မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်နှင့် လူတို့ကိုချစ်သောသူ

အသက်နှင့် လူတို့ကိုချစ်သောသူ

အသက်နှင့် လူတို့ကိုချစ်သောသူ

ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့တွင် သက်တမ်းကြာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒယ်နီယယ် ဆစ်ဒလစ်ခ်သည် ၂၀၀၆၊ ဧပြီ ၁၈၊ အင်္ဂါနေ့တွင် သူ၏မြေကြီးအသက်တာကုန်ဆုံးခဲ့သည်။ သူသည် အသက် ၈၇ နှစ်ရှိပြီး နယူးယောက်၊ ဘရွတ်ကလင်ဗေသလမိသားစုဝင်တစ်ဦးအနေနှင့် နှစ်ပေါင်း ၆၀ နီးပါးအမှုထမ်းဆောင်ခဲ့သည်။

ရင်းနှီးသောမိတ်ဆွေများက ချစ်စနိုးခေါ်ခဲ့သော ညီအစ်ကိုဒဲန်သည် ၁၉၄၆ ခုနှစ်တွင် ဗေသလသို့ရောက်ရှိလာခဲ့သည်။ ထိုအချိန်မတိုင်မီက သူသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အထူးရှေ့ဆောင်အဖြစ်အမှုဆောင်ခဲ့ပြီး သူ၏ခရစ်ယာန်ကြားနေမှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ထောင်ကျသည့်အချိန်များလည်းရှိခဲ့သည်။ ထိုအချိန်က သူ၏တွေ့ကြုံမှုများကို ဇွန် ၁၊ ၁၉၈၅ ကင်းမျှော်စင် [လိပ်] ပါ “အို ဘုရားသခင်၊ ကိုယ်တော့်မိတ်ဆွေဖြစ်ရခြင်းသည် တန်ဖိုးဖြတ်၍မရပေ” ခေါင်းစဉ်အောက် သူ၏အတ္ထုပ္ပတ္တိတွင် ကွက်ကွက်ကွင်းကွင်းဖော်ပြထားသည်။

ညီအစ်ကို ဆစ်ဒလစ်ခ်သည် ပလွှားမှုမရှိ၊ ချဉ်းကပ်ရလွယ်ကူသူတစ်ဦးအဖြစ် လူသိများသည်။ ဗေသလမိသားစု နံနက်ဝတ်ပြုမှုကို ဦးဆောင်သည့်အခါ “စစ်မှန်ပြီးအသက်ရှင်တဲ့ဘုရားသခင်ရဲ့ အမှုတော်ကိုဆောင်ဖို့ အသက်ရှင်နေရတာ ကောင်းလိုက်တာ” ဟူသောသူ၏အဖွင့်စကားက သူ၏အပြုသဘောထားနှင့် အသက်ကိုမြတ်နိုးကြောင်း ထင်ဟပ်လေ့ရှိသည်။ လူထုရှေ့ဟောပြောသူတစ်ဦးအနေနှင့် “ယေဟောဝါကို ဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏၊” “ယေဟောဝါ၏ရွှင်လန်းမှုကို ရောင်ပြန်ခြင်း၊” “ဘုရားသခင်၏ဝိညာဉ်တော်မီးအရှိန်ကို တောက်လောင်နေစေခြင်း” နှင့် “အကောင်းဆုံးလာဦးမည်” ကဲ့သို့သောဟောပြောချက်များပေးကာ အခြားသူများလည်း အသက်ကိုမြတ်နိုးရန် တိုက်တွန်းခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် ညီအစ်ကို ဆစ်ဒလစ်ခ်သည် အင်္ဂလန်မှ မာရီးနာ ဟော့စင်နှင့်လက်ထပ်ခဲ့သည်။ မိမိ၏ဇနီးကို “ဘုရားသခင်ပေးသောလက်ဆောင်” ဟုပြောခဲ့သည်။ သူတို့အတူတကွ နှစ်ပေါင်း ၃၅ နှစ်ကျော် ယေဟောဝါအမှုတော်ကို ထမ်းဆောင်ခဲ့ကြသည်။

ဗေသလတွင်နေထိုင်စဉ်အတွင်း ညီအစ်ကို ဆစ်ဒလစ်ခ်သည် ပုံနှိပ်လုပ်ငန်းနှင့် စာပေပြုစုရေးဌာနအပါအဝင် ဌာနအသီးသီးတွင် အမှုထမ်းဆောင်ခဲ့သည်။ သူသည် ဒဗလျူဘီဘီအာရ် ရေဒီယိုအသံလွှင့်ဌာနတွင်လည်း ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၇၄၊ နိုဝင်ဘာလတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရပြီး နောက်ဆုံးတွင် ဝန်ထမ်းရေးရာနှင့် စာပေပြုစုရေးကော်မတီတို့နှင့်အတူလုပ်ဆောင်ခဲ့သည်။

ညီအစ်ကို ဆစ်ဒလစ်ခ်သည် ဝန်ထမ်းရေးရာကော်မတီနှင့်အတူ နှစ်ပေါင်း ၃၀ ကျော် လုပ်ဆောင်ခဲ့ခြင်းက လူတို့ကိုလွန်စွာချစ်သော အမှတ်လက္ခဏာဖြစ်သည်။ လူအများကို သူ၏သြဇာပါသောအသံဖြင့်အားပေးခဲ့ပြီး ယေဟောဝါအမှုတော်ဆောင်ရသည့် အဖိုးထိုက်လှသောအခွင့်အရေးကို အမြဲအာရုံစိုက်စေခဲ့သည်။ စစ်မှန်သောပျော်ရွှင်မှုသည် ပြင်ပအရာများပေါ်တွင်မဟုတ်ဘဲ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး၊ အသက်ကိုကျွန်ုပ်တို့သဘောထားပုံပေါ် မူတည်ကြောင်း အစဉ်အလေးပေးပြောဆိုခဲ့သည်။

ဗေသလမိသားစုသည် ညီအစ်ကို ဆစ်ဒလစ်ခ်ကို လွန်စွာလွမ်းဆွတ်ကြသော်လည်း အသက်နှင့်လူတို့ကို အမှန်ချစ်မြတ်နိုးသူတစ်ဦးအဖြစ် သူ၏ပုံသက်သေသည် ဆက်၍ရှင်သန်နေမည်ဖြစ်သည်။ သူသည် ဗျာ. ၁၄:၁၃ တွင်ဖော်ပြထားသော “ယခုမှစ၍ အရှင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ . . . ၏။ ဝိညာဉ်တော်ကလည်း . . . သူတို့၌ ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍ ဆောင်ရွက်သောအမှုများသည်လည်း သူတို့နှင့်အတူလိုက်ပါကြ၏” ဟုဆိုသူများအဝင်ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။