော ထမြောက်ခြင်းဖြစ်မည်နည်း။ အဘယ်အချိန်တွင် ဖြစ်မြောက်သနည်း။

“အဘယ်သို့သောကိုယ်နှင့် ပေါ်လာကြမည်နည်း”

၆၊ ၇။ (က) ဝိညာဉ်တော်ဖွားခရစ်ယာန်များ ကောင်းကင်သို့တက်နိုင်ရန် ယင်းသို့မတက်မီ အဘယ်အရာဖြစ်ရမည်နည်း။ (ခ) သူတို့သည် မည်သို့သော ကိုယ်ခန္ဓာအမျိုးအစားဖြင့် ထမြောက်ကြမည်နည်း။

ကောရိန္သုအသင်းသားတို့ထံရေးသော ပထမစာစောင်တွင် ပေါလုက ပထမထမြောက်ခြင်းနှင့်ပတ်သက်၍ ဤသို့မေးခွန်းထုတ်ခဲ့၏– “သေလွန်သောသူတို့သည် အဘယ်သို့ထမြောက်ကြမည်နည်း။ အဘယ်သို့သောကိုယ်နှင့်ပေါ်လာကြမည်နည်း။” ထို့နောက် ယင်းမေးခွန်းကို ဤသို့ပြန်ဖြေခဲ့၏– “သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။ . . . ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ . . . ကောင်းကင်အကောင်အထည်၏ ဂုဏ်အသရေလည်း [ကောင်းကင်နှင့်ဆိုင်သော ကိုယ်ခန္ဓာ] တစ်မျိုး၊ မြေကြီးအကောင်အထည်၏ ဂုဏ်အသရေလည်း [မြေကြီးနှင့်ဆိုင်သော ကိုယ်ခန္ဓာ] တစ်မျိုးဖြစ်၏။”—⁠၁ ကောရိန္သု ၁၅:၃၅-၄၀

သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်များသည် ကောင်းကင်ဆုကျေးဇူးမရရှိမီ သေဆုံးရမည်ဖြစ်ကြောင်း ပေါလု၏စကားများက ဖော်ပြသည်။ သူတို့သေဆုံးသည့်အခါ သူတို့၏မြေကြီးနှင့်ဆိုင်သော ကိုယ်ခန္ဓာသည် မြေမှုန့်ပြန်ဖြစ်သွားသည်။ (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် သူတို့သည် ကောင်းကင်တွင်အသက်ရှင်ရန် သင့်လျော်သောကိုယ်ခန္ဓာ အမျိုးအစားဖြင့် ရှင်ပြန်ထမြောက်လာကြသည်။ (၁ ယောဟန် ၃:၂) ဘုရားသခင်သည် သူတို့ကို မသေနိုင်သောအသက်ကိုလည်း ပေးတော်မူသည်။ ၎င်းမှာ လူတို့၏အဆိုအရ မွေးရာပါမသေနိုင်သောဝိညာဉ်မဟုတ်ပါ။ “ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်” ဟုပေါလုဆို၏။ မသေနိုင်သောအဖြစ်သည် ဘုရားသခင်ပေးတော်မူသောဆု၊ ပထမထမြောက်ခြင်းတွင် ပါဝင်သူတို့ “ဝင်စား” ရမည့်အရာဖြစ်သည်။—⁠၁ ကောရိန္သု ၁၅:၅၀၊ ၅၃; ကမ္ဘာဦး ၂:၇; ၂ ကောရိန္သု ၅:၁၊ ၂၊

၈။ ဘုရားသခင်သည် ၁၄၄,၀၀၀ ကို ဘာသာအမျိုးမျိုးမှ ရွေးချယ်ခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

၁၄၄,၀၀၀ တို့သာ ပထမထမြောက်ခြင်းတွင် ပါဝင်ကြသည်။ ယေရှုအား ရှင်ပြန်ထမြောက်စေပြီးနောက် မကြာမီအချိန်ဖြစ်သည့် အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှစ၍ ထိုသူတို့ကို ယေဟောဝါ စတင်ရွေးချယ်ခဲ့သည်။ သူတို့အားလုံးသည် “[ယေရှု] ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌အက္ခရာတင်သောသူ” တို့ဖြစ်ကြသည်။ (ဗျာ. ၁၄:၁၊) သို့ဖြစ်သောကြောင့် ဘာသာအမျိုးမျိုးမှ ရွေးချယ်ခြင်းမဟုတ်ပါ။ သူတို့အားလုံးသည် ခရစ်တော်၏နောက်တော်လိုက်များဖြစ်ကြပြီး ခမည်းတော်၏နာမတော်ဖြစ်သော ယေဟောဝါကို ဂုဏ်ယူစွာလက်ခံကြသည်။ သူတို့ရှင်ပြန်ထမြောက်ချိန်တွင် ကောင်းကင်၌ အလုပ်တာဝန်တစ်ခုကို ရရှိကြသည်။ ထိုသို့ဘုရားသခင်၏အမှုတော်ကို တိုက်ရိုက်ဆောင်ရွက်ရသည့် အလားအလာသည် သူတို့အဖို့ လုံးလုံးစိတ်လှုပ်ရှားစရာပင်။

ယခု ဖြစ်မြောက်လျက်ရှိပြီလော

၉။ ပထမထမြောက်ခြင်း အဘယ်အချိန်၌စတင်သည်ကို ပိုင်းဖြတ်ရန် ဗျာ. ၁၂:၇ နှင့် ၁၇:၁၄ တို့က မည်သို့အထောက်အကူပြုသနည်း။

အဘယ်အချိန်တွင် ပထမထမြောက်ခြင်း ဖြစ်မြောက်သနည်း။ ယခုဖြစ်မြောက်လျက်ရှိကြောင်း ခိုင်လုံသည့်အထောက်အထားများရှိသည်။ ဥပမာ၊ ဗျာ.ကျမ်းထဲမှ အခန်းကြီးနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ ဦးဆုံး ဗျာ. အခန်းကြီး ၁၂ ကိုကြည့်ပါ။ ထိုတွင် နန်းတက်စဘုရင် ယေရှုခရစ်သည် သူ၏သန့်ရှင်းသောကောင်းကင်တမန်တို့နှင့်အတူ စာတန်နှင့် သူ၏နတ်ဆိုးတို့ကို စစ်တိုက်သည့်အကြောင်း ဖတ်ရသည်။ (ဗျာ. ၁၂:၇-၉) ဤဂျာနယ်တွင် မကြာခဏဖော်ပြခဲ့သည့်အတိုင်း ထိုစစ်ပွဲသည် ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ * သို့သော် ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက် တစ်ဦးတစ်ယောက်မျှ ထိုကောင်းကင်စစ်တွင် ယေရှုနှင့်အတူရှိသည်ဟု မဆိုထားသည်ကို သတိပြုပါ။ ယခု ဗျာ. အခန်းကြီး ၁၇ ကိုကြည့်ပါ။ ထိုတွင် ‘မဟာဗာဗုလုန်’ ကိုဖျက်ဆီးပြီးနောက် သိုးသငယ်သည် တိုင်းနိုင်ငံများကို အောင်နိုင်မည်ဖြစ်ကြောင်း ဖတ်ရသည်။ ထို့နောက် ဤသို့ဆို၏– ‘ကိုယ်တော်နှင့်အတူ ခေါ်ယူရွေးကောက်တော်မူခြင်းခံရသူ တည်ကြည်သူတို့လည်း အောင်နိုင်ကြလိမ့်မည်။’ (ဗျာ. ၁၇:၅၊ ၁၄ကဘ) ‘ခေါ်ယူရွေးကောက်တော်မူခြင်းခံရသူ တည်ကြည်သူတို့’ သည် စာတန့်လောကကို အပြီးသတ်အနိုင်ယူချိန်တွင် ယေရှုနှင့်အတူရှိမည်ဆိုလျှင် သူတို့သည် ရှင်ပြန်ထမြောက်ပြီးဖြစ်ရမည်။ သို့ဖြစ်၍ အာမဂေဒုန်မတိုင်မီ သေဆုံးသွားသော ဝိညာဉ်တော်ဖွားများသည် ၁၉၁၄ ခုနှစ်နှင့် အာမဂေဒုန်အကြား တစ်ချိန်ချိန်တွင် ရှင်ပြန်ထမြောက်ကြသည်။

၁၀၊ ၁၁။ (က) အသက်ကြီးသူ ၂၄ ပါးမှာ မည်သူတို့နည်း။ ထိုသူတို့ထဲမှတစ်ဦးသည် ယောဟန်အား အဘယ်အရာဖော်ပြသနည်း။ (ခ) ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာ ကောက်ချက်ချနိုင်သနည်း။

၁၀ ပထမထမြောက်ခြင်း စတင်သည့်အချိန်ကို ပို၍တိတိကျကျပြောနိုင်သလော။ ဗျာ. ၇:၉-၁၅ တွင် စိတ်ဝင်စားဖွယ်သဲလွန်စတစ်ခုကို တွေ့ရသည်။ ထိုတွင် တမန်တော်ယောဟန်က “အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့ [“လူအုပ်ကြီး၊” ကဘ]” နှင့်ပတ်သက်သည့် သူ၏စိတ်အာရုံကို ဖော်ပြထားသည်။ လူအုပ်ကြီး မည်သူမည်ဝါဖြစ်ကြောင်းကို ယောဟန်အားဖော်ပြသူမှာ အသက်ကြီးသူ ၂၄ ပါးထဲမှ တစ်ပါးဖြစ်ပြီး ထိုအသက်ကြီးသူတို့မှာ ခရစ်တော်နှင့်အတူ ကောင်းကင်ဘုန်းဝင်စားကြမည့် ပူးတွဲအမွေခံ ၁၄၄,၀၀၀ ကိုကိုယ်စားပြုသည်။ * (လုကာ ၂၂:၂၈-၃၀; ဗျာ. ၄:၄) ယောဟန်ကိုယ်တိုင်သည် ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်သော်လည်း ထိုအသက်ကြီးသူ သူ့အားစကားပြောချိန်တွင် သူသည် လူသားတစ်ဦးအနေနှင့် မြေကြီးပေါ်ရှိနေဆဲဖြစ်သောကြောင့် ထိုစိတ်အာရုံအရ ယောဟန်သည် ကောင်းကင်ဆုကျေးဇူးကို မရရှိသေးသော မြေကြီးပေါ်ရှိဝိညာဉ်တော်ဖွားများကို ကိုယ်စားပြုရမည်။

၁၁ သို့ဖြစ်၍ အသက်ကြီးသူ ၂၄ ပါးထဲမှ တစ်ဦးက လူအုပ်ကြီးမည်သူမည်ဝါဖြစ်ကြောင်း ယောဟန်အားဖော်ပြသည့်အချက်မှ ကျွန်ုပ်တို့ အဘယ်အရာ ကောက်ချက်ချနိုင်သနည်း။ ယနေ့ အသက်ကြီးသူ ၂၄ ပါးထဲမှ ရှင်ပြန်ထမြောက်ပြီးဖြစ်သောအုပ်စုသည် ဘုရားသခင်နှင့်ဆိုင်သောအမှန်တရားကို ပေးပို့သိရှိစေခြင်းတွင် ပါဝင်ကြပုံရသည်။ ယင်းသည် အဘယ်ကြောင့် အရေးပါသနည်း။ လူအုပ်ကြီးသည် အမှန်တကယ်မည်သူမည်ဝါဖြစ်ကြောင်းကို ၁၉၃၅ ခုနှစ်တွင် မြေကြီးပေါ်ရှိ ဘုရားသခင့်ဝိညာဉ်တော်ဖွားကျေးကျွန်များအား ဖော်ပြခဲ့ကြသောကြောင့်ဖြစ်သည်။ အသက်ကြီးသူ ၂၄ ပါးထဲမှတစ်ပါးသည် ထိုအရေးကြီးသောအမှန်တရားကို ဖော်ပြရန် အသုံးပြုခြင်းခံခဲ့ရသည်ဆိုလျှင် ထိုသူသည် အနည်းဆုံး ၁၉၃၅ ခုနှစ်တွင် ကောင်းကင်သို့ရှင်ပြန်ထမြောက်ပြီးသူ ဖြစ်ရမည်။ ယင်းက ပထမထမြောက်ခြင်းသည် ၁၉၁၄ နှင့် ၁၉၃၅ ခုနှစ်ကြား တစ်ချိန်ချိန်တွင် စတင်ခဲ့ကြောင်း ဖော်ပြသည်။ ထိုထက်ပို၍ တိတိကျကျ ပြောနိုင်သေးသလော။

၁၂။ ပထမထမြောက်ခြင်းသည် ၁၉၁၈ ခုနှစ်၊ နွေဦးရာသီတွင်စတင်နိုင်သည်ဟု အဘယ်ကြောင့် ယူမှတ်နိုင်ကြောင်း ရှင်းပြပါ။

၁၂ ဤအချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာပါ ဆင်တူချက်တစ်ခုကို သုံးသပ်ခြင်းက အထောက်အကူရနိုင်သည်။ ယေရှုခရစ်သည် အေဒီ ၂၉ နှစ်အကုန်ပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်၏ အနာဂတ်ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံခဲ့ရသည်။ သုံးနှစ်ခွဲကုန်လွန်ပြီးနောက် အေဒီ ၃၃ နွေဦးရာသီတွင် ကိုယ်တော်သည် တန်ခိုးကြီးဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ရှင်ပြန်ထမြောက်ခဲ့သည်။ သို့ဖြစ်၍ ယေရှုသည် ၁၉၁၄ နှစ်ကုန်ပိုင်းတွင် နန်းတင်ခံခဲ့ရသောကြောင့် ကိုယ်တော်၏တည်ကြည်သောနောက်လိုက်များသည် နောက်သုံးနှစ်ခွဲအကြာ ၁၉၁၈ ခုနှစ် နွေဦးရာသီတွင် စတင်၍ရှင်ပြန်ထမြောက်ကြသည်ဟု ယူမှတ်နိုင်မည်လော။ ဖြစ်နိုင်ခြေရှိသည်။ သမ္မာကျမ်းစာတွင် ယင်းသို့ တိုက်ရိုက်အတိအကျမပါရှိသော်လည်း ပထမထမြောက်ခြင်းသည် ခရစ်တော်ရောက်ရှိပြီးနောက် မကြာမီအချိန်တွင် ဖြစ်မြောက်သည်ဟုဆိုခြင်းသည် အခြားကျမ်းချက်များနှင့် မဆန့်ကျင်ပါ။

၁၃။ ပထမထမြောက်ခြင်းသည် ခရစ်တော်ရောက်ရှိခြင်းအစောပိုင်းတွင် စတင်ကြောင်း ၁ သက်သာလောနိတ် ၄:၁၅-၁၇ ကမည်သို့ဖော်ပြသနည်း။

၁၃ ဥပမာ၊ ပေါလုဤသို့ရေးခဲ့၏– ‘သခင်ကြွလာတော်မူသောအခါ [ကိုယ်တော်ရောက်ရှိနေခြင်း၏ အဆုံးပိုင်းအချိန်မဟုတ်ပါ] အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။’ (၁ သက်သာလောနိတ် ၄:၁၅-၁၇) ထို့ကြောင့် ခရစ်တော်ရောက်ရှိချိန်မတိုင်မီ သေလွန်သွားသော ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ခရစ်တော်ရောက်ရှိချိန်အတွင်း အသက်ရှင်ဆဲဖြစ်သောသူတို့ထက်အလျင် ကောင်းကင်အသက်တာသို့ ထမြောက်ကြသည်။ သို့ဖြစ်၍ ပထမထမြောက်ခြင်းသည် ခရစ်တော်ရောက်ရှိခြင်း၏ အစောပိုင်းအချိန်တွင် စတင်ခြင်းဖြစ်ရမည်ကိုဆိုလိုပြီး ယင်းသည် ‘ကိုယ်တော်ရောက်ရှိနေချိန်အတွင်း’ ဆက်၍ဖြစ်မြောက်သွားသည်။ (၁ ကောရိန္သု ၁၅:၂၃ကဘ) တစ်ကြိမ်တည်း အားလုံးထမြောက်ခြင်းမဟုတ်ဘဲ ပထမထမြောက်ခြင်းသည် အချိန်ကာလတစ်ခုအတွင်း ဖြစ်မြောက်သည်။

“ထိုသူတို့၌ ဖြူသောဝတ်လုံကိုပေးတော်မူ၏”

၁၄။ (က) ဗျာ. အခန်းကြီး ၆ တွင်မှတ်တမ်းတင်ထားသော စိတ်အာရုံသည် အဘယ်အချိန်တွင် ပြည့်စုံသနည်း။ (ခ) ဗျာ. ၆:၉ တွင်အဘယ်အရာကို သရုပ်ဖော်ထားသနည်း။

၁၄ ဗျာ. အခန်းကြီး ၆ တွင်ပါရှိသည့်အဖြစ်အပျက်ကိုလည်း သုံးသပ်ကြည့်ပါ။ ထိုတွင် ယေရှုသည် အောင်နိုင်သူဘုရင်တစ်ပါးအဖြစ် မြင်းစီးလျက်ကြွလာသည်ကို တွေ့ရသည်။ (ဗျာ. ၆:၂) တိုင်းနိုင်ငံတို့သည် ကြီးမားသည့်အတိုင်းအတာဖြင့် စစ်ပွဲများတွင် ပါဝင်လာကြသည်။ (ဗျာ. ၆:၄) နေရာအနှံ့အပြားတွင် ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပျက်သည်။ (ဗျာ. ၆:၅၊ ၆) သေစေလောက်သည့်အနာရောဂါများကြောင့် လူသားတို့ သေကျေပျက်စီးကြသည်။ (ဗျာ. ၆:၈) ထိုပရောဖက်ပြုချက်အဖြစ်အပျက်အားလုံးသည် ၁၉၁၄ ခုနှစ်မှစ၍ ကမ္ဘာ့အခြေအနေများနှင့် အထင်အရှားကိုက်ညီသည်။ နောက်ထပ်ဖြစ်ပျက်သည့်အရာ တစ်ခုရှိသေးသည်။ ကျွန်ုပ်တို့၏အာရုံသည် ယဇ်ပလ္လင်ရှိရာသို့ ဆွဲဆောင်ခြင်းခံရသည်။ ယဇ်ပလ္လင်ခြေရင်းတွင် ‘ဘုရားသခင်၏နှုတ်မြွက်တော်ကြောင့်လည်းကောင်း၊ မိမိတို့သက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ် [စိုးလ်] များ’ ရှိသည်။ (ဗျာ. ၆:၉) “ကိုယ်ခန္ဓာအသက် [စိုးလ်] သည် အသွေး၌တည်” သောကြောင့် ယဇ်ပလ္လင်ခြေရင်းတွင် ရှိသည့်အရာမှာ ရဲရင့်စွာ၊ ဇွဲထက်သန်စွာ သက်သေခံခြင်းကြောင့် အသတ်ခံခဲ့ရသော ယေရှု၏တည်ကြည်သောကျေးကျွန်များ၏ အသွေးကို အမှန်ပင်ပုံဆောင်သည်။—⁠ဝတ်ပြုရာ ၁၇:၁၁

၁၅၊ ၁၆။ ဗျာ. ၆:၁၀၊ ၁၁ ပါစကားများသည် ပထမထမြောက်ခြင်းကို အဘယ်ကြောင့်ရည်ညွှန်းသည်ကို ရှင်းပြပါ။

၁၅ ဖြောင့်မတ်သောသူ အာဗေလ၏အသွေးကဲ့သို့ပင် မိမိတို့၏ယုံကြည်ခြင်းအတွက် အသေခံခဲ့သော ထိုခရစ်ယာန်များ၏အသွေးသည် တရားမျှတစွာစီရင်ရန် အော်ဟစ်လျက်ရှိသည်။ (ကမ္ဘာဦး ၄:၁၀) “သူတို့ကလည်း ‘သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသောသူတို့သည် ငါတို့အသွေးကိုသွန်းကြသောအပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေတော်မူမည်နည်း’ ဟုကြီးသောအသံနှင့် ကြွေးကြော်ကြ၏။” ထို့နောက် အဘယ်အရာဖြစ်ပျက်သနည်း။ “ထိုသူတို့၌ ဖြူသောဝတ်လုံကိုပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိလုပ်ဖော်ဆောင်ဖက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ ခဏငြိမ်သက်စွာနေ [“နားနေ၊” ကဘ] ရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။”—⁠ဗျာ. ၆:၁၀၊ ၁၁

၁၆ ယဇ်ပလ္လင်ခြေရင်း၌ရှိသော သွေးအိုင်များကို ဖြူသောဝတ်လုံများ ပေးခဲ့ခြင်းလော။ မဟုတ်ပါ။ ယဇ်ပလ္လင်ပေါ်သွေးသွန်းခဲ့သည့်အလား အသေခံခဲ့သူတို့ကို ဝတ်လုံများပေးခြင်းဖြစ်သည်။ သူတို့သည် မိမိတို့၏အသက်တာကို ယေရှု၏နာမတော်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြပြီး ယခု ဝိညာဉ်သတ္တဝါများအဖြစ် ရှင်ပြန်ထမြောက်ခဲ့ကြပြီ။ ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။ ဗျာ.ကျမ်း၏အစပိုင်းတွင် ဤသို့ဖတ်ရ၏– “အောင်မြင်သောသူသည် ဖြူသောအဝတ်ကိုဝတ်ဆင်လိမ့်မည်။ ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည်အလျှင်းမချေ။” အသက်ကြီးသူ ၂၄ ပါးတို့သည် “ဖြူသောအဝတ်ကိုဝတ်ဆင်လျက် ခေါင်းပေါ်၌ရွှေသရဖူကိုဆောင်း” ကြသည်ကိုလည်း သတိရပါ။ (ဗျာ. ၃:၄၊ ၅; ၄:၄) စစ်၊ အစာခေါင်းပါးခြင်း၊ ကပ်ရောဂါတို့သည် ကမ္ဘာချီ စတင်မွှေနှောက်ပြီးနောက် ယဇ်ပလ္လင်ခြေရင်း၌ရှိသော အသွေးကိုကိုယ်စားပြုသည့် သေလွန်ပြီးဖြစ်သော ၁၄၄,၀၀၀ ထဲမှအဖွဲ့ဝင်တို့သည် ကောင်းကင်အသက်တာသို့ထမြောက်ကြပြီး ပုံဆောင်ဖြူသောဝတ်လုံကို ဝတ်ဆင်ကြရသည်။

၁၇။ ဖြူသောဝတ်လုံကို ရရှိကြသူတို့သည် အဘယ်သဘောဖြင့် “နားနေ” ကြရမည်နည်း။

၁၇ ထိုအသစ်သောရှင်ပြန်ထမြောက်ခဲ့သူများသည် “နားနေ” ကြရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင် အပြစ်ဒဏ်ပေးတော်မူသောနေ့အထိ စိတ်ရှည်စွာ စောင့်ရမည်ဖြစ်သည်။ သူတို့၏ “လုပ်ဖော်ဆောင်ဖက်ညီအစ်ကို” တို့ဖြစ်သော မြေကြီးပေါ်ရှိနေဆဲဖြစ်သည့် ဝိညာဉ်တော်ဖွားခရစ်ယာန်များမှာမူ စမ်းသပ်မှုအောက် မိမိတို့၏သမာဓိကို သက်သေပြရဦးမည်။ ဘုရားသခင်တရားစီရင်သည့်အချိန် ရောက်လာသည့်အခါ “နားနေ” ခြင်းပြီးဆုံးသွားမည်။ (ဗျာ. ၇:၃) ထိုအချိန်တွင် ရှင်ပြန်ထမြောက်ပြီးဖြစ်သောသူတို့သည် သခင်ယေရှုခရစ်နှင့်အတူပူးပေါင်းကာ အပြစ်မရှိသောခရစ်ယာန်များ၏အသွေးကို သွန်းခဲ့သူတို့အပါအဝင် လူဆိုးတို့ကိုဖျက်ဆီးရာတွင် ပါဝင်ကြမည်။—⁠၂ သက်သာလောနိတ် ၁:၇-၁၀

ယင်းသည် ကျွန်ုပ်တို့အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း

၁၈၊ ၁၉။ (က) ပထမထမြောက်ခြင်းသည် ယခုဖြစ်မြောက်လျက်ရှိသည်ကို အဘယ်အကြောင်းရင်းများကြောင့် သင်ကောက်ချက်ချနိုင်သနည်း။ (ခ) ပထမထမြောက်ခြင်းအကြောင်း နားလည်သဘောပေါက်ခြင်းကြောင့် သင်မည်သို့ခံစားရသနည်း။

၁၈ ဘုရားသခင့်နှုတ်မြွက်တော်တွင် ပထမထမြောက်ခြင်းအတွက် ရက်စွဲအတိအကျကို မဖော်ပြထားသော်လည်း ခရစ်တော်ရောက်ရှိနေချိန်အတွင်းဖြစ်သော အချိန်ကာလတစ်ခုအတွင်း ဖြစ်ပျက်မည်ကို ဖော်ပြထားသည်။ ဦးဆုံးထမြောက်ကြသူတို့မှာ ခရစ်တော်ရောက်ရှိခြင်းမတိုင်မီ သေလွန်ခဲ့ကြသော ဝိညာဉ်တော်ဖွားများဖြစ်သည်။ ခရစ်တော်ရောက်ရှိနေချိန်အတွင်း မိမိတို့၏မြေကြီးအသက်တာကို တည်ကြည်စွာကုန်ဆုံးသွားကြသော ဝိညာဉ်တော်ဖွားများသည် “မျက်စိတစ်မှိတ်၌” တန်ခိုးကြီးသော ဝိညာဉ်သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ (၁ ကောရိန္သု ၁၅:၅၂) ဝိညာဉ်တော်ဖွားအားလုံးသည် အာမဂေဒုန်မတိုင်မီ ကောင်းကင်ဆုကျေးဇူးကို လက်ခံရရှိကြမည်လော။ ကျွန်ုပ်တို့မသိကြပါ။ သို့သော် ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် ၁၄၄,၀၀၀ အားလုံးသည် ကောင်းကင်ဇိအုန်တွင် ရပ်လျက်နေကြမည်ကိုမူ ကျွန်ုပ်တို့သိထားကြသည်။

၁၉ ၁၄၄,၀၀၀ ထဲမှအများစုသည် ခရစ်တော်နှင့်အတူ ရှိနေပြီဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ သိထားကြသည်။ အနည်းငယ်သာ မြေကြီးပေါ်ကျန်ရှိတော့သည်။ ယင်းက ဘုရားသခင်တရားစီရင်ဖျက်ဆီးမည့်အချိန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း အလေးအနက်ဖော်ပြချက်ပင်! မကြာမီ စာတန့်အစီအစဉ်စနစ်တစ်ခုလုံး ဖျက်ဆီးခံရမည်။ စာတန်ကို တွင်းနက်ထဲ ချပစ်မည်။ ယင်းနောက် အထွေထွေထမြောက်ခြင်းစတင်ကာ တည်ကြည်သူလူသားတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အပေါ် အခြေခံ၍ အာဒံဆုံးရှုံးခဲ့သော စုံလင်ခြင်းအဖြစ်သို့ တက်လှမ်းနိုင်ကြမည်။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ယေဟောဝါ၏ကတိတော်သည် အံ့ဖွယ်ကောင်းလောက်အောင် ပြည့်စုံလာမည်။ ထိုအချိန်တွင် အသက်ရှင်ရမည်ဆိုလျှင် အလွန်ထူးမြတ်လှသော အခွင့်အရေးပင်တည်း!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 ခရစ်တော်သည် ၁၉၁၄ ခုနှစ်တွင် စတင်ရောက်ရှိနေကြောင်း ကျမ်းစာအထောက်အထားများအတွက် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၂၁၅-၁၈ တွင်ကြည့်ပါ။

^ အပိုဒ်၊ 10 အသက်ကြီးသူ ၂၄ ပါးသည် ကောင်းကင်တွင်ရောက်ရှိနေသော ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ကိုယ်စားပြုကြောင်းသိနိုင်ပုံ အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! အခန်း ၁၄၊ အပိုဒ် ၈-၁၁ ကိုကြည့်ပါ။

သင်ရှင်းပြနိုင်သလော

“ပထမထမြောက်ခြင်း” ဖြစ်မြောက်သည့် အချိန်ကိုပိုင်းခြားသိရှိရန် အောက်ပါကျမ်းချက်များက မည်သို့ထောက်ကူသနည်း။

ဗျာ. ၁၂:၇; ၁၇:၁၄

ဗျာ. ၇:၁၃၊ ၁၄

၁ ကောရိန္သု ၁၅:၂၃; ၁ သက်သာလောနိတ် ၄:၁၅-၁၇

ဗျာ. ၆:၂၊ ၉-၁၁

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]

လူသားအများစု ထမြောက်ခြင်းမတိုင်မီ အဘယ်ထမြောက်ခြင်း ဖြစ်မြောက်သနည်း

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သေခြင်း၌အိပ်ပျော်နေသူတချို့ကို အဘယ်နည်းဖြင့်ဖြူသောဝတ်လုံကို ပေးသနည်း