မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်မှု ယင်းကို သင်မည်သို့တိုင်းတာသနည်း

အောင်မြင်မှု ယင်းကို သင်မည်သို့တိုင်းတာသနည်း

အောင်မြင်မှု ယင်းကို သင်မည်သို့တိုင်းတာသနည်း

ဝေါလ်စထရိစတော့ဈေးကွက်တွင် အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် အမြဲထိပ်ဆုံးတွင်ရှိနေသူဟု အချို့သူတို့ယူမှတ်သော ဂျက်စီ လစ်ဗာမိုးသည် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များကို ပညာရှိရှိလုပ်ဆောင်တတ်သောကြောင့် လူသိများ၏။ ထို့ကြောင့် သူသည် အလွန်ကြီးပွားချမ်းသာလာခဲ့သည်။ လက်နှင့်ချုပ်သောအကောင်းဆုံးကုတ်ဝတ်စုံကို ဝတ်ဆင်ပြီး ၂၉ ခန်းပါသောအိမ်ကြီးတွင် နေနိုင်သည့်အပြင် အခစားယာဉ်မောင်း မောင်းပေးသည့် အနက်ရောင်ရိုးလ်ရိုက်စ်ကားကို စီးနိုင်သည်။

ဒေးဗစ် *သည် ထိုသို့သောအောင်မြင်သူ နောက်တစ်ဦးဖြစ်၏။ သူသည် ဂရပ်ဖစ်လုပ်ငန်းကြီးတစ်ခုတွင် ဒု-ဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာတစ်ဦးဖြစ်သောကြောင့် ကုမ္ပဏီ၏ဌာနကြီးတစ်ခုတွင် ဥက္ကဋ္ဌတစ်ဦးဖြစ်လာရန် အလားအလာရှိသူဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းနှင့် နာမည်ကြီးခြင်းတို့က သူ့ကို လက်ယပ်ခေါ်နေသလိုပင်။ သို့သော် ဒေးဗစ်သည် ထိုကုမ္ပဏီမှနုတ်ထွက်ရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခဲ့သည်။ “ဒီလိုဝင်ငွေကောင်းတဲ့လုပ်ငန်းမျိုးကို နောင်ဘယ်တော့မှ ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်” ဟု ဒေးဗစ်ပြောသည်။ ဒေးဗစ်မှားသည်ဟု သင်ထင်သလော။

အောင်မြင်မှုတွင် ချမ်းသာကြွယ်ဝခြင်းနှင့် နာမည်ကျော်ကြားခြင်းတို့ပါဝင်သည်ဟု လူများစွာယုံကြည်ကြသည်။ သို့သော် ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာသူတို့သည် စိတ်ထဲတွင်တစ်ခုခုလိုနေသည်ဟူသော ခံစားချက်မျိုးနှင့် ဘဝတွင် ရည်ရွယ်ချက်မဲ့သည့်အဖြစ်မျိုးကို တွေ့ကြုံခံစားနေဆဲရှိပေမည်။ မစ္စတာ လစ်ဗာမိုး၏အခြေအနေမှာ ထိုအတိုင်းပင်ဖြစ်သည်။ ကြွယ်ဝချမ်းသာနေသော်လည်း သူ့ဘဝသည် ဝမ်းနည်း၊ ကြေကွဲ၊ ပူဆွေးခြင်းတို့ဖြင့် ပြည့်နေ၏။ သူသည် စိတ်ညှိုးငယ်ခြင်း၊ အိမ်ထောင်ပျက်ခြင်းနှင့် သူ့သားများနှင့်ဆက်ဆံရေးမပြေလည်ခြင်းတို့ကို တွေ့ကြုံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ငွေကြေးအမြောက်အမြားဆုံးရှုံးပြီးနောက် လစ်ဗာမိုးသည် တစ်နေ့တွင် ဇိမ်ခံဟိုတယ်တစ်ခုရှိ အရက်ရောင်းခန်းတွင်ထိုင်ပြီး သူ၏ဆုံးရှုံးမှုများအတွက် ဝမ်းနည်းငိုကြွေးခဲ့သည်။ အရက်တစ်ခွက်မှာပြီး သားရေဖုံးမှတ်စုစာအုပ်ကိုထုတ်ကာ သူ့ဇနီးထံ နှုတ်ဆက်စာရေးလေသည်။ သောက်ပြီးနောက် အလင်းရောင်မှိန်မှိန်လေးရှိ အပေါ်ဝတ်လုံခေတ္တထားရာအခန်းတစ်ခုထဲဝင်ကာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့သည်။

ကိုယ့်ကိုယ်ကိုသတ်သေရခြင်း၏အကြောင်းရင်းများ အမျိုးမျိုးရှိသည်ကို ဝန်ခံရမည်ဖြစ်သော်လည်း ဤတွေ့ကြုံမှုက သမ္မာကျမ်းစာ၏ဖော်ပြချက်မှန်ကန်ကြောင်း ထောက်ခံသည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။”—⁠၁ တိမောသေ ၆:၉၊ ၁၀

အောင်မြင်မှုကို ကြွယ်ဝချမ်းသာခြင်း၊ ရာထူး သို့မဟုတ် ထင်ပေါ်ကျော်ကြားခြင်းတို့ဖြင့် သတ်မှတ်သူတို့သည် မမှန်သောစံနှုန်းဖြင့် တိုင်းတာနေကြခြင်းဖြစ်သည်ဟု ဆိုနိုင်သလော။ သင့်ကိုသင် အောင်မြင်လာမည့်သူဟု ယူဆသလော။ အဘယ်ကြောင့် ထိုသို့ယူဆသနည်း။ အောင်မြင်မှုကို အဆုံးအဖြတ်ပေးသည့် မည်သည့်စံနှုန်းကို သင်အသုံးပြုသနည်း။ အောင်မြင်မှုနှင့်ပတ်သက်သော သင့်အမြင်အပေါ် မည်သည့်အရာက လွှမ်းမိုးသနည်း။ သန်းပေါင်းများစွာသောသူတို့ကို အောင်မြင်မှုရရှိစေသည့် ယုံကြည်စိတ်ချထိုက်သောအကြံပေးချက်ကို နောက်ဆောင်းပါးတွင် သုံးသပ်ထားသည်။ သင်လည်း မည်သို့အောင်မြင်မှုရရှိနိုင်သည်ကို ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 အမည်ပြောင်းထားသည်။