မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတစ်ဦးပုန်ကန်သည့်အခါဆက်လက် တည်ကြည်နေခြင်း

ကလေးတစ်ဦးပုန်ကန်သည့်အခါဆက်လက် တည်ကြည်နေခြင်း

ကလေးတစ်ဦးပုန်ကန်သည့်အခါဆက်လက် တည်ကြည်နေခြင်း

ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သော ဂျွိုင်းသည် သားဖြစ်သူကို ယေဟောဝါအားချစ်မြတ်နိုးလာရန် သွန်သင်ပေးခဲ့သည်။ သို့သော် သူ့သား ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ မိဘကိုပုန်ကန်ပြီး အိမ်မှထွက်သွားလေသည်။ “ကျွန်မတစ်သက် ဒီလောက် စိတ်သောကမရောက်ခဲ့ဖူးဘူး။ သစ္စာဖောက်ခံရတယ်လို့ ခံစားခဲ့ရတယ်။ အရမ်းဝမ်းနည်းကြေကွဲပြီး စိတ်ပျက်ခဲ့ရတယ်။ အပျက်သဘောတွေပဲ တွေးမိနေတော့တယ်” ဟုသူပြောပြသည်။

သင်လည်း သားသမီးများ ဘုရားသခင်ကိုချစ်မြတ်နိုးပြီး ဝတ်ပြုကိုးကွယ်ဖို့ သွန်သင်လေ့ကျင့်ပေးခဲ့ပေမည်။ သို့သော် နောက်ပိုင်းတွင် ကလေးတစ်ဦး သို့မဟုတ် ကလေးအချို့က ကိုယ်တော့်ကို စွန်ခွာသွားကြပေမည်။ ထိုအခါ ခါးသီးလှသောစိတ်ဆင်းရဲမှုဒဏ်ကို သင်မည်သို့ ရင်ဆိုင်ဖြေရှင်းနိုင်သနည်း။ ယေဟောဝါအပေါ် သင်ဆက်လက်တည်ကြည်နေရန် အဘယ်အရာက ကူညီပေးမည်နည်း။

ယေဟောဝါ၏သားများ ပုန်ကန်ကြသောအခါ

ဦးဆုံး၊ သင့်ခံစားချက်ကို ယေဟောဝါ ကောင်းစွာနားလည်ကြောင်း သိထားပါလေ။ ဟေရှာယ ၄၉:၁၅ တွင် ဤသို့ဖတ်ရ၏– “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကိုငါမမေ့လျော့။” မှန်ပါသည်၊ မိခင်ဖခင်၏ခံစားချက်မျိုး ယေဟောဝါ၌ရှိသည်။ ကောင်းကင်သားအားလုံး ကိုယ်တော်ကို ချီးမွမ်းပြီး ဝတ်ပြုကိုးကွယ်ကြစဉ် ကိုယ်တော် မည်မျှဝမ်းသာပီတိဖြစ်ခဲ့မည်ကို စဉ်းစားကြည့်ပါ။ ဘိုးဘေးယောဘကို “မိုးသက်မုန်တိုင်းထဲက” ယေဟောဝါစကားပြောစဉ် ကောင်းကင်မိသားစု၏ စည်းလုံးပျော်ရွှင်ဖွယ်အချိန်များကို ကိုယ်တော် ပြန်အမှတ်ရကာ ဤသို့ဆိုခဲ့၏– “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ . . . နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ် တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း။”—⁠ယောဘ ၃၈:၁၊ ၄၊

နောက်ပိုင်းတွင် စုံလင်သော ကောင်းကင်သားတစ်ဦးသည် ကိုယ်တော်ကို ပုန်ကန်ပြီး “ခုခံသူ” ဟုအဓိပ္ပာယ်ရသော စာတန်ဖြစ်လာသည်။ ယေဟောဝါ၏သားတစ်ဦးဖြစ်သော ကနဦးလူသားအာဒံနှင့် သူ၏စုံလင်သောဇနီး ဧဝတို့လည်း ကိုယ်တော့်ကို ပုန်ကန်ရာတွင် ပါဝင်ခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၆; ဗျာ. ၁၂:၉) ထို့နောက် အခြားကောင်းကင်သားများလည်း “မိမိတို့နေရာအရပ်ကိုစွန့်ပစ်” ပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့ကြသည်။—⁠ယုဒ ၆

စုံလင်သောသားများ ယေဟောဝါကို ပုန်ကန်ကြသောအခါ ကိုယ်တော်မည်သို့ခံစားရကြောင်း ကျမ်းစာက မဖော်ပြပါ။ သို့သော် ကျမ်းစာက ဤသို့ရှင်းလင်းစွာ ဖော်ပြ၏– “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။” (ကမ္ဘာဦး ၆:၅၊ ၆) ယေဟောဝါရွေးချယ်ခဲ့သော ဣသရေလလူမျိုးတို့လည်း ကိုယ်တော့်ကို ပုန်ကန်ကြခြင်းဖြင့် ‘စိတ်နာ’ စေခဲ့ကြသည်။—⁠ဆာလံ ၇၈:၄၀၊ ၄၁

ထို့ကြောင့် သားသမီးများ ပုန်ကန်ကြသည့်အခါ မိဘများခံစားရသော စိတ်နာကျင်မှုကို ယေဟောဝါ ကိုယ်ချင်းစာပေးနိုင်ကြောင်း စိတ်ချနိုင်ပါသည်။ ထိုသို့သောမိဘများ ၎င်းတို့၏အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကိုယ်တော်၏နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် အကြံဉာဏ်ကောင်းများနှင့် အားပေးမှုများ ပေးထားတော်မူသည်။ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကိုယ်တော်၌အပ်နှံရန်၊ မိမိတို့ကိုယ်ကို နှိမ့်ချရန်၊ စာတန်ကို ကြံ့ကြံ့ခံတွန်းလှန်ရန် ဘုရားသခင်တိုက်တွန်းထားသည်။ ထိုအကြံဉာဏ်များကို လိုက်လျှောက်ခြင်းက သင့်ကလေး ပုန်ကန်သည့်အခါ သင်ဆက်လက်တည်ကြည်နိုင်ရန် မည်သို့ကူညီပေးကြောင်း သုံးသပ်ကြည့်ကြစို့။

သင့်စိုးရိမ်ပူပန်မှုများကို ယေဟောဝါ၌အပ်နှံပါ

ကလေးတို့သည် မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ထိခိုက်အောင်ပြုလုပ်နေကြောင်း မိဘများသိသည့်အခါ အလွန်စိုးရိမ်ကြကြောင်း ယေဟောဝါသိတော်မူသည်။ ထိုကိစ္စနှင့် အခြားစိုးရိမ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ခုကို တမန်တော်ပေတရု ဖော်ပြသည်။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ယေဟောဝါ] ၌အပ်နှံကြလော့” ဟုသူရေးသားခဲ့၏။ (၁ ပေတရု ၅:၇) ထိုဖိတ်ခေါ်ချက်နှင့် အာမခံချက်သည် ပုန်ကန်သောကလေး၏ မိဘများနှင့် အဘယ်ကြောင့် အထူးသက်ဆိုင်သနည်း။

သင့်ကလေးငယ်ရွယ်စဉ်က သူ့ကိုထိခိုက်စေမည့်အရာများမှ သင်ကာကွယ်ပေးပြီး သူကလည်း သင့်မေတ္တာပါလမ်းညွှန်မှုကို နားထောင်ပေမည်။ သို့သော် ကလေးကြီးပြင်းလာသည်နှင့်အမျှ သူ့အပေါ် သင့်သြဇာလွှမ်းမိုးနိုင်မှု လျော့နည်းလာသော်လည်း သူ့ကို ကာကွယ်ပေးလိုသည့်ဆန္ဒမူ လျော့နည်းမသွားပေ။ ပို၍ပင်တိုးများလာပေမည်။

ထို့ကြောင့် သင့်ကလေးသည် ပုန်ကန်ပြီး ဝိညာဉ်ရေး၊ ကာယရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် ထိခိုက်လာသည့်အခါ သင့်တွင်တာဝန်မကင်းဟု ခံစားရနိုင်သည်။ အစပိုင်းတွင်ဖော်ပြသော ဂျွိုင်းသည် အလားတူခံစားခဲ့ရ၏။ “တာဝန်မကင်းဘူးဆိုတဲ့ ခံစားချက်က နေ့တိုင်း ကျွန်မကို နှိပ်စက်နေတယ်။ ဘာများမှားခဲ့လို့လဲဆိုပြီး အတိတ်ကိုပဲ အမြဲပြန်စဉ်းစားနေမိတယ်” ဟုသူပြောပြသည်။ ယေဟောဝါသည် အထူးသဖြင့် ထိုအချိန်မျိုးတွင် “စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံ” စေလိုတော်မူသည်။ ထိုသို့ပြုလုပ်ပါက သင့်ကို ကိုယ်တော် ကူညီပါလိမ့်မည်။ ဆာလံဆရာ ဤသို့ဆို၏– ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။’ (ဆာလံ ၅၅:၂၂) ဂျွိုင်းသည် ထိုသို့ပြုလုပ်ခဲ့သောကြောင့် နှစ်သိမ့်မှုရရှိခဲ့သည်။ “ကျွန်မရဲ့ ခံစားချက်အားလုံးကို ယေဟောဝါကို ရင်ဖွင့်ပြောပြတယ်။ အိတ်သွန်ဖာမှောက် ပြောလိုက်တဲ့အခါ နှစ်သိမ့်မှုခံစားခဲ့ရတယ်” ဟုသူပြောပြသည်။

မစုံလင်သော မိဘတစ်ဦးအနေဖြင့် ကလေးကို ပြုစုပျိုးထောင်ရာတွင် သင်မှားကောင်းမှားခဲ့ပေမည်။ သို့သော် ယင်းတို့ကိုသာ အဘယ်ကြောင့် အာရုံစိုက်နေသနည်း။ ယေဟောဝါသည် ယင်းတို့ကို အာရုံမစိုက်ချေ။ ဆာလံဆရာ ဤသို့သီဆို၏– ‘အို ထာဝရဘုရားသခင်၊ ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။’ (ဆာလံ ၁၃၀:၃) သင်သည် စုံလင်သောမိဘဖြစ်လျှင်ပင် သင့်ကလေး ပုန်ကန်ကောင်း ပုန်ကန်လိမ့်မည်။ ထို့ကြောင့် သင့်ခံစားချက်များကို ယေဟောဝါထံ ရင်ဖွင့်ဆုတောင်းပါလေ။ သင့်ကို ကိုယ်တော်ကူညီပေးပါလိမ့်မည်။ သို့သော် သင်ကိုယ်တိုင် ယေဟောဝါကို ဆက်လက်တည်ကြည်စွာ ဝတ်ပြုပြီး စာတန့်သားကောင် မဖြစ်ဖို့ဆိုလျှင် ထို့ထက်မကပြုလုပ်ရမည်။

နှိမ့်ချမှုရှိပါ

“ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့” ဟုပေတရုရေးသားခဲ့သည်။ (၁ ပေတရု ၅:၆) သင့်ကလေး ပုန်ကန်သည့်အခါ သင့်အနေဖြင့် နှိမ့်ချမှုရှိဖို့ အဘယ်ကြောင့်လိုသနည်း။ ပုန်ကန်သောကလေးကြောင့် ဝမ်းနည်းကြေကွဲပြီး အပြစ်ရှိသည်ဟုခံစားရသည့်အပြင် သူ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာအချို့လည်း ရှိပေမည်။ သင့်ကလေး၏လုပ်ရပ်များက မိသားစုဂုဏ်သိက္ခာကို ထိခိုက်စေကာ အထူးသဖြင့် အသင်းတော်မှနှင်ထုတ်ခံရသည့်အခါမျိုးတွင် ဖြစ်ပေမည်။ ထိုအခါ အရှက်တကွဲအကျိုးနည်းဖြစ်ရသည်ဟူသော ခံစားချက်များကြောင့် အသင်းတော်အစည်းအဝေးများကို သင်မတက်ဘဲနေပေမည်။

ထိုအခြေအနေများကို ရင်ဆိုင်ဖြေရှင်းရာတွင် လက်တွေ့ကျဉာဏ်ပညာကို ကျင့်သုံးဖို့လိုသည်။ နယပုံပြင် ၁၈:၁ [သမ္မာ] တွင်ဤသို့ဆို၏– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” သင်ဝမ်းနည်းနေသော်လည်း အစည်းအဝေးများကို မှန်မှန်တက်ခြင်းဖြင့် အကြံဉာဏ်နှင့် အားပေးမှုများ ရရှိပါလိမ့်မည်။ ဂျွိုင်း ဤသို့ဝန်ခံ၏– “အစမှာတော့ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်ဘူး။ ဒါပေမဲ့ ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်တွေက အရေးကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးခဲ့တယ်။ ပြီးတော့ အိမ်မှာပဲနေမယ်ဆိုရင် ပြဿနာတွေကိုပဲ စဉ်းစားနေမိမယ်။ အစည်းအဝေးတွေတက်တဲ့အခါ တည်ဆောက်မှုဖြစ်စေတဲ့ ဝိညာဉ်ရေးရာတွေကို အာရုံစိုက်ဖို့ အကူအညီရခဲ့တယ်။ ကိုယ့်ကိုယ်ကို အထီးကျန်ဖြစ်အောင်မနေဘဲ ညီအစ်ကိုညီအစ်မတွေရဲ့ မေတ္တာပါထောက်မမှုကို ရယူခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။”—⁠ဟေဗြဲ ၁၀:၂၄၊ ၂၅

ထို့ပြင် ခရစ်ယာန်မိသားစုဝင်တစ်ဦးစီသည် “မိမိတို့၏ဝန်ကိုဆောင်ရွက်ရကြမည်” ဖြစ်ကြောင်း သတိရပါ။ (ဂလာတိ ၆:၅) မိဘများသည် သားသမီးများကို ချစ်မြတ်နိုးပြီး ပဲ့ပြင်ဆုံးမပေးရန် ယေဟောဝါ မျှော်လင့်တော်မူသည်။ သားသမီးများလည်း မိဘတို့ကို ရိုသေလေးစားကြရန် ကိုယ်တော်မျှော်လင့်တော်မူသည်။ မိဘများသည် သားသမီးများကို အတတ်နိုင်ဆုံး ယေဟောဝါ၏ ‘အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ မည်ဆိုလျှင် သူတို့သည် ဘုရားသခင်ရှေ့ နာမည်ကောင်းရရှိကြမည်။ (ဧဖက် ၆:၁-၄) ကလေးတစ်ဦးသည် မိဘများ၏ မေတ္တာပါပဲ့ပြင်မှုကို လက်မခံဘဲ ပုန်ကန်ပါက သူ့နာမည်ပျက်ပါလိမ့်မည်။ “သူငယ်သော်လည်း ကိုယ့်အကျင့် ကောင်းမကောင်းရှိသည်အတိုင်း အပြုအမူအားဖြင့် ကိုယ့်သဘောကိုထင်ရှားစေ၏” ဟု နယပုံပြင် ၂၀:၁၁ [သမ္မာ] ကဆိုသည်။ စာတန်၏ပုန်ကန်မှုကြောင့် ယေဟောဝါ၏နာမတော် ရှုတ်ချစရာလုံးဝမဖြစ်ကြောင်း အမှန်တရားသိထားသူများ သိရှိကြသည်။

စာတန်ကိုကြံ့ကြံ့ခံတွန်းလှန်ပါ

“သတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟု ပေတရုသတိပေးခဲ့သည်။ (၁ ပေတရု ၅:၈) ခြင်္သေ့တစ်ကောင်ကဲ့သို့ စာတန်သည် အတွေ့အကြုံမရှိသောလူငယ်များကို ပစ်မှတ်ထားလေ့ရှိသည်။ ရှေးဣသရေလပြည်တွင် ခြင်္သေ့များသည် အိမ်မွေးတိရစ္ဆာန်များကို အန္တရာယ်ပြုကြသည်။ သိုးငယ်တစ်ကောင်သည် သိုးစုနှင့်ကွဲသွားပါက အလွယ်တကူ ကိုက်စားခံရလိမ့်မည်။ သိုးမသည် မိမိအသက်ကိုစွန့်ပြီး သိုးငယ်လေးကို ကာကွယ်ပေးပေမည်။ သို့သော် သိုးကြီးတစ်ကောင်ပင်လျှင် ခြင်္သေ့ကိုနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သိုးအုပ်ကိုကာကွယ်ရန် သတ္တိရှိသောသိုးထိန်းများ လိုအပ်သည်။—⁠၁ ဓမ္မရာဇဝင် ၁၇:၃၄၊ ၃၅

ယေဟောဝါသည် မိမိ၏ပုံဆောင်သိုးများကို “ဟောက်သောခြင်္သေ့” လက်မှကာကွယ်ရန် ‘သိုးထိန်းကြီး’ ယေရှုခရစ်လက်အောက်တွင် ဝိညာဉ်ရေးသိုးထိန်းများကို ခန့်အပ်ထားတော်မူသည်။ (၁ ပေတရု ၅:၄) ပေတရုက ထိုခန့်အပ်ခံအမျိုးသားများကို ဤသို့တိုက်တွန်း၏– “သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။” (၁ ပေတရု ၅:၁၊ ၂) မိဘများ၏ ပူးပေါင်းလုပ်ဆောင်မှုအားဖြင့် ထိုသိုးထိန်းများသည် လူငယ်တစ်ဦးကို ဝိညာဉ်ရေးအရ ပြုပြင်တည့်မတ်ပေးနိုင်ပေလိမ့်မည်။

ခရစ်ယာန်သိုးထိန်းများသည် ပုန်ကန်သောကလေးကို ဆုံးမဖို့လိုသည့်အခါ သင် ကာဆီးကာဆီးလုပ်မိနိုင်သည်။ သို့သော် ထိုသို့ပြုလုပ်ပါက အလွန်မှားပေလိမ့်မည်။ ဝိညာဉ်ရေးသိုးထိန်းများကို မဟုတ်ဘဲ ‘စာတန်ကိုဆီးတားကြလော့’ ဟုပေတရုတိုက်တွန်းခဲ့သည်။—⁠၁ ပေတရု ၅:⁠၉

ပြင်းထန်စွာဆုံးမပဲ့ပြင်သောအခါ

သင့်ကလေးသည် နှစ်ခြင်းခံပြီးသားခရစ်ယာန်တစ်ဦးဖြစ်ပြီး နောင်တမယူပါက အသင်းတော်မှ နှင်ထုတ်ခြင်းဖြင့် ပြင်းထန်စွာဆုံးမပဲ့ပြင်ခံရပေမည်။ ထိုအချိန်မှစ၍ သူနှင့်သင့်ဆက်ဆံရေးသည် အသက်အရွယ်နှင့် အခြားအခြေအနေများပေါ် မူတည်ပါလိမ့်မည်။

ကလေးသည် ငယ်ရွယ်ပြီး သင်နှင့်အတူနေထိုင်ပါက သူ၏ကာယရေးလိုအပ်ရာများကို သင်ဆက်၍ ကြည့်ရှုပေးရမည်။ ထို့ပြင် ကိုယ်ကျင့်တရားပိုင်း လေ့ကျင့်သွန်သင်ပေးဖို့လိုပြီး ထိုသို့ပြုလုပ်ရန်လည်း သင့်တွင်တာဝန်ရှိပါသည်။ (သု. ၁:၈-၁၈; ၆:၂၀-၂၂; ၂၉:၁၇) သူနှင့် ကျမ်းစာသင်အံမှုပြုလုပ်နိုင်သည်။ ကျမ်းချက်များနှင့် ‘သစ္စာနှင့်သတိပညာရှိကျွန်’ ထုတ်ဝေပေးသော စာပေများကို ဖတ်ခိုင်းနိုင်သည်။ (မဿဲ ၂၄:၄၅) ခရစ်ယာန်အစည်းအဝေးများသို့ ခေါ်သွားနိုင်ပြီး သင့်အနားတွင် ထိုင်ခိုင်းပါ။ ယင်းတို့အားလုံးကိုပြုလုပ်ခြင်းက သူသည် ဝိညာဉ်ရေးရာဆုံးမပဲ့ပြင်မှုကို နှလုံးသွင်းလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်သည်။

နှင်ထုတ်ခံရသူသည် ငယ်ရွယ်သူမဟုတ်ဘဲ အိမ်ခွဲနေသည်ဆိုလျှင် အခြေအနေတစ်မျိုးဖြစ်သည်။ တမန်တော်ပေါလုက ရှေးကောရိန္သုမြို့သားများကို ဤသို့တိုက်တွန်း၏– “ညီအစ်ကိုဟုခေါ်ဝေါ်သောသူသည် မတရားသောမေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ . . .၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍ ထိုသို့သောအမှုကိုပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူ စားသောက်ခြင်းအမှုကိုမျှ မပြုရ။” (၁ ကောရိန္သု ၅:၁၁) အရေးကြီးသော မိသားစုကိစ္စများကြောင့် နှင်ထုတ်ထားသူနှင့်ဆက်ဆံမှု အနည်းငယ်ရှိမည်ဖြစ်သော်လည်း ခရစ်ယာန်မိဘများသည် မလိုအပ်ဘဲ သူနှင့်ပေါင်းသင်းခြင်းကိုရှောင်သင့်သည်။

အမှားပြုသောကလေးသည် ခရစ်ယာန်သိုးထိန်းများ၏ ဆုံးမပဲ့ပြင်မှုခံရသည့်အခါ သူတို့၏ ကျမ်းစာအခြေပြုသွန်သင်ချက်များကို သင်လက်မခံ၊ တန်ဖိုးမထားပါက ပညာရှိလမ်းစဉ်မဟုတ်ပေ။ သင့်ကလေးဘက်မှ ကာဆီးကာဆီးလုပ်ပေးနေမည်ဆိုလျှင် စာတန်လက်မှ ကာကွယ်ရာရောက်မည်မဟုတ်ပါ။ အမှန်မှာ သင်ကိုယ်တိုင်၏ ဝိညာဉ်ရေးကိုပင် ဘေးသင့်စေပါလိမ့်မည်။ သိုးထိန်းများ၏ ကြိုးပမ်းမှုကို ထောက်မပေးလျှင်မူကား သင့်ကို “ယုံကြည်ခြင်း၌တည်” စေမည်ဖြစ်ပြီး သင့်ကလေးအတွက် အကောင်းဆုံးအကူအညီကို ရရှိစေပါလိမ့်မည်။—⁠၁ ပေတရု ၅:⁠၉

သင့်ကို ယေဟောဝါထောက်မပေးမည်

သင့်ကလေး ကလန်ကဆန်လုပ်နေပါက သင်တစ်ဦးတည်း ထိုသို့ကြုံတွေ့ခံစားရသည်မဟုတ်ကြောင်း အမှတ်ရပါ။ အခြားခရစ်ယာန်မိဘများလည်း ထိုသို့ပင် တွေ့ကြုံခံစားရကြသည်။ အခက်အခဲများ မည်သို့ပင်ကြုံတွေ့ရပါစေ ယေဟောဝါသည် ကျွန်ုပ်တို့ကို ထောက်မကူညီနိုင်သည်။—⁠ဆာလံ ၆၈:၁၉

ဆုတောင်းခြင်းဖြင့် ယေဟောဝါကို ကိုးစားပါ။ ခရစ်ယာန်အစည်းအဝေးများတွင် မှန်မှန်ပါဝင်ပါ။ ခန့်အပ်ခံသိုးထိန်းများ၏ဆုံးမပဲ့ပြင်မှုကို လက်ခံပါ။ ထိုသို့ပြုခြင်းဖြင့် သင် ဆက်၍တည်ကြည်မြဲမြံနေနိုင်ပါသည်။ ထို့ပြင် သင်၏ပုံသက်သေကောင်းကြောင့် သင့်ကလေးကို ယေဟောဝါထံ ပြန်လှည့်လာစေနိုင်သည်။—⁠မာလခိ ၃:၆၊ ၇

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]

ဆုတောင်းခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများအားဖြင့် ခွန်အားရယူပါ