မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် မေတ္တာကိုကျယ်ဝန်းစေနိုင်သလော

သင်သည် မေတ္တာကိုကျယ်ဝန်းစေနိုင်သလော

သင်သည် မေတ္တာကိုကျယ်ဝန်းစေနိုင်သလော

သင်္ဘောမျောပါမသွားရန် ကျောက်ဆူးနှင့်ဆက်ထားသော သံကြိုးသည် အလွန်ခိုင်ခံ့မြဲမြံဖို့လိုသည်။ သို့သော် သံကြိုး၏ကွင်းဆက်များ ခိုင်ခံ့မြဲမြံမှသာ ထိုသို့ဖြစ်နိုင်၏။ သို့မဟုတ်က သံကြိုးပြတ်သွားပါလိမ့်မည်။

ခရစ်ယာန်အသင်းတော်သည်လည်း ထိုအခြေအနေနှင့်များစွာတူသည်ဟု ဆိုနိုင်သည်။ အသင်းတော်တစ်ခု ကြံ့ခိုင်သန်မာနေရန် အသင်းသားတိုင်း စည်းလုံးညီညွတ်စွာ ပေါင်းသင်းကြဖို့လို၏။ သူတို့ကို စည်းလုံးစေသည့်အရာကား အဘယ်နည်း။ စည်းလုံးမှုရှိရန် အကြီးမားဆုံးစွမ်းအားမှာ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ယေရှုခရစ်က မိမိတပည့်များအား ဤသို့မိန့်တော်မူခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” စစ်မှန်သောခရစ်ယာန်များသည် သာမန်မိတ်ဆွေဖြစ်ရုံ၊ အပြန်အလှန်ရိုသေမှုရှိရုံထက်မကသော မေတ္တာမျိုးဖြင့် တစ်ယောက်ကိုတစ်ယောက် အမှန်ချစ်ကြသည်။ သူတို့သည် ကိုယ်ကျိုးစွန့်မေတ္တာကို ကျယ်ဝန်းစေကြသည်။—⁠ယောဟန် ၁၃:၃၄၊ ၃၅

ကျွန်ုပ်တို့၏ယုံကြည်သူချင်းများကိုလေးမြတ်တန်ဖိုးထားခြင်း

အသင်းတော်များစွာသည် အသက်အရွယ်၊ လူမျိုး၊ နိုင်ငံသား၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် လူမှုရေးနောက်ခံများမတူသည့် လူတို့ဖြင့် ဖွဲ့စည်းထားသည်။ အသင်းသားတိုင်းတွင် မိမိနှစ်သက်ရာနှင့် မနှစ်သက်ရာများ၊ မျှော်လင့်ချက်များနှင့် စိုးရိမ်မှုများ၊ များသောအားဖြင့် တစ်ဦးစီတွင် ကျန်းမာရေး သို့မဟုတ် ငွေကြေးမတည်ငြိမ်မှုဖြစ်နိုင်သည့် ကိုယ်ပိုင်အခက်အခဲတစ်ခုခု ရှိတတ်သည်။ ယင်းသို့ကွဲပြားခြင်းက ခရစ်ယာန်စည်းလုံးမှုရှိရန် စိန်ခေါ်ချက်ဖြစ်ပေမည်။ စိန်ခေါ်ချက်ရှိလင့်ကစား မေတ္တာကိုကျယ်ဝန်းစေရန်နှင့် စည်းလုံးမှုကိုဆက်ထိန်းရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ အသင်းသားအားလုံးကို စစ်မှန်သည့်လေးမြတ်တန်ဖိုးထားခြင်းက တစ်ဦးအပေါ်တစ်ဦးထားရှိသော ကျွန်ုပ်တို့၏မေတ္တာ ပို၍နက်ရှိုင်းလာရန် အကူအညီဖြစ်ပါလိမ့်မည်။

သို့သော် တစ်ယောက်ယောက်ကို လေးမြတ်တန်ဖိုးထားသည်ဟုဆိုရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ The New Shorter Oxford English Dictionary အရ “လေးမြတ်တန်ဖိုးထား” ဟူသောစကားလုံးသည် “ကောင်းမွန်မှန်ကန်စွာဝေဖန် သို့မဟုတ် သတိပြုမိသည်၊ အထူးတလည်လေးမြတ်သည်၊ တန်ဖိုး သို့မဟုတ် အကောင်းဆုံးကို အသိအမှတ်ပြုသည်၊ ကျေးဇူးတင်သည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ ကျွန်ုပ်တို့၏ယုံကြည်သူချင်းများကို လေးမြတ်တန်ဖိုးထားမည်ဆိုလျှင် သူတို့၏လိုအပ်ရာများကို သတိပြုမိမည်၊ သူတို့ကို အထူးတလည်လေးမြတ်မည်၊ သူတို့၏အကောင်းဆုံးအရည်အသွေးများကို အသိအမှတ်ပြုမည်ဖြစ်ပြီး သူတို့နှင့်အတူတကွ ဝတ်ပြုကိုးကွယ်ခွင့်ရသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့သည် သူတို့ကို များစွာချစ်တတ်လာသည်။ ပထမရာစုရှိ ကောရိန္သုခရစ်ယာန်များထံရေးသော တမန်တော်ပေါလု၏စာကို အကျဉ်းချုံးသုံးသပ်ခြင်းက ခရစ်ယာန်မေတ္တာကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံးအပြည့်အဝတင်ပြနိုင်ပုံကို သိမြင်ရန် ကူညီပေးပါလိမ့်မည်။

ကောရိန္သုမြို့သားများ ‘ကျဉ်းမြောင်းကြ၏’

ပေါလုသည် မိမိ၏ပထမစာစောင်ကို အေဒီ ၅၅ တွင် ကောရိန္သုမြို့သားများထံ ရေးပို့ခဲ့ပြီး ဒုတိယစာကို ပထမစာရေးသည့်နှစ်အတွင်းမှာပင် ရေးသားခဲ့သည်။ သူ၏စာတွင် ကောရိန္သုအသင်းတော်ရှိ အချို့သူတို့သည် မိမိတို့၏ယုံကြည်သူချင်းများအပေါ် လေးမြတ်တန်ဖိုးထားစိတ်မရှိကြောင်း ဖော်ပြသည်။ ပေါလုသည် ထိုအခြေအနေကို အောက်ပါစကားများဖြင့် ဖော်ပြသည်– “အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အားဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်းကျယ်ဝန်း၏။ ငါတို့၌ သင်တို့သည်ကျဉ်းမြောင်းသည်မဟုတ်။ ကိုယ်မေတ္တာကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။” (၂ ကောရိန္သု ၆:၁၁၊ ၁၂) ပေါလုသည် သူတို့အား ‘ကျဉ်းမြောင်းကြ၏’ ဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။

သူတို့သည် သဘောထားကျဉ်းမြောင်းသေးသိမ်ကြောင်း သူဆိုလိုခြင်းဖြစ်သည်။ ပေါလုအပေါ်ထားသော ကောရိန္သုမြို့သားများ၏မေတ္တာနှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦးက “အခြေအမြစ်မရှိသောသံသယ . . . နှင့် မာနထိပါးခံရသည်ဟုထင်ခြင်းစသည့် တင်းမာသောအခြေအနေများကြောင့် ကျဉ်းမြောင်းခြင်းဖြစ်သည်” ဟု အဓိပ္ပာယ်ဖွင့်သည်။

ပေါလုပေးသည့်အကြံပြုချက်ကို သတိပြုပါ– “ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှာ ကျယ်ဝန်းသောစိတ်ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကိုဆိုသကဲ့သို့ငါဆို၏။” (၂ ကောရိန္သု ၆:၁၃) ပေါလုသည် ကောရိန္သုမြို့သားများအား ယုံကြည်သူချင်းများပေါ်ထားသော မေတ္တာကိုကျယ်ဝန်းစေကြရန် အားပေးခဲ့သည်။ ယင်းသည် သံသယစိတ်၊ သဘောထားသေးသိမ်သည့်စိတ်ဖြင့်မဟုတ်ဘဲ အပြုသဘောပါပြီး သဘောထားကြီးသည့်စိတ်၏စေ့ဆော်မှုခံရခြင်းကို ဆိုလိုပေမည်။

ယနေ့ မေတ္တာကိုကျယ်ဝန်းစေခြင်း

ယနေ့အချိန်တွင် စစ်မှန်သောဘုရားသခင့်ဝတ်ပြုသူများသည် တစ်ဦးအပေါ်တစ်ဦးထားသော မိမိတို့၏မေတ္တာကို ကြိုးစား၍ကျယ်ဝန်းစေကြသည်ကို တွေ့မြင်ရခြင်းသည် စိတ်ကြည်နူးစရာပင်။ ဝန်ခံရမည်မှာ ကျယ်ဝန်းသောစိတ်ရှိရန် အားထုတ်မှုလို၏။ ယင်းသည် မည်သို့ပြုလုပ်ရမည်ကို သိရုံသိခြင်းမဟုတ်။ ကျယ်ဝန်းသောစိတ်ရှိခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာစံနှုန်းများအတိုင်း မနေထိုင်သောသူတို့နှင့် ခြားနားစွာပြုမူနေထိုင်ရန် လိုအပ်သည်။ ထိုသူတို့သည် အခြားသူတို့ကို တန်ဖိုးထားလေးမြတ်သည့်စိတ် မရှိတတ်ကြချေ။ သူတို့သည် ထောက်ထားညှာတာမှုကင်းမဲ့ခြင်း၊ အလေးမထားခြင်းနှင့် နာကြည်းအောင်ခနဲ့တဲ့တဲ့ပြောဆိုခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ထိုသို့သောသဘောထားများလွှမ်းမိုးရန် ဘယ်သောအခါမျှခွင့်မပြုပါနှင့်။ ကောရိန္သုမြို့သားများကဲ့သို့ ကျွန်ုပ်တို့၏မေတ္တာသည် သံသယရှိသည့်ခံစားချက်များကြောင့် မကြီးထွားနိုင်ဘဲနေမည်ဆိုလျှင် မည်မျှဝမ်းနည်းစရာကောင်းမည်နည်း။ ကျွန်ုပ်တို့သည် ခရစ်ယာန်ညီအစ်ကိုတစ်ဦး၏ ကောင်းသောအရည်အသွေးများကို အသိအမှတ်မပြုလိုဘဲ သူ၏အမှားများကိုမူ အလွယ်တကူမြင်တွေ့နေမည်ဆိုလျှင် ထိုအတိုင်းဖြစ်နိုင်ပါသည်။ တစ်ဦးတစ်ယောက်သည် အခြားယဉ်ကျေးမှုမှလာသောကြောင့် သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏မေတ္တာ ကျဉ်းမြောင်းနေမည်ဆိုလျှင်လည်း ထိုသို့ပင်ဖြစ်ပေလိမ့်မည်။

ယင်းအစား မေတ္တာကိုကျယ်ဝန်းစေသော ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် ယုံကြည်သူချင်းများကို အမှန်တကယ်လေးမြတ်တန်ဖိုးထားသည်။ သူသည် သူတို့ကို အလွန်တန်ဖိုးထားပြီး သူတို့၏ဂုဏ်သိက္ခာကို လေးစားသည့်အပြင် သူတို့၏လိုအပ်ချက်များကို သတိပြုပေမည်။ အမှန်တကယ်မကျေနပ်စရာများရှိနေလျှင်ပင် သူသည် ခွင့်လွှတ်ရန် လိုလိုလားလားရှိပြီး ရန်ငြိုးထားမည်မဟုတ်ချေ။ ယင်းအစား သူသည် မိမိ၏ယုံကြည်သူချင်းက နားလည်ရခက်သည့်လုပ်ရပ်တစ်ခုခု လုပ်ခဲ့သည့်တိုင် အကြောင်းရင်းရှိ၍သာ ထိုသို့ပြုလုပ်ခြင်းဖြစ်မည်ဟု သဘောထား၏။ သဘောထားကြီးခြင်းက ယေရှုပြောသည့် ဤမေတ္တာမျိုးကို တင်ပြရန် သူ့ကိုကူညီပေးသည်– “လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—⁠ယောဟန် ၁၃:၃၅

မိတ်ဆွေသစ်များတိုး၍ဖွဲ့ခြင်း

မေတ္တာစစ်သည် ကျွန်ုပ်တို့၏မိတ်ဆွေအသိုင်းအဝိုင်းထက်ကျော်လွန်၍ ကြိုးစားမိတ်ဖွဲ့ရန်နှင့် အသင်းတော်အတွင်းရှိ ကျွန်ုပ်တို့နှင့်သိပ်ရင်းရင်းနှီးနှီးမရှိသူတို့နှင့် မိတ်ဖွဲ့ကြရန် ကူညီပေးနိုင်သည်။ ထိုသူတို့မှာ မည်သူတို့ဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတချို့သည် ရှက်တတ် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် မိတ်ဆွေအနည်းငယ်သာရှိကြသည်။ ကျွန်ုပ်တို့သည် ဝတ်ပြုရေးတွင် ထိုသို့သောသူတို့နှင့် အတူတကွဝတ်ပြုကြသည်မှလွဲ၍ အသွင်မတူကြဟူ၍ အစပိုင်းတွင် ခံစားပေမည်။ သို့သော် သမ္မာကျမ်းစာပါ အရင်းနှီးဆုံးမိတ်ဆွေအချို့သည် အပြင်ပန်းအားဖြင့်ကြည့်သော် အသွင်မတူကြပေမဟုတ်လော။

ဥပမာ၊ အသက်အရွယ်မတူသည့် ရုသနှင့် နောမိတို့သည် လူမျိုး၊ ယဉ်ကျေးမှုအပြင် ဘာသာစကားပင်မတူကြချေ။ သို့သော်ငြား ထိုခြားနားမှုများက သူတို့၏မိတ်ဆွေဖြစ်ခြင်းကို မတားဆီးခဲ့ချေ။ ယောနသန်သည် မင်းသားတစ်ဦးအဖြစ်၊ ဒါဝိဒ်မှာ သိုးထိန်းတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ကြသည်။ သူတို့သည် အသက်အရွယ်မတူကြသော်လည်း သူတို့၏ပေါင်းသင်းဆက်ဆံရေးမှာ သမ္မာကျမ်းစာတွင်ဖော်ပြသည့် အရင်းနှီးဆုံးမိတ်ဆွေဖွဲ့သူများထဲမှ တစ်ခုဖြစ်သည်။ ထိုမိတ်ဆွေဖွဲ့ခြင်းနှစ်ခုစလုံးသည် ယင်းတွင်ပါဝင်သူတို့အတွက် ပျော်ရွှင်မှုနှင့် ဝိညာဉ်ရေးထောက်ပံ့မှုဖြစ်ခဲ့သည်။—⁠ရုသ ၁:၁၆; ၄:၁၅; ၁ ဓမ္မရာဇဝင် ၁၈:၃; ၂ ဓမ္မရာဇဝင် ၁:၂၆

ယနေ့အချိန်တွင်လည်း အသက်အရွယ်ကွာခြားသူများ သို့မဟုတ် ဘဝအခြေအနေလုံးဝမတူသူများဖြစ်ကြသော စစ်မှန်သည့်ခရစ်ယာန်များသည် ရင်းနှီးသောမိတ်ဆွေဖွဲ့ကြသည်။ ဥပမာ၊ ဆယ်ကျော်သက်ကလေးနှစ်ယောက်ရှိသည့် ကြင်ဖော်မဲ့မိခင်ဖြစ်သူ ရဂျီနာကို သုံးသပ်ကြည့်ပါ။ * သူသည် အလုပ်များပြီး လူမှုပေါင်းသင်းခြင်းအတွက် အချိန်မရချေ။ ဟာရယ်လ်နှင့် အိုတာတို့သည် ကလေးမရှိသည့် သက်ကြီးရွယ်အိုမောင်နှံစုံဖြစ်သည်။ အပြင်ပန်းအားဖြင့်ကြည့်သော် ဤမိသားစုနှစ်စုသည် အသွင်မတူသည့်နှယ်ပင်။ သို့သော် ဟာရယ်လ်နှင့် အိုတာတို့သည် မေတ္တာကိုကျယ်ဝန်းစေပါဟူသော ကျမ်းစာအကြံပေးချက်ကို လက်တွေ့ကျင့်သုံးခဲ့ကြသည်။ သူတို့သည် လူထုဓမ္မအမှုလုပ်ငန်းတွင်နှင့် အချို့သောအပန်းဖြေခြင်းစသည့် လုပ်ဆောင်မှုအတော်များများတွင် ရဂျီနာနှင့် သူ့ကလေးနှစ်ယောက်ကိုလည်း ပါဝင်စေရန် ကမ်းလှမ်းခဲ့ကြသည်။

ကျွန်ုပ်တို့၏ပုံမှန်မိတ်ဆွေအသိုင်းအဝိုင်းကို တိုးချဲ့နိုင်မည်လော။ လူမျိုး၊ ယဉ်ကျေးမှု၊ အသက်အရွယ်မတူသည့် ယုံကြည်သူချင်းများနှင့် ပိုရင်းနှီးလာရန် အဘယ်ကြောင့် မကြိုးစားဘဲနေမည်နည်း။

အခြားသူတို့၏လိုအပ်ရာများကို တုံ့ပြန်ခြင်း

သဘောထားကြီးခြင်းသည် အခြားသူတို့၏လိုအပ်ရာများကို သတိပြုမိရန် ကျွန်ုပ်တို့အား လှုံ့ဆော်လိမ့်မည်။ အဘယ်လိုအပ်ရာများနည်း။ ခရစ်ယာန်အသင်းသားများကို အကဲခတ်ကြည့်ပါ။ လူငယ်များ လမ်းညွှန်မှုလိုအပ်သည်၊ သက်ကြီးရွယ်အိုများ အားပေးမှုလိုအပ်သည်၊ အချိန်ပြည့်အမှုဆောင်များ ချီးမွမ်းပေးမှုနှင့် ထောက်ပံ့မှုလိုအပ်ပြီး စိတ်ဓာတ်ကျနေသော ယုံကြည်သူချင်းတို့သည် နားထောင်ပေးမည့်သူများ လိုအပ်ကြသည်။ လူတိုင်းတွင် အကူအညီလိုအပ်ရာများရှိသည်။ ကျွန်ုပ်တို့သည် ထိုလိုအပ်ချက်များကို တတ်နိုင်သရွေ့ကူညီတုံ့ပြန်လိုကြသည်။

ကျယ်ဝန်းသောစိတ်ရှိခြင်းသည် အထူးအကူအညီလိုအပ်နေသူများကို ကျွန်ုပ်တို့နားလည်မှုပြခြင်းကိုလည်း ဆိုလိုသည်။ နာတာရှည်ရောဂါခံစားနေရသူ သို့မဟုတ် ဘဝတွင် အခြားစုံစမ်းမှုတစ်မျိုးမျိုး ရင်ဆိုင်နေရသူကို သင်သိသလော။ မေတ္တာကိုကျယ်ဝန်းစေခြင်းနှင့် သဘောထားကြီးသည့်စိတ်ကိုမွေးမြူခြင်းက အကူအညီလိုအပ်နေသူများအပေါ် နားလည်မှုတင်ပြပြီး ထောက်ပံ့ကူညီပေးရန် သင့်ကိုကူညီပေးပါလိမ့်မည်။

အနာဂတ်နှင့်ပတ်သက်သော သမ္မာကျမ်းစာပရောဖက်ပြုချက်များပြည့်စုံရန် နီးကပ်ပြီဖြစ်သောကြောင့် အသင်းတော်အတွင်းရှိ ခိုင်မြဲသောစည်းလုံးမှုနှောင်ကြိုးသည် ပစ္စည်းပိုင်ဆိုင်ရာများ၊ စွမ်းဆောင်နိုင်မှုများ သို့မဟုတ် အောင်မြင်ပြီးမြောက်မှုများထက် ပို၍တန်ဖိုးရှိပါလိမ့်မည်။ (၁ ပေတရု ၄:၇၊ ၈) ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့ယုံကြည်သူချင်းများအပေါ်ထားသည့် မေတ္တာကို ကျယ်ဝန်းစေခြင်းအားဖြင့် ကျွန်ုပ်တို့အသင်းတော်၏စည်းလုံးသောနှောင်ကြိုးကို ခိုင်မြဲစေခြင်းတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏သားတော်၊ ယေရှုခရစ်၏အောက်ပါစကားများနှင့်အညီ လုပ်ဆောင်သည့်အတွက် ကိုယ်တော်ကြွယ်ဝစွာကောင်းချီးပေးမည်ကို ယုံကြည်စိတ်ချနိုင်သည်– “ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကိုချစ်သည့်နည်းတူ သင်တို့သည် အချင်းချင်းချစ်ကြလော့။”—⁠ယောဟန် ၁၅:၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 နာမည်အချို့ပြောင်းထားသည်။

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများကို အထူးတလည်လေးမြတ်ခြင်းသည် သူတို့ကို အလွန်တန်ဖိုးထားပြီး သူတို့၏ဂုဏ်သိက္ခာကို လေးစားသည့်အပြင် သူတို့လိုအပ်ရာများကို သတိပြုမိခြင်းတို့ကို ဆိုလို