မုန်တိုင်းကဲ့သို့သော အခက်အခဲများကို သင်အောင်မြင်ကျော်လွှားနိုင်
မုန်တိုင်းကဲ့သို့သော အခက်အခဲများကို သင်အောင်မြင်ကျော်လွှားနိုင်
များစွာသောသူတို့သည် ဤခက်ခဲကျပ်တည်းသောကာလတွင် မုန်တိုင်းကဲ့သို့သော ဆင်းရဲခက်ခဲမှုများကို ရင်ဆိုင်နေကြသည်။ သို့တိုင် ခရစ်ယာန်များအတွက်မူ ဘုရားသခင်ကိုချစ်သည့်မေတ္တာနှင့် ကိုယ်တော်၏စံနှုန်းများအပေါ် တည်ကြည်ခြင်းက အခက်အခဲကိုကျော်လွှားနိုင်ရန် သူတို့ကို ကူညီပေးသည်။ မည်သို့အားဖြင့်နည်း။ အဖြေကို ယေရှုခရစ်မိန့်ဆိုခဲ့သည့် ပုံဥပမာတစ်ခုတွင် တွေ့ရှိနိုင်သည်။ ကိုယ်တော်သည် မိမိ၏နာခံမှုရှိသောတပည့်များကို “ကျောက်ပေါ်မှာအိမ်ဆောက်သောပညာရှိ” နှင့် နှိုင်းယှဉ်ပြခဲ့သည်။ ယေရှုဤသို့မိန့်တော်မူ၏– “မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။”—မဿဲ ၇:၂၄၊ ၂၅။
ပုံဥပမာတွင်ဖော်ပြသောသူသည် ပညာရှိဖြစ်သော်လည်း သူသည် မိုးရွာခြင်း၊ ရေကြီးခြင်းနှင့် လေတိုက်ခြင်းတို့ဖြင့်ပုံဆောင်သော ဆင်းရဲခက်ခဲမှုများ ရင်ဆိုင်ကြုံတွေ့ရသည်ကို သတိပြုပါ။ ထို့ကြောင့် ယေရှုက မိမိတပည့်များသည် အခက်အခဲမရှိ၊ အနှောင့်အယှက်မရှိသည့်အသက်တာနှင့် ပျော်မွေ့နေရမည်ဟု မဖော်ပြခဲ့ပါ။ (ဆာလံ ၃၄:၁၉; ယာကုပ် ၄:၁၃-၁၅) သို့သော် ကိုယ်တော်က ဘုရားသခင့်တည်ကြည်သောကျေးကျွန်များသည် ထိုသို့သောဆိုးရွားသည့်ဆင်းရဲခက်ခဲမှုများနှင့် အကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်နိုင်၊ ရင်ဆိုင်ကျော်လွှားနိုင်သည်ဟု ဖော်ပြခဲ့သည်။
ယေရှုသည် ပုံဥပမာကို ဤသို့အစပြုဖော်ပြသည်– “အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်။” မှန်ပါသည်၊ ယေရှုသည် ပကတိအိမ်ဆောက်ခြင်းမဟုတ်ဘဲ ဘဝတည်ဆောက်ခြင်းအကြောင်းကို ပြောဆိုနေခြင်းဖြစ်သည်။ ခရစ်တော်၏စကားများကို ဂရုပြုသူတို့သည် ပိုင်းခြားသိမြင်မှုနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို အသုံးပြုကြ၏။ သူတို့သည် သင်ယူသိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် မိမိတို့၏စိတ်လှုံ့ဆော်မှုနှင့် အပြုအမူများကို ကျောက်ကဲ့သို့ခိုင်မြဲသည့် ခရစ်တော်၏သွန်သင်ချက်များပေါ်တွင် အခြေချထားကြသည်။ စိတ်ဝင်စားစရာမှာ ဤပုံဆောင်ကျောက်ကို မျက်နှာပြင်ပေါ်တွင် တွေ့ရသည်မဟုတ်ပါ။ ပုံဥပမာထဲမှလူသည် ယင်းကျောက်သို့ရောက်သည်အထိ “နက်စွာ” တူးခဲ့ရသည်။ (လုကာ ၆:၄၈) အလားတူပင်၊ ယေရှု၏တပည့်များသည် ဘုရားသခင်နှင့်နီးကပ်စေသည့် ခိုင်မြဲသောအရည်အသွေးများကို ပြုစုပျိုးထောင်ရန် ကြိုးစားအားထုတ်နေကြသည်။—မဿဲ ၅:၅-၇; ၆:၃၃။
မုန်တိုင်းကဲ့သို့သောအခက်အခဲများက ယေရှုနောက်လိုက်များ၏ ခရစ်ယာန်အုတ်မြစ်ခိုင်မြဲမှုကို စမ်းသပ်သောအခါ မည်သို့ဖြစ်သနည်း။ ခရစ်တော်၏သွန်သင်ချက်များကိုနာခံလိုသော သူတို့၏ဆန္ဒနှင့် ခရစ်ယာန်အရည်အသွေးများသည် ထိုသို့သောခက်ခဲကျပ်တည်းသည့်ကာလများအတွင်း၊ အထူးသဖြင့် ကျရောက်တော့မည့် အာမဂေဒုန်မုန်တိုင်းအတွင်း ခွန်အားရင်းမြစ်ဖြစ်ကြောင်း သက်သေထူပါလိမ့်မည်။ (မဿဲ ၅:၁၀-၁၂; ဗျာ. ၁၆:၁၅၊ ၁၆) မှန်ပါသည်၊ ခရစ်တော်၏သွန်သင်ချက်များကို လိုက်လျှောက်ခြင်းဖြင့် များစွာသောသူတို့သည် မုန်တိုင်းကဲ့သို့သော စမ်းသပ်မှုများ၏တိုက်ခိုက်ခြင်းဒဏ်ကို အောင်မြင်ကျော်လွှားနိုင်ခဲ့ကြသည်။ အသင်လည်း ထပ်တူအောင်မြင်ကျော်လွှားနိုင်သည်။—၁ ပေတရု ၂:၂၁-၂၃။