မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် အောင်မြင်မှုရရှိနိုင်ပုံ

သင် အောင်မြင်မှုရရှိနိုင်ပုံ

သင် အောင်မြင်မှုရရှိနိုင်ပုံ

မိဘများသည် မိမိတို့သားသမီးများကို ဂရုစိုက်ပြီး အောင်မြင်စေလိုသကဲ့သို့ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည်လည်း ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး အောင်မြင်စေလို၏။ ကိုယ်တော်သည် မိမိ၏မေတ္တာပါဂရုစိုက်မှုကို ဖော်ပြသည့်အနေဖြင့် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းအကြောင်း များစွာအသိပေးထားသည်။ အမှန်တွင် ဘုရားသခင်မိန့်ဆိုရာများကို ဂရုစိုက်သူတစ်ဦးနှင့်ပတ်သက်၍ သမ္မာကျမ်းစာက စိတ်ချစွာဤသို့မိန့်ဆိုသည်– “ပြုလေသမျှတို့၌ အောင်လိမ့်မည်။”—⁠ဆာလံ ၁:⁠၃

သို့သော် ထိုသို့ဖြစ်သည်မှန်လျှင် များစွာသောသူတို့သည် အဘယ်ကြောင့် အောင်မြင်၊ ပျော်ရွှင်ပြီး ကျေနပ်ဖွယ်ကောင်းသောဘဝ မရရှိကြသနည်း။ ဆာလံကျမ်းစကားကို အနီးကပ်သုံးသပ်ခြင်းမှ ယင်းအဖြေကို ရရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့လည်း မည်သို့အောင်မှုရရှိနိုင်သည်ကို တွေ့ရပါလိမ့်မည်။

“ဆိုးညစ်သူတို့ အကြံပေးရာ”

ဆာလံဆရာသည် ‘လူဆိုး [“ဆိုးညစ်သူ၊” ကဘ] တို့အကြံပေးရာသို့ လျှောက်လိုက်’ ခြင်း၏အန္တရာယ်ကို သတိပေးထားသည်။ (ဆာလံ ၁:၁သမ) အဓိက “ဆိုးညစ်သူ” မှာ နတ်ဆိုးစာတန်ဖြစ်သည်။ (မဿဲ ၆:၁၃ကဘ) သမ္မာကျမ်းစာက သူသည် “ဤလောကကိုအစိုးရသောမင်း” ဖြစ်ကြောင်းနှင့် ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ ကို ကျွန်ုပ်တို့အား ဖော်ပြသည်။ (ယောဟန် ၁၆:၁၁; ၁ ယောဟန် ၅:၁၉) ထို့ကြောင့် လောကတွင် ရရှိနိုင်သောအကြံပေးချက်များစွာက ထိုဆိုးညစ်သူ၏အတွေးအခေါ်ထင်ဟပ်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။

ဆိုးညစ်သူတို့သည် မည်သို့သောအကြံဉာဏ်မျိုးကို ပေးသနည်း။ ယေဘုယျအားဖြင့် ဆိုးညစ်သူသည် ဘုရားသခင်ကို မထီမဲ့မြင်ပြုသည်။ (ဆာလံ ၁၀:၁၃) ဘုရားသခင်ကို လျစ်လျူရှု သို့မဟုတ် မထီမဲ့မြင်ပြုသော သူတို့၏အကြံပေးချက်များ ပျံ့နှံ့လျက်ရှိ၏။ ခေတ်သစ်လူ့ဘောင်သည် ‘ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ဝါကြွားခြင်းတို့’ ကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ (၁ ယောဟန် ၂:၁၆) ရုပ်ပစ္စည်းနှင့်ပတ်သက်၍ “ဘဝတွင်ရနိုင်သမျှ အရယူပါ” ဟူသော ဆက်သွယ်ရေးမီဒီယာများ၏ သဘောထားများက ကျွန်ုပ်တို့ကို တိုက်ခိုက်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများသည် မိမိတို့၏ထုတ်ကုန်များကို သုံးစွဲသူတို့ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဝယ်ယူကြရန် သွေးဆောင်ရာ၌ ကြော်ငြာခြင်းတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်အသုံးပြုကြသည်။ ထို့ပြင် ဤသို့ကြော်ငြာခြင်းသည် လူတို့၏ဝယ်ယူသုံးစွဲသည့်အကျင့်ကို ပြောင်းလဲပေးရုံထက်မက လုပ်ဆောင်ခဲ့သည်။ ယင်းကြောင့် အောင်မြင်မှုနှင့်ပတ်သက်သော လူတို့၏အမြင်ကို ပြောင်းလဲချွတ်ချော်စေခဲ့ပြီ။

ရလဒ်အနေနှင့် လွန်ခဲ့သောနှစ်များက အိမ်မက်မျှသာ ဖြစ်ခဲ့သည့်အရာများကို လူအများပိုင်ဆိုင်ထားကြသော်လည်း သူတို့သည် နောက်ထပ်ရုပ်ပစ္စည်းများရရန် အာသာပြင်းပြနေကြဆဲပင်။ ထိုအရာများကို သင်မပိုင်ဆိုင်ပါက မပျော်နိုင် သို့မဟုတ် မအောင်မြင်နိုင်ဟူသော ခံစားချက်ရှိစေ၏။ ဤအတွေးအခေါ်သည် မမှန်ကန်သည့်အပြင် “ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။”—⁠၁ ယောဟန် ၂:၁၆

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကို မည်သည့်အရာက အမှန်တကယ်အောင်မြင်စေမည်ကို သိတော်မူ၏။ ကိုယ်တော်၏အကြံပေးချက်သည် “ဆိုးညစ်သူတို့၏တိုက်တွန်းခြင်း” နှင့်ကွာခြား၏။ ထို့ကြောင့် အောင်မြင်မှုရရန် လောကလမ်းစဉ်အတိုင်းလျှောက်လှမ်းနေစဉ် ဘုရားသခင့်ကောင်းချီးကိုပါရဖို့ ကြိုးစားနေခြင်းသည် တစ်ချိန်တည်းတွင် မတူညီသောလမ်းနှစ်ခုပေါ်လျှောက်ရန် ကြိုးစားခြင်းနှင့် တူပေသည်။ ထိုသို့လုပ်ဆောင်၍မရပါ။ သမ္မာကျမ်းစာ ဤသို့သတိပေးသည်မှာ အံ့ဩစရာမဟုတ်– ‘သင်တို့သည် လောကစံနှုန်းကိုလိုက်၍ မကျင့်ကြနှင့်။’—⁠ရောမ ၁၂:⁠၂ခမ။

လောက၏ပုံသွင်းခြင်းကို မခံနှင့်

စာတန့်ဩဇာအောက်ရှိလောကသည် ကျွန်ုပ်တို့၏ကောင်းစားရေးကို စိတ်ဝင်စားသယောင်ရှိပေမည်။ သို့သော် ကျွန်ုပ်တို့သတိထားရန်လို၏။ စာတန်သည် မိမိကိုယ်ကျိုးစီးပွားအတွက် ပထမလူမိန်းမဧဝအား တစ်ကိုယ်ကောင်းဆန်စွာ လှည့်ဖြားခဲ့သည်ကို သတိရပါ။ ထို့နောက် သူသည် အာဒံ အပြစ်လမ်းစဉ်ထဲကျဆင်းသွားရန် ဧဝကို အသုံးချလိုက်သည်။ ယနေ့ စာတန်သည် မိမိ၏ဆိုးညစ်သောအကြံဉာဏ်ပေးပို့ရန် လူတို့ကိုပင် အသုံးပြုလျက်ရှိသည်။

ဥပမာ၊ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သောဒေးဗစ်သည် အချိန်ပိုဆင်းရန်နှင့် စီးပွားရေးကိစ္စနှင့်မကြာခဏခရီးထွက်ရန် တောင်းဆိုခံခဲ့ရသည်။ “ကျွန်တော် တနင်္လာနေ့မနက်စောစော အိမ်ကနေထွက်ပြီး ကြာသပတေးနေ့ညနေပိုင်းမှ အိမ်ပြန်ရောက်တယ်” ဟု ဒေးဗစ်ပြောသည်။ လောကတွင်အောင်မြင်မှုရရန် ထိုသို့သောပေးဆပ်မှုများလိုအပ်သည်ဟု သဘောထားကြသည့် ရင်းနှီးသောမိတ်ဆွေများ၊ မိသားစုဝင်များနှင့် အလုပ်ဖော်များက ဒေးဗစ်ကို “မင်းမိသားစုအကျိုးအတွက် လုပ်ပါ” ဟူ၍ တိုက်တွန်းကြသည်။ သူအခြေတကျမဖြစ်မီ နှစ်အနည်းငယ်လောက်သာ ထိုသို့လုပ်ဆောင်ရမည်ဟု သူတို့က အကြောင်းပြကြသည်။ ဒေးဗစ်ဤသို့ရှင်းပြခဲ့သည်– “အိမ်ကို ငွေများများပိုပေးနိုင်တော့ ကျွန်တော့်မိသားစု ပိုအဆင်ပြေမယ်၊ ကျွန်တော်ဟာ ပိုပြီးအောင်မြင်သူတစ်ယောက်ဖြစ်နိုင်မယ် ဆိုပြီး သူတို့သုံးသပ်ကြတယ်။ ကျွန်တော် မိသားစုနဲ့အတူမရှိပေမဲ့ မိသားစုအတွက် အမှန်တကယ်ပိုပေးဆပ်နေတာဆိုပြီး သူငယ်ချင်းတွေက ကျွန်တော့်ကို အယုံသွင်းခဲ့ကြတယ်။” ဒေးဗစ်ကဲ့သို့ပင် လူများစွာတို့သည် မိမိတို့ချစ်မြတ်နိုးသောမိသားစု လိုအပ်သည်ဟု ယူဆသော အရာမှန်သမျှပေးနိုင်ရန် အလုပ်ကြိုးစားကြတော့သည်။ သို့သော် ဤအကြံပေးချက်မျိုးကို လိုက်လျှောက်ခြင်းသည် အောင်မြင်မှုရစေသလော။ မိသားစု အမှန်တကယ်လိုအပ်ရာကား အဘယ်နည်း။

ဒေးဗစ်သည် စီးပွားရေးကိစ္စဖြင့် အဝေးရောက်နေစဉ် မိမိ,မိသားစုအမှန်တကယ်လိုအပ်ရာကို သိရှိခဲ့သည်။ “ကျွန်တော့်သမီး အင်ဂျီလီကာနဲ့ ဖုန်းပြောတော့ သူက ‘ဖေဖေ၊ ဘာလို့သမီးတို့နဲ့အတူ အိမ်မှာမနေချင်တာလဲ’ လို့ပြောတယ်။ အဲဒီစကားက ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်” ဟု ဒေးဗစ်ပြောခဲ့သည်။ သူ့သမီးပြောလိုက်သောစကားက သူ့ကို ရာထူးမှ နုတ်ထွက်လိုစိတ်ဖြစ်စေခဲ့၏။ ဒေးဗစ်သည် သူ့မိသားစုအမှန်တကယ်လိုအပ်ရာဖြစ်သည့် မိမိကိုယ်ကို မိသားစုနှင့်အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဘုရားသခင့်အကြံပေးချက်ကိုလက်တွေ့အသုံးပြုခြင်းက အောင်မြင်မှုကိုရစေ

ဤလောကတွင် အလွန်ပျံ့နှံ့နေသည့် လမ်းမှားစေနိုင်သောသတင်းစကားများမှ သင့်ကိုယ်သင် မည်သို့ကာကွယ်နိုင်မည်နည်း။ ဆာလံဆရာက အောင်မြင်မှုရှိပြီး ပျော်ရွှင်နေသူမှာ “ထာဝရဘုရား၏တရားတော်ကိုမွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူ” ဖြစ်ကြောင်း ဖော်ပြသည်။—⁠ဆာလံ ၁:⁠၂

ဘုရားသခင်သည် ဣသရေလလူမျိုး၏ခေါင်းဆောင်အဖြစ် ယောရှုအား ခန့်အပ်ချိန်၌ သူ့ကို ကိုယ်တော်ဤသို့မိန့်တော်မူ၏– ‘ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ရမည်။’ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုခြင်းနှင့် ဆင်ခြင်တွေးတောခြင်းတို့သည် မရှိမဖြစ်လုပ်ရမည့်အရာများဖြစ်သည့်အပြင် ယောရှုသည် “ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟုစောင့်ရှောက်” ရန်လည်းလိုအပ်ခဲ့သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာဖတ်ခြင်းကိုယ်နှိုက်က သင့်ကို အလိုအလျောက်အောင်မြင်သူတစ်ဦးဖြစ်စေမည်မဟုတ်ပါ။ သင်ဖတ်သည့်အရာကို လက်တွေ့ကျင့်သုံးရမည်။ ယောရှုကို ဤသို့မိန့်တော်မူ၏– “သို့ပြုလျှင် သင်သည် အကြံထမြောက်၍အောင်မြင်လိမ့်မည်။”—⁠ယောရှု ၁:⁠၈

ပြုံးရယ်နေသောကလးငယ်သည် မေတ္တာရှိဖခင်ပေါင်ခွင်ပေါ်ထိုင်ကာ စိတ်ဝင်စားစရာကောင်းသောပုံပြင်ကို အတူတကွဖတ်နေကြသည်ဟု မြင်ယောင်ကြည့်ပါ။ ယင်းပုံပြင်ကို ယခင်က အကြိမ်ကြိမ်ဖတ်ဖူးခဲ့ကြသော်လည်း ထိုတန်ဖိုးရှိအခိုက်အတန့်လေးကို သားအဖအထူးခုံမင်နှစ်သက်ကြ၏။ အလားတူပင် ဘုရားသခင်ကိုချစ်သောသူသည် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းဖြင့် မိမိ၏ကောင်းကင်ခမည်းတော်နှင့်အတူ နှစ်လို့ဖွယ်ကောင်းသောအချိန်ကို အသုံးပြုနေပြီး ယင်းသည် မွေ့လျော်ဖွယ်အတွေ့အကြုံဖြစ်ကြောင်း တွေ့ရှိခံစားရသည်။ ထိုသို့သောသူသည် ယေဟောဝါ၏အကြံပေးချက်နှင့် လမ်းညွှန်ချက်ကို လိုက်လျှောက်သောကြောင့် “မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်။”—⁠ဆာလံ ၁:⁠၃

ဆာလံဆရာဖော်ပြသောသစ်ပင်သည် အလိုအလျောက်ကြီးထွားလာသည်မဟုတ်။ ယင်းသည် ရေအနီးတွင် ဂရုတစိုက်ဖြင့်စိုက်ပျိုးထားပြီး စိုက်ပျိုးရေးသမားတစ်ဦး၏စောင့်ရှောက်မှုကို ခံရ၏။ ထိုနည်းထပ်တူပင်၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် သမ္မာကျမ်းစာတွင်တွေ့ရသော အကြံဉာဏ်များမှတစ်ဆင့် ကျွန်ုပ်တို့၏အတွေးအခေါ်ကို တည့်မတ်ပြုပြင်ပေးသည်။ အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရေးရာအရည်အသွေးများ သီးပွင့်လာကြသည်။

သို့သော် “လူဆိုး [“ဆိုးညစ်သူ၊” ကဘ] တို့မှာမူ ထိုသို့မဟုတ်။” သူတို့သည် အစပိုင်းတွင် ကောင်းစားသယောင်ရှိနေမည်ဖြစ်သော်လည်း အဆုံးတွင်မူ ရလဒ်ဆိုးဖြင့် အဆုံးသတ်လေ့ရှိကြသည်။ သူတို့သည် ‘တရားဆုံးဖြတ်တော်မူရာနေ့တွင် ရပ်တည်၍မရကြချေ။’ ယင်းအစား “လူဆိုးတို့လမ်းမူကား ပျောက်ဆုံးရမည်။”—⁠ဆာလံ ၁:၄-၆သမ။

ထို့ကြောင့် သင့်ပန်းတိုင်များ၊ စံနှုန်းများနှင့်ပတ်သက်၍ လောက၏ပုံသွင်းခြင်းကို မခံပါနှင့်။ သင်သည် အရည်အချင်းရှိသူဖြစ်ပြီး လောကတွင်အောင်မြင်ရန် အလားအလာရှိနိုင်သူဖြစ်လျှင် သင့်အရည်အချင်းများကို သင်မည်သို့အသုံးပြုသည် သို့မဟုတ် ယင်းကိုလောကအသုံးချရန် သင်မည်သို့ခွင့်ပြုသည်ကို သတိပြုပါ။ အကျိုးဖြစ်ထွန်းမှုမပေးသော ရုပ်ပစ္စည်းလိုက်စားခြင်းက လူတစ်ဦးကို “ညှိုးနွမ်း” စေနိုင်သည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခြင်းက စစ်မှန်သောအောင်မြင်မှုနှင့် ပျော်ရွှင်မှုကို ရရှိစေနိုင်သည်။

သင်အောင်မြင်မှုရရှိနိုင်ပုံ

ဘုရားသခင့်အကြံပေးချက်အတိုင်း လိုက်လျှောက်သူသည် သူ၏လုပ်ဆောင်မှုမှန်သမျှ၌ အဘယ်ကြောင့် အောင်မြင်သနည်း။ ဆာလံဆရာသည် ဤလောက၏အောင်မြင်မှုအကြောင်း ပြောဆိုနေသည်မဟုတ်။ ဘုရားသခင့်အလိုတော်သည် အစဉ်အောင်မြင်သောကြောင့် ဘုရားသခင့်ဝတ်၌မွေ့လျော်သူ၏အောင်မြင်မှုသည် ဘုရားသခင့်အလိုတော်လုပ်ဆောင်နေခြင်းနှင့် ဆက်စပ်သည်။ သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းက သင့်ကို မည်သို့အောင်မြင်စေနိုင်သည်ကို ကြည့်ကြစို့။

မိသားစုတွင်– သမ္မာကျမ်းစာက လင်ယောက်ျားများအား “မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်” ဟုတိုက်တွန်းထားပြီး ခရစ်ယာန်ဇနီးသည်တစ်ဦးကို “မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်းရှိစေလော့” ဟုပြောထားသည်။ (ဧဖက် ၅:၂၈၊ ၃၃ကဘ) မိဘများသည် မိမိတို့သားသမီးများအတွက် အချိန်ပေးရန်၊ သူတို့နှင့်အတူ ရယ်မောကြရန်နှင့် ဘဝတွင် သိသင့်သိအပ်သောအရေးကြီးရာများကို သင်ပေးကြရန် တောင်းဆိုခံရသည်။ (တရားဟောရာ ၆:၆၊ ၇; ဒေ. ၃:၄) ဘုရားသခင့်နှုတ်မြွက်စကားတော်က မိဘများကို ဤသို့လည်းအကြံပေးသေး၏– “ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။” ဤအကြံပေးချက်ကို မိဘများလိုက်နာသောအခါ သားသမီးများအတွက် “မိဘစကားကိုနားထောင်” ကြရန်နှင့် “မိဘကိုရိုသေ” ကြရန် ပို၍လွယ်ကူစေသည်။ (ဧဖက် ၆:၁-၄) ဤအကြံပေးချက်အတိုင်းလိုက်လျှောက်ခြင်းက အောင်မြင်သောမိသားစုဘဝရရှိစေနိုင်သည်။

မိတ်ဆွေများ– လူအများစုသည် မိတ်ဆွေဖွဲ့လိုကြသည်။ ကျွန်ုပ်တို့တွင် ချစ်လိုစိတ်နှင့် အချစ်ခံလိုစိတ်ရှိသည်။ ယေရှုက မိမိနောက်လိုက်များအား “အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်” သင့်ကြောင်း ပြောခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ထိုသူတို့ထဲတွင် ကျွန်ုပ်တို့၏အတွင်းကျကျသဘောထားနှင့် ခံစားချက်များကိုရင်ဖွင့်ကာ ချစ်နိုင်၊ ယုံကြည်စိတ်ချနိုင်သည့် မိတ်ဆွေများကို တွေ့ရသည်။ (သု. ၁၈:၂၄) အရေးကြီးဆုံးမှာ သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းဖြင့် “ဘုရားသခင်၌ချဉ်းကပ်” နိုင်ပြီး အာဗြဟံကဲ့သို့ “ဘုရားသခင်၏အဆွေ” ဟူ၍ပင် အခေါ်ခံရနိုင်သည်။—⁠ယာကုပ် ၂:၂၃; ၄:⁠၈

ဘဝရည်ရွယ်ချက်– ရည်ရွယ်ချက်မရှိသည့်အသက်တာမျိုးဖြင့် နေထိုင်မည့်အစား အမှန်တကယ်အောင်မြင်နေသူတို့သည် ဘဝအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို တွေ့ရှိကြသည်။ သူတို့၏ဘဝသည် ဤအစီအစဉ်စနစ်၏ မတည်မြဲသောအခြေအနေများပေါ် အခြေမချပါ။ သူတို့သည် စစ်မှန်သောဘဝရည်ရွယ်ချက်ပေါ် အာရုံပြုသောကြောင့် သူတို့၏ပန်းတိုင်များသည် စစ်မှန်ပြီး တည်မြဲသောကျေနပ်မှုကိုဖြစ်စေသည်။ အဘယ်အရာက ဘဝတွင် ရည်ရွယ်ချက်ရှိစေသနည်း။ “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—⁠ဒေ. ၁၂:၁၃

မျှော်လင့်ချက်– ဘုရားသခင်ကို ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်စေခြင်းသည်လည်း အနာဂတ်မျှော်လင့်ချက်ရှိစေ၏။ တမန်တော်ပေါလုသည် ခရစ်ယာန်များကို ဤသို့တိုက်တွန်းသည်– “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ . . . ဘုရားသခင်ကို ကိုးစားရမည်။” ဤနည်းဖြင့် သူတို့သည် “မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကိုပြုရမည်။” (၁ တိမောသေ ၆:၁၇-၁၉) များမကြာမီ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်က ဤကမ္ဘာကို ပရဒိသုဖြစ်စေသောအခါ ယင်းစစ်မှန်သောအသက်ကို ခံစားကြရမည်။—⁠လုကာ ၂၃:၄၃

သင်သည် သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးနေသည့်တိုင် ပြဿနာများမှလွတ်ကင်းမည်ဟူ၍ကား မဆိုလိုပါ။ သို့သော် ဆိုးညစ်သူတို့တွေ့ကြုံနေရသော စိတ်ဆင်းရဲမှုနှင့် ဝမ်းနည်းပူဆွေးမှုများစွာကိုမူ သင်ရှောင်ရှားနိုင်လိမ့်မည်။ အစပိုင်းတွင်ဖော်ပြခဲ့သောဒေးဗစ်နှင့် သူကဲ့သို့သောသန်းပေါင်းများစွာတို့သည် မိမိတို့ဘဝတွင် သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို တွေ့ရှိခံစားခဲ့ကြပြီ။ မိမိဇယားနှင့်အံဝင်သော အလုပ်တစ်ခုရရှိပြီးနောက် ဒေးဗစ်ဤသို့ပြောသည်– “အသင်းတော်အကြီးအကဲတစ်ဦးအနေနဲ့ ယေဟောဝါဘုရားသခင်ရဲ့အမှုတော် ထမ်းဆောင်ခွင့်ရတဲ့အပြင် ကျွန်တော့်ဇနီး၊ ကလေးတွေနဲ့ ဆက်ဆံရေးကောင်းရရှိနိုင်တဲ့အတွက် အရမ်းကျေးဇူးတင်တာပဲ။” ဆာလံဆရာက ဘုရားသခင့်အကြံပေးချက် ဂရုစိုက်သူသည် “ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဟူ၍ ပြောသည်မှာ အံ့ဩစရာမဟုတ်ပေ!

[စာမျက်နှာ ၆ ပါ ဇယား]

အောင်မြင်မှုရစေနိုင်သည့် အဆင့်ငါးဆင့်

၁ လောကစံနှုန်းများ၏ ပုံသွင်းခံရခြင်းကို ငြင်းပယ်ပါ။

ဆာလံ ၁:၁;ရောမ ၁၂:၂

၂ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ပြီး ဆင်ခြင်တွေးတောပါ။

ဆာလံ ၁:၂၊ ၃

၃ သမ္မာကျမ်းစာအကြံပေးချက်ကို သင့်ဘဝအသက်တာတွင် လက်တွေ့ကျင့်သုံးပါ။

ယောရှု ၁:၇-၉

၄ ဘုရားသခင်ကို သင့်မိတ်ဆွေဖြစ်စေပါ။

ယာကုပ် ၂:၂၃; ၄:၈

၅ စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့၍ ကိုယ်တော့်ပညတ်များကို စောင့်ထိန်းပါ။

ဒေ. ၁၂:၁၃

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

အောင်မြင်မှုအဆင့်များကို သင်တက်လှမ်းနေသလော