မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ

မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ

ဘဝအတ္ထုပ္ပတ္တိ

မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ

ပေါလ် ကွတ်ရှ်နီးရ် ပြောပြသည်

ကျွန်တော့်အဘိုးအဘွားတွေဟာ ၁၈၉၇ ခုနှစ်မှာ ယူကရိန်းကနေ ကနေဒါကိုပြောင်းရွှေ့လာကြပြီး ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ယောက်တန်မြို့အနီးမှာ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ယောက်ျားလေးသုံးယောက်၊  မိန်းကလေးတစ်ယောက်ပေါင်း ကလေး,လေးယောက်နဲ့အတူ ရောက်လာကြတာဖြစ်တယ်။ မိန်းကလေးဖြစ်တဲ့ မာရီးကာဟာ ၁၉၂၃ ခုနှစ်မှာ ကျွန်တော့်အမေဖြစ်လာခဲ့ပြီး ကျွန်တော်ဟာ အမေ့ရဲ့ခုနစ်ယောက်မြောက်ကလေးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘဝအသက်တာဟာရိုးရှင်းပေမဲ့ အေးချမ်းငြိမ်သက်မှုရှိတယ်။ ကျွန်တော်တို့ဆီမှာ အာဟာရပြည့်ဝတဲ့အစားအစာ၊ နွေးထွေးတဲ့အဝတ်အစားတွေရှိပြီး အစိုးရကလည်း အခြေခံလိုအပ်ရာတွေကို ထောက်ပံ့ပေးပါတယ်။ အိမ်နီးချင်းမိတ်ဆွေတွေကလည်း ကြီးကြီးမားမားလုပ်ရတဲ့အလုပ်တွေမှာ တစ်ဦးကိုတစ်ဦး ကူညီကြတယ်။ ၁၉၂၅ ခုနှစ်ရဲ့ဆောင်းရာသီမှာ ယေဟောဝါသက်သေတွေကို အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားများလို့သိကြတဲ့သူထဲကတစ်ဦးဟာ ကျွန်တော်တို့ဆီ လာလည်ပတ်ခဲ့တယ်။ အဲ့ဒီလည်ပတ်မှုဟာ အခုထိ ကျွန်တော်ကျေးဇူးတင်ဆဲဖြစ်တဲ့ ရွေးချယ်မှုပြုလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ခဲ့တယ်။

ကျွန်တော်တို့အိမ်ထောင်စုတွင်းသမ္မာကျမ်းစာအမှန်တရားရောက်ရှိလာ

အမေဟာ ကျမ်းစာကျောင်းသားဆီက စာအုပ်ငယ်တချို့ လက်ခံယူထားပြီး မကြာခင်မှာ ဒါဟာအမှန်တရားပဲဆိုပြီး သူအသိအမှတ်ပြုခဲ့တယ်။ အမေဟာ ဝိညာဉ်ရေးမှာမြန်မြန်ဆန်ဆန်ပဲတိုးတက်လာပြီး ၁၉၂၆ ခုနှစ်မှာနှစ်ခြင်းခံခဲ့တယ်။ အမေ ကျမ်းစာကျောင်းသားတစ်ဦးဖြစ်လာတဲ့အခါ ကျွန်တော်တို့မိသားစုဟာ ဘဝနဲ့ပတ်သက်ပြီး ရှုမြင်ချက် လုံးလုံးပြောင်းလဲခဲ့တယ်။ ကျွန်တော်တို့အိမ်လေးဟာ ဧည့်ဝတ်ကျေပွန်တဲ့နေရာဖြစ်လာခဲ့တယ်။ ပီလ်ဂရင်မ်လို့ခေါ်ကြတဲ့ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ အခြားကျမ်းစာကျောင်းသားတွေ ကျွန်တော်တို့အိမ်မှာ တည်းခိုလေ့ရှိကြတယ်။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို နားလည်ရလွယ်ကူအောင် ပြန်လည်ပြုပြင်ထားတဲ့ “ယူရစ်ကာပြဇာတ်” ကို ၁၉၂၈ ခုနှစ်မှာ ကျွန်တော်တို့ကို နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်က ပြခဲ့တယ်။ အသံမြည်တဲ့ဖားရုပ်လေးကို ကလေးတွေဖြစ်တဲ့ကျွန်တော်တို့ဆီကနေ သူငှားခဲ့တယ်။ ဖားရုပ်လေးအသံမြည်တဲ့အခါ ဆလိုက်ပုံကိုပြောင်းလိုက်တယ်။ ပါဝင်ကူညီလိုက်ရတဲ့အတွက် ကျွန်တော်တို့အရမ်းကိုဂုဏ်ယူမိပါတယ်။

နယ်လှည့်ကြီးကြပ်မှူး ဧမီလ် ဇာရဇ်စ်ဟာ သူ့မော်တော်ကားအိမ်နဲ့ ကျွန်တော်တို့ဆီကို လာလည်ပတ်လေ့ရှိတယ်။ တစ်ခါတလေ အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့သားလည်းပါလာပြီး သူက ငယ်ရွယ်တဲ့ကျွန်တော်တို့ကို အချိန်ပြည့်ဘုရားသခင်အမှုတော်ဆောင် ဒါမှမဟုတ် ရှေ့ဆောင်တွေလုပ်ဖို့ အားပေးတယ်။ ရှေ့ဆောင်အတော်များများလည်း ကျွန်တော်တို့အိမ်မှာ တည်းကြတယ်။ တစ်ခါက အမေဟာ ရှေ့ဆောင်တစ်ယောက်ရဲ့အင်္ကျီကိုပြင်ပေးနေချိန်မှာ သူ့ကိုအင်္ကျီတစ်ထည်ငှားပေးခဲ့တယ်။ သူ ပြန်သွားတော့ မရည်ရွယ်ဘဲ အင်္ကျီပါသွားတယ်။ တော်တော်လေးကြာမှ ပြန်ပို့ခဲ့ပြီး ကြန့်ကြာသွားတဲ့အတွက် တောင်းပန်ခဲ့တယ်။ “ပို့ခအတွက် တစ်ဆယ်ဆင့်တောင် ကျွန်တော် မတတ်နိုင်လို့ပါ” လို့ သူစာရေးခဲ့တယ်။ သူ အဲ့ဒီအင်္ကျီ ယူထားလိုက်ရင်အကောင်းသား။ ဒီလိုကိုယ်ကျိုးစွန့်ရှေ့ဆောင်တွေကို တစ်နေ့ ကျွန်တော်လည်းအတုယူနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ အမေ့ရဲ့ဧည့်ဝတ်ကျေပွန်တဲ့စိတ်ဓာတ်ကို ကျွန်တော် ကျေးဇူးတင်မိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ဘဝကို အားရကျေနပ်စေပြီး ညီအစ်ကိုအသင်းအပင်းအပေါ်ချစ်တဲ့စိတ် တိုးပွားစေခဲ့တယ်။—⁠၁ ပေတရု ၄:၈၊ ၉

အဖေဟာ  ကျမ်းစာကျောင်းသားတစ်ဦးဖြစ်မလာပေမဲ့ ကျွန်တော်တို့ကို အတိုက်အခံမလုပ်ခဲ့ဘူး။ ၁၉၃၀ ပြည့်နှစ်မှာ တစ်ရက်စည်းဝေးပွဲအတွက် သူ့ရဲ့ဂိုဒေါင်ကြီးကို ညီအစ်ကိုတွေ အသုံးပြုဖို့ အခွင့်တောင်ပေးခဲ့တယ်။ ကျွန်တော် ခုနစ်နှစ်ပဲရှိသေးပေမဲ့ အဲ့ဒီဖြစ်ရပ်ရဲ့ ရွှင်လန်းမှုနဲ့ ဂုဏ်ရှိမှုတွေဟာ ကျွန်တော့်ကိုစွဲမှတ်စေခဲ့တယ်။ ၁၉၃၃ ခုနှစ်မှာ အဖေဆုံးပါးသွားတယ်။ ကလေးရှစ်ယောက်နဲ့ မုဆိုးမဖြစ်နေတဲ့အမေဟာ စစ်မှန်တဲ့ဝတ်ပြုရေးလမ်းစဉ်မှာ ကျွန်တော်တို့ရပ်တည်နေစေဖို့ သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကနေ နည်းနည်းလေးမှ မသွေဖည်ခဲ့ဘူး။ သူနဲ့အတူကျွန်တော့်ကို စည်းဝေးတွေ မပျက်တမ်းတက်စေခဲ့တယ်။ အဲဒီတုန်းက အစည်းအဝေးတွေဟာ အချိန်ကြာပုံပေါက်ပြီး အပြင်မှာကစားခွင့်ရတဲ့ကလေးတွေနဲ့ သွားပြီးကစားချင်တယ်။ ဒါပေမဲ့ အမေ့ကိုလေးစားတဲ့အနေနဲ့ စည်းဝေးတွင်းမှာပဲ ကျွန်တော်နေခဲ့တယ်။ အမေချက်ပြုတ်နေတဲ့အခါ ကျမ်းချက်တစ်ချက်ကို ကိုးကားလေ့ရှိပြီး အဲဒါကို ကျမ်းစာထဲ ဘယ်နေရာမှာတွေ့နိုင်သလဲဆိုပြီးမေးတတ်တယ်။ ၁၉၃၃ ခုနှစ်မှာ ကျွန်တော်တို့ သီးနှံတွေလှိုင်လှိုင်ရိတ်ခဲ့ရတဲ့အတွက် အပိုဝင်ငွေရရှိခဲ့တယ်။ ရရှိတဲ့အပိုဝင်ငွေနဲ့ အမေ ကားတစ်စီးဝယ်ခဲ့တယ်။ ငွေဖြုန်းတယ်ဆိုပြီး တချို့အိမ်နီးချင်းတွေက ကဲ့ရဲ့ခဲ့ကြတယ်။ ဒါပေမဲ့ အမေက ဒီကားဟာ သီအိုကရက်တစ်လုပ်ဆောင်မှုတွေမှာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ အမေမှန်ခဲ့ပါတယ်။

မှန်ကန်ရာကိုရွေးချယ်ရန်အခြားသူများထောက်ကူပေးခဲ့

တစ်ချိန်ချိန်မှာ လူငယ်တစ်ဦးဟာ ကိုယ့်အနာဂတ်အပေါ် သက်ရောက်မှုရှိစေမယ့် ရွေးချယ်မှုပြုရစမြဲပါပဲ။ ကျွန်တော့်အစ်မတွေဖြစ်တဲ့ ဟယ်လင်နဲ့ကေးဟာ အဲဒီအချိန်ရောက်လာတဲ့အခါ ရှေ့ဆောင်တွေလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့အိမ်မှာ ပျော်ရွှင်စွာနေထိုင်ခဲ့တဲ့ ရည်မွန်သူရှေ့ဆောင်လူငယ်လေးတစ်ယောက်ကတော့ ဂျောန် ဂျူးစ်ခီးဖြစ်တယ်။ လယ်ယာလုပ်ငန်းမှာ ခဏအကူအညီပေးဖို့ ဂျောန်ကို အမေက တောင်းဆိုခဲ့တယ်။ နောက်တော့ ဂျောန်ဟာ ကေးနဲ့လက်ထပ်ပြီး ကျွန်တော်တို့အိမ်နဲ့သိပ်မဝေးတဲ့နေရာမှာ သူတို့ရှေ့ဆောင်တွေလုပ်ခဲ့ကြတယ်။ ကျွန်တော် ၁၂ နှစ်အရွယ်၊ ကျောင်းပိတ်ချိန်အတွင်း လယ်ကွင်းအမှုဆောင်လုပ်ငန်းမှာ သူတို့နဲ့အတူပါဝင်လုပ်ဆောင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့ကြတယ်။ အဲဒါက ရှေ့ဆောင်ဘဝကို မြည်းစမ်းဖို့ အခွင့်အရေးရရှိစေခဲ့တယ်။

အတန်ကြာတော့ ကျွန်တော့်အစ်ကိုဂျွန်နဲ့ကျွန်တော်ဟာ လယ်ယာလုပ်ငန်းအားလုံးနီးပါးလောက်ကို စီမံခန့်ခွဲနိုင်ခဲ့ကြတယ်။ ဒါကြောင့် အမေဟာ နွေရာသီမှာ အခုအခေါ် အရန်ရှေ့ဆောင်လုပ်ခဲ့တယ်။ မြင်းအိုတစ်ကောင်ဆွဲတဲ့ နှစ်ဘီးလှည်းကို အမေ အသုံးပြုခဲ့တယ်။ အဖေက အဲဒီခေါင်းမာတဲ့မြင်းအိုကို ရှောလု လို့နာမည်ပေးထားပေမဲ့ အမေအတွက် ကိုင်တွယ်ရလွယ်ကူတဲ့သတ္တဝါဖြစ်ပါတယ်။ ဂျွန်နဲ့ကျွန်တော်ဟာ လယ်ယာလုပ်ငန်းကို မြတ်နိုးကြပေမဲ့ အမေဟာ လယ်ကွင်းအမှုဆောင်လုပ်ငန်းကနေပြန်လာတိုင်း သူ့အတွေ့အကြုံတွေကို ပြောပြခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ လယ်ယာလုပ်ငန်းထက် ရှေ့ဆောင်ဓမ္မအမှုလုပ်ငန်းကို မြတ်နိုးတဲ့စိတ်တွေ ပိုပြီးဖြစ်လာခဲ့တယ်။ ၁၉၃၈ ခုနှစ်မှာ လယ်ကွင်းအမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တိုးတက်လာခဲ့ပြီး ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော် အသင်းတော်မှာ အမှုထမ်းအဖြစ် ခန့်အပ်ခံခဲ့ရတယ်။ အသင်းတော်မှတ်တမ်းတွေကို ကြည့်ရှုရပြီး တိုးတက်တဲ့အခါတိုင်း ပျော်ရွှင်ခဲ့တယ်။ အိမ်ကနေ ဆယ်မိုင်လောက်ဝေးတဲ့ မြို့ထဲမှာဟောပြောဖို့ ကိုယ်ပိုင်ရပ်ကွက်ရရှိခဲ့တယ်။ ဆောင်းရာသီမှာ အပတ်စဉ် အဲ့ဒီကို ကျွန်တော်လမ်းလျှောက်သွားခဲ့ပြီး သမ္မာကျမ်းစာကို စိတ်ဝင်စားမှုပြတဲ့မိသားစုတစ်စုရဲ့အိမ်ထပ်ခိုးမှာ တစ်ည ဒါမှမဟုတ် နှစ်ည အိပ်ခဲ့တယ်။ လူသရင်တရားဟောဆရာနဲ့ ကျွန်တော် လိမ္မာပါးနပ်မှုမရှိဘဲ ဆွေးနွေးပြီးတဲ့နောက် သူ့သိုးတွေကိုဆက်ဟောနေရင် ရဲကိုတိုင်မယ်ဆိုပြီး ကျွန်တော့်ကို သူ,ခြိမ်းခြောက်ခဲ့တယ်။ အဲ့ဒါက ကျွန်တော့်ကို ဆက်လုပ်ဆောင်ဖို့ ပိုပြီးသန္နိဋ္ဌာန်ချစေခဲ့တယ်။

၁၉၄၂ ခုနှစ်မှာ ကျွန်တော့်အစ်မကေးနဲ့သူ့ခင်ပွန်း ဂျောန်တို့ဟာ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုပြည်နယ်၊ ကလီဗ်လန်မြို့မှာကျင်းပမယ့် စည်းဝေးကြီးကိုတက်ဖို့ စီစဉ်ခဲ့ကြတယ်။ သူတို့နဲ့အတူလိုက်ဖို့ ဖိတ်ခေါ်တဲ့အတွက် ကျွန်တော်ဝမ်းသာခဲ့တယ်။ အဲဒီစည်းဝေးကြီးဟာ ကျွန်တော့်ဘဝမှာ အထူးခြားဆုံးအရာပါပဲ။ အနာဂတ်အတွက် ကျွန်တော်ရဲ့အစီအစဉ်တွေကို ခိုင်မာစေခဲ့တယ်။ ကမ္ဘာချီလုပ်ငန်းကို ဦးဆောင်နေတဲ့ ညီအစ်ကိုနေသန်နောရ်က ရှေ့ဆောင် ၁၀,၀၀၀ ဖိတ်ခေါ်လိုက်တဲ့အခါ ကျွန်တော်လည်းတစ်ယောက်ပါဝင်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တယ်။

၁၉၄၃၊ ဇန်နဝါရီလမှာ နယ်လှည့်အမှုဆောင် ဟင်နရီ ကျွန်တော်တို့အသင်းတော်ကို လာလည်ပတ်ခဲ့တယ်။ ကျွန်တော်တို့ကို စိတ်အားထက်သန်မှုနဲ့ပြည့်စေတဲ့ လှုံ့ဆော်မှုပေးတဲ့ဟောပြောချက်တစ်ခု သူဟောခဲ့တယ်။ သူဟောပြောပြီးနောက်နေ့မှာ ရာသီဥတုဟာ သုညအောက် ၄၀ ဒီဂရီဖာရင်ဟိုက်ဖြစ်တယ်။ ပြင်းထန်တဲ့အနောက်မြောက်လေကလည်း ရာသီဥတုကို ပိုပြီးအေးစေခဲ့တယ်။ အဲလိုအေးတဲ့အချိန်မှာ ခါတိုင်းဆို ကျွန်တော်တို့အိမ်ထဲမှာပဲနေကြတယ်၊ ဒါပေမဲ့ ဟင်နရီက အမှုဆောင်ထွက်ဖို့ စိတ်အားထက်သန်နေတယ်။ သူနဲ့တခြားသူတွေဟာ ခုနစ်မိုင်ဝေးတဲ့ရွာကို ထင်းမီးဖိုတပ်ဆင်ထားတဲ့ မြင်းဆွဲစွတ်ဖားကိုစီးပြီးသွားကြတယ်။ ကျွန်တော်ကတော့ တစ်ယောက်ထဲထွက်လာခဲ့ပြီး ယောက်ျားလေး ငါးယောက်ရှိတဲ့ မိသားစုတစ်စုဆီလည်ပတ်မှုလုပ်ခဲ့တယ်။ ကျမ်းစာသင်အံမှုကမ်းလှမ်းတဲ့အခါ သူတို့လက်ခံခဲ့ပြီး အချိန်တန်တော့ သူတို့အမှန်တရားကို လက်ခံခဲ့ကြတယ်။

ပိတ်ပင်မှုအောက်ဟောပြောခြင်း

ဒုတိယကမ္ဘာစစ်အတွင်း ကနေဒါမှာ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံခဲ့ရတယ်။ ကျမ်းစာ,စာပေတွေကို ဝှက်ထားရတယ်။ ကျွန်တော်တို့ရဲ့လယ်ယာမြေမှာ ဝှက်စရာနေရာတွေအများကြီးရှိတယ်။ ရဲတွေမကြာခဏလာရှာဖွေပေမဲ့ ဘာမှမတွေ့ခဲ့ကြဘူး။ ဟောပြောတဲ့အခါ ကျမ်းစာကိုပဲ အသုံးပြုကြတယ်။ အုပ်စုငယ်လေးတွေဖွဲ့ တွေ့ဆုံခဲ့ကြပြီး ကျွန်တော့်အစ်ကိုဂျွန်နဲ့ ကျွန်တော်ဟာ လျှို့ဝှက်ချောပို့ဖို့ ရွေးချယ်ခံခဲ့ရတယ်။

စစ်အတွင်း နာဇီအချိန်ကုန်ဆုံးခြင်း စာအုပ်ငယ်ကို တစ်နိုင်ငံလုံးဖြန့်ဝေရာမှာ ကျွန်တော်တို့အသင်းတော်လည်း ပါဝင်ခဲ့တယ်။ ညဉ့်သန်းခေါင်မှာ ကျွန်တော်တို့ထွက်ကြတယ်။ တစ်အိမ်ချင်းကို တိတ်တဆိတ်ချဉ်းကပ်ပြီး စာအုပ်ကိုတံခါးဝမှာထားတဲ့အခါ ကျွန်တော် အရမ်းစိုးရိမ်ခဲ့တယ်။ ကျွန်တော်လုပ်ခဲ့ဖူးသမျှမှာ အထိတ်လန့်ဆုံးပဲ။ နောက်ဆုံးတစ်အုပ်လည်းဝေပြီးရော စိတ်ကိုပေါ့သွားတာပဲ! အဲဒီနောက် ကားထားတဲ့ဆီ မြန်မြန်ပြန်လာကြပြီး လူစုံတာနဲ့ အမှောင်ထုထဲမှာ ကားကိုမြန်မြန်မောင်းထွက်သွားခဲ့ကြတယ်။

ရှေ့ဆောင်ခြင်း၊ ထောင်များနှင့် စည်းဝေးပွဲများ

၁၉၄၃၊ မေလ ၁ ရက်မှာ အမေကိုနှုတ်ဆက်ပြီး အိမ်ကနေထွက်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာ ဒေါ်လာ ၂၀ ရယ်၊ အဝတ်အစားအိတ်ငယ်လေးတစ်လုံးနဲ့ ပထမဆုံးရှေ့ဆောင်တာဝန်ကျတဲ့နေရာဆီကို ခရီးထွက်ခဲ့တယ်။ ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ကွီးလ်လိတ်မြို့က ညီအစ်ကို တောမ် ထရွတ်နဲ့ ချစ်စရာကောင်းတဲ့သူ့မိသားစုတို့ဟာ ကျွန်တော့်ကို ဧည့်ဝတ်ကျေပွန်စွာလက်ခံခဲ့ကြတယ်။ နောက်နှစ်မှာ ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ဝေဘန်မြို့မှာရှိတဲ့ သီးခြားရပ်ကွက်ဆီကို ကျွန်တော်သွားခဲ့တယ်။ လမ်းပေါ်သက်သေခံနေတုန်း ၁၉၄၄၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကျွန်တော်အဖမ်းခံခဲ့ရတယ်။ ဒေသန္တရအကျဉ်းထောင်မှာ ရက်အနည်းငယ်နေပြီးနောက် ဂျက်ပါမြို့က အယ်လ်ပါတာစခန်းကို အပို့ခံခဲ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်ဟာ တခြားသက်သေခံတွေနဲ့အတူရှိခဲ့ပြီး ယေဟောဝါရဲ့ခမ်းနားတဲ့ဖန်ဆင်းရာလက်ရာ ကနေဒီယံရော့ကီးတောင်တန်းတွေက ဝိုင်းရံထားတယ်။ ၁၉၄၅ ခုနှစ်အစောပိုင်းမှာ စခန်းအရာရှိတွေဟာ အယ်လ်ဘာတာ၊ အက်မိုတိန်မှာ အစည်းအဝေးတစ်ခုတက်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုခဲ့တယ်။ ညီအစ်ကို နောရ်က စိတ်လှုပ်ရှားဖွယ် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းရဲ့တိုးတက်မှုကို ပြောပြခဲ့တယ်။ ကျွန်တော်တို့အချုပ်အနှောင်ကလွတ်မယ့်အချိန်ကို တောင့်တခဲ့ပြီး အမှုတော်ကို ပြန်ပြီးပြည့်ပြည့်ဝဝဆောင်ရွက်ချင်ကြတယ်။

ကျွန်တော်လွတ်မြောက်လာတဲ့အခါ ရှေ့ဆောင်ပြန်လုပ်ခဲ့တယ်။ အဲ့ဒီနောက်မကြာခင်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလိစ်မှာ “လူမျိုးတကာတိုးချဲ့ခြင်း” စည်းဝေးပွဲကျင်းပမယ့်အကြောင်း ကြေညာခဲ့တယ်။ ကျွန်တော် ရှေ့ဆောင်တာဝန်ကျတဲ့နေရာသစ်က ညီအစ်ကိုဟာ သူ့ကားကို လူ ၂၀ ဆန့်အောင်ပြင်လိုက်တယ်။ ၁၉၄၇၊ ဩဂုတ်လ ၁ ရက်မှာ မမေ့နိုင်တဲ့ခရီးစဉ်ကို ကျွန်တော်တို့စတင်ခဲ့ကြတယ်။ ရဲလိုးစတုံးနဲ့ ယိုစီမိုက်အမျိုးသားဥယျာဉ်အပါအဝင် မြက်တောလွင်ပြင်ကျယ်တွေ၊ ကန္တာရတွေ၊ ခံ့ညားလှပတဲ့ရှုခင်းတွေကိုဖြတ်ပြီး ခရီးမိုင် ၄,၅၀၀ ကိုသွားခဲ့ကြတယ်။ ခရီးစဉ်တစ်ခုလုံး ၂၇ ရက်ကြာခဲ့ပြီး တကယ့်ကို အံ့ဩစရာအတွေ့အကြုံပါပဲ။

စည်းဝေးကြီးကလည်း ဘယ်တော့မှမမေ့နိုင်တဲ့ အံ့ဖွယ်အတွေ့အကြုံဖြစ်စေခဲ့တယ်။ စည်းဝေးကြီးမှာအပြည့်အဝပါဝင်ဖို့ နေ့အချိန်မှာ ဧည့်ကြိုလုပ်ပြီး ညအချိန်မှာ ညစောင့်လုပ်ခဲ့တယ်။ သာသနာပြုလုပ်ငန်း စိတ်ဝင်စားသူတွေအတွက် ကျင်းပပေးတဲ့ အစည်းအဝေးကိုတက်ပြီးနောက် ကျွန်တော်လည်း လျှောက်လွှာဖြည့်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးတော့မထားခဲ့ဘူး။ အဲဒီအတောအတွင်း ၁၉၄၈ ခုနှစ်မှာ ကနေဒီယန်းကွီဘက်စီရင်စုနယ်မှာအမှုဆောင်ဖို့ ရှေ့ဆောင်တွေကိုဖိတ်ခေါ်တာ ကျွန်တော်လက်ခံခဲ့တယ်။—⁠ဟေရှာယ ၆:⁠၈

ဂိလဒ်နှင့် ယင်းနောက်ပိုင်း

၁၉၄၉ ခုနှစ်မှာ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ ၁၄ ကြိမ်မြောက်သင်တန်းကိုတက်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ ကျွန်တော်အထူးဝမ်းသာခဲ့တယ်။ အဲဒီမှာရရှိတဲ့ လေ့ကျင့်မှုဟာ ကျွန်တော့်ယုံကြည်ခြင်းကိုခိုင်ခံ့စေပြီး ယေဟောဝါနဲ့ပိုပြီးရင်းနှီးလာစေခဲ့တယ်။ ဂျောန်နဲ့ကေးကတော့ ၁၁ ကြိမ်မြောက်သင်တန်းဆင်းတွေဖြစ်ကြပြီး ရိုဒီးရှားမြောက်ပိုင်း (ယခု ဇမ်ဘီယာ) မှာ သာသနာပြုတွေအဖြစ် အမှုဆောင်နေကြတယ်။ ၁၉၅၆ ခုနှစ်မှာ ကျွန်တော့်အစ်ကိုဂျွန်လည်း ဂိလဒ်သင်တန်းဆင်းခဲ့တယ်။ အစ်ကိုဟာ သူကွယ်လွန်သွားတဲ့အထိ သူ့ဇနီးဖရီးဒါနဲ့အတူ ၃၂ နှစ်တိုင် ဘရာဇီးမှာ အမှုဆောင်ခဲ့တယ်။

၁၉၅၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကျွန်တော် သင်တန်းဆင်းတဲ့နေ့မှာ အမေနဲ့ ကွီးလ်လိတ်က ထရွတ်မိသားစုတို့ဆီကရရှိတဲ့ ကြေးနန်းစာနှစ်စောင်ဟာ ကျွန်တော့်ကိုအများကြီးအားရှိစေခဲ့တယ်။ “သင်တန်းဆင်းတစ်ဦးထံအကြံပေးချက်” လို့ခေါင်းစဉ်တပ်ထားတဲ့ ထရွတ်မိသားစုဆီက ကြေးနန်းစာထဲမှာ ဒီလိုရေးထားပါတယ်– “ယနေ့သည် သင့်အတွက်အထူးနေ့ဖြစ်သည်။ သင်အမြဲမြတ်နိုးရမည့်နေ့ဖြစ်သည်။ သင့်အသက်တာတွင် အောင်မြင်မှုနှင့်ပျော်ရွှင်မှုရရှိပါစေ။”

ကွီဘက်မြို့မှာ ကျွန်တော် အမှုဆောင်ဖို့တာဝန်ခန့်အပ်ခံခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ဂိလဒ်ကျောင်းတည်ရှိတဲ့ နယူးယောက်ပြည်နယ်က နိုင်ငံတော်ခြံမှာ ခဏနေခဲ့တယ်။ တစ်နေ့တော့ ညီအစ်ကို နောရ်က ဘယ်လ်ဂျီယံကိုသွားချင်သလားလို့ ကျွန်တော့်ကိုမေးခဲ့တယ်။ ဒါပေမဲ့ နှစ်ရက်လောက်ကြာတော့ နယ်သာလန်မှာတာဝန်ပေးရင် သဘောတူမလားလို့မေးခဲ့တယ်။ ခန့်အပ်စာရတဲ့အခါ စာထဲမှာ ကျွန်တော့်ကို “ဌာနခွဲအမှုထမ်းအဖြစ်ထမ်းဆောင်ရန်” လို့ပါရှိခဲ့တယ်။ ကျွန်တော်အံ့အားသင့်ခဲ့တယ်။

၁၉၅၀၊ ဩဂုတ်လ ၂၄ ရက်မှာ သင်္ဘောနဲ့ နယ်သာလန်ကို ၁၁ ရက်ကြာခရီးစတင်ခဲ့တယ်။ အသစ်ထုတ်ဝေလိုက်တဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းကိုဖတ်ဖို့ အချိန်အလုံအလောက်ရရှိခဲ့တယ်။ ၁၉၅၀၊ စက်တင်ဘာလ ၅ ရက်မှာ ရော့တာဒမ်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီမှာ ဗေသလမိသားစုဝင်တွေရဲ့ နွေးနွေးထွေးထွေးကြိုဆိုတာကိုခံခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ဖျက်ဆီးခြင်းဒဏ်ခံရပေမဲ့ ညီအစ်ကိုတွေဟာ ခရစ်ယာန်လုပ်ငန်းတွေမှာ ကောင်းစွာပြန်လည်ထူထောင် လုပ်ဆောင်နေခဲ့ကြတယ်။ ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုအောက်မှာ သူတို့တည်တည်ကြည်ကြည်ရပ်တည်ခဲ့တဲ့အကြောင်းတွေ ပြန်ပြောပြတာကိုနားထောင်ရင်း အတွေ့အကြုံမရှိသေးတဲ့ လူငယ်ဌာနခွဲအမှုထမ်းတစ်ဦးရဲ့ညွန်ကြားမှုအောက်မှာ လုပ်ဆောင်ဖို့ ဒီညီအစ်ကိုတွေအတွက် ခက်ခဲမှာပဲလို့ ကျွန်တော်တွေးထင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော် စိုးရိမ်ပူပန်စရာမလိုဘူးဆိုတာ ထင်ရှားလာပါတယ်။

ဒါပေမဲ့ တချို့အကြောင်းအရာတွေကို သတိမူဖို့လိုခဲ့ပါတယ်။ ကျွန်တော်ဟာ စည်းဝေးကြီးမတိုင်ခင်လေးမှာရောက်ရှိခဲ့တယ်။ စည်းဝေးကြီးလုပ်တဲ့နေရာမှာ ထောင်ပေါင်းများစွာသောကိုယ်စားလှယ်တွေ တည်းခိုနေကြတာကိုမြင်ရတော့ ကျွန်တော်အံ့သြမိခဲ့တယ်။ နောက်ကျင်းပမယ့်စည်းဝေးကြီးမှာ အိမ်တွေမှာပဲတည်းခိုကြဖို့ နေရာထိုင်ခင်းစီစဉ်မယ်ဆိုပြီး ကျွန်တော်အကြံပေးခဲ့တယ်။ ဒါကို ညီအစ်ကိုတွေက ကောင်းတဲ့စိတ်ကူးလို့ယူဆခဲ့ကြတယ်။ ဒါပေမဲ့ သူတို့နိုင်ငံအတွက်တော့မဟုတ်ဘူးလို့ပြောကြတယ်။ အဲ့ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ကြပြီးနောက် စည်းဝေးကြီးကျင်းပမယ့်နေရာမှာ ကိုယ်စားလှယ်တစ်ဝက်က တဲထိုးနေပြီး ကျန်တစ်ဝက်က စည်းဝေးကြီးကျင်းပတဲ့မြို့မှာရှိတဲ့ သက်သေခံမဟုတ်သူတွေရဲ့အိမ်မှာ တည်းခိုကြဖို့ဖြစ်တယ်။ အဲဒီအချိန်တုန်းက စည်းဝေးကြီးလာတက်တဲ့ ညီအစ်ကို နောရ်ကို ပြီးမြောက်အောင်မြင်မှုတွေအကြောင်း ကျွန်တော် ဂုဏ်ယူစွာပြောပြခဲ့တယ်။ ဒါပေမဲ့ ကင်းမျှော်စင်မှာ ကျွန်တော်တို့ရဲ့ စည်းဝေးကြီးနဲ့ပတ်သက်တဲ့မှတ်တမ်းဖတ်ပြီးနောက် ပြီးမြောက်အောင်မြင်ခဲ့တဲ့ခံစားချက်တွေအားလုံး မြန်မြန်ပဲပျောက်သွားခဲ့တယ်။ ကင်းမျှော်စင်မှာဒီလိုရေးထားပါတယ်– “စည်းဝေးကြီးလာသူများအတွက် နေရာထိုင်ခင်းပြင်ဆင်ရာတွင် လူနေအိမ်များသည် သက်သေခံရန် ပိုပြီးထိရောက်သောနေရာဖြစ်သည့်အတွက် နောက်တစ်ကြိမ်တွင် ညီအစ်ကိုများသည် ယုံကြည်ခြင်းဖြင့် ကြိုးစားလုပ်ဆောင်လိမ့်မည်ဟု ကျွန်ုပ်တို့စိတ်ချပါသည်။” “နောက်တစ်ကြိမ်” မှာ အဲ့ဒီအတိုင်း ကျွန်တော်တို့လုပ်ခဲ့ကြတယ်။

၁၉၆၁၊ ဇူလိုင်လမှာ တခြားဌာနခွဲကိုယ်စားလှယ်တွေနဲ့အတူ အစည်းအဝေးတက်ရောက်ဖို့ ကျွန်တော်တို့ဌာနခွဲရုံးရဲ့ကိုယ်စားလှယ်နှစ်ယောက်ဟာ လန်ဒန်မြို့သို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ညီအစ်ကို နောရ်က ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဒတ်ခ်ျအပါအဝင် အခြားဘာသာစကားများနဲ့လည်း ဘာသာပြန်မယ့်အကြောင်း ကြေညာခဲ့တယ်။ တကယ့်ကိုစိတ်လှုပ်ရှားစရာ ကြေညာချက်ပါပဲ။ ကျွန်တော်တို့ဟာ အဲ့ဒီစီမံကိန်းရဲ့ကြီးကျယ်မှုကို လုံးဝမသိခဲ့ကြဘူး။ နောက်နှစ်,နှစ်ကြာ ၁၉၆၃ ခုနှစ်မှာ ဒတ်ခ်ျဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကိုထုတ်ဝေခဲ့တဲ့ နယူးယောက်မှာကျင်းပတဲ့စည်းဝေးကြီးအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်များနှင့် တာဝန်သစ်များ

၁၉၆၁၊ ဩဂုတ်လမှာ လိုင်ဒါ ဗားမလင့်ခ်နဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ သူတို့မိသားစုတစ်စုလုံးဟာ နာဇီနှိပ်စက်ညှဉ်းပန်းရာကာလအတွင်းဖြစ်တဲ့ ၁၉၄၂ ခုနှစ်မှာ အမှန်တရားကိုလက်ခံခဲ့ကြတယ်။ လိုင်ဒါဟာ ၁၉၅၀ ပြည့်နှစ်ကစပြီးရှေ့ဆောင်လုပ်ခဲ့ကာ ၁၉၅၃ ခုနှစ်မှာ ဗေသလကိုရောက်ခဲ့တယ်။ ဗေသလမှာရော၊ အသင်းတော်မှာပါ သူ့ရဲ့လုပ်ဆောင်ပုံတွေက သူဟာ ကျွန်တော့်ရဲ့အမှုဆောင်လုပ်ငန်းမှာ သစ္စာရှိမယ့်အဖော်တစ်ဦးဖြစ်နိုင်တယ်ဆိုတာ ဖော်ပြခဲ့တယ်။

ကျွန်တော်တို့လက်ထပ်ပြီး တစ်နှစ်ကျော်ကျော်လောက်မှာ ဘရွတ်ကလင်မှာ ဆယ်လကြာထပ်ဆင့်လေ့ကျင့်မှုအတွက် ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ ခင်ပွန်းသည်တွေနဲ့အတူလိုက်ပါလာဖို့ ဇနီးသည်တွေအတွက်အစီအစဉ်မရှိခဲ့ဘူး။ လိုင်ဒါဟာ ကျန်းမာရေးမကောင်းပေမဲ့ ဖိတ်ခေါ်ချက်ကို ကျွန်တော်လက်ခံသင့်တယ်လို့ သဘောတူခဲ့တယ်။ နောက်ပိုင်း လိုင်ဒါရဲ့ကျန်းမာရေးဟာပိုဆိုးလာခဲ့တယ်။ ဗေသလမှာဆက်ပြီးအလုပ်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ လယ်ကွင်းမှာအချိန်ပြည့်လုပ်ဆောင်ခြင်းက ပိုပြီးလက်တွေ့ကျလိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ နယ်လှည့်အမှုဆောင်လုပ်ငန်းမှာ စပြီးလုပ်ဆောင်ကြတယ်။ အဲဒီနောက်မကြာခင် ကျွန်တော့်ဇနီးဟာ ကြီးမားတဲ့ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်။ မိတ်ဆွေတွေရဲ့မေတ္တာပါတဲ့ထောက်မကူညီမှုတွေက ကျွန်တော်တို့ရဲ့အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့ပြီး တစ်နှစ်ကြာပြီးတဲ့နောက် ခရိုင်လုပ်ငန်းမှာ လုပ်ဆောင်ဖို့တာဝန်ကို လက်ခံနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ နယ်လှည့်လုပ်ငန်းမှာ တက်တက်ကြွကြွ ခုနစ်နှစ်လုပ်ဆောင်ခဲ့တယ်။ အဲဒီနောက် ဗေသလက နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သင်တန်းပို့ချဖို့ ဖိတ်ခေါ်ခံရတဲ့အခါ အရေးကြီးတဲ့ဆုံးဖြတ်ချက် ချဖို့လိုလာပြန်တယ်။ ကျွန်တော်တို့ဟာ နယ်လှည့်ဓမ္မအမှုကိုမြတ်နိုးတဲ့အတွက် ခက်ခဲတဲ့အကူးအပြောင်းဖြစ်ပေမဲ့ လက်ခံခဲ့ပါတယ်။ သင်တန်းတစ်ခုကို နှစ်ပတ်ကြာတဲ့ သင်တန်းပေါင်း ၄၇ ခုကို အသင်းတော်အကြီးအကဲများနဲ့အတူ ဝိညာဉ်ရေးကောင်းချီးတွေဝေမျှရတဲ့ အခွင့်အရေးကောင်းကို ကျွန်တော်ရရှိခဲ့တယ်။

အဲဒီအချိန်အတွင်း၊ ၁၉၇၈ ခုနှစ်မှာ အမေ့ဆီ ပြန်လည်ဖို့ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၇၇၊ ဧပြီလ ၂၉ ရက်နေ့မှာ အမေကွယ်လွန်သွားပြီဆိုတဲ့ ကြေးနန်းစာရရှိခဲ့တယ်။ အမေ့ရဲ့နွေးထွေးတဲ့အသံကို မကြားနိုင်တော့တာရယ်၊ သူလုပ်ပေးခဲ့သမျှကို ကျေးဇူးတင်ကြောင်း ထပ်ပြောခွင့်မရတော့တာတွေကို တွေးမိပြီး ကျွန်တော်အရမ်းဝမ်းနည်းမိခဲ့တယ်။

နိုင်ငံတော်ဓမ္မအမှုကျောင်းသင်တန်းပြီးဆုံးသွားတဲ့အခါ ဗေသလမိသားစုဝင်ဖြစ်ဖို့ တောင်းဆိုခံခဲ့ရတယ်။ နောက်ပိုင်းနှစ်တွေအတွင်း ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးအဖြစ် ဆယ်နှစ်ကြာ အမှုဆောင်ခဲ့တယ်။ အချိန်တန်တော့ အုပ်ချုပ်ရေးအဖွဲ့က ညှိနှိုင်းရေးမှူးအသစ်ခန့်အပ်ခဲ့တယ်။ အဲဒီညီအစ်ကိုဟာ တာဝန်ကို ပိုပြီးကောင်းစွာကိုင်တွယ်နိုင်သူဖြစ်တယ်။ ဒီအတွက် ကျွန်တော်အရမ်းကို ကျေးဇူးတင်မိတယ်။

အသက်အရွယ်ခွင့်ပြုသ၍ အမှုဆောင်ခြင်း

လိုင်ဒါနဲ့ကျွန်တော်တို့ နှစ်ယောက်စလုံး အခု အသက် ၈၃ နှစ်ရှိကြပြီ။ ကျွန်တော်ဟာ အချိန်ပြည့်လုပ်ငန်းမှာနှစ်ပေါင်း ၆၀ ကျော် ပျော်ရွှင်စွာလုပ်ဆောင်ခဲ့တယ်။ ၄၅ နှစ်ကတော့ ကျွန်တော့်ရဲ့သစ္စာရှိဇနီးနဲ့အတူပေါ့။ ကျွန်တော့်ရဲ့တာဝန်တွေအားလုံးမှာ သူ့ရဲ့ပံ့ပိုးကူညီမှုတွေဟာ ယေဟောဝါအမှုတော်ဆောင်ဖို့ သူ့အပ်နှံမှုရဲ့တစ်စိတ်တစ်ပိုင်းလို့ သူရှုမြင်ခဲ့တယ်။ အခု ကျွန်တော်တို့ဟာ ဗေသလမှာနဲ့ အသင်းတော်မှာ တတ်နိုင်သလောက် လုပ်ဆောင်နေကြပါတယ်။—⁠ဟေရှာယ ၄၆:⁠၄

ကျွန်တော်တို့အသက်တာထဲက စိတ်ဝင်စားဖွယ်ရာတချို့ကို မကြာမကြာပြန်ပြောကြပြီး ကြည်နူးမိကြတယ်။ ယေဟောဝါအမှုတော်ဆောင်ခဲ့ရတာကို ကျွန်တော်တို့နောင်တမရကြပါဘူး။ ဘဝအသက်တာအစောပိုင်းက ရွေးချယ်ခဲ့တဲ့အရာဟာ အကောင်းဆုံးပဲဆိုတာကို ကျွန်တော်တို့ယုံကြည်စိတ်ချတယ်။ ကျွန်တော်တို့ခွန်အားရှိသမျှနဲ့ ယေဟောဝါကို ဆက်ပြီးဝတ်ပြုဂုဏ်တင်သွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျွန်တော့်အစ်ကိုဘီလ်နှင့် ကျွန်တော်တို့ရဲ့မြင်းရှောလု

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၆၁၊ ဩဂုတ်လ ကျွန်တော်တို့မင်္ဂလာဆောင်သည့်နေ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယနေ့ လိုင်ဒါနှင့်အတူ