မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်သည် အမှန်ရွှင်လန်းခြင်းကို ပြုရမည်’

‘သင်သည် အမှန်ရွှင်လန်းခြင်းကို ပြုရမည်’

‘သင်သည် အမှန်ရွှင်လန်းခြင်းကို ပြုရမည်’

‘သင်၏ဘုရားသခင်ထာဝရဘုရားသခင်အဖို့ ဓမ္မပွဲကိုခံရမည်။ သင်သည် အမှန်ရွှင်လန်းခြင်းကိုပြုရမည်။’—⁠တရားဟောရာ ၁၆:၁၅

၁။ (က) စာတန်သည် အဘယ်အရေးကိစ္စများကို ပေါ်ပေါက်စေခဲ့သနည်း။ (ခ) အာဒံနှင့်ဧဝပုန်ကန်ပြီးနောက် ယေဟောဝါသည် အဘယ်အရာကို တင်ကြိုမိန့်တော်မူခဲ့သနည်း။

စာတန်သည် အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းရှင်အား ဆန့်ကျင်ပုန်ကန်စေရန် သွေးဆောင်ခဲ့ချိန်တွင် အလွန်အရေးကြီးသော အရေးကိစ္စနှစ်ရပ် ပေါ်ပေါက်စေခဲ့သည်။ ပထမ၊ သူသည် ယေဟောဝါ၏ ဖြောင့်မတ်မှုနှင့် ကိုယ်တော်၏မှန်ကန်သောအုပ်ချုပ်နည်းကို စောဒကတက်ခဲ့သည်။ ဒုတိယ၊ လူသားတို့ ဘုရားသခင်အားဝတ်ပြုသည်မှာ ကိုယ်ကျိုးအတွက်ဖြစ်မည်ဟု စာတန်စောင်းချိတ်ပြောဆိုခဲ့သည်။ ဒုတိယအရေးကိစ္စကို ယောဘခေတ်တွင် အထင်အရှားထုတ်ဖော်ပြောဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆; ယောဘ ၁:၉၊ ၁၀; ၂:၄၊ ၅) သို့သော် ယေဟောဝါသည် အခြေအနေကိုဖြေရှင်းရန် ချက်ချင်းအရေးယူဆောင်ရွက်ခဲ့သည်။ အာဒံနှင့်ဧဝ ဧဒင်ဥယျာဉ်အတွင်းရှိနေဆဲအချိန်၌ပင် ယေဟောဝါသည် ထိုအရေးကိစ္စများကို မည်သို့ဖြေရှင်းမည်ဖြစ်ကြောင်း တင်ကြိုမိန့်တော်မူခဲ့သည်။ “အမျိုးအနွယ်” ပေါ်လာမည်ဖြစ်ပြီး ထိုအမျိုးအနွယ်သည် ဖနောင့်အကြိတ်ခံရမည်ဖြစ်ကာ ၎င်းနောက် သူသည် စာတန်၏ခေါင်းကိုကြိတ်ခြင်းဖြင့် စာတန်ကိုအစတုံးဖျက်ဆီးမည်ဖြစ်ကြောင်း ကိုယ်တော်တင်ကြိုမိန့်တော်မူခဲ့သည်။—⁠ကမ္ဘာဦး ၃:၁၅

၂။ ယေဟောဝါသည် ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ကို ပြည့်စုံစေမည်ဖြစ်ကြောင်း မည်သို့အလင်းဖြာပေးခဲ့သနည်း။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ ယေဟောဝါသည် ထိုပရောဖက်ပြုချက်ကို ပို၍နားလည်သဘောပေါက်စေခြင်းဖြင့် ယင်းပရောဖက်ပြုချက်သည် အဆုံး၌ အမှန်တကယ်ပြည့်စုံမည်ဖြစ်ကြောင်း တင်ပြတော်မူသည်။ ဥပမာ၊ ဘုရားသခင်က “အမျိုးအနွယ်” သည် အာဗြဟံ၏သားမြေးများမှ ဆင်းသက်လာမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၅-၁၈) အာဗြဟံ၏မြေး ယာကုပ်သည် ဣသရေလလူမျိုး ၁၂ နွယ်၏ဖခင်ဖြစ်လာသည်။ ထိုသူတို့ လူမျိုးတစ်မျိုးဖြစ်လာသည့် ဘီစီ ၁၅၁၃ တွင် ယေဟောဝါသည် သူတို့ကို ပညတ်ဥပဒေပေါင်းချုပ်တစ်ခုကို ပေးတော်မူခဲ့ပြီး ယင်းတွင် နှစ်စဉ်ကျင်းပရသည့် ပွဲတော်အမျိုးမျိုးပါဝင်သည်။ တမန်တော်ပေါလုက ထိုပွဲတော်များသည် “နောက်ဖြစ်လတ္တံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏” ဟုဆိုခဲ့သည်။ (ကောလောသဲ ၂:၁၆၊ ၁၇; ဟေဗြဲ ၁၀:၁) ထိုပွဲတော်တို့တွင် အမျိုးအနွယ်နှင့်ပတ်သက်သည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက် ပြည့်စုံခြင်းနှင့်ဆက်နွှယ်သော ကြိုတင်မြင်ကွင်းများ ပါဝင်သည်။ ဣသရေလလူမျိုးသည် ထိုပွဲတော်များကို ကျင်းပခြင်းဖြင့် ကြီးစွာရွှင်လန်းခဲ့ကြသည်။ ယင်းတို့ကို အကျဉ်းချုပ်သုံးသပ်ခြင်းက ယုံကြည်စိတ်ချရသည့် ယေဟောဝါ၏ကတိတော်များအပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်မြဲစေပါမည်။

အမျိုးအနွယ်ပေါ်ပေါက်လာ

၃။ ကတိထားရာအမျိုးအနွယ်မှာ မည်သူနည်း။ သူ၏ဖနောင့် မည်သို့ကြိတ်ခြင်းခံခဲ့ရသနည်း။

ယေဟောဝါ ပထမဦးဆုံးပရောဖက်ပြုချက်ကို မိန့်တော်မူပြီးနောက် နှစ်ပေါင်း ၄,၀၀၀ ကျော်အကြာတွင် ကတိထားရာအမျိုးအနွယ် ပေါ်ပေါက်လာခဲ့သည်။ ထိုအမျိုးအနွယ်မှာ ယေရှုဖြစ်သည်။ (ဂလာတိ ၃:၁၆) စုံလင်သူတစ်ဦးအနေနှင့် ယေရှုသည် မိမိ၏သမာဓိကို သေသည်အထိ စောင့်ထိန်းခဲ့သည်။ သို့ဖြင့် စာတန်၏စွဲချက်မှားကြောင်း သက်သေထူခဲ့သည်။ ထို့ပြင် ယေရှုသည် အပြစ်မရှိသောကြောင့် ကိုယ်တော်၏သေခြင်းသည် အလွန်အဖိုးထိုက်သော ပူဇော်ရာယဇ်ဖြစ်ခဲ့သည်။ ယင်းကြောင့် ယေရှုသည် အာဒံနှင့်ဧဝတို့မှဆင်းသက်သည့် တည်ကြည်မှုရှိသူသားမြေးတို့အား အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေခဲ့သည်။ ညှဉ်းဆဲရာသစ်တိုင်ပေါ်တွင် ယေရှုသေဆုံးခြင်းက ကတိထားရာအမျိုးအနွယ်၏ ‘ဖနောင့် အကြိတ်ခံရခြင်း’ ဖြစ်သည်။—⁠ဟေဗြဲ ၉:၁၁-၁၄

၄။ ယေရှု၏ပူဇော်ရာယဇ်ကို မည်သို့ရှေ့ပြေးပုံရိပ်ပြခဲ့သနည်း။

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှုသေဆုံးခဲ့သည်။ * ဣသရေလပြည်တွင် နိသန် ၁၄ ရက်နေ့သည် ပသခါပွဲကျင်းပသည့် ပျော်ရွှင်ဖွယ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့ရက်တွင် မိသားစုတို့သည် အပြစ်အနာကင်းသော သိုးသငယ်သားကို စားသုံးကြသည်။ ဤနည်းဖြင့် သူတို့သည် ဘီစီ ၁၅၁၃၊ နိသန်လ ၁၄ ရက်နေ့၌ အီဂျစ်လူတို့၏သားဦးများကို ကောင်းကင်တမန် သတ်ချိန်တွင် သိုးသငယ်၏အသွေးကြောင့် ဣသရေလလူတို့၏သားဦးများ လွတ်မြောက်ခြင်းဖြစ်ကြောင်း ပြန်သတိရကြသည်။ (ထွက်မြောက်ရာ ၁၂:၁-၁၄) ပသခါသိုးသငယ်သည် ယေရှု၏ ရှေ့ပြေးပုံရိပ်ဖြစ်ပြီး ကိုယ်တော်နှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ဆို၏– “ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့အဖို့ယဇ်ပူဇော်ရာဖြစ်၏။” (၁ ကောရိန္သု ၅:၇) ပသခါသိုးသငယ်၏အသွေးကဲ့သို့ပင် ယေရှုသွန်းလောင်းသောအသွေးသည် များစွာသောသူတို့အတွက် ကယ်တင်ခြင်းဖြစ်စေသည်။—⁠ယောဟန် ၃:၁၆၊ ၃၆

‘သေခြင်းမှ အဦးသီးသောအသီး’

၅၊ ၆။ (က) အဘယ်အချိန်တွင် ယေရှု ရှင်ပြန်ထမြောက်ခဲ့သနည်း။ ယင်းကို ပညတ်တရားတွင် မည်သို့ရှေ့ပြေးပုံရိပ်ဖော်ပြခဲ့သနည်း။ (ခ) ယေရှုရှင်ပြန်ထမြောက်ခြင်းက ကမ္ဘာဦး ၃:၁၅ ပြည့်စုံရန် မည်သို့ဖြစ်စေခဲ့သနည်း။

ယေရှုသည် မိမိ၏ပူဇော်ရာယဇ်တန်ဖိုးကို ခမည်းတော်ထံဆက်သရန်အလို့ငှာ တတိယနေ့တွင် ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ (ဟေဗြဲ ၉:၂၄) ကိုယ်တော်၏ထမြောက်ခြင်းကို နောက်ပွဲတော်တစ်ခုတွင် ရှေ့ပြေးပုံရိပ်အဖြစ် ဖော်ပြထားသည်။ နိသန်လ ၁၄ ရက်နေ့ပြီးနောက် နောက်တစ်နေ့တွင် အဇုမပွဲ [“တဆေးမဲ့မုန့်ပွဲ၊” ကဘ] စတင်သည်။ နောက်တစ်နေ့ဖြစ်သော နိသန်လ ၁၆ ရက်နေ့တွင် ဣသရေလတို့သည် ဣသရေလပြည်တွင် ဦးဆုံးရိတ်သိမ်းမှုဖြစ်သော မုယောစပါးရိတ်သိမ်းသည့်ထဲမှ အဦးရိတ်သောကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံဆောင်ခဲ့ကြပြီး ယဇ်ပုရောဟိတ်သည် ယင်းကောက်လှိုင်းကို ယေဟောဝါရှေ့တော်၌ ချီလွှဲရသည်။ (ဝတ်ပြုရာ ၂၃:၆-၁၄) အေဒီ ၃၃၊ ထိုနေ့ရက်တွင်ပင် ယေဟောဝါ၏ ‘တည်ကြည်၍ ဟုတ်မှန်သောသက်သေခံ’ အား ပယ်ရှင်းပစ်ရန် စာတန်၏ရက်စက်သည့်ကြိုးစားအားထုတ်မှုကို ကိုယ်တော်ပျက်ပြားစေခဲ့သည်မှာ အလွန်သင့်လျော်ပေသည်! အေဒီ ၃၃၊ နိသန်လ ၁၆ ရက်နေ့တွင် ယေဟောဝါသည် ယေရှုကို မသေနိုင်သောဝိညာဉ်အသက်တာသို့ ရှင်ပြန်ထမြောက်စေခဲ့သည်။—⁠ဗျာ. ၃:၁၄; ၁ ပေတရု ၃:၁၈

ယေရှုသည် “သေခြင်းမှထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်” လာသည်။ (၁ ကောရိန္သု ၁၅:၂၀) ကိုယ်တော့်မတိုင်မီက ရှင်ပြန်ထမြောက်ခဲ့သူတို့နှင့်မတူဘဲ ယေရှုသည် နောက်တစ်ဖန် မသေဆုံးတော့ပါ။ ယင်းအစား ကိုယ်တော်သည် ကောင်းကင်သို့တက်ကြွတော်မူပြီး ယေဟောဝါ၏လက်ယာဘက်တွင်ထိုင်ကာ ယေဟောဝါ၏ ကောင်းကင်နိုင်ငံတော်ဘုရင့်အရိုက်အရာ အပ်နှင်းခံရချိန်အထိ စောင့်ဆိုင်းခဲ့သည်။ (ဆာလံ ၁၁၀:၁; တမန်တော် ၂:၃၂၊ ၃၃; ဟေဗြဲ ၁၀:၁၂၊ ၁၃) ယေရှုသည် ဘုရင်အရိုက်အရာ အပ်နှင်းခံရပြီဖြစ်သောကြောင့် ယခု ကိုယ်တော်သည် ရန်သူကြီး စာတန်၏ခေါင်းကိုကြိတ်ခြင်းဖြင့် သူနှင့် သူ၏အမျိုးအနွယ်ကို အပြီးအပိုင်ဖျက်ဆီးနိုင်သည့်အနေအထားတွင် ရှိနေပြီဖြစ်သည်။—⁠ဗျာ. ၁၁:၁၅၊ ၁၈; ၂၀:၁-၃၊ ၁၀

အာဗြဟံ၏အမျိုးအနွယ်အဝင် အခြားသောသူများ

၇။ ခုနစ်သီတင်းပွဲမှာ အဘယ်နည်း။

ယေရှုသည် ဧဒင်တွင်ကတိပြုခဲ့သော အမျိုးအနွယ်ဖြစ်တော်မူပြီး ကိုယ်တော်အားဖြင့် ယေဟောဝါသည် ‘စာတန်၏အမှုတို့ကို ပယ်ဖျက်’ တော်မူမည်။ (၁ ယောဟန် ၃:၈) သို့သော် အာဗြဟံအား ယေဟောဝါ မိန့်တော်မူချိန်တွင် အာဗြဟံ၏ “အမျိုးအနွယ်” သည် တစ်ဦးထက်မကပါဝင်မည်ဖြစ်ကြောင်း ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ သူ၏အမျိုးအနွယ်သည် “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း” ဖြစ်မည်။ (ကမ္ဘာဦး ၂၂:၁၇) “အမျိုးအနွယ်” တွင်ပါဝင်သည့် အခြားအဖွဲ့ဝင်များနှင့်စပ်လျဉ်း၍ ရွှင်လန်းမှုဖြစ်စေသော နောက်ပွဲတော်တစ်ခုတွင် ရှေ့ပြေးပုံရိပ်ဖော်ပြထားသည်။ နိသန်လ ၁၆ ရက်နေ့မှ ရက်ငါးဆယ်ပြည့်သည့်နေ့တွင် ဣသရေလလူတို့သည် ခုနစ်သီတင်းပွဲကို ကျင်းပခဲ့ကြသည်။ ယင်းပွဲတော်နှင့်ပတ်သက်၍ ပညတ်တရား၌ ဤသို့ဆိုထား၏– ‘သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင် ထာဝရဘုရားသခင်အား ဘောဇဉ်ပူဇော်ရာယဇ်အသစ်ကို ဆက်ရကြမည်။ ထာဝရဘုရားသခင်အဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်သြမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍ ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီး၊ မုန့်နှင့်တကွ ချီလွှဲ . . . ရမည်။’ *—⁠ဝတ်ပြုရာ ၂၃:၁၆၊ ၁၇၊ ၂၀

၈။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် အဘယ်ထူးခြားသောအဖြစ်အပျက် ဖြစ်ခဲ့သနည်း။

ယေရှု မြေကြီးပေါ်ရှိချိန်တွင် ခုနစ်သီတင်းပွဲကို ပင်တေကုတ္တေပွဲ (ဂရိဘာသာဖြင့် “ငါးဆယ်မြောက်” ဟုအဓိပ္ပာယ်ရသည်) အဖြစ် သိကြသည်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည့် ရှင်ပြန်ထမြောက်ပြီးဖြစ်သောယေရှုခရစ်သည် ယေရုရှလင်မြို့တွင်စုဝေးနေသော အုပ်စုငယ်လေးဖြစ်သည့်တပည့် ၁၂၀ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့သည်။ သို့ဖြင့် ထိုတပည့်များသည် ဘိသိက်ပေးခြင်းခံရသော ဘုရားသခင်၏သားများ၊ ယေရှုခရစ်၏ညီတော်များ ဖြစ်လာကြသည်။ (ရောမ ၈:၁၅-၁၇) သူတို့သည် လူမျိုးသစ်ဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်လာသည်။ (ဂလာတိ ၆:၁၆) ထိုလူမျိုးသည် သေးငယ်သောအစပြုမှုမှ နောက်ဆုံးတွင် အရေအတွက် ၁၄၄,၀၀၀ ဖြစ်လာမည်။—⁠ဗျာ. ၇:၁-၄

၉၊ ၁၀။ ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်ကို ပင်တေကုတ္တေပွဲနေ့အတွင်း မည်သို့ရှေ့ပြေးပုံရိပ်ပြခဲ့သနည်း။

ပင်တေကုတ္တေပွဲနေ့ရောက်တိုင်း ယေဟောဝါရှေ့ချီလွှဲပူဇော်သော တဆေးဖြင့်ပြုလုပ်သည့်မုန့်နှစ်လုံးသည် ဝိညာဉ်တော်ဖွားခရစ်ယာန်အသင်းတော်၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ မုန့်တို့တွင်တဆေးပါခြင်းက ဝိညာဉ်တော်ဖွားခရစ်ယာန်များတွင် တဆေးဖြင့်ပုံဆောင်သောအမွေခံရသည့်အပြစ် ရှိနေဆဲဖြစ်ကြောင်း တင်ပြသည်။ သို့သော် သူတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေခံကာ ယေဟောဝါထံ ချဉ်းကပ်နိုင်ကြသည်။ (ရောမ ၅:၁၊ ၂) အဘယ်ကြောင့်မုန့်နှစ်လုံးဖြစ်ရသနည်း။ ယင်းက ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားများသည် အုပ်စုနှစ်စုဖြစ်သော ဦးဆုံး ဂျူးလူမျိုးများမှနှင့် နောက်ပိုင်း တစ်ပါးအမျိုးသားများမှ ရွေးနုတ်မည်ဟူသည့်အချက်ကို ရည်ညွှန်းခြင်းဖြစ်မည်။—⁠ဂလာတိ ၃:၂၆-၂၉; ဧဖက် ၂:၁၃-၁၈

၁၀ ပင်တေကုတ္တေပွဲနေ့တွင်ပူဇော်သော မုန့်နှစ်လုံးကို အဦးသီးသောဂျုံစပါးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အလားတူပင် ထိုဝိညာဉ်တော်ဖွားခရစ်ယာန်များကို ‘သတ္တဝါတို့တွင် အဦးသီးသောအသီး’ ဟုခေါ်ဆိုထားသည်။ (ယာကုပ် ၁:၁၈) သူတို့သည် ယေရှုသွန်းလောင်းသောအသွေးတော်ပေါ်အခြေခံကာ အပြစ်လွှတ်ခံရသူတို့တွင် ဦးဆုံးသောသူတို့ဖြစ်ကြပြီး ယင်းက သူတို့ကို ကောင်းကင်တွင် မသေနိုင်သောအသက်တာကို ရရှိစေသည်။ ထိုတွင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်တွင် ယေရှုနှင့်အတူ အုပ်ချုပ်ကြမည်။ (၁ ကောရိန္သု ၁၅:၅၃; ဖိလိပ္ပိ ၃:၂၀၊ ၂၁; ဗျာ. ၂၀:၆) ကောင်းကင်သားများအနေဖြင့် မဝေးတော့သည့်အနာဂတ်တွင် သူတို့သည် “[လူမျိုး] တို့ကို သံလှံတံနှင့်အုပ်စိုး” ကြမည်ဖြစ်ပြီး ‘စာတန်ကို သူတို့ခြေအောက်၌ နှိပ်စက်တော်မူမည်’ ကိုတွေ့မြင်ကြရမည်။ (ဗျာ. ၂:၂၆၊ ၂၇; ရောမ ၁၆:၂၀) တမန်တော်ယောဟန် ဤသို့ဖော်ပြခဲ့၏– “ထိုသူတို့သည် . . . သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲကရွေးနုတ်၍ ဘုရားသခင်နှင့်သိုးသငယ်အဖို့ အဦးသီးသောအသီးဖြစ်ကြ၏။”—⁠ဗျာ. ၁၄:၄

လွတ်မြောက်မှုကို အလေးပေးသောနေ့

၁၁၊ ၁၂။ (က) အပြစ်ဖြေရာနေ့တွင် အဘယ်အရာဖြစ်ပျက်သနည်း။ (ခ) ဣသရေလလူမျိုးသည် နွားနှင့်ဆိတ်တို့ကိုပူဇော်ခြင်းမှ အဘယ်အကျိုးကျေးဇူး ရရှိခဲ့ကြသနည်း။

၁၁ ဣသရေလလူမျိုး ဧသနိမ်လ (နောက်ပိုင်းတွင် တိရှရိလဟုခေါ်) * ဆယ်ရက်နေ့တွင် ကျင်းပသောပွဲတော်က ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးများ မည်သို့အကျိုးသက်ရောက်မည်ကို ရှေ့ပြေးပုံရိပ်ပြခဲ့သည်။ ထိုနေ့ရက်တွင် လူမျိုးတစ်မျိုးလုံးသည် မိမိတို့၏အပြစ်များဖြေလွှတ်ခံရဖို့ ယဇ်ပူဇော်ကာ အပြစ်ဖြေရာနေ့ကျင်းပရန် စုရုံးရောက်ရှိလာကြသည်။—⁠ဝတ်ပြုရာ ၁၆:၂၉၊ ၃၀

ဧသနိမ် သို့မဟုတ် တိရှရိလသည် မျက်မှောက်ခေတ်ပြက္ခဒိန်တွင် စက်တင်ဘာ/အောက်တိုဘာလနှင့် ကိုက်ညီသည်။

၁၂ အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် အသက်ပျိုသောနွားထီးတစ်ကောင်ကိုသတ်ပြီး အသန့်ရှင်းဆုံးအခန်းတွင် ယင်းနွား၏အသွေးတချို့ကို သေတ္တာတော်အဖုံးရှေ့၌ ခုနစ်ကြိမ်ဖျန်းရသည်။ ယင်းက ယေဟောဝါရှေ့တော်မှောက်တွင် အသွေးကို ပုံဆောင်ပူဇော်ခြင်းဖြစ်သည်။ ထိုပူဇော်ခြင်းသည် ယဇ်ပုရောဟိတ်မင်းကြီးနှင့် ‘သူ၏အိမ်သူအိမ်သားတို့’ ဖြစ်သော လက်ထောက်ယဇ်ပုရောဟိတ်များနှင့် လေဝိသားတို့၏အပြစ်အတွက်ဖြစ်သည်။ ယင်းနောက် ယဇ်ပုရောဟိတ်မင်းကြီးသည် ဆိတ်နှစ်ကောင်ကိုယူကာ “လူများ” အဖို့ အပြစ်ဖြေရာယဇ်ပူဇော်ရန် ဆိတ်တစ်ကောင်ကို သတ်ရသည်။ ဆိတ်အသွေးအချို့ကိုလည်းယူကာ အသန့်ရှင်းဆုံးအခန်းတွင်ရှိသော သေတ္တာတော်အဖုံးရှေ့၌ ဖျန်းရသည်။ ၎င်းနောက် ယဇ်ပုရောဟိတ်မင်းကြီးသည် ဒုတိယဆိတ်၏ဦးခေါင်းပေါ် သူ၏လက်နှစ်ဖက်ကိုတင်ကာ ဣသရေလလူမျိုး၏အပြစ်များကို ဝန်ခံသည်။ ပြီးနောက် ပုံဆောင်အနေနှင့် ဣသရေလလူမျိုး၏အပြစ်များကို သယ်ဆောင်သွားရန် ထိုဆိတ်ကို တောလွတ်လပ်လဟာသို့ လွှတ်လိုက်ရသည်။—⁠ဝတ်ပြုရာ ၁၆:၃-၁၆၊ ၂၁၊ ၂၂

၁၃။ အပြစ်ဖြေရာနေ့ အဖြစ်အပျက်များက ယေရှုလုပ်ဆောင်တော်မူသော အခန်းကဏ္ဍကို မည်သို့ရှေ့ပြေးပုံရိပ်ပြခဲ့သနည်း။

၁၃ ထိုလုပ်ဆောင်မှုများက သာ၍ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းကြီး ယေရှုသည် မိမိအသက်သွေး၏တန်ဖိုးကို အပြစ်များဖြေလွှတ်ရန်အသုံးပြုတော်မူခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ ဦးဆုံး၊ ကိုယ်တော့်အသွေးတော်တန်ဖိုးသည် ဝိညာဉ်တော်ဖွားခရစ်ယာန် ၁၄၄,၀၀၀ ဖြစ်သော ‘ဝိညာဉ်ရေးအိမ်ထောင်စု’ အပေါ်အကျိုးသက်ရောက်သောကြောင့် သူတို့သည် ဖြောင့်မတ်သူများအဖြစ် ကြေညာခံရကာ ယေဟောဝါရှေ့မှောက် စင်ကြယ်သောအနေအထား ရရှိကြသည်။ (၁ ပေတရု ၂:၅; ၁ ကောရိန္သု ၆:၁၁) နွားကိုပူဇော်ခြင်းသည် ယင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ သို့ဖြင့် သူတို့သည် ကောင်းကင်အမွေခံရရန် လမ်းပွင့်သွားသည်။ ဒုတိယ၊ ဆိတ်ကိုပူဇော်ခြင်းဖြင့်တင်ပြခဲ့သည့်အတိုင်း ယေရှုအသွေးတော်၏တန်ဖိုးသည် ခရစ်တော်ကိုယုံကြည်ကြောင်းတင်ပြသူ အခြားသန်းနှင့်ချီသောသူတို့ အကျိုးခံစားကြရသည်။ ထိုသူတို့သည် အာဒံနှင့်ဧဝဆုံးရှုံးခဲ့သောအမွေဖြစ်သည့် ဤမြေကြီးပေါ် ထာဝရအသက်ရှင်ခွင့်ကောင်းချီး ခံစားရမည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ယေရှုသည် မိမိသွန်းလောင်းခဲ့သောအသွေးကိုအခြေခံကာ လူသားတို့၏အပြစ်များကို အဝေးသို့ဆောင်ယူသွားသည်။ အသက်ရှင်သောဆိတ်သည် ဣသရေလလူမျိုး၏အပြစ်များကို တောလွတ်လပ်လဟာသို့ ပုံဆောင်သယ်ဆောင်သွားသကဲ့သို့ပင်ဖြစ်သည်။—⁠ဟေရှာယ ၅၃:၄၊ ၅

ယေဟောဝါရှေ့မှောက် ရွှင်လန်းခြင်း

၁၄၊ ၁၅။ သကေနေပွဲအတွင်း အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းက ဣသရေလအမျိုးအား အဘယ်အရာကို သတိရစေသနည်း။

၁၄ အပြစ်ဖြေရာနေ့ပြီးနောက် ဣသရေလလူမျိုးသည် သကေနေပွဲ [“တဲနေပွဲ၊” ကဘ] ကို ကျင်းပခဲ့ကြသည်။ ယင်းပွဲတော်သည် ဂျူးပြက္ခဒိန်နှစ်တွင် ရွှင်လန်းဖွယ်အကောင်းဆုံး ပွဲတော်ဖြစ်သည်။ (ဝတ်ပြုရာ ၂၃:၃၄-၄၃) ထိုပွဲတော်ကို ဧသနိမ်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပကြပြီး ထိုလ ၂၂ ရက်နေ့တွင် တစ်နှစ်တစ်ကြိမ်ကျင်းပသော စည်းဝေးပွဲဖြင့် နိဂုံးချုပ်သည်။ ယင်းက ကောက်ရိတ်သိမ်းပြီးသည့် အမှတ်အသားဖြစ်ပြီး ဘုရားသခင်၏ ကြွယ်ဝသောကောင်းမြတ်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အချိန်လည်းဖြစ်သည်။ ထိုအကြောင်းကြောင့် ယေဟောဝါက ပွဲတော်ကျင်းပသူတို့အား ဤသို့မိန့်တော်မူခဲ့၏– ‘သင်၏ထာဝရဘုရားသခင်သည် တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းချီးပေးတော်မူသောကြောင့် အမှန်ရွှင်လန်းခြင်းကိုပြုရမည်။’ (တရားဟောရာ ၁၆:၁၅) အလွန်ပျော်ရွှင်ဖွယ် အချိန်အခါ ဖြစ်ခဲ့ပေမည်!

၁၅ ထိုပွဲတော်အတွင်း ဣသရေလလူမျိုးသည် ခုနစ်ရက်ပတ်လုံး တဲများတွင်နေကြသည်။ သို့ဖြင့် တစ်ချိန်က သူတို့သည် တောကန္တာရတွင် တဲများနှင့်နေခဲ့ရသည်ကို ပြန်၍အမှတ်ရကြသည်။ ထိုပွဲတော်က ယေဟောဝါ၏ ဖခင်သဖွယ်ကြည့်ရှုစောင့်ရှောက်မှုကို ပြန်သုံးသပ်ရန် အခွင့်အရေးများစွာရရှိစေသည်။ (တရားဟောရာ ၈:၁၅၊ ၁၆) ချမ်းသာသူ၊ ဆင်းရဲသူအားလုံးသည် ပုံစံတူတဲများတွင်နေကြသောကြောင့် ဤပွဲတော်ရက်အတွင်း ဣသရေလလူမျိုးအားလုံးသည် တန်းတူပင်ဖြစ်ကြောင်း အမှတ်ရစေသည်။—⁠နေဟမိ ၈:၁၄-၁၆

၁၆။ သကေနေပွဲသည် အဘယ်အရာ၏ ရှေ့ပြေးပုံရိပ်ဖြစ်ခဲ့သနည်း။

၁၆ သကေနေပွဲသည် ရိတ်သိမ်းပွဲ၊ ပျော်ရွှင်ဖွယ်စုသိမ်းပွဲဖြစ်ပြီး ယင်းက ယေရှုခရစ်ကို ယုံကြည်ကြောင်းတင်ပြသူတို့ကို စုသိမ်းခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ ယင်းသို့စုသိမ်းခြင်းသည် ယေရှု၏တပည့် ၁၂၀ ကိုဘိသိက်ပေးသည့် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် စတင်ခဲ့ပြီး သူတို့သည် “သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုး” အဝင်ဖြစ်လာသည်။ ဣသရေလလူမျိုးသည် တဲများတွင် ရက်အနည်းငယ်နေကြသကဲ့သို့ ဝိညာဉ်တော်ဖွားများက မိမိတို့သည် ဤမတရားသောလောကတွင် “ဧည့်သည်” များသာဖြစ်ကြောင်း သိထားကြသည်။ သူတို့သည် ကောင်းကင်မျှော်လင့်ချက်ရှိသူများဖြစ်သည်။ (၁ ပေတရု ၂:၅၊ ၁၁) ဤ ‘နောက်ဆုံးသောနေ့ရက်များ’ အတွင်း ၁၄၄,၀၀၀ ၏နောက်ဆုံးအဖွဲ့ဝင်များစုသိမ်းပြီးချိန်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များကိုစုသိမ်းခြင်း အပြီးသတ်မည်ဖြစ်သည်။—⁠၂ တိမောသေ ၃:၁

၁၇၊ ၁၈။ (က) ဝိညာဉ်တော်ဖွားခရစ်ယာန်များအပြင် အခြားသူများပါ ယေရှု၏ပူဇော်ရာယဇ်မှ အကျိုးရရှိကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) ယနေ့ မည်သူတို့သည် ပုံဆောင်သကေနေပွဲမှ အကျိုးခံစားနေရကြသနည်း။ ထိုရွှင်လန်းဖွယ်ပွဲတော်သည် အဘယ်အချိန်တွင် အထွတ်အထိပ်ရောက်မည်နည်း။

၁၇ ရှေးအချိန်ကကျင်းပသော  သကေနေပွဲတော်အတွင်း နွားအကောင် ၇၀ ကိုယဇ်ပူဇော်ခြင်းမှာ မှတ်သားဖွယ်ဖြစ်သည်။ (တောလည်ရာ ၂၉:၁၂-၃၄) အရေအတွက် ၇၀ သည် ၇ အမြှောက် ၁၀ ဖြစ်ပြီး သမ္မာကျမ်းစာထဲတွင် ထိုဂဏန်းများသည် ကောင်းကင်နှင့် မြေကြီးဆိုင်ရာ ပြည့်စုံခြင်းကို ကိုယ်စားပြုသည်။ ထို့ကြောင့် ယေရှု၏ပူဇော်ရာယဇ်သည် နောဧမှဆင်းသက်သော လူ့မိသားစု ၇၀ ထဲမှ တည်ကြည်သူအားလုံး အကျိုးရရှိမည်ဖြစ်သည်။ (ကမ္ဘာဦး ၁၀:၁-၂၉) ယင်းနှင့်အညီ ကျွန်ုပ်တို့အချိန်တွင် ထိုစုသိမ်းခြင်းသည် လူမျိုးအပေါင်းမှလူတို့ထံရောက်ရှိရန် တိုးချဲ့ထားပြီး ထိုသူတို့ထဲမှ ယေရှုကိုယုံကြည်ကြောင်းတင်ပြသူတို့သည် မြေကြီးပရဒိသုတွင် အသက်ရှင်ရန် မျှော်လင့်ချက်ရှိကြသည်။

၁၈ တမန်တော်ယောဟန်က စိတ်အာရုံတွင် မျက်မှောက်ခေတ်စုသိမ်းခြင်းကို တွေ့မြင်ခဲ့သည်။ ဦးဆုံး၊ ၁၄၄,၀၀၀ ထဲမှ နောက်ဆုံးအဖွဲ့ဝင်များအား တံဆိပ်ခတ်ခြင်းအကြောင်း ကြေညာသည်ကို သူကြားခဲ့သည်။ ၎င်းနောက် “အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့ [“လူအုပ်ကြီး၊” ကဘ] သည်” “စွန်ပလွံခက်ကိုကိုင်လျက်” ယေဟောဝါနှင့် ယေရှုရှေ့တွင် ရပ်နေကြသည်ကို သူတွေ့မြင်ခဲ့သည်။ ထိုသူတို့သည် ‘ကြီးစွာသောဆင်းရဲခြင်းအထဲက လွတ်မြောက်’ ကာ ကမ္ဘာသစ်ထဲသို့ ရောက်လာသူတို့ဖြစ်သည်။ ထိုသူတို့သည်လည်း ဤအစီအစဉ်စနစ်ဟောင်းတွင် ဧည့်သည်များဖြစ်ကြပြီး “သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့ လမ်းပြ” မည့်အချိန်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နေကြသည်။ ထိုအချိန်ရောက်လျှင် “ဘုရားသခင်သည်လည်း သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။” (ဗျာ. ၇:၁-၁၀၊ ၁၄-၁၇) ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုပြီးဆုံးချိန်၊ ရှင်ပြန်ထမြောက်လာကြသူတို့ထဲမှ တည်ကြည်သူတို့ကိုရော လူအုပ်ကြီးကိုပါ ထာဝရအသက် ပေးအပ်ခံရချိန်တွင် ပုံဆောင်သကေနေပွဲသည် အထွတ်အထိပ်သို့ရောက်မည်။—⁠ဗျာ. ၂၀:၅

၁၉။ ဣသရေလပြည်၌ကျင်းပခဲ့သော ပွဲတော်များအကြောင်း သုံးသပ်ခြင်းမှ မည်သို့အကျိုးခံစားရသနည်း။

၁၉ ရှေးဂျူးပွဲတော်များ၏အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ရာမှ ကျွန်ုပ်တို့လည်း “အမှန်ရွှင်လန်း” နိုင်ပါသည်။ ယေဟောဝါသည် ဧဒင်တွင်ပေးခဲ့သော ကိုယ်တော်၏ပရောဖက်ပြုချက် မည်သို့ပြည့်စုံမည်နှင့်ပတ်သက်၍ ကိုယ်တော်ဖော်ပြခဲ့သော ကြိုတင်မြင်ကွင်းများကို သုံးသပ်ခြင်းသည် စိတ်ပျော်ရွှင်စေသည့်အပြင် ယင်းကတိတော် တစ်ဆင့်ပြီးတစ်ဆင့် အမှန်တကယ်ပြည့်စုံနေသည်ကို တွေ့မြင်ရခြင်းသည်လည်း စိတ်လှုပ်ရှားစရာပင်။ အမျိုးအနွယ်သည် ပေါ်ထွန်းပြီးဖြစ်ကာ ဖနောင့်အကြိတ်ခံရပြီးဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြသည်။ ယခု ကိုယ်တော်သည် ကောင်းကင်ဘုရင်ဖြစ်နေပြီ။ ထို့ပြင် ၁၄၄,၀၀၀ ထဲမှအများစုသည်လည်း သေသည်အထိ မိမိတို့၏တည်ကြည်မှုကို တင်ပြခဲ့ပြီးဖြစ်သည်။ အဘယ်အရာဖြစ်ရန် ကျန်ရှိသေးသနည်း။ မကြာမီ ပရောဖက်ပြုချက်သည် မည်သို့လုံးလုံးပြည့်စုံလာမည်နည်း။ ယင်းတို့ကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 နိသန်လသည် ယနေ့ကျွန်ုပ်တို့ပြက္ခဒိန်တွင် မတ်/ဧပြီ တွင်ဖြစ်သည်။

^ အပိုဒ်၊ 7 တဆေးဖြင့်လုပ်သော မုန့်နှစ်လုံးကို ချီလွှဲပူဇော်ရာတွင် ယဇ်ပုရောဟိတ်သည် သူ၏လက်ဝါးပေါ်တွင် မုန့်တို့ကိုတင်ပြီး လက်ကိုအနည်းငယ်မြှောက်ကာ မုန့်တို့ကိုဝှေ့ယမ်းပူဇော်ရသည်။ ယင်းသို့ဝှေ့ယမ်းလှုပ်ရှားခြင်းက ပူဇော်သည့်အရာကို ယေဟောဝါထံတော်သို့ ဆက်သခြင်းကို ပုံဆောင်သည်။—⁠ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၂၊ စာမျက်နှာ ၅၂၈ [လိပ်] ကိုကြည့်ပါ။

^ အပိုဒ်၊ 11 ဧသနိမ် သို့မဟုတ် တိရှရိလသည် မျက်မှောက်ခေတ်​ပြက္ခဒိန်တွင် စက်တင်ဘာ/အောက်တိုဘာလနှင့် ကိုက်ညီသည်။

သင်ရှင်းပြနိုင်သလော

• ပသခါသိုးသငယ်သည် အဘယ်အရာ၏ ရှေ့ပြေးပုံရိပ်ဖြစ်သနည်း။

• ပင်တေကုတ္တေပွဲသည် အဘယ်စုသိမ်းခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သနည်း။

• အပြစ်ဖြေရာနေ့၏ အဘယ်အသွင်အပြင်များက ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ် အကျိုးသက်ရောက်ပုံကို ဖော်ပြသနည်း။

• သကေနေပွဲသည် အဘယ်နည်းဖြင့် ခရစ်ယာန်များအားစုသိမ်းခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂၊ ၂၃ ပါဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ပသခါပွဲ

နိသန် ၁၄

အဖြစ်အပျက်

ပသခါသိုးသငယ်ကိုသတ်

ရှေ့ပြေးပုံရိပ်ပြခဲ့ရာ–

ယေရှု ပူဇော်ရာယဇ် အဖြစ်အသေခံ

အဇုမ သို့မဟုတ် တဆေးမဲ့မုန့်ပွဲ (နိသန် ၁၅-၂၁)

နိသန် ၁၅

အဖြစ်အပျက်

ဥပုသ်

နိသန် ၁၆

အဖြစ်အပျက်

ကောက်လှိုင်းစည်းကို ပူဇော်

ရှေ့ပြေးပုံရိပ်ပြခဲ့ရာ–

ယေရှု ရှင်ပြန်ထမြောက်

ရက် ၅၀

ခုနစ်သီတင်းပွဲ (ပင်တေကုတ္တေပွဲ)

သိဝန် ၆

အဖြစ်အပျက်

မုန့်နှစ်လုံးကိုပူဇော်

ရှေ့ပြေးပုံရိပ်ပြခဲ့ရာ–

ယေရှုသည် မိမိ၏ဝိညာဉ်တော်ဖွားညီများအား ယေဟောဝါထံ ဆက်သ

အပြစ်ဖြေရာနေ့

တိရှရိ ၁၀

အဖြစ်အပျက်

နွားတစ်ကောင်နှင့် ဆိတ်နှစ်ကောင်ကိုပူဇော်

ရှေ့ပြေးပုံရိပ်ပြခဲ့ရာ–

ယေရှုသည် မိမိအသွေးတော်၏တန်ဖိုးကို လူသားအားလုံးအကျိုးအတွက် ပူဇော်

သကေနေပွဲ (စုသိမ်းခြင်း၊ တဲများ)

တိရှရိ ၁၅-၂၁

အဖြစ်အပျက်

ဣသရေလလူတို့ ရွှင်လန်းစွာ တဲများတွင်နေကြ၊ ရိတ်သိမ်း၍ဝမ်းမြောက်၊ နွား ၇၀ ပူဇော်

ရှေ့ပြေးပုံရိပ်ပြခဲ့ရာ–

ဝိညာဉ်တော်ဖွားများနှင့် “လူအုပ်ကြီး” ကိုစုသိမ်း

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

ပသခါသိုးသငယ်၏အသွေးကဲ့သို့ပင် ယေရှုသွန်းလောင်းသောအသွေးသည် များစွာသောသူတို့အတွက် ကယ်တင်ခြင်းဖြစ်စေ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံများ]

နိသန် ၁၆ ရက်နေ့တွင်ပူဇော်သော အဦးရိတ်သောကောက်လှိုင်းစည်းသည် ယေရှုရှင်ပြန်ထမြောက်ခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

ပင်တေကုတ္တေပွဲနေ့တွင်ပူဇော်သော မုန့်နှစ်လုံးသည် ဝိညာဉ်တော်ဖွားခရစ်ယာန်ယာန်အသင်းတော်၏ ရှေ့ပြေးပုံရိပ်ဖြစ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံများ]

သကေနေပွဲသည် ဝိညာဉ်တော်ဖွားများနှင့် လူအမျိုးမျိုးမှ “လူအုပ်ကြီး” ကိုစုသိမ်းခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်